သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ ဘူးသွပ်ဆီ(အဆင့်မြင့်စားအုန်းဆီ)များ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း ”

      စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်အတွင်းရှိ စည်ပင်သာယာမြို့မဈေးနှင့် ဘုရားကုန်းဈေးတို့တွင် ရောင်းချနေသော ဘူးသွပ်ဆီများကို စားသုံးသူပြည်သူများ ဝယ်ယူစားသုံးရာတွင်အဆင်ပြေစေ ရန်ရည်ရွယ်၍ ဇူလိုင်လ(၁၆)ရက်နေ့၊ နေ့လယ်(၁၃း၀၀)နာရီအချိန်တွင် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများ ပူးပေါင်း၍ သန်လျင်မြို့နယ်အတွင်းရှိ စည်ပင်သာယာမြို့မဈေးနှင့် ဘုရားကုန်းဈေးတို့အတွင်း ရောင်းချနေသော ဘူးသွပ်ဆီ(အဆင့် မြင့်စားအုန်းဆီ) အမျိုးမျိုးများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မရှိစေရေးအတွက် ဆိုင်ရှင်များထံ အဝယ်ပြေစားများပြစေပြီး ၎င်းဈေးနှုန်းအပေါ်၍ တင့်သင့်မျှတသော ဈေးနှုန်းများဖြင့် ပြန်လည်ရောင်းချကြရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများမပြုလုပ်ကြရန် ဆိုင်ပိုင်ရှင်လုပ်ငန်းရှင်းများနှင့်တွေ့ဆုံပြောကြားခဲ့ပြီး ဘူးသွပ်ဆီအမျိူးအစားအလိုက် ဝယ်ဈေးနှုန်း၊ ရောင်းဈေးနှုန်းများကောက်ယူခဲ့ပြီး ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးမှုုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင် (ဦးစီးအရာရှိ) နှင့် အဖွဲ့သည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်း နှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/ မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှု ရှိ/ မရှိတို့ကို (၂၄--၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အမှတ်(က/၁၈၀)၊ ရာဇဌာနီလမ်းမ၊ အောင်သာယာရပ်ကွပ်၊ ပုဗ္ဗသီရိမြို့နယ်ရှိ “အေဝမ်းသင်္ကန်းတိုက်” နိဗ္ဗာန်ကုန်ပစ္စည်းများလုပ်ငန်းသို့ သွားရောက် စစ်ဆေးခဲ့ ကြောင်း သိရှိရပါသည်။

  အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည် များမေးမြန်းခြင်း၊  မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/ မရှိ စစ်ဆေး ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍လည်းကောင်း တရားမဝင်ကုန်ပစ္စည်းများ  ရောင်းချမှုမရှိစေရေး  အသိပညာပေးဟောပြေခဲ့ကြောင်း သိရှိရပါသည်။

 

DOCA(ပြည်ထောင်စုနယ်မြေ)

ချောင်းဆုံမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိ ဈေးကွက်ကွင်းဆင်းစစ်ဆေး

          ၂၂.၇.၂၀၂၆ ရက်နေ့ နံနက် (၀:၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ချောင်းဆုံမြို့နယ် အတွင်းရှိ ဆေးဆိုင်များ တွင် သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိ ဈေးကွက်ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရှိရပါသည်။

      ထိုသို့ ဈေးကွက်ကွင်းဆင်းစစ်ဆေးရာ ဆေးဆိုင်များတွင် ရောင်းချနေသော ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှု မရှိစေရေး၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်း မရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ရာ ဆေးပစ္စည်းများ ပြတ်လပ်မှု မရှိကြောင်း၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆိုင်ရှင်များအား တရားမဝင်ဆေးဝါးများ ရောင်းချမှု မပြုစေရေးအတွက် အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ချောင်းဆုံမြို့နယ် မူလွန်(နတ်မှော်) ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

   ၂၀.၇.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ချောင်းဆုံမြို့နယ်၊ မူလွန်(နတ်မှော်) ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။

    အဆိုပါ‌ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားများနှင့်စပ်လျဉ်း၍ သိကောင်းစရာများကို ဟောပြော ဆွေးနွေးခဲ့ပြီး စားသုံးသူများနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများဖြစ်သော လူကိုယ်တိုင်လာရောက်တိုင်ကြားခြင်း၊ တယ်လီဖုန်းဖြင့် ဆက်သွယ်တိုင်ကြားခြင်း၊ Consumer Call Center 1535သို့ ဖုန်းခေါ်ဆို၍ တိုင်ကြားနိုင်ပုံအဆင့်ဆင့်၊ DOCA Application ၌ တိုင်ကြားခြင်း၊ DOCA  Website သို့ တိုင်ကြားခြင်းတို့ကို အသေးစိတ် ရှင်းလင်းဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ထောပတ်သီးရင့်မှည့်မှုဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနများ၊ တောင်သူများတွေ့ဆုံ ဆွေးနွေးခြင်း

     ရှမ်းပြည်နယ်အတွင်း ထောပတ်သီးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့်  ထောပတ်သီးရင့်မှည့်မှုဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးနိုင်ရန်အတွက် ဇူလိုင်၁၉ရက်က တောင်ကြီးမြို့နယ် နောင်ဟစ်ကျေးရွာရှိ “8 December 61”ထောပတ်ခြံ၌ သက်ဆိုင်ရာဌာနများ၊ စီးပွား ရေးလုပ်ငန်းရှင်များနှင့် ထောပတ်သီးစိုက်တောင်သူများ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

       အဆိုပါတွေ့ဆုံဆွေးပွဲသို့ စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးရွှေဖြူ၊ မြန်မာကုန် သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ပြည်နယ်ဦးစီးမှူး ဦးစောဝင်းကျော်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးချိုနိုင်ထွန်းတို့တက်ရောက်ခဲ့ကြပြီး ဒေသတွင်းထောပတ်သီး ထုတ်လုပ်မှုအခြေအနေများနှင့်ဈေးကွက် လိုအပ်ချက်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။

      ဆွေးနွေးပွဲတွင် ထောပတ်သီးများကို ရင့်မှည့်စေရန်ဓာတုပစ္စည်းများ အလွန်အကျွံအသုံးပြုခြင်းကြောင့် စားသုံးသူများ၏ ကျန်းမာရေးအပေါ်ထိခိုက်နိုင်သည့် အကျိုးဆက်များနှင့် ပတ်သက်၍လည်း အသိပညာပေးဆွေးနွေးခဲ့ပြီး အရည်အသွေးစံချိန်စံညွှန်းများနှင့် ကိုက်ညီစွာထုတ်လုပ်တင်ပို့နိုင်ရေးအတွက်  အကြံပြုဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

      ထို့အတူ ထောပတ်သီးများ ရင့်မှည့်ချိန်တွင် ခူးဆွတ်ရောင်းချရာ၌တောင်သူတစ်ဦးချင်းအနေဖြင့် သတ်မှတ်တန်ချိန် မပြည့်မီပါက သက်ဆိုင်ရာထောပတ်သီးအဖွဲ့ထံသို့ ကြိုတင်အသိပေးတင်ပြပြီး ရင့်မှည့်ပြီးဖြစ်သည့်  အခြားထောပတ်သီးခြံများနှင့် ပူးပေါင်းကာ စုစည်းခူးဆွတ်၍ဈေးကွက်သို့ ပူးပေါင်း တင်ပို့ရောင်းချနိုင်ရေးကိုလည်း အလေးထားဆွေးနွေးခဲ့ကြသည်။

    အဆိုပါတွေ့ဆုံဆွေးနွေးပွဲသည် ထောပတ်သီးကဏ္ဍရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး၊ စားသုံးသူကာ ကွယ်ပေးရေးနှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်ရေးတို့အတွက်အထောက်အကူဖြစ်စေမည်ဖြစ်ပြီးသက်ဆိုင်ရာဌာနများ၊ တောင်သူများနှင့်စီးပွားရေးလုပ်ငန်းရှင်များအကြား ဆက်လက်ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။

DOCA(ရှမ်း)

 

“လားရှိုးမြို့၌ စားအုန်းဆီ အရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး”

          ဒေသတွင်း စားသုံးဆီဖူလုံရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေးအတွက် (14.7.၂၀၂၆) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် လားရှိုးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ် ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် လားရှိုးမြို့ရှိ စားအုန်းဆီအရောင်းဆိုင်များ သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

           အဆိုပါစစ်ဆေးမှုကို မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ကွင်းဆင်းစစ်ဆေးချက်အရ အရောင်းဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းများကို သိသာ ထင်ရှားစွာ မြင်သာအောင် ဗီနိုင်းများချိတ်ဆွဲထားပြီး အလေးချိန် မှန်ကန်ပြည့်ဝစွာ ရောင်းချနေကြောင်း တွေ့ရှိရသည်။

         ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ ဆိုင်ပိုင်ရှင်များအား ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများမပြုရန်နှင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့်သာ ဥပဒေနှင့်အညီရောင်းချရန် အသိပညာပေး လမ်းညွှန်မှာကြားခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

စစ်ဆေး‌ရေးအရာရှိများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ် (၂/၂၀၂၆) သင်တန်း ဖွင့်လှစ်

    စစ်ဆေး‌ရေးအရာရှိများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ် (၂/၂၀၂၆) ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ (၃) ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပြီး ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စစ်ဆေးရေး အရာရှိ (၁၃၁) ဦးက Online (Zoom Platform) မှတဆင့် တက်ရောက်ခဲ့ပါသည်။ သင်တန်းတွင် စားသုံးသူ ကာကွယ်ရေးဥပဒေပါ စစ်ဆေးရေးအရာရှိများ မဖြစ်မနေ သိရှိလိုက်နာ ဆောင်ရွက်သွားရမည့် အချက်များ၊ အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေဆိုင်ရာ ကိစ္စရပ်များ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်းနှင့် မြေပြင် စစ်ဆေးခြင်းဆိုင်ရာ ကိစ္စရပ်များကို ဘာသာရပ် တာဝန်ခံများမှ ဆွေးနွေးခဲ့ပါသည်။

     အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့၊ နံနက် ၉:၃၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ရာ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင် တက်ရောက်၍ အမှာစကား ပြောကြားခဲ့ပါသည်။

    သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့်တကွ ဒုတိယညွှန်ကြားရေးမှူး ချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဘာသာရပ်တာဝန်ခံများနှင့် တာဝန်ရှိသူများက In Person တက် ရောက်ခဲ့ပြီး ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများနှင့် သင်တန်းသား များက Virtual စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။

      အဆိုပါ သင်တန်းကို စစ်ဆေးရေးအရာရှိများအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ၊ နည်းဥပဒေ များနှင့် ညွှန်ကြားချက်များအား နားလည်သဘောပေါက်စေရန်နှင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချ ခြင်းလုပ်ငန်းများအား မြေပြင်စစ်ဆေးခြင်းများဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်း မှန်ကန် စွာဖြင့် ထိရောက်စွာ ဆောင်ရွက်တတ်စေရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ပါသည်။

 

“လားရှိုးခရိုင် စားသုံးသူရေးရာကော်မတီအစည်းအဝေးကျင်းပ”

            မြန်မာနိုင်ငံတွင် စားသုံးသူရေးရာကော်မတီအစည်းအဝေးများကို စားသုံးသူကာကွယ်ရေး လုပ်ငန်းများ စနစ်တကျအကောင်အထည်ဖော်ရန်နှင့် စားသုံးသူအခွင့်အရေးများကာကွယ် စောင့်ရှောက်ရန်အတွက် ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ဆင့်တွင် ပုံမှန် ကျင်းပလျက်ရှိသည်။

          မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်အစည်းအဝေးကို စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီး/ ပြည်နယ် စားသုံးသူရေးရာကော်မတီအစည်းအဝေးကို သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ် စီးပွားရေးရာဝန်ကြီးများက ဥက္ကဋ္ဌအဖြစ်ဦးဆောင်၍ ဒေသတွင်း ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေး အန္တရာယ်ကင်းရှင်းရေး၊ စားသုံးသူတိုင်ကြားမှုများ ဖြေရှင်းရေးတို့ကို လုပ်ငန်းညှိနှိုင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

         ရှမ်းပြည်နယ်(မြောက်ပိုင်း)၊လားရှိုးခရိုင် စားသုံးသူရေးရာကော်မတီအစည်းအဝေးကို ဇူလိုင်လ၊ ဒုတိယအပတ်တွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိရသည်။ အဆိုပါအစည်းအဝေးတွင် လားရှိုးခရိုင်စားသုံးသူရေးရာကော်မတီဥက္ကဌမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် လားရှိုးခရိုင်၊ စားသုံးသူ‌ ရေးရာဦးစီးဌာန၊ တာဝန်ရှိသူမှ လားရှိုးမြို့နယ်အတွင်း ခရိုင်/ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် ပူးပေါင်းကာ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဈေးကွက်စောင့်ကြည့်စစ်ဆေးရေး အစီအစဉ်များ၊ လားရှိုးမြို့ပေါ်ရှိ ဈေးများနှင့် အခြားကုန်စုံဆိုင်များ၊ မုန့်ဆိုင်များသို့ ကွင်းဆင်း၍ ကုန်အညွှန်း အမှတ် အသားပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ၊ လားရှိုး မြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် စားသုံးသူပြည်သူများအတွက် စားသုံးသူ ကာကွယ်ရေးဥပဒေဆိုင်ရာ အသိပညာပေး ဟောပြော ပွဲများ၊ Talk Show များ ကျင်းပခြင်းများနှင့် ရှေ့ဆက်လုပ်ဆောင်မည့် လျာထားချက်အစီအစဉ်များ ချပြဆွေးနွေးခြင်း စသည်တို့ကို ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

DOCA(ရှမ်း)

အသိပညာပေးဟောပြောခြင်း

      စားသုံးသူစွမ်းဆောင်နိုင်မှုကို မြှင့်တင်နိုင်ရေးအတွက် စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာဗဟုသုတ ပြည့်ဝသောစားသုံးသူများ ပြုစုပျိုးထောင်ပေးရန်နှင့် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေး ၊ စိတ်ကျေနပ်မှု ရရှိစေရေးအတွက် အာမခံချက်ပေးနိုင်သော အရည်အသွေး မြင့်မားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ဖော်ဆောင်ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်လျက် စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး(ရုံးအုပ်)သည် ၂၄-၇-၂၀၂၆ ရက်နေ့ တွင် မိုးညှင်းမြို့၊ နားခါရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှိ ကျောင်းသား/ ကျောင်းသူ (၈၃)ဦး၊ ဆရာ/ဆရာမ(၄)ဦးတို့အား အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ အသိပညာပေးဟောပြောရာတွင် စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆို ချက်အကြောင်း၊ ဥပဒေ အခန်း(၉)၊ပုဒ်မ(၂၀)ပါ   စားသုံးသူ၏တာဝန်များအကြောင်း၊ ဥပဒေ အခန်း(၉)၊ ပုဒ်မ(၁၉)ပါ စားသုံးသူ၏ အခွင့်အရေးများဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုရရှိစေခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရှိခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် လိုအပ်သော သတင်းအချက် အလက်များ ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့်‌ ပြေစာ သို့မဟုတ် အထောက်အထားရယူခွင့်ရှိခြင်း၊ ဈေးကွက် အတွင်းရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူစိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်ခွင့် ရှိခြင်း စသည့်အချက်များအကြောင်း၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း၊ အချိုရည်အမျိုးမျိုးတို့တွင် တားမြစ်ထား သော အန္တရာယ်ရှိသည့် ဓာတုဆိုးဆေးများအကြောင်း၊ အသင့်စားခေါက်ဆွဲခြောက်များ၏ အန္တရာယ်များ အကြောင်းနှင့် တက်ရောက်လာသော ကျောင်းသား/သူများအား  Consumer Call Center 1535 သို့ လက်တွေ့ခေါ်ဆို၍  တိုင်ကြားရမည့်နည်းလမ်းအား အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(ကချင်)

ဈေးကွက်မရောက်မီ စောင့်ကြည့် စစ်ဆေးခြင်း

               ၂၀၂၆ခုနှစ်၊ ဇူလိုင်လ ၁၄  ရက်နေ့၊ နေ့လည် ၁၃:၀၀ နာရီအချိန်၌ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စားသုံးသူရေးရာဦးစီးဌာန၊ ပင်းတယမြို့၊ ဒေသဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် ရွာသစ်ရပ်ကွက်၊ ပင်းတယမြို့နယ်တွင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချ နေသော ကောင်းခန့် အာလူးကြော်လုပ်ငန်းသို့ ဈေးကွက်မရောက်မီ စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

         အဆိုပါဈေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြ ခြင်းများအား စျေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးခြင်း(Pre Market Surveillance)အရ စားသုံးသူကာကွယ်ရေးဥပဒေအရ ထုတ်ပြန်ထားသည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင် ရာ  ညွှန်ကြားချက် (၂/၂၀၁၉)၊ (၁/၂၀၂၁)တို့နှင့် ကိုက်ညီမှုရှိ/မရှိနှင့် သက်ဆိုင်ရာ ဌာနများ၏ ဥပဒေ၊ ညွှန်ကြားချက်များ နှင့်ကိုက်ညီစွာဖြန့်ဖြူးရောင်းချနေမှု ရှိ/မရှိများအားစစ်ဆေးခြင်း၊ စားသုံးသူ ပြည်သူများဘေးအန္တရာယ် ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် အမှတ်တံဆိပ်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြပါရှိမှု ရှိ/မရှိ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၏ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ