သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကလေးကစားစရာပစ္စည်းအရောင်းဆိုင်များအား ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည်(၂၂.၇.၂၀၂၄)ရက်နေ့၊နံနက်(၁၀:၃၀) အချိန်တွင် ကြံခင်းမြို့နယ်၊ ရွာသစ်ရပ်ကွက်ရှိ ကလေးကစားစရာပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မီသောကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များစသည်တို့ကို အသိပညာပေးပြောကြားခဲ့ပြီး၊ကလေးကစားစရာပစ္စည်းအရောင်းဆိုင်(၃) ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

သထုံမြို့နယ်၌ ဆန်များ သင့်တင့်မျှတသော‌ဈေးနှုန်းဖြင့် ရောင်းချရေး ကွင်းဆင်းစစ်ဆေး

   မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ Super Market, Mini Market များအပါအဝင် ဆန်အရောင်းဆိုင်များ၌ ဆန်များ သင့်တင့်မျှတသောဈေးနှုန်းဖြင့် ရောင်းချရေးနှင့် ဈေးနှုန်း တည်ငြိမ်ရေးအတွက် ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့တို့မှ ၂၃.၇.၂၀၂၄ ရက်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းစစ်‌ဆေးခဲ့ကြကြောင်း သိရသည်။

    ထိုသို့ စစ်ဆေးရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများပူးပေါင်းကာ သထုံမြို့နယ်အတွင်းရှိ Super Market, Mini Market များ၊ မြို့မဈေးနှင့် ရပ်ကွက်အသီးသီးတို့ရှိ ဆန်ဆိုင်များသို့ သွားရောက်ကာ ဆန်အမျိုးအစားအလိုက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းအလို့ငှာ သို‌လှောင်ထားခြင်း ရှိ/မရှိ ကိုစစ်ဆေးပြီး သင့်တင့်မျှတသောဈေးနှုန်းဖြင့် ရောင်းချရေး၊ ဈေးနှုန်းမြှင့်ရောင်းချမှုမပြုကြရေး အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

DOCA(မွန်)

နတ်တလင်းမြို့အတွင်းရှိ ဆန်ဆိုင်နှင့် ဆန်သိုလှောင်ရုံများအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

     ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ နတ်တလင်းခရိုင်ဦးစီးမှူးရုံးရှိ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၄-၇-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် နတ်တလင်းမြို့နယ်အတွင်းရှိ လက်လီ/လက်ကားရောင်းချနေသော ဆန်ဆိုင်များနှင့် ဆန်သိုလှောင်ရုံများသို့သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များနှင့် ဆန်သိုလှောင်ရုံများအနေဖြင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်းမပြုလုပ်ကြ စေရန်၊ သတ်မှတ်ထားသည့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့်ရောင်းချနိုင်ရန်နှင့် ဈေးနှုန်းများကို အများပြည်သူမြင်သာသောနေရာတွင် မြင်သာသည့်အရွယ်အစားဖြင့် ရေးသားဖော်ပြ၍ ရောင်းချကြရန်၊ မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online) (MyRo) တွင် မှတ်ပုံတင်ထားခြင်းရှိ/မရှိနှင့် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့်ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်ရေးတို့ကို အသိပညာပေးဆွေးနွေးကာ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

မော်လမြိုင်မြို့၊ အ.ထ.က (၄) အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

    ၂၃.၇.၂၀၂၄ ရက်နေ့ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် မော်လမြိုင်မြို့၊ အ.ထ.က (၄) အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ ဟောပြောဆွေးနွးပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာက အဖွင့်အမှာစကားပြောကြား၍ မော်လမြိုင်ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင်က စားသုံးသူရေးရာဦးစီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြဌာန်းချက်များဖြစ်သည့် စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်း အမှတ်အသားနှင့်ပတ်သက်သည့် ဥပဒေပါ ပြဌာန်းချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများအား ရွေးချယ်ဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့်အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက အရေးဆိုတိုင်ကြားနိုင်ခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်ရှိကြောင်း၊ www.doca.gov.mm website၊ Facebook စာမျက်နှာ၊ DOCA Myanmar Mobile Application နှင့် Consumer Call Center (1535) တို့တွင် တိုင်ကြားနိုင်ကြောင်း အသေးစိတ်ရှင်းလင်း ဟောပြောခဲ့ပြီး ကျောင်းသား/ ကျောင်းသူများမှ သိလိုသည်များကို ဆွေးနွေးခဲ့ပြီးနောက် ဌာန၏လက်ကမ်းစာစောင်များအား ​ပေးဝေးခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါ ဟောပြောပွဲသို့ ဆရာ/ဆရာမ (၁၂) ဦးနှင့် ကျောင်းသား/ကျောင်းသူ (၂၃၀) ဦး တက်ရောက်ခဲ့ပါကြောင်း သိရှိရသည်။

DOCA(မွန်)

 

မုဒုံမြို့နယ် မြို့မဈေးနှင့်မြို့ပေါ်ရပ်ကွက်ရှိ ကုန်စုံဆိုင်များတွင် အသင့်စားမုန့် အမျိုးမျိုးအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

      ၂၃.၇.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် တာဝန်ခံသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မုဒုံမြို့နယ် မြို့မဈေးနှင့် မြို့ပေါ်ရပ်ကွက်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသည့် ဦးစားပေးကုန်စည်ဖြစ်သော အသင့်စားမုန့်အမျိုးမျိုးတို့တွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ပါရှိခြင်း ရှိ/မရှိ၊ သက်တမ်းလွန်ကုန်စည်များ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မုဒုံမြို့နယ် မြို့မဈေးနှင့်မြို့ပေါ်ရပ်ကွက်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော ဦးစားပေးကုန်စည်ဖြစ်သည့် အသင့်စားမုန့်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိပြီး၊ သက်တမ်းလွန်ကုန်စည်များအား ရောင်းချနေခြင်းမရှိကြောင်း သိရှိရသည်။

DOCA(မွန်)

မုဒုံမြို့နယ် မြို့မဈေးရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီနှင့် ရောနှောဆီများအား ပူပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

      ၂၃.၇.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့နှင့် ပူးပေါင်း၍ မုဒုံမြို့၊ မြို့မဈေးရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီများ ၊ ရောနှောဆီများအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်ဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာ မြို့မဈေးတွင်ရောင်းချနေသော စားသုံးဆီများမှာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)တွင် ဖော်ပြထားသော ကုန်စည်အလိုက် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ကိုက်ညီမှု ရှိ/မရှိ၊ ရောနှောဆီများ ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ စားဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိပြီး၊ ရောနှောဆီများ ရောင်းချမှုမရှိကြောင်း သိရှိ ရပါ သည်။

DOCA(မွန်)

နတ်တလင်းမြို့အတွင်းရှိ စားအုန်းဆီ လက်လီ/လက်ကားရောင်းချသော ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

       ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ နတ်တလင်းခရိုင်ဦးစီးမှူးရုံးရှိ ခရိုင်ဦးစီးမှူး၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် တာဝန်ရှိသူများ သည်  (၂၃-၇-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် နတ်တလင်းမြို့ မြို့မဈေးအတွင်းရှိ စားအုန်းဆီ လက်လီ/လက်ကားရောင်းချနေသော ကုန်စုံဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ခွဲတမ်းရရှိသည့်ဆိုင်များအနေဖြင့် ဈေးနှုန်းကို အများမြင်သာသောနေရာများ၌ မြင်သာသောစာလုံးအရွယ်အစားများဖြင့် Vinyl ချိတ်ဆွဲထားရှိရန်၊ စားအုန်းဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချကြရန်၊ စားအုန်းဆီ လက်လီ/ လက်ကားရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများ၏ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ရောင်းချဖြန့်ဖြူးကြရန်တို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

“စားသုံးသူကာကွယ်ရေးဥပဒေပါ တားမြစ်ချက်များအကြောင်း အသိပညာပေး Talk Show” ဆွေးနွေးပွဲ ကျင်းပ

     ၂၂.၇.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ “စားသုံးသူကာကွယ်ရေးဥပဒေတားမြစ်ချက်များအကြောင်း သိကောင်းစရာအသိပညာပေး Talk Show" အား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ ဆွေးနွေးပွဲတွင် ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က "Talk Show" ဆွေးနွေးပွဲ အစီအစဉ်ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန ကျိုက်ထိုမြို့နယ်တာဝန်ခံမှလည်း စားသုံးသူကာကွယ်ရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေ၊ ၂၀၁၉ ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် ပြဌာန်းခဲ့သော စားသုံးသူကာကွယ်ရေးဥပဒေ၏ အခန်း(၂၃)ပါ တားမြစ်ချက်များဖြစ်သော ပုဒ်မ ၆၂ ၊ ပုဒ်မ ၆၃၊ ပုဒ်မ ၆၄၊ ပုဒ်မ ၆၅၊ ပုဒ်မ ၆၆၊ ပုဒ်မ ၆၇၊ ပုဒ်မ ၆၈ တို့ကို ဖောက်ဖျက်ကျူးလွန်ခြင်းမပြုလုပ်ရန်နှင့် ဖောက်ဖျက်ကျူးလွန်ပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များဆိုင်ရာအကြောင်း အရာများအား အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

သာယာဝတီမြို့၌ အသိပညာပေးTalk Show ဆွေးနွေးပွဲကျင်းပခြင်း

     ပဲခူးတိုင်းဒေသကြီး၊  သာယာဝတီခရိုင်၊  သာယာဝတီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၂၄-၇-၂၀၂၄)ရက်‌နေ့ နေ့လယ်( ၁၄:၀၀ )နာရီအချိန်တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနCommunity  Center တွင် ခရိုင်ဦးစီးမှူး   ဦးသန်းစိုးက စားသုံးသူအသိပညာပေး Talk Show ကျင်းပဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါ Talk Show တွင် ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ဥပဒေအခန်း(၁၈)ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသား‌ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ဖြန့်ဖြူးရောင်းချကြရန်၊  ကုန်စည်၏အရည်အသွေး၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲများ၊   ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းများအားလည်းကောင်း၊ ဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ဥပဒေ အခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့်စပ်လျဉ်း၍ စားသုံးသူလက်ခံနိုင်သည့် အရည်အသွေးရှိခြင်းကို အထူးအလေးထားဆောင်ရွက်ကြရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

သုံးဆယ်မြို့တွင် အခြေခံလူသုံးကုန်ပစ္စည်းများနှင့် အိမ်သုံးဆေးဝါးများပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

      ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးရှိ ခရိုင်ဦးစီးမှူး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် (၂၄-၇-၂၀၂၄) ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် သုံးဆယ်မြို့အတွင်းရှိ အခြေခံလူသုံးကုန်ပစ္စည်းနှင့် အိမ်သုံးဆေးဝါးများပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

      ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် အခြေခံစားသောက်ကုန်(၁၄)မျိုးဖြစ်သော ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်၊ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ ကုလားပဲ၊ အာလူး၊ လူသုံးကုန်ပစ္စည်းများဖြစ်သော သွားတိုက်ဆေး၊ ကိုယ်တိုက်ဆပ်ပြာ၊ ဆပ်ပြာအမျိုးမျိုး၊ တစ်ကိုယ်ရည်သုံးသန့်ရှင်းရေးပစ္စည်းများ၊ အိမ်သုံးဆေးဝါးများဖြစ်သော အဖျားပျောက်ဆေး၊ နှာစေးပျောက်ဆေး၊ ပိုးသတ်ဆေး၊ အစာအိမ်ဆေး၊ ဓာတ်ဆား၊ လိမ်းဆေးအမျိုးမျိုးရောင်းချသော စတိုးဆိုင်များနှင့် အိမ်သုံးဆေးဝါးဆိုင်များသို့ သွားရောက်ကွင်းဆင်းကာ ပစ္စည်းများပြတ်လပ်မှုရှိ/မရှိစစ်ဆေးရာ ပြတ်လပ်မှုမရှိကြောင်းနှင့် ပုံမှန်အတိုင်း အ‌ရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ