သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

၂၀၂၆ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဧပြီလအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးအသိပညာပေး

          စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှု အခြေအနေတို့နှင့်စပ်လျဉ်း၍   လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး အသိပညာ‌ပေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

          ထိုသို့ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး အသိပညာပေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊  ကုန်စည်ပေါ်တွင် ကပ်နှိပ်မည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဌာန်းချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးအသိပညာ‌ပေးပြောကြားခြင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှုအပေါ် စားသုံးသူကာကွယ်ရေးဥပဒေနှင့် ကိုက်ညီမှု ရှိ/ မရှိ စိစစ်ပြန်ကြားပေးစေလိုပါက သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်း စားသုံးသူရေးရာဦးစီးဌာနများမှ တစ်ဆင့်တင်ပြ လျှောက်ထားနိုင်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသား တင်ပြလျှောက်ထားမှုနှင့် စပ်လျဉ်း၍ ဌာနမှ မည်သည့်စာရွက်စာတန်းကြေး၊ ဝန်ဆောင်ခ၊ စစ်ဆေးအတည်ပြုခမျှ ကုန်ကျစရိတ်ကောက်ခံခြင်းမရှိဘဲ ဆောင်ရွက်ပေးနေကြောင်း အသိပညာပေး‌ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

          စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ဈေးကွက်မရောက်မီ ကုန်စည်များအားသွားရောက်စစ်ဆေးခြင်းနှင့် လုပ်ငန်းရှင်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ရာတွင် ၂၀၂၆ခုနှစ်၊ ဧပြီလတွင် မုန့်လုပ်ငန်းရှင်၊ ဆီစက်လုပ်ငန်းရှင်၊ ဆန်နှင့်ဆန်ထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင်၊ ဆန်စက်လုပ်ငန်းရှင်၊ သောက်ရေသန့်လုပ်ငန်း၊ ဆေးဆိုင်လုပ်ငန်းရှင်၊ လက်ဖက်နှင့်နှစ် ပြန်ကြော်လုပ်ငန်းရှင်၊ ပိုးထည်လုပ်ငန်း၊ ကိတ်နှင့်ပေါင်မုန့်လုပ်ငန်းရှင်၊ ယိုမျိုးစုံလုပ်ငန်း၊ ပဲခွေလုပ်ငန်း၊  ပဲကြော်လုပ်ငန်း၊ ကုန်စုံဆိုင်လုပ်ငန်းရှင်နှင့် စားသုံးဆီရောင်းဝယ်ရေးလုပ်ငန်းနှင့် စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်တို့အားတွေ့ဆုံဆွေးနွေး အသိပညာပေးခြင်း (၂၃)ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

၂၀၂၆ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဧပြီလအတွင်း စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

         စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှုအခြေအနေတို့နှင့် စပ်လျဉ်း၍   ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

        ထိုသို့စောင့်ကြည့်စစ်ဆေးနိုင်ရန် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူးအောက်မနိမ့်သူကို စစ်ဆေးရေးမှူးအဖြစ် ခန့်အပ်တာဝန်ပေး၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိမိတို့ဌာနမှဦးဆောင်၍သော်လည်းကောင်း၊ မိတ်ဖက်ဌာနများဖြစ်သည့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေး၊ စည်ပင်၊ စိုက်ပျိုးရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပါဝင်သော အဖွဲ့ဖြင့်သော်လည်းကောင်း စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။

             စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်း စွာအသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးတို့အတွက် ၂၀၂၆ခုနှစ်၊ ဧပြီလတွင် ဈေးကွက်အတွင်းရောင်းချနေသော စားသောက်ကုန်များ၊ လူသုံးကုန်များ၊ စက်ရုံများ၊  ဆေးဝါးမျိုးစုံနှင့် စက်သုံးဆီများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း  ဆောင်ရွက်ခဲ့ရာ (၁၉) ကြိမ် ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီး အနေဖြင့် တစ်နှစ်စာအတွင်း ဦးစားပေးဆောင်ရွက်ရန် လျာထားသည့်  ကုန်စည် (၁၀) မျိုးဖြစ်သည့် အသင့်ဖျော်ကော်ဖီနှင့်လက်ဖက်ရည်ထုပ်အမျိုးမျိုး၊ တိုင်းရင်းဆေးအမျိုးမျိုး၊ အာဟာဖြည့်စွက်စာအမျိုးမျိုး၊ အလှကုန်ပစ္စည်းအမျိုးမျိုး၊ ဟင်းလျာများတွင် အရောင်၊ အနံ၊ အရသာအတွက်အသုံးပြုသောပစ္စည်းအမျိုးမျိုး၊ ကလေးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းအမျိုးမျိုး၊ အရန်သင့်အစားအစာအမျိုးမျိုး၊ သောက်ရေသန့်အမျိုးမျိုး၊ စားသုံးဆီအမျိုးမျိုး၊ အသင့်သောက်အချိုရည်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း၊ စားသုံးသူများအနေဖြင့် ကုန်စည်များဝယ်ယူအသုံးပြုရာတွင် ယင်းကုန်စည်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ပြည့်စုံစွာရရှိနိုင်ပြီး စားသုံးသူ၏လိုအပ်ချက်နှင့် ကိုက်ညီသည့် ကုန်စည်များအား ရွေးချယ်ဝယ်ယူနိုင်စေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြနိုင်ရေး၊ ဌာန၏ အတည်ပြုချက်ရယူရန်တင်ပြလာပါက ဌာနမှ ဥပဒေနှင့် ကိုက်ညီမှု ရှိ/ မရှိ စိစစ်ပြန်ကြားပေးနိုင်ရေးတို့ကို ဆွေးနွေးအသိပေးပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနများမှလည်း သတ်မှတ်လိုင်စင်များ ရှိ/မရှိ စစ်ဆေးပြီး၊ လိုင်စင်လျှောက်ထားနိုင်ရေး၊ သက်တမ်းကုန်လိုင်စင်များအား သက်တမ်းတိုးဆောင်ရွက်နိုင်ရေး၊ စားသုံးရန် (သို့မဟုတ်) အသုံးပြုရန် မသင့်သည့် ကုန်စည်များအား ရောင်းချခြင်းမပြုစေရေး အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)   

၂၀၂၆ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဧပြီလအတွင်း ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြမှုအား စိစစ်ပြန်ကြား

        စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေဖော်ပြရန် ကုန်စည်အမျိုးအစားအလိုက် အသေးစိတ်ညွှန်ကြားချက်ကို မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါညွှန်ကြားချက်များအား လုပ်ငန်းရှင်များကသိရှိလိုက်နာလာကြပြီး ၎င်းတို့ ထုတ်လုပ်သည့် ကုန်စည်များပေါ်တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုအပေါ် ဥပဒေ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှု ရှိ/ မရှိ စိစစ်ပေးရန် စားသုံးသူရေးရာဦးစီးဌာနသို့ တင်ပြလာကြကြောင်း သိရှိရသည်။ ၂၀၂၆ ခုနှစ်၊ ဧပြီလတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ CAMEL၊ ဒေါ်ဂွန်း၊ အောင်ကမ္ဘာ အမှတ်တံဆိပ်လုပ်ငန်းမှ ၎င်းတို့၏ ကုန်စည်များပေါ်တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုအား စိစစ်ပြန်ကြားပေးရန် တင်ပြမှုအား စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနက ဥပဒေ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိကြောင်း၊ လိုအပ်သည့်အချက်များနှင့် အခြားသက်ဆိုင်ရာ ဌာနများ၏ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကိုလည်း လိုက်နာဆောင်ရွက်သွားရန် ပြန်ကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စားသုံးသူပြည်သူများအား စားသုံးသူအခွင့်အရေးနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောမှု ဆောင်ရွက်

     မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတစ်ဦးသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပူးပေါင်းကာ (၂၃.၄.၂၀၂၆) ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် ကျိုက်ထိုမြို့၊ ရွှေဥဩ ရပ်ကွက်ရှိ စားသုံးသူပြည်သူများအား စားသုံးသူအခွင့်အရေးနှင့် ပတ်သက်၍ အသိပညာပေးဟောပြောမှု ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ အသိပညာပေးဟောပြောမှုတွင် ကျိုက်ထိုမြို့နယ်၊ စားသုံးသူရေးရာဦးစီး ဌာနမှ မြို့နယ်တာဝန်ခံက စားသုံးသူပြည်သူများအား စားသုံးသူအခွင့်အရေး (၈) ချက်ဖြစ် သည့် အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုရရှိခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရှိခြင်း၊ လိုအပ်သောသတင်းအချက်အလက်များအား သိရှိလေ့လာနိုင်ခွင့်ရှိခြင်း၊ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိခြင်း၊ နစ်နာဆုံးရှုံးမှုများအား ကုစားခွင့်နှင့် နစ်နာဆုံးရှုံး မှုများအား တိုင်ကြားခွင့်ရှိခြင်း၊ လိုအပ်သော သတင်းအချက်အလက်များအား သိရှိလေ့လာ နိုင်ခွင့်ရှိခြင်းနှင့် ကောင်းမွန်သာယာသည့် လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တို့တွင် နေထိုင်ခွင့် ရရှိခြင်းစသည်တို့ကို အကျယ်တဝင့် ဟောပြောခဲ့ကြောင်း သိရပါသည်။

          ထို့ပြင် ဆက်လက်၍ မြို့နယ်တာဝန်ခံက စားသုံးသူပြည်သူများအနေဖြင့် တစ်စုံတစ်ရာ နစ်နာဆုံးရှုံးမှုကြုံတွေ့လာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဖြေရှင်းဆောင်ရွက်ရေးစင်တာ (CICC) ၏ Hot Line ဖုန်းနံပါတ်ဖြစ်သည့် ၁၅၃၅ သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်းနှင့် မြန်မာတစ်နိုင်ငံလုံးတွင် CICC စင်တာပေါင်း ၅၄ ခုဖွင့်လှစ်ထားရှိပြီဖြစ်ပြီး ထို CICC စင်တာများတွင်လည်း တိုင်ကြားနိုင်ကြောင်း ဖြည့်စွက် ပြောကြားခဲ့ပါသည်။

          ထိုသို့ မြို့နယ်တာဝန်ခံ၏ ဟောပြောမှုများအဆုံးတွင် စားသုံးသူပြည်သူများက ယင်းတို့သိရှိလိုသည်များကို မေးမြန်းခဲ့ရာ မြို့နယ်တာဝန်ခံက စားသုံးသူပြည်သူများ မေးမြန်းသမျှအား ပြည့်စုံစွာပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

 

မုံရွာမြို့ပေါ်ရှိဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့ရှိ ဆေးပစ္စည်းအရောင်းဆိုင်များအား မုံရွာခရိုင် ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မုံရွာမြို့၊ ကျောက္ကာလမ်းပေါ်ရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းကို (၅.၅.၂၀၂၆) ရက်နေ့၊ နံနက်(၀၉း၀၀) နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စစစဦးစီးဌာနအဖွဲ့တို့ ပူးပေါင်းပါဝင်သည့် ဆေးပစ္စည်းအရောင်းဆိုင်ကြီးများတွင် ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်ကြီးများတွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိနှင့် ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ထားခြင်းရှိ/ မရှိ အခြေအနေများကို ကွင်းဆင်စစ်ဆေးပြီး ဆေးပစ္စည်းများကို ဖြစ်သင့်သည့်ဈေးနှုန်းထက် ပိုမိုရောင်းချမှုမရှိစေရေး ဆေးဆိုင်ပိုင်ရှင်များအား ဆွေးနွေးမှာကြားခဲ့ပြီး အခြားသောတိုင်းရင်းဆေးဆိုင်နှင့် ကျန်းမာရေးဆေးဆိုင်များအား စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူနှင့် ဝန်ထမ်းများသည် ၂၀၂၆ခုနှစ်၊ မေလ(၅)ရက်နေ့၊ နံနက်(၀၈း၀၀)နာရီအချိန်တွင် မုံရွာမြို့ပေါ်ရှိ အများပြည်သူသို့ သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေးနေသော လက်လီဆီကိုယ်စားလှယ်အရောင်းဆိုင်များသို့ ကွင်းဆင်းကြီးကြပ်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          နိုင်ငံတော်မှ စားသုံးသူပြည်သူများသို့ သက်သာသော သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဝယ်ယူစားသုံးနိုင်ရန် ထုတ်‌ပေးသောစားအုန်းဆီများကို လက်လီအရောင်းဆိုင်များမှ ရောင်းချရတွင် ဈေးနှုန်းမှန်ကန်မှုရှိစေရေး၊ အချိန်အတွယ်မှန်ကန်မှုရှိစေရေး နိုင်ငံတော်မှထုတ်ပြန်ထားသော သတ်မှတ်ချက်များအတိုင်း ရောင်းချမှုရှိစေရေး၊ စားအုန်းဆီများဖြန့်ဖြူးရောင်းချရာတွင် ဈေးနှုန်းကိုဗွီနိုင်းတွင်ရေး၍ ချိတ်ဆွဲရောင်းချစေရေး၊ ခွဲတမ်းရရှိသောဆီပမာဏအလိုက် ပြည့်ဝစွာရောင်းချစေနိုင်ရေး၊ စားအုန်းဆီများအား စားသုံးသူပြည်သူများထံသို့ အပြည့်အဝရောက်ရှိစေရေး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့်သို လှောင်ထားမှုမရှိစေရေး၊ ဌာနမှထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာရောင်းချစေရေးတို့အတွက် ကွင်းဆင်းစစ်ဆေးကြီးကြပ်မှုများ ဆောင်ရွက်ခဲ့ကြောင်းနှင့် စားအုန်းဆီ ရောင်းချနေမှုများအား ဆက်လက်၍လည်း အစဉ်တစိုက်စီစစ်ကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

အမျိုးသားစားသုံးသူကာကွယ်ရေးအစီအစဉ် (NCPP) နှင့်ပတ်သက်၍ လုပ်ငန်းရှင်များအား အသိပညာပေးခြေင်း ဆောင်ရွက်

    မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံသည် (၂၄.၄.၂၀၂၆) ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် ကျိုက်ထိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးတွင် ကျိုက်ထိုမြို့နယ်အတွင်းရှိ လုပ်ငန်းရှင် များနှင့်တွေ့ဆုံကာ အမျိုးသားစားသုံးသူကာကွယ်ရေးအစီအစဉ်နှင့် ပတ်သက်၍ အသိပညာ ပေးခြင်းအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါ အသိပညာပေးပြောကြားမှုတွင် မြို့နယ်တာဝန်ခံမှ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေမူဝါဒများ ဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်၊ စားသုံးသူအသိ ပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ်၊ စားသုံးသူနစ်နာမှုများအပေါ် အရေးယူဆောင်ရွက်ရေးအစီအစဉ်၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအစီအစဉ်၊ ပြန်ကြား ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်၊ ရေရှည်တည်တံ့သော စားသုံးမှုပုံစံ ဖွံ့ဖြိုးရေးအစီအစဉ်များ ပြောကြားခဲ့ပါသည်။

    ထိုအသိပညာပေးပွဲသို့ ကျိုက်ထိုမြို့နယ်အတွင်းရှိ ကုန်စည်ထုတ်လုပ်ဖြန့်ဖြူး ရောင်းချမှုနှင့် ဝန်ဆောင်မှုလုပ်ငန်း လုပ်ဆောင်နေသော လုပ်ငန်းရှင် (၆) ဦး တက်ရောက် ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

သထုံမြို့နယ်သို့ စားအုန်းဆီကုမ္ပဏီများမှ စားအုန်းဆီပေပါများ ရောက်ရှိမှုအား စစ်ဆေးခြင်း

        ၂၆.၄.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများသည် သထုံမြို့သို့ စားအုန်းဆီ ကုမ္ပဏီများမှ စားအုန်းဆီပေပါ ရောက်ရှိလာမှုအခြေအနေအား သွားရောက်စစ်ဆေး ခဲ့သည်။

     ထိုသို့ စစ်ဆေးရာတွင် စားအုန်းဆီကိုယ်စားလှယ်များထံသို့ ယာဉ်အမှတ်(1M-3255) ယာဉ်မောင်း ဦးချမ်းသာ မော်တော်ယာဉ်ဖြင့် Myat A Kan Co.Ltd ၏ လက်လီ ကိုယ်စားလှယ်ထံသို့ စားအုန်းဆီ (၃၀) ပေပါနှင့် ယာဉ်အမှတ် (1M-3255) ယာဉ်မောင်း ဦးချမ်းသာမော်တော်ယာဉ်ဖြင့် Lwin Maung Maung Co.Ltd ၏ လက်လီ ကိုယ်စားလှယ်များထံသို့ စားအုန်းဆီ (၆၂) ပေပါ ရောက်ရှိလာမှုအား စစ်ဆေးခဲ့ပြီး သထုံမြို့နယ်အတွင်း ဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချရန်၊ အလေးချိန် ပြည့်မီစေရေး၊ သတ်မှတ်ဗီနိုင်းချိတ်ဆွဲရောင်းချရန် ပြောကြားခဲ့ကြောင်း သိရသည်။

DOCA (မွန်)

ထားဝယ်မြို့ရှိ အသင့်စားမုန့်အမျိုးမျိုးလုပ်ငန်းများအား ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း

          ၂၀၂ခုနှစ်၊ ဧပြီ၂၈ ရက်နေ့ ၊ နေ့လယ် (၂း၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ထားဝယ် မြို့ရှိ  အသင့်စားမုန့် အမျိူးမျိူးလုပ်ငန်းများအား ဈေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

          အဆိုပါဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများအား စျေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးခြင်း(Pre Market Surveillance)အရ စားသုံးသူ ကာကွယ် ရေးဥပဒေအရ ထုတ်ပြန်ထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ညွှန်ကြားချက် (၂/၂၀၁၉)၊ (၁/၂၀၂၁)တို့နှင့် ကိုက်ညီမှုရှိ/မရှိနှင့် သက်ဆိုင်ရာဌာနများ၏ ဥပဒေ၊ ညွှန်ကြားချက်များ နှင့်ကိုက်ညီစွာဖြန့်ဖြူးရောင်းချနေမှုရှိ/မရှိများအားစစ်ဆေးခြင်း၊စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာဝယ်ယူသုံးစွဲနိုင်ရေးအတွက် အမှတ်တံဆိပ်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြပါရှိမှု ရှိ/မရှိ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၏ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ရွှေဘိုခရိုင် (၄/၂၀၂၆)လအတွင်း စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲလုပ်ငန်း ဆောင်ရွက်ခဲ့မှုများ

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်ဖြစ်သည့် “စားသုံးသူအခွင့်အရေးဦးစားပေး” ဆိုသည့်အတိုင်း စားသုံးသူပြည်သူများသည် စားသုံးသူအခွင့်အရေးနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများရရှိစေရန် ကျောင်း၊ ဈေး၊ ရပ်ကွက်၊ ကျေးရွာများ၊ ဌာနဆိုင်ရာရုံးများ၊ တက္ကသိုလ်/ကောလိပ်များ၊ တပ်ရင်းတပ်ဖွဲ့များကို စားသုံးသူကာကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲများဆောင်ရွက်ခြင်း၊ ဈေးကွက်အတွင်းစားသုံးသူများအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကိုအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်မရောက်မီနှင့် ဈေးကွက်ရောက်ပြီးသောကုန်စည်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ စားသုံးသူများ၏အခွင့်အရေး (၈)ချက်အနက် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများနှင့် လိုအပ်သောအချက်အလက်များကို သိရှိလေ့လာ နိုင်ရန်၊ နစ်နာဆုံးရှုံးမှုများကို ရှင်းလင်းတင်ပြနိုင်ရန်၊ တိုင်ကြားနိုင်ခြင်းကို သိရှိစေရန်ရည်ရွယ်၍ ရွှေဘိုမြို့နယ်အတွင်းရှိ ပြည်သူများအား စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ပါ အကြောင်းများကို သိရှိလေ့လာနိုင်စေရန် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဆောင်၍ ၂၀၂၆ခုနှစ်၊ ဧပြီလအတွင်း စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ (၁) ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          (၂၃.၄.၂၀၂၆)ရက်နေ့တွင် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ စက်မှုဇုန်ရှိ  စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီရုံးခန်းမတွင် ရေသန့်လုပ်ငန်းရှင်နှင့် အမှုန့်ကြိတ်စက်လုပ်ငန်းရှင်များအား စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ စားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါအကြောင်းများ၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့် နေရာများ၊ ဌာနနှင့် သက်ဆိုင်သောအကြောင်းများကို မေးမြန်းစုံစမ်းနိုင်သည့် Concumer Call Center NO 1535 အကြောင်း၊ တိုင်ကြားစာများကို စိစစ်ညှိနှိုင်း ဖြေရှင်းပေးသည့်အကြောင်းများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ