သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျိုက်လတ်မြို့ရှိ စက်မှုလက်မှု သိပ္ပံကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆောင်ရွက်ခြင်း

      ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဆောင်၍ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် စက်မှုလက်မှုသိပ္ပံကျောင်းရှိ ကျောင်းသား/ သူများအား (၂၅.၆.၂၀၂၆)ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် အမှတ်(၁)ရပ်ကွက်၊ ကားလမ်းဘေးရှိ စက်မှုလက်မှုသိပ္ပံကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ပြုလုပ်ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        ထိုသို့ဟောပြောရာတွင် ဆရာ/ ဆမများနှင့် ကျောင်းသား/ သူများ (၃၀၀)ဦးတက်ရောက်ခဲ့ပြီး ကျောင်းအုပ်ဆရာကြီးမှ အဖွင့်အမှာစကားပြောကြားပြီး အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပါသည်။ ထိုနောက် ဖျာပုံခရိုင်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းနှင့် စားသုံးသူကာကွယ်ရေး အခွင့်အရေးနှင့် တာဝန်များအကြောင်း Online Shopping အကြောင်းကို ရှင်းလင်းဟောပြောခဲ့ပြီး၊ မြို့နယ်တာဝန်ခံက စားသုံးသူအခွင့်အရေး(၈)ချက်ကို အကျယ်တဝင့် ပြန်လည်ရှင်းလင်းခြင်းနှင့် 1535 သို့ ဖုန်းခေါ်ဆိုမှု နမူနာပြုလုပ်၍ ခေါ်ဆိုပေးခြင်း၊ လက်ကမ်းစာစောင်များကို ဆရာ/မများနှင့် ကျောင်းသား/ သူများကို ဝေဌခြင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

          အဆိုပါဟောပြောပွဲကို (၁၂:၃၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပြီး စားသုံးဆီလုပ်ငန်းရှင်အသင်းမှ စားအုန်းဆီ (၅၀) သား ဘူး(၃၀၀)အား ရည်ညွှန်းဈေးဖြင့် ဆရာ/ဆမများနှင့် ကျောင်းသား/ သူများအား ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ် ဆန်စက်လုပ်ငန်းရှင်အသင်းအား စားသုံးသူအသိပညာပေးဟောပြော

       ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ဆန်စက်လုပ်ငန်းရှင်များအသင်းရုံးတွင် (၂၅.၆.၂၀၂၆)နေ့ (၁၀:၀၀) နာရီအချိန်တွင် ဆန်စက်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

          ထိုသို့ဟောပြောရာတွင် ဟောပြောရခြင်း၏ ရည်ရွယ်ချက်အနေဖြင့်ကျိုက်လတ်မြို့နယ်အတွင်း အစားအသောက်ထုတ်လုပ်ရောင်းချသူ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူအကာအကွယ် ပေးရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်အတွက် တားမြစ်ချက်များ၊ စံချိန်စံညွှန်း၊ အရည်အသွေးမီ ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရန်နှင့် အသေးစားကုန် ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပါသည်။ စားသုံးသူကာကွယ်ရေးဥပဒေနှင့် ပတ်သက်၍ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်ဝန်ဆောင်မှုများအား ဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ မြန်မာဘာသာဖြင့် ရေးသားဖော်ပြချက်များ ပါဝင်နေပြီး စားသုံးသူများ ရွေးချယ် ဝယ်ယူနိုင်ကြောင်း၊ ကုန်စည်ဝန်ဆောင်မှုများကြောင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက အရေးဆိုတိုင်ကြား နိုင်သည့်စင်တာများ၊ တိုင်း/ခရိုင်နှင့် ရုံးချုပ်များတွင် ဖွင်လှစ်ထားကြောင်း Call Center 1535 သို့လည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင် (ဦးစီးအရာရှိ) နှင့် အဖွဲ့သည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်း နှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/ မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှု ရှိ/ မရှိတို့ကို (--၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် တိုက်-M-9၊ အခန်း-၀၄၊ သုခသိဒ္ဓိရပ်ကွက်၊  သုခတော်ဝင် အိမ်ရာ၊ ဇမ္ဗူသီရိမြို့နယ်ရှိ မြင့်မြင့်  အိမ်ခြံမြေအကျိုးဆောင် အခြားဝန်ဆောင်မှုများ နှင့်စီးပွားရေး ဝန်ဆောင်မှုလုပ်ငန်းများ သို့သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည် များမေးမြန်းခြင်း၊  မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/ မရှိ စစ်ဆေး ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍လည်းကောင်း တရားမဝင်ကုန်ပစ္စည်းများ  ရောင်းချမှုမရှိစေရေး  အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

 

DOCA(ပြည်ထောင်စုနယ်မြေ)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဇေယျာအောင် (ခရိုင်ဦးစီးမှူး) ) ဦးဆောင်သည့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းတို့သည် ၆ -၇ -၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်ရှိ  လက်လီရောင်းချလျက်ရှိသော ပြည့်ဟိန်း(ဆန်နှင့်ဆီရောင်းဝယ်ရေး) သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ “ရွှေအုံ” အမှတ်တံဆိပ်ပါ မြေပဲဆီသန့်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) အရ ပင်ရင်း ပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်၏အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့်လည်းကောင်း၊ ကုန်စည်၏အသားတင်ပမာဏနှင့် အရွယ်အစားတို့ကိုဖော်ပြရာတွင် မြန်မာအလေးချိန်ယူနစ် ဖြစ်သော ပိဿာ၊ကျပ်သားတို့ကို မြန်မာဘာသာဖြင့်လည်းကောင်း၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာ ဘာသာဖြင့်လည်းကောင်း ပြည့်စုံစွာဖော်ပြပါရှိကြောင်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့် ရက်စွဲတို့ ဖော်ပြထားကြောင်းနှင့် အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက် များလည်း ဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်အား သက်တမ်းကုန်ဆုံးသည့် ကုန်စည် များ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခြင်း မပြုလုပ်ရန်၊ ဆင်တူရိုးမား အတုအပ အမှတ်တံဆိပ်များ ဝယ်ယူရောင်းချ ခြင်းမပြုကြရန်နှင့် သက်ဆိုင်ရာဌာနများ၏ထောက်ခံချက်များ ဖော်ပြပါရှိသည့် အမှတ်တံဆိပ်ပါ စားသုံးဆီများကိုသာ ဝယ်ယူရောင်းချရန်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ စားသုံးသူများအား အသိပညာပေးခြင်း

       ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အတွင်း အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ အသိပညာပေးဆောင်ရွက်မှုအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ‌ ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ၆-၇-၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ အေးမြသာယာရပ်ကွက်ရှိ စားသုံးသူပြည်သူ(၁၁)ဦးနှင့်တွေ့ဆုံ၍ အသိပညာပေးဟောပြောပွဲ ပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ အသိပညာပေးဟောပြောရာတွင်‌ ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)က စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)ပါ စားသုံးသူ၏အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးများနှင့်တာဝန်များ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၃ အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားရှိမှုအခြေအနေ၊ အွန်လိုင်း ရောင်းချခြင်းလုပ်ငန်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ၊ အွန်လိုင်းမှဈေးဝယ်ယူရာတွင် အားသာချက်များဖြစ်သည့် ဆိုင်သို့သွားရောက်ရန်မလိုဘဲ အင်တာနက်ရရှိသည့် မည့်သည့်နေရာမဆို အချိန်မရွေးဝယ်ယူနိုင်ခြင်း၊  မိမိလိုအပ်ချက်နှင့်ကိုက်ညီသည့် ကုန်စည်ကို အွန်လိုင်းဆိုင်များမှ ပိုမိုရွေးချယ်နိုင်ခြင်း၊ ဈေးနှုန်းနှိုင်းယှဉ် သုံးသပ်နိုင်ခြင်း၊ အချိန်ကုန်သက်သာခြင်း၊ အိမ်/ကားဂိတ်အရောက် ပို့ဆောင်သည့်စနစ်ပါရှိခြင်း စသည့် အချက်များ၊ အားနည်းချက်များဖြစ်သည့် ပို့ဆောင်ခအပိုကုန်ကျစရိတ်ရှိခြင်း၊  ပို့ဆောင်သည့်အချိန် လိုအပ်ချက်ရှိခြင်း၊ ကုန်စည်ကိုချက်ချင်းမရရှိခြင်း၊ ကိုယ်ရေးကိုယ်တာနှင့်ငွေပေးချေမှုဆိုင်ရာ အချက် အလက်များချိုးဖောက်ခံရနိုင်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုဆိုင်ရာ အချက်အလက်များ လိမ်လည်ဖော်ပြခြင်း၊ ချဲ့ကားဖော်ပြခြင်း၊ အထင်မှားစေရန်ဖော်ပြခြင်းများရှိနိုင်ခြင်း  စသည့်အချက်များ၊ မရိုးဖြောင့်သော တရားမဝင်အွန်လိုင်းများ၏ လိမ်လည်မှုပုံစံအမျိုးမျိုး၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု နှင့်စပ်လျဉ်း၍ စားသုံးသူများ စိစစ်သင့်သည့် အချက်အလက်များ၊  မှတ်ပုံတင်ထားသော အွန်လိုင်း ရောင်းချမှုလုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့်ရရှိလာမည့်အကျိုးရလဒ်များ၊ စားသုံးသူ များအနေဖြင့် ကုန်စည်/ဝန်ဆောင်မှုများကို ဝယ်ယူရာ၌  နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်‌ နေရာများ၊ တိုင်ကြားမှုများအပေါ် ဖြေရှင်းသည့်နည်းလမ်းများ၊ နစ်နာဆုံးရှုံးမှုများအတွက် စားသုံးသူ ရေးရာဦးစီးဌာနမှ ဆောင်ရွက်ပေးမည့် အခြေအနေအကြောင်းတို့အား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

ကျိုက်ထိုမြို့နယ်တွင် စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ

          မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ စားသုံးသူများ၏ အခွင့်အရေးကို ကာကွယ်စောင့် ရှောက်နိုင်ရေး၊ ဘေးကင်းလုံခြုံ၍ အရည်အသွေးပြည့်မီသော ကုန်ပစ္စည်းများကို စားသုံးသူ များ ယုံကြည်စိတ်ချစွာ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ကျိုက်ထိုမြို့နယ် စားသုံးသူရေးရာဦးစီး ဌာနက စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသည်။

          ဌာနအနေဖြင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စားသောက်ကုန်၊ လူသုံးကုန် နှင့် အခြားကုန်ပစ္စည်းများကို ပုံမှန်ကွင်းဆင်းစစ်ဆေးကာ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှု ရှိ/မရှိ၊ သက်တမ်းကုန်ဆုံးရက်၊ ထုတ်လုပ်သည့်ရက်စွဲ၊ ထုတ်လုပ်သူနှင့် တင်သွင်း ဖြန့်ဖြူးသူအချက်အလက်များကို ဥပဒေနှင့်အညီ ဖော်ပြထားခြင်း ရှိ/မရှိတို့ကို စိစစ် ဆောင်ရွက်လျက်ရှိသည်။

          ထို့ပြင် စားသုံးသူအကာအကွယ်ပေးရေးဥပဒေနှင့် သက်ဆိုင်ရာနည်းဥပဒေများကို လုပ်ငန်းရှင်များနှင့် စားသုံးသူများ သိရှိနားလည်စေရန် အသိပညာပေး ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် အသိပညာပေးလှုပ်ရှားမှုများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။

          စားသုံးသူများအနေဖြင့် ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုနှင့်ပတ်သက်၍ နစ်နာ ဆုံးရှုံးမှုများကြုံတွေ့ရပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြား လာမှုများကို ဥပဒေနှင့်အညီ ညှိနှိုင်းဖြေရှင်းပေးလျက်ရှိကြောင်း သိရသည်။

          အလားတူ ဈေးကွက်အတွင်း တရားမျှတသော ကုန်သွယ်မှုဖြစ်စေရေး၊ စားသုံးသူများ ၏ အကျိုးစီးပွားကို ကာကွယ်ပေးနိုင်ရေးနှင့် လုံခြုံစိတ်ချရသော ကုန်ပစ္စည်းများသာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနိုင်ရေးတို့အတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

DOCA (မွန်)

သံဖြူဇရပ်မြို့နယ်အတွင်းရှိ စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

          ၂.၇.၂၀၂၆ ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် သံဖြူဇရပ်မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် စားအုန်းဆီရောင်းချနေမှုများအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာ အငယ်တန်းစာရေး ဦးမျိုးသီဟမှ အဆိုပါ ရပ်ကွက်များတွင် ရောင်းချနေသော စားအုန်းဆီလက်လီကိုယ်စားလှယ်အား မိမိတို့ရရှိသော ခွဲတမ်းများကို စားသုံးသူပြည်သူ လက်ဝယ်သို့ အမှန်တကယ်ရောက်ရှိအောင် ရောင်းချပေးစေလိုကြောင်း၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမရှိဘဲ သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချပေးစေလိုကြောင်း ပြောကြားခဲ့ပြီး မသမာသော နည်းလမ်းများသုံး၍ ရောင်းချခြင်း/ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ရောင်းချရမည့် ကျေးရွာ/ ရပ်ကွက်များကိုလည်း စဉ်ဆက်မပြတ် ရောင်းချပေးနိုင်ပါရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မော်လမြိုင်မြို့၊ အမှတ် (၁) ဈေးနှင့် အမှတ် (၂) ဈေးများရှိ စားသောက်ကုန်အမျိုးမျိုး ရောင်းချသော ဆိုင်များအား ကွင်းဆင်းစစ်ဆေး

          ၃.၇.၂၀၂၆ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်သည် အစားအသောက်နှင့်ဆေးဝါးကြီးကြပ် ကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့နှင့် ပူးပေါင်း၍ မော်လမြိုင်မြို့၊ အမှတ် (၁) ဈေးနှင့် အမှတ် (၂) ဈေးများရှိ စားသောက်ကုန်အမျိုးမျိုး ရောင်းချသော ဆိုင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရောင်းချလျက်ရှိသော စားသောက်ကုန်အမျိုးမျိုး တို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားမှု၊ ထုတ်လုပ်သည့် ရက်စွဲနှင့် ကုန်ဆုံးရက်စွဲများ မှန်ကန်စွာဖော်ပြထားမှု၊ သက်တမ်းလွန်စားသောက်ကုန်များ ရောင်းချ ခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး ဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဘေးကင်းလုံခြုံပြီး အရည်အသွေးပြည့်မီသော ကုန်ပစ္စည်းများကိုသာ ရောင်းချရန်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံသော ကုန်ပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်းချကြရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

          DOCA (မွန်)

ပန်းတနော်မြို့နယ် ဆေးဆိုင်၊ ဆန်ဆိုင်၊ စက်သုံးဆီအ‌ရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ပန်းတနော်မြို့နယ်တာဝန်ခံရုံး ဦးအောင်ကျော်သက်နှင့် ဝန်ထမ်းများသည် ၂၅.၆.၂၀၂၆ ရက်နေ့တွင် နံနက်(၀၉း၀၀)နာရီအချိန်တွင် မိတ်ဖက်ဌာနများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လမ်းဦးစီးဌာန၊ ရေနံနှင့်ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြစ် မြို့နယ်အတွင်းရှိ ဆီဆိုင် (၈) ဆိုင်၊ ဆေးဆိုင်(၆)ဆိုင်၊ ဆန်ဆိုင်(၁၀)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

        စစ်ဆေးဆောင်ရွက်ရာတွင် ဆန်ဆိုင်များအား မြန်မာနိုင်ငံဆန်စပါးအသင်း ရန်ကုန်မှ ထုတ်ပြန်သော ဆန်စပါးကုန်စည်ဒိုင် ဈေးနှုန်းပေါ်အခြေခံ၍ အမြတ် ၂ရာခိုင်နှုန်းဖြင့် ဆန်များကို ဈေးနှုန်းဖော်ပြရောင်းချရန်ကိုလည်းကောင်း၊ ဆန်များရောင်းချရာတွင် ဆန်အိတ်လက်ကျန်၊ ရောင်းချမှုအခြေအနေများကို စာရင်းပြုစုထားပြီး ဆန်ဆိုင် ရ၊ ထုတ်ကျန်စာရင်းများကို MyRo သတ်မှတ်ရက်အတွင်း ဖြည့်သွင်းဆောင်ရွက်ရန်ကိုလည်းကောင်း၊ စက်သုံးဆီဆိုင်များအားစစ်ဆေးရာ ဆီဈေးနှုန်းတည်ငြိမ်ရေးစစ်ဆေးခြင်း၊ ဆီများ ရောနှော‌ရောင်းချမှုမရှိစေရန်၊ စက်သုံးဆီပြတ်လပ်မှု ရှိ/မရှိ၊ စက်သုံးဆီကို သိုလှောင်၍ ဈေးနှုန်း အတက်ကိုစောင့်၍ ရောင်းချခြင်းမပြုရန်ကိုလည်းကောင်း စစ်ဆေးခြင်း၊ ဆေးဆိုင်များအား စစ်ဆေးဆောင်ရွက်ရာ ဆေးဝါးများနှင့် ဆေးအပိုပစ္စည်းများတွင် အရည်အသွေးမပြည့်မီ သည့်ဆေးဝါးများ၊ ဆေးဝါးအတုများ၊ သက်တမ်းလွန်ဆေးဝါးများနှင့် ခွင့်ပြုလိုင်စင်မရှိသည့် ထိန်းချုပ်ဆေးဝါးများအား ရောင်းချခြင်းများမရှိစေရေး၊ သက်ဆိုင်ရာဌာနထောက်ခံချက် ပါဝင်သောဆေးဝါးများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့် ကိုက်ညီသော ဆေးဝါးများသာရောင်းချစေရေး၊ သတ်မှတ်ချက်နှင့် ကိုက်ညီသောဆေးဝါးများရောင်းချရာတွင် လက်ကားဈေးအပေါ်တွင် ဒေသပေါက်ဈေးထက် ဈေးနှုန်းပိုမိုသော အမြတ်တင်ရောင်းချမှုများမဖြစ်ပေါ်စေရေး၊ ဆေးဝါးလက်ကျန်အခြေအနေနှင့် ဆေးဝါးများပြတ်လပ်မှု မဖြစ်ပေါ်စေရေး၊ ဈေးနှုန်းဈေးကွက်အခြေအနေများအား ကွင်းဆင်းစိစစ်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားသုံးကာကွယ်ရေးအသိပညာ‌ပေး Talk Show ပြုလုပ်

         ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ စားသုံးကာကွယ်ရေးအသိပညာ‌ပေးTalk Showကို (၂၅.၆.၂၀၂၆) နေ့ မွန်းလွဲ ၂နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

        ထိုသို့ကျင်းပပြုလုပ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက စားသုံးကာကွယ်ရေးအသိပညာ‌ပေး Talk Show ပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်သက်က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်တာဝန်များ၊ စားသုံးသူကာကွယ်ရေးအတွက် ပြဌာန်းထားသည့် ဥပဒေများ၊ ညွှန်ကြားချက်များ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ စားသုံးသူအခွင့်အရေး(၈)ချက်အကြောင်းကိုလည်းကောင်း၊ စားသုံးသူပြည်သူများ သတိပြုလိုက်နာရမည့်အချက်များ စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းထားရှိမှု၊ စားသုံးသူတို့၏ တာဝန်များ၊ ကုန်စည်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက တိုင်းဒေသကြီးပြည်နယ်များ၊ ခရိုင်ဦးစီးမှူးရုံးများရှိ စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ‌ဆောင်ရွက်ရေးစင်တာ (CICC) ရုံးများ၊ စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ ဝင်ရောက်တိုင်ကြား နိုင်ပါကြောင်းနှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ