သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပန်းတနော်ဆန်ရောင်းချသည့် ဆန်ဆိုင်များ၏ ဆန်ဈေးကွက်ဖြစ်ပေါ်မှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

       ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်း ဆန်ပြတ်လပ်မှုရှိ/မရှိနှင့် စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာဝယ်ယူနိုင်ရေး ဆန်ဆိုင်နှင့် ဆန်သိုလှောင်ရုံများကို (၄-၉-၂၀၂၄)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင်  ဆန်အရောင်း ဆိုင် (၁၀)ဆိုင်သို့ သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ကျော်သက်နှင့် စစ်ဆေးရေးအဖွဲ့က ပန်းတနော်မြို့ဆန်ဆိုင်မှရောင်းချသော ဆန်တစ်အိတ်ဈေးနှုန်းနှင့် တစ်ပြည်ဈေးနှုန်းကိုမေးမြန်းစစ်ဆေးခြင်း၊ ဆန်သိုလှောင်ထားရှိမှုအခြေအနေများကိုစစ်ဆေးခြင်း၊ ဆန်သိုလှောင်မှုကို စနစ်တကျမှတ်ပုံတင်ထားရှိမှုကို စစ်ဆေးခြင်းများပြုလုပ်ခဲ့ကြပါသည်။

        ပန်းတနော်မြို့နယ်တွင် ဆန်များပြတ်လပ်မှုမရှိဘဲ သင့်တင်မျှတသော တည်ငြိမ်သောဆန်ဈေးကွက်ဈေးနှုန်းဖြင့် ပြည်သူများအား ရောင်းချနေကြောင်း၊  တချို့သော ဆန်သိုလှောင်ထားသောဆန်ဆိုင်များမှာ မှတ်ပုံတင် Online Registration စနစ် (MyRO) တွင် မှတ်ပုံတင်ထားပြီးဖြစ်ကြောင်း၊  ဆန်ဆိုင်တို့တွင်ရောင်းချနေသော ဆန်အမျိုးအစားအလိုက် ဈေးနှုန်းများ၊ ဆန်ဝယ်ယူရရှိမှုခြေအနေများ၊ သိုလှောင်ထားရှိသောဆန်အိတ်အရေအတွက်များ၊ နေ့စဉ်ရောင်းချမှုအခြေအနေများ၊ ဈေးနှုန်းကပ်၍ ရောင်းချနေမှုကိုစစ်ဆေးတွေ့ရှိရပြီး အဆိုပါစစ်ဆေးမှုတွင် ပန်းတနော်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ၊ ပန်းတနော်ဆန်စက်နှင့် ဆန်ကုန်သည်များအသင်းမှ အဖွဲ့ဝင်များ၊ ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအဖွဲ့ဝင်များ ပူးပေါင်းပါဝင်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ဆမ်တစ်ကိတ်နှင့် မုန့်မျိုးစုံလုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှုးနှင့်ဝန်ထမ်းများသည် အသေးစားစက်မှုလက်မှုဦးစီးဌာန၊ စည်ပင်သာယာရေးဌာနတို့မှဝန်ထမ်းများနှင့်ပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မိုင်းယောင်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက်အတွင်းရှိ ဆမ်တစ်ကိတ်နှင့် မုန့်မျိုးစုံလုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆမ်တစ်ကိတ်နှင့် မုန့်မျိုးစုံတို့သည် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ“ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”နှင့် ပတ်သက်၍ ပြည့်စုံစွာဖော်ပြ ထားပြီး ထုတ်ကုန်များကို သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်ဖြန့်ချိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် လုပ်ငန်းရှင်များအား စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းများစနစ်တကျသို လှောင်ရန်၊ သက်ဆိုင်ရာဌာနများ၏လုပ်ငန်းလိုင်စင်နှင့် ထောက်ခံချက်များပြုလုပ်ရန်၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ” ကိုလိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

ဈေးကွက်အတွင်း ဆေးဝါးဖြစ်ပေါ်မှုအခြေအနေများကို ဈေးကွက်စောင့်ကြည့်စစ်ဆေး

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့သည် စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ (၄-၉-၂၀၂၄) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်၌ ဓနုဖြူမြို့ပေါ်ရှိ ဆေးဆိုင် (၆)ဆိုင်တွင် ရောင်းချနေသောဆေးများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးမှုအရ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုး (ဦးစီးအရာရှိ) နှင့် မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်မှုကော်မတီအဖွဲ့၊ စစ်ဆေးရေးဌာနစုံအဖွဲ့သည် ဓနုဖြူမြို့မဈေးအတွင်းရှိ  မိဘမေတ္တာ၊ လမင်းသစ်၊ ဦးတင်အေး(၂)၊ ရွှေတြိဂံ၊ ဦးတင်အေး (၁)၊ သိန်းကမ္ဘာ ဆေးဆိုင်များတွင် ဆေးဝါးပြတ်လပ်မှုရှိ/မရှိ၊ စံမမီဆေးဝါးများ ရောင်းချမှုရှိ/မရှိကိုစစ်ဆေးခဲ့ပြီး ဓနုဖြူမြို့နယ်အတွင်း ဆေးဝါးပြတ်လပ်မှုကြီးကြီးမားမားမရှိဘဲ ကုမ္ပဏီကို ဆေးများမှာယူသည့်အခါ ရက်အနည်းငယ်ထိစောင့်ရခြင်းသာရှိပြီး ဈေးနှုန်းအနေဖြင့် သယ်ယူစရိတ်ကြီးမြင့်မှုကြောင့် ယခင်ထက် ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်းစစ်ဆေးသိရှိရပြီး မြို့အတွင်းရောင်းချသည့်ဆိုင်များ၊ ဈေးကွက်တွင် ကုန်ပစ္စည်းပြတ်လပ် သွားမည်ကို မစိုးရိမ်ကြရန်နှင့် ပုံမှန်လည်ပတ်ရောင်းချရန် လိုအပ်သည်များကိုမှာကြားခဲ့ပြီး  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

  ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၄)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန် တွင် ကျိုင်းတုံမြို့၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သည့်  ကျောင်းသား၊ ကျောင်းသူ (၁၁၅)ဦးအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ကာ ဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

  ယင်းဟောပြောပွဲတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူးဦးအောင်လင်းဦးက စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းနှင့် ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့ပါသည်။ စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စားသုံးသူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး၏လုပ်ငန်းရှင်၏ တာဝန်နှင့်ဝတ္တရားများ၊ ကုန်စည်တစ်ခုကို ဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့် သိသင့်သိထိုက်သည့်အချက်များ၊ ဘေးဥပါဒ်အန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန် သင့်/ မသင့် သိရှိသင့်သည့် ကုန်အညွှန်းအမှတ်အသားပါအချက်များအား ရှင်းလင်းပြောကြားပြီး ထောက်ခံချက်ရှိသော အစားအစာနှင့် ထောက်ခံချက်မရှိသော အစားအစာများကို ပုံများနှင့်တကွပြသခဲ့ကြောင်း သိရှိရပါသည်။

   ထို့နောက် သိကောင်းစရာများဖြစ်သော ဆိုးဆေး၊ ကြာရှည်ခံဖော်မလင်ဆေးနှင့် ဟင်းချိုမှုန့်၏ ကျန်းမာရေးဆိုင်ရာအန္တရာယ်ရှိမှုများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

ညောင်တုန်းဆန်ဈေးကွက်အတွင်း ဆန်ရောင်းချမှုဈေးကွက်အခြေအနေများအား ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၌ ၄-၉-၂၀၂၄ ရက်နေ့၊ နံနက်ပိုင်းတွင် သတ်မှတ်ရည်ညွှန်းစျေးဖြင့် ရောင်းခြင်းရှိ/မရှိနှင့် ဆန်ဈေးကွက်ဖြစ်ပေါ်မှုအခြေအနေ၊ စားသုံးသူများအတွက် ဆန်ပြတ်လပ်မှုမရှိစေရေးအတွက် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့သည် လက်လီ/လက်ကားရောင်းချနေသော ဆန်ဆိုင် (၈)အား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

       အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က ရောင်းချသူ ဆန်လက်လီ/ လက်ကားလုပ်ငန်းရှင်များကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်သတ်မှတ်သော သတ်မှတ်ရည်ညွှန်းစျေးများအတိုင်း အမြတ် ၅ရာခိုင်းနှုန်း သင့်တင်မျှတသောဈေးဖြင့် ဆန်များကို စျေးကွက်အတွင်းရှိ ရောင်းချခြင်းရှိ/မရှိကိုစစ်ဆေးခြင်း၊ ဆန်မှောင်ခိုဈေးကွက်ရှိ/မရှိကို အသွင်ယူစစ်ဆေးခြင်း၊ ဆန်ဆိုင်များတွင် ဈေးနှုန်းဖော်ပြသော ကတ်ဖြင့်ရောင်းချခြင်းရှိ/မရှိကိုစစ်ဆေးခဲ့ကြသည်။

      ထိုပူးပေါင်းအဖွဲ့က ဆန်ရောင်းချသူမျာအား ဈေးနှုန်းဖော်ပြရောင်းချခြင်းနှင့် သင့်တင့်မျှတသော ဈေးနှုန်းဖြင့်သာရောင်းချနေပြီး  မြို့နယ်အတွင်း ဆန်ပြတ်လပ်မှုမရှိကြောင်း၊ ဆန်သိုလှောင်ထားသူများကလည်း  မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online) (MyRo) တွင် မှတ်ပုံတင်ထားသည်ကိုစစ်ဆေးတွေ့ရှိရပြီး ဆန်ဆိုင်လုပ်ငန်းရှင်များကို သတ်မှတ်ချက်များနှင့်အညီ ရောင်းချကြရန်၊ မြို့နယ်တွင်းပြည်သူများ သက်သာစွာဝယ်ယူစားသုံးနိုင်ရေးကို ယခုကဲ့သို့ အပတ်စဉ် စစ်ဆေးမှုများပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း အသိပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

စားသုံးသူအခွင့်အရေးသိကောင်းစရာများအကြောင်း အလတ်စား စက်မှုလက်မှုသင်တန်းသားများအား အသိပညာပေးဟောပြော

      မအူပင်မြို့ ‌အလတ်စားစက်မှုလက်မှုသင်တန်းကျောင်းတွင် သင်တန်းသားများကို စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူအခွင့်အရေးနှင့်ပတ်သက်၍ သိကောင်းစရာများအကြောင်းကို ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၅ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် သွားရောက်အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြသည်။

       အဆိုပါဟောပြောပွဲတွင် မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာမှ ဒေါ်သင်းသင်းထွေး (ရုံးအကူမှူး)က စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်းသိကောင်းစရာများကိုဟောပြောရာ အမေရိကန်သမ္မတ ဂျွန်အက်(ဖ်)ကနေဒီသည် (၁၉၆၂)ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် စားသုံးသူအခွင့်အရေးနှင့်ပတ်သက်၍ သိရှိနာလည်းပြီး စားသုံးသူအခွင့်အရေးကိုသိရှိခဲ့ကာ ဖြစ်ပေါ်လာသည့်အကြောင်းအရင်းကိုရှင်းလင်းခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေဖြစ်ပေါ်လာပုံအဆင့်ဆင့်ကိုရှင်းလင်းခြင်း၊ စားသုံးသူအခွင့်အ‌ရေးအပြည့်အဝရရှိစေရန် ဤဥပဒေကိုပြဋ္ဌာန်းခဲ့ခြင်း ဖြစ်ကြောင်းကိုရှင်းလင်းခြင်း၊ စားသုံးသူ၏အဓိပ္ပါယ်၊ စားသုံးသူအခွင့်အရေး (၈)ချက်ကိုရှင်းလင်းခြင်း၊ စားသုံးသူလိုက်နာရမည့်တာဝန်များအကြောင်း၊ စားသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုရှိလာပါက တိုင်းကြားလိုရသည့် နည်းလမ်းများအကြောင်းကို အကျယ်တဝင့်ရှင်းလင်းဟောပြောပြီး စားသုံးသူအခွင့်အရေးနှင့်သက်ဆိုင်သော နမူနာပြ Short Vedio များဖြင့် ရှင်းလင်းဟော ပြောခဲ့ပြီး ဟောပြောပွဲသို့ အလတ်စား စက်မှုလက်မှုသင်တန်းကျောင်းမှ သင်တန်းသား (၇၂)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေးအတွင်းရှိ ဆန်ဆိုင်များ ရှောင်တခင်စစ်ဆေးခြင်း

    အထက်အကြီးအကဲများ၏    ညွှန်ကြားချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးလက်အောက်ရှိ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ‌ဒေါ်အေးအေးမော် (ဒုကြီးကြပ်ရေးမှူး)နှင့် ဝန်ထမ်းများသည် ပုဇွန်တောင်မြို့နယ် ဈေးစည်ပင်သာယာရေး ဝန်ထမ်းများနှင့် ပူးပေါင်း၍ ပုဇွန်တောင်ဈေးအတွင်းရှိ ဒို့ညီနောင်ဆန်ဆိုင်၊ အောင်သိဒ္ဓိဆန်ဆိုင်၊ အင်ကြင်းခိုင်ဆန်ဆိုင်တို့အား (၅.၉.၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီတွင် ရှောင်တခင် ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ဖျာပုံပေါ်ဆန်း၊ ပုသိမ်ပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း၊ ရွှေဘိုပေါ်ဆန်း၊ ဧည့်မထဆန်၊ ရက်(၉၀) စသည့် ဆန်များရောင်းချလျက်ရှိပြီး ပစ္စည်းပြတ်လပ်မှုမရှိစေရေး ဆောင်ရွက်ရန်နှင့် သတ်မှတ်စျေးနှုန်းထက် မြှင့်တင်‌ရောင်းချခြင်းမပြုရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေးအတွင်းရှိ ဆေးဝါးများ ထပ်မံပြတ်လပ်နေခြင်းရှိ/မရှိ ကွင်းဆင်းဆောင်ရွက်ခြင်း

    အထက်အကြီးအကဲများ၏    ညွှန်ကြားချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးလက်အောက်ရှိ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ‌ဦးနေလင်း (ဌာနခွဲစာရေး) နှင့် ဝန်ထမ်းများ သည် ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေးအတွင်းရှိ သန်းစိုးဆေးဆိုင်၊ ဦးတင်မောင်ဆေးဆိုင်၊ မင်းမင်းဆေးဆိုင်တို့အား (၅.၉.၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီတွင် ရှောင်တခင် ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင်        ဆေးဝါးများပြတ်လပ်ခြင်းရှိ / မရှိ စစ်ဆေးခြင်း၊ ဆီးချို၊ အသဲအားဈေး၊ သွေးကျဲဆေး၊ သွေးကျဆေး၊ နှလုံးအဆီကျဆေး၊ အကိုက်ခဲပျောက်ဆေး  စသည့် ဆေးတို့မှာ ဈေးကွက်အတွင်း     စားသူံးသူပြည်သူများမှ အများဆုံးဝယ်ယူသုံးစွဲကြကြောင်း ဆိုင်ရှင် များ၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရွှေပြည့်စုံဈေးရှိ ဆေးဝါးများ ထပ်မံပြတ်လပ်နေခြင်းရှိ/မရှိ ကွင်းဆင်းကြပ်မတ်

     အထက်အကြီးအကဲများ၏    ညွှန်ကြားချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးလက်အောက်ရှိ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ‌ဒေါ်မိုးမိုးကြည် (ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရွှေပြည့်စုံဈေးရှိ ဆေးဆိုင်(၆) ဆိုင်တို့အား (၅.၉.၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ရှောင်တခင် ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆေးဝါးများပြတ်လပ်ခြင်းရှိ / မရှိ စစ်ဆေးခဲ့ပြီး ဆီးချိုဆေးများဖြစ်သော Mixtard Injcation ၊ Galvus Met 50/1000 ၊ Metformin 500 ဆေးများနှင့် သွေးကျဆေးများဖြစ်သော Amlog 5  ၊ Amlog 10 Exforge 5mg/160mg စသည့် ဆေးတို့မှာ ဈေးကွက်အတွင်း    စားသူံးသူပြည်သူများမှ အများဆုံးဝယ်ယူသုံးစွဲကြကြောင်း ဆိုင်တာဝန်ခံများ၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)

“ တွံတေးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း Formalin ပါရှိသည့် ပဲသွေးနှင့် တားမြစ်ဆိုးဆေး Rhodamine B ပါရှိသည့်စိမ်းစားငပိများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း ”

   ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်းရှိ စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ကုန်စုံဆိုင်၊ ကုန်စိမ်းဆိုင်များ၌ရောင်းချနေသော ပဲသွေးနှင့်စိမ်းစားငပိများအား ရောင်းချ ဖြန့်ဖြူးရာတွင် Formalin နှင့်တားမြစ်ဆိုးဆေး Rhodamine B ပါရှိသည့် ပဲသွေးနှင့် စိမ်းစားငပိများ ရောင်းချမှုမရှိစေရေးကို စက်တင်ဘာလ(၄)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် တွံတေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒု-ဦးစီးမှူးနှင့် ဝန်ထမ်းများ ဦးဆောင်၍ စည်ပင်သာယာဈေးတာဝန်ခံနှင့် တွံတေးမြို့နယ်တာဝန်ခံတို့ပူးပေါင်း၍ စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်ရှိ ကုန်စုံဆိုင်များ၊ ကုန်စိမ်းဆိုင်များ၌ရောင်းချနေသာ ပဲသွေးနှင့်စိမ်းစားငပိများတွင် စားသုံးသူ များဘေးအန္တရာယ်ဖြစ်စေနိုင်မည့် Formalin ပါသော ပဲသွေးများ၊ Rhodamine B ပါသော စိမ်းစားငပိစသည့် သတ်မှတ်ချက်နှင့်ကိုက်ညီမှုမရှိသော စားသောက်ကုန်များကို ဖြန့်ဖြူးရောင်းချမှုမပြုကြရန်နှင့် ဖြန့်ဖြူးရောင်းချပါက ဈေးစည်းကမ်းချက်များအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ