သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချမှုတွင် ပူးပေါင်းဆောင်ရွက်

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ မအူပင်မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦး နှင့် ဝန်ထမ်းများသည် ၂၀.၉.၂၀၂၂ ရက်နေ့ နံနက်(၀၈:၀၀) အချိန်တွင် မအူပင်မြို့နယ် အမှတ် (၈)ရပ်ကွက် ပေါက်တောလမ်း ဓမ္မာရုံကျောင်းရှေ့၌ ဆန်(၁)ပြည် ၁၅၀၀/-ကျပ်၊ ဆီ ၅၀သားလျှင် ၂၅၀၀/-ကျပ်၊ ဆား ၅၀ကျပ်သား တစ်ထုတ်လျှင် ၂၀၀/- နှင့် ကြက်ဥ (၆)လုံးလျှင် ၁၀၀၀/- သက်သာသောဈေးနှုန်းနှင့် ရောင်းချပေးနေမှုများအား သွားရောက်စစ်ဆေးကြပ်မတ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါ အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချမှုတွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မအူပင်မြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း၊ မအူပင်မြို့နယ် ဆီကုန် သည်များနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများသည် စားသုံးသူပြည်သူများ အဆင်ပြေ ချောမွေ့စွာ ဝယ်ယူအားပေးနိုင်ရန်အတွက် လိုအပ်သလို ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

    အလားတူ မအူပင်ခရိုင်အတွင်းရှိ၊ ပန်းတနော်မြို့နယ်၊ ဓနုဖြူမြို့နယ်များတွင်လည်း (၁၉.၉.၂၀၂၂) နေ့တွင် အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချမှု ဆောင်ရွက်ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံများနှင့် ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက် ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည်စစ်ဆေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊  ဟင်္သာတမြို့နယ်နယ်တာဝန်ခံသည် (၁၈.၉.၂၀၂၂) ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် နတ်မော်ကျေးရွာအုပ်စု အ-ထ-က ကျောင်းမုန့်ဈေးတန်းအား  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

    ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းအတွင်းရောင်းချနေသော မြန်မာလက်လုပ် မုန့်များသန့်ရှင်းလက်ဆက်မှုရှိစေရေးနှင့် လေဖောင်းမုန့်များ၊ ဖျော်ရည်ဗူးများစသည့် အသင့်စားမုန့်များ၌ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုရှိ/မရှိစစ်ဆေးခဲ့ပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြ ရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျှက် ဖြစ်စေ ရေးသားဖော်ပြရမည့် ကုန်ပစ္စည်းကိုသာ စားသုံးသူများလက်ဝယ်အရောက် ဘေးကင်းလုံခြုံမှုရှိစေ ရေးအတွက် ဖြန့်ဖြူးရောင်းချရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန် ကြားချက်အမှတ်(၂/၂၀၁၉)ပါ ဥပဒေများအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များအကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်နေ့သည့် လုပ်ငန်းများ အကြောင်းတို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အင်္ဂပူမြို့ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၁၈.၉.၂၀၂၂)ရက်နေ့ နေ့လယ်  (၁၀:၃၀) အချိန်တွင်မကျီးကုန်းကျေးရွာအုပ်စုရှိ အ-မ-က (မူလွန်) ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမနှင့် မုန့်ဆိုင်ပိုင်ရှင် (၁၄၆)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ပါသည်။

        ဟောပြောပွဲတွင် ဦးဘိုဘိုမှ စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉)ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ အခန်း(၁၃) ပါ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်း များအကြောင်း၊ အခန်း(၁၈)ပါကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းအကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား အသင့်စားမုန့်အမျိုးမျိုးတို့ကို ဝယ်ယူစားသုံးရာတွင် ထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများ အဓိကဖက်ရှု့ရမည် ဖြစ်ကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး၊ ကျောင်းမုန်းဈေးတန်းတွင် ရောင်းချနေသော ဈေးဆိုင်ပိုင်ရှင်များအား  သက်တမ်းလွန်နေသော အစားအသောက်များ၊ သတ်မှတ်ချက်နှင့် မကိုက်ညီ သောအစားအသောက်များရောင်းချခြင်းမပြုရန် ဆွေးနွေးမှာကြားစစ်ဆေးခဲ့၍ စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြ ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

Committee of the Whole (CoW) for the ASEAN Economic Community (AEC) ၏ ၁၃ ကြိမ် မြောက်အစည်းအဝေးသို့ တက်ရောက်ခြင်း

      ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့တွင် 13th Meeting of the Committee of the Whole (CoW) for the ASEAN Economic Community (AEC) ကို Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ AEC မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ AEC Sectoral Bodies မှ ဥက္ကဋ္ဌများ၊  အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးသို့ အာဆီယံ စားသုံးသူကာကွယ်ရေးကော်မတီ ဥက္ကဋ္ဌဖြစ်သူ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် အဖွဲ့ဝင်၊ ညွှန်ကြားရေးမှူးချုပ်၊ မူပိုင်ခွင့်ဦးစီးဌာန ဒေါက်တာမိုးမိုးသွယ်က ရုံးအမှတ် (၅၂) မှနေ၍ အစည်းအဝေး သို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် အာဆီယံစီးပွားရေးအသိုက်အဝန်းအောက်ရှိ ကဏ္ဍတစ်ခုနှင့်တစ်ခု ဆက်စပ်နေသည့်လုပ်ငန်းများနှင့် Committee of the Whole (CoW) ၏ အုပ်ချုပ်မှုပုံစံ၊ နှစ်အလိုက် ဦးစားပေးဆောင်ရွက်သွားရမည့်ကိစ္စရပ်များစသည်တို့နှင့်စပ်လျဉ်း၍  ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ Committee of the Whole (CoW) for the ASEAN Economic Community (AEC) ၏ ၁၄ ကြိမ်မြောက်အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် ကျင်းပပြုလုပ်ရန် လျာထားကြောင်း ‌ဆွေးနွေးခဲ့ပါသည်။

AANZFTA CAP II အရ ကျင်းပမည့် Thematic Stream 1- Regional Webinar သို့ တက်ရောက်ခြင်း

    ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့တွင် AANZFTA CAP II အရ How to be an agile regulator ခေါင်းစဉ်ဖြင့် Regional Webinar ကို Virtual စနစ်ဖြင့် ကျင်းပခဲ့ပြီး အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ၊ AANZFTA Consumer Affairs Program ဆိုင်ရာတာဝန်ရှိသူများ၊ Australian Competition and Consumer Commission (ACCC) မှ တာဝန်ရှိသူများ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ Webinar သို့ အာဆီယံ စားသုံးသူကာကွယ်ရေးကော်မတီ ဥက္ကဋ္ဌဖြစ်သူ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် အဖွဲ့ဝင်၊ ညွှန်ကြားရေးမှူးချုပ်၊ မူပိုင်ခွင့်ဦးစီးဌာန ဒေါက်တာမိုးမိုးသွယ်က ဦးဆောင်၍ စားသုံးသူရေးရာဦးစီး ဌာနမှ တာဝန်ရှိသူများက ရုံးအမှတ် (၅၂) မှနေ၍ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ Webinar တွင် အစိုးရအေဂျင်စီများအနေဖြင့် Digital Transformation နှင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု အခြေအနေတို့ကြောင့် ဖြစ်ပေါ်ပြောင်းလဲလျက်ရှိသည့် ဈေးကွက်ပုံစံအသစ်များအပေါ် လျင်မြန်စွာ တုံ့ပြန်နိုင်ရေးနှင့် အဆိုပါဈေးကွက်များကို စုံစမ်းဖော်ထုတ်ရာတွင် နည်းစနစ်ကျသည့်ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေးအတွက် စွမ်းဆောင်ရည် တည်ဆောက်မှုဆိုင်ရာ နည်းလမ်းအမျိုးမျိုးနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

အမှတ်( ၆ )အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခြင်း

  ကယားပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ(၁၉)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်ရှိ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူစုစုပေါင်း(၁၁၀)ဦးကို COVID စည်းကမ်းများနှင့်အညီ စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါ သည်။

    အဆိုပါဟောပြောပွဲတွင် ဦးမိုးညွန့်ဦး(ဦးစီးအရာရှိ)က စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ အခွင့်အရေးများ၊ စားသုံးသူများလိုက်နာရမည့် တာဝန်များကို ရှင်းလင်း ပြောကြားခဲ့ပြီး ဒေါ်နော်ကြူကြူ(ဒု-ဦးစီးမှူး)က ကျောင်းသား/ ကျောင်းသူများအား စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများ၊ ကုန်စည်(သို့)ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲခြင်း ကြောင့် နစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ စားသုံးသူဘက်မှ တောင်းဆိုနိုင်သည့် အချက်များကို လည်း ကောင်း၊ စားသုံးသူများ လိုက်နာရမည့်တာဝန်များကိုလည်းကောင်း၊ ကုန်အညွန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲခြင်းမပြုမီ သတိပြုရမည့် အချက်များကိုလည်းကောင်း၊ စားသုံးသူအခွင့်အရေးများ နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ Website မှဖြစ်စေ၊ Doca Myanmar application များမှဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း ၊ Consumer call center ၁၅၃၅ နံပါတ်များသို့ ခေါ်ဆို၍ စားသုံးသူရေးရာနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းနိုင်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ၊ ဗွီနိုင်းများကို သက်ဆိုင်ရာ ကျောင်းအုပ်ဆရာမကြီးထံသို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

                                     

သထုံမြို့နယ် သရက်တောကျေးရွာ (အ.မ.က) ညောင်ကုန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

      မွန်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင် ဝန်ထမ်းများသည် ၁၉.၉.၂၀၂၂ ရက်နေ့တွင် သထုံမြို့နယ် သရက်တောကျေးရွာ (အ.မ.က) ညောင်ကုန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မျိုးမျိုးထွန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သထုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုဦးစီးမှူး ဦးစည်သူက စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေး (၈)ချက်နှင့်တာဝန်များ၊ စားသုံးသူထိခိုက်နစ်နာဆုံးရှုံးမှုအတွက် တိုင်ကြားနိုင်သည့် အကြောင်းအရာများ၊ Call Center နှင့် ပတ်သက်သည့် အကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့ပါသည်။

      ထို့နောက် ကျောင်းအုပ်ဆရာမကြီးထံသို့ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ပေးအပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ဆရာ၊ ဆရာမ(၃)ဦးနှင့် ကျောင်းသား၊ ကျောင်းသူ (၅၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ  ကုမ္ပဏီများသို့ ကွင်းဆင်းစစ်ဆေး

     မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၁၃.၉.၂၀၂၂ ရက်နေ့၊ ၁၄.၉.၂၀၂၂ ရက်နေ့တို့တွင် ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင် သက်တမ်း(၅) နှစ်နှင့် အောက်သက်တမ်းရှိသော ကုမ္ပဏီများအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

       ထိုသို့ စစ်ဆေးရာတွင် မော်လမြိုင်မြို့နယ်အတွင်းရှိ ကုမ္ပဏီ (၇၈) ခု၏ ကုမ္ပဏီတည်ရှိမှု၊ စီးပွားရေးလုပ်ငန်းအမျိုးအစားများခိုင်မာမှု ရှိ/မရှိနှင့် အမှန်တကယ်လုပ်ငန်းဆောင်ရွက်မှု ရှိ/မရှိ အခြေအနေတို့အား စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ချောက်ခရိုင်(ချောက်/ရေနံချောင်း) ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း  ဖွဲ့စည်းပြီး သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချ

            မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ညှိနှိုင်းချက်အရ ချောက်ခရိုင် (‌ချောက်/ရေနံချောင်း) ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအား မကွေးတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးနေလင်း‌အောင်၊ အတွင်းရေးမှူး ဦးဇော်ထွေး တို့မှ ကြီးကြပ်၍ (၁၂.၉.၂၀၂၂)ရက်နေ့ (၁၄:၀၀)နာရီတွင် ဥက္ကဌ(၁)ဦး၊ ဒု-ဥက္ကဌ(၂)ဦး၊ အတွင်းရေးမှူး(၁)ဦး၊ တွဲဖက်အတွင်းရေးမှူး(၂)ဦး၊ ဘဏ္ဍာရေးမှူး(၁)ဦး၊ စာရင်းစစ်(၁)ဦး၊ အဖွဲ့ဝင်(၄)ဦး၊ စုစုပေါင်း(၁၂)ဦး ဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရပါသည်။

            ချောက်ခရိုင်(ချောက်/ရေနံချောင်း) ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် ချောက်/ရေနံချောင်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများကို ဈေးကားများဖြင့်လှည့်လည်၍ သက်သာသော ဈေးနှုန်းဖြင့် စားအုန်းဆီများကို (၁၇.၈.၂၀၂၂)ရက်နေ့မှစ၍ ရောင်းချခဲ့ရာ ဆီပေပါ(၁၈၀)ကို ရောင်းချပြီး ဖြစ်ကြောင်း သိရှိရပါသည်။

ပြည်နယ်ဦးစီးမှူးမှ ကွမ်းသီးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

      မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးသည် (၁၆.၉.၂၀၂၂) ရက်နေ့တွင် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မွန်ပြည်နယ်ရှိ ကွမ်းသီးလုပ်ငန်းရှင်များအား ပြည်နယ်ဦးစီးမှူးရုံးခန်း၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

    ထိုသို့ဆွေးနွေးရာတွင် ဒေသထွက်ကွမ်းသီးများ အခြားဒေသများသို့ သယ်ယူပို့ဆောင်ရာတွင် မလိုလားအပ်သောကြန့်ကြာမှုများ မဖြစ်ပေါ်စေရန်နှင့် ကုန်စည်စီးဆင်းမှု လျင်မြန်ချောမွေ့စေရေးအတွက် ကွမ်းသီးများသယ်ဆောင်ရာတွင် စည်ပင်လုပ်ငန်းလိုင်စင်၊ ပြည်တွင်းအခွန်များဦးစီးဌာနသို့ ကြိုတင်ခွန် ၂% ပေးဆောင်ထားသည့်အထောက်အထားနှင့် မွန်ပြည်နယ်ကွမ်းသီးစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၏ ဒေသထွက်ဖြစ်ကြောင်း ထောက်ခံချက်များ လိုအပ်ကြောင်းနှင့် ကွမ်းသီးယာဉ်များဖြတ်သန်း သွားလာခြင်းများအား သက်ဆိုင်ရာဌာနများမှ ကဏ္ဍအလိုက်စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် ဌာနအလိုက်စစ်ဆေးရမည့် အချက်များအပေါ် မူတည်၍ ဒေသအခြေအနေနှင့် ကိုက်ညီသည့် Standard Operating Procedures (SOPs) ရေးဆွဲဆောင်ရွက်သွားရန် ပြည်နယ်အစိုးရအဖွဲ့မှညွှန်ကြားထားသည့် ကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ