သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဘီးလင်းမြို့နယ်၊ ဝင်းပြန်ကျေးရွာရှိ “ကောင်းပြည့်” ယိုမျိုးစုံလုပ်ငန်း လုပ်ငန်းရှင်နှင့် တွေ့ဆုံအသိပညာပေးဆွေးနွေး

     မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၁၉.၉.၂၀၂၂) ရက်နေ့တွင် ဘီးလင်းမြို့နယ်၊ ဝင်းပြန်ကျေးရွာရှိ မိသားစုတစ်နိုင်တစ်ပိုင် လုပ်ငန်းဖြစ်သော “ကောင်းပြည့်” ကတွတ်ယိုလုပ်ငန်း၊ လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     တွေ့ဆုံဆွေးနွေးရာတွင် ဒေါ်ဇင်ဖြူဝင်း ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်နှင့် အချက်အလက်များ၊ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာများ၊ စည်းမျဉ်းစည်းကမ်းများကိုရှင်းလင်းဆွေးနွေးပြောကြားပြီး “ကောင်းပြည့်” ကတွတ်ယို လုပ်ငန်းနှင့်ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းရာတွင် လုပ်ငန်းရှင် ဦးအောင်ထွန်းကြည်မှ ယခု မိုးရာသီတွင် ကုန်ကြမ်းသီးနှံဖြစ်သော ကတွတ်သီးများ လှိုင်လှိုင်ပေါ်ချိန်ဖြစ်၍ ကတွတ်ယိုများကို ထိုးကာ လှောင်ထားပြီး လက်လီ၊ လက်ကားရောင်းချလျက်ရှိသည်။ အဓိကအားဖြင့် တင်ပို့ရောင်းချရာတွင် ကျိုက်ထို၊ ကျိုက်ထီးရိုး၊ ကင်မွန်းစခန်းသို့ တင်ပို့ရောင်းချရပြီး ရန်ကုန်၊ တောင်ကြီး၊ မကွေးနှင့် ကျိုက္ခမီ၊ စက်စဲသို့တွင် လက်ကားတင်ပို့ရောင်းချရကြောင်း တစ်နှစ်ပတ်လုံး ကတွတ်ယို ပိဿာချိန် (၁၀၀၀၀) ခန့် ထုတ်လုပ်တင်ပို့နိုင်ပြီး ယခုကာလတွင်မူ သကြားဈေးများတက်ခြင်း၊ ကုန်ဈေးနှုန်းမြင့်မား နေခြင်းတို့ကြောင့် အရောင်းအဝယ်မှာ ယခင်ထက်နည်းပါးနေကြောင်း သိရှိရပါသည်။ ထို့နောက် ကတွတ်ယိုတွင် ပါဝင်ပစ္စည်းများအကြောင်း မေးမြန်းရာတွင် ဓါတုဆေးဝါးများ၊ တာရှည်ခံဆေးများ လုံးဝသုံးထားခြင်းမရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

ကျောက်ဖြူမြို့မဈေးကြီးအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    ရခိုင်ပြည်နယ်၊  စားသုံးသူရေးရာဦးစီးဌာန၊  ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ကျောက်ဖြူခရိုင်ဦးစီးမှူး၏ညွှန်ကြားချက်ဖြင့် (၁၆-၉-၂၀၂၂)နေ့ နေ့လယ် (၃:၀၀) နာရီအချိန်တွင်  ကျောက်ဖြူမြို့မဈေးကြီးသို့ သွားရောက်၍ ဈေးအတွင်းရောင်းချနေသော စားသောက်ကုန်ပစ္စည်း များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

    ဤကဲ့သို့ စစ်ဆေးရခြင်းမှာ ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ Facebook လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ ဓါတ်ခွဲစမ်းသပ်စစ်ဆေးချက်အရ စားသုံးရန်မသင့်သည့် အစားအသောက်များစာရင်းအား စားသုံးသူ မိဘပြည်သူများသိရှိစေရန် ထုတ်ပြန်ထားရှိမှုနှင့်စပ်လျဉ်း၍ မိမိတို့မြို့နယ် ဈေးကွက်အတွင်း ရောင်းချမှုရှိ/မရှိ သွားရောက်စစ်ဆေးရခြင်းဖြစ်ပါသည်။

    စားသုံးသူရေးရာဦးစီးဌာမှ ဝန်ထမ်းများသည် ဈေးအတွင်း စားသောက်ကုန်ရောင်းချနေသော  ဈေးဆိုင်လုပ်ငန်းရှင်များအား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ထုတ်ပြန်ကြောငြာ ထားသည့် အစားအသောက်နမူနာများအားသိရှိစေရန်နှင့် ဆိုင်တင်ရောင်းချမှုမပြုကြရန် အသိပေး ပြောကြားခြင်း၊ စားသုံးသူများဘေးဥပါဒ်မဖြစ်စေရေး ၎င်းအစားအသောက်များအားရောင်းချမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါကြောင်းသိရှိရပါသည်။

DOCA(ရခိုင်)

ရေသန့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းရှင်များနှင့် တွေ့ဆုံအသိပညာပေးဆွေးနွေး

          စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးဦးဆောင်၍ ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ဈေးကွက်အတွင်း ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ရည်ရွယ်၍ စက်တင်ဘာလ ၁၄ရက်နေ့က စစ်ကိုင်းမြို့၊ အုတ်ဖိုကျင်းရပ်ကွက်ရှိ “ထာဝရ” ရေသန့်ထုတ်လုပ်ဖြန့်ဖြူးသည့်လုပ်ငန်းရှင်နှင့် “မိုးသောက်နှင်း” ရေသန့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းရှင် တို့အားတွေ့ဆုံခဲ့ပါသည်။

          ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် တို့ထုတ်လုပ်ထားသောကုန်ုစည်များကို စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ် ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်သွား စေရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်များနှင့်ပတ်သက်၍ စီးပွားရေး လုပ်ငန်းရှင်များ သိရှိလိုက်နာဆောင်ရွက်နိုင်ရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

၂၀၂၂ ခုနှစ် ဧပြီလ မှ ဩဂုတ်လအထိ မကွေးတိုင်းဒေသကြီးအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများ တင်ပြလာမှုအပေါ်စိစစ်  ဆောင်ရွက်ပေးနိုင်မှုအခြေအနေ

    မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် တိုင်း/ ခရိုင်/ မြို့နယ်များမှ ဝန်ထမ်းများသည် စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများ  ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် စိတ်ကျေနပ်မှုရရှိစေရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ဘေးကင်းလုံခြုံမှုရှိသော ကုန်ပစ္စည်းများကို ထုတ်လုပ်၊ ဖြန့်ဖြူး ၊ ရောင်းချ နိုင်စေရန်ရည်ရွယ်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြ လာရေး စိစစ်ဆောင်ရွက်ခြင်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်‌ ဆောင်ရွက်လျက်ရှိပါသည်။

     ထို့သို့ဆောင်ရွက်ရာတွင် မကွေးခရိုင်၊ ချောက်ခရိုင်၊ မင်းဘူးခရိုင်၊သရက်ခရိုင်၊ အောင်လံခရိုင် နှင့် ပခုက္ကူခရိုင်အတွင်းရှိ မြို့ပေါ်ကုန်စုံဆိုင်၊ စတိုးဆိုင်များ၌ ရောင်းချလျက်ရှိသော ကုန်စည်များ တွင် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက် များနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်အုပ်စု(၈)ခု၊ ကုန်စည်အမျိုးအစား(၄၄)မျိုးတို့တွင် မြန်မာဘာသာဖြင့်     ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ‌ဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို စည်ပင်သာယာဈေးတွင် (၆၁)ကြိမ်၊ ကျောင်းမုန့်ဈေးတန်းတွင်(၂)ကြိမ်၊ ရပ်ကွက်/ ကျေးရွာတွင် (၅၆)ကြိမ်၊ ဆေးဝါးနှင့်ဆေး ပစ္စည်းအရောင်းဆိုင်တွင်(၄)ကြိမ်၊ စုစုပေါင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း (၁၂၃)ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မကွေးခရိုင်အတွင်းရှိ လုပ်ငန်းရှင် (၃)ဦး မှ ကုန်အမှတ်တံဆိပ်(၃)ခု၊ ကုန်စည်အမျိုးအစား(၄)မျိုး၊ မင်းဘူးခရိုင်အတွင်းရှိ လုပ်ငန်းရှင်(၂)ဦးမှာ ကုန်အမှတ်တံဆိပ်(၂)ခု၊ ကုန်စည်အမျိုးအစား(၃)မျိုး၊ ပခုက္ကူခရိုင်အတွင်းရှိ လုပ်ငန်းရှင်(၂၁)ဦး၊ ကုန်အမှတ်တံဆိပ်(၂၁)ခု၊ ကုန်စည်အမျိုးအစား( ၆၃ )မျိုး၊  စုစုပေါင်း ကုန်အမှတ်တံဆိပ် ( ၂၆ )ခု၊ ကုန်စည်အမျိုးအစား(၇၀)မျိုးတို့အား စားသုံးသူကာကွယ်ရေးဥပဒေနှင့် ကိုက်ညီမှုရှိ/ မရှိ စိစစ်၍ ကိုက်ညီမှုရှိကြောင်း အတည်ပြုပြန်ကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

    ဤသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများ စိစစ်ဆောင်ရွက် ခြင်းအားဖြင့် စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံမှုရှိသော ကုန်စည်များရွေးချယ်ဝယ်ယူ သုံးစွဲနိုင်ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များမှလည်း ကုန်စည်များကို အရည်အသွေးပြည့်မီပြီး သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီမှုရှိသည့် ကုန်စည်များထုတ်လုပ်ဖြန့်ဖြူး ရောင်းချလာခြင်းဖြင့် ၊ ဈေးကွက်ဝေစုများ ပိုမိုရရှိကာ ဒေသတွင်းစီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မကွေး)

 

ကံမမြို့၊ ဂျွန်းတောင်ကျေးရွာရှိ အခြေခံပညာ မူလတန်းလွန် ကျောင်း၌ ကျောင်းသား/ ကျောင်းသူများအား အသိပညာပေးဆွေးနွေးခြင်း

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့်သရက်ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းသည် (၁၄.၉.၂၀၂၂)ရက်နေ့ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် ကျောင်းသား/ ကျောင်းသူများအား စားသုံးသူအခွင့်အရေးအပြည့်အဝ ရရှိစေရေးနှင့် စားသုံးသူ စွမ်းဆောင်ရည်မြင့်မားစေရေး ရည်ရွယ်၍ ကံမမြို့နယ် ဂျွန်းတောင်ကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမ(၅)ဦး၊ ကျောင်းသား/ ကျောင်းသူ(၇၀)ဦး တက်ရောက်ခဲ့ကြောင်း သိရပါသည်။

   အဆိုပါအသိပညာပေးဟောပြောပွဲတွင် ကံမမြို့နယ်တာဝန်ခံဒေါ်နွဲ့ယဉ်ဝင်းမှ ဌာနဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် ဌာန၏ရည်မှန်းချက်၊ မျှော်မှန်းချက်များ ၊စားသုံးသူများ၏ အခွင့်အရေးများနှင့် လိုက်နာရမည်တာဝန်များကို ရှင်းလင်းပြောကြားခြင်း၊ ဒုတိယဦးစီးမှူး ဒေါ်ရီရီထွေးမှ စားသုံးသူ၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့် စားသုံးသူကာကွယ်ရေး အဓိပ္ပါယ်များအားရှင်းလင်း ပြောကြားပြီး ဒုတိယကြီးကြပ်ရေးမှူး ဦးကျော်ရွှေမှလည်း စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်းသည့် အကြောင်းအရာများ ၊ စားသုံးသူများမှ အခွင့်အရေးများ သိရှိပြီး နှစ်နာဆုံးရှံးမှုများရှိလျှင် တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့်နည်းလမ်းများအား အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

နေပြည်တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပခြင်း

     ပြည်ထောင်စုနယ်မြေ၊ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံး၌ (၆/၂၀၂၂)ကြိမ်မြောက် နေပြည်တော်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို(၁၆-၉-၂၀၂၂) ရက်နေ့ နေ့လယ် (၁၃း၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော် ဦးစီးမှူး ဒေါက်တာဇော်လွင်ကဦးဆောင်၍ အသင်းသား (၂၄)ဦးအပါအဝင် စုစုပေါင်း (၃၁)ဦးတက် ရောက်ခဲ့ပါတယ်။

    နေပြည်တော်ဦးစီးမှူးကအဖွင့်အမှာစကားပြောကြားရာတွင် “အသင်းသားများအားလုံး စည်း လုံးညီညွတ်စွာရောင်းချပေးသည့်အတွက် အထူးပင် ကျေးဇူးတင်ကြောင်း၊ ဆက်လက်ရောင်းချရန် အတွက် ဆီပမာဏ ပိုမိုရရှိရန် ဝန်ကြီးဌာနသို့ တင်ပြထားကြောင်း၊ အမှန်တကယ်လိုအပ်သည့်နေရာ များတွင်သာ ရောင်းချစေလိုကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် အခက်အခဲများရှိသည်ကို နားလည် ကြောင်း၊ ဌာနအနေဖြင့် လုပ်ငန်းရှင်များနှင့်ပူးပေါင်းကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ပြော ကြားခဲ့ပါတယ်။

    စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ခရိုင်ဦးစီးမှူး ဦးခင်မောင်ဆွေက “ဆီရောင်းချမည့် အစီအစဥ်အား နေပြည်တော်ကောင်စီသို့ တင်ပြရမှာဖြစ်ကြောင်း၊ ဆီရောင်းချမှုစာရင်းတင်ပြရာတွင် သက်သေအထောက်အထားရှိရန်လိုအပ်သည့်အပြင် ဝယ်ယူသည့်ဈေးအပေါ် သယ်ယူစရိတ်အပါ အဝင် အထွေထွေစရိတ်များ ထပ်ပေါင်းပြီး  ၂ % သာ တင်ရောင်းရန် သတ်မှတ်ထားကြောင်း၊ ဈေးပိုမိုရောင်းချလျှင် အရေးယူမှာဖြစ်ကြောင်း၊ ဆီရောင်းချမှုစာရင်းများ သေချာစွာတင်ပြရမှာ ဖြစ်ကြောင်း” ပြောကြားခဲ့ပါတယ်။

    စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ခရိုင်ဦးစီးမှူး ဒေါ်စောမာလာနွယ်က “အသင်းသား အသစ်များဝင်ရောက်မှုကြောင့် ဈေးကားရောင်းချမှုကို အစည်းအဝေးပြုလုပ်၍ ပြန်လည်ဆွေးနွေး မည်ဖြစ်ကြောင်း၊ ရောင်းချခြင်းမရှိသည့် အသင်းသားများကို အသင်းမှ ထုတ်ပယ်ခြင်းခံရမည်ကို ကြိုတင်အသိပေးပါကြောင်း” ပြောကြားခဲ့ပါတယ်။

   ထို့နောက် တက်ရောက်လာကြသော ဆီလုပ်ငန်းရှင်များမှ အသင်းနှင့်ပတ်သက်သည့်ကိစ္စ များကို ဆွေးနွေးကြပြီး နေပြည်တော်ဦးစီးမှူးမှ “ လုပ်ငန်းများ ယခုထက် အောင်မြင်အောင်ဆောင် ရွက်ရမှာဖြစ်ကြောင်း၊ မိမိတို့ဌာနအနေဖြင့်လည်း အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ယခုလို အသင်းသားများ စုံညီစွာ တက်ရောက်ပေးသည့်အတွက် အထူး ကျေးဇူးတင် ပါကြောင်း” နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို နေ့လည် (၁၄း၀၀) နာရီအချိန်တွင် ပြီးမြောက်ကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

စားသုံးသူကာကွယ်ပေးရေး အသိပညာပေး Talk Show ကျင်းပ

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး ပန်းတနော်မြို့နယ်တာဝန်ခံ ဦးအောင်လွင်နှင့် ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့သည် လူထုအခြေပြုဗဟိုဌာန Communit Center ခန်းမ၌ စားသုံးသူအသိပညာပေး Talk Showကို စက်တင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ (၁၄:၀၀)နာရီတွင်  ကျင်းပပြုလုပ်ခဲ့ကြပါသည်။

    အဆိုပါ Talk Show တွင် ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ စတင်မိတ်ဆက်စကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ် ဦးစီးမှူး ဦးအောင်လွင်က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ ၂၀၁၉ခုနှစ် စားသုံးသူ ကာကွယ်ရေးဥပဒေအကြောင်း၊ စီပွားရေးလုပ်ငန်းရှင်၏ တာဝန်နှင့် တားမြစ်ချက်များ အကြောင်း၊ စားသုံးသူအခွင့်အရေးအကြောင်း၊  ဈေးကွက်အတွင်းရှိ ကုန်စည် (သို့) ဝန်ဆောင်မှုများကို စားသုံးသူက စိတ်ကြိုက်ရွေးချယ်ဝယ်ယူခွင့်ရှိခြင်း၊ စားသုံးသူနစ်နာ ဆုံးရှုံးမှု ဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်ခြင်း စသည့်နည်းလမ်းများ၊ စားသုံးသူများသည် ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုရာတွင်မိမိတို့၏အခွင့်အရေးကို သိရှိထားရန် လိုအပ်ကြောင်း၊ ဦးစီးဌာနမှလည်း ဈေးကွက်အတွင်းကုန်စည်များ ဘေးအန္တရာယ်ကင်းရှင်းစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများကို စဉ်ဆက်မပျက် စစ်ဆေးဆောင်ရွက် လျှက်ရှိကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ အထက(၇)ကျောင်း စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြမြို့၊ မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးသည် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီး ဌာနတို့နှင့်ပူးပေါင်း၍ (၁၆.၉.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီက မြောင်းမြမြို့နယ် အထက(၇) ကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြမြို့နယ် ဦးစီးမှူး ဦးလှထွဋ်ဦးမှ စားသုံးသူရေးရာ ဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူ ၏အခွင့်အရေးနှှင့်တာဝန်များ၊ လုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသောလုပ်ငန်းများ၊ ဆောင်ရွက်ချက်များအား ရှင်းလင်းဆွေးနွေးပြီး၊ စားသုံးသူ ကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဂ)(ဆ)တို့ပါ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်း ကုန်ဆုံးသည့်ရက်စွဲများ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုး ကျိုး(သို့)ဓါတ် မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေး ချက်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ မိမိတို့ပါတ်ဝန်းကျင်တွင်ရောင်းချနေသော အစားအသောက်များတွင် စားသုံးရန်မသင့်သော အစား အစာများ၊ ဓါထုဆိုးဆေးများလွန်ကဲစွာ အသုံးပြုထားသော မုန့်ပဲသွားရည်စာများကို စားသောက်မိ ပါက ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုးများခံစားရပြီး၊ ဆေးရုံဆေးခန်းပြသရန်အတွက် ကုန်ကျ စရိတ်များနှင့် နောက်ဆက်တွဲဆိုးကျိုးများဖြစ် ပေါ်လာနိုင်ကြောင်း၊ ကျောင်းသား/သူများအနေဖြင့် အစားအသောက်များကို ရွေးချယ်ဝယ်ယူစား သောက်နိုင်စေရန် အသိပေးဟောပြောခဲ့ပါသည်၊ ထို့နောက်အဖွဲ့ဖြင့်  ကျောင်းမုန့်ဈေးတန်းသို့ ပူးပေါင်းအဖွဲ့ဖြင့် သက်တမ်းလွန်နေသော မုန့်များ၊ အချို့ရည်များရောင်းချခြင်းမပြုရန် ဆိုင်ရှင် များသို့ ဆွေးနွေးမှာကြားခဲ့ပါသည်။

      စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/သူ စုစုပေါင်း(၂၅၀)ဦး တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် စက်သုံးဆီအရောင်းဆိုင်များ ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင်၊ ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဇော်လင်းအောင်၊ ဒု-ခရိုင်ဦးစီးမှူးဦးမျိုးမင်းသန်းနှင့် မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦး တို့သည် (၁၆.၉.၂၀၂၂)ရက်နေ့ နံနက်(၁၀;၃၀)နာရီက မြောင်းမြမြို့နယ် မြို့မပေါ်ရှိ စက်သုံးဆီ အရောင်းဆိုင်များသို့ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်းစိစစ်ကြပ်မတ် ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့စိစစ်ရာတွင်ခရိုင်ဦးစီးမှူးဦးဇော်လင်းအောင်မှစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးနေသည့် လုပ်ငန်းရှင်များအား တရားမဝင်သွင်းကုန် စက်သုံးဆီ၊ ချောဆီများအား တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ဖြင့် စစ်ဆေးဖော််ထုတ်ဆောင်ရွက်နေကြောင်း၊ စက်သုံးဆီ၊ ချောဆီများ သယ်ဆောင်မှုအား စောင့်ကြည့်စစ်ဆေးခြင်း၊ မြို့နယ်အလိုက် စက်သုံးဆီအရောင်းဆိုင်အရေအတွက်နှင့် လက္ကားဝယ်ယူသည့် ကုမ္ပဏီစာရင်းများ ကောက်ယူနေကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် တရားမဝင်စက်သုံးဆီ၊ ချောဆီများ တင်သွင်းဖြန့်ဖြူးရောင်းချပါက အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း PPRD မှ နေ့စဉ်ထုတ်ပြန်ထားသော စက်သုံးဆီရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်း ရှိ/မရှိနှင့် ပြည်သူများအဆင်ပြေစွာဝယ်ယူနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်း ဆိုင်များ စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး စက်သုံးဆီများကို သတ် မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချခြင်းမပြုပဲ အချိန်အတွယ်မှန်ကန်စွာရောင်းချနိုင်ရေး ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် စက်သုံးဆီလုပ်ငန်းရှင်များသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ပုသိမ်မြို့၌ဆီစက်ပိုင်ရှင်များနှင့် လုပ်ငန်းရှင်တွေ့ဆုံ၍ အသိပညာပေး

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးတင်စိုးလှိုင်သည် စက်တင်ဘာလ ၁၆ ရက်က ပုသိမ်ခရိုင်ဦးစီးမှူးရုံး၌ စားသုံးဆီလုပ်ငန်းရှင်များအား တွေ့ဆုံပြီး စားသုံးဆီရောင်းချမှုနှင့် စပ်လျဉ်း၍ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)အား ရှင်းလင်းဆွေးနွေးခဲ့ သည်။

      ထိုသို့ဆွေးနွေးရာတွင် ကုန်စည်အုပ်စု(၈)ခုအနက် အုပ်စု(က)ဖြစ်သော စားအသောက်ကုန်စည် အုပ်စုတွင်ပါဝင်သော စားသုံးဆီအမျိုးမျိုးနှင့်စပ်လျဉ်း၍ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်းတို့ကို မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရန် လိုအပ်ကြောင်း၊ ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချနေသည့် စားသုံးဆီအမျိုးမျိုးတို့ကို အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပါဝင်ပစ္စည်းများကို တိကျစွာ မြန်မာဘာသာဖြင့်ဖော်ပြရမည် ဖြစ်ကြောင်း၊ အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာအလေးချိန်ယူနစ်ဖြစ်သော ပိဿာ/ ကျပ်သားတို့ဖြင့်သာဖော်ပြရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေနှင့် ကုန်အညွှန်းအမှတ် အသားဖော်ပြရာတွင် ကိုက်ညီမှုရှိ၊မရှိကို စားသုံးသူရေးရာဦးစီးဌာနတွင် တင်ပြလျှောက်ထားရန်နှင့် ကုန်အညွှန်းအမှတ်အသားရရှိပြီးမှသာလျှင် ဈေးကွက်တွင်ဖြန့်ဖြူး ရောင်းချရမည်ဖြစ်ကြောင်း၊ ညွှန် ကြားချက်များကို တိကျစွာလိုက်နာဆောင်ရွက်မှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ ပြစ်မှု ပြစ်ဒဏ်များကျခံရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ