သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားသုံးသူကာကွယ်ရေးဆိုင်ရာ ကျပန်းစကားပြောပြိုင်ပွဲတွင် တတိယဆု ရရှိသူ၏ ယှဉ်ပြိုင်မှု

စားသုံးသူကာကွယ်ရေးဆိုင်ရာ ကျပန်းစကားပြောပြိုင်ပွဲတွင် တတိယဆု ရရှိသော မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးဝင်းထွန်းဦး(ဦးစီးမှူး)၏ ယှဉ်ပြိုင်မှုအား ကြည့်ရှုနိုင်ပါသည်-

Commodity Price Database Software ရေးဆွဲခြင်းဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၂၁

            Commodity Price Database Software ရေးဆွဲခြင်းဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့ နံနက်(၁၀)နာရီတွင် စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဆန်းမြင့်က လုပ်ငန်းများအချိန်မီပြီးစီးရေး ဦးစွာဆွေးနွေးပြောကြားခဲ့ပြီး ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဟန်ဝင်းကျော်အပါအဝင် တာဝန်ရှိသူများ၊ ICT Section မှ တာဝန်ရှိသူများနှင့် Software ရေးဆွဲသည့် ကုမ္ပဏီမှ တာဝန်ရှိသူများ အပြန်အလှန်ညှိနှိုင်းဆွေးနွေးကြကာ အစည်းအဝေးကို (၁၁း၅၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့‌ကြောင်း သတင်းရရှိပါသည်။

ITQM(DOCA)

လုပ်ငန်းအသစ်ထူထောင်သည့် ကုမ္ပဏီများ စစ်ဆေးခြင်း

    ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်‌နေ့တွင် ကျင်းပပြုလုပ်သည့် လုပ်ငန်းလမ်းညွှန်ချက်အစည်း အဝေး၏ လမ်းညွှန်ချက်များအရ “လုပ်ငန်းအသစ်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းခိုင်မာစွာပြဌာန်းနိုင်ခြင်း မရှိသည့် ကုမ္ပဏီများအတွက်မြေပြင်စစ်ဆေးရေးအဖွဲ့များဖြင့် စိစစ်ပြီးမှသာ ခွင့်ပြုသွားရန်” လမ်းညွှန် ခဲ့မှုအပေါ် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ၁၁.၉.၂၀၂၂ ရက်နေ့မှ ၁၅.၉.၂၀၂၂ နေ့ထိမြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

   ယင်းသို့ကွင်းဆင်းဆောင်ရွက်မှုတွင် ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ကုမ္ပဏီ တည်ထောင်ထားမှုနှင့် ပတ်သက်၍ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင် လျှောက်ထားသည့် ကုမ္ပဏီများစိစစ်ရေးအဖွဲ့မှ စိစစ်မည့်ပုံစံတွင် ပါရှိသည့်အချက်များဖြစ်သော ကုမ္ပဏီအမည်၊ ရုံးခန်းလိပ်စာ၊ ဒါရိုက်တာအဖွဲ့ ဝင်များ၏ မှတ်ပုံတင်နှင့် နေရပ်လိပ်စာ၊ ကုမ္ပဏီရုံးခန်းလိပ်စာတွင် အမှတ်တကယ်ဖွင့်လှစ်ထားခြင်း ရှိ/ မရှိနှင့် အမှန်တကယ်နေထိုင်မှု ရှိ/မရှိ ၊ အဖွဲ့ဝင်များ နေထိုင် သည့် အဆောက်အဦးအမျိုးအစားနှင့် ပိုင် ဆိုင်မှုအခြေအနေ၊ ယခင်က ကုမ္ပဏီတည်ထောင် ခဲ့ခြင်း ရှိ/မရှိ၊ ကုမ္ပဏီမှလျှောက်ထားမှုလုပ်ငန်းနှင့် လက်ရှိမြေပြင်တွင် ဆောင်ရွက်နေသည့် လုပ်ငန်း အခြေအနေ၊ ဆောင်ရွက်သည့်လုပ်ငန်း၏ ရင်းနှီးမြှုပ်နှံမှုပမာဏ၊ ကုမ္ပဏီ၏ ပတ်ဝန်းကျင် အနေအထား စသည့်အချက်အလက် (၁၁)ချက်ကို သတ်မှတ်ပုံစံ အတိုင်းစိစစ်ခဲ့ရာခရိုင်အတွင်းရှိ မြို့နယ် (၁၄) မြို့နယ်မှ ကုမ္ပဏီပေါင်း (၅၅)ခုကို မြေပြင်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါ သည်။

DOCA(ရန်ကုန်)

 

ကြက်သွန်နီစိုက်ပျိုးခြင်းဖြင့်  တောင်သူများ အမြတ်အစွန်းပိုမိုရရှိလာ၍ တိုးချဲ့စိုက်ပျိုးသင့်

       ကြက်သွန်နီသည် မြန်မာလူမျိုးများသာမက အခြားလူမျိုးများလည်း ဟင်းခတ်အမွှေး အကြိုင် အဖြစ်၊ ဟင်းအနှစ်အဖြစ်စားသုံးကြသလို ကြက်သွန်နီသည် အဆင့်မြင့်ထုတ်ကုန်ဖြစ်သော ကြက်သွန် ကြော်အဖြစ် စားသုံးကြသောသီးနှံဖြစ်ပါသည်။ ကြက်သွန်နီ၏မူရင်းဒေသမှာ အိန္ဒိယနိုင်ငံ အနောက် မြောက်ပိုင်း အာဖဂန်နစ္စတန်နိုင်ငံနှင့် ပါလက်စတိုင်း နိုင်ငံတို့မှစတင်စိုက်ပျိုးခဲ့ကြပါသည်။

       ကြက်သွန်နီကို ရှေးဟောင်းသုတေသနဆိုင်ရာ ခိုင်လုံသောအထောက်အထားများအရ လွန်ခဲ့ သောနှစ်ပေါင်း (၂၀၀၀)ကျော်က အီဂျစ်ပြည်တွင် ကြက်သွန်နီကိုစိုက်ပျိုးကြောင်းသိရပါသည်။ ရှေးခေတ် အီဂျစ်လူမျိုးများသည် ကြက်သွန်နီ၏ လုံးဝန်းသောပုံနှင့် အလွှာအထပ်ထပ် ရှိနေခြင်း ကြောင့် အသက်ရှိသည်ဟုယုံကြည်ကာ ကိုးကွယ်ခဲ့ကြသည်ဟု သိရပါသည်။ ကြက်သွန်နီကို ၁၄၉၂ ခုနှစ်တွင် ကိုလံဘတ်စ် နှင့်အတူ အမေရိကတိုက်သို့ရောက်ရှိလာခဲ့ပါသည်။ စပိန်နိုင်ငံတွင် ကြက်သွန်နီ ကို အရောင်(၃)မျိုးဖြင့် ခွဲခြားထားရာ ကြက်သွန်(အနီ)၊ ကြက်သွန်(အဖြူ)၊ ကြက်သွန် (အဝါ)ဟူ၍ ခွဲခြားထားပါသည်။  ကြက်သွန်အဝါရောင်သည် အနံ၊ အရသာနှင့်ပြည်စုံပြီး ချက်ပြုတ်ရာတွင် အရောင်ပြောင်းသွားသည်။ ကြက်သွန်နီအရောင်မှာ အရောင်လှ၍ ကြက်သွန် အဖြူရောင်မှာ မက္ကဆီကန်လူမျိုးများ ကြိုက်နှစ်သက်သည်ဟုသိရပါသည်။

     မြန်မာနိုင်ငံတွင် စိုက်ပျိုးသော ကြက်သွန်နီမျိုးများမှာ ရွှေဖလားမျိုး၊ ဘောင်စောက်မျိုး၊ မင်းတုန်း ဥမွှာမျိုးဟူ၍ရှိပါသည်။ ရွှေဖလားမျိုးမှာ ကြက်သွန်နီဥ အချိုးပမာဏ (၁)ထက်ကြီးပြီး ပြားဝိုင်းသည့် ပုံသဏ္ဍာန်ရှိ၍ မျိုးကွဲအနေဖြင့် ရွှေဒင်္ဂါး၊ ရွှေဖလားခွက်မှောက်များဟူ၍ ခေါ်ဆိုကြ ပါသည်။ ဘောင်စောက်မျိုးမှာ အချိုးပမာဏ (၁)ထက်ငယ်သည့်အတွက် လုံးရှည်ပုံသဏ္ဍာန်ရှိပြီး မျိုးကွဲအနေဖြင့် ဥတစ်လုံး၊ ဘုံဆိုင်းနှင့် ဘင်္ဂလားမျိုးဟူ၍ခေါ်ဆိုကြပါသည်။ သပိတ်လုံး ကြက်သွန်နီ ဥမှာ အလျား၊ အနံ အချိုးအစားမျှတမှုရှိသည့်အတွက် လုံးဝိုင်းသောပုံသဏ္ဍာန်ရှိပြီး အချို့ဒေသတွင် ဦးဝိုင်းမျိုးဟူ၍လည်းခေါ်ဆိုကြပါသည်။ မင်းတုန်းဥမွှာမျိုးမှာ တစ်လုံးတည်းမဟုတ်ဘဲ အမွှာ၊ အတက်များဖြစ်ပေါ်နေသည့်အတွက် အမြိတ်စားကြက်သွန်အဖြစ် အသုံးများ၍ မြန်မာကြက်သွန် (သို့မဟုတ်) ကြက်သွန်နီကလေးဟုခေါ်ဆိုကြပါသည်။

      ကြက်သွန်နီသည် ရေကြိုက်သောသီးနှံဖြစ်ပြီး အစိုဓါတ်ရှိသောမြေလွှာအတော်များများတွင် စိုက်ပျိုးနိုင်ပါသည်။ ကြက်သွန်နီသည် အလွန်ချဉ်သောမြေကို မနှစ်သက်သောကြောင့် အောက် မြန်မာပြည်တွင် စိုက်ပျိုးမှုနည်းပါးပြီး မြန်မာနိုင်ငံအလယ်ပိုင်းဒေသများဖြစ်သာ တောင်တွင်းကြီး၊ ဆိပ်ဖြူ၊ ရေနံချောင်းဒေသများတွင် စိုက်ပျိုးမှုများကြောင်းသိရပါသည်။ အပူအအေးသင့်တင့်သော ရာသီဥတုကို ကြိုက်နှစ်သက်၍ နေ့တာရှည်ပါက ဥအထွက်နှုန်းကောင်းမွန်ပါသည်။ အပူချိန် (၅ဝံF) မှ (၆ဝံF) တွင် တစ်နေ့တာအလင်းရောင် (၉)နာရီမှ (၅)နာရီရှိပါက ပန်းပွင့်၍ အစေ့တည်စေပါသည်။

     ကြက်သွန်နီစိုက်ပျိုးရာတွင် အစေ့ကိုတိုက်ရိုက်စိုက်ပျိုးနိုင်သော်လည်း ကုန်ကျစရိတ်များ သောကြောင့် ပျိုးထောင်၍စိုက်ပျိုးကြပါသည်။ ကြက်သွန်နီ တစ်ဧကစိုက်ပျိုးရန်အတွက် ပျိုးခင်း (၀.၀၅)ဧက ရှိရန်လိုအပ်ပါသည်။ မျိုးစေ့အနေဖြင့် တစ်ဧကလျှင် ကြက်သွန်နီစေ့ (၄)ပြည်ခန့် အသုံးပြုရ ပါသည်။ ကြက်သွန်နီကို မြေပြန့်ဒေသများတွင် အောက်တိုဘာ လမှ နိုဝင်ဘာလ အထိ ပျိုးထောင်၍ ဒီဇင်ဘာလနှင့် ဇန်နဝါရီလဆန်းပိုင်းတွင် စိုက်ခင်းသို့ ပြောင်းရွှေ့စိုက်ပျိုးကြပါသည်။ တစ်ဧကလျှင် ပျိုးပင်ပေါက် (၅)သိန်း မှ (၇)သိန်းအထိ စိုက်ပျိုးစနစ်ပေါ်မူတည်၍ စိုက်ပျိုးနိုင်ပါသည်။ မြစ်ရေ များကျဆင်းချိန် ကျွန်းများနှင့် သဲသောင်ပြင်များတွင်လည်း ကြက်သွန်နီကို စိုက်ပျိုးနိုင်ပါသည်။ တောင်ပေါ်ဒေသများတွင် မတ်လနှင့် ဇွန်လအထိ ပျိုးထောင်ကြပါသည်။ ကြက်သွန်နီပျိုးထောင်ရာတွင် ပျိုးမထောင်မှီမျိုးစေ့များကို မျိုးစေ့လူးနယ်ဆေးဖြင့် လူးနယ်၍ အရိပ်အောက်တွင် (၁၀)မိနစ်ခန့် အခြောက်ခံပြီးမှ ပျိုးထောင်ရပါမည်။ ထိုသို့ပြုလုပ်ခြင်းကြောင့် အပင်ပေါက်နှုန်းကောင်းမွန်ပြီး အပင်ကြီးထွားသန်မာတုတ်ခိုင်ကာ စုပ်စားပိုးများ၊ မြေအောင်းပိုးများ၊ ပင်မြတ်ပိုးများနှင့် ခါးရိ ရောဂါများကို ကြိုတင်ကာကွယ်နိုင်ပါသည်။ ကြက်သွန်နီကို ဘောင်ဖော်စိုက်ပျိုးခြင်းနှင့် ကန်သင်း ဖော်စိုက်ပျိုးခြင်းဟူ၍ (၂)မျိုးရှိပါသည်။ ဘောင်ဖော်စိုက်ပျိုးရာတွင် မြေမျက်နှာပြင်အနိမ့်၊ အမြင့်ပေါ်မူတည်၍ ညီညာသောအပိုင်းများအလိုက် ဘောင်ဖော်ပေးရပါမည်။ ဘောင်ဖော်ရာတွင် ရေသွင်းရန်အတွက် (၃)ပေ(၄)ပေခြား မြောင်းများဖော်ပေးခြင်းဖြင့် ရေသွင်းရန်လွယ်ကူပြီး အကွက် ထဲသို့ရေရောက်ရှိမည်ဖြစ်ပါသည်။ ပျိုးပင်များကို တစ်ပင်နှင့်တစ်ပင် တစ်တန်းနှင့်တစ်တန်း ၄/၅ လက်မခန့်ခွာ၍ စိုက်ပျိုးရပါမည်။ ပြီးနောက်ဘောင်နှင့်ညီအောင် ရေသွင်းပေးရပါမည်။ ကန်သင်းဖော် စိုက်ပျိုးနည်းမှာ ဆည်ရေရရှိသောဒေသများတွင်သာ စိုက်ပျိုးကြပြီး ပေါင်းရှင်းရာတွင် အပင်များ ကိုထိခိုက်မှုမရှိစေရန် ကန်သင်းပေါ်မှနေ၍ ပေါင်းရှင်းနိုင်ရန်အတွက် ၄/၅ ပေထက်မကျယ်သော အကွက်များကို ဖော်ပေးရပါမည်။ ပျိုးပင်များ ၄/၆ပတ်သား အရွယ်တွင် အပင်းရင်း အနည်းငယ် ကြီးလာပါက စိုက်ပျိုးမြေနေရာသို့ ပြောင်းရွေ့စိုက်ပျိုးနိုင်ပါသည်။

    ကြက်သွန်နီသည် အော်လီယံ(Allium) မျိုးရင်းတွင်ပါဝင်သော အောလီယံဆက်မာ (Allium Cepa) မျိုးစိတ်ဖြစ်ပြီး မြေပြင်ပေါ်တွင် ထောင်မတ်နေသော အညှောက် (Vertical Shoot) ပါရှိပါသည်။ ကြက်သွန်ဖြူနှင့် မျိုးခြင်းနီးစပ်၍ အာရှအလယ်ပိုင်းဒေသများတွင် ကြက်သွန်နီ အရိုင်းများ ပေါက်တက် ပါသည်။ ကြက်သွန်နီသည် အပင်ပျော့ဖြစ်၍ အမြင့်ပေ(၁)ပေခန့်သာရှိပြီး ပင်စည်အောက်ခြေတွင် ဥ ဥပါသည်။ ကြက်သွန်နီအပွင့်မှာ လုံးဝိုင်း၍ ထီးပုံသဏ္ဍာန်ရှိပြီး ပန်းခိုင်တွင် ကြယ်ပုံပန်းပွင့် အဖြူလေးများပွင့်ပါသည်။ ကြက်သွန်နီအပွင့်မှာ ပြာသိုလနှင့် တပို့တွဲလတွင်ပွင့်ပြီး တပေါင်းလတွင်စ၍ ဥနှုတ်ယူရပါသည်။ ကြက်သွန်နီစိုက်ပျိုးသော မြေအခြေအနေပေါ် မူတည်၍ မြေဩဇာ အသုံးပြု မှုကွာခြားပါသည်။ သဲဆန်သောမြေများတွင် နွားချေးပို၍ အသုံးပြုရပါသည်။ တစ်ဧကအတွက် လိုအပ်သည့် မြေဩဇာများမှာ နွားချေး(၁၀)စီး မှ (၁၅)စီး၊ ယူရီးယား (၂)အိတ်၊ တီစူပါ (၂)အိတ်၊ ပိုတက်ရ် (၁)အိတ်ခန့်လိုအပ်ပါသည်။ ကြက်သွန်နီ အထွက်နှုန်းကောင်း စေရန်အတွက် ပေါင်းကို နိုင်အောင်လိုက်ရမည်ဖြစ်ပြီး အရွက်များစတင်ကျချိန်တွွင် ပေါင်းလိုက်ရန် မလိုတော့ဘဲ စိုက်ပျိုးပြီး (၁)လအကြာတွင် မြေဩဇာကို အတန်းကြားတွင်ချပေးရပါမည်။ မြေများ ကြပ်နေပါက နွားချေးနှင့် မြေဆွေး ထပ်မံထည့်ပေးရပါမည်။ သာမာန်အားဖြင့် ရေကိုတစ်ပတ်လျှင် တစ်ကြိမ်သာပေးရပြီး ရာသီဥတု ပူပြင်းပါက ၄/၅ရက်ခြားတစ်ကြိမ်ခန့်ရေပေးသွင်းရပါမည်။ အရွက်များ စတင်ကျ လာချိန်တွင် ရေသွင်းခြင်း ကိုရပ်လိုက်ရပါမည်။ အမြိတ်စား ကြက်သွန် အတွက် ရိတ်သိမ်းချိန်တွင် အရွက်မှာခဲတံလုံးခန့်ရှိလျှင် လက်ဖြင့်နှုတ်ယူနိုင်ပြီး၊ ကြက်သွန်ဥကြီး ရိတ်သိမ်းလိုလျှင် အရွက် ၁၅/၂၅ %ခန့် ခြောက်လာပါက လက်ဖြင့်ဆွဲနှုတ်၍ ရိတ်သိမ်းနိုင်ပါသည်။ အရွက်များအားလုံနီးပါး ခြောက်သွေ့ လာမှသာ နှုတ်သိမ်းလျှင် နှုတ်ယူရန်မလွယ်ကူတော့ဘဲ ရောင်းတန်းလည်းမလှတော့ပါ။ ကြက်သွန်နီ ဥကို နှုတ်ပြီးလျှင်ပြီးချင်း အရွက်ကိုဖြတ်လိုက်ပါက အရည်အသွေးပိုကောင်းသည်ဟုသိရပါသည်။ တစ်ဧကလျှင် ကြက်သွန်နီအထွက်နှုန်းမှာ ပိဿာချိန် ၆ထောင်မှ ၈ထောင်အထိထွက်နိုင်ပါသည်။

   ကြက်သွန်နီသည် အခြေခံစားသောက်ကုန်သီးနှံတစ်မျိုးဖြစ်သလို အလှအပအတွက်လည်း ကောင်းကျိုးများစွာရှိပါသည်။ ကြက်သွန်နီအရည်ကို ဝါဂွမ်းနှင့်တို့ပြီး မျက်နှာအနှံလိမ်း၍ ရေနွေးနှင့် ဆေးချပါက အသာအရေတင်းသလို အရေးအကြောင်းကင်းပြီး ဝက်ခြံများလည်း သက်သာစေပါသည်။ ကြက်သွန်နီတွင် ပါဝင်သော ဗီတာမင်စီက အမည်းစက် နှင့်တင်းတိတ်များ ပျောက်ကင်းပြီး အသား အရောင်ညီညာစေပါသည်။ ကြက်သွန်နီကို စားသုံးပေးခြင်းကြောင့် ရေဓါတ်ပြည့်ဝပြီး Glow Skin ဖြစ်ဖို့ အထောက်အကူဖြစ်စေပါသည်။ ကြက်သွန်နီတွင် ပါရှိသော antioxidants က မျက်နှာ အသားအရေ ညစ်နွမ်းမှုကိုသက်သာစေပြီး၊ ကျန်းမာဝင်းလက်သည့် အသားအရေကို ပိုင်ဆိုင်မှာဖြစ်ပါသည်။ အသားအရေကြည်လင်စေခြင်း၊ နှုတ်ခမ်းသားနူးညံ့စေခြင်းနှင့် ဆံပင်များလည်း သန်စွမ်းစေပါသည်။

    ကြက်သွန်နီကို ပုံမှန်စားသုံးပေးခြင်းဖြင့် ရရှိနိုင်သော ကောင်းကျိုးများမှာ အရိုးသိပ်သည်း စေခြင်း၊ ကိုလက်စထရော ပမာဏကို လျော့ချပြီး နှလုံးကိုကျန်းမာစေခြင်း၊ အစာခြေအားကိုလည်း ကောင်းစေခြင်း၊ ဆံပင်ပျက်စီးမှုကိုလျော့ချပြီး၊ အန်တီအောက်စီးဒန့်ကိုမြှင့်တင်ပေးခြင်း၊ အမြင် အာရုံအားကောင်းစေပြီး၊ ခံတွင်းကျန်းမာရေးကိုကောင်းစေခြင်း၊ ယားယံမှုကိုသက်သာစေခြင်း၊ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများကို ပျောက်ကင်းစေခြင်းနှင့် ဆံပင်အတွက်လည်း ကောင်းမွန် စေပါသည်။

    ကြက်သွန်နီကို အစိမ်းအတိုင်းစားကြသလို ကြက်သွန်ကြော်များလည်းပြုလုပ်၍ တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ထုတ်လုပ်၍ ရောင်းချနိုင်ပါက ကြက်သွန်နီစိုက်ပျိုးသူတောင်သူများအနေဖြင့် ပိုမိုအကျိုးအမြတ်ဖြစ်ထွန်းမည်ဖြစ်ပါသည်။ ကြက်သွန်နီစိုက်ပျိုးမှု့ကို သက်ဆိုင်ရာဌာနများမှ နည်းပညာများ အရင်းအနှီးများ၊ ပြည်တွင်း၊ ပြည်ပဈေးကွက်များ ရှာဖွေပေးနိုင်ပါက ကြက်သွန်နီ စိုက်ပျိုးသူတောင်သူများအနေဖြင့် ပိုမိုတိုးချဲ့ စိုက်ပျိုးကြပြီး၊ အမြတ်အစွန်းများ လည်းပိုမိုရရှိ လာနိုင်မည်ဖြစ်ကြောင်း လေ့လာသုံးသပ်တင်ပြအပ်ပါသည်။

DOCA(ပဲခူး)

 

                                                         

ပြည်တွင်းစားသုံးဆီဖူလုံဖို့ နေကြာသီးနှံစိုက်ကြစို့

        ပြည်တွင်းစားသုံးဆီဖူလုံမှု ရှိစေရန် ဆောင်းသီးနှံ နေကြာများ စိုက်ပျိုးကြရန်နှင့် တောင်သူများ သိရှိနိုင်ပါရန် ဗဟုသုတအဖြစ် နေကြာသီးနှံမျိုးများ ရွေးချယ်စိုက်ပျိုးနိုင်ရန် တင်ပြပေးလိုက်ပါသည်။ နေကြာ သီးနှံ သီးသန့်စိုက်ပျိုးမည်ဆိုပါလျှင် မြေတစ်ဧကလျှင် နေကြာမျိုးစေ့ (၄)ပြည်နှုန်းနှင့် (၂) ပေခြား၍ တန်းကြားငယ်တစ်ခုတွင် ၂ စေ့ မှ ၃ စေ့ချ၍ စိုက်ပျိုးရပါမည်။ မတ်ပဲခင်းတွင် သီးညှပ်အဖြစ် စိုက်ပျိုးမည် ဆိုပါက ၁၀ ပေခြား၍ တွင်းငယ်တစ်ခုလျှင် အထက်ပါအတိုင်း ၂ စေ့မှ ၃စေ့ ချစိုက်ပျိုးရပါမည်။ မိုးကာလ အလွန်ဆောင်းကာလတွင် စိုက်ပျိုးရသည့်အတွက် ဝတ်မှုန်မအောင်ခြင်းလည်း လျော့နည်းစေပြီး အပွင့်ကို ငှက်များ အန္တာရာယ်မှ ကာကွယ်ရန်အတွက် စာခြောက်ရုပ်နှင့် ငှက်လန့်စေရန် ဆူညံသည့် အသံမည်ပစ္စည်း တပ်ဆင်ခြောက်လှန်ရန် စီစဉ်ရပါမည်။ နေကြာမျိုးစေ့ စိုက်ပျိုးရန်လိုအပ်သည့် တောင်သူများအတွက် မိမိတို့ မြို့နယ်များရှိ စိုက်ပျိုးရေးဦးစီးဌာနသို့ ဆက်သွယ်မှာယူပြီး မျိုးစေ့ ထုတ်ယူနိုင်ပါကြောင်းနှင့် မျိုးစေ့ တစ်ပြည်လျှင် ၄၀၀၀ ကျပ်နှုန်းဖြင့် (ရေဆင်းစပ်မျိုးနေကြာ-၁) ဖြင့် ရောင်းချပေးလျှက်ရှိကြောင်း စိုက်ပျိုးရေး ဦးစီးဌာနမှ သိရှိရပါသည်။

DOCA(ပဲခူး)

အုတ်ဖိုမြို့နယ် ကောက်စောစပါးများ ရိတ်သိမ်း

      ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်တွင် ကောက်စောစပါးများ စတင်ရိတ်သိမ်း နေကြောင်း တွေ့ရှိရပါသည်။ အုတ်ဖိုမြို့နယ်တွင် ယခုနှစ်မိုးစပါးစိုက်ဧကမှာ ၁၀၀၃၇၄ ဧက စိုက်ပျိုးထားရှိ ကြောင်း စိုက်ပျိုးရေးဦးစီးဌာန စားရင်းများအရ သိရှိရပါသည်။

    စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးဆောင်ရွက်၍ မျိုးစေ့ချ ကိရိယာဖြင့် စိုက်ပျိုးနည်းစနစ်အသုံးပြုစိုက်ပျိုးထားသော အုတ်ဖိုမြို့နယ် ပန်းတင်အုပ်စု၊ ပန်းတင်ကျေးရွာ တောင်သူဦးမြင့်အောင်၏ စိုက်ဧက ၁၀ ဧကရှိ စံပြကွက် ရိတ်သိမ်းနေမှုများကို စိုက်ပျိုးရေး၊ မြေစာရင်းဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ (၈.၉.၂၀၂၂) ရက်နေ့တွင် သွားရောက်လေ့လာကွင်းဆင်းခဲ့ပါသည်။

     ထိုရိတ်သိမ်းနေသော နှံကောက်စပါးအမျိုးအစား ၁၀ ဧက စပါးစိုက်ခင်းအား ရိတ်သိမ်းရာတွင် တစ်ဧက ပျှမ်းမျှအထွက်နှုန်း ၅၅ တင်းခန့်သာ ထွက်ရှိကြောင်း၊ တစ်ဧကကုန်ကျစရိတ်မှာ သုံးသိန်း ငါးသောင်းကျော်ခန့် ကုန်ကျပါသည်။ ၅၀ ပေါင် စပါးတင်း ၁၀၀ လျှင် ဆယ်သိန်းကျပ် ဈေးနှုန်းဖြင့် တစ်ဧက အကျိုးအမြတ်အနေဖြင့် နှစ်သိန်းခန့်အမြတ်ရရှိနိုင်ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

လက်ပံတန်းမြို့၊ ကွမ်းခြံကုန်းကျေးရွာ (DENKO) စက်သုံးဆီဆိုင်တွင် စားသုံးသူ ကာကွယ်ရေး ဟောပြောခြင်း

      ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ကွမ်းခြံကုန်းကျေးရွာ၊ DENKO စက်သုံးဆီဆိုင်၌ (၁၂.၉.၂၀၂၂) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် DENKO စက်သုံးဆီဆိုင် အရောင်းဝန်ထမ်း (၁၅) ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြော ခဲ့ပါသည်။

     ခရိုင်ဦးစီးမှူး ဦးအောင်သိန်းမှ စားသုံးသူရေးရာဦးစီးဌာန စတင်ဖွဲ့စည်းဆောင်ရွက်မှု၊ မြို့နယ်တာဝန် ခံ ဦးချစ်ကိုကိုမှ စားသုံးသူကာကွယ်ရေးဉပဒေပါ အကြောင်းအရာများ ဆွေးနွေးခြင်း၊ စားသုံး/ထုတ်လုံ တာဝန်ခံ ဒေါ်ခိုင်ခိုင်ရီမှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စီးပွားကူးသန်းရှေ့သို့လှမ်း ကြိုးပမ်းဆောင် ရွက် ပြည်သူ့အတွက် ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်နေမှုများ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာ ဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက လွယ်ကူလျှင်မြန်စွာတိုင်ကြားနိုင်သည့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေး စင်တာ( Consumer Information and Complaint Center -CICC) ကို ခရိုင်ဦးစီးမှူးရုံးတွင် ဖွင့်လှစ်ထားရှိကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ပါးစပ်နှင့် နှာခေါင်းစည်းများ စနစ်တကျဝတ်ဆင်ရန် အသိပညာပေး ဟောပြော ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

                                                         

ဖြူးမြို့ စည်ပင်သာယာဈေးမှ ကုန်စုံဆိုင်ပိုင်ရှင်များနှင့် တွေ့ဆုံဆွေးနွေး

    ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင် ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် စက်တင်ဘာလ ၈ ရက်နေ့နံနက်ပိုင်းက ဖြူးမြို့ စည်ပင်သာဈေး၊ ဈေးတာဝန်ခံရုံး၌ ကုန်စုံဆိုင်ပိုင်ရှင်များနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ ဆောင်ရွက်ရမည့်ပြဌာန်းချက်များကို ရှင်းလင်းဆွေးနွေးပါသည်။

      မြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်း ရှင်၏ တာဝန်များပါ ပြဌာန်းချက်များကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) တွင် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြရန် ပြဌာန်းထားပါသဖြင့် သတ်မှတ်ကုန်အညွှန်း အမှတ်အသား ဖော်ပြထားခြင်းမရှိသော ကုန်စည်များကို ရောင်းချခြင်း မပြုရန်တို့ကို လည်းကောင်း ရှင်းလင်း ဆွေးနွေးပြီး တက်ရောက်လာသော ကုန်စုံဆိုင်ပိုင်ရှင်များနှင့် ကိုယ်စားလှယ်များ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးပါသည်။

        ဖြူးမြို့ စည်ပင်သာယာဈေးမှ ကုန်စုံဆိုင်ပိုင်ရှင်များနှင့် တွေ့ဆုံပွဲသို့ ကုန်စုံဆိုင်ပိုင်ရှင်များ၊ ကိုယ်စားလှယ်များ စုစုပေါင်း(၁၀)ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဖြူးမြို့တွင် အခြေခံလူတန်းစားများသို့ သက်သောသောနှုန်းထားဖြင့် စားသုံးဆီများရောင်းချပေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းတို့၏ အစီအစဉ်ဖြင့် အခြေခံလူတန်းစားများသို့ စားသုံးဆီများအား သက်သာ သောနှုန်းထားဖြင့် ရောင်းချပေးနိုင်ရေး ဆောင်ရွက်လျှက်ရှိရာ ဖြူးမြို့ရှိ စားအုန်းဆီလက်လီ လက်ကား ဝယ်ယူခွင့်ရရှိသည့် ဆီကုန်သည်များက စက်တင်ဘာလ ပထမပတ်အတွင်း စားသုံးဆီများ ရောင်းချ ပေးလျှက်ရှိပါသည်။

    စားအုန်းဆီတင်သွင်းသည့် ကုမ္ပဏီများမှ စားအုန်းဆီများကို ဖြန့်ဖြူးရောင်းချခဲ့ရာ ဝယ်ယူရရှိသည့် လက်ကားကုန်သည်များအနေဖြင့် စားအုန်းဆီများကို ရန်ကုန်အထိုင်ဈေး ရည်ညွှန်း လက်ကားဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များထပ်ပေါင်း၍ ၂ ရာခိုင်နှုန်း အမြတ် ထက်မပိုသော ဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချလျှက်ရှိရာ စက်တင်ဘာလအတွင်း ဖြူးမြို့မှ စားအုန်းဆီလက်လီလက်ကား ဝယ်ယူခွင့်ရရှိသည့် ဆီလုပ်ငန်းရှင် (၃)ဦးမှ ဖြူး မြို့ရှိ အခြေခံလူတန်းစားများအား စားအုန်းဆီများ ရောင်းချပေးလျှက်ရှိပါသည်။

     စားသုံးသူရေးရာဦးစီးဌာန၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုး ဦးဆောင်သော ဝန်ထမ်းများက ဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းဖြင့် ရောင်းချရေး၊ ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်း မပြုလုပ်စေရေးတို့အတွက် ကွင်းဆင်းကြပ်မတ်ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

အုတ်တွင်းမြို့ ကြက်သွန်ခင်း(၁)မူလွန်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

  ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံများဖြစ်ကြသော ဦးမင်းဇော်နှင့် ဦးစောသန်းထိုက်ကျော်တို့သည် စက်တင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ အုတ်တွင်းမြို့၊ ကြက်သွန်ခင်း(၁)ရပ်ကွက်၊ အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။

     ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဦးစောသန်းထိုက်ကျော်က စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ စားသုံးသူ၏ အခွင့်အရေးများနှင့် တာဝန်များ၊ စားသုံးသူနစ်နာ ဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက တိုင်ကြားနိုင်ခြင်းများကို လည်းကောင်း၊ ဦးစီးမှူး ဦးမင်းဇော်က ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများ ဦးစားပေးဖတ်ရှုသင့်သည့်အကြောင်းများနှင့် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကို စားသုံး ၊ သုံးစွဲသင့်ခြင်း များအကြောင်းကို ဟောပြောကြပါသည်။

     ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ခင်မာက စာဖတ်ခြင်း၏အကျိုးကျေးဇူးများနှင့် မူးယစ်ဆေးအန္တရာယ်များကို ရှင်းလင်းဟောပြောခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသား ကျောင်းသူ ၁၂၀ ဦးတက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ