သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဝေါမြို့အတွင်းရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

     စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် တာဝန်ကျ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၁၆-၈-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ဝေါမြို့ပေါ်ရှိ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များသို့သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်းမပြုလုပ်ကြစေရန်၊ သတ်မှတ်ထားသည့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းချနိုင်ရန်နှင့် ဈေးနှုန်းများကို အများပြည်သူမြင်သာသောနေရာတွင် မြင်သာသည့်အရွယ်အစားဖြင့် ‌ရေးသားဖော်ပြ၍ရောင်းချကြရန်၊ မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online) (MyRo) တွင် မှတ်ပုံတင်ထားခြင်းရှိ/မရှိနှင့် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့်ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်ရေးတို့ကို အသိပညာပေးဆွေးနွေးကာ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ အလေးချိန်ပြည့်ဝမှန်ကန်မှုရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

မော်လမြိုင်မြို့နယ်တာဝန်ခံမှ စက်သုံးဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေး

      ၁၆.၈.၂၀၂၄ ရက်နေ့ မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ် တာဝန်ခံသည် မွန်ပြည်နယ်ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီဝင်များနှင့် ပူးပေါင်း၍ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊ မန္တလေးရပ်ကွက်ရှိ “ရတနာ” စက်သုံးဆီဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် “ရတနာ” စက်သုံးဆီအရောင်းဆိုင်တွင် လုပ်ငန်းလိုအပ်ချက်အရ ဆီသိုလှောင်ကန်များတိုးချဲ့ဆောင်ရွက်ခြင်းအား သတ်မှတ်စည်းကမ်းချက်နှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ/မရှိကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ချောင်းဆုံမြို့နယ်၊ အ.မ.က(ခလော့ကနိုင်း) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

      ၁၅.၈.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ် တာဝန်ခံသည် ချောင်းဆုံမြို့နယ်၊ အ.မ.က (ခလော့ကနိုင်း) ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပကြောင်း သိရပါသည်။

     အဆိုပါ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဝင်းရီက အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ  ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးက စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများ၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်လာလျှင် တိုင်ကြားနိုင်သည့်နေရာ၊ Consumer Call Center (1535) သို့ဖုန်းခေါ်ဆို၍လည်း တိုင်ကြားနိုင်ကြောင်း၊ www.doca.gov.mm တွင်လည်းဝင်ရောက် တိုင်ကြားနိုင်ကြောင်း ဟောပြောဆွေးနွေးပြီး ဌာန၏လက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခဲ့ ကြောင်း သိရှိရပါသည်။

      အဆိုပါ ဟောပြောဆွေးနွေးပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၀၉) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ချောင်းဆုံမြို့နယ်၊ အ.မ.က (ကုလားတို့) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

     ၁၄.၈.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ချောင်းဆုံမြို့နယ်၊ အ.မ.က (ကုလားတို့) ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်းကို ဟောပြောဆွေးနွေးခဲ့ပါသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးက ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာဥပဒေများအကြောင်း၊ စားသုံးသူအခွင့်အရေး နှင့်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖော်ပြထားသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူသင့်ကြောင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို ရွေးချယ်ဝယ်ယူ စားသုံးကြရန်နှင့် ကုန်စည်၊ ဝန်ဆောင်မှုများ ကြောင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိလာပါက  အရေးဆိုတိုင်ကြားနိုင်သည့် Consumer Call Center No. (1535) သို့ ဆက်သွယ်မေးမြန်းတိုင်ကြားနိုင်ကြောင်း၊ စားသုံးသူရေးရာကိစ္စရပ်များနှင့် သိလိုသည်များကိုလည်း Call Center No. (1535) ဆက်သွယ်မေးမြန်းနိုင်ကြောင်း ဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူများမှ သိလိုသည်များကို အပြန်အလှန် မေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါဟောပြောပွဲသို့ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၄၉) ဦးတက်ရောက်ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

ချောင်းဆုံမြို့နယ်၌ "စားသုံးသူကာကွယ်ရေးဥပဒေ တားမြစ်ချက်များအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show"ကျင်းပပြုလုပ်

     (၁၅.၈.၂ဝ၂၄) ရက်နေ့၊ နေ့လယ် (၁၃:ဝဝ) နာရီအချိန်တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် ပြန်ကြားရေးနှင့်ပြည်သူ ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ချောင်းဆုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ "စားသုံးသူကာကွယ်ရေးဥပဒေ တားမြစ်ချက်များအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show" ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

     ပထမဦးစွာ ချောင်းဆုံမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဒု-ဦးစီးမှူး ဒေါ်ဝင်းဝင်းချောက Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးက ၂၀၁၉ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် ပြဌာန်းခဲ့သော စားသုံးသူကာကွယ်ရေး ဥပဒေ၏  အခန်း(၂၃)ပါ တားမြစ်ချက်များဖြစ်သည့် ပုဒ်မ(၆၂)၊ (၆၃)၊ (၆၄)၊ (၆၅)၊ (၆၆)၊ (၆၇)၊ (၆၈) တို့ကို ဖောက်ဖျက်ကျူးလွန်ခြင်း မပြုလုပ်ရန်နှင့် ဖောက်ဖျက်ကျူးလွန်ပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များဆိုင်ရာ အကြောင်းအရာများအား အကျယ်တဝင့်ဆွေးနွေးခဲ့ပါကြောင်း သိရှိရသည်။

DOCA(မွန်)

ဆေးဝါးကဏ္ဍဖွံ့ဖြိုးတိုးတတ်ရေး ချိတ်ဆက်ပေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်မှု၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံဆေးနှင့်ဆေးလုပ်ငန်းရှင်များအသင်းကဦးဆောင်၍ ပဲခူးမြို့တွင် ဆေးဝါးပြတ်လပ်မှုမရှိစေရေးနှင့် စျေးနှုန်းကြီးမြင့်မှုမရှိစေရေးရည်ရွယ်၍ ပြည်သူများသုံးစွဲလျက်ရှိသည့်ဆေးဝါးများကို ဆေးဝါးကုမ္ပဏီများမှ သုံးစွဲသူပြည်သူများသို့ တိုက်ရိုက်ရောင်းချပွဲအား ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ သီရိဉဿာစျေးကြီးအပေါ်ထပ်တွင်  ၂၉-၇-၂၀၂၄ ရက်နေ့မှ ၃-၈-၂၀၂၄ ရက်နေ့အထိဖွင့်လှစ်၍ စားသုံးသူပြည်သူများကို ဆေးဝါးကုမ္ပဏီများမှဆေးဝါးများအား သက်သာသောဈေးနှုန်းဖြင့် တိုက်ရိုက်ရောင်းချဆောင်ရွက်ပေးနိုင်ခဲ့သည့်အပြင် ပဲခူးမြို့ရှိ ဆေးဝါးအရောင်းဆိုင်လုပ်ငန်းရှင်များအား ဆေးဝါးကုမ္ပဏီကြီးများနှင့် တိုက်ရိုက်ဝယ်ယူရရှိရေး ဆောင်ရွက်နိုင်ရန် ချိတ်ဆက်ပေးနိုင်ခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)  

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စနစ်သစ်ဖြင့်ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

      ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့၊ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ဟိုင်းဝေးစတားယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီစဥ်မှုဖြင့် Mahar Phone Let Yone ကုမ္ပဏီမှ တင်ပို့ ရောင်းချသည့် စားအုန်းဆီ ၁ ပေပါလျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ ၈၁ ပေပါတို့ကို ယာဥ်မောင်း ဦးရဲနိုင်ဦး ယာဉ်အမှတ် 2I-7044/Nissan Diesel မော်တော်ယာဥ်ဖြင့် တင်ဆောင်၍ ရောက်ရှိလာရာ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးမှူး ဦးစိုးဦးနှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်းနှင့် အဆိုပါစားအုန်းဆီ ၈၁ ပေပါအား ကုမ္ပဏီ၏ လက်ကားအ​ရောင်း ကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့၊ ညောင်ရမ်းတောင်ရပ်ရှိ ဦး‌ယူပေါ ကုန်စုံဆိုင်အပါအဝင် လက်လီဆိုင် ၁၄ ဆိုင်မှတစ်ဆင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ 

DOCA(တနင်္သာရီ)

ကော့သောင်းမြို့အတွင်းရှိ စားသုံးဆီအ‌ရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

     ၂၀၂၄ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့  နံနက် (၀၉:၀၀)အချိန်တွင် ကော့သောင်းခရိုင် စားသုံးသူ‌‌‌ရေးရာဦးစီးဌာနှင့် မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့နှင့်ပူးပေါင်း၍ ကော့သောင်းမြို့ပေါ်ရှိ စားသုံးဆီရောင်းချနေသည့် ကုန်စုံဆိုင်များကို မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါ ကွင်းဆင်းစစ်ဆေးရာ ကော့သောင်းမြို့ပေါ်ရှိ စားသုံးဆီရောင်းချနေသည့် ကုန်စုံဆိုင်များအား လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖော်ပြထားသော ဆီများဖြစ်သည့် ဝက်ဆီဖတ် ကြော်ဆီ၊ ဆီအသန့်ကြော် ကြော်ပြီးသားဆီ၊ အာလူးကြော်ဆီ၊ ကြက်ကြော်ဆီစသည်များ ရောင်းချနေခြင်းရှိ/မရှိအား မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် ဆီများရောင်းချနေခြင်း မရှိပါကြောင်း သိရှိခဲ့ရပါသည်။

DOCA(တနင်္သာရီ)

သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲသို့တက်ရောက်

      ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့၊ နေ့လယ် (၁၃း၃၀)နာရီအချိန်တွင် သတင်းအချက် အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲမှ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဥ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကို စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများမှ Online Virtual စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။

    အဆိုပါအစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ရုံးချုပ်၊ ၊ တိုင်း‌ဒေသကြီး/ပြည်နယ်များမှ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေး ဌာနခွဲတာဝန်ခံများမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဧပြီလမှ ဇူလိုင်လအတွင်း စားသုံးသူရေးရာဦးစီးဌာန website နှင့် Commerce Journal ၊အခြားဂျာနယ်နှင့်သတင်းစာတို့တွင် သတင်းပါဝင်ဖော်ပြနိုင်ခဲ့မှုအခြေအနေများအား ရှင်းလင်းဆွေးနွေးခြင်း၊ Commerce Journal မှ အထွေထွေမန်နေဂျာနှင့် အုပ်ချုပ်ရေးမှူးတို့မှ သတင်း/ဆောင်းပါးရေးသားရာတွင် သိရှိလိုက်နာသင့်သည့်အချက်များနှင့် ရေးသားနည်းများအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကာ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပြီး ညှိနှိုင်းအစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ကော့သောင်းမြို့နယ်ရှိ ဒေသငါးဖမ်းလှေဆိပ်များနှင့် အဝေးပြေးကားကွင်းများတွင် မြို့နယ် တရားမဝင်ကုန် သွယ်မှုတိုက်ဖျက်ရေးအထူးဖွဲ့ဝင်များနှင့်အတူ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်း

     ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင်  ကော့သောင်းမြို့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များဖြစ်သော မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အကောက်ခွန်ဦးစီးဌာန၊ မြန်မာနိုင်ငံရေကြောင်းရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ကော့သောင်းမြို့နယ်ရှိ လှေဆိပ်များ၊ အဝေးပြေးကားဝင်းများတို့တွင် ရှောင်တခင် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ မြို့နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များသည် ကွင်းဆင်းစစ်ဆေးရာတွင် ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက် ရေခဲစက်လမ်းထိပ်ရှိ ဒေသငါးဖမ်းလှေဆိပ်တွင် တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသော Energy Drink (1×24)(1×250ml) Brand Carabao(Thai)(102)Pkgs တန်ဖိုးငွေ ကျပ် ၂၀၉၁၀၀၀/- ပစ္စည်းများ အား တွေ့ရှိသဖြင့် ထိုပစ္စည်းတင်သွင်းလာခြင်းသည် ပင်လယ်ရေကြောင်းမှ ကျူးလွန်ရာရောက်သဖြင့် အကောက်ခွန်ဦးစီးဌာနအက်ဥပဒေအရ အမှုဖွင့်လှစ်ပြီး အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ