သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ တွံတေးမြို့နယ်အတွင်းရှိတောင်သူများထံမှစပါးစိုက်ပျိုးဧကအထွက်နှုန်းများနှင့်ပတ်သတ် ၍စာရင်းကောက်ယူလေ့လာခြင်း ”

  ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်းရှိ တောင်သူများထံသို့ စပါးစိုက်ပျိုးဧက အထွက်နှုန်းများနှင့် ပတ်သတ်၍ စာရင်းကောက်ယူ လေ့လာခြင်းကို ဇူလိုင်လ(၁၅)ရက်နေ့၊ နေ့လည်(၁၃:၃၀)နာရီအချိန်တွင် မေးမြန်းစုံစမ်း စာရင်းကောက်ယူခဲ့ ကြောင်း သိရသည်။
   ထိုသို့ မေးမြန်းစုံစမ်း စာရင်းကောက်ယူခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ တိုင်းဒေသကြီး၊ ပြည်နယ်များ အနေဖြင့် စပါးစိုက်ပျိုးမှု၊ ရိတ်သိမ်းမှုနှင့် တွက်၍ အခြေအနေများတင်ပြရာတွင် မြေစာရင်းဦးစီးဌာ၊ စိုက်ပျိုးရေးဦးစီးဌာန စသည့်ဌာနများ၏ စာရင်းကို အခြေခံတွက်ချက် တင်ပြရာတွင် တင်ပြလျက်ရှိသော စာရင်းများသည် မြေပြင်တွင် အမှန်တကယ် စိုက်ပျိုးနေသည့် ဧကအထွက် နှုန်းများနှင့် ကိုက်ညီမှုရှိ/မရှိ လေ့လာသုံးသပ် တင်ပြရန် ညွှန်ကြားချက်အရ တွံတေးမြို့နယ်ရှိ ဘုရားငုတ္တိုမြောက်ကျေးရွာနှင့် ကြည်တန်းကျေးရွာရှိ စပါးအမျိုးအစားအလိုက် အထွက်နှုန်း၊ အထွက်တန်တို့အား မေးမြန်းခဲ့ပြီး စပါးစိုက်တောင်သူများ၏ စပါးစိုက်ပျိုးထွက်ရှိမှု အခြေအနေ နှင့်ပတ်သတ်သည့် ဖြေကြားချက်များအား မေးမြန်းစုံစမ်း စာရင်းကောက်ယူခဲ့ကြောင်း သိရှိရပါ သည်။

DOCA(ဧရာဝတီ)

“ ဒလမြို့နယ်အတွင်းရောင်းချလျက်ရှိသောလျှပ်စစ်ပစ္စည်းအမျိုးမျိုးရောင်းဆိုင်များသို့ သတ်မှတ်ထားသောကုန်အညွှန်းအမှတ်အသားများဖော်ပြထားခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေး ”

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်အတွင်းရှိ လျှပ်စစ်ပစ္စည်းအမျိုးမျိုး အရောင်းဆိုင်များတွင် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြ ထားခြင်းရှိ/မရှိအား ဇူလိုင်လ(၁၄)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဒလမြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန် ခံနှင့် ကမာကဆစ် စည်ပင်သာယာဈေး ဒုတာဝန်ခံတို့ ပူးပေါင်း၍ ဒလမြို့၊ ဘုရင့်နောင်ရပ်ကွက် အတွင်းရှိ အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုး ရောင်းချလျက်ရှိသော (AAA)လျှပ်စစ်ပစ္စည်း အမျိုး မျိုး အရောင်းဆိုင်နှင့် အောင်လျှပ်စစ် ပစ္စည်းအမျိုးမျိုး အရောင်းဆိုင်များတွင် အိမ်သုံးပစ္စည်း လျှပ်စစ်ပစ္စည်းအမျိုးမျိုးအား သုံးစွဲသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေးအတွက် မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှု အညွှန်း၊ ကြိုတင်သတိပေးချက် စသည့်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြ ထားခြင်းရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ပန်းတနော်မြို့နယ် ဆန်စက်လုပ်ငန်းရှင်များအား MyRoတွင် မှတ်ပုံတင်သက်တမ်းတိုးဆောင်ရွက်နိုင်ရေး ရှင်းလင်းဆွေးနွေး

    စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်တို့ ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့်  မြန်မာ့ဆန်စပါး အွန်လိုင်း (Myanmar Rice Online MyRo) တွင် ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၃) ရက်နေ့မှ စ၍ ဆန်တန်ချိန် ၂၅ နှင့် အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့် အထက် သိုလှောင်မှုများအား မှတ်ပုံတင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး မအူပင်ခရိုင် အတွင်းမြို့နယ်များရှိ MyRo မှတ်ပုံတင် သိုလှောင်ရုံများ သက်တမ်း တစ်နှစ်ပြည့်မြောက် ပြီးဖြစ်သဖြင့် ထပ်မံသက်တမ်းတိုးခြင်း လုပ်ငန်းကိုဆောင်ရွက်နိုင်ရန် အတွက် ပန်းတနော်မြို့နယ်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများက ပန်းတနော် ဆန်စက်လုပ်ငန်းရှင်များနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးခန်းမတွင် (၁၄-၇-၂၀၂၅) ရက်နေ့ နံနက် (၁၀၀၀)နာရီက တွေဆုံ၍  အသိပေးရှင်းလင်းဆွေးနွေးခဲ့သည်။

   ရှင်းလင်းဆွေးနွေးရာတွင် ပန်းတနော်မြို့နယ်မှ ဆန်စက်လုပ်ငန်းများရှိ ပြီး မှတ်ပုံတင်သက်တမ်း တိုးရန် ရှိသော ဆန်စက်နှင့် သိုလှောင်ရုံလုပ်ငန်းရှင်များအား သက်တမ်းဆိုးဆောင်ရွက်နိုင်ရေးကို အသိပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြို့မဈေးရှိလက်လီ/ လက်ကား ရောင်းချနေသောဆန်ဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၄.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၁း၀၀) နာရီအချိန်တွင် အိမ်မဲမြို့နယ် မြို့မဈေးရှိ လက်လီ/လက်ကားရောင်းချနေသောဆန်ဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် အိမ်မဲမြို့နယ်တာဝန်ခံမှ အိမ်မဲမြို့နယ်ရှိ လက်လီ/ ရောင်းချနေမှုနှင့် ပတ်သတ်၍ စားသုံးသူပြည်သူများအား ဈေးနူန်းမြှင့်တင်ရောင်းချခြင်းမပြုရန်၊ သတ်မျတ်မှတ်ဈေးနူန်းဖြင့်သာရောင်းချကြရန်၊ ဈေးနူန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက် သွားမည် ဖြစ်ကြောင်းဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

“ ဆိတ်ကြီးခနောင်တိုမြို့နယ်အတွင်း၌အစားအသောက်ရောင်းချသည့်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း ”

 ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိတ်ကြီးခနောင်တိုမြို့နယ်၌ စားသုံးသူရေးရာ ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ဇူလိုင်လ(၁၅)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ထိုသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီး ဌာနတို့မှ ပူးပေါင်း၍ ဆိတ်ကြီးခနောင်တိုမြို့နယ်ရှိ အောင်မင်္ဂလာလမ်း၊ ခနောင်တို အနောက် ရပ်ကွက်ရှိ ပန်းချစ်သူ စားသောက်ဆိုင်သို့ သွားရောက်ကာ ဦးစားပေးဈေးကွက် စောင့်ကြည့်စစ် ဆေးရမည့် ဝန်ဆောင်မှုကဏ္ဍ (၃)ရပ်အနက် အစားအသောက် ရောင်းချသည့် ဝန်ဆောင်မှုဖြစ်၍ စားသုံးသူများ အသုံးပြုလျက်ရှိသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေ ရေးအတွက် အစားအသောက် ရောင်းချသည့် နေရာများသန့်ရှင်းမှုရှိ/မရှိ၊ အစားအသောက်ချက် ပြုတ်သည့် ပန်းကန်အိုးခွက်များ သန့်ရှင်းမှုရှိ/မရှိ၊ အစားအသောက်ကိုင်တွယ် ချက်ပြုတ်သူများ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိ/မရှိ၊ ချက်ပြုတ်မည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များ သန့်ရှင်း လက်ဆတ်မှုရှိ/မရှိ၊ ဝန်ဆောင်မှုပေးသူများ၏ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိ/မရှိနှင့် စားပွဲခုံခင်း ကျင်းမှုသပ်ရပ်မှုနှင့် စားသောက်ဆိုင်နေရာ လေဝင်လေထွက် ကောင်းမွန်မှုရှိ/မရှိကို မြေပြင် ကွင်းဆင်းစစ်ဆေးခဲ့ပြီး စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ခရမ်းမြို့နယ်ရှိစားသောက်ဆိုင်များတွင်အစားအသောက်ရောင်းချသည့်ဝန်ဆောင်မှုများအား စောင့်ကြည့်စစ်ဆေးခြင်း ”

 ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် အစားအသောက်ရောင်းချ သောဆိုင်များတွင် အစားအသောက်များ သန့်ရှင်းမှုရှိစေရေးနှင့် စားသုံးသူများ ဝန်ဆောင်မှုများ ပြည့်ဝစွာရရှိစေရေးတို့အတွက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြိုနယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဇူလိုင်လ(၁၅)ရက်နေ့၊ နေ့လည် (၁၁:၀၀)နာရီအချိန်တွင် မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များကို ကွင်းဆင်း၍ စောင့်ကြည့်စစ် ဆေးခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့ ကွင်းဆင်း၍ စောင့်ကြည့်စစ်ဆေးရာတွင် အစားအသောက်ပြုပြင်ရောင်းချသည့် နေရာများ သန့်ရှင်းပြီး လေဝင်၊ လေထွက် ကောင်းမွန်မှုရှိ/မရှိ၊ အစားအသောက်ချက်ပြုတ်သည့် အိုးခွက်၊ ပန်းကန်များ သန့်ရှင်းမှုရှိ/မရှိ၊ အစားအသောက် ကိုင်တွယ်ချက်ပြုတ်သူများ တစ်ကိုယ် ရည်သန့်ရှင်းမှုရှိ/မရှိ၊ ချက်ပြုတ်သည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များ လက်ဆတ်မှုရှိ/မရှိ၊ ဝန်ဆောင်မှုပေးသူများ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိ/မရှိ၊ အမှိုက်များ စနစ်တကျစွန့်ပစ်မှုရှိ/မရှိနှင့် စားသုံးသူများ ရွေးချယ်ဝယ်ယူစားသောက်နိုင်စေရန်အတွက် အစားအသောက်များ၏ အမျိုး အမည်နှင့် ဈေးနှုန်းများ ပါဝင်သော မီနူးကဒ်များဖြင့် ဖော်ပြထားမှုရှိ/မရှိတို့အား ကွင်းဆင်းစစ် ဆေးခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံက ဆိုင်ပိုင်ရှင်နှင့် ဝန်ဆောင်မှုပေးသူ ဆိုင်လုပ်သားများအား စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းထားသော စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အချက်အလက်များကို စားသုံးသူသိရှိစေရန် ကြိုတင် အသိပေးခြင်း၊ မှန်ကန်သော သတင်းအချက်အလက်နှင့် ပြည့်စုံသော ဝန်ဆောင်မှုအဆင့်အတန်း နှင့် အညီပြည့်ဝစွာပေးခြင်း၊ စားသုံးသူ၏ လိုအပ်ချက်နှင့် ကိုက်ညီမှုရှိခြင်းတို့အား ရှင်းလင်းအသိ ပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ခရမ်းမြို့နယ်ရှိဆေးမျိုးစုံရောင်းချသောဆိုင်များအားဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့်ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ”

 ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ ဆေးမျိုးစုံရောင်းချသော ဆေးဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြိုနယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဇူလိုင်လ (၁၄) ရက်နေ့၊ နေ့လည်(၁၁:၀၀)နာရီ အချိန်တွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြကြောင်း သိရှိရ ပါသည်။

 ထိုသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် ဆေးဆိုင်များတွင် ရောင်းချနေသော လူသုံး များပြီး ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါးများ၏ အမျိုးအမည်အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဘေးထွက်ဆိုးကျိုး၊ ကြို တင်သတိပေးချက်များကို စားသုံးသူများအား သတင်းအချက်အလက် သိရှိစေရန် ကုန်အညွှန်း အမှတ်အသားများ မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြထားမှုရှိ/မရှိတို့အား ဌာနဆိုင်ရာပူး ပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ပြီး မြို့နယ်တာဝန်ခံက ဆေးဆိုင်ပိုင်ရှင်များအား မိမိတို့၏ ဆိုင်များတွင် ထိုသို့သော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံသောဆေးဝါးများ၊ မှတ်ပုံတင် ထားရှိပြီး FDA ထောက်ခံချက်ရှိသော ဆေးဝါးများကိုသာ ရောင်းချကြရန် အသိပညာပေးခဲ့ ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် မြို့မဈေးရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် စားအုန်းဆီရောင်းချနေသော ဆိုင်များအား ကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲနှင့်ပူးပေါင်း၍ (၁၄.၇.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဝါးခယ်မမြို့နယ် မြို့မဈေးရပ်ကွက်ရှိ စားအုန်းဆီရောင်းချနေသော ကုန်မျိုးစုံ ဆိုင်များအား သတ်မှတ်ရည်ညွှန်း ဈေးနှုန်းဖြင့် ရောင်းချပေးနေခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဝါးခဘ်မမြို့နယ်တာဝန်ခံမှ ကုန်မျိုးစုံဆိုင်များတွင် လက်လီ/ လက္ကားရောင်းချနေသော စားအုန်းဆီဆိုင်မျာအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချနေခြင်းရှိ/ မရှိ၊ ခွဲတမ်းရရှိသောစားအုန်းဆီရောင်းချနေမှုအပေါ် သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချကြရန်၊ ဈေးနှုန်းမြှင့်တင်ရောင်း ချခြင်းများမရှိကြရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာ ရောင်းချကြရန်၊ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချကြရန် ရှင်းလင်း ပြောကြားခဲ့ပြီး စားအုန်းဆီဆိုင်ပိုင်ရှင်များအား စားအုန်းဆီ လက်လီ/လက္ကား ရောင်းချမှုအခြေအနေနှင့် လက်ရှိဖြစ်ပေါ်နေသော စားအုန်းဆီဈေးနှုန်းကြီးမြင့်မှုကို မိမိတို့ဆိုင်များအနေဖြင့် စားသုံးသူ ပြည်သူများအား သက်သာသောဈေးနှုန်းများဖြင့်ရောင်းချပေးရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားအုန်းဆီဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

“ မြန်မာ့အီလက်ထရောနစ်မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာနည်းပြအဆင့် သင်တန်းဖွင့်လှစ်အခမ်းအနားကျင်းပ ”

 ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ မြို့သစ်ရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်း နှင်းဆီခန်းမ၌ ဇူလိုင်လ (၁၅)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် မြန်မာ့အီလက်ထရောနစ် မဲပေးစက် (MEVM)ကိုင်တွယ် အသုံးပြုခြင်းဆိုင်ရာ နည်းပြအဆင့် သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
 အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ကော့မှူးမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ ဝင်(၁) ဗိုလ်မှူး ဇော်ဖြိုးမြင့်မှ သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့ပြီး ကော့မှူးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ဦးစီးအရာရှိ ဦးကျော်ဇင်ထက်မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ် ချက်အား ရှင်းလင်းပြောကြား၍ အခမ်းအနားသို့ တက်ရောက်လာသည့် မြို့နယ်အဆင့် ဌာနဆိုင် ရာအကြီးအကဲများမှ မြန်မာ့အီလက်ထရောနစ် မဲပေးစက် (MEVM)ဖြင့် စမ်းသပ်မဲပေးခြင်းများ လက်တွေ့ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
အဆိုပါ အခမ်းအနားသို့ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြိုနယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ဝန်ထမ်းများ၊ သင်တန်းနည်းပြ ဆရာများ၊ မဲရုံအဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်သည့် ဆရာ၊ ဆရာမများနှင့် ဌာနဆိုင်ရာဝန်ထမ်း များ၊ ရပ်ကွက်/ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများ စုစုပေါင်းအင်အား (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ မြို့နယ်အဆင့်မြန်မာ့အီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာလုပ်ငန်းအဖွဲ့လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ ”

 ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ဇူလိုင်လ (၁၄)ရက်နေ့၊ နံနက် (၁၁:၃၀)နာရီအချိန်တွင် မြို့နယ် အဆင့် မြန်မာ့အီလက်ထောနစ် မဲပေးစက် (MEVM)ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။  အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ကော့မှူးမြို့နယ်ရွေးကောက်ပွဲကော်မရှင် ဦးစီးအရာရှိက မဲပေးစက်တည်ဆောက်ပုံနည်းလမ်းများ၊ မဲပေးစက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ဖြန့်ခွဲပုံ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌ မဲပေးစက်တပ်ဆင်ခင်းကျင်းပုံ၊ မဲရလဒ်ရေတွက်ပုံ၊ နည်း ဥပဒေပါအတိုင်း မဲရလဒ်စာရင်းပြုစုပုံ၊ မဲပေးစက်အား ပြန်လည်ထုပ်ပိုး သိမ်းဆည်းပုံတို့နှင့် မြို့နယ်အဆင့် မြန်မာ့အီလက်ထရောနစ် မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုနည်းသင်တန်း၊ မြို့နယ်အဆင့် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းဆွေးနွေး တင်ပြရာ တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် အဆင့် မြန်မာ့အီလက်ထရောနစ် မဲပေးစက် (MEVM)ဆိုင်ရာလုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူများမှ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအပါအဝင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများတွင် ညှိနှိုင်းပေါင်း စပ် ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ