ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“မိတ္ထီလာခရိုင်အတွင်းရှိ မုန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း”

             မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး ဦးဇော်မင်းသည် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီ လ ၂၃ ရက်နေ့တွင်  မိတ္ထီလာမြို့၊ ရန်မျိုးအောင်၊ စပယ်ဦးရပ်ကွက်၊ နယ်မြေ (၁)၌ ထုတ်လုပ်တင်သွင်းရောင်းချနေသော ပေါင်မုန့်၊ ကိတ်မုန့်လုပ်ငန်းရှင်တစ်ဦးသည် ၎င်း၏ အမှတ်တံဆိပ်တွင် ထည့်သွင်းဖော်ပြသွားမည့် ကုန်အညွှန်းအမှတ်အသားများတွင် စားသုံးသူကာကွယ်‌ရေးဥပဒေပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိ/မရှိနှင့် လိုအပ်ချက်များ ပြင်ဆင်ပြုပြင်နိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          အဆိုပါတွေ့ဆုံမှုအရ ပေါင်မုန့်၊ ကိတ်မုန့်လုပ်ငန်းတွင် ပျားရည်စမ်းပေါင်မုန့်နှင့် ကိတ်မုန့်စသည့်မုန့်များကို မိသားစုတစ်ပိုင်တစ်နိုင်လုပ်ကိုင်ကြကြောင်း၊ မိတ္ထီလာမြို့အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ထို့နောက် ခရိုင်ဦးစီးမှူးမှ မုန့်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်သားများအား ပြည့်စုံစွာဖော်ပြရန်အတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ထုတ်ပြန်ထားရှိသည့် ကုန်အညွှန်းအမှတ်အသား‌ဖော်ပြခြင်းဆိုင်ရာ အမိန့်ကြေငြာစာ (၂/၂၀၁၉)အားထုတ်ပြန်ထားရှိကြောင်းကိုလည်းကောင်း၊ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက်ရှိစေ ဖော်ပြရမည့်အချက်အလက်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ဌာနသို့ စိစစ်ဆောင်ရွက်ပေးပါရန် တင်ပြလာမှုအပေါ် ကူညီဆောင်ရွက်ပေးမှုများ ပြုလုပ်ခဲ့ပါသည်။

DOCA(မန္တလေး)

“ရမည်းသင်းခရိုင်အတွင်းရှိ စပျစ်စိုက်တောင်သူနှင့်သွားရောက်တွေ့ဆုံခြင်း’’

                  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် (၂၆.၂.၂၀၂၂) ရက်နေ့ နံနက် (၁၀၀၀) အချိန်တွင် ရမည်းသင်းမြို့နယ်၊ ရွာတန်းဒေသ၊ စပျစ်စိုက်တောင်သူနှင့် သွားရောက် တွေ့ဆုံခဲ့ပါသည်။

            ထိုသို့ တွေ့ဆုံမေးမြန်းခဲ့ရာတွင် ရမည်းသင်းမြို့နယ်၊ ရွာတန်းဒေသသည် စပျစ်စိုက်ပျိုးသော ကျေးရွာဖြစ်သည့်အလျှောက် စပျစ်စိုက်ပျိုးသူအသင်းဖွဲ့စည်းထားကြောင်း၊ အသင်းတွင်အဖွဲ့ဝင် (၈၀) ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရှိရပါသည်။ စပျစ်စိုက်ပျိုးရာတွင် နှစ်ရှည်သီးနှံဖြစ်သည့်အတွက် စိုက်ပျိုးရန်မြေယာ ငှားရမ်းခြင်းမရှိဘဲ (၅) နှစ်၊ (၃၀)နှစ် ထိ သက်တမ်းရှိသော သီးနှံဖြစ်၍ ကိုယ်ပိုင်မြေပေါ်တွင်သာ စိုက်ပျိုးရန် အဆင်ပြေသောသီးနှံဖြစ်ပါသည်။ စတင်စိုက်ပျိုးပါက ကုန်ကျစရိတ်အလွန်များပြီး စိုက်ပျိုးပြီးပါက နှစ်ရှည်သီးနှံဖြစ်သည့်အတွက် အဆင်ပြေကြောင်း၊ စိုက်ပျိုးရာတွင် စိုက်ပျိုးနည်းအမျိုးမျိုးရှိသော်လည်း ယခုဒေသသည် လေးကွက်ချစိုက်နည်းနှင့် တစ်ဖက်တန်းစိုက်နည်းကို အသုံးပြုကြကြောင်း၊ တစ်ဖက်တန်းစိုက်နည်းသည် အပင်ကြား (၄)ပေ၊ အတန်းကြား(၈) ပေဖြစ်ပြီး (၁)ဧကလျှင် (၁၂၅၀) ပင်စိုက်ပျိုးနိုင်ကြောင်း၊ အတန်းကြားကျယ်ပေးထား သည့်အတွက် စိုက်ခင်းအတွင်းလေဝင်လေထွက်ကောင်းမွန်ကာ မိုးများသောဒေသများအတွက် စိုက်ခင်းမြေဆီလွှာနှင့် စပျစ်ပင်အညွှန့်အရွက်များကို လေနှင့်ရောင်ခြည်ထိတွေ့မှုများစေကာ ခြောက်သွေ့မြန်စေပြီး စပျစ်ပင်အတွက် စွတ်စိုမှုများချိန်ကျရောက်ဖြစ်ပွားတတ်သည့် မှိုနှင့်ဘက်တီးရီးယားရောဂါများကို ကြိုတင်ကာကွယ်ရာရောက်ကြောင်း၊ စိုက်ပျိုးသည့် အမျိုးအစားမှာ RG (ပန်းရောင်)၊ ညို (ရိုးရိုး)၊ BQ နှင့် အစေ့လွှတ်ပျိုးပင်များစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးသည့်ကာလ ကိုင်းခွဲချိန်တွင် စပျစ်တစ်ဧက (P205-46%) 50kg နှစ်အိတ်နှင့် NPK-15  ပတ်လည်တစ်အိတ်နှုန်းရော၍ ကျွေးရကြောင်း၊ ထိုသို့ ကျွေးခြင်းအားဖြင့် အဖူးအသီး အောင်မြင်မှုများစေခြင်း၊ အပင်တစ်ပင်လျှင် (၆) ပိဿာ မှ (၇) ပိဿာထိ ထွက်ရှိကြောင်း၊စပျစ် RG (၁ ပိဿာ) ၃၅၀၀ ကျပ်၊ BQ (၁ ပိဿာ) ၃၅၀၀ ကျပ်၊ အစေ့လွတ် (၁ ပိဿာ) ၄၀၀၀ ကျပ်ရှိကြောင်းနှင့် ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့များသို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“မိတ္ထီလာမြို့နယ်အတွင်းရှိ ကြက်သွန်ကြော်လုပ်ငန်းများအားကွင်းဆင်းလေ့လာ’’

           စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် (၂၅.၂.၂၀၂၂) ရက်နေ့ (၁၀:၀၀)အချိန်တွင် မိတ္ထီလာမြို့နယ်အတွင်းရှိ ကြက်သွန်ကြော်လုပ်ငန်းလုပ်ကိုင်သူများနှင့် ကွင်းဆင်းလေ့လာတွေ့ဆုံခဲ့ပါသည်။

      ကြက်သွန်ကြော်လုပ်ငန်းကို မိတ္ထီလာမြို့နယ် မြို့သစ် (ကွက်သစ်ရပ်)၊ မိတ္ထီလာ-ကျောက်ပန်းတောင်း လမ်းဘေးကျေးရွာများဖြစ်သော မြင်းကန်ကျေးရွာအနီးနှင့် ဂွေ့ကြီးကျေးရွာအနီးတွင် တွေ့ရှိရပါသည်၊၊ ဂွေ့ကြီး ကျေးရွာအနီးရှိ “ဟိုးလေးကြော်” ကြက်သွန်ကြော်လုပ်ငန်းနေရာသို့ သွားရောက်လေ့လာရာတွင် လုပ်ငန်းပိုင်ရှင်ကိုသန့်ဇင်ဝင်းမှ ကြက်သွန်ကြော်လုပ်ငန်းကို လုပ်ကိုင်လာရာ (၅) နှစ်ခန့်ရှိပြီဖြစ်ကြောင်း၊ ကြက်သွန်ကြော် (အဖြူ/အနီ) (၂) မျိုးလုံးလုပ်ကိုင်ကြကြောင်း၊ ကုန်ကြမ်းဖြစ်သော ကြက်သွန်နီကို မြင်းခြံနှင့် မြစ်သားမြို့နယ်ဘက်မှ (၁) ပိဿာလျှင်(အသေး)(၁၅၀-၂၀၀)ကျပ်ဖြင့် လည်းကောင်း၊ ကြက်သွန်ဖြူကို တောင်ကြီးဘက်မှ (၁) ပိဿာ (၇၀၀) ကျပ်စျေးနှုန်းဖြင့် လည်းကောင်း ဝယ်ယူရကြောင်း၊ ကြက်သွန်ကြော်ရန် ဆီနှင့် လိုအပ်သော ဆန်မှုန့်ကိုလည်း ဝယ်ယူရကြောင်း၊ ကြက်သွန်ခွဲစက် (၂) လုံးထားရှိကြီး ပုတ်ပြတ်လုပ်သား (၃၆) ဦးနှင့် နေ့စား(၄) ဦးရှိကြောင်း၊ နေ့စားလုပ်သား(၁)ဦးကို (၁) ရက်လျှင် (၁၀၀၀၀) ပေးရပြီး ပုတ်ပြတ်လုပ်သားများမှာ အခွံချွတ်ခြင်း၊ သန့်စင်ခြင်းလုပ်ငန်းကို လုပ်ဆောင်ရပြီး ကြက်သွန်နီ (၁) ပိဿာ အခွံချွတ်သန့်စင်ပြီးလျှင် (၁၀၀) ကျပ်၊ ကြက်သွန်ဖြူဆိုလျှင် (၁၅၀) ကျပ် ရရှိကြကြောင်းသိရှိရပါသည်၊၊

          ကြက်သွန်ကြော်ရာတွင် အခွံချွတ်ခြင်း၊ ကြိတ်ခွဲခြင်း၊ နေလှမ်းခြမ်း၊ ကြော်ခြင်း ၊ ပါကင်ထုပ်ပိုးခြင်း စသည်ဖြင့် အဆင့်ဆင့်ပြုလုပ်ရပြီး (၁) ရက်လျှင် ကုန်ကြမ်း(၁၀၀၀) ပိဿာပြီးကြောင်း၊ ကုန်ချောထွက်ရှိမှုအနေဖြင့် ကုန်ကြမ်း (၁) ပိဿာလျှင် ကုန်ချော (၄၀-၅၀) ကျပ်သားခန့်ရရှိကြောင်း၊ ကြက်သွန်ကြော်ရန် ကုန်ကြမ်း ပိဿာ (၁၀၀၀) အတွက် ဆီ (၁၁၅) ပိဿာခန့်၊ ဆန့်မှုန့် (၃၀) ပိဿာခန့်ကုန်ကျကြောင်း သိရှိရပါသည်။

         ထွက်ရှိလာသော ကြက်သွန်ကြော်များကို ကြက်သွန်ဆိုလျှင် (၁၂)ပိဿာ ဆံ့ဖာများဖြင့် ထုပ်ပိုပြီး ကြက်သွန်ဖြူဆိုလျှင် (၂၅) ပိဿာဆံ့အိတ်များဖြင့်ထုပ်ပိုး၍ ကြက်သွန်နီကြော် (၁) ပိဿာလျှင် (၃၇၀၀) ကျပ် ကြက်သွန်ဖြူကြော် (၁) ပိဿာလျှင် (၄၅၀၀ )ကျပ် စျေးနှုန်းဖြင့် ရန်ကုန်သို့တင်ပို့ကြကြောင်း သိရှိရပါသည်၊၊

          ယခုအချိန်အခါမျိုးတွင် အကျိုးအမြတ်အနေဖြင့် နည်းသော်လည်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းနှင့် ပုံမှန်ဝင်‌ငွေရရှိစေရန်၊ လုပ်သားများအဆက်အသွယ်မပြတ်ရှိနေစေရန် ရည်ရွယ်၍ပုံမှန်အတိုင်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

သာစည်မြို့နယ်၌ မိုးကြိုချည်မျှင်ရှည်ဝါ စိုက်ပျိုးနိုင်မှု့အခြေအနေ

               မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ် မိုးကြိုချည်မျှင်ရှည်ဝါ ဧက (၁၈၀၀) စိုက်ပျိုးရန်လျာထားကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။

          အဆိုပါ လျာထားဧက (၁၈၀၀)ကို ကျေးရွာအုပ်စု(၁၆)အုပ်စုတွင် စိုက်ပျိုးရန်လျာထားပြီး ဧက (၁၅၀၀)ကို မင်းလှကန်‌ရေဖြင့်လည်းကောင်း၊ ဧက (၃၀၀)ကို ညောင်ရမ်းကန်ရေဖြင့်လည်းကောင်း စိုက်ပျိုးမည်ဖြစ်ကြောင်းနှင့် လျာထားဧက (၁၈၀၀)တွင် မျိုးသန့်မျိုးစေ့ထုတ် ၂၅၀ ဧကနှင့် ပုဂ္ဂလိက မျိုးစေ့ထုတ်ဧက ၂၅၀ တို့အား မျိုးသန့်မျိုးစေ့ထုတ်ဧကများအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

          သာစည်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးကြိုချည်မျှင်ရှည်ဝါဧက (၁၈၀၀) စိုက်ပျိုးမည့် တောင်သူများအကျိုးဖြစ်ထွန်းစေရန်အတွက် အပင်ပြုစုခြင်းလုပ်ငန်းများ၊ ဓါတ်မြေသြဇာစနစ်တကျ အချိန်ကိုက်အချိုးညီသုံးစွဲခြင်း၊ သဘာဝဓါတ်မြေသြဇာများသုံးစွဲခြင်းနှင့် ပိုးသတ်ဆေးစနစ်တကျသုံးစွဲရေးစသည်ဖြင့် နည်းပညာများအား ကွင်းဆင်းပို့ချဟောပြောပေးခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ပခုက္ကူရှိ အစေ့ထုတ်ပြောင်း(CP)စိုက်တောင်သူများနှင့် တွေ့ဆုံကွင်းဆင်း လေ့လာမေးမြန်း

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်း/ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲစာရေးဒေါ်ဝါဝါကြည်သည်  (၁.၃.၂၀၂၂)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပခုက္ကူမြို့နယ်၊ သံပုရာပင်ကုန်းကျေးရွာရှိ ပြောင်းစိုက်တောင်သူဒေါ်ဌေးဌေး၏ အစေ့ထုတ်ပြောင်း(CP)၏ စိုက်ပျိုးထွက်ရှိမှုအခြေအနေကို ကွင်းဆင်းလေ့လာ မေးမြန်းခဲ့ပါသည်။

            သံပုရာပင်ကုန်းကျေးရွာတွင် အိမ်ခြေ(၂၀၀)ခန့်ရှိပြီး ပြောင်းဖူးစေ့ (CP) အား ဧက(၁၀၀) ဝန်းကျင်ခန့် စိုက်ပျိုးကြောင်း၊ တောင်သူဒေါ်ဌေးဌေးမှ ယခုနှစ်တွင် (၁)ဧကခန့် စိုက်ပျိုးထားရှိ၍ အောက်တိုဘာလဆန်းပိုင်းတွင် စတင်စိုက်ပျိုးကြောင်း၊ စိုက်ပျိုးရာတွင် ရှေးဦးစွာ စိုက်ပျိုးမြေအား မြေဆီပန်းဖူး(၁) အိတ်လျှင် (၇၆၀၀၀)ကျပ်နှုန်းဖြင့် (၂)အိတ်ဝယ်ယူကျဲပတ်ပြီး စိုက်ပျိုးပါကြောင်း၊ စက်ကြီးဖြင့် မြေပြုပြင်ရာတွင်(၁)နာရီ (၃၀၀၀၀)နှုန်းဖြင့် (၃)နာရီကြာစက်ခုတ်၍ မြေသားအစိုဓါတ်တက်လာစေရန်အတွက် မြေညှိထားခဲ့ပါကြောင်း၊ (၃)ရက်ခန့်အကြာတွင် နွား(၁)ရှဉ်းလျှင် (၁၃၀၀၀)ကျပ် ဖြင့်ငှားရမ်းပြီး တန်းကြား(၁)ပေခွဲမြောင်းများဆွဲ၍ အလုပ်သမား(၃)ဦးကို တစ်ဦး လျှင်(၁၅၀၀)ကျပ်နှုန်းဖြင့် ငှားရမ်းပြီးစိုက်ပျိုးကြကြောင်း၊  ပြောင်းဖူးစေ့(CP)808မျိုးကို မျိုးစေ့ (၁) ထုပ်ကို(၄၅၀၀၀)ကျပ်ပေးဝယ်ရ၍ (၁)ဧကစိုက်ပျိုးရကြောင်း သိရှိရပါသည်။

          အစေ့ထုတ်ပြောင်း(CP)ကိုစိုက်ပျိုးရာတွင် အဓိကရေသွင်း၍ စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးချိန်မှစ၍ ပြောင်းဖူးရင့်၍ ရိတ်သိမ်းချိန်အထိ(၄)လခန့်ကြာမြင့်ပါကြောင်း၊ စိုက်ပျိုးချိန်၌ မိုးရွာသွန်းမှုမရှိလျှင် ရေသွင်းစိုက်ပျိုးရ၍ ယခုနှစ်စိုက်ပျိုးချိန်၌ အောက်တိုဘာလတွင် မိုးများစွာရွာသွန်းသောကြောင့် အစိုဓါတ်များ၍ ရေပေးသွင်းခြင်းမပြုလုပ်ရသည့်အတွက် ကုန်ကျစရိတ်သက်သာပါကြောင်း၊ စိုက်ပျိုးပြီး(၇)ရက်ကြာတွင် အပင်ပေါက်စုံ၍ (၁)လသားအရွယ် ဝတ်မှုံကပ်ချိန်တွင် အပင်ကြီးထွားစေရန်အတွက် အားဆေးပက်ဖြန်းပြီး ရေ(၁)ကြိမ်၊ ဖူးလုံးကပ်ချိန်တွင် ပိုးမွှားကျရောက်မှု အန္တရာယ်ကင်းစေရန်နှင့် အထွက်နှုန်းကောင်းစေရန်အတွက် ပိုးသတ်ဆေး၊ မှိုဆေး၊ အားဆေးများပက်ဖျန်းပြီး ရေ(၁)ကြိမ်၊ အဖူးအောင်ခါနီး အချိန်တွင် ပြောင်းဖူးစေ့ ကြီးထွားစေရန်အတွက် ရေ(၁)ကြိမ်စသည့်  စိုက်ပျိုးချိန်မှစပြီး အဖူးရင့်၍ ရိတ်သိမ်းချိန်အထိ စုစုပေါင်း ရေ(၃)ကြိမ်ပေးသွင်းရကြောင်း၊ တစ်ကြိမ်သွင်းလျှင် (၁၂)နာရီခန့် အချိန်ကြာမြင့်ပြီး အလုပ်သမား(၄)ဦးခန့် ငှားရမ်းရ၍ (၁)ဦးလျှင် (၈၀၀၀)ကျပ် ပေးရကြောင်း၊ ရေ(၁)ကြိမ်သွင်းလျှင် ဆီ(၁)ဂါလံ(၆၀၀၀)ကျပ်နှုန်းဖြင့် ဆီ(၃)ဂါလံခန့် ကုန်ကျကြောင်း သိရှိရပါသည်။

          အဖူးရင့်၍ ရိတ်သိမ်းရာတွင် အလုပ်သမား(၁၀)ဦးခန့် ငှားရမ်းပြီး အပင်ရိတ်ခြင်း၊ အဖူး ချိုးခြင်းများပြုလုပ်ပြီး စိုက်ခင်းမှ အိမ်သို့သယ်ယူရာတွင် Faw ကားများဖြင့် (၄)စီးခန့် သယ်ယူ၍ (၁)ခေါက်လျှင်(၁၅၀၀၀)ကျပ်နှုန်းဖြင့် သယ်ယူစရိတ်ပေးရကြောင်း၊ အိမ်ရောက် လျှင်အဖူးများအား  ကွင်းပြင်တွင်  ပါးပါးဖြန့်၍  (၁၀)ရက်ခန့် နေပူလှန်းရပြီး အဖူးခြောက်လျှင် ပြောင်းဖူးချွေလှေ့စက်ဖြင့်ချွေရာတွင် ပြောင်းဖူးစေ့ (၁)တင်းလျှင် (၅၀၀)ကျပ်နှုန်းဖြင့် စက်ငှားရမ်းခပေးရပြီး တင်း(၉၀)ခန့် ထွက်ရှိ၍ ချွေလှေ့ခ(၄၅၀၀၀)ကျပ်ကုန်ကျကြောင်း သိရှိရပါသည်။

          အစေ့ထုတ်ပြောင်း(CP) (၁)ဧကကုန်ကျစရိတ်မှာ မြေပြုပြင်ရန်စက်ဖိုး၊ ထွန်ရှဉ်းခ၊ မျိုးစေ့ဝယ်ယူခ၊ သွင်းအားစုအမျိုးမျိုးဝယ်ယူခ၊ ရေသွင်းရန်စက်ဆီဝယ်ယူခ၊ အလုပ်သမားငှားရမ်းခ စသည့် စုစုပေါင်းကုန်ကျစရိတ်မှာ ခန့်မှန်း(၆)သိန်းခွဲ ဝန်းကျင်ခန့်ရှိပြီး၊ ပြောင်းဖူးစေ့(CP)၏ ယခုပေါက်ဈေးမှာ (၁)တင်းလျှင် (၁၅၀၀၀)ကျပ်ခန့်ဈေးရသဖြင့် ထွက်ရှိသည့် ပြောင်းဖူးစေ့ (CP)တင်း(၉၀)အတွက် စုစုပေါင်းဝင်ငွေမှာ (၁၃)သိန်းဝန်းကျင်ခန့်ရှိသောကြောင့် အကျိုးအမြတ်အနေဖြင့်(၆)သိန်းခွဲခန့်ရရှိကြောင်း တောင်သူဒေါ်ဌေးဌေး၏ ပြောကြားချက်အရ သိရှိရပါသည်။

         အစေ့ထုတ်ပြောင်း(CP)စိုက်ပျိုးခြင်းသည် ပြည်တွင်းသုံးစွဲမှုအနေဖြင့် တိရိစ္ဆာန်အစာအဖြစ် သုံးစွဲရုံသာမက ရန်ကုန်၊ မြဝတီတို့မှ တစ်ဆင့် ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိသည့်အတွက် စိုက်ပျိုးရေရရှိပါက (CP)ပြောင်းမှာ ဈေးနှုန်း/ဈေးကွက် ကောင်းမွန်မှုရှိသဖြင့် တောင်သူများအနေဖြင့် အကျိုးအမြတ်များသည့် (CP)ပြောင်းကိုလည်း စိုက်ပျိုးသင့်ပါကြောင်း လေ့လာတင်ပြလိုက်ရပါသည်။

DOCA(မကွေး)

 

 

ပေါက်မြို့နယ် ဆောင်းသီးနှံ ကုလားပဲ စိုက်ပျိုးမှုနှင့်ဈေးကွက်အခြေအနေ ကွင်းဆင်းလေ့လာ

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်း/ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ပေါက်မြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဦးကျော်စိုးသည် (၁၈.၂.၂၀၂၂) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပေါက်မြို့နယ်၊ ရှားတောကျေးရွာ၊ ဆောင်းသီးနှံကုလားပဲ စိုက်ပျိုးသော တောင်သူဦးဌေးလွင်နှင့် သွားရောက်တွေ့ဆုံပြီး စိုက်ပျိုးမှုအခြေအနေကို ကွင်းဆင်းလေ့လာ မေးမြန်းခဲ့ပါသည်။

              ပေါက်မြို့နယ်သည် မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းတွင် တည်ရှိပြီး စိုက်ပျိုးရေးကို အဓိကထား၍ လုပ်ကိုင်သောဒေသဖြစ်ကြောင်း၊ အဓိကသီးနှံအနေဖြင့် ကြက်သွန်၊ စပါး၊ မြေပဲ၊ ပဲတီစိမ်း၊ ဝါ၊ ကုလားပဲတို့ကို စိုက်ပျိုးပြီး (၂၀၂၁-၂၀၂၂)ဘဏ္ဍာနှစ်တွင် ဆောင်းသီးနှံ ကုလားပဲစိုက်ဧက(၃၂၃၅)ခန့်စိုက်ပျိုးထားရှိကြောင်း၊ ရှားတောကျေးရွာတွင် ကုလားပဲ စိုက်တောင်သူ(၅၀)ဦးခန့် စိုက်ပျိုးပြီး စိုက်ဧက(၁၀၀)ခန့်စိုက်ပျိုးထားရှိကြောင်း၊ ယခင်နှစ်က ကြက်သွန်နီဈေးမကောင်းခဲ့သည့်အတွက် ကြက်သွန်နီအစား ကုလားပဲသီးနှံကို ပြောင်းလဲအစား ထိုးစိုက်ပျိုးခဲ့၍ ကုလားပဲစိုက်ဧကပိုများကြောင်း၊ တောင်သူဦးဌေးလွင်အနေဖြင့် ယခုနှစ်တွင်(၅) ဧကခန့် စိုက်ပျိုးထားရှိကြောင်း၊ မိုးစပါးများရိတ်သိမ်းပြီး စိုက်ခင်းများတွင် သီးထပ်အဖြစ် ဆောင်းသီးနှံကုလားပဲကိုစိုက်ပျိုးကြောင်း၊ ကုလားပဲလုံးကြီး(အဖြူ) ထိုင်ဝမ်မျိုးကိုသာ အများဆုံးစိုက်ပျိုးကြကြောင်း၊ ဗမာကုလားပဲ လုံးသေး (အနီ) စိုက်ပျိုးသော်လည်း စိုက်ဧကနည်းပါးကြောင်း၊ တစ်နှစ်လျှင် တစ်ရာသီသာစိုက်ပျိုး၍ ကုလားပဲစိုက်ရာသီမှာ အောက်တိုဘာလ (၁၅)ရက်တွင် စတင်စိုက်ပျိုးသော်လည်း ရှားတောကျေးရွာအနေဖြင့် မိုးစပါးပြီးမှ စိုက်ပျိုးရ၍ စိုက်ပျိုးချိန် နောက်ကျကြောင်း သိရှိရပါသည်။

             ယခုနှစ်တွင် ဆောင်းသီးနှံကုလားပဲကို ဒီဇင်ဘာလဆန်းတွင် စတင်စိုက်ပျိုးပြီး မတ်လကုန်တွင် အသီးရင့်၍ ရိတ်သိမ်းရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးပင်သက်တမ်းမှာ (၃)လခန့်ကြာမြင့်ပါကြောင်း၊ (၁)ဧကစိုက်ပျိုးကျဲပတ်လျှင် ကုလားပဲ(၂)တင်းခန့်ကုန်ကျကြောင်း၊ မျိုးကို စိုက်ပျိုးရေးဌာနမှ ဝယ်ယူခြင်းမပြုဘဲ မိမိတို့ဒေသထွက်မျိုးကိုသာ ပြန်လည်စိုက်ပျိုးကြကြောင်း၊ မျိုးဝယ်ယူ စိုက်ပျိုးလျှင် (၁)တင်း(၄၅၀၀၀)ကျပ်ခန့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ တောင်သူအနေဖြင့် ကုလားပဲ လုံးကြီး(အဖြူ) ထိုင်ဝမ်မျိုးကို(၅)ဧကခန့်စိုက်ပျိုးလျှင် မျိုး(၁၀)တင်းခန့် ကုန်ကျကြောင်း၊ ယခုနှစ်တွင် ပိုမိုအထွက်နှုန်း ကောင်းမွန်စေရန်အတွက် ရေသွင်းစိုက်ပျိုးကြောင်း၊ စိုက်ပျိုးပြီး (၇)ရက်အကြာတွင် အပင်ပေါက်စုံလင်ပြီး (၁)လခန့်အကြာတွင် အပင်မှာ စတင်အပွင့်လိုက်၍ ရေသွင်းပါကြောင်း၊ ရေမသွင်းခင် အပွင့်အသီးများပြီး အထွက်ကောင်းစေရန်အတွက် မိုဆေး၊ အားဆေးကိုအသုံးပြုပြီး ပုလဲအဖြူလုံးကြီး (၁)ဧကလျှင် (၈)ပြည်ခန့်ကြဲပတ်ရပါကြောင်း၊ သီးလုံးဖောက် ပိုးကျရောက်မှုမှ ကာကွယ်ရန်အတွက်လည်း ပိုးသတ်ဆေးများ ပက်ဖြန်းပြီးမှ ရေသွင်းပါကြောင်း၊ (၁)ဧကလျှင် ရေသွင်းချိန်(၃)နာရီခန့်ကြာမြင့်ပြီး (၁)နာရီတွင်(၁၀၀၀၀)ကျပ် ကုန်ကျစရိတ်ရှိကြောင်း၊ မတ်လကုန်တွင် အသီးရင့်၍ ကုလားပဲပင်များကို အလုပ်သမား(၁၅)ဦးခန့်ငှား၍ တစ်မနက်လျှင် လုပ်ခ (၂၅၀၀)ကျပ်နှုန်းဖြင့် ရိတ်သိမ်းပါကြောင်း၊ ရိတ်သိမ်းပြီး(၃)ရက် အကြာအထိ နေလှမ်း၍ ခြောက်လျှင် စိုက်ခင်းအတွင်းရှိ ကွင်းပြင်အလွတ်တွင် မိုးကာခင်း၍ တစ်ပုံတည်းစုပုံထားရှိကြောင်း၊ ကုလားပဲချွေလှေ့စက်ဖြင့် ခြွေပြီး စက်ငှားရမ်းခအနေဖြင့် (၁)နာရီလျှင် ငွေကြေးပေးရနှုန်းသတ်မှတ်ချက်မရှိဘဲနှင့် ကုလားပဲ အဆံ(၁)တင်းရလျှင် (၁)ပြည်နှုန်းဖြင့် စက်ပိုင်ရှင်အား ငှားရမ်းခအနေဖြင့် ပေးရကြောင်းသိရှိရပါသည်။

           အထွက်နှုန်းအနေဖြင့် ယခင်နှစ်က(၁)ဧကလျှင် ကုလားပဲ(၈)တင်းမှ (၁၀)တင်းအထိထွက်ရှိပြီး ယခုနှစ်တွင် ရာသီဥတုအနေအထားကောင်းမွန်ခြင်း၊ ပိုးမွှားကျရောက်မှုအန္တရာယ်မှ ကင်းဝေးခြင်းတို့ကြောင့် ယခင်နှစ်ထက် အထွက်နှုန်းကောင်းမွန်နိုင်၍ (၁၀)တင်းမှ (၁၂)တင်းအထိ ထွက်ရှိမည်ဟု မျှော်မှန်းပါကြောင်း၊ ဈေးကွက်အနေဖြင့်လည်း ယခင်နှစ်ကသီးနှံပေါ်စတွင် ကုလားပဲ(၁)တင်းလျှင် (၂၈၀၀၀)ကျပ်မှ (၃၀၀၀၀)ကျပ်အထိ အမြင့်ဈေးရှိခဲ့ပြီး ယခုနှစ်တွင် ပဲမျိုးစုံသီးနှံ ဈေးကွက်ကောင်းမွန်၍ သီးနှံပေါ်စကပင်(၁)တင်းလျှင် (၃၆၀၀၀)ကျပ်ပေါက်ဈေးရှိကြောင်း၊ ယခုနှစ်တွင်(၅) ဧက စိုက်ပျိုးထား၍ ကုလားပဲ တင်း(၆၀)ခန့် ထွက်ရှိမည်ဟု ခန့်မှန်းထားရှိကြောင်း သိရှိရပါသည်။

           တစ်ဧကကုန်ကျမှုအနေဖြင့် မြေပြုပြင်ခ၊ အလုပ်သမားငှားရမ်းခ၊ သွင်းအားစုအမျိုးမျိုးဝယ်ယူခ စုစုပေါင်း (၂၀၀၀၀၀) ကျပ်ခန့်ကုန်ကျကြောင်း၊ မိမိ၏ မိသားစုဝင်များကိုယ်တိုင် ပါဝင်လုပ်ကိုင်ခြင်းရှိသောကြောင့် ကုန်ကျစရိတ်အနည်းငယ်သက်သာကြောင်း၊ အထွက်တင်းမှာ(၁)ဧကလျှင် (၁၂)တင်းခန့်ထွက်ရှိပြီး ယခုလက်ရှိပေါက်ဈေး(၃၆၀၀၀)ကျပ်ဖြင့် ရောင်းချရမည်ဆိုလျှင် (၄၃၂၀၀၀)ကျပ်ခန့် ဝင်ငွေရရှိ၍ (၂၀၀၀၀၀)ကျပ်ဝန်းကျင်ခန့် အကျိုးအမြတ်ရရှိနိုင်မည်ဖြစ်ကြောင်း၊ ထွက်ရှိသောကုလားပဲများကို ပြန်လည်ဖြန့်ဖြူးရာတွင် ရှားတောကျေးရွာမှ တောင်သူများ အနေဖြင့် ပခုက္ကူမြို့ပေါ်ရှိ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံရောင်းဝယ်သည့် "ဇောတိက"ပွဲရုံသို့ အများဆုံးတင်ပို့ ရောင်းချကြောင်း တောင်သူဦးဌေးလွင်၏ပြောကြားချက်အရ သိရှိရပါသည်။

           ပြည်တွင်းမှ ထွက်ရှိသောပဲမျိုးစုံများထဲမှ ဆောင်းသီးနှံ ကုလားပဲသည် မြန်မာလူမျိုးများအတွက် ကြိုက်နှစ်သက်ဆုံးပဲဖြစ်ကြောင်း၊ စားသောက်သုံးစွဲရာတွင် အာဟာရရှိမှုအပြင် အရသာမှာလည်း ထူးကဲပြီး ကောင်းမွန်ခြင်းရှိသည့်အတွက် ကုလားပဲကို အိမ်ရှင်မများအနေဖြင့် အခြေခံစားကုန်ဟင်းတစ်မယ်အဖြစ် အသုံးပြုခြင်းအပြင် မုန့်မျိုးစုံပြုလုပ်ခြင်း၊ အလှူ/မင်္ဂလာပွဲများတွင်လည်း မပါမဖြစ်အသုံးပြုခြင်း၊ လုပ်ငန်းရှင်များအနေဖြင့် ကုလားပဲခြမ်းအစိမ်း၊ ပဲကြော်၊ ပဲမှုန့်၊ ပဲချောင်းလုပ်ငန်းများ ထုတ်လုပ်ရောင်းချခြင်းများရှိပါ၍ ပြည်တွင်းစားသုံးမှုများပြားပြီး ထုတ်လုပ်မှုပိုင်းအနေဖြင့်လည်း စက်များလည်ပတ်နေရခြင်းဖြစ်၍ စီးပွားရေးလုပ်ငန်းရှင်များသာမက အလုပ်သမားများ အလုပ်အကိုင်အခွင့်အလမ်းများစွာ ရရှိပြီးပြည်ပနိုင်ငံများသို့လည်း ပို့ကုန်အဖြစ် တင်ပို့ နိုင်ခြင်းရှိပါ၍ နိုင်ငံတော်၏စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုပေးနိုင်ပြီး ရောင်းလိုအားဝယ်လိုအားကောင်းပြီး ဈေးကွက်ကောင်းရရှိသော ဆောင်းသီးနှံကုလားပဲကို ပြည်တွင်းရှိ စိုက်ပျိုးတောင်သူများအနေဖြင့် နှစ်စဉ်မပျက် တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

DOCA(မကွေး)

ပခုက္ကူခရိုင်မြစ်ခြေမြို့နယ်အတွင်းရှိ ငရုတ်စိုက်တောင်သူများ၏စိုက်ပျိုးမှုနှင့် ဈေးကွက်အခြေအနေ ကွင်းဆင်းလေ့လာ

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်လှိုင်ဥမ္မာဦးသည်  တိုင်းဒေသကြီး/ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် (၂.၃.၂၀၂၂)ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်တွင် ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ အတွင်းရှိ နန်းတော်ရပ်ကျေးရွာအုပ်စု ဘဲကြီးကျေးရွာ၊ ငကျော်ကျေးရွာ မြင်းဝင်းကျေးရွာများရှိ ငရုတ်စိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ပခုက္ကူခရိုင်မြစ်ခြေမြို့နယ်အတွင်းရှိ နန်းတော်ရပ်ကျေးရွာအုပ်စု ဘဲကြီးကျေးရွာ၊ ငကျော်ကျေးရွာ၊ မြင်းဝင်းကျေးရွာများသည် ငရုတ်သီးကို အဓိကစိုက်ပျိုးပြီး စိုက်ဧကအနေဖြင့် (၂၀၀၀၀) ကျော်ရှိပါသည်။ ငရုတ်သီးကို ပျိုးဘောင်စနစ်ဖြင့် စိုက်ပျိုးပြီး တစ်ဘောင်လျှင်(၃၅၀၀၀)ကျပ် ပေးရ ကြောင်း၊ (၁)ဧကလျှင် (၅)ဘောင်မှ (၆)ဘောင်စိုက်ပျိုးရကြောင်း၊ ငရုတ်သီးမျိုးအနေဖြင့် မျှားနီမျိုး၊ ပန်းရဲမျိုး၊ အစပ်သီးအမျိုးအစားများကို အဓိကထားစိုက်ပျိုးကြပြီး စိုက်ပျိုးချိန်မှာ စက်တင်ဘာလ မှာစတင်စိုက်ပျိုးပြီး ဒီဇင်ဘာလကုန်တွင် စတင်အသီးတင်ပါကြောင်း၊ မြေဩဇာအနေဖြင့် စတင် စိုက်ပျိုးသည့်နေ့မှ အသီးသီးသည်အထိ ပုလဲမြေဩဇာ(၁၅)လုံး ကျဲပက်ရကြောင်း၊ ငရုတ်သီး(၁) ဧကအထွက်နှုန်းမှာ တင်း(၄၀၀)ထွက်ရှိပါကြောင်း၊ (၁)ဧကကုန်ကျစရိတ်မှာ(၁၅)သိန်း ကုန်ကျကြောင်း၊ လုပ်အားခအနေဖြင့် မနက်ပိုင်းအတွက် အမျိုးသား(၁)ဦးလျှင် (၃၀၀၀)ကျပ်၊ အမျိုးသမီး(၁)ဦးလျှင် (၂၀၀၀)ကျပ်ပေးရကြောင်း သိရှိရပါသည်။

        ယခင်နှစ်၏ ငရုတ်ဈေးမှာ အစိုတစ်ပိဿာလျှင် (၁၀၀၀)ကျပ်၊ ငရုတ်ခြောက် တစ်ပိဿာလျှင် (၄၅၀၀)ကျပ်ဖြစ်ခဲ့ကြောင်း ယခုနှစ်၏ ငရုတ်လက်ရှိပေါက်ဈေးမှာ ငရုတ်သီးအစို (၁)ပိဿာလျှင် (၈၀၀)ကျပ်၊ ငရုတ်စို(၁)တင်းလျှင်(၇၀၀၀)ကျပ် ဈေးဖြင့်ရောင်းချရကြောင်း၊ ငရုတ်ခြောက် တစ်ပိဿာလျှင်(၅၀၀၀)ကျပ် ရောင်းချရကြောင်း (၁)ဧကအထွက် တင်း(၄၀၀)ထွက်ရှိပါက (၂၈)သိန်းခန့်ရရှိပြီး၊ တောင်သူ၏(၁)ဧက အကျိုးအမြတ်မှာ(၁၃)သိန်းခန့်ရရှိကြောင်း၊ ငရုတ်သီး အစို(၁)တင်းမှာ (၈)ပိဿာ(၅၀)ကျပ်သားပါရှိပြီး၊ အခြောက်လှမ်းလိုက်လျှင်(၂)ပိဿာထွက်ရှိပါကြောင်း သိရှိရပါသည်။

        ငရုတ်ဈေးကွက်အနေဖြင့် မြစ်ခြေမြို့နယ် နန်းတော်ရပ်အုပ်စုမှ ထွက်ရှိသော ငရုတ်ခြောက်များကို ရန်ကုန်၊ မန္တလေး၊ မိတ္ထိလာနှင့် မြင်းခြံမြို့များသို့ တင်ပို့ရကြောင်း၊ ငရုတ်ဈေးကွက်အနေဖြင့် တစ်နှစ်လျှင် နှစ်ရာသီလုပ်ကိုင်ကြကြောင်း၊ ငရုတ်စိုက်တောင်သူများအနေဖြင့် ယခင်နှစ်က အကျိုး အမြတ်များစွာရရှိပြီး ယခုနှစ်အနေဖြင့် အသင့်အတင့်သာရရှိကြောင်း  ငရုတ်စိုက်တောင်သူများ၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မကွေး)

 

၇.၃.၂၀၂၂ ရက်နေ့ မှ ၁၃.၃.၂၀၂၂ ရက်နေ့အထိ စားအုန်းဆီ တစ်ပိဿာကုန်ကျစရိတ် တွက်ချက်မှုစာရင်း

၇.၃.၂၀၂၂ ရက်နေ့ မှ ၁၃.၃.၂၀၂၂ ရက်နေ့အထိ စားအုန်းဆီ တစ်ပိဿာကုန်ကျစရိတ် တွက်ချက်မှုစာရင်းအား ပူးတွဲပါဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

သွင်းကုန်အစားထိုးကျန်းမာရေးအထောက်အကူပြု တန်ဖိုးမြှင့်ဖွဲနုဆီ

          ကုန်ကြမ်းပစ္စည်းတစ်ခုကို ဈေးကွက်တွင် ပို၍တန်ဖိုးမြင့်တက်လာစေရန် သို့မဟုတ် မူလ ကုန်ကြမ်းထက်ပို၍ ထားသိုနိုင်သည့် သက်တမ်း (Shelf-life) ရှည်စေရန် ရည်ရွယ်ပြီး နည်းပညာ သုံးကာ တန်ဖိုးမြှင့်ထုတ်ကုန်တစ်ခု (Value Added Product) ထုတ်လုပ်နိုင်သည်ဟုဆိုလျှင် ဖွဲနုဆီသည် ကျန်းမာရေးကို အထောက်အကူပြုသော တန်ဖိုးမြှင့် ထုတ်ကုန်တစ်ခုဖြစ်ပေသည်။

          ဖွဲနုဆိုသည်မှာ စပါးခွံနှင့် ဆန်သားအကြားရှိ အလွှာတစ်ခုဖြစ်ရာ စပါးမှ ဆန်သား ဖြစ်လာ စေရန် ဆောင်ရွက်မှုဖြစ်စဉ်တွင် ၎င်းသည် ဘေးထွက်ပစ္စည်းသာဖြစ်ပါသည်။ စက်ကြိတ်အဆင့် အတန်းနှင့် ဆန်သားအရည်အသွေးပေါ်မူတည်၍ ရိုးရိုးဖွဲနု၊ အထူးဖွဲနုနှင့် ပေါင်းဖွဲနုဟူ၍ သုံးမျိုး ရှိရာ ကော်ဓာတ်များသော အထူးဖွဲနုကို ဖွဲနုဆီထုတ်ယူရာတွင် အသုံးမပြုဘဲ ဆီပါဝင်မှု ရာခိုင်နှုန်း ၁၄ မှ ၁၆ ရှိသော ရိုးရိုးဖွဲနုနှင့် ပေါင်းစပါးများကို အဆင့်မြှင့် ကြိတ်ဖွတ်ရာမှ ထွက်ရှိသည့် ဆီပါဝင်မှု ရာခိုင်နှုန်းမြင့်မားသော ပေါင်းဖွဲနုတို့ကို ဖွဲနုဆီ ထုတ်လုပ်ရာတွင် အဓိက အသုံးပြုကြပါသည်။

           ဖွဲနု၏ အရည်အသွေးကောင်းမွန်မှုသည် ဖွဲနုဆီထုတ်ယူရာတွင် အဓိကကျလှပေရာ လတ်ဆတ်ဖွဲနုရရှိစေရန် ဆန်ကြိတ်ပြီး ၂၄ နာရီအတွင်း ဆီစက်သို့သယ်ဆောင်၍ ဆီထုတ် လုပ်ငန်းစဉ် ဆောင်ရွက်ရပါသည်။ စက်မှကျလာစအချိန်၌ ဖွဲနု၏အချဉ်ဓာတ်ကိန်း (Acid Value) သည် ၅ ခန့်သာရှိသော်လည်း တစ်နာရီကြာတိုင်း အချဉ်ဓာတ်ကိန်း ၁ တိုး လေ့ရှိပါသည်။ ဖွဲနုတွင်ပါဝင်သောအစိုဓါတ် (Moisture) သည် ဖွဲနုကို အချဉ်ပေါက်စေသည့်အပြင် ဆီထုတ် လုပ်ငန်းစဉ်ကိုလည်း နှောင့်နှေးစေတတ်သောကြောင့် ဖွဲနု၏ အစိုဓာတ်ကို ၅% အောက်အထိ ဖြစ်လာရန် ပြုပြင်ရပါသည်။

           ဆီထွက်သီးနှံများတွင် ဆီပါဝင်မှုရာခိုင်နှုန်း ၂၅ နှင့်အထက် ရှိပါက သဘာဝအတိုင်း ကြိတ်ချေခြင်းဖြင့် ဆီထုတ်ယူနိုင်သော်လည်း ၂၅% အောက် ဖြစ်နေလျှင် ဓာတုဖျော်ရည် (Organic Solvent) ဖြင့်စိမ်၍ ဓာတုဗေဒနည်းဖြင့် ဆီထုတ်ယူရပါသည်။ ဖွဲနုကို ပြုပြင်ပြီး ဓာတုဖျော်ရည်ဖြင့် စိမ်သောအခါ ဆီများသည် ၎င်း‌ဖျော်ရည်တွင် ပျော်ဝင်သွားပါသည်။ အဆိုပါ ပျော်ရည်အရောကို အပူပေးခြင်းဖြင့် ဓာတုဖျော်ရည်အား အငွေ့ပျံစေကာ ဖွဲနု ဆီကြမ်းကို ရရှိပါသည်။ ဖွဲနုမှ ဖွဲနုဆီကြမ်းထုတ်ယူခြင်းကို ဆီကြမ်းထုတ်စက်ရုံအပိုင်းက ဆောင်ရွက်ပြီး ၎င်းအဆင့်တွင် ဆီထုတ်ပြီးဖွဲဖတ် (Oil Extracted Rice Bran, OERB) ကို ဘေးထွက်ပစ္စည်း (By Product) အဖြစ်ရရှိကာ တိရစ္ဆာန်အစာအတွက် ပြည်တွင်း၌ အသုံးပြုရုံမက ပြည်ပသို့ပါ တင်ပို့ရောင်းချနိုင်ပါသည်။

          ဖွဲနုဆီကြမ်းတွင် မလိုလားအပ်သော အရောင်ဆိုး၊ အနံ့ဆိုး၊ အချဉ်ဓာတ်နှင့် အချွဲဓာတ် များပါဝင်နေသောကြောင့် ပြန်လည်သန့်စင်ရန် ဆီချောထုတ်စက်ရုံ (Refinery Plant) သို့ ပေးပို့ရပါသည်။ ထိုစက်ရုံတွင် ဖယောင်းကြမ်းဖယ်၍ အချဉ်ချွတ်ခြင်း၊ အချွဲချွတ်ခြင်း၊ အရောင် ချွတ်ခြင်း၊ အနံ့ချွတ်ခြင်း၊ အအေးခံဖယောင်းချ၍ ဖယောင်းချောဖယ်ခြင်းတို့ကို အဆင့်ဆင့် ဆောင်ရွက်ရပါသည်။ ဤကဲ့သို့ ဆီသန့်စင်ခြင်းနည်းစဉ်ပါ အဆင့်များကို ပြည့်စုံအောင် ဆောင်ရွက်ပြီးမှသာလျှင် စားသုံးရန်အဆင့်ဖြစ်သော အရောင်ကြည်လင်သည့် ဖွဲနုဆီ (edible rice bran oil) ကို ရရှိလာပါသည်။

          ဖွဲနုဆီကြမ်း၏ အချဉ်ဓာတ်ကိန်း (Acid Value) ၄၀ အထိသာ စားသုံးဆီအဖြစ် ပြန်လည် သန့်စင်သော်လည်း ၎င်းထက် အချဉ်ဓာတ်ပိုမြင့်လာပါက စီးပွားရေးအရ တွက်ချေ ကိုက်ခြင်း မရှိသောကြောင့် စက်မှုလုပ်ငန်းသုံးဆီအဖြစ် ဆပ်ပြာစက်ရုံသို့ ရောင်းချရပါသည်။ ဆီကြမ်း (Crude Oil) မှ ဆီချော (Refined Oil) ထုတ်လုပ်မှုဖြစ်စဉ်တွင် ဖယောင်းကြမ်း၊ ဆပ်ပြာကြမ်း၊ အရောင်ချွတ်ဖတ်နှင့် ဖယောင်းချောတို့ကို ဘေးထွက်ပစ္စည်းများအဖြစ် ပြန်လည်ရရှိရာ ၎င်းတို့ ကို ဆပ်ပြာထုတ်လုပ်သောလုပ်ငန်းနှင့် အလှကုန်ထုတ်လုပ်သောလုပ်ငန်းများတွင် အသုံးပြုနိုင် ပါသည်။

ဖွဲနုဆီ၏ ဓာတုဗေဒဆိုင်ရာ အရည်အသွေး (Chemical Properties) များမှ CODEX STANDARD အရ အိုင်အိုဒင်းတန်ဖိုး (Iodine Value) သည် ၉၀-၁၁၅ ဖြစ်ပြီး ပြည့်ဝအဆီ အက်ဆစ် ၂၀ ရာခိုင်နှုန်းနှင့် မပြည့်ဝအဆီ အက်ဆစ် ၈၀ ရာခိုင်နှုန်းတို့ ပါဝင်ဖွဲ့စည်းထားသော ဆီအရည် (Liquid Oil) အမျိုးအစားဖြစ်ပါသည်။ ဖွဲနုဆီသည် မီးလောင်မှတ် (Smoke Point) မြင့်မားသော ဆီအမျိုးအစားဖြစ်သောကြောင့်လည်း မွှေကြော်(stir-frying) နှင့် နှစ်ကြော်(deep-frying)တို့အတွက် သင့်တော်သော ဟင်းချက်ဆီအမျိုးအစားဖြစ်ပါသည်။ ထို့ကြောင့် အာရှနိုင်ငံ များဖြစ်ကြသော အိန္ဒိယ၊ ထိုင်း၊ ဂျပန်၊ ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်နိုင်ငံများတွင် လူသိများ ကျော်ကြားသော စားသုံးဆီလည်း ဖြစ်ပါသည်။

          အာဟာရတန်ဖိုးဆိုင်ရာ ပါဝင်မှုများတွင် USDA ၏ဖော်ပြချက်များအရ ဖွဲနုဆီစားပွဲ တင်ဇွန်းတစ်ဇွန်းတွင် အဆီဓာတ် ၁၄ ဂရမ်နှင့် အင်အားဓာတ် ၁၂၀ ကယ်လိုရီရှိပြီး ဆိုဒီယမ်နှင့် သကြားဓာတ်တို့ လုံးဝမပါရှိသောကြောင့် ကျန်းမာရေးအတွက် သင့်တော်ကြောင်း၊ မိုနို မပြည့်ဝ အပိုင်းနှင့် ပိုလီ မပြည့်ဝအပိုင်းဆတူနီးပါးပေါင်းစပ်ပါဝင်နေသောကြောင့် ကိုလက်စထရော မြင့်မားမှုကို ထိန်းသိမ်းပေးနိုင်ကြောင်း စသည်တို့ကြောင့် အမေရိကန်နှလုံး အသင်းနှင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးတို့က ဖွဲနုဆီကို ကျန်းမာရေး အထောက်အကူပြု စားသုံးဆီဟု ထောက်ခံ ထားကြပါသည်။

          အိန္ဒိယနိုင်ငံရှိ The India Council Medical  Research (ICMR) နှင့် The National Institute of Nutrition (NIS) တို့၏ သုတေသနရလဒ်များအရ ဖွဲနုဆီသည် နှလုံးရောဂါ ရှိသူများအတွက် အလွန်သင့်လျော်သော ''heart-healthy oil'' ဖြစ်ကြောင်း သိရှိရပါသည်။ ထို့ပြင် The Journal of Nutritional Biochemistry ၏ တင်ပြမှုတစ်ခု၌လည်း ဖွဲနုဆီ စားသုံးသူများသည် ဆီးချိုရောဂါပုံစံ(၂)ကို သက်သာစေကြောင်း မှတ်သားခဲ့ရပါသည်။

          ဖွဲနုဆီတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဖြစ်သော Ƴ-oryzanol နှင့် tocotrienol တို့များ စွာပါဝင်နေသောကြောင့် ဆီ၏သက်တမ်းကို ကြာရှည်စေသည့်အပြင် စားသုံးသူတွင်လည်း အရွယ်မတိုင်မီ အိုမင်းခြင်းကို တားဆီးပေးခြင်း၊ ကင်ဆာဆဲလ်များကို ခုခံကာကွယ်နိုင်ခြင်း စသည့်ကောင်းကျိုးများရရှိစေပါသည်။ ဗီတာမင် E နှင့် အိုမီဂါ 3 အဆီအက်ဆစ်ပါဝင်နေသော ကြောင့်လည်း အရေပြားကို တင်းရင်းလှပစိုပြည်စေပြီး ခန္ဓာကိုယ်၏ ကိုယ်ခံအားကို တိုးပွားစေ ပါသည်။

          ဤသို့ဆိုလျှင် စားသုံးသူများအနေဖြင့် စားသုံးဆီအမျိုးအစားပေါင်း များစွာရှိသည့် အနက် မှန်ကန်သော ဟင်းချက်ဆီ အမျိုးအစားရွေးချယ်ရာတွင် အနံ့အရသာအပြင် ကျန်းမာရေး ရှုထောင့်မှလည်း စဉ်းစားရပေလိမ့်မည်။ ထိုနည်းလမ်းအတိုင်း ရွေးချယ်မည်ဆိုလျှင် ကျန်းမာရေး ဆိုင်ရာကျွမ်းကျင်သူ (Health Experts) များ ထောက်ခံထားသည့် စားသုံးဆီမှာ ဖွဲနုဆီပင် ဖြစ်ပါသည်။

          ကုန်ထုတ်လုပ်မှုနှင့် စီးပွားရေးဆိုင်ရာ တွက်ချက်မှုများအရ ဖွဲနုတန် ၁၀၀ မှ ဆီကြမ်း ၁၀ တန်ရရှိနိုင်ပြီး ၎င်းဆီကြမ်း ၁၀ တန်ကို ပြန်လည်သန့်စင်ပြီးပါက စားသုံးရန် အဆင့်ဖွဲနုဆီ ၃ တန်မှ ၃.၅ တန်အထိရရှိနိုင်ပါသည်။ ဖွဲဖတ် ၈၄ တန်ခန့်ထွက်ရှိလာသောကြောင့် ထုတ်လုပ်မှု ဖြစ်စဉ်အရ ဆုံးရှုံးမှု (Process Loss) သည် ၆% ဖြစ်ပါသည်။

          အိန္ဒိယနိုင်ငံတွင် တစ်နိုင်ငံလုံးမှထွက်ရှိသည့် စပါးများ၏ ၉၀% ကို ပေါင်းဆန်အဖြစ် ပြုလုပ်ပြီး ၎င်းကိုအဆင့်မြှင့်ကြိတ်ခွဲရာမှ ထွက်ရှိလာသောပေါင်းဖွဲနုမှ ဖွဲနုဆီထုတ်လုပ်ခြင်း လုပ်ငန်းကို တွင်ကျယ်စွာ ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ ပေါင်းဖွဲနုတွင် ဆီပါဝင်မှု ရာခိုင်နှုန်း ၁၈ မှ ၂၂ ထိရှိပြီး အချဉ်ဓာတ်ကိန်းကိုလည်း တစ်လအထိတည်မြဲအောင် ထိန်း သိမ်းထားနိုင်၍ ဆီချောပိုမိုထုတ်ယူနိုင်သည့်အပြင် ဆီချောစက်ရုံတွင်လည်း ပေါင်းဖွဲနု၏ အနံ့ကုန်စေရန် Temperature Treatment ကိုလုပ်ဆောင်နိုင်သည့်အတွက် အိန္ဒိယနိုင်ငံ၏ ဖွဲနုဆီထုတ်လုပ်သည့်လုပ်ငန်းမှာ များစွာတိုးတက်နေရခြင်းဖြစ်သည်။

          မြန်မာနိုင်ငံတွင် နှစ်စဉ်ဆန်စပါးတိုးချဲ့စိုက်ပျိုးနေခြင်းနှင့် ပြည်ပသို့ ဆန်တင်ပို့ ရောင်းချ နေသောကြောင့် ဘေးထွက်ပစ္စည်းဖြစ်သော ဖွဲနုကိုလည်း နှစ်စဉ်တိုး၍ ထုတ်လုပ် နိုင်မည်ဟု ခန့်မှန်းရပါသည်။ ၎င်းဖွဲနုများအားလုံးကို စားသုံးဆီထုတ်ယူနိုင်မည်ဆိုပါက နှစ်စဉ်ပြည်ပမှ တင်သွင်းနေရသော စားသုံးဆီပမာဏကို သိသာစွာလျှော့ချလာနိုင် မည်ဖြစ်သည်။ ထို့ပြင် ထွက်လာသောဘေးထွက်ပစ္စည်းများကိုလည်း ပြည်တွင်းရှိလူသုံး ကုန်ပစ္စည်း ထုတ်လုပ်သည့် စက်ရုံများသို့  ကုန်ကြမ်းအနေဖြင့် ရောင်းချနိုင်သောကြောင့် ဖွဲနုဆီထုတ် လုပ်ငန်းသည် စိုက်ပျိုး ရေးကို အခြေခံ၍ ပြည်တွင်းရှိ စက်မှုလုပ်ငန်းများ တိုးတက်ရေးအတွက် ကွင်းဆက်မိသော လုပ်ငန်းလည်းဖြစ်ပါသည်။

          သို့ပါ၍ မိမိတို့နိုင်ငံတွင် ဘေးထွက်ပစ္စည်းအနေဖြင့် တိရစ္ဆာန်အစားအစာအဖြစ်သာ  အသုံးဝင်မည့် ဖွဲနုကို ကုန်ကြမ်းအဖြစ် အသုံးပြုကာ ဈေးကွက်ဝင်သော ကျန်းမာရေး အထောက် အကူပြု ဖွဲနုဆီအဖြစ် တန်ဖိုးမြှင့်ထုတ်ကုန်ပြုလုပ်နိုင်မည်ဆိုပါက သွင်းကုန် အစားထိုး နိုင်ငံခြား ငွေ ချွေတာနိုင်မည့်အပြင် ပြည်တွင်းစားသုံးဆီဖူလုံရေးကိုလည်း အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း အကြံပြု ရေးသားတင်ပြလိုက်ရပါသည်။

ITQM

ဘီးလင်းမြို့နယ် နှင်းပုလဲကျေးရွာရှိ ပိန္နဲခြံများသို့ ကွင်းဆင်းလေ့လာ

         မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ၃.၃.၂၀၂၂ ရက်နေ့တွင် ဘီးလင်းမြို့နယ်၊ နှင်းပုလဲကျေးရွာရှိ ပိန္နဲသီးစိုက်ပျိုးရေးခြံများသို့ သွားရောက် လေ့လာခဲ့ကြသည်။

        ထိုသို့ လေ့လာရာတွင် ပိန္နဲခြံစိုက်ပျိုးသောလုပ်ငန်းရှင်တစ်ဦး၏ ဆွေးနွေးချက်အရ ပိန္နဲပင် မျိုးများကို မြဝတီဘက်မှ မှာယူ၍ ပျိုးပင်တစ်ပင်လျှင် (၅၅၀၀) ကျပ်ခန့် ပေးရကြောင်း၊ ပိန္နဲပင် စိုက်ပျိုးရာတွင် တစ်ပင်နှင့်တစ်ပင် ပေ (၂၀) ခြားစိုက်ပျိုးလျှင် တစ်ဧကတွင် (၁၀၈) ပင်ခန့် ဝင်ဆန့် ကြောင်း၊ သွင်းအားစုအနေဖြင့် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများကို တစ်နှစ်လျှင် (၂) ကြိမ်ခန့် ကျွေးရကြောင်း၊ စိုက်ပျိုးချိန်မှ အသီးသီးချိန်ထိ (၂) နှစ်ခန့်သာ ကြာမြင့်ကြောင်း၊ ပိန္နဲသီး များမှာ စက်တင်ဘာလတွင် စတင်သီးပြီး ဇန်နဝါရီ ၊ ဖေဖော်ဝါရီလများတွင် စတင်မှည့်ကာ ဧပြီ၊ မေလ များတွင် လှိုင်လှိုင်ပေါကြောင်း၊ ပိန္နဲသီး စတင်ပေါ်ချိန် ကာလတွင် အလုံးကြီး မှာ (၉၀၀၀-၉၅၀၀) ကျပ်၊ အလတ် (၈၀၀၀-၈၅၀၀) ကျပ်၊ အသေး (၆၀၀၀) ကျပ်ခန့်ဈေးရရှိကြောင်း၊ အလုံးကြီး (ခေါင်သီး) များကို ရန်ကုန်၊ မန္တလေး သို့ တင်ပို့ပြီး အလတ်၊ အသေးများကို ဒေသတွင်း ရန်ကုန်-မော်လမြိုင်လမ်းဘေးဝဲယာဆိုင်ခန်းများ၌ ရောင်းချကြကြောင်း သိရှိရသည်။

          အဆိုပါ ပိန္နဲသီးမျိုးများမှာ စိုက်ပျိုးချိန်မှ အသီးသီးချိန်ထိ (၂)နှစ် ခန့်သာ ကြာမြင့်ခြင်း၊ ပြုစု ပျိုးထောင်ရာတွင် လွယ်ကူခြင်း၊ အသီးများမှာ ဈေးကောင်းရရှိခြင်း တို့ကြောင့် စိုက်ပျိုးသူ ခြံပိုင်ရှင်များအနေဖြင့် တွက်ခြေကိုက်သဖြင့် ဘီးလင်းမြို့နယ်တွင် ပိန္နဲခြံစိုက်ပျိုးခြင်းကို ပိုမိုလုပ်ကိုင် လာကြကြောင်း သိရှိရပါသည်။

DOCA(မွန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း