ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဆောင်းသီးနှံစိုက်ခင်းအခြေအနေများအား ကွင်းဆင်းလေ့လာ

            မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံ ဦးနေဇင်သက်နှင့် ဒုတိယဦးစီးမှူး ဒေါ်စမ်းစမ်းအေးတို့သည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နေ့လည်ပိုင်းက ကံဖြူကျေးရွာနှင့် မုတ္တမကျွဲခြုံရှိ ဆောင်းသီးနှံစိုက်ခင်းများသို့ သွားရောက်လေ့လာခဲ့ကြသည်။

         ထိုသို့လေ့လာတွေ့ရှိချက်အရ  ယခုနှစ်တွင် တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများမှာ ယခင်နှစ်ထက် အောင်မြင်မှုရှိကြောင်း၊ ယခုနှစ်တွင် ဟင်းသီးဟင်းရွက် စိုက်ခင်း (၄၀၇၅) ဧက စိုက်ပျိုးထားရာ သီးနှံများ အထွက်တိုးလျှက်ရှိကြောင်း၊ စိုက်ခင်းများအတွက် တစ်ဧက ကုန်ကျစရိတ် ကျပ် (၁၂) သိန်းခန့်ရှိပြီး ပြန်လည်ရရှိသည့် တစ်ဧကအမြတ်ငွေမှာ ကျပ် (၁၀) သိန်း ကျော်ရှိကြောင်း သိရှိရသည်။

DOCA(မွန်)

မန္တလေးကုန်စည်ဒိုင်တွင် အရောင်းအဝယ်များသော ပဲမျိူးများ

          မန္တလေးမြို့ရှိ  ပွဲစား၊ကုန်သည်၊စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် လယ်ယာထွက် ကုန်သီးနှံများအားနေ့စဉ် (ဥပုဒ်နေ့မှအပ) အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ယခု ဖေဖော်ဝါရီ တတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံသီးနှံများမှ တရုတ်နှင့် အိန္တိယသို့ တင်ပို့မှုမျာသော ပဲတီစိမ်း၊မတ်ပဲ၊ကုလားပဲ၊ပဲစဉ်းငုံတို့အနက် မန္တလေးတိုင်းဒေသကြီးတွင် စိုက်ပျိုး ဖြစ်ထွန်းသော ပဲများမှာ ပဲတီစိမ်း၊ကုလားပဲ၊ပဲစဉ်းငုံတို့ဖြစ်ပါသည်။ ပဲတီစိမ်းကို မန္တလေးတိုင်းဒေသ ကြီးအတွင်း မိုး/ဆောင်း နှစ်သီးစိုက်ပျိုးပြီး ဆောင်းပဲတီစိမ်းအနေနှင့် ကျောက်ဆည်ခရိုင်တွင် အများ ဆုံးစိုက်ပျိုးပါသည်။ မိုးပဲတီစိမ်းကို ရမည်းသင်းခရိုင်တွင် အများဆုံးစိုက်ပျိုးပြီး တစ်ဧက အထွက် နှုန်းအနေနှင့် ပျှမ်းမျှ (၁၀) တင်း ဝန်းကျင်ထွက်ရှိပါသည်။ ပဲစင်းငုံနီမှာ ဇွန်၊ဇူလိုင်လများတွင် စတင် စိုက်ပျိုးပြီး ဇန်နဝါရီ၊ဖေဖော်ရီလများတွင် ထွက်ရှိရာ လက်ရှိအချိန်တွင် ပဲစဉ်းငုံအသစ်များ ဈေးကွက် သို့ဝင်ရောက်လာပါသည်။ မန္တလေးတိုင်းဒေသကြီးသည် ရာသီဥတုဒဏ်ခံနိုင်သည့် ပဲစင်းငုံနီကို အများဆုံး စိုက်ပျိုးသောဒေသဖြစ်ပြီး ကျောက်ပန်းတောင်းမြို့နယ်နှင့် မလှိုင်မြို့နယ်များတွင် အများဆုံး စိုက်ပျိုးပါသည်။ ကုလားပဲကို မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ်အားလုံး စိုက်ပျိုး သော်လည်း ကျောက်ဆည်ခရိုင်တွင် အများဆုံးစိုက်ပျိုးပါသည်။တစ်ဧကကုန်ကျစရိတ်အနေနှင့် ပျှမ်းမျှ(၁၁)တင်း ဝန်းကျင်ထွက်ရှိသည်ဟု သက်ဆိုင်ရာဌာနများ၏ စာရင်းများအရသိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း မတ်ပဲမှာ စိုက်ပျိုးမှုနည်းပြီး ပြင်ဦးလွင်ခရိုင်နှင့် မြင်းခြံခရိုင် တို့တွင်သာ အနည်းငယ် စိုက်ပျိုးပါသည်။

          ပဲတီစိမ်း ၅၆.၂၅ ပိဿာဝင် (၃)တင်းတစ်အိတ်ဈေးမှာ ယခုတစ်ပတ် ၁၀၈၀၀၀ ကျပ် ဖြင့် နေ့စဉ် အိတ် (၁၀၀၀-၁၅၀၀) ခန့်၊ မတ်ပဲ ၆၀ပိဿာဝင်(၃) တင်းတစ်အိတ်ဈေးမှာ ယခုတစ်ပတ်တွင် ၁၂၃၀၀၀ကျပ်ဖြင့် နေ့စဉ်အိတ် (၄၀၀- ၆၀၀) အိတ်ခန့်၊ ပဲစင်းငုံနီ (၆၀) ပိဿာဝင် (၃)  တင်း အိတ်ဈေးမှာယခုတစ်ပတ် ၁၂၇၀၀၀ ကျပ်ဖြင့်နေစဉ်( ၇၀၀ - ၁၀၀၀)ခန့်၊ ကုလားပဲဖြူလုံးကြီး နှင့်ကုလားပဲ ထိုင်ဝမ် ၅၇.၂၅ပိဿာဝင် (၃) တင်းတစ်အိတ် ဈေးမှာယခုတပတ် ၁၁၄၀၀၀၊ ၁၁၀၀၀၀ ကျပ်ဖြင့်နှစ်မျိုးပေါင်း နေ့စဉ်(၈၀၀-၁၃၀၀) ခန့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဈေးကွက်မှ သိရသည်။

DOCA(မန္တလေး)

“သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေ၍ ဝင်ငွေ တိုးစေသော အစိမ်းရောင်ရွှေဟု တင်စားခေါ်ဝေါ်သည့် ဝါးအကြောင်းသိကောင်းစရာ”

         မြန်မာနိုင်ငံသည် သစ်တောသစ်ပင်များ ပျက်စီးဆုံးရှုံးမှုနှင့် ကြုံတွေ့နေရသည်မှာ အားလုံး သိပြီးဖြစ်ပါသည်။ သဘာဝဘေးအန္တရာယ်များဖြစ်ပေါ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုအားနည်းရခြင်း ကြောင့်ဖြစ်ပါသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရာတွင် သစ်ပင်သစ်တောများသည် အရေးကြီးလှပါသည်။ ထို့ကြောင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန်အတွက် သစ်တောကြိုးဝိုင်း များထိန်းသိမ်းခြင်းအပြင်ပုဂ္ဂလိကလုပ်ငန်းရှင်များအားနှစ်ရှည်ပင်များစိုက်ပျိုးခွင့်ပြုလာခဲ့ပါသည်။ ထိုနှစ်ရှည်ပင်များထဲမှ ဝါးပင်များအားစနစ်တကျ စိုက်ပျိုး၍ ပတ်ဝန်းကျင် စိမ်းလန်း စိုပြေခြင်း အပြင် ကုန်ချောများ ထုတ်လုပ်၍ ဝင်ငွေတိုးပွားလာအောင်လည်း လုပ်ဆောင်လျက်ရှိပါသည်။

           မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဝါးတောဧရိယာ တတိယအများဆုံး ပိုင်ဆိုင်သည့် နိုင်ငံ ဖြစ်ပါသည်။ ဝါးပင်သည် မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်လေ့ရှိပြီး ပေါများစွာ ရရှိသည့် သဘာဝထွက်ကုန်တစ်မျိုးဖြစ်ပါသည်။ ထိုသို့ သဘာဝ အလျောက် ပေါများစွာ ပေါက်သည့် ဝါးပင် များသည် လူတို့ ခုတ်ယူအသုံးပြုမှုကြောင့် တစ်ဖြည်းဖြည်း ရှားပါးလာခဲ့ပါသည်။ ယခင်က  လိုအပ်သော ဝါးပင်များကို ရရှိရန် တောနက်ထဲအထိ သွားရောက်ခုတ်ယူစရာ မလိုသော်လည်း ယခုအခါတွင်ဝါးရှားပါးလာသောကြောင့် တောနက်ထဲထိ  ခက်ခဲပင်ပန်းစွာ ဝင်ရောက်ခုတ်ယူရ၍ ဝါးများကို စနစ်တကျ ပျိုးထောင်စိုက်ပျိုးလာကြပါသည်။ ဝါးပင်သည် ကာလတိုအတွင်း အသုံးပြု၍ရခြင်း၊ တစ်ကြိမ်သာ စိုက်ပျိုးရန်လိုပြီး နောင်နှစ်များတွင် ပွားများလာခြင်းကြောင့် အမြန်ဆုံး သစ်တောဖြစ်ရန် လွယ်ကူသော အပင်ဖြစ်ပါသည်။

          ဝါးပင်သည် ရေညှိရေမှော်ပင်များ တစ်ဖြည်းဖြည်း ကြီးထွားလာပြီး မြက်ပင်ငယ်အဆင့် မှ တဆင့် ဝါးပင်အဆင့်သို့ ပြောင်းလဲလာသော နှစ်ရှည်ခံ မြက်ကြီးပင်မျိုးရင်းဖြစ်ပါသည်။ စိုစွတ်သော မုတ်သုန်တောများတွင် သန်စွမ်းစွာ  ပေါက်ရောက်၍   သမပိုင်းရာသီဥတုတွင်  အသင့်အတင့်သာဖြစ်ထွန်းပြီး ခြောက်သွေ့သော အပူပိုင်းဒေသများတွင် အပင်ပုများ အဖြစ် ပေါက်လေ့ရှိပါသည်။ ကမ္ဘာပေါ်တွင် ပေါက်သော ဝါးမျိုးများမှာ တစ်ပင်ချင်းပေါက်သော ဝါးမျိုး ၊အစုလိုက်ပေါက်သော ဝါးမျိုးများဟုတွေ့ရတတ်ပါသည်။ မြန်မာနိုင်ငံတွင်ဝါးမျိုးစု (၂၂)မျိုးစုနှင့် မျိုးစိတ်ပေါင်း (၁၂၀)ခန့် ရှိသည်ဟုလေ့လာမှတ်သားရပါသည်။ ဝါးသည် အပူအအေး (၂)မျိုးရှိခြင်းကြောင့် ဝါးစိုက်မည် ဆိုပါက စိုက်ပျိုးမည့် ဒေသ၏ အပူချိန်၊မိုးရေချိန်များနှင့် ချိန်၍ စိုက်ပျိုးသင့်ပါသည်။

          ဝါးပင်ကို အစေ့မှစိုက်ပျိုးခြင်း၊ ဝါးဆစ်မှစိုက်ပျိုးခြင်း၊ ဝါးမြစ်ဆုံမှစိုက်ပျိုးခြင်း၊ ဝါးကိုင်း များကို မြေထုပ်စည်း၍စိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးနိုင်သော်လည်း ဝါးစေ့မှစိုက်ပျိုးခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ ဝါးစေ့ဖြင့်စိုက်ပျိုးရာတွင် ဝါးစေ့များကို ပျိုးခင်းလုပ်ကာ ပျိုးပင်များ ပေါက်လာသောအခါမှ နှုတ်ပြီး ပျိုးအိတ်များထဲထည့်၍စိုက်ပျိုးရပါသည်။ အပင်တစ်နှစ်သား လောက်တွင် ၃၊ ၄အမြင့်ရရှိပြီး မြေပြင်ချ၍စိုက်ပျိုးနိုင်ပြီဖြစ်ပါသည်။ နွေရာသီတွင် တနေ့ တစ်ကြိမ်လောက်သာ ရေသွင်းပေးရန်လိုပါသည်။ ဝါးပင်သည် ၃ နှစ်သားလောက်တွင် ခုတ်ယူ အသုံးပြုနိုင်ပြီဖြစ်ပါသည်။

          ယခုအခါဥယျာဉ်ခြံမြေသမားများသည် အလုပ်သမားရှားပါးမှု၊ ဝယ်ယူအသုံးပြုရသော သွင်းအားစုများ အဆမတန်ဈေးမြင့်မားမှုများကြောင့်သော်လည်းကောင်း၊ ဝါးပင်သည် စိုက်ပျိုးရန် လွယ်ကူခြင်း၊ အခြားသီးနှံများနှင့်ယှဉ်လျှင် ရေလောင်းပေါင်းရှင်း အစာကျွေးရသက်သာခြင်းနှင့် စိုက်ပျိုးစရိတ်ကုန်ကျမှုနည်းပါးခြင်းတို့ကြောင့် အခြားသီးနှံများအစား ဝါးပင်ကို အစားထိုး စိုက်ပျိုးလာကြပါသည်။

          ဝါးပင်သည် အခြားသီးနှံများနှင့်ယှဉ်လျှင် အောက်ဆီဂျင်ထုတ်လုပ်မှု ၃၅% ခန့်ပိုပါသည်။ ဝါးရွက်ကလေးများတွင် ပါဝင်သော အမွှေးအမျှင်များသည် ဖုန်စုပ်ယူနှုန်း တစ်ဟတ်တာလျှင် တန် ၉၀ ခန့်စုပ်ယူနိုင်ပြီး ဆာလဖာကိုလည်းစုပ်ယူနိုင်ပါသည်။ အပင်အလေးချိန်၏ သုံးပုံတစ်ပုံခန့် မြေဆီလွှာကို ဇီဝမြေဩဇာခြွေချပေးနိုင်ပြီး မြက်ပင်ကြီးမျိုးဖြစ်သည့်အတွက် မြေပေါ်တွင် အမြစ်များပြန့်နှံနေခြင်းကြောင့် မိုးရွာလျှင်မြေဆီလွှာများကို ရေတိုက်စားခြင်းမှ ကာကွယ်ပေးနိုင် ပါသည်။ ကာဗွန်ဒိုင်အောက်ဆိုဒ် စုပ်ယူမှုမှာလည်း တစ်ဟတ်တာလျှင် တန် ၂၀၀ ခန့်ရှိသည့် အတွက် ဝါးပင်အောက်နေသောလူသည် စိတ်ကိုလန်းဆန်းတတ်ကြွစေသော ကျန်းမာရေးနှင့် ညီညွတ်သည့် ကောင်းကျိုးများလည်းရရှိနိုင်ပါသည်။

          ဝါးပင်သည် ယခင်က သုံးနှစ်လောက်သာခံသော်လည်း ယခုအခါ စနစ်တကျဆေးသွင်း၍ အသုံးပြုပါက နှစ် ၅၀ ထိ ခံသည်ကို တွေ့ရသောကြောင့် သစ်အစားထိုးအသုံးပြု၍ ရနိုင်သည်ဟု ယူဆနိုင်ပါသည်။ ဆေးသွင်းရာတွင် Boric Acid 1 lb နှင့် Borax Powder 1 ½ lb ကို ရေ ၃ ဂါလံနှုန်းအချိုးအစားဖြင့် အသုံးပြုရသည်ဟု သိရှိရပါသည်။

          ဝါးသည် အခြေခံလူတန်းစားများအတွက် သစ်ဟုတင်စားခေါ်ဝေါ်ကြကာ မြန်မာနိုင်ငံကျေးလက် ဒေသများ၏ စားဝတ်နေရေးအတွက် အလွန်အရေးပါသောအပင်ဖြစ်သည်။ ဝါးသည် ဘုရားတည် ရာတွင် ငြမ်းစင်ခြင်းနှင့်အဆောက်အဦးများဆောက်လုပ်ရာတွင် ငြမ်းပြုလုပ်ရန်အတွက် မရှိမဖြစ် လိုအပ်လှသလို လူများစားသုံးရန် အဟာရဓာတ်ကြွယ်ဝသော မျှစ်ကိုလည်းရရှိပါသည်။

          ဝါးပင်သည် ပင်မဝါးပင်ကြီးများကို အသုံးပြုနိုင်ရုံသာမက ဘေးတက်များကိုလည်း မီးသွေးဖုတ်၍ ဝါးမီးသွေးပြုလုပ်နိုင်ပါသေးသည်။ ဝါးမီးသွေးဖုတ်ရာတွင်လည်း ဝါးရွက်၊ ဝါးကိုင်း ခြောက်များကို အသုံးပြုသောကြောင့် ဝါးပြာလည်းရရှိနိုင်ပါသည်။ ဝါးမီးသွေးဖုတ်ရာမှ ထွက်လာ သောအငွေ့များကို ငှက်ပျောဖက်(သို့မဟုတ်) ဝါးလုံးပြွန်ဖြင့် ထုတ်ယူသောအခါ အရည်အဖြစ် ထွက်လာပြီး ဝါးပေါင်းခံရည် (ဝါးဗနီကာ)ကို ရရှိပါသည်။ ဝါးဗနီကာ ရည်သည် သေခါနီး အပင်များကို ဖြန်းလိုက်လျှင် အပင်သည် ပြန်လည်လန်းဆန်းလာခြင်း၊ နှမ်းခင်းများအား ဖြန်းလျှင် နှမ်းသီးများစွာသီးခြင်း၊ မြေပဲပင်များအားဖြန်းလျှင် မြေပဲဥများစွာဥခြင်းနှင့် ဝါးဗနီကာ ရည်ဖြန်းထားလျှင်လည်း ဘေးထွက်ဆိုးကျိုးမရှိဘဲ စားသုံးနိုင်ပါသည်။ ဝါးပြာကို ရေစိမ်၍ ရေကြည်နေအောင်ထားကာ ရေသန့်ဗူးတစ်ဘူးထဲသို့ ဝါးပြာရည် ၅ စက် ၆ စက်ခန့် ရောသောက် လျှင် ခန္ဓာကိုယ်တွင်ရှိသော အဆီပိုများကျခြင်းနှင့် ဆီးချိုရောဂါကို ပျောက်ကင်းစေပါသည်။ ဝါး ဗနီကာရည်နှင့် ဆပ်ပြာကိုပေါင်းစပ်၍ ထုတ်လုပ်ထားသော ရေချိုးဆပ်ပြာရည်သည် အရေပြား ရောဂါများ၊ တင်းတိတ်နှင့် ဝက်ခြံများကို ပျောက်ကင်းစေပါသည်။ ဝါးဗနီကာရည်မှ ခြင်၊ ယင်၊ ပုရွက်ဆိတ် အစရှိသည့်ပိုးမွှားများ မလာနိုင်သည့် အင်းဆက် စပရေးကိုလည်း ထုတ်လုပ် နိုင်ပါသည်။ ဝါးဗနီကာရည်ထဲတွင် အော်ဂဲနစ်ပစ္စည်းအမျိုးပေါင်း ၂၀၀ မှ ၄၀၀ ကျော်အထိ ပါဝင်သည်ဟုပညာရှင်များက ဆိုပါသည်။

          ဝါးကိုအသုံးပြု၍ ဝါးလက်မှုပညာသင်တန်းကျောင်းများ ဖွင့်လှစ်ကာ ဝါးနှင့်ပတ်သက် သည့်လက်မှုပညာများ သင်ကြားပေးသောကြောင့် အသက်မွေးဝမ်းကြောင်းပညာ ရရှိခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုများပြားလာခြင်း၊ ဝါးဖြင့်ပြုလုပ်သော စားပွဲ၊ ကုလားထိုင်မှ အစပြု၍ လူသုံးကုန်ပစ္စည်းအမျိုးမျိုးသည် ဈေးကွက်တွင် တွင်ကျယ်စွာဝင်ရောက် နေရာယူလာခြင်း မြန်မာလက်မှုအနုပညာစင်တာရှိ ပြခန်းများတွင်လည်း ဝါးဖြင့်ပြုလုပ်ထားသောပစ္စည်းများ ခင်းကျင်းရောင်းချနိုင်ခြင်း၊ အဆင့်မီဟိုတယ်ကြီးများမှာပင် မြန်မာ့လက်မှုပညာကို တန်ဖိုး ထား၍ ဝါးဖြင့်ပြုလုပ်သော လူအသုံးအဆောင်ပစ္စည်းများ အသုံးပြုလာခြင်း စသည့် အကျိုး ကျေးဇူးများ ရရှိနိုင်ပါသည်။

          ဝါးပင်သည် ကာဗွန်ဒိုင်အောက်ဆိုဒ် စုပ်ယူမှုကောင်းသလို အောက်ဆီဂျင်ထုတ်လုပ်မှု ကောင်းပြီး ဖုန်မှုန့်များကို တားဆီးပေးနိုင်ခြင်း၊ လေကို သန့်စေသည့် အပင်ဖြစ်ခြင်း၊ သက်တမ်း (၃)နှစ်မှစတင်အသုံးပြုနိုင်၍ (၆)နှစ်ဆိုလျှင် ဝင်ငွေများစွာ ရရှိခြင်းအပြင် အပင်ဖြစ်လွယ်ပြီး သစ်တော၊ သစ်ပင် အမြန်ဖြစ်နိုင်ခြင်းတို့ကြောင့်သဘာဝပတ်ဝန်းကျင်ကို စိမ်းလန်းစိုပြေစေနိုင်ပြီး

ဝါးတန်ဖိုးမြှင့် ထုတ်ကုန်များအား ပြည်တွင်း၌သာမက ပြည်ပသို့ တင်ပို့ရောင်းချနိုင်မည် ဆိုပါက နိုင်ငံခြားဝင်ငွေ တိုးပွားလာမည်မှာ ဧကန်မုချအမှန်ပင်ဖြစ်ပါသောကြောင့် ဝါးပင်အား တိုးချဲ့စိုက်ပျိုးသင့်ကြောင်း တင်ပြလိုက်ရပါသည်။

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

အစေ့ထုတ်ပြောင်း ဈေးကွက်အခြေအနေ

          သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် အစေ့ထုတ်ပြောင်း ယခုနှစ် စိုက်ပျိုးဧကမှာ (၆၀၈၉) ဧက ရှိပြီး၊သာယာဝတီခရိုင်အတွင်း စိုက်ဧကပေါင်းမှာ (၉၅၂၄)ဧကရှိသဖြင့် မိုးညိုမြို့နယ်သည် အစေ့ ထုတ်ပြောင်း အများဆုံးစိုက်ပျိုးသောမြို့နယ်ဖြစ်သည်။ ယခုနှစ်တွင် အစေ့ထုတ်ပြောင်းပေါ်စ အချိန်မှစပြီး ဈေးကောင်းရရှိနေပါသည်။

    မိုးညိုမြို့ပေါ်ရှိ ကုန်သည်ကြီးများမှ ပြောင်းစိုက်ခင်းများထိ ယခုလက်ရှိပေါက်ဈေးပိဿာ (၂၀) ဈေးနှုန်း (၁၆၂၀၀) ကျပ်ဈေးဖြင့် ကွင်းထိလာရောက်ဝယ်ယူနေကြောင်း သိရှိရပါသည်။ ယခင်နှစ် ပြောင်း စပေါ်ချိန်တွင် ပိဿာ(၂၀)ဈေးနှုန်းမှာ (၁၀၀၀၀)ကျပ်သာရှိခဲ့ပါသည်။ မိုးညိုမြို့ပေါ်တွင် ယခုလက်ရှိ ပွဲရုံပေါက်ဈေး တစ်တင်းလျှင် (၁၇၃၀၀)ကျပ်ပေါက်ဈေးရှိနေကြောင်းသိရှိရပြီး အစေ့ထုတ်ပြောင်း တစ်ဧက ကုန်ကျစရိတ်အနေဖြင့် ငါးသိန်းကျပ်ကျော် ကုန်ကျပြီး၊ တစ်ဧကပျှမ်းမျှ အထွက်တင်းအနေဖြင့် (၇၉) တင်း ကျော်နှုန်းထွက်ရှိသည့်အတွက် တစ်ဧကဝင်ငွေအကျိုးအမြတ်မှာ (၁၂၇၉၈၀၀)ကျပ် ဝင်ငွေရရှိနိုင်ပြီး အကျိုးအမြတ် အနေဖြင့် (၇၄၀၀၀၀)ကျပ် အကျိုးအမြတ်ရရှိနိုင်ကြောင်းသိရှိရပါသည်။

          စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

အိမ်တွင်းမှု တစ်နိုင်တစ်ပိုင် သင်ဖြူးဖျာရက်လုပ်ခြင်း ဈေးကွက်အခြေအနေ

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ် မအူကုန်းရပ်ကွက်၊ ဘောလုံးကွင်း (၅)လမ်းတွင် သင်ဖြူးဖျာရက်လုပ်ခြင်းလုပ်ငန်းကို မိသားစု တစ်နိုင်တစ်ပိုင်လုပ်ငန်းအဖြစ် လုပ်ကိုင် ဆောင်ရွက်လျက်ရှိပါသည်။

          သင်ဖြူးဖျာရက်လုပ်ခြင်းလုပ်ငန်းအတွက် လုပ်သားဦးရေ(၄)ဦးဖြင့်သာ ရက်လုပ်လျက်ရှိပြီး သင်ဖြူးဖျာ အမျိုးအစားယက်လုပ်နိုင်မူအပေါ်မူတည်ပြီး ယက်လုပ်ရခြင်းကြောင့် ဝင်ငွေကွာဟမူနည်း/များ ကြောင်း သိရှိပါသည်။

          သာယာဝတီခရိုင်ဈေးကွက်တွင် ရောင်းတန်းဝင်သင်ဖြူးဖျာအကြီး (၁)ချပ်လျှင် ငွေကျပ်(၃၅၀၀၀)၊  သင်ဖြူးဖျာ အသေး(၁)ချပ်လျှင် ငွေကျပ်(၁၅၀၀၀)၊ နေခထိုင် ဖျာ(၁)ချပ်လျှင် (၂၅၀၀)ကျပ်ဖြင့် ရောင်းချ ရပြီး ရက်လုပ်ထားသည့် အကြီး/အသေးပေါ်မူတည်ပြီး ရောင်းချရသောကြောင့် ဈေးကွာဟမူများလည်း ရှိပါသည်။ယခုနှစ်တွင် ဈေးနှုန်းများမတည်ငြိမ်မှု များကြောင့် အရောင်း/အဝယ် အနည်းငယ် ရပ်ဆိုင်း သွားကြောင်း သိရှိရပါသည်။

          အိမ်တွင်းမှုလုပ်ငန်းများဖြစ်သည့် မြန်မာသင်ဖြူးဖျာရက်လုက်ခြင်းကို ဈေးကွက်အနေဖြင့် မိမိမြို့နယ်မှ ရန်ကုန်မြို့နယ်နှင့် အခြားမြို့နယ်များအထိ ဈေးကွက်ဝင်ကြောင်းသိရှိရပြီး လက်လီ လက်ကား ပေးပို့ရောင်းချလျက်ရှိပါကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

ခရမ်းချဉ်စိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးကွက်အခြေအနေ

          ခရမ်းချဉ်သီးကို မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည် ခရိုင်အတွင်းရှိ မြို့နယ်များမှ တောင်သူများအနေဖြင့် စီးပွားဖြစ်အများအပြား စိုက်ပျိုးလျက်ရှိ ပါသည်။ မြေတစ်ဧကလျှင် မျိုးစေ့ (၆)ထုပ်မှ (၇)ထုပ်စိုက်ပျိုးရပြီး ခရမ်းချဉ်သီးမျိုးစေ့ အများအပြားရှိသော်လည်း (Wonder 100)မျိုးကို ဒေသရာသီဥတုနှင့် ရေမြေသဘာဝ ကိုက်ညီမှု ရှိသောကြောင့်  ဒေသတောင်သူများ အားထား စိုက်ပျိုးလျက်ရှိပါသည်။

           မျိုးစေ့တစ်ထုပ်လျှင် ကျပ် ၁၀၀၀၀ မှ ၁၀၅၀၀ ပေးဝယ်ရပြီး ယခင်က မြေတစ်ဧကလျှင် ထွန်ယက်ခြင်း လုပ်သားခ ကျပ် ၁၀၀၀၀ နှုန်းဖြင့် (၈)ရက်ထွန်ယက်ရခြင်း၊ ယခု တစ်ဧကလျှင် မြေပြုပြင်ခ တစ်နာရီလျှင် ကျပ် ၂၀၀၀၀ နှုန်းဖြင့် ထွန်ယက်ရခြင်း၊ စိုက်ပျိုးပြီး ရက်သတ္တပတ် (၃)ပတ်ကျော်လျှင် အလုပ်သမားငှားရမ်းခ တစ်နေ့လျှင်ကျပ်(၆၀၀၀)နှုန်းဖြင့် စိုက်ပျိုးဘောင်များ ပေါင်းပေါက်ပေးရကြောင်း သိရှိရသည်။ ထို့နောက် စိုက်ပျိုးပြီးခရမ်းချဉ်ပင်များအား ဝါးတိုင်များ ထောင်ပေးရခြင်း၊ တစ်ဧကတိုင်ထောင်ရန် ဝါးအလုံးရေ(၅၀၀၀)ခန့်သုံးပေးရခြင်း၊ အားဆေး၊ မှိုဆေး၊ ပိုးသတ်ဆေးများကို (၁)ရက်ကျော်ဖြန်းပေးရကြောင်း သိရှိရပါသည်။ တစ်ဧကလျှင် (ဓာတ်မြေဩဇာ)မြေဆီအိတ်(၅)အိတ်မှ (ရ)အိတ်သုံးပေးရပြီး၊ တစ်အိတ်လျှင် ကျပ် ၈၀၀၀၀ နှုန်းဖြင့် အသုံးပြုရကြောင်း သိရှိရသည်။  ခရမ်းချဉ်ပင်များအား အပင်ထိန်းရန်အတွက် အမျိုးသမီးအလုပ်သမား (၁၀)ဦးခန့် ငှားရမ်းရပြီး၊ ငှားရမ်းခကုန်ကျစရိတ် (၁)ဦးလျှင် ကျပ်(၃၀၀၀)နှုန်းဖြင့် (၂)ပတ် တစ်ခါ ကြိုးဖြင့်ချည်ပေးရခြင်း၊ နှစ်လခန့်အကြာတွင် အပင်အောက်ခြေမှ  ရွက်ကြမ်းများအား ညှပ်ပေးရခြင်းများ ပြုလုပ်ပေးရကြောင်းသိရှိရသည်။

          စိုက်ပျိုးပြီး(၃)လခန့်အကြာ ဒီဇင်ဘာလမှ ဖေဖော်ဝါရီလ အထိခူးဆွတ်နိုင်ကြောင်း သိရှိ ရပြီး တစ်ဧကလျှင် ကုန်ချိန်ပိဿာ ၇၀၀ မှ ၁၀၀၀ ထိထွက်ရှိပြီး တစ်ပတ်လျှင် (၂)ကြိမ်ခန့် ခူးဆွတ်၍ ပွဲစားများမှ စိုက်ခင်းများအထိ လာရောက်ဝယ်ယူကြောင်း သိရှိရသည်။ ဇန်နဝါရီလတွင် တစ်ပိဿာဈေးနှုန်း ၁၄၀၀ မှ ၁၆၀၀ ထိရောင်းချရပြီး ယခုဖေဖော်ဝါရီလတွင် တစ်ပိဿာ ရောင်းချရဈေးနှုန်း ၄၀၀ မှ ၆၀၀ အထိသာ ရောင်းချခဲ့ရသော်လည်း ယခင်နှစ်ရောင်းချရမှုနှင့် နှိုင်းယှဉ်လျှင် တစ်ဧက ကျပ်သိန်း ၃၀ ဝန်းကျင် အမြတ်အစွန်း အကျိုးခံစားခွင့်ရရှိသော  သီးနှံ ဖြစ်သည့် ခရမ်းချဉ်သီးသည် ရာသီချိန်သီးနှံဖြစ်သော်လည်း စတင်စိုက်ပျိုးချိန်မှ (၃)လကြာလျှင် ခူးစွတ်ရသည့်အတွက်  သွင်းအားစုနှင့် လုပ်သားခများရှိသော်လည်း  ယခုနှစ် ဈေးနှုန်းအနေနှင့် စတင်ထွက်ရှိချိန် (၁)လနီးပါး ဈေးကောင်းရခြင်း၊ ယခု သီးနှံရာသီ ကုန်ခါနီးတွင်လည်း ဈေးနှုန်း အနေနှင့် သင့်တင့်နေသည့်အတွက် တောင်သူများအနေနှင့် သင့်တင့်သည့် အကျိုးအမြတ် တွက်ခြေကိုက်မှုရှိသော သီးနှံတစ်ခုဖြစ်ကြောင်းကို ကျောက်ဆည်ခရိုင်အတွင်းရှိ သံရွာနှင့် သပြေကုန်းကျေးရွာများရှိ တောင်သူများထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

မတ်ပဲစိုက်ပျိုးမှုနှင့် ဈေးကွက်အခြေအနေတွေ့ဆုံမေးမြန်း

          စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်မှူးရုံးမှ တာဝန်ရှိသူသည်  လက်ပံတန်းမြို့နယ်၊ မိုးအိုင်အုပ်စု၊ သဖန်းကုန်းကျေးရွာရှိ တောင်သူဦးကျော်လေး၏ မတ်ပဲစိုက်ခင်းသို့ (၂၂.၂.၂၀၂၂) ရက်နေ့ (၁၀: ၀၀) နာရီ အချိန်တွင် မတ်ပဲသီးနှံ စိုက်ပျိုးထားရှိမှု အခြေအနေနှင့် သွင်းအားစု စိုက်ပျိုးရေး ဆေးသုံးစွဲမှု အခြေအနေများအား တွေ့ဆုံမေးမြန်းခဲ့ပါသည်။     

          မတ်ပဲစိုက်တောင်သူဦးကျော်လေးမှ မတ်ပဲတစ်ဧကကို ပိဿာ ၂၀ စိုက်ပျိုးရပြီး ပဲတီစိမ်းစိုက်သူရှိ သော်လည်း မတ်ပဲကိုသာ အများဆုံးစိုက်ပျိုးလျှက်ရှိပါကြောင်း၊ စိုက်ပျိုးချိန်တွင် ပဲမျိုး ၅၀၀၀၀ ဈေးထိဝယ်ရပြီး ယခင်ကထွန်စက်ခ တစ်ထပ်လျှင် ၁၀၀၀၀ကျပ်ပေးရပြီး ယခုအခါထွန်စက်ခ တစ်ထပ်လျှင် ၁၅၀၀၀ကျပ် ပေးရကြောင်း၊ စိုက်ပျိုးပြီး အပင်ပေါက် ၁၅ရက်ကျော်လျှင် ပိုးသတ်ဆေး၊  အပင်အားဆေး၊ အသီးအပွင့်အားဆေးပက်ဖျန်းပေးရကြောင်း၊ ပဲရိတ်သိမ်းချိန် အထိခန့်မှန်းကုန်ကျစရိတ် ၂၀၉၀၀၀ကျပ်ခန့် ကုန်ကျကြောင်း၊ တစ်ဧက အထွက်နှုန်းမှာ ၁၅ တင်းကျော်ခန့်သာ ထွက်ရှိပြီး တစ်တင်းပေါက်ဈေးနှုန်း ၄၀၀၀၀ကျပ်ရှိကြောင်း၊ ပွဲရုံများသို့ ရောင်းချရကြောင်း ၊ မတ်ပဲတစ်ဧကဝင်ငွေမှာ ၆၀၀၀၀၀ ကျပ်ခန့် ရရှိကြောင်း၊ တစ်ဧကစိုက်ပျိုးလျှင် ၄၀၀၀၀၀ကျပ်နီးပါးခန့် အမြတ်ရရှိကြောင်း မတ်ပဲစိုက်တောင်သူ ဦးကျော်လေး ထံမှသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

လေလွင့်ဆုံးရှုံးမှုနည်းပါးရန် ပဲစင်းငုံသိုလှောင်ရာတွင် လိုက်နာသင့်သည့် အချက်များ

          ပဲစင်းငုံသည် ရာသီအလိုက်ထွက်ရှိသော သီးနှံဖြစ်သော်လည်း တစ်နှစ်ပတ်လုံး စားသုံးလျက် ရှိကြရာ ပဲစင်းငုံသိုလှောင်ခြင်းသည် ရိတ်သိမ်းချိန်လွန်နည်းပညာ၏အရေးပါသောလက္ခဏာ အသွင်အပြင်တစ်ရပ်အနေဖြင့် တည်ရှိနေပေသည်။ သို့ပါ၍ ပဲစင်းငုံများကို တစ်နှစ်ပတ်လုံး ထောက်ပံ့တင်ပို့နိုင်မှုကို ထိန်းသိမ်းထားရှိရန်မှာ မှန်ကန်၍စနစ်ကျသော သိုလှောင်မှုတစ်ရပ် လိုအပ်ပါသည်။ ဤသို့ သိုလှောင်နိုင်ခြင်းဖြင့် သီးနှံ၏အရည်အသွေးပျက်စီးမှုမှ ကာကွယ်ပေး သည့်အပြင် ပုံမှန်ရောင်းလိုအားနှင့် ဝယ်လိုအားကိုဖြစ်စေခြင်းဖြင့် ဈေးနှုန်းတည်ငြိမ်မှုကို အထောက်အကူဖြစ်စေပါသည်။ သိုလှောင်ရာတွင် လေလွင့်ဆုံးရှုံးမှုများ၊ ပိုးမွှားကြွက်အဏုဇီဝ ရုပ်ကြွင်းတို့ကြောင့် ပျက်စီးမှုမှာအများဆုံးဖြစ်ပါသည်။ သိုလှောင်မှုဆိုင်ရာ အထောက်အကူ ဖြစ်စေမှုများ အားနည်းခြင်းသည် စိုက်ပျိုးသူလယ်သမားများကို ယင်းတို့၏သီးနှံများအား ရိတ်သိမ်းခူးဆွတ်ပြီးနောက်ပိုင်း နိမ့်သောဈေးနှုန်းဖြင့်ရောင်းချမှုပြုရန် တွန်းအားဖြစ်စေပါသည်။ သို့ပါ၍ ပဲစင်းငုံများကို သိုလှောင်ထားစဉ် ပိုးမွှားနှင့်မှိုကျရောက်မှုကြောင့် ပျက်စီးမှုများမဖြစ်စေ ရန်နှင့် ကိုက်ဖြတ်စားတတ်သော တိရိစ္ဆာန်များ၏ တိုက်ခိုက်ဖျက်ဆီးမှုမရှိစေဘဲ ကောင်းမွန် သောအခြေအနေတွင်ရှိနေစေရန်မှာ မရှိမဖြစ်လိုအပ်လျက်ရှိပါသည်။ ပဲစင်းငုံများကိုစိတ်ချစွာ သိုလှောင်ထားနိုင်ရန် အောက်ပါလိုအပ်ချက်များကို ပြီးပြည့်စုံအောင်ဆောင်ရွက်ထားရှိသင့် ပါသည်-

(က)    သိုလှောင်ရန်နေရာရွေးချယ်ခြင်း။             သိုလှောင်ရုံများကိုမြင့်၍ ရေစီးဆင်းမှု ကောင်းသောနေရာတွင် တည်ဆောက်သင့်သည်။ လွယ်ကူစွာသွားလာနိုင်သော နေရာဖြစ်သင့်သည်။ သိုလှောင်ရုံတည်ဆောက်မှုသည် နေရောင်ခြည်တိုက်ရိုက် ထိတွေ့ခြင်း၊ အပူဓါတ်များပြားခြင်း၊ စိုထိုင်းခြင်း၊ ပိုးမွှားများနှင့်ကိုက်ဖြတ် စားတတ်သောတိရစ္ဆာန်များအန္တရာယ်တို့မှ အကာအကွယ်ပေးနိုင်မှုရှိရပါမည်။ သိုလှောင်ရုံများသည် မြေမျက်နှာပြင်မှ အနည်းဆုံး ၁ပေမြင့်ပြီးကောင်းမွန်ခိုင်ခန့် စွာပြင်ညီတည်ဆောက်ထားသော အဆောက်အဦဖြစ်ရပါမည်။ သို့မှသာစွတ်စိုမှု မှကာကွယ်ပေးနိုင်ပါမည်။

 (ခ )   သိုလှောင်ရုံတည်ဆောက်မှုရွေးချယ်ခြင်း။            သိုလှောင်မည့်ပဲစင်းငုံပမာဏ အတိုင်း ဝင်ဆံ့နိုင်ရန် ရွေးချယ်သင့်ပါသည်။

(ဂ )    သိုလှောင်ရုံသန့်ရှင်းခြင်း။      ပဲစင်းငုံများ မသိုလှောင်မီအဆောက်အဦကို စနစ် တကျသန့်ရှင်းမှုပြုလုပ်သင့်သည်။ သိုလှောင်ရုံတွင် သီးနှံများကျန်ရှိခြင်း၊အပေါက် များ အက်ကွဲရာများမရှိစေရပါ။ ယင်းတို့သည် ပိုးမွှားများခိုလှုံရာအရပ်ဖြစ်စေသည့် သိုလှောင်မှုမပြုမီ သိုလှောင်ရုံအား ပိုးသတ်မှိုင်းတိုက်ခြင်း  ပြုလုပ်ပေးသင့် ပါသည်။

(ဃ)    ပဲစင်းငုံများကိုသန့်စင်ခြင်း အခြောက်ခံခြင်း။ သိုလှောင်မှုမပြုမီ ပဲစင်းငုံများကို စနစ်တကျမှန်ကန်စွာ သန့်စင်ခြင်း၊ အခြောက်ခံခြင်းတို့ကို ပြုလုပ်သင့်ပါသည်။ သီးနှံတွင် အခြားပစ္စည်းများပါရှိမှုမရှိစေရန်နှင့် အရည်အသွေးပျက်စီးခြင်း၊ ပိုးမွှားများ ကျရောက်ခြင်းတို့မှ ရှောင်ရှားနိုင်ရန် အစိုဓါတ်များပြားခြင်းမရှိစေရန် ဆောင်ရွက်ရပါမည်။

(င )    ထုပ်ပိုးအိတ်များသန့်စင်ခြင်း။ ပဲစင်းငုံသိုလှောင်ရာတွင် ဖြစ်နိုင်ပါက အိတ် အသစ်များကိုသာအသုံး ပြုသင့်ပါသည်။ အိတ်အဟောင်းများ အသုံးပြုလိုလျှင် ယင်းတို့ကို စနစ်တကျမှန်ကန် စွာသန့်စင်ခြင်း၊ အခြောက်ထားရှိခြင်းနှင့် ပိုးသတ်မှိုင်းတိုက်ခြင်းများကို အသုံး မပြုမီဆောင်ရွက်ထားရမည်။

(စ )    သီးနှံအသစ်အဟောင်းခွဲခြား၍ ပိုင်ပုံထားရှိခြင်း။           သီးနှံတွင်ပိုးကျရောက်မှုများကို စစ်ဆေးနိုင်ရန်နှင့် သိုလှောင်ရုံကို ကျန်းမာရေးနှင့်ညီညွတ်စွာထိန်းသိမ်းနိုင်ရန် သီးနှံအဟောင်းအသစ်ခွဲခြား၍ ပိုင်ပုံထားရှိသင့်ပါသည်။

(ဆ)    သယ်ယူပို့ဆောင်သည့်ယာဉ်များသန့်ရှင်းခြင်း။        ပဲစင်းငုံသယ်ယူပို့ဆောင်ရေး အတွက် အသုံးပြုမည့်ယာဉ်များကို ဗီနိုင်းဖြင့် စနစ်တကျမှန်ကန်စွာ သန့်ရှင်းစွာ ထားရှိသင့်သည်။

 (ဇ )   သီးနှံတင်ခုံများအသုံးပြုခြင်း။      ကြမ်းခင်းများမှ အစိုဓါတ်စုပ်ယူခြင်းမှ ရှောင်လွှဲ နိုင်ရန် သီးနှံအိတ်များကို ပိုင်ပုံခြင်းမပြုမီ သီးနှံတင်ခုံများ အသုံးပြုရပါမည်။ သီးနှံ အိတ်များကို သစ်သားခုံ(သို့မဟုတ်) ဝါးဖျာပေါ်တွင် ပေါ်လီသင်းအစ ဖုံးအုပ်ထား သည့်အပေါ်၌ထားရှိသင့်ပါသည်။

(ဈ)     လေဝင်လေထွက်မှန်ကန်စေခြင်း။            ရာသီဥတုကြည်လင်သာယာနေသော အခြေအနေတွင်  လေစီးဆင်းမှုကို စနစ်တကျမှန်ကန်စွာ ရှိနေသင့်သော်လည်း မိုးရာသီတွင် လေစီးဆင်းမှုမှ ရှောင်ရှားနိုင်ရန် ဂရုပြုဆောင်ရွက်သင့်ပါသည်။

(ည)    ပုံမှန်စစ်ဆေးခြင်း။     သိုလှောင်ထားသော ပဲစင်းငုံများကို ပိုးကျရောက်မှုရှိ/မရှိ ပုံမှန်စစ်ဆေးခြင်းကိုပြုလုပ်သင့်သည်။ ပိုင်ပုံကျန်းမာရေးနှင့်ညီညွတ်မှုရှိစေရေး အတွက် ထိန်းသိမ်းရန်မှာလည်း လိုအပ်ချက်တစ်ခုဖြစ်ပါသည်။

          ပဲစင်းငုံသီးနှံများ သိုလှောင်မည့် လုပ်ငန်းရှင်များအနေဖြင့် ဖော်ပြပါ လိုအပ်ချက်များကို သိရှိလိုက်နာခြင်းဖြင့် သီးနှံအရည်အသွေးများ ကျဆင်းခြင်း၊ ပိုးမွှားကျရောက်ခြင်း စသည့် မလို လားအပ်သော ဆုံးရှုံးမှုများမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း မျှဝေရေးသားလိုက်ရပါသည်။

DOCA(မန္တလေး)

  • ကိုးကား-ရိတ်သိမ်းချိန်လွန်နည်းပညာအသုံးချဌာန

မန္တလေးတိုင်းဒေသကြီး၏ မိုးကြိုဝါ စိုက်ပျိုးရန် လျာထားချက်နှင့် ဈေးကွက်အခြေအနေ

          မန္တလေးတိုင်းဒေသကြီးတွင် ဝါသီးနှံကို မိုးကြို၊မိုး၊မိုးနှောင်းဟူ၍ စိုက်ပျိုးကြပြီး တိုင်းဒေသကြီးအတွင်း မိုးဝါကို မြို့နယ်အသီးသီးတွင် စိုက်ပျိုးကြပါသည်။ မိုးကြိုဝါကိုမူ ဖေဖော်ဝါရီလနှင့် မတ်လများတွင် ဆည်ရေရရှိသော ကျောက်ဆည်၊မြစ်သားနှင့် မိတ္ထီလာ ခရိုင်တို့တွင် စိုက်ပျိုးလေ့ရှိကြပါသည်။ ယခုနှစ်တွင် ကျောက်ဆည်မြို့နယ်၌  ဧက (၂၀၀)၊ မြစ်သားမြို့နယ်၌ ဧက (၅၀၀)၊ မိတ္ထီလာခရိုင်တွင် ဧက (၂၄၀၀)ခန့်နှင့် ရမည်းသင်းခရိုင် တွင် ဧက (၈၀၀၀)ကျော် စိုက်ပျိုးရန် လျာထားပြီး ယခင်နှစ် စိုက်ဧကများမှာ ကျောက်ဆည်မြို့နယ်တွင် ဧက(၃၀၀)၊ မြစ်သားမြို့နယ်တွင် ဧက (၃၄၀)ခန့်နှင့် မိတ္ထီလာခရိုင်တို့တွင် ဧက(၉၀)ကျော် စိုက်ပျိုးနိုင်ခဲ့ကြောင်း သက်ဆိုင်ရာ ဌာနများ၏ စာရင်းများအရသိရှိရပါသည်။ ဝါသီးနှံမှာ ပြည်တွင်းရှိ ဝါဂွမ်း၊ချည်ထည် စက်ရုံများသာမက ပြည်ပမှ ဝယ်လိုအားရှိသော သီးနှံဖြစ်ပြီး ဝါဂွမ်းဈေးနှုန်းအနေနှင့် လက်ရှိအချိန်တွင် တစ်ပိဿာလျှင် ၅၀၀ဝိ/- မှ ၅၂၀ဝိ/- ရှိကြောင်း ဈေးကွက်မှ သိရှိရပါသည်။

DOCA(မန္တလေး)

ကွန်ကရစ် ကျောက်ဂွေလုပ်ငန်းများအား ကွင်းဆင်းလေ့လာ

           ပဲခူးတိုင်းဒေသကြီးအတွင်း ဆောက်လုပ်ရေးလုပ်ငန်းများတွင် အသုံးပြုလျှက်ရှိသည့် ကွန်ကရစ် ကျောက်ဂွေ အမျိုးမျိုးထုတ်လုပ်ခြင်းကို အသေးစားလက်မှုလုပ်ငန်းတစ်ခုအနေဖြင့် တပိုင်တနိုင် လုပ်ကိုင် ဆောင်ရွက်လျှက်ရှိကြပါသည်။

         တစ်နိုင်တစ်ပိုင်လုပ်ငန်းဖြစ်သည့်အတွက် လုပ်သားဦးရေ (၆) ဦး (၇)ဦး ဖြင့်လုပ်ကိုင်နိုင်ပြီး တစ်ရက်လျှင် ကျောက်ဂွေအရည်အသွေးနှင့် အရွယ်အစားပေါ်မူတည်၍ အမျိုးအစား (၁၅)မျိုးထိ ထုတ်လုပ်နိုင်ပြီးကြောင်း၊ ရောင်းချသည့် ဈေးနှုန်းအနေဖြင့် ကျောက်ဂွေ၏ ပေ ၊ လက်မ ၊ အထူ ၊ အမျိုးအစားနှင့် အရွယ်အစားပေါ် မှုတည်၍   ကျပ် ၈၀၀၀၀ မှ ကျပ် ၁၀၀၀၀၀ ဝန်းကျင်ခန့် ရှိကြောင်းသိရှိရပါသည်။ ပျမ်းမျှကုန်ကျစရိတ်မှာ ‌ကျောက်ဂွေအမျိုးအစားပေါ်မူတည်၍ ကျောက်ဂွေ တစ်ဂွေလျှင် ဘိလပ်မြေနှင့် ကျောက်အမျိုးမျိုး အတွက် ကျပ် ၇၀၀၀၀မှ ကျပ် ၉၀၀၀၀အထိသုံးစွဲရပြီး ကျောက်ဂွေထုတ် လုပ်သားတစ်ဦးလျှင် တစ်နေ့ လုပ်အားခ  ၁၅၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်အထိ  ‌‌ရရှိကြောင်း သိရှိရပြီး စျေးကွက်အနေဖြင့်  ‌ ဆောက်လုပ်ရေးလုပ်ငန်းများဆောင်ရွက်သည့် လုပ်ငန်းခွင် အသီးသီးသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း  သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း