ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

သကြားပြောင်းဖူး၏ကျန်းမာရေးအကျိုးပြုပုံနှင့်ဈေးနှုန်းဈေးကွက်

       အဝါရောင်သကြားပြောင်းဖူးတွင် ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာပါဝင်သောကြောင့် အရေပြားပျက်စီးမှုကနေအထိရောက်ဆုံးကာကွယ်ပေးပြီး အရေးအကြောင်းဖြစ်ခြင်း၊ အရွယ်မတိုင်ခင်အိုမင်းရင့်ရော်ခြင်းမှလည်း အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါသည်။ ဗီတာမင်E ကြွယ်ဝစွာပါဝင်သောကြောင့် ဝက်ခြံအမာရွတ်များကို အထိရောက်ဆုံးသက်သာ ပျောက်ကင်းစေနိုင်ပြီး ပြောင်းဖူးကိုခြစ်ပြီးရလာသောအနှစ်ကို ဝက်ခြံအမာရွတ်များကိုလိမ်းပေးခြင်းဖြင့်လည်း သက်သာစေနိုင်ပါသည်။ ပြောင်းဖူးအဆီသည်သွေးစီးဆင်းမှုကောင်းစေနိုင်သလို ဆံသားကိုလည်း ကျန်းမာသန်စွမ်းစေပြီး  ဦးရေပြားတွင်ဖြစ်တတ်သော အရေပြားပြဿာနာများမှကင်းဝေးစေပြီး နတ်မှောင်သန်စွမ်းသောဆံသားကိုပိုင်ဆိုင်စေနိုင်ပါသည်။ ဗီတာမင်Cကြွယ်ဝစွာပါဝင်သောကြောင့် ဆံသားကိုအရင်းမှအဖျားအထိနတ်မှောင်သန်စွမ်းစေပြီး ဆံပင်ကျွတ်ခြင်းမှလည်း သက်သာစေနိုင် ပါသည်။ သကြားပြောင်းဖူးတွင် ဗီတာမင်B12၊ သံဓာတ်၊ ဖောလစ်အက်ဆစ်တို့ကြွယ်ဝစွာ ပါဝင်သောကြောင့် ပြောင်းဖူးစားသုံးပေးခြင်းဖြင့် သွေးအားနည်းရောဂါကိုကာကွယ်ပြီးသားဖြစ်စေ ပါသည်။ ဗီတာမင်A ကြွယ်ဝစွာပါဝင်သောကြောင့် အမြင်အာရုံကိုအားကောင်းစေနိုင်ပြီး အသက်အရွယ်ကြောင့်ဖြစ်သော အမြင်အာရုံပြဿာနာများမှလည်းကာကွယ်ပေးနိုင်ပါသည်။ သကြားပြောင်းဖူးသည် ကစီဓာတ်ပါဝင်သောကြောင့် အခြားအသီးအနှံများထက် စွမ်းအင်ပိုမိုရစေ နိုင်ပြီး ခန္ဓာကိုယ်အင်အားပြည့်ဝစေပါသည်။ သကြားပြောင်းဖူးတွင် ဖောလစ်အက်ဆစ် ကြွယ်ဝစွာပါဝင်သောကြောင့် ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် စားသုံးပေးသင့်သော အစားအစာ တစ်မျိုးဖြစ်ပြီး ကိုယ်ဝန်ဆောင်ချိန်တွင်ဖြစ်တတ်သော ခြေလက်ဖောရောင်ခြင်းမှလည်း သက်သာစေနိုင်ပါသည်။ ထို့ကဲ့သို့ အရသာရှိပြီး ကျန်းမာရေးအကျိုးကျေးဇူးများသော သကြားပြောင်းဖူးချိုချိုလေးကို မြင်းခြံမြို့၊အေးမြသီတာဈေးတွင် တစ်ဖူးလျှင် (၅၀၀-၆၀၀) ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။            

DOCA(မန္တလေး)                

“ပဲစဉ်းငုံ(မိုးဦး)များအောင်မြင်ဖြစ်ထွန်းလျှက်ရှိ”

     မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်မြို့နယ်တွင် ပဲစဉ်းငုံ(မိုးဦး) စိုက်ဧက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် (၇၁၀)ဧက စိုက်ပျိုးထားကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။ ပဲစဉ်းငုံကို သီးသန့်စိုက်ပျိုးမှုများရှိသလို သီးထပ်သီးညှပ်အဖြစ်လည်း စိုက်ပျိူးကြကြောင်း ၊ အများဆုံးစိုက်ပျိုးသောမျိုးများမှာ ကြေးနီရောင်တဘက်လှဲမျိုး၊ရွှေဝါရောင်လုံးသေးဒင်္ဂါးမျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ မေလနှင့်ဇွန်လများတွင် စတင်စိုက်ပျိုးခဲ့ပြီး ဖေဖော်ဝါရီလနှင့်မတ်လ များတွင် စတင်ထွက်ပေါ်မည်ဖြစ်ကြောင်း ၊ ယခုအချိန်တွင် မိုးရွာသွန်းမှု ကောင်းသောကြောင့် ပဲစဉ်းငုံများ အောင်မြင်ဖြစ်ထွန်းလျှက်ရှိကြောင်း ၊ တစ်ဧကကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း (၃၀၀၀၀၀)ကျပ် ဝန်းကျင်ခန့် ကုန်ကျကြောင်း ၊ ယခင်နှစ် အထွက်နှုန်းအနေဖြင့် (၁၀-၁၁)တင်းခန့် ထွက်ရှိခဲ့ကြောင်း ၊ စျေးနှုန်းအနေဖြင့် တစ်တင်းလျှင် (၁၀၈၀၀၀/-)ကျပ် စျေးနှုန်းရှိခဲ့ပြီး အကျိုးအမြတ်အနေဖြင့် (၇၈၀၀၀၀/-)ကျပ် ခန့်မြတ်ခဲ့ကြောင်း၊ ယခုအချိန်တွင် ပဲစဉ်းငုံများထွက်ပေါ်ခြင်းမရှိသေးသော်လည်း စျေးနှုန်းအနေဖြင့် တစ်တင်းလျှင် (၈၆၀၀၀/-) ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ၊ ပဲစဉ်းငုံကို ပဲဟင်း ၊ ပဲကြော် ၊ ပဲစဉ်းငုံ အသီးကို အစိမ်းပြုတ်၍ စားသုံးကြပါသည် ။ ပဲစဉ်းငုံစားသုံးခြင်းဖြင့် ပန်းနာရင်ကြပ် ရောဂါများကို လည်းပျောက်ကင်းစေသည့်အပြင် သွေးအားနည်းရောဂါ ၊ သွေးတိုးကို ကျစေပြီး ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပါသည်။ ပဲစဉ်းငုံစားသုံးခြင်းဖြင့် ကျန်းမာရေး အကျိုးကျေးဇူးများ ရရှိသဖြင့် စားသုံးသင့်ပါကြောင်းရေးသားတင်ပြအပ်ပါသည်။

 DOCA (မန္တလေး)                                                                                         

ဂေါ်ရခါးသီး၏ကျန်းမာရေးအကျိုးပြုပုံနှင့်ဈေးနှုန်းဈေးကွက်

           ဂေါ်ရခါးသီးကိုမြန်မာနိုင်ငံတွင် ဈေးနှုန်းသက်သက်သာသာဖြင့်ဝယ်ယူရရှိနိုင်ပြီး ကျန်းမာရေးနှင့် လည်းညီညွတ်သော အသီးအနှံတစ်မျိုးဖြစ်ပါသည်။ ဂေါ်ရခါးသီးတွင် အစွမ်းထက်သော ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများပါဝင်ပြီး ဆဲလ်များပျက်စီးမှုကိုကာကွယ်ပေးခြင်း၊ ရောင်ရမ်းခြင်းကိုလျော့ချ  ပေးပြီးခန္ဓာကိုယ်အတွင်း ဓာတ်တိုးဖိစီးမှုကိုလျော့ချပေးသည့်အပြင်ကင်ဆာရောဂါ၊ ဆီးချိုရောဂါနှင့် ရောင်ရမ်းမှုကိုဟန့်တားပေးပါသည်။ဂေါ်ရခါးသီးကိုစားသုံးပေးခြင်းဖြင့် သွေးတိုးခြင်း၊ ကိုလက် စထရောမြင့်မားခြင်းနှင့် သွေးစီးဆင်းမှုအားနည်းခြင်းကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေအကြောင်း အရင်းများစွာကိုတားဆီးပေးသည့်အပြင် ဂေါ်ရခါးသီးတွင်ပါဝင်သောဓာတ်ပေါင်းများက သွေးကြော များကိုပြေလျော့စေကာ သွေးစီးဆင်းမှုကို ကောင်းမွန်စေပြီးသွေးပေါင်ချိန်ကို လျော့ကျစေနိုင် ပါသည်။ ဂေါ်ရခါးသီးတွင် ကာဗိုဟိုက်ဒရိတ်နည်းပါးပြီး ပျော်ဝင်နိုင်သော အမျှင်ဓာတ်မြင့်မား သောကြောင့် သွေးတွင်းသကြားဓာတ်ကိုထိန်းညှိ ပေးနိုင် ပါသည်။ ဖောလိတ်ဓာတ်ကြွယ်ဝစွာ ပါဝင်သောကြောင့် ကိုယ်ဝန်ဆောင်မိခင်များစားသုံးပေးခြင်းဖြင့်လမစေ့ဘဲ ကလေးမွေးဖွားခြင်းမှ တားဆီးပေးနိုင်ပါသည်။ ဂေါရခါးသီးကိုသင့်တင့်မျှတစွာစားသုံးပေးပါက ထူးခြားသည့် ဘေးထွက် ဆိုးကျိုးများစွာမရှိသော်လည်း အလွန်အကျွံစားသုံးပေးပါက ဝမ်းပျက်ဝမ်းလျှောခြင်း၊ လေပွခြင်းနှင့် ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းစသည့် အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာပြဿာနာ များကိုဖြစ်စေနိုင် ပါသည်။ ထိုကဲ့သို့ကျန်းမာရေးအတွက်များစွာအကျိုးပြုနိုင်ပြီး ဘေးထွက်ဆိုးကျိုးနည်းသည့် ဂေါရခါးသီးကို မြင်းခြံမြို့၊ အေးမြသီတာဈေးတွင်တစ်လုံးလျှင် (၄၀၀-၅၀၀) ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

နွားထိုးကြီးမြို့နယ်၏မိုးပဲတီစိမ်းစိုက်ပျိုးထားရှိမှုနှင့်ဈေးနှုန်းဈေးကွက်တင်ပို့မှု

              မြင်းခြံခရိုင်အတွင်းတည်ရှိသော နွာထိုးကြီးမြို့နယ်သည် မိုးကောင်းသောက်ယာမြေများ၌ ပဲမျိုးစုံ၊ ပြောင်း၊ ဆီထွက်သီးနှံနှင့် ကြက်သွန်နီတို့စိုက်ပျိုးလျက်ရှိရာ မိုးပဲတီစိမ်းသီးနှံကိုလည်း တောင်သူများအနေဖြင့် အများဆုံးစိုက်ပျိုးကြောင်းသိရှိရသည်။ မိုးဦးပဲတီစိမ်းသီးနှံကို (မေလ-ဇွန်လ)  စိုက်ပျိုးထားရှိပြီး (ဩဂုတ်လ-စက်တင်ဘာလ) တို့တွင် ရိတ်သိမ်းမည်ဖြစ်ကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ (၄) လခန့် ကြာမြင့်ကြောင်း သိရှိရသည်။

            ၂၀၂၅-၂၀၂၆ ခုနှစ်တွင်  နွာထိုးကြီးမြို့နယ်၌ မိုးကြိုပဲတီစိမ်း စိုက်ဧက (၂၁၂) ဧကစိုက်ပျိုးထားရှိကြောင်း ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ စိုက်ပျိုးရန်ကျန်ရှိသော ဧကများအား ဆက်လက်စိုက်ပျိုးနေကြောင်း၊ တောင်သူများအနေဖြင့် ရာသီမရွေး စိုက်ပျိုးနိုင်သော ရေဆင်း (၃) ကို စိုက်ပျိုးထားရှိပြီး ထွန်ကြောင်းခံ၍ တစ်ဧကမျိုး( ၆ -၇) ပြည်ကို ကြဲပတ်စနစ်ဖြင့် စိုက်ပျိုးထားရှိကြောင်း၊ အပင်ခြေတွင် တန်းကြား (၁၈) လက်မ၊ ပင်ကြား (၄) လက်မထား၍ စိုက်ပျိုးကြောင်း၊ အပင်ပေါက်ညီညာ၍ အပင်ပေါက်ကောင်းစေရန် ထယ်ရေးချရကြောင်း၊ အပင်ခြေတွင် အစိုဓာတ်ကောင်းပြီး စိုက်ပျိုးချိန်မှန်ကန်ပါက အထွက်နှုန်း ပိုမိုကောင်း မွန်ကြောင်း သိရှိရသည်။ ယခင်နှစ်ထွက်နှုန်းမှာ (၈) တင်းခန့်ထွက်ရှိကြောင်း၊ ယခုနှစ်တွင် ရာသီဥတုကောင်းပြီး အစိုဓာတ်ရှိသောကြောင့် ယခင်နှစ်ထက်အထွက်နှုန်း ပိုမိုထွက် ရှိနိုင်မည်ဟုခန့်မှန်းရကြောင်း ပဲတီစိမ်းစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။ ယခုဩဂုတ်ပထမပတ်တွင် တောင်သာမြို့နယ်၌ ပဲတီစိမ်းတစ်ပိဿာလျှင်( ၅၃၀၀) ကျပ်၊ တစ်တင်းလျှင် (၁၀၀၇၀၀)ကျပ် ပေါက်ဈေးရှိကြောင်း၊ ထွက်ရှိသောပဲတီစိမ်းများကို ဒေသတွင်းစားသုံးရန်နှင့် ပိုလျှံသည်များကို မြင်းခြံမြို့၊ မန္တလေးမြို့နှင့် ရန်ကုန် ဘုရင့်နောင်ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“စဉ့်ကိုင်မြို့နယ်၏ပဲတီစိမ်း(မိုး)ရိတ်သိမ်းမှုနှင့်စျေးနှုန်းစျေးကွက်”

    မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် သီးနှံမျိုးစုံအောင်မြင်ဖြစ်ထွန်းလျှက်ရှိရာ ၎င်းသီးနှံများအနက် ပဲတီစိမ်း(မိုး)ကို ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် စဉ့်ကိုင်မြို့နယ်တွင် (၅၆၃၆)ဧက စိုက်ပျိုးထားရှိပြီး (၄၆၄၁)ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည် ။ ပဲတီစိမ်းကို မတ်လနှင့်ဧပြီလများတွင် စတင်စိုက်ပျိုးကြပြီး ယခုအချိန်တွင် ဖြိုင်ဖြိုင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း သိရှိရပါသည် ။ စိုက်ပျိုးရာတွင် မျိုးအနေဖြင့် ကျောက်စိမ်းမျိုးနှင့်ရေဆင်း(၁၁)မျိုးကို အများဆုံးစိုက်ပျိုးကြပြီး တစ်ဧကလျှင်မျိုးစေ့(၅-၆)ပြည်ခန့် ကုန်ကျကြောင်း ၊ ပဲတီစိမ်းမျိုး ဈေးနှုန်းအနေဖြင့် တစ်ပြည်လျှင်(၈၀၀၀)ကျပ်ဈေးနှုန်းဖြင့် ဝယ်ယူ စိုက်ပျိုးရပြီး တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး ၊ သွင်းအားစု၊ လုပ်သားခအပါအဝင်၊ စုစုပေါင်း (၅၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း ၊ (၁)ဧက အထွက်နှုန်းအနေဖြင့် (၁၁-၁၂)တင်းခန့် ထွက်ရှိ ကြောင်း ၊ ယခင်နှစ် ပဲတီစိမ်း ‌စျေးနှုန်းအနေဖြင့် တစ်တင်းလျှင်(၈၀၀၀၀/-)ကျပ် ဈေးနှုန်းရှိခဲ့ပြီး ယခုနှစ်တွင် ပဲတီစိမ်း တစ်တင်းလျှင်(၁၂၀၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေ ကြောင်း၊ ယခင်နှစ်နှင့်ယခုနှစ် စျေးနှုန်းများ နှိုင်းယှဉ်ပါက ပဲတီစိမ်းစျေးမှာမြင့်တက်လျှက်ရှိပါသည်။ စျေးကွက်အနေဖြင့် ကျောက်ဆည်မြို့ပေါ်ရှိ ပွဲရုံများသို့ လာရောက်ရောင်းချကြပြီး ပွဲရုံများမှတစ်ဆင့် မန္တလေး၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြကြောင်းသိရှိရပါသည် ။ အကျိုးအမြတ်အနေဖြင့် (၈၂၀၀၀၀/-)ကျပ်ဝန်းကျင်ခန့် မြတ်ကြောင်း ၊ တောင်သူများ ပဲတီစိမ်းစိုက်ပျိုးမှုဖြင့် ဝင်ငွေတိုး၍ အကျိုးအမြတ်များ ပိုမိုရရှိကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)                                                                                         

“စဉ့်ကိုင်မြို့နယ်တွင်နွေနှမ်းများအားလုံးရိတ်သိမ်းပြီးစီး”

                    မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် ဆီထွက်သီးနှံမျိုးစုံ အောင်မြင်ဖြစ်ထွန်း လျက်ရှိရာ ၄င်းသီးနှံများအနက် နွေနှမ်းသီးနှံကို၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်တွင် စဉ့်ကိုင်မြို့နယ် တွင်(၂၃၄၄၄)ဧက စိုက်ပျိုးပြီး ၎င်းဧကများအားလုံး ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာ ဌာန၏စာရင်းများအရ သိရှိရပါသည် ။ နွေနှမ်း(၁)ဧကစိုက်ပျိုးလျှင် မျိုးအနေဖြင့်(၂-၃) ပြည်စိုက်ပျိုး ရကြောင်း(၁)ပြည်လျှင် (၈၀၀၀/-)ကျပ်စျေးနှုန်းဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း ၊ နွေနှမ်းစိုက်ပျိုးမှု (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်း (၃၅၀၀၀၀/-) ကျပ်ခန့် ကုန်ကျကြောင်း၊စိုက်ပျိုးသော မျိုးများမှာ နှမ်းဖြူ၊ နှမ်းညို၊ နှမ်းနက်မျိုးများကို အများဆုံးစိုက်ပျိုး ကြကြောင်း၊ ယခုအချိန်တွင် နှမ်းဖြူ တစ်တင်းလျှင်(၁၂၂၀၀၀/-)ကျပ်၊ နှမ်းညို တစ်တင်း လျှင် (၉၆၀၀၀/-)ကျပ်၊ နှမ်းနက်တစ်တင်းလျှင်(၉၆၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေ ကြောင်း သိရှိရပါသည်။(၁)ဧက အထွက်နှုန်းအနေဖြင့် (၁၀-၁၁)တင်းခန့်ထွက်ရှိခဲ့ပြီး အကျိုးအမြတ် အနေဖြင့်(၈၇၀၀၀၀/-)ကျပ်မြတ်ခဲ့ကြောင်း နွေနှမ်းစိုက်ပျိုးသော တောင်သူတစ်ဦး၏ပြောကြားချက် အရသိရှိရပါသည်။

DOCA (မန္တလေး)                                                                                         

မိုးအစေ့ထုတ်ပြောင်းစိုက်ပျိုးထားရှိမှု

           မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်သည် ဆည်ရေသောက် အသင့်အတင့်ရှိပြီး ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြကြောင်း၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံ၊ ကြက်သွန်နီများကို စိုက်ပျိုးလျက်ရှိရာ မိုးအစေ့ထုတ်ပြောင်းသီးနှံကိုလည်း စိုက်ပျိုးထားကြောင်း သိရှိရသည်။ မြင်းခြံမြိုနယ်တွင်၂၀၂၅-၂၀၂၆ခုနှစ်၊ မိုးစေ့ထုတ်ပြောင်း စိုက်ဧကကို (၁၀၅) ဧကစိုက်ပျိုး ထားကြောင်း၊ ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။

            မိုးအစေ့ထုတ်ပြောင်းသီးနှံကို  မေလနှင့် ဇွန်လတို့တွင်စတင်စိုက်ပျိုးပြီး၊ အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့များတွင် ရိတ်သိမ်းထွက်ပေါ်လေ့ရှိကြောင်း၊ စိုက်ပျိုးချိန်မှ လေးလခန့်အကြာတွင် ရိတ်သိမ်းရကြောင်း၊ စိုက်ပျိုးရန်ကျန်ရှိသော ဧကများဆက်လက်စိုက်ပျိုး မည်ဖြစ်ကြောင်း၊ ယခင်နှစ်တစ်ဧက အထွက်နှုန်း အနေဖြင့် (၈၀) တင်းနှုန်းခန့်ထွက်ရှိကြောင်း၊ ထွက်ရှိသော အစေ့ထုတ်ပြောင်းများကို တောင်သူများက မြင်းခြံမြို့ရှိ သီးနှံပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ မိုးကိုမျှော်ပြီးစိုက်ပျိုးရသောသီးနှံဖြစ်သောကြောင့် ရာသီဥတုကောင်းပါက ယခုနှစ်တွင် အထွက်နှုန်းပိုမိုထွက်ရှိနိုင်ကြောင်း၊ အစေ့ထုတ်ပြောင်း စိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိ ရသည်။ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လပထမပတ် အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၂၇၃၆၀) ကျပ် ပေါက်ဈေးများရှိကြောင်း၊ ဈေးကွက်တင်ပို့မှုအနေဖြင့် ရန်ကုန်မြို့သို့တင်ပို့ကြောင်း မြင်းခြံကုန်စည်ဒိုင်၏ တာဝန်ရှိသူ၏ ပြောပြချက်အရသိရှိရပါသည်။

DOCA(မန္တလေး)       

“ကျောက်ဆည်မြို့နယ်၏ နေကြာစိုက်ပျိုးမှုနှင့်ဈေးနှုန်းဈေးကွက်အခြေအနေ”

     မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ နေကြာသီးနှံကိုလည်း တောင်သူများမှ သီးထပ်သီးညှပ်စိုက်ပျိုးသည့်အပြင် သီးသန့်ဧကအလိုက် စိုက်ပျိုးလျက်ရှိပါသည်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊  ကျောက်ဆည်မြို့နယ်တွင် နေကြာ(မိုး) စိုက်ဧက (၂၆၀၈)ဧက စိုက်ပျိုးထားရှိကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။ နေကြာ(မိုး) စိုက်ပျိုးမှုကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင်(၃၅၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း ၊ နေကြာ(မိုး)ကို မတ်လနှင့်ဧပြီလများတွင် စတင်စိုက်ပျိုးကြပြီး ယခုအချိန်တွင် နေကြာများရိတ်သိမ်းနေပြီဖြစ်ကြောင်း၊ နေကြာဈေးနှုန်းအနေဖြင့် ယခင်နှစ်တွင် တစ်တင်းလျှင် (၅၅၀၀၀/-)ကျပ် ဈေးနှုန်းရှိခဲ့ပြီး ယခုအချိန်တွင်လည်း တစ်တင်းလျှင်(၅၅၀၀၀/-)ကျပ် ဈေးနှုန်း များဖြင့်အရောင်းအဝယ်ဖြစ်နေပြီးဈေးနှုန်းတည်ငြိမ်နေကြောင်း၊အထွက်နှုန်းအနေဖြင့်(၂၀-၂၅)တင်း ခန့်ထွက်ရှိကြောင်း ၊ အကျိုးအမြတ်အနေဖြင့် (၇၅၀၀၀၀/-)ကျပ် မြတ်ခဲ့ကြောင်း ၊ နေကြာ စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA (မန္တလေး)                                                                                         

 

 

 

                                                                                         

ငါန်းဇွန်မြို့နယ်တွင် စက်သုံးဆီရောင်းချမှု အခြေအနေ

          ငါန်းဇွန်မြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၀)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ်ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(၁)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်းဈေးနှုန်းများအနေဖြင့် 92 Octance(၃၀၄၀)ကျပ်၊ 95 Octance(၃၀၉၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၈၅၅)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၅၀၀)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

          စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၁-၈-၂၀၂၅ရက်နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၂၉၉၅)ကျပ်၊ 95 Octance(၃၀၅၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၈၂၅)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၄၇၅)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင်အပတ်ထက် တစ်လီတာလျှင် 92 Octanceတွင်(၅၀)ကျပ်၊ 95 Octanceတွင်(၅၅)ကျပ်  ဈေးနှုန်းကျဆင်းခဲ့ပြီး ရိုးရိုးဒီဇယ်နှင့် ပရီမီယမ် ဒီဇယ်တို့တွင်(၅)ကျပ် ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ကျောက်ပန်းတောင်းမြို့နယ်တွင် စက်သုံးဆီရောင်းချမှု အခြေအနေ

             ကျောက်ပန်းတောင်းမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၃၁)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(၁)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်းဈေးနှုန်းများအနေဖြင့် 92 Octance(၃၀၄၀)ကျပ်၊ 95 Octance(၃၀၉၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၈၅၅)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၅၀၀)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

            စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၁-၈-၂၀၂၅ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၂၉၉၅)ကျပ်၊ 95 Octance(၃၀၅၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၈၂၅)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၄၇၅)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင်အပတ်ထက် တစ်လီတာလျှင် 92 Octanceတွင်(၅၀)ကျပ်၊ 95 Octanceတွင်(၅၅)ကျပ်  ဈေးနှုန်းကျဆင်းခဲ့ပြီး ရိုးရိုးဒီဇယ်နှင့် ပရီမီယမ်ဒီဇယ်တို့တွင်(၅)ကျပ် ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း