ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပုသိမ်မြို့ နံနံပင်ဈေးကွက်

     မြန်မာပြည်တွင် အထင်ရှားဆုံးဟင်းခတ်အမွှေးအကြိုင်မှာ နံနံပင်ဖြစ်ပြီး အစေ့ ကိုလည်း ဟင်းခပ်မဆလာတွင်သုံးနိုင်သည်။ မြန်မာဟင်းများတွင်သာမက မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ အသုတ်စုံတို့တွင်လည်း တွဲဖက်အသုံးပြုသည်။ နံနံပင်ကိုတို့စရာအဖြစ်လည်းစားသုံးကြသည်။ နံနံပင်သည် ဆောင်းရာသီတွင် အထူးဖြစ်ထွန်းပြီး နံနံမျိုးစေ့က အစေ့ပေါက်တာ ကြာပါသည် နံနံပင်စိုက်ပျိုးရာတွင်  နံနံမျိုးစေ့ကို အဝတ်စ သို့မဟုတ် ပလတ်စတစ်အိတ်လေးထဲ ထည့်ပြီး ဖန်ပုလင်းနဲ့ အသာအယာလှိမ့်ပေးပါ နံနံမျိုးစေ့ကို တစ်ည ရေစိမ်ပါ စိုက်မယ့်မြေကို ရေဝအောင် လောင်းထားပါပြီးမှစိုက်ပျိုးပေးရကြောင်းသိရပါသည်။

      ထို့ပြင် ဒီဇင်ဘာလ ပထမ ပတ်တွင် နံနံပင် (၁၀)သားလျှင် (၂၀၀၀၀)ကျပ်၊ အစီးသေးတစ်စီးလျှင် (၅၀၀)ကျပ် ရရှိကြောင်း ပုသိမ်မြို့၊မြို့မဈေးတွင် ဈေးသည်တစ်ဦးထံမှသိရသည်။

DOCA(ဧရာဝတီ)

မင်းလှမြို့နယ်ရှိ ကြက်ဥ/ဘဲဥဈေးနှုန်းများ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း ဒီဇင်ဘာလ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော မြို့မဈေးအတွင်း နေ့စဉ်လက်လီရောင်းဝယ်နေသော ကြက်ဥ/ ဘဲဥဈေးနှုန်း များမှာ ကြက်ဥ (ကြီး)တစ်လုံးလျှင် (၅၀၀)ကျပ်၊အလတ်တစ်လုံးလျှင် (၄၂၀) ကျပ်၊အသေး  တစ်လုံး လျှင် (၃၈၀) ကျပ် တို့ဖြင့်အရောင်းဝယ်ဖြစ်လျက်ရှိနေပါသည်။

          ဘဲဥဈေးနှုန်းများမှာ(ကြီး) တစ်လုံးလျှင် ၇၀၀ ကျပ်၊အလတ်တစ်လုံးလျှင် ၆၅၀ ကျပ်၊အသေး တစ်လုံးလျှင် ၅၈၀ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပါသည်။တစ်နေ့လျှင် ရောင်းအားအခြေအနေမှာ (၄၀၀၀) လုံးခန့်မှ(၄၂၀၀)လုံးထိ ရောင်းချရပါကြောင်း  ကြက်ဥ/ဘဲဥရောင်းချသူ လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ရှိ ဈေးများအတွင်း၌ တွေ့ရသော ခဝဲသီးလေး များဈေးကောင်းရ

     တောင်ငူမြို့ မြို့မဈေးကြီး၊ ညောင်ပင်လေးဈေး၊ ဘုရင့်နောင်ဈေး၊ ဘုရားဈေး နှင့် ကရင်မဈေးများ တွင် ဆောင်းသီးနှံလေးများဖြစ်သည့် ဟင်းသီးဟင်းရွက်များ လာရောက်ရောင်းချရာ ခဝဲသီးများလည်း ဈေးကွက်အတွင်း၌ ဈေးနှုန်းအနည်းငယ်မြှင့်၍ရောင်းကောင်းသော သီးနှံတစ်မျိုးဖြစ်သည်။

    ခဝဲသီးကို ဟင်းချိုချက်စားခြင်း၊ ကြော်စားခြင်း၊ ခေါက်ဆွဲကြော်၊ ကြာဇံကြော်များ ကြော်စားခြင်းများဖြင့် နှစ်သက်ရာ စားသုံးနိုင်သည်။ ထို့ပြင်ခဝဲသီးအခြောက်၏ အစေ့ကိုသွေး၍ မီး နှင့်     ပူအောင် ပြုလုပ်ပြီး အပြင်မှ လူးပေးပါက သွေးပွတ်ခြင်း၊ ခဝဲသီး အရွက်စိမ်းကို ရေပြောင်အောင်ဆေးပြီး အရည်ကို မျက်စိစွံခြင်း ကို ပျောက်ကင်းသည်ဟု လေ့လာသိရပါသည်။

    ခဝဲသီးဈေးနှုန်းများအနေဖြင့် ၄ တောင့် မှ ၅ တောင့်ပါ၁ စီး လျှင် ၅၀၀ ကျပ် ပေးရပြီး ၁၀ စီး နှင့် အထက်ဝယ်ယူပါက ဈေးနှုန်းမှာ အပြောင်းအလဲရှိကြောင်း ရောင်းချသည့် ဈေးသည်များထံမှ သတင်းရရှိပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ညောင်ပင်လေးဈေးအတွင်းရှိ ငှက်ပျောသီး နှင့် အုန်းသီးများ ဈေးကောင်းလျှက်ရှိ

    တောင်ငူမြို့ ညောင်ပင်လေးဈေးအတွင်းရှိ ငှက်ပျောဆိုင်များတွင် ငှက်ပျောသီးနှင့် အုန်းသီးများ ဈေးနှုန်းကောင်းလျှက်ရှိပြီး ရခိုင်ငှက်ပျောသီးများကို ဝါဝင်/ ဝါထွက် ၊ ဘုရားပွဲ ၊ နတ်ပွဲများ၊ အလှူမင်္ဂလာပွဲများတွင် အသုံးများသလို ဈေးနှုန်းမှာလည်းမြှင့်တက်လျှက်ရှိကြောင်း သိရပါသည်။ ရခိုင်ငှက်ပျောသီးကို အသီး အရွယ်အစားပေါ်မူတည်ပြီး ၁ ဖီးလျှင် ၁၅၀၀ ကျပ် ၊ ၂၀၀၀ ကျပ်၊ ၂၅၀၀ ကျပ် မှ ၃၀၀၀ ကျပ်ထိ ဈေးနှုန်းများအသီးသီးရှိပြီး၊ ဖီးကြမ်းငှက်ပျောသီး ၁ ဖီး လျှင် ၂၅၀၀ ကျပ်၊ ၃၀၀၀ ကျပ် ၊ ၃၅၀၀ ကျပ် မှ ၄၀၀၀ ကျပ်ဈေးနှုန်းများဖြင့်ရောင်းချလျက်ရှိပါသည်။

   သီးမွှေးငှက်ပျောသီး ၁ ဖီးလျှင် ၂၅၀၀ ကျပ် မှ စပြီး ၃၀၀၀ ကျပ် ၊ ၄၀၀၀ ကျပ် မှ အလုံးအရေအတွက် နှင့် အဖီးပေါ်မူတည်ပြီး ၅၀၀၀ ကျပ်ထိဈေးရှိပြီး၊ ရွှေနီငှက်ပျောသီး ၁ ဖီး ၅၀၀၀ ကျပ် မှ စ၍ ၇၀၀၀ ကျပ်၊ ၁၀၀၀၀ ကျပ် မှ ၁၅၀၀၀ ကျပ်၊ ပီးကင်းငှက်ပျောခွံစိမ်း ၁ ဖီးလျှင် ၅၀၀၀ ကျပ် ၊ ၆၅၀၀ ကျပ်၊ ၇၅၀၀ ကျပ် မှ ၁၀၀၀၀ ကျပ်ထိဈေးအသီးသီးရှိပြီး၊ အုန်းသီးခြောက် ၁ လုံး လျှင် ၂၀၀၀ ကျပ် မှ ၃၀၀၀ ကျပ် ၊ အုန်းသီးစိမ်း အုန်းရည်သောက် ၁ လုံးလျှင် ၂၅၀၀ ကျပ် မှ ၃၀၀၀ ကျပ် ၊ အုန်းသီးကြွက်မြီး ဘုရားပွဲတင်သည့် အလုံး ၁ လုံးလျှင် ၃၅၀၀ ကျပ် ၊ ၄၀၀၀ ကျပ် မှ ၄၅၀၀ ကျပ်ထိ ဈေးနှုန်းအသီးသီးရှိပြီး အုန်းပင်အပင်ပြတ် ဝယ်ယူရာတွင် သောင်းပြောင်း ၁ လုံးလျှင် ၂၀၀၀ ကျပ် ထိဈေးဖြင့်ပေးဝယ်ရကြောင်း ရောင်းချသည့် ဈေးသည်များထံ မှ သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ဈေးများတွင် ဆောင်းပြောင်းဖူးများ‌ ဈေးကောင်းရနေ

  တောင်ငူမြို့၏ ကုန်စိမ်းဈေးဖြစ်သည့် ညောင်ပင်လေးဈေးသို့ မြို့၏အနီးတဝိုက်ကျေးရွာများ ဖြစ်သော ရှမ်းဝတီး၊ ဗမာဝတီး ၊ ဒိုးသောင် ၊ ဇီးဖြူသောင် နှင့် အခြားကျေးရွာများမှ ထွက်ရှိသော ဆောင်းသီးနှံ တစ်မျိုးဖြစ်သည့် ပြောင်းဖူးများ ရောင်းချလျက်ရှိနေသည်။

    ပြောင်းဖူးကို ပြုတ်စားခြင်း၊ ကြော်စားခြင်း၊ မီးကင်၍သော်လည်းကောင်း နှစ်သက်ရာ စားသုံးနိုင်သည့်အပြင် ယနေ့ခေတ် လူငယ်များကြိုက်နှစ်သက်သော အစားအစာဖြစ်သည့် မာလာ ရှမ်းကော ပြုလုပ်ရာတွင်လည်း ပြောင်းဖူးကိုအသုံးပြုလာကြသည်။  ပြောင်းဖူးသည် လူမျိုးဘာသာ မရွေးစားသုံးကြသည့် သီးနှံတစ်မျိုးဖြစ်ပါသည်။

    ပြောင်းဖူးတွင် အဖြူ နှင့် အဝါ နှစ်မျိုးရှိပြီး အဖူးအရွယ်အစားအလိုက် ဈေးနှုန်းကွာလျှက်ရှိရာ ပြောင်းဖူး အဖြူ အကြီး ၁ ဖူးလျှင် ၇၅၀ ကျပ် ၊ ၁၀ ဖူး ၇၀၀၀ ကျပ် ၊ အသေး ၁ ဖူးလျှင် ၆၀၀ ကျပ် ၊ ၁၀ ဖူးကို ၅၅၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး၊ ပြောင်းဖူး အဝါ အကြီး ၁ ဖူး လျှင် ၈၀၀ ကျပ် ၊ ၁၀ ဖူး ၇၅၀၀ ကျပ် ၊ အသေး ၁ ဖူး ၇၅၀ ကျပ်၊ ၁၀ ဖူး ၇၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအသီးသီးရှိရာ အဖူး ၁၀၀ နှင့်အထက်ဝယ်ယူပါက ဈေးနှုန်းအပြောင်းအလဲရှိနိုင်ပြီး၊ နေပြည်တော်၊ လယ်ဝေး နှင့် ပျဉ်းမနား ဘက်မှ ပြောင်းဖူးများ ပေါ်ပါက ဈေးနှုန်း လျော့သွားနိုင်ကြောင်း ရောင်းချသည့်ဈေးသည်များထံမှ မေးမြန်းသိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် ရောင်းချနေသော လိမ္မော်သီးများ ဈေးအနည်းငယ်ကျဆင်းလျှက်ရှိ

    တောင်ငူမြို့ရှိ ညောင်ပင်လေးဈေးအပါအဝင် အခြားဈေးများတွင် သစ်သီးဝလံမျိုးစုံကို အနယ် နယ်အရပ်ရပ်မှ မှာယူရောင်းချလျက်ရှိရာ ယခုအခါ မြန်မာနိုင်ငံအထက်ပိုင်းဒေသဖြစ်သော ရှမ်းပြည်နယ် ဘက်မှ တင်သွင်း/ မှာယူ ရောင်းချလျက်ရှိသော လိမ္မော်သီးများသည် ယခင်လပေါ်ကာစတွင် ဈေးနှုန်းမြင့်သော်လည်း ယခုအခါ ဈေးနှုန်းအနည်းငယ်ကျဆင်းလာပါသည်။ ယခင်လတွင် လိမေ္မာ်သီးများ  အလုံး အသေး /အလတ်/ အကြီး ခွဲခြားပြီးရောင်းချရာ ဈေးနှုန်းကွာသလို အရသာမှာလည်း အနည်းငယ် ကွာခြားမှု ရှိပါသည်။

    လိမ္မော်သီးသည် အရည်ရွှမ်းပြီး ဗီတာမင်စီ အပြည့်အဝ ပါဝင်သည့်အတွက် အစာအိမ်နှင့် အူလမ်းကြောင်းကို များစွာအထောက်အကူပြုစေပြီး၊ လိမ္မော်အခွံလေးများကို နေလှန်း၍ ယိုများ ပြုလုပ်ရာတွင် အသုံးပြုကြပါသည်။ နိုဝင်ဘာလတွင် လိမ္မော်သီး အသေး ၁ ပိဿာလျှင် ၆၀၀၀ ကျပ်၊ အလတ် ၁ ပိဿာ လျှင် ၇၅၀၀ ကျပ် ၊ အကြီး ၁ ပိဿာလျှင် ၉၀၀၀ ကျပ် မှ ၁၂၀၀၀ ကျပ်ထိ ဈေးနှုန်းအသီးသီးရှိခဲ့ပြီး ယခုဒီဇင်ဘာလတွင် လိမ္မော်သီး အသေး ၁ ပိဿာလျှင် ၅၀၀၀ ကျပ်၊ အလတ် ၁ ပိဿာလျှင် ၇၀၀၀ ကျပ် ၊ အကြီး ၁ ပိဿာလျှင် ၈၀၀၀ ကျပ် မှ ၁၀၀၀၀ ကျပ်ထိ ဈေးနှုန်းအသီးသီးရှိပြီး လိမ္မော်သီးများလှိုင်လှိုင်ပေါ်ပါက ဈေးနှုန်းမှာကျဆင်းလာနိုင်ကြောင်း ရောင်းချသည့် ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ညောင်ပင်လေးဈေးတွင် ဟင်းသီးဟင်းရွက်များဈေးနှုန်းအတက်အကျရှိနေ

   တောင်ငူမြို့ ညောင်ပင်လေးဈေးတွင် တောင်ငူမြို့နှင့်အနီးတဝိုက်ကျေးရွာများနှင့် အခြားဒေသ များမှ ဒေသထွက် ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများ ရောင်းချလျှက်ရှိရာ  နံနံပင် ဈေးနှုန်းမှာ  ယခင်လက ၁ ပိဿာလျှင် ၄၀၀၀၀ ကျပ် မှ ၅၀၀၀၀ကျပ် ထိဈေးနှုန်းမြင့်တက်ခဲ့သော်လည်း ယခု ဒီဇင်ဘာလ ဒုတိယပတ်တွင် ၁ ပိဿာလျှင် ၁၀၀၀၀ ကျပ် မှ ၁၂၀၀၀ ကျပ်ထိ ဈေးနှုန်းကျဆင်း လာပါသည်။

 ကန်စွန်းရွက်မှာ ယခင်လ က ၁ စီးလျှင် ၂၅၀ ကျပ်၊ ၁၀ စီး ၂၃၀၀ ကျပ်သာ ဈေးရှိခဲ့သော်လည်း ယခု ဒီဇင်ဘာလ ဒုတိယပတ်တွင် ၁ စီးလျှင် ၃၅၀ ကျပ်၊  ၃ စီးလျှင် ၁၀၀၀ ကျပ် ၊ ၁၀ စီးလျှင် ၃၀၀၀ ကျပ်ထိ ဈေးနှုန်းမြှင့်တက်လာပြီး၊ ချဉ်ပေါင်ရွက် ၁ စီးလျှင်  ယခင်လက ၁၅၀ ကျပ်၊ ၁၀ စီး ၁၂၀၀ ကျပ် သာ ဈေးနှုန်းရှိခဲ့သော်လည်း ယခုဒီဇင်ဘာလ ဒုတိယပတ်တွင် ၁ စီးလျှင် ၂၅၀ ကျပ်၊ ၁၀ စီးလျှင် ၂၂၀၀ ကျပ်ထိ ဈေးနှုန်းမြင့်တက်လျက်ရှိနေသည်။ မုံဂျင်းအဝါဖူးများသည်  ပေါ်ခါစတွင် ၇ညွှန့်မှ၈ညွှန့်ပါ ၁စီးလျှင် ၈၀၀ ကျပ် နှင့်  ၂ စီးလျှင် ၁၅၀၀ ကျပ်ထိ ဈေးနှုန်းရှိခဲ့သော်လည်း ယခုဒီဇင်ဘာလ ဒုတိယပတ်တွင် ၁ စီးလျှင် ၆၅၀ ကျပ်နှင့် ၁၀ စီးလျှင် ၆၀၀၀ ကျပ်ထိ ဈေးနှုန်းကျဆင်းလာကြောင်း ရောင်းချသည့်ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ဈေးများတွင် ခရမ်းချဉ်သီးများ ဈေးနှုန်းမြင့်လျှက်ရှိနေ

   တောင်ငူမြို့ ဈေးများသို့ အခြားဒေသများမှ ရာသီအလိုက်သီးနှံများ ဈေးကွက်အတွင်း‌ ရောင်းချလျှက်ရှိရာ ယခုလတွင် ခရမ်းချဉ်သီးများ ဈေးနှုန်းအနည်းငယ် မြင့်တက်နေသည်ဟု သိရှိရသည်။

   ခရမ်းချဉ်သီးသည် ဟင်းချက်ရာတွင် ဟင်းအနှစ်ရအောင် အသုံးပြုရသည့် စားဖိုဆောင်အသီး တစ်မျိုးပင်ဖြစ်သည်။ ခရမ်းချဉ်သီးကို သုပ်စားခြင်း၊ လဘ္ဘက်သုပ်စားရာတွင် ထည့်ဝင်အသုံးပြုခြင်း၊ အသုပ်မျိုးစုံပြုလုပ်ရာတွင် အသုံးများသော အသီးတစ်မျိုးဖြစ်သည်။ ထို့ပြင် ခရမ်းချဉ်သီးကို ငါးပိ(သို့မဟုတ်)ငံပြာရည်တို့ဖြင့်ရော၍ ငါးပိချက်အဖြစ်ချက်စားခြင်း၊ ခရမ်းချဉ်သီးယိုထိုးခြင်းစသည် ဖြင့် စားသုံးကြသည်။

ယခင်လ က ခရမ်းချဉ်သီး အလုံး အသေး၊ အလတ်၊ အကြီး ပေါ်မူတည်ပြီး ၁ ပိဿာ လျှင် ၂၀၀၀ ကျပ် မှ စ၍ ၂၈၀၀ ကျပ် ၊ ၃၅၀၀ကျပ်ထိ သာ ဈေးနှုန်းရှိခဲ့သော်လည်း ယခုဒီဇင်ဘာလ ဒုတိယပတ်တွင် ခရမ်းချဉ်သီး ၁ ပိဿာလျှင် ၄၀၀၀ ကျပ် မှ စ၍ ၅၀၀၀ ကျပ် ၊ ၆၅၀၀ ကျပ် ထိဈေးနှုန်းမြင့်တက်လျက်ရှိပြီး ၊ ခရမ်းချဉ်သီး(ဗမာသီး)မှာ ယခင်လက ၁ ပိဿာလျှင် ၄၅၀၀ ကျပ် မှ ၆၅၀၀ ကျပ် ထိဈေးရှိခဲ့သော်လည်း ယခု ဒီဇင်ဘာဒုတိယပတ်တွင် ခရမ်းချဉ်သီး(ဗမာသီး)မှာ ၁ ပိဿာ လျှင် ၈၅၀၀ ကျပ် မှ ၁၀၀၀၀ ကျပ်ထိ ဈေးနှုန်းမြင့်တက်လျက်ရှိနေပြီး  များများဝယ်ယူပါက ဈေးနှုန်းအပြောင်းအလဲရှိကြောင်း ရောင်းချသည့် ဈေးသည်များထံမှ သတင်းရရှိပါသည်။

DOCA(ပဲခူး)

ဆေးဖက်ဝင်၍ လူကြိုက်များသော ကျောက်ဖရုံသီး ဈေးနှုန်းဈေးကွက်

   တောင်ငူမြို့ရှိ ဈေးများတွင် ရောင်းချလျက်ရှိသော ဟင်းသီးဟင်းရွက်များနှင့်အသီးအနှံများ အနက်  ဆေးဖက်ဝင်၍ လူကြိုက်များသော ကျောက်ဖရုံသီးများကို ရာသီမရွေးရောင်းချလျက်ရှိနေသည် ကို တွေ့မြင်ရသည်။

   ကျောက်ဖရုံသီးကို ဟင်းချိုချက်စားခြင်း၊ အသားတစ်မျိုးမျိုးတို့ဖြင့်ရော၍ ချက်စားခြင်း၊ ယိုထိုး စားခြင်း၊ ကျောက်ဖရုံသီးကိုခြစ်၍ ဂျုံမှုန့်၊ သကြား၊ ဆန်မုန့်၊ အုန်းနို့ နှင့် နို့စိမ်းများဖြင့်ရော၍ မုန့်ပြုလုပ်ခြင်း ၊ပြုတ်၍ ငါးပိချက် / ငါးပိရည်များနှင့် တို့စရာအဖြင့် နှစ်သက်ရာ စားသုံးကြသည်။

 ထို့ပြင် လူတို့၏ ကျန်းမာရေးဆိုင်ရာ ဆီးရောဂါနှင့်ပတ်သတ်လျှင် လူတိုင်းပြေးမြင်မိသည့် အသီးမှာ ကျောက်ဖရုံသီးပင်ဖြစ်ပေသည်။ ကျောက်ဖရုံသီးကို အလုံး အသေး ၊ အလတ် ၊ အကြီး အရွယ်အစားအလိုက် အသေး ၁ လုံးလျှင် ၁၂၀၀ ကျပ် မှ ၁၅၀၀ ကျပ်၊ အလတ် ၁ လုံးလျှင်၂၀၀၀ ကျပ် မှ ၂၅၀၀ ကျပ်၊ အကြီး ၁ လုံးလျှင် ၃၀၀၀ ကျပ်ထိပေးရပြီး ကျောက်ဖရုံးသီး ၁၀ လုံးနှင့်အထက် ဝယ်ယူပါက ဈေးနှုန်းအပြောင်းအလဲရှိပြီး အရောင်းအဝယ်မှာ ပုံမှန်ရောင်းရကြောင်း ရောင်းချသည့် ဈေးသည်များထံမှ သတင်းရရှိပါသည်။

DOCA(ပဲခူး)

နိုင်ငံ့စီးပွားမြှင့်တင်ဖို့ကော်ဖီအခြေခံစက်မှုလုပ်ငန်းများအားပေးစို့

   မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသောစီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိပြီး နိုင်ငံလူဦးရေ ၏၇၀ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင်နေထိုင်ကြပြီး စိုက်ပျိုးရေးအခြေခံသော စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်အသက်မွေးလျက်ရှိပါသည်။ ထိုသို့ လုပ်ကိုင်ရာတွင် မိမိဒေသရှိရေ၊ မြေ၊ ရာသီဥတုကိုလိုက်၍ သီးနှံများကို စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံရှိ ရှမ်းကုန်းပြင်မြင့်ဒေသသည် ကော်ဖီစိုက်ပျိုးထုတ်လုပ်ရန်အတွက် အထူးသင့်တော်သော ရေ၊ မြေရာသီဥတုများရှိသည့်အတွက် ကော်ဖီကိုစိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ထွက်ရှိလာသည့်ကော်ဖီများ၏ အရည်အသွေးသည်လည်း အထူးကောင်းမွန်ကြောင်း ကော်ဖီအရည်အသွေးစမ်းသပ်စစ်ဆေးမှု ရလဒ်အဖြေများအရ သိရှိရသည်။ ဗဟုသုတအနေဖြင့် မြန်မာနိုင်ငံတွင် အာရေးဗီးယားကော်ဖီနှင့် ရိုဘတ်စတာကော်ဖီဟူ၍ ကော်ဖီအမျိုးအစား(၂)မျိုးကို စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ အာရေးဗီးယားကုန်းမြင့်ကော်ဖီမျိုးများကို ပေ ၂၅၀၀အထက် တောင်ပေါ်ဒေသများနှင့် ရိုဘက်စတာ မြေနိမ့်ကော်ဖီမျိုးများကို ပေ ၂၅၀၀အောက်နိမ့်သော ဒေသများတွင်စီးပွားဖြစ်စိုက်ပျိုးနိုင်ပါသည်။ အာရေးဗီးယားကော်ဖီကို ကချင်ပြည်နယ်၌ ပူတာအို၊ မြစ်ကြီးနား၊ ဗန်းမော်၊ မန္တလေးတိုင်းဒေသကြီး၌ မိုးကုတ်၊ ပြင်ဦးလွင်၊ ရှမ်းပြည်နယ်၌ ကျိုင်းတုံ၊ တာချီလိတ်၊ နောင်ချို၊ ရပ်စောက်၊ ရွာငံ၊ ဟိုပုံး၊ ပင်းတယ၊ ပင်လောင်းနှင့် ကယားပြည်နယ်၌ လွိုင်ကော်၊ ဒီမော့ဆိုစသည့်ဒေသများတွင် စိုက်ပျိုးကြပါသည်။ ရိုဘက်စတာကော်ဖီကို မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ် လိပ်သို၊ သံတောင်ကြီးဒေသတို့တွင် အများဆုံးစိုက်ပျိုးကြသည်။ ကော်ဖီစိုက်ပျိုးရန် စိုက်ခင်းမြေနေရာရွေးချယ်ရာတွင် မြေမျက်နှာပြင်ပြန့်ပြူးသောမြေနေရာ သို့မဟုတ် ဆင်ခြေလျှောပြေသော ကုန်းစောင်းမြေနေရာတို့ကို အဓိကထား၍ ရွေးချယ်သင့်သည်။ အနည်းငယ် မတ်စောက်သော တောင်စောင်းများကို ရွေးချယ်စိုက်ပျိုးမည်ဆိုပါက ကွန်တိုစနစ်၊ လှေကားထစ် စိုက်ပျိုးနည်းစနစ်များ ပြုလုပ်၍ စိုက်ပျိုးသင့်ပါသည်။  ဆီးနှင်းအကျများသော တောင်ပေါ်ဒေသများ၌ ဆီးနှင်းခါးကျရောက်မှုနည်းသည့် တောင်စောင်းဆင်ခြေလျှောအပေါ်ပိုင်းတွင် ရွေးချယ်စိုက်ပျိုးသင့် ပါသည်။ ကော်ဖီပင်စိုက်ပျိုးရန် ပင်ကြား တန်းကြားအကွာအဝေးအား ကော်ဖီစိုက်တောင်သူများ ဗဟုသုတရစေရန် အလို့ငှာဖော်ပြပေးလိုပါသည်။ အများအားဖြင့် အာရေးဗီးယားကော်ဖီ (ကုန်းမြင့်ကော်ဖီ)အတွက် ပင်ကြားတန်းကြား (၄ပေ ၈ပေ)ဖြင့် တစ်ဧကဝင်ဆန့်(ပင်) ၁၃၆၀ပင်နှင့် ရိုဘတ်စတာကော်ဖီ(မြေနိမ့်ကော်ဖီ)အတွက် ပင်ကြားတန်းကြား (၁၀ပေ ၁၀ပေ)တစ်ဧကဝင်ဆန့်(ပင်) ၄၃၅ပင်စိုက်ပျိုးနိုင်ပါသည်။ ပင်ကြားတန်းကြားအကွာအဝေးအား ကော်ဖီမျိုးအလိုက်လည်းကောင်း၊ စိုက်ပျိုးရေးနည်းစနစ်အရလည်းကောင်း၊ မြေမျက်နှာသွင်ပြင်အပေါ် မူတည်၍လည်းကောင်းအနည်း ငယ်ပြောင်းလဲသတ်မှတ်နိုင်ပါသည်။ ကော်ဖီစိုက်ပျိုးရန် ကျင်းကို (၁ဒသမ၅ x ၁ဒသမ၅x ၁ဒသမ၅) ပေဖြင့် စိုက်ပျိုးနိုင်ပြီး စိုက်ခါနီးနှစ်ပတ် သုံးပတ်အလိုတွင် နွားချေး ၁ပြည်၊ တီစူပါဟင်းစားဇွန်း ၂ဇွန်းနှင့် အပေါ်ယံမြေသားများကို သမအောင်ရောမွှေ၍ကျင်းဖုံးပေးရမည်။  ကော်ဖီပင်မြေချစိုက်ပျိုးခြင်းကို ပုံမှန်အားဖြင့် မိုးစတင်ရွာသွန်းချိန်တွင် စတင်ဆောင်ရွက်နိုင်သော်လည်း  ရေပေးသွင်းနိုင်ပါက နွေရာသီ၌ပင် ရေသွင်းစိုက်ပျိုးနိုင်သည်။ ကော်ဖီပင်မြေချစိုက်ပျိုးရာတွင် ပျိုးအိတ်မြေလုံးမကွဲရန် ဂရုပြုစိုက်ပျိုးရပြီး ရေသောက်မြစ်ဖြောင့်တန်းစေရန်အတွက် ပျိုးအိတ်အောက်ခြေမြေကြီးနှင့် ကပ်၍ ခေါက်နေသော အမြစ်ကိုဖြတ်ပေးရန် အထူးသတိပြုရပါမည်။ နှစ်ရှည်ပင်ဖြစ်သောကော်ဖီပင်သည် တစ်ခါစိုက်ပျိုးပြီး ရှင်သန်ဖြစ်ထွန်းပါက နှစ်ရှည်ဝင်ငွေရရှိမည့် သီးနှံပင်ဖြစ်ပါသည်။ သုံးနှစ်သားမှ စတင်၍ ဖူးပွင့်ပြီး အသီးသီးကာ ငါးနှစ်သားအထက်တွင်စတင်၍ အသီးအထွက်နှုန်းများကောင်းမွန်ပြီး ဝင်ငွေတိုးစေပါသည်။ စီးပွားဖြစ်သက်တမ်းအားဖြင့် အနှစ်၂၀ဝန်းကျင်ခန့်အသီးသီးနိုင်သည်။  ကော်ဖီသီးရင့်မှည့်ရာတွင် အစိမ်းရောင်မှ အနီရောင်၊ အစိမ်းရောင်မှ လိမ္မော်ရောင် သို့မဟုတ် အစိမ်းရောင်မှ အဝါရောင်ပြောင်းလဲကြသည်။ ကော်ဖီသီးရင့်မှည့်ချိန်ရောက်လျှင် ကော်ဖီသီးမှည့် များကိုသာ အကြိမ်ကြိမ်ရွေးချယ်ခူးဆွတ်ရပါသည်။ အထူးအတန်းဝင်ကော်ဖီဆံရရှိရန်အတွက် ကော်ဖီကြိတ်ခွဲထုတ်လုပ်ခြင်း လုပ်ငန်းစဥ်များကို အစိုနည်း သို့မဟုတ် အခြောက်နည်းဟူ၍ နည်းလမ်း၂ မျိုးဖြင့် ထုတ်လုပ်ကြပါသည်။ ကော်ဖီဆံအခြောက်လှန်းခြင်း၊ ကော်ဖီဆံများစနစ်တကျသိုလှောင်ခြင်း နှင့် ကော်ဖီဆံစိမ်းအစေ့ထုတ်ခြင်း လုပ်ငန်းစဥ်များကို သတ်မှတ်ချက်များနှင့်အညီ အဆင့်ဆင့်ပြုလုပ် ကြပါသည်။

          ထိုသို့အရည်အသွေးကောင်းမွန်သည့် ကော်ဖီကုန်ကြမ်းများကို ရရှိနိုင်သည့်အတွက် ထိုကုန်ကြမ်း ပစ္စည်းများနှင့်ဆက်စပ်၍ တစ်နိုင်တစ်ပိုင်ကော်ဖီအခြေခံသော MSMEလုပ်ငန်းများလည်းထွန်းကား လာခဲ့သည်။ ကော်ဖီအခြေခံ MSMEလုပ်ငန်းများတွင် ကော်ဖီလှော်ခြင်းလုပ်ငန်း၊ ကော်ဖီမှုန့်ထုတ်လုပ် သည့်လုပ်ငန်း၊  အသင့်သောက်ကော်ဖီထုတ်လုပ်သည့်လုပ်ငန်း၊ ကော်ဖီအခြေခံသည့် အဖျော်ယမကာ ဆိုင်များ အစရှိသဖြင့်ကော်ဖီအခြေခံသည့် ဆက်စပ်လုပ်ငန်းများလည်း ပိုမိုကျယ်ပြန့်လာပြီး တစ်ဦးချင်း ဝင်ငွေများလည်း ပိုမိုတိုးတက်ရရှိလာခဲ့ကြသည်။ အဆိုပါ ကော်ဖီအခြေခံ MSMEလုပ်ငန်းများ ပိုမိုကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နိုင်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှလည်း နည်းပညာပေး သင်တန်းများကို သက်ဆိုင်ရာကဏ္ဍအလိုက်ဖွင့်လှစ်ပြီး နည်းပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိပါသည်။  ထိုနည်းတူစွာ လုပ်ငန်းများတရားဝင်မှုဖြစ်စေရေးအတွက်လည်း သက်ဆိုင်ရာဌာန များနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရှိရသည်။ ချင်းပြည်နယ်တွင်  ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်အတွင်းကော်ဖီစိုက်ဧက ၇၀၇ဧကရှိပြီး ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ချင်းပြည်နယ် မင်းတပ်ကော်ဖီ အစုအဖွဲ့၊ နောင်ချိုမြို့နယ်ကော်ဖီအစုအဖွဲ့အစရှိသဖြင့် ဒေသအလိုက်အစုအဖွဲ့များ ဖွဲ့စည်းထားရှိပြီး ဖြစ်ပါသည်။ ကုန်ကြမ်းကော်ဖီစေ့များကို အရည်အသွေးမြှင့်တင်စေပြီး အရည်အသွေး ကောင်း၊ အရွယ်အစားအဆင့်မီသော ကော်ဖီစေ့များကို နိုင်ငံခြားပို့ကုန်အဖြစ် စျေးကောင်းကောင်း ဖြင့်တင်ပို့ ရောင်းချနိုင်စေရန် အရည်အသွေးမြင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်ကြိတ်ခွဲမှု နည်းပညာပေး သင်တန်း ပေးခြင်းနှင့် ကော်ဖီသီးမှည့်များဆွတ်ခူးရာတွင် အရည်အသွေးကောင်းကော်ဖီသီးများ ရရှိစေရန် ကော်ဖီသီးမှည့် အစိုဓာတ်တိုင်းကိရိယာအား မဲခေါင်-လန်ချန်း အထူးရန်ပုံငွေအထောက်အပံ့ဖြင့် ကော်ဖီအဓိကစိုက်ပျိုးသော ကချင်၊ ကရင်၊ ချင်း၊ ရှမ်းပြည်နယ်နှင့် မန္တလေး၊မကွေး၊ နေပြည်တော် တိုင်းဒေသကြီးရှိ ကော်ဖီစိုက်တောင်သူများအား အခမဲ့ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ အခြေခံမှစ၍ မြှင့်တင်ဆောင်ရွက်ခြင်းသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးကို ဆောင်ရွက်ပေးခြင်း ပင်ဖြစ်သည်။ ကော်ဖီထုတ်ကုန်များထုတ်လုပ်ရာတွင်  အရည်အသွေးကောင်းမွန်ပြီး ထုတ်ပိုးမှု ကောင်းမွန်မှသာလျှင် စျေးကွက်ပိုမိုရရှိနိုင်မည်ဖြစ်သဖြင့် နည်းပညာနှင့်အခြားလိုအပ်သည်များကို နိုင်ငံတော်အစိုးရအနေဖြင့်လည်း ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း သိရှိရသည်။ စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့်လည်း  MSMEလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ထွန်းကားလာစေရန်အတွက် လိုအပ်သည့်ကုန်ကြမ်းပစ္စည်းများ အလုံအလောက်ရရှိစေရန်အတွက် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု နည်းပညာပေး သင်တန်းများဖွင့်လှစ်ပေးခြင်း၊ ကော်ဖီလှော်သင်တန်းများဖွင့်လှစ်ပေးခြင်း၊ ကော်ဖီ အရည်အသွေး အကဲဖြတ်အမှတ်ပေးခြင်းသင်တန်းများ ဖွင့်လှစ်ပေးခြင်းတို့ကို သက်ဆိုင်ရာ ဦးစီးဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဖွင့်လှစ်ပေးခြင်းဖြင့် နိုင်ငံ၏MSMEလုပ်ငန်းများ ပိုမိုတိုးတက်လာခြင်းနှင့် အတူနိုင်ငံသားများ၏ တစ်ဦးချင်းဝင်ငွေများလည်း ပိုမိုတိုးတက်လာနိုင်မည်ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း