ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုမြို့၏ နဂါးမောက်သီး ဈေးနှုံးဈေးကွက်

    ရွှေဘိုမြို့   ဈေးကွက်အတွင်းတွင် ဇူလိုင်လနောက်ဆုံးပတ်မှစတင်၍ နဂါးမောက်သီးများ လှိုင်လှိုင်ဝင်ရောက်လာကာ၊ ဒေသတွင်း ရွှေဘိုမြို့အနီးတဝိုက်ရှိ ‌ကျေးရွာများမှ  တစ်နိုင်တစ်ပိုင် စိုက်ပျိုးထွက်ရှိသော နဂါးမောက်သီး များအပြင် ပြင်ဦးလွင်မြို့၊ ကျောက်ပန်းတောင်းမြို့နှင့် ပုပ္ပါးမြို့တို့မှ နဂါးမောက်သီး များကိုလည်းမှာယူ၍   ရောင်းချလျက်ရှိပါသည်။

    နဂါးမောက်သီးများကို ခြင်းပြတ်စနစ်ဖြင့်  တစ်ဆင့်ဝယ်ယူရပြီး ၂၀၂၅ခုနှစ် ဩဂုတ်လ ပထမပတ်တွင် အလုံး အကြီး/ အသေးပေါ် မူတည်၍ နဂါးမောက်သီးအကြီးတစ်လုံးလျင် (၁၂၀၀)ကျပ်၊ အလတ်တစ်လုံး လျင်(၈၀၀)ကျပ်၊ အသေးတစ်လုံးလျင်(၅၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းသွက်လျက်ရှိကြောင်း၊ နဂါးမောက်သီးများကို ဈေးအတွင်း လက်လီရောင်းချသော ဈေးသည်များကို ဖောက်သည် ပေးသည့် အပြင်၊ သစ်သီး ဖျော်ရည်ရောင်းချသည့် ဆိုင်များက ဝယ်ယူကြောင်း၊ ရွှေဘိုမြို့ အောင်ဇေယျဈေးအတွင်းရှိ သစ်သီးရောင်းချသူတစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 ဂေါ်ရခါးညွှန့်နှင့် ဂေါ်ရခါးသီး ဈေးနှုန်းဈေးကွက် အခြေအနေ

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင်ဈေးအတွင်းတွင်  ဂေါ်ရခါးညွှန့်နှင့် ဂေါ်ရခါးသီးများရောင်းချ လျက်ရှိကြောင်း  သိရှိရပါသည်။

      ဈေးကွက်အတွင်းရောင်းချနေသော ဂေါ်ရခါးညွှန့်နှင့် ဂေါ်ရခါးသီးများကို ရှမ်းပြည်နယ် ကလော၊ ပင်းတယ၊ ပင်လောင်း စသည့်ဒေသများမှ ဝင်ရောက်လာသည့် ဂေါ်ရခါးညွှန့်များ အရောင်းအဝယ်ကောင်းနေကြောင်း သိရှိရပါသည်။

     ယခုဩဂုတ်လအတွင်း ဖြစ်ပေါ်နေသော ဂေါ်ရခါးညွှန့်ဈေးနှုန်းမှာ ဂေါ်ရခါးရွက် (၁၀)ကျပ် သားလျှင် ၁၂၀၀ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိပြီး အလားတူပင် ဈေးကွက် ဂေါ်ရခါးသီးများကို ယခု ဩဂုတ်လအတွင်း ဖြစ်ပေါ်နေသော ဂေါ်ရခါးသီးဈေးနှုန်းမှာ ဂေါ်ရခါးသီးအကြီး (၁)လုံး လျှင်(၁၂၀၀)ကျပ်၊ အသေး (လုံးလျှင် (၈၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

သရက်မြို့နယ်၏ ကြောင်လျှာသီးဈေးနှုန်းအခြေအနေ

      မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့၊ မြို့မဈေးနှင့် အခွန်လွတ်ဈေးများတွင် ရောင်းချလျက်ရှိသည့် ကြောင်လျှာသီးများမှာ ကျေးရွာများရှိ ခြံစည်းရိုးများတွင် နှစ်ရှည်ပင်အဖြစ် စိုက်ပျိုးပြီး ရောင်းချကြောင်း သိရှိရသည်။

     ကြောင်လျှာသီးသည် ဈေးနှုန်းသက်သာပြီး အနုသည် ခါး၏။ ဖန်/ချို အရသာရှိပြီး ဝမ်းမီးကို တောက်စေသည်။ ဝမ်းလားသောအနာ၊ အစာမကြေသောအနာ၊ လေအားကြီးသောအနာ၊ ဝမ်း တွင်းပူသောအနာ၊ ဝမ်းချုပ်သော အနာတို့ကို ငြိမ်းစေတတ်၏။ နားလေးသူများ ကြောင်လျှာသီး ကိုစားလျှင် သက်သာစေသည်။ ကြောင်လျှာသီးကို ပါးပါးလှီး၍ ဆန်ဆေးရည်နှင့် တစ်ညရေစိမ်ပြီး သုပ်၍စားလျှင်သော်လည်းကောင်း၊ မီးကင်ပြီး နှပ်စား၍သော်လည်းကောင်း၊ တို့စရာအဖြစ်သော်လည်းကောင်း အမျိုးမျိုးမိမိကြိုက်နှစ်သက်သကဲ့သို့ စားသုံးကြသည်မှာ မြန်မာလူမျိုးတို့၏ ဟင်းလျာကောင်းတစ်ခွက်ဖြစ်ပါသည်။ ကြောင်လျှာပွင့်ကိုလည်း ပြုတ်ပြီး သုပ်စားခြင်း၊ ကြောင်လျှာပွင့်ကို ရေစိမ်ပြီး အခြားသီးနှံများဖြင့် ရော၍ ကြော်စားခြင်းများကိုလည်း သုံးဆောင်နိုင်ပါသည်။ ကြောင်လျှာသီး၊ အရွက်နှင့် အပွင့်တို့ကိုစားလျှင်လည်း နားလေး သက်သာစေပါသည်။ ၂၀၂၅ခုနှစ်၊ သြဂုတ်လ(ပထမပတ်)တွင် ဖြစ်ပေါ်နေသော ကြောင်လျှာသီးဈေးနှုန်းမှာ အကြီး(၁)တောင့်လျှင် ကျပ်(၅၀၀)နှင့် အသေး(၁)တောင့်လျှင် ကျပ်(၃၅၀)ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

DOCA(မကွေး)

သရက်မြို့၏ ချဥ်ပေါင်ရွက်ဈေးနှုန်းအခြေအနေ

      ယခု သြဂုတ်လ မိုးရာသီအချိန်ကာလသည် မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ သရက်မြို့၊ မြို့နယ်အတွင်း ဒေသထွက်သီးနှံများဖြစ်ထွန်းသည့် အချိန်ကာလဖြစ်သည့်အလျောက် မြို့မစည်ပင် သာယာဈေးသို့ သရက်မြို့အတွင်းရှိ ကျေးရွာများဖြစ်ကြသော သဲတောကျေးရွာ၊ မြင်ဘာခြံကျေးရွာ၊ ကံသာစုကျေးရွာနှင့် မီးသွေးဖုတ်ကျေးရွာတို့မှ တနိုင်တပိုင်ခြံထွက် ဟင်းသီးဟင်းရွက်များမှ ချဥ်ပေါင်ရွက်များထွက်ရှိ၍ နေ့စဥ် အရောင်းအဝယ်ဖြစ်လျက်ရှိနေပါသည်။

       ချဥ်ပေါင်ပင်မှာ ရိုးရိုးချဥ်ပေါင်၊ ချဥ်ပေါင်(ဖြူ)နှင့် ချဥ်ပေါင်(ခါး)ဟူ၍ အမျိုးအစား (၃)မျိုး ရှိသည့်အနက်မှ မိမိတို့ဒေသခံ စားသုံးသူပြည်သူများမှာ ရိုးရိုးချဥ်ပေါင်ကိုသာ ရွေးချယ်စားသုံးမှုများ ကြသည်။ ၎င်းချဥ်ပေါင်မှာ ဟင်းချက်ရာတွင် ယခုရာသီစာ ပဲကြီးနှပ်၊ ပဲကြီးဟင်းချိုတို့နှင့် လိုက်ဖက်မှုရှိခြင်း၊ အချဥ်ဓါတ်ရရှိခြင်းကြောင့် အစာကြေလွယ်ခြင်း၊ အအီပြေလွယ်ခြင်း၊ အဆိပ် အရမ်းမပျင်းသည့် အင်းစက်ပိုးမွှားများကိုက်ခံရလျှင် ကိုက်ခံရသည့် နေရာတွင် ချဥ်ပေါင်ရွက်အား ကြိတ်ချေ၍ ပွတ်တိုက်လိုက်ပါက အဆိပ်ပြေလွယ်ခြင်း၊ အသက်ကြီးအဘိုးအဘွားများပင် စားသုံး နိုင်ခြင်းစသည့် ကောင်းကျိုးများရရှိစေသော်လည်း ရင်ကြပ်ရောဂါအခံ ရှိသူများအနေဖြင့် သတိပြု စားသုံးသင့်ပါသည်။ မိမိတို့ဒေသသည် သီးနှံ/ဟင်းသီးဟင်းရွက်များကို တစ်နှစ်ပတ်လုံးရရှိမှု နည်း ပါး၍ ရာသီပေါ်သီးနှံများကိုသာ နှစ်ခြိုက်စွာစားသုံးကြသည့်အတွက် ဝယ်လိုအားများသည်ဟု လည်း သိရပါသည်။ ချဥ်ပေါင်ပင်များသည် နွေရာသီမြေအောက်ရေဓါတ်နည်းပါး၍ ရေသွင်းစိုက် ရသည့် အချိန်တွင် ချဥ်ပေါင်ညွန့်(၉)ညွန့်၊(၁၀)ညွန့်ပါ တစ်စီးလျှင် ကျပ်(၂၀၀မှ ၂၅၀)အထိ ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဇွန်လ၊ ဇူလိုင်လတို့ကဲ့သို့ မြေအောက်ရေဓါတ်များချိန် မိုးရာသီ တို့တွင် ချဥ်ပေါင်ညွန်(၉)ညွန့်၊ (၁၀)ညွန့်ပါတစ်စီးလျှင် ကျပ်(၁၀၀)ဖြင့်သာ အရောင်းအဝယ်ရှိ ကြောင်း သိရသည်။ ထို့အပြင် ရပ်ကွက်အတွင်း တစ်အိမ်ဝင်တစ်အိမ်ထွက် ဆိုင်ကယ်/စက်ဘီးတို့ဖြင့် ရောင်းချသူတို့တွင် ဒေသခေါ် ချဥ်ပေါင်စုံအထုပ်များလဲ ရောင်းချကြပါသည်။ ၎င်းချဥ်ပေါင်စုံထုပ် တွင် ခရမ်းသီး(အသေး)၁လုံး၊ ရုံးပတီသီး(အသေး)၂တောင့်၊ နံနံပင်(၂)ပင်၊ ကန်စွန်းရွက်အနည်း ငယ်နှင့် ချဥ်ပေါင်ရွက်အနည်းငယ်ထည့်၍ထုတ်ထားသော (၁)ထုပ်လျှင် ကျပ်(၅၀၀)ဖြင့် ရောင်းချ လျက်ရှိကြောင်း ဈေးသည်များထံမှ သိရပါသည်။

DOCA(မကွေး)

 

အထက်မင်းလှမြို့နယ်၊ မယ်ဇလီတောကျေးရွာ၌ မိုးနှမ်းစိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ပန်းတော်ပြင်ကျေးရွာအုပ်စု၊ မယ်ဇလီတောကျေးရွာသည် စိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်ပြီး ကြက်သွန်နီ၊ ဝါ၊ ကုလားပဲ၊ နေကြာ၊ နှမ်း၊ မေမြို့ပန်း၊ သပြေပန်းနှင့် အခြားမီးဖိုချောင်သုံးသီးနှံများကို ရာသီအလိုက်စိုက်ပျိုးကြကြောင်း၊ မိုးနှမ်းကို ၂၀၂၅ခုနှစ်၊ မေလမှစတင်၍ တောင်သူ(၆၀)ဦးခန့်မှ စိုက်ဧက(၂၀၀)ဧကခန့် စိုက်ပျိုး ထားပြီး  ဇူလိုင်လ(စတုတ္ထပတ်)တွင် စတင်ရိတ်သိမ်းခဲ့ကြောင်း သိရှိရသည်။

     မယ်ဇလီတောကျေးရွာနေ နှမ်းစိုက်တောင်သူတစ်ဦးက ၎င်းအနေဖြင့် နှမ်းနက်()ဧကခန့် ကို ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးပြီး ရက်ပေါင်း(၉၀)အကြာတွင် ရိတ်သိမ်းရကြောင်း၊ မျိုးအနေဖြင့်  သိပ္ပံနှမ်းနက်နှင့် ဆင်းရတနာ-၁၄ နှမ်းနက်မျိုးကို အများဆုံး စိုက်ပျိုးပြီး ()ဧကလျှင် မျိုး()ပြည် ခန့်ကုန်ကျကြောင်း၊ မျိုးကို အထက်မင်းလှမြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှဝယ်ယူပြီး မျိုးသန့်မှုပေါ်မူတည်၍ ()ပြည်လျှင် ကျပ်(၁၅၀၀၀-၂၀၀၀၀)ပေးရကြောင်း၊  ကုန်ကျစရိတ်အနေဖြင့် (၁)ဧကလျှင် မျိုးဖိုး၊ မြေပြုပြင်ခ၊ လုပ်အားခနှင့် အခြားသွင်းအားစုစရိတ် အပါအဝင် စုစုပေါင်း ကျပ်(၇၀၀၀၀၀)ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် တင်း ရေ(၇)တင်းမှ(၁၂)တင်းထိထွက်ရှိပြီး ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)တွင် နှမ်းနက်(၁)တင်းလျှင် ကျပ်(၂၄၀၀၀၀)ဈေးရရှိ၍ အကျိုးအမြတ်အနေဖြင့် (၁)ဧကလျှင် ကျပ်(၉၈၀၀၀၀ မှ ၂၁၈၀၀၀၀) ခန့်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် မင်းလှမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချပြီး ထို့ပွဲရုံများမှတဆင့် မန္တလေးမြို့သို့ အဓိကတင်ပို့ကြောင်း၊ ယခုနှစ်တွင် အထက်မင်းလှမြို့နယ်အတွင်း မိုးနှမ်းစိုက်ပျိုး ရာတွင် မိုးရွာသွန်းမှုများ၍ နှမ်းစိုက်ခင်းများပျက်စီးဆုံးရှုံးမှုရှိပြီး အထွက်နှုန်းမှာ လျော့နည်းခဲ့သော်လည်း ဈေးကောင်းရသည့်အတွက် နှမ်းစိုက်တောင်သူများအနေဖြင့် ထိုက်သင့်သည့်အကျိုးအမြတ်များရရှိခဲ့ကြောင်း သိရှိရသည်။

DOCA(မကွေး)

 

 

မြိတ်မြို့ပေါ်ရှိ ကျွဲကောသီးဈေးနှုန်း/ဈေးကွက်

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်တွင် ကျွဲကောသီးသည် လူကြိုက်များပြီး ဈေး ကောင်းများရရှိလျက်ရှိကြောင်း သိရှိရပါသည်။ ကျွဲကောသီးများကို ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် မွန်ပြည်နယ်များတွင် အများဆုံးစိုက်ပျိုးကြောင်း သိရှိရပါသည်။ ကျွဲကောသီးသည် သဲနုံးမြေတွင် စိုက်ပျိုးပြီး ဇွန်လနှင့် သြဂုတ်လများတွင် ပိုမိုစိုက်ပျိုးကြောင်း သိရှိရပါသည်။ ကျွဲကောသီးများ စားသုံးခြင်းဖြင့် သွားနှင့် ခံတွင်းကိုပိုမိုကောင်းမွန်စေပြီး ကိုယ်အလေးချိန်များထိန်းချုပ်ပေးခြင်းနှင့် သွေးဖိအားများကို အလွန်ပင်ကောင်းမွန်စေသော သီးနှံတစ်မျိုးဖြစ်ပါသည်။

   ယခု၂၀၂၅ခုနှစ်၊ သြဂုတ်လတွင် မြိတ်မြို့ပေါ်တွင် ကျွဲကောသီးဈေးနှုန်းများမှာ တစ်လုံး လျှင်(၄၀၀၀)ကျပ်နှင့် (၄၅၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်ဒေသထွက်ရေခူ(သို့)ငါးဂျယ်လီ

    ခူသည် ကမ်းရိုးတန်းတစ်လျောက်ရေငန်ပိုင်းနှင့် ပင်လယ်ကျယ်များတွင် ရေပေါ်၌ပေါ် လေ့ရှိပါသည်။ ခူတွင် စားခူ၊ ခူနီ၊ ခူဝက်ခေါက်၊ ခူမီး(ခေါ်)ခူတောင်များဟူ၍ အမျိုးမျိုးရှိကြောင်း သိရှိရပါသည်။ ခူတွင် ခူနီ၊ ခူဝက်ခေါက်တို့သည် လူတို့အတွက်အသုံးမဝင်ဘဲ ခူမီ(ခေါ်)ခူတောင် များကို လက်ဖြင့်ကိုင်တွယ်မိပါက မီးကဲ့သို့ ပူလောင်ခြင်း၊ ယားယံခြင်းတို့ဖြစ်ကြောင်း ခူလုပ်သား တစ်ဦးထံမှ သိရှိရပါသည်။ ခူများအများဆုံးထွက်ရှိချိန်တွင် ဧပြီလနှင့်ဇွန်လများတွင် အများဆုံး ထွက်ရှိကြောင်း သိရှိရပါသည်။ ခူများကို ဖမ်းရာတွင် သံချိတ်များဖြင့် ဖမ်းပြီး ရေဆုတ်ပတ်များတွင် အများဆုံးဖမ်းကြောင်း သိရှိရပါသည်။

     ယခုသြဂုတ်လတွင် မြိတ်မြို့ပေါ်ရှိ ရေခူဈေးနှုန်းများမှာ တစ်ပိဿာလျှင် (၄၀၀၀)ကျပ်နှင့် (၄၅၀၀)ကျပ်ရှိပြီး ရေခူများရရှိမှုနည်းသွားချိန်တွင် ရေခူဈေးနှုန်းတစ်ပိဿာလျှင် (၆၀၀၀)ကျပ် ခန့်ရှိကြောင်း သိရှိရပါသည်။ စားသောက်ဆိုင်များတွင် ခူသုပ်တစ်ပွဲလျှင် (၃၀၀၀)ကျပ်ရှိပြီး ခူများ ကိုကိုယ့်စိတ်ကြိုက် ကြက်သွန်ကြော်၊ ခရမ်းချဥ်သီး၊ မြေပဲ၊ နံနံပင်များထည့်ကာသုပ်စားရပါသည်။ ကမ်းရိုးတန်းဒေသတွက် ဟင်းအမယ်တစ်မျိုးဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြသလ္လာဈေးရှိ သခွားသီးဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများတွင်  ရာသီပေါ်သီးနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ သခွားသီးများကို တနိုင်တပိုင်စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ သခွားသီးသည် မြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်သော်လည်း နုန်းမြေ၊ သဲနုန်းမြေများတွင် ပိုမို ဖြစ်ထွန်းစိုက်ပျိုးကြပါသည်။ သခွားသီးကို ဆောင်းသခွားသီးနှင့် မိုးသခွားသီးဟူ၍ နှစ်မျိုးကို ရာသီအလိုက် စိုက်ပျိုးကြပါသည်။

   ၂၀၂၅ ခုနှစ် ဩဂုတ်လ ပထမပတ်တွင် မြသလ္လာဈေး၌ ရောင်းချနေသည့် သခွားသီး ဈေးနှုန်းအနေဖြင့် အသေးတစ်လုံးလျှင် (၂၅၀)ကျပ်၊ အကြီးတစ်လုံးလျှင် (၃၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရသည်။ သခွားသီးကို ခြစ်၍ ပဲမှုန့်၊ မြေပဲဆံ၊ ဆီချက်တို့ဖြင့် သုပ်စား၍သော်လည်းကောင်း၊ ငံပြာရည်၊ ငါးပိရည်ချက်တို့နှင့် အတို့အမြုပ်ဖြင့်လည်းကောင်း၊ အသားနှင့်ချက်စား၍သော်လည်းကောင်း အမျိုးမျိုးပြုလုပ်၍ စားသုံးကြပါသည်။

DOCA(စစ်ကိုင်း)

မန်ကျည်းပင်ဈေးရှိ ဗုံလုံသီး (ခေါ်) ပဲလင်းမြွေသီး ဈေးနှုန်း

    မုံရွာမြို့ ပတ်ဝန်းကျင်ရှိ ကျေးရွာများမှာ မန်ကျည်းပင်ဈေးအတွင်းသို့ ရာသီစာ အသီးအရွက်များအပြင် ဗုံလုံးသီးများ လာရောက်ရောင်းချကြပါသည်။ ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီးများကို ပုစွန်ဖြင့် အစာသွပ်၍လည်းကောင်း၊ ကြက်ဥဖြင့်ရောမွှေ၍ ကြောက်ချက်၍ သော်လည်းကောင်း၊ ဝက်သားဖြင့် ရောက်ချက်၍လည်းကောင်း စားသုံးနိုင်ကြပါသည်။ မုံရွာမြို့၊ မန်ကျည်းပင်ဈေးတွင်  ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်တွင် ဖြစ်ပေါ်နေသော  ဗုံလုံသီး (ခေါ်) ပဲလင်းမြွေသီး ဈေးနှုန်းများမှာ ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အကြီးတစ်တောင့်လျှင် (၁၂၀၀)ကျပ်၊ ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အလတ် တစ်တောင့်လျှင် (၁၀၀၀)ကျပ် နှင့် ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အသေး တစ်တောင့်လျှင်(၉၀၀)ကျပ် ဖြစ်ပြီး ဩဂုတ်လ ပထမပတ်တွင်  ဗုံလုံသီး (ခေါ်) ပဲလင်းမြွေသီး ဈေးနှုန်းများမှာ ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အကြီး တစ်တောင့်လျှင် (၁၀၀၀)ကျပ်၊ ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အလတ် တစ်တောင့်လျှင် (၉၀၀)ကျပ် နှင့် ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အသေး တစ်တောင့်လျှင် (၈၀၀)ကျပ် ဖြစ်ပြီး ဈေးနှုန်းအနည်းငယ်ကျဆင်းသွားကြောင်း ကုန်စိမ်းရောင်းသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့ ကမ်းနားလမ်းနှင့် သံလမ်းဈေးရှိ နာနတ်သီးဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သံလမ်းဈေးတွင် နာနတ်သီးများ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ နာနတ်သီးသည် ဈေးနှုန်းသက်သာပြီး အာဟာရဓာတ် များစွာ ပါဝင်သည့်အသီးတစ်မျိုး ဖြစ်ပါသည်။ နာနတ်သီးများမှာ အများအားဖြင့် အခွံနွှာ၍ အသင့်စားသုံးနိုင်သည့်အသီးဖြစ်သည့်အပြင် နာနတ်သီးဖျော်ရည်၊ နာနတ်သီးယို စသည်ဖြင့် ပြုလုပ်စားသုံးကြပါသည်။

          ဩဂုတ်လ ပထမပတ်တွင် ကမ်းနားလမ်းနှင့် သံလမ်းဈေ၌ ဖြစ်ပေါ်နေသော နာနတ်သီးဈေးနှုန်းအနေဖြင့် နာနတ်သီးအကြီးတစ်လုံးလျှင် (၂၀၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၁၅၀၀)ကျပ်ဖြင့် ရောင်းချကြကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း