ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့သစ်သီးဈေးကွက်ရှိ စပျစ်သီးနှင့် လိမ္မော်သီးဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့သစ်သီးဆိုင်များတွင် စပျစ်သီး ၊လိမ္မော်သီး၊ နာနတ်သီး၊ သခွားမွှေးသီးများ ရောင်းချလျက်ရှိရာ စပျစ်သီးနှင့် လိမ္မော်သီးတို့သည် ရောင်းအားသွက်သည့် အသီးတစ်မျိုးဖြစ်ကြောင်း၊ အရည်ရွမ်းသော အသီးဖြစ်သောကြောင့် ကျန်းမာ ရေးအတွက် များစွာအထောက်အကူပြုပေးကြောင်း၊ စပျစ်သီးနှင့် လိမ္မော်သီးတို့ကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရှိရသည်။

   ၂၀၂၅ ခုနှစ် ၊ ဩဂုတ်လ ပထမပတ်အတွင်း ကန့်ဘလူမြို့သစ်သီးဆိုင်များတွင် စပျစ်သီး တရုတ်မျိုး(၁)ပိဿာလျှင် (၃၈၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၁၀၀၀၀)ကျပ်၊ စပျစ်သီး ဗမာမျိုး(၁) ပိဿာလျှင် (၂၀၀၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင် (၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ဩဂုတ်လ ပထမပတ်အတွင်း လိမ္မော်သီး(၂၅)ကျပ်သားလျှင် (၅၀၀၀)ကျပ်၊ လိမ္မော်သီး(၁)ပိဿာ လျှင် (၁၉၀၀၀မှ ၂၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ သစ်သီးများအဝင်နည်း၍ အရောင်းသွက်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ရှိ လူကြိုက်များသည့်သရေစာ နို့မလိုင်လုံးနှင့် ကုလားပဲချောင်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ ကုန်မျိုးစုံရောင်းချသည့်ဆိုင်များတွင် သရေစာမလိုင်လုံးနှင့် ကုလားပဲချောင်းများ ရောင်းချလျက်ရှိရာ ၂၀၂ ခုနှစ်၊ ဩဂုတ်လ ပထမပတ် အတွင်း မလိုင်လုံး လက္ကားတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ မလိုင်လုံး လက်လီတစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၅၅၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင် (၁၁၀၀)ကျပ်တို့ဖြင့်လည်း ကောင်း၊ ကုလားပဲချောင်း လက္ကားတစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင်(၉၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၄၅၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင် (၁၀၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း၊ သရေစာ မလိုင်လုံးနှင့် ကုလားပဲချောင်းများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့တို့မှ ဝယ်ယူရောင်းချကြောင်း၊ လူကြိုက်များသော သရေစာဖြစ်သည့်အတွက် အရောင်းသွက်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင်ရောင်းချနေသော ပဲပင်ပေါက်နှင့် ပဲချဉ်ဈေးနှုန်း အနည်းငယ်ကျဆင်း

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုးရောင်း ချသည့်အပြင်၊ ဒေသထွက် ရိုးရာလက်လုပ်ချဉ်များ ပြုလုပ်ရောင်းချပြီး မိသားစုစားဝတ်နေရေးအတွက် အထောက်အပံ့များရရှိကာ အဆင်ပြေလျက်ရှိကြောင်း၊ ပဲပင်ဖောက်ရာတွင် ပဲတီစိမ်းနှင့် မတ်ပဲတို့ကို အသုံးများကြောင်း၊ အသုံးပြုမည့်ပဲကို ကြိုတင်ရေစိမ်ထားရကြောင်း၊ ရရှိလာသောပဲပင်ပေါက်များကို သန့်ရှင်းအောင်ပြုလုပ်ပြီး ပဲချဉ်ပြုလုပ်ရကြောင်း သိရှိရသည်။

      ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ကန့်ဘလူမြို့၊ မြို့မဈေး၌ဖြစ်ပေါ်နေသော ပဲပင်ပေါက်ဈေးနှုန်းမှာ ပဲပင်ပေါက် လက္ကားတစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ပဲပင်ပေါက် လက်လီ တစ်ပိဿာလျှင်(၄၅၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၄၅၀)ကျပ်နှင့် ပဲချဉ်လက္ကားတစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊ ပဲချဉ်လက်လီတစ်ပိဿာလျှင် (၄၂၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၁၀၀)ကျပ်နှင့် (၁၀)ကျပ်သား လျှင်(၄၅၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ၊ ပဲပင်ပေါက်နှင့် ပဲချဉ်ရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

ဩဇာသီး၏ ကျန်းမာရေးအကျိုးကျေးဇူးများနှင့် ဈေးနှုန်းဈေးကွက်

သြဇာသီးလို့ ဆိုလိုက်တာနဲ့ အရသာကောင်းသလောက် စားရတာအလွန်လက်ဝင်ပြီး အစေ့များစွာပါသော အသီးတစ်မျိုးဖြစ်သည်။ ဩဇာပင်သည် အိန္ဒိယ မျိုးရင်းပင် ဖြစ်ပြီး မြန်မာနိုင်ငံ အပူပိုင်းဒေသများတွင် ပေါက်ရောက်ပါသည်။ ဩဇာသီးသည်  အာဟာရဓာတ်ကြွယ်ဝသဖြင့် နိုင်ငံတော်၏ စီးပွားရေးနှင့် ကျန်းမာရေးကဏ္ဍတွင် အရေးပါသောသီးနှံတစ်မျိုးဖြစ်လာပြီး ပြည်ပ ဈေးကွက်သို့ တင်ပို့ရန်အတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိပါသည်။  

            သြဇာသီးဟာ အရသာကောင်းမွန်သလို ကျန်းမာရေးကို အလွန်အထောက်အကူပြုတဲ့ သစ်သီးတစ်မျိုးဖြစ်ပါသည်။ သြဇာသီးမှာ ဗီတာမင် ဘီ၊ ဗီတာမင် B6၊ ဗီတာမင် စီနဲ့ Antioxidant တွေပါဝင်နေပြီး အရေပြား၊ ဆံပင်၊ မျက်လုံး၊ ဦးနှောက်နဲ့ နှလုံးတို့ကို အထောက်အကူပြုတဲ့ သစ်သီးတစ်မျိုးဖြစ်ပါသည်။ သြဇာသီးမှာပါဝင်တဲ့ ကျန်းမာရေးကောင်းကျိုး ၂၁ ချက်ရှိပါသည်။ အဲ့ဒါတွေကတော့ ကိုယ်အလေးချိန် တိုးစေခြင်း၊ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေခြင်း၊ ခွန်အားဖြည့်တင်းပေးခြင်း၊ ကင်ဆာကို တိုက်ဖျက်နိုင်စွမ်းရှိခြင်း၊ ဦးနှောက်ကို ကျန်းမာစေခြင်း၊ သွားကိုခိုင်မာစေခြင်း၊ သွေးအားနည်းရောဂါကို သက်သာစေခြင်း၊ အမြင်အာရုံကို ကြည်လင်စေခြင်း၊ အဆစ်ရောင်နာကို သက်သာစေခြင်း၊ နှလုံးနဲ့ သက်ဆိုင်တဲ့ရောဂါတွေကို သက်သာစေခြင်း၊ ဆီးချိုကို တားဆီးနိုင်ခြင်း၊ အစာခြေစနစ်ကို အားကောင်းစေခြင်း၊ အသားအရေနဲ့ ဆံပင်ကို အားဖြည့်ပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ကြေးနီဓာတ် ကြွယ်ဝစွာပါဝင်တဲ့ အစားအသောက် အရင်းအမြစ်တစ်ခုဖြစ်ခြင်း၊ သန္ဓေသားရဲ့ ဦးနှောက်ကို ဖွံ့ဖြိုးစေခြင်း၊ သံဓာတ်ပါဝင်မှုများခြင်း၊ ကလေးငယ်များကို ကူးစက်ရောဂါများမှ ကာကွယ်ပေးနိုင်ခြင်း၊ Morning Sickness ဝေဒနာအား သက်သာစေခြင်း၊ အသားအရေကြည်လင်စေခြင်း၊ အရေပြားကူးစက်ရောဂါများကို ပျောက်ကင်းစေခြင်းနှင့် အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေခြင်း စတဲ့ကျန်းမာရေးအတွက် ကောင်းကျိုးများကို ရရှိစေပါသည်။

         ဩဇာသီးများသည် ဇူလိုင်နှင့်ဩဂုတ်လများတွင် ထွက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။  ယခုနှစ်တွင် မိုးရွာသွန်းမှု သင့်တော်သောကြောင့် အသီးလှပြီး အထွက်နှုန်းများ၍ ဈေးကောင်းရရှိလျက်ရှိပါသည်။ မန္တလေးဈေးကွက်အတွင်းသို့ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးဒေသမှ ဩဇာသီးများ ဝင်ရောက်၍ ဈေးကောင်းရရှိလျက်ရှိပါသည်။ ဩဇာသီးဈေးနှုန်းအနေဖြင့် တစ်လုံးလျှင် အရွယ်အစားအလိုက် ၅၀၀ ကျပ်မှ ၁၅၀၀ ကျပ် ထိရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(မန္တလေး)

အိုးမုန်ညင်း(သို့မဟုတ်) ရေမုန်ညင်းဈေးနှုန်းဈေးကွက်

          မြင်းခြံမြို့နယ်ရှိ စံပြဈေး၊ အေးမြသီတာဈေးနှင့် မြို့မစည်ပင်သာယာဈေးများတွင် အခြေခံစားကုန်အမျိုးမျိုးနှင့် စားဖိုဆောင်အုပ်စုဝင် ဟင်သီးဟင်းရွက်မျိုးစုံ ရောင်းချလျက်ရှိရာ ရာသီပေါ် အိုးမုန်ညင်းများကိုလည်းရောင်းချလျက်ရှိကြောင်း၊ မြင်းခြံမြို့နယ်သည် အိုးမုန်ညင်းများကို ဆောင်းရာသီတစ်ရာသီသာ စိုက်ပျိုးနိုင်ကြောင်း၊ ရာသီကုန်ဆုံးချိန်တွင် ၎င်းဟင်းရွက်များကို ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့နှင့် မန္တလေးမြို့ကုန်စိမ်းပွဲရုံများမှ မှာယူတင်သွင်းပြီး ဒေသတွင်းသို့ ဖြန့်ဖြူးရောင်းချကြောင်း သိရှိရသည်။ ၂၀၂၅ခုနှစ်၊ ဩဂုတ်ပထမပတ်တွင် အိုးမုန်ညင်း တစ်စည်းလျှင် လက်လီဈေး(၈၀၀)ကျပ်၊ လက်ကားဈေး (၇၀၀)ကျပ်ပေါက်ဈေးများရှိကြောင်း၊ စားသုံးမှုများ၍ နေ့စဉ် အစည်းအရေအတွက် (၁၅၀-၂၀၀) ခန့် ရောင်းချရကြောင်း ဈေးကွက်တွင် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။ အိုးမုန်ညင်းကိုစားသုံးခြင်းဖြင့် ကင်ဆာရောဂါကာကွယ်မှု၊ နှလုံးကျန်းမာမှု၊ ဗီတာမင်စီပါဝင်သောကြောင့် မျက်လုံးကျန်းမာရေးနှင့် ကိုယ်ခံအားကိုမြှင့်တင်ပေးပြီး ကျန်းမာရေးအတွက် အကျိုးများစွာရှိသော ဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်၍ အာဟာရပြည့်ဝကြောင်း သိရှိရသည်။

DOCA(မန္တလေး)

နွားထိုးကြီးမြို့၏မိုးဦးပဲစဉ်းငုံစိုက်ပျိုးထားရှိမှုအခြေအနေ

           နွားထိုးကြီးမြို့နယ်သည် မိုးကောင်းသောက်ယာမြေများတွင်၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံနှင့်  ကြက်သွန်နီသီးနှံများကိုစိုက်ပျိုးခြင်းနှင့် ထန်းလုပ်ငန်းများကို လည်းလုပ်ကိုင်လျက်ရှိရာ မိုးဦးကာလတွင် ပဲစဉ်းငုံကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။ မိုးဦးပဲစဉ်းငုံကို (မေလ-ဇွန်လ-ဇူလိုင်လ) များတွင် စတင်စိုက်ပျိုးပြီး ရိတ်သိမ်းထွက် ပေါ်ချိန်မှာ (ဇန်နဝါရီလ-ဖေဖော်ဝါရီလ-မတ်လ)တို့တွင် ရိတ်သိမ်းထွက်‌‌‌‌ပေါ်ကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ (၇)လခန့် ကြာမြင့်ကြောင်း သိရှိရသည်။

            ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဇူလိုင်ပထမပတ်တွင် နွားထိုးကြီးမြို့နယ်၌ ပဲစဉ်းငုံ စိုက်ပျိုးဧက (၇၀၃၂၈) ဧကစိုက်ပျိုးထားရှိကြောင်း ခရိုင်‌ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။ စိုက်ပျိုးမှုအနေဖြင့် သက်ကြီးမျိုးရွှေဒင်္ဂါးကို တန်းကြား ၄ပေခွဲထား၍ စိုက်ကြောင်းများစွဲပြီး အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြောင်း၊ စိုက်ပျိုးရာ၌ တန်းကြားတွင် မြေပဲ၊ နှမ်း၊ ပဲတို့နှင့် သီးညှပ်စိုက်ပျိုးထားကြောင်း သိရသည်။ ယခင်နှစ် ပဲစဉ်းငုံတစ်ဧက အထွက်နှုန်းမှာ (၁၁) တင်းခန့် ထွက်ရှိခဲ့ကြောင်း၊ ယခုနှစ်တွင် မိုးကောင်းရေ သောက်သုံးရသဖြင့် အပင်များဖြစ်ထွန်းသောကြောင့် ယခင်နှစ်ထက် အထွက်နှုန်းများပိုမိုထွက်ရှိနိုင်မည်ဟုခန့်မှန်းရကြောင်း၊ ပဲစဉ်းငုံသီးနှံသည် အကျိုးအမြတ်များစွာရရှိပြီး သီးထပ်သီးညှပ်အနေဖြင့်လည်း စိုက်ပျိုး၍ဝင်ငွေတိုးသော သီးနှံဖြစ်ကြောင်း ပဲစဉ်းငုံစိုက် တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။ တောင်သာမြို့နယ်၌ ဩဂုတ်ပထမပတ်တွင် ပဲစဉ်းငုံနီ တစ်တင်းလျှင် (၈၇၀၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့် ဒေသတွင်း ပွဲရုံများ၌ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ထိုပွဲရုံများမှတဆင့် မန္တလေးမြို့နှင့် ရန်ကုန်ဘုရင့် နောင်ပွဲရုံများသို့ တင်ပို့‌ရောင်းချကြောင်း သိရှိရသည်။

DOCA(မန္တလေး)

ကြက်သွန်ဖြူမှရရှိနိုင်သောကျန်းမာရေးအကျိုးကျေးဇူးများနှင့် ဈေးနှုန်းဈေးကွက်

ခေတ်အဆက်ဆက်မှသည် ယနေ့တိုင် ကြက်သွန်ဖြူကိုဟင်းချက်ရာတွင် ဟင်းအနှစ် အရသာရှိစေရန်အတွက် တွင်တွင်ကျယ်ကျယ်အသုံးပြုကြပြီး ကျန်းမာရေးအတွက်လည်း ဆေးစွမ်းကောင်းတစ်လက်အဖြစ် အသုံးပြုလျက်ရှိပါသည်။ ကြက်သွန်ဖြူကို နှစ်ထောင်ပေါင်းများစွာ ကတည်းက သုံးစွဲလာကြပြီး ကျန်းမာရေးအတွက်သာမက အချက်အပြုတ် နှင့် ရောဂါကုထုံးများလုပ်ဆောင်ရာတွင်ပါအသုံးပြုခဲ့ကြသည်။ ကြက်သွန်ဖြူတွင် ကယ်လ်လိုရီ အဆီများနှင့် ဆိုဒီယမ်တို့ပါဝင်မှုအလွန်နည်းပါးသည့်အပြင် ဖော့စဖောရပ်စ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဇင့်၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ ဆာလဖာ၊ ဗီတာမင်စီ၊ ဗီတာမင်B6၊ ဗီတာမင်B1၊ ကလိုရင်းစသည့် အသုံးဝင်သော သတ္ထုဓာတ်များစွာပါဝင်သည်။ ကြက်သွန်ဖြူကိုပုံမှန်စားသုံး ပေးခြင်းဖြင့် ရရှိလာနိုင်သောကျန်းမာရေးအကျိုးကျေးဇူးများမှာ သွေးတိုးနှင့်နှလုံးရောဂါ အန္တရာယ်ကိုလျော့နည်းစေခြင်း၊ အရိုးကျန်းမာရေးကိုအထောက်အပံ့ဖြစ်စေခြင်း၊ အစာခြေမှု ကိုမြှင့်တင်ပေးနိုင်ခြင်း၊ သွေးထဲရှိသကြားဓာတ်ကိုထိန်းညှိပေးခြင်း၊ ကိုယ်ခံအား ကိုမြှင့်တင်ပေးခြင်း နှင့်ကိုယ်အလေးချိန်လျော့ချပေးခြင်းစသည့် ကျန်းမာရေးအကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည်။ ထိုကဲ့သို့ ဟင်းချက်ရာတွင်သာမက ကျန်းမာရေးအတွက်ပါ များစွာအသုံးဝင်သောကြက်သွန်ဖြူကို မြင်းခြံမြို့၊ အေးမြသီတာဈေးတွင် ကြက်သွန်ဖြူ(ကြူကုတ်)တစ်ပိဿာလျှင်(၁၀၀၀၀-၁၂၀၀၀)ကျပ်၊ ကြက်သွန်ဖြူ(ရှမ်းဖြူ) တစ်ပိဿာလျှင်(၅၀၀၀-၁၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိပါသည်။ DOCA(မန္တလေး)

ရေဆယ်မုန့်ဟင်းခါး ( ခေါ် ) လက်ညစ်မုန့်ဟင်းခါး

     ကလေးမြို့ပေါ်တွင် ရေဆယ်မုန့်ဟင်းခါးကို နံနက်စာ အစာပြေအဖြစ် အများစု ကြိုက်နှစ်သက်စွာ စားသုံးလေ့ရှိပြီး ရေဆယ်မုန့်ဟင်းခါးဟု နာမည်ရလျက်ပြီး မိသားစုဝင်ငွေ တစ်ဖက်တစ်လှမ်းမှ ဝင်ငွေရအောင် လုပ်ကိုင်နေသူ ရေဆယ်မုန့်ဟင်းခါးဆိုင်သို့ သွားရောက်မေးမြန်းခဲ့ပါသည်။

      တမူးမြို့နယ်၏ ရေဆယ်မုန့်ဟင်းခါးဆိုင်ရှင် ဒေါ်အုန်းမှ မိမိဆိုင်သည် တစ်ရက်လျှင် ဆန် ( ) ပြည်ခန့် အသုံးပြု၍ ရေဆယ်မုန့်ဟင်းခါးပြုလုပ် ရောင်းချလျက်ရှိပါသည်။ မုန့်ဟင်းခါးဖတ် ပြုလုပ်နည်းအနေဖြင့်  ဆန်တစ်ပြည်လျှင် မုန့်ဟင်းခါးဖတ် ( ၂ - ၂.၅ ) ပိဿာခန့်ထွက်ရှိပါသည်။

      မိမိဆိုင်အနေဖြင့် ရေဆယ်မုန့်ဟင်းခါးဖတ်များကို ကိုယ်တိုင်ပြုလုပ်ကာ ပွဲပြင်များအဖြစ် ရိုးရိုးအသုပ် ရေဆယ် တစ်ပွဲလျှင် ( ၂၀၀၀ ) ကျပ်၊ ငါးဖယ်နှင့် ဘူးသီးကြော်ထည့်မည်ဆိုပါက ( ၃၀၀၀ ) ကျပ် ဈေးနှုန်းများဖြင့် ရောင်းချပါကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကလေးမြို့ပေါ်တွင် ဒေသအစားအစာ ဆာဗူးသီး

     ဆာဗူးသီး ချက်ပြုတ်ရာတွင် အဓိကကုန်ကြမ်းဖြစ်သည့် ပြောင်းဖူးခြောက်များကို မိမိနှစ်သက် သည့် အသားနှင့် ပြောင်းဖူးများ အိစက်သွားအောင်ပြုတ်ထားပြီး မိမိစိတ်တိုင်းကျ ချို၊ ချဉ်၊ ငံ၊ စပ် အရသာအဖြစ် ရောစပ်၍စားကြပြီး ချင်းရိုးရာအစားအစာအဖြစ် စားသုံးမှုပိုများပြီး ချင်းပြည်နယ် တစ်ခုတည်းသာမကဘဲ မြေပြန့်ဒေသများနှင့် အောက်ပိုင်းဒေသများတွင်ပါ စားသုံးမှုပိုများ လာကြသည့်ဒေသအစားအစာ တစ်မျိုးဖြစ်၍ လူကြိုက်များသည့် အစားအစာတစ်မျိုး ဖြစ်ပါသည်။

              ပြောင်းဖူးပြုတ်ရည်ပျစ်ပျစ်၏ ချိုဆိမ့်သောအရသာနှင့် အသား၏ အချိုဓါတ်တို့ဖြင့် သဘာဝ အစားအစာတစ်မျိုးဖြစ်ပြီး ဆာဗူးသီး စားသုံးရာတွင်  ငရုတ်သီးထောင်းမှာ မပါမဖြစ် တွဲဖက်လျက် စားသောက်ကြပြီး အသားခြောက်ကြော်နှင့် တွဲဖက်စားသောက်လေ့ ရှိကြပါသည်။ ယခုအခါတွင် ဆာဗူးသီး တစ်ပွဲလျှင် ( ၁၅၀၀ ) ကျပ်နှင့် ဆန်ပြုတ်နှင့် အရောတစ်ပွဲလျင် ( ၁၅၀၀ ) ကျပ်၊ ပါဆယ်ရောင်းဈေးနှုန်းအနေဖြင့် တစ်ပွဲလျင် ( ၂၀၀၀ ) ကျပ် ဈေးနှုန်းများဖြင့် ရောင်းချလျက် ရှိပါကြောင်း ဈေးကွက်အတွင်းမှ မေးမြန်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ညောင်တုန်းမြို့နယ်တွင် ရောင်းချနေသော ၂၀၂၅ခုနှစ်  ဩဂုတ်လ အိမ်ဆောက်ပစ္စည်းဈေးနှုန်းတည်ငြိမ်ပြီး၊ ဘိလပ်မြေဈေးနှုန်းများ ကျဆင်းလျက်ရှိ

    ညောင်တုန်းမြို့နယ်အတွင်း အိမ်ဆောက်ပစ္စည်း အမျိုးမျိုးရောင်းချသူများရှိပြီး အိမ်ဆောက်ပစ္စည်းများကို ရန်ကုန် လက်ကားဒိုင်ကြီးများမှ မှာယူ၍ မြို့နယ်အတွင်း ရောင်းချလျက်ရှိကြောင်း သိရသည်။ ဒေသတွင်း ဈေးနှုန်းဈေး ကွက်အခြေအနေများကို ကွင်းဆင်းဈေးကွက်ကောက်ယူလျက်ရှိပြီး ဇူလိုင်လ အိမ်ဆောက်ပစ္စည်းအမျိုးမျိုးနှင့် ဘိလပ်မြေ ဈေးနှုန်း အခြေအနေများ အနည်းငယ်မြှင့်တက်လျက်ရှိကြောင်း သိရသည်။

    ရောင်းချသော အိမ်ဆောက်ပစ္စည်းဈေးနှုန်းများမှာ ၂၀၂၅ခုနှစ် ဩဂုတ်လ ၆ရက်နေ့ ဘိလပ်မြေ ကြံနှစ်ကောင်၁အိတ် (၂၀၅၀၀)ကျပ် ၊ ဘိလပ်မြေ အပါချီ ၁အိတ် ၂၀၀၀၀ ကျပ်၊ အယ်လဖာ ၂၀၅၀၀ကျပ်၊  ရန်ကုန် စက်အုတ် ၉ပေါက် ခဲ ၃၅၀ကျပ်၊ ၃ပံလုံး သံချောင်း ၁တန် ၃၂၅၀၀၀၀ကျပ်၊ သုံးမူးလုံး သံချောင်း ၁တန် ၂၁၀၀၀၀၀ကျပ်၊ ၅မူးလုံး သံချောင်း ၁တန် ၂၀၇၀၀၀၀ကျပ်၊ ၆မူးလုံး သံချောင်း ၁တန် ၂၀၃၀၀၀၀ကျပ်၊ Export များဖြစ်ပြီး၊ သဲတစ်ကျင်း ၂၄၀၀၀ကျပ်၊ မြန်အောင် ကျောက်စလစ် ၁ကျင်း ၁၀၅၀၀၀ကျပ်၊ မိချောင်းရဲ ကျောက်စလစ် ၁ကျင်း ၁၂၀၀၀၀ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ ယခင်လ ဈေးနှုန်း နှိုင်းယှဉ်ပါက ဘိလပ်မြေကြံနှစ်ကောင် (၄၅၀၀)ကျပ် ကျဆင်း ၊အပါချီ (၄၀၀၀)ကျပ် ကျဆင်း၊  အယ်လဖာ (၄၀၀၀)ကျပ် ကျဆင်း လျက်ရှိကြောင်း တွေ့ရှိရပြီး ကျန်သော ကုန်စည်များ ကုန်ဈေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း