ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အညာက လက်ပံခေါင်း

    လက်ပံပင်တွေဟာ မြန်မာနိုင်ငံအလယ်ပိုင်း၊ အညာဒေသရဲ့ မြို့နယ်အများအပြားမှာ ရွာတိုင်းလိုလို ပေါက်ရောက်လျက်ရှိကြပါတယ်။ တပေါင်း၊တန်ခူး၊ကဆုန်လတွေမှာ ဖူးကြ၊ပွင့်ကြ လေ့ရှိပြီး ခွေးရူးရောဂါဖြစ်ပွားမှုနှုန်းမြင့်မားတဲ့ရာသီမှာ ဖူးပွင့်ကြတဲ့အတွက် “လက်ပံပွင့်ချိန် ခွေးရူးချိန်” “လက်ပံလဲဖူး ခွေးလဲရူး” “လက်ပံလဲပွင့် ခွေးလဲလွင့်”လို့တောင် အဆိုအမျိုးမျိုးရှိကြ ပါတယ်။  အညာဒေသရဲ့ နွေဦးမှာ လေရူးတစ်ချက်ဝှေ့လိုက်တိုင်း ဝဲကာဝဲကာ ကြွေကျလာတဲ့ လက်ပံပွင့်နီနီလေးတွေကို မြင်ရတာဟာ အညာနွေရဲ့အလှကို လှစ်ဟပြနေဘိသကဲ့သို့ အညာ သရုပ်ကို ပီပြင်ပေါ်လွင်စေလှပါတယ်။ ပွင့်ချပ်လေးတွေက အနီရောင်ရဲရဲလေးနဲ့သော်လည်းကောင်း၊ လိမ္မော်ရောင်လေးတွေနဲ့သော်လည်းကောင်း ရှိနိုင်ပါတယ်။ အပွင့်ရဲ့အညှာ အညိုရောင်မာမာလေး မှာ ပွင့်ဆံလေးတွေနဲ့ ဝတ်ဆံတိုင်လေးတွေကလည်း လက်ပံပင်အောက် ရောက်တဲ့လူတိုင်း မကောက်ဘဲမနေနိုင်လောက်အောင် ချစ်စရာအသွင်သဏ္ဍာန်နဲ့ ဆွဲဆောင်နေပြန်ပါတယ်။ လက်ပံ ပွင့်ချိန်တွေမှာဆိုရင် လူကြီးလူငယ်အရွယ်စုံတို့ဟာ လက်ပံပင်အောက်ကို သွားပြီး လက်ပံပွင့် ကောက်ရတာဟာလဲ ကျေးလက်ရဲ့ပျော်ရွှင်ကြည်နူးဖွယ် ဓလေ့တစ်ခုအဖြစ် ယနေ့အချိန်ထိ တည်ရှိ နေဆဲပဲဖြစ်ပါတယ်။

    လက်ပံပွင့်ကို ရခိုင်သုပ်လေး သုပ်စားလည်း ကောင်းသလို ဆီချက်လေး မြေပဲလေးနိုင်နိုင်နဲ့ မြန်မာသုပ်လေး သုပ်စားတာကလည်း အတော်လေး စားကောင်းတာပါ။ လက်ပံပွင့်ရဲ့ ပွင့်ဖတ် တွေကိုခြွေပြီး အခြောက်လှန်းထားတဲ့ လက်ပံပွင့်ခြောက်ကို အညာဒေသရဲ့ ထူးထူးခြားခြား အခေါ် တစ်ခုကတော့ လက်ပံ‌ခေါင်းလို့ ခေါ်ကြတာပါပဲ။ အဲဒီလက်ပံခေါင်းကို နောက်ထပ်စားလို့ရတဲ့ နည်းကတော့ ချဉ်ရည်ချက်စားတာ၊ ပြုတ်ပြီး ငပိရည်လေးနဲ့ အတို့အမြှုပ်အဖြစ်တို့စားတာတို့ စားသောက်လို့ရပါသေးတယ်။ ဒီလိုအသုံးပြုစားသောက်လို့ရတဲ့ အညာဒေသရဲ့ ရိုးရာအစားအစာ တစ်ခုဖြစ်တဲ့ လက်ပံခေါင်းကိုတော့ မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများမှ မြင်းခြံမြို့ရှိဈေးများသို့ လာရောက်ရောင်းချလေ့ရှိကြပြီး ဈေးနှုန်းအနေနဲ့ ၂၅ကျပ်သားလျှင် ၁၀၀၀ ကျပ်နှုန်း၊ တစ်ပိဿာ လျှင် ၄၀၀၀ ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းနှင့် ကျေးလက်ပြည်သူများအတွက် အပို ဝင်ငွေရရှိနေကြောင်း တင်ပြလိုက်ပါတယ်။

DOCA (မန္တလေး)

မင်္ဂလာရှိသော ကင်ပွန်းသီး

    ကင်ပွန်းသီးပင်သည် မြန်မာနိုင်ငံအနှံ့တွင် တွေ့ရသော ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပြီး၊ အရွက်များကို ဟင်းအရံအနေနှင့် အသုံးပြုကြသည်။ ပင်အရွက်များမှာ ချဉ်တဲ့အရသာရှိပြီး၊ နွေရာသီအပူဒဏ်လျော့စေပြီး ခံတွင်းမြိန်စေသည့် ချဉ်ရည်ဟင်းပြုလုပ်ရာတွင်ထိရောက်သည်။ အစေ့များကိုလည်း အသုံးပြုနိုင်ပြီး၊ ရိုးရာ မြန်မာ့ခေါင်းလျှော်ရည်ထဲထည့်ကာ ခေါင်းလျှော်ရာတွင် အသုံးပြုကြသည်။ ကင်ပွန်းသီးကို ရှေးယခင်နှစ်ပေါင်းများစွာမှသည် ယနေ့တိုင် မြန်မာယဉ်ကျေးမှု နယ်ပယ်၌ မင်္ဂလာရှိသည့် အသုံးဝင်မှုတစ်ရပ်အနေဖြင့် ထင်ရှားသည့် သဘာဝအသီးဖြစ်ပြီး မင်္ဂလာ ယူသည့် နေရာတိုင်းတွင် ကင်ပွန်းရေပက်ဖြန်းခြင်း၊ ကင်ပွန်းသီးဖြင့် ခေါင်းဆေးမင်္ဂလာပြုခြင်းတို့ကို ကျင့်သုံးလျက်ရှိကြသည်။

          အရွက်များနှင့် အသီးများသည် ဆေးဖက်ဝင်အနေဖြင့် အသုံးပြုနိုင်ပြီး၊ ဆံပင်ခြောက်သွေ့မှု၊ အရေပြားနှင့် အစာအိမ်ကျန်းမာရေးကို ကောင်းမွန်စေသည်။ အပင်ကြီးပင်သည် အမြင့် ၂၀-၃၀ ပေ ရှိပြီး ရွက်များသည် ရွက်ဆိုင်ထွက်သည်။ ကင်ပွန်းသီးပင်ကို ကင်ပွန်းချဉ်ပင်အဖြစ်လည်း လူသိများ ပေသည်။ ကင်ပွန်းသီးများသည် ရေနှင့်ရောစပ်မွှေပေးပါက ဆပ်ပြာကဲ့သို့သော အမြှုပ်များ ဖြစ်လာ ပြီး ရိုးရာကင်ပွန်းခေါင်းလျှော်ရည်အဖြစ် အသုံးပြုကြသည်။ ကင်ပွန်းသီးနှင့် တရော်ခေါက်တို့ ပေါင်းစပ်ပြီး ခေါင်းလျှော်ပါက ဆံပင်နှင့်ဦးရေပြားအတွက် များစွာအကျိုးပြုကြောင်း လေ့လာ သိရှိရသည်။ မြင်းခြံမြို့နယ်ရှိ ပျော်ဘွယ်၊ စံပြ၊ ခင်မကန်၊ သဲတော၊ တဲရွာ၊ သမုန်းကိုင်း စသည့် ကျေးရွာများတွင် အများအပြားစိုက်ပျိုးကာ ကင်ပွန်းသီးအခြောက်များကို မြင်းခြံမြို့ရှိ ဈေးများသို့ လာရောက်ရောင်းချကြကြောင်းနှင့် ကင်ပွန်းသီးခြောက် ၂၅ကျပ်သားလျှင် ၁၅၀၀ ကျပ်နှုန်းဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရသည်။

      DOCA (မန္တလေး)

ဈေးနှုန်းကျဆင်းခဲ့သောတစောင်းခါးဈေးနှုန်းဈေးကွက်

        တဇောင်းခါးမှာ သဘာဝဟင်းသီးဟင်းရွက် အပင်တစ်မျိုးဖြစ်ပြီး စိုက်ပျိုးရလွယ်ကူသော နှစ်ရှည်ခံ အပင်ဖြစ်ကြောင်း၊ အပူပိုင်းဒေသများ ဖြစ်သော စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းဒေသများတွင် အများဆုံးပေါက်ရောက်ကြောင်း သိရှိသည်။ မြင်းခြံမြို့ရှိ စံပြဈေး၊ အေးမြသီတာဈေးများတွင်ရောင်းချနေသော ၂၀၂၅ခုနှစ်ဇူလိုင် နောက်ဆုံးပတ်တွင်ရောင်းချနေသာ လက်လီဈေး တဇောင်းခါး ၂၅ ကျပ်သားလျှင် (၂၅၀၀)ကျပ်၊ လက်ကား ဈေးတစ်ပိဿာလျှင် (၉၀၀၀) ကျပ် ပေါက်ဈေးများဖြင့်ရောင်းချကြောင်း၊ ယခင်လဇွန်နောက်ဆုံးပတ်တွင် တဇောင်းခါး (၂၅)ကျပ်သားလျှင် လက်လီဈေး(၃၀၀၀)ကျပ်၊  လက်ကား တစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခုဇူလိုင်လ နောက်ဆုံးပတ်တွင် တဇောင်းခါးလက်လီ ဈေးနှုန်း(၂၅)ကျပ်သားလျှင် (၅၀၀)ကျပ်၊ လက်ကားဈေးမှာ တစ်ပိဿာလျှင်(၂၀၀၀) ကျပ် ဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း၊  မိုးရာသီ ဖြစ်သော ကြောင့်  တဇောင်းခါး ဟင်းသီးဟင်းရွက် များ ထွက်ပေါ်ချိန်   ဖြစ်သောကြောင့် ဈေးနှုန်းများ ကျ ဆင်းခဲ့ကြောင်း တဇောင်းခါးမှာ ခါးသက် သောအရသာရှိပြီး စားသုံးလျှင် ဖန်ချိုအရသာရှိကာ ခံတွင်းမြိန်စေပြီး ဆေးဖက်ဝင်၍ စားသုံး မှုများပြားလျှက် ရှိသောကြောင့် ဈေးကွက်တွင် ရောင်းအဝယ်သွက်လျက်ရှိကြောင်း ကုန်စိမ်းရောင်း ချသူတစ်ဦး၏ ပြောပြ ချက်အရ သိရှိရသည်။

DOCA (မန္တလေး)

မိုးငရုတ်စိုက်ပျိုးထားရှိမှုအခြေအနေနှင့်ဈေးနှုန်းဈေးကွက်

       မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်သည် ဆည်မြောင်းကန်ချောင်း၊ များအသင့်အတင့်ရှိပြီး ထန်းလုပ်ငန်း၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ရပ်ဝန်းဖြစ် မိုးငရုတ်ကို မေလနှင့် ဇွန်လ တို့တွင် စတင်စိုက်ပျိုးပြီး၊ စက်တင်ဘာ၊ အောက်တိုဘာနှင့် နိုဝင်ဘာလတို့တွင် ရိတ်သိမ်း ထွက်ပေါ် လေ့ရှိကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်ကာအထိ (၄) လခန့်ကြာမြင့်ကြောင်းသိရှိရသည်။

    ၂၀၂၅-၂၀၂၆ ခုနှစ်၊ နွာထိုးကြီးမြို့နယ်တွင်  မိုးငရုတ်စိုက်ဧက ပေါင်း (၅၄၉) ဧကစိုက်ပျိုး ထားရှိ ကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ စိုက်ပျိုးရန်ကျန် ရှိသော ဧကများဩဂုတ်လတွင် ဆက်လက် စိုက်ပျိုး ဖြစ်မည်ကြောင်း၊  မိုးငရုတ်များကို မြင်းနီရွာ၊ လက်ဝဲရွာ၊ ရွာကြီးရွာ၊ ဝက်လူးရွာနှင့် နနွင်းတော်ဘိုးရွာ များတွင် အဓိကစိုက်ပျိုးကြကြောင်း သိရှိရသည်။ ယခင်နှစ်တစ်ဧကအထွက်နှုန်းအနေဖြင့် (၄၀၃) ပိဿာခန့်ထွက်ရှိကြောင်း၊ ၂၀၂၅ခုနှစ်၊ ဇူလိုင်လနောက်ဆုံးပတ်တွင် ငရုတ်သီးစိမ်း တစ်ပိဿာလျှင် (၇၀၀၀) ကျပ်၊  ငရုတ်သီး ခြောက် တစ်ပိဿာလျှင် (၁၀၀၀၀-၁၂၀၀၀)ကျပ် ပေါက်ဈေးများရှိကြောင်း၊ ဈေးကွက် တင်ပို့မှုအနေဖြင့် မြင်းခြံမြို့ရှိပွဲရုံများနှင့် မန္တလေးမြို့သို့တင်ပို့ရောင်းချကြောင်းသိရှိရသည်။

      Doca(မန္တလေး)

ပဲနီပြားပင်ဖောက်ဈေးနှုန်းဈေးကွက်

        မြင်းခြံမြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများတွင် မိသားစုတစ်နိုင်တစ်ပိုင် စားဝတ်နေရေးအတွက် ပဲနီပြားပင်ဖောက် လုပ်ငန်းများလုပ်ကိုင်ကြကြောင်း၊ ပဲပင်ဖောက်ရာတွင် ပဲများကို တစ်ညရေစိမ်ရကြောင်း၊ ထို့နောက် ပဲခင်းကို အလျား ၅ ပေအရှည်၊ အနံ ၂ ပေခန့်၊ အနက် ၇ လက်မခန့်တူးထားသော ကျင်းထဲသို့ သဲများထည့်ရကြောင်း၊ အဆိုပါကျင်းထဲသို့ ပဲစေ့များ ထည့်ပြီး သဲများဖြင့်ဖုံးအုပ်၍ ပဲစေ့ကိုအညှောင့်ဖောက် ရကြောင်း၊ ပဲခင်းကို နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ရေလောင်းပေးရကြောင်း၊ (၄-၅) ရက်ခန့်ကြာသော် ပဲစေ့များ အညှောင့် ထွက်လာကြောင်း၊ သဲခင်းထဲတွင် ပျိုးထားသော ပဲပင်ဖောက်များကို တူးဖော်ကာ ပဲပင် ဖောက်များရရှိကြောင်း၊ ပဲခင်းများမှထွက်ရှိသော ပဲပင်ဖောက်များကို ဈေးကွက်သို့ လက်လီ၊ လက်ကားရောင်းချရကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လနောက်ဆုံးပတ်တွင် ပဲပင်ဖောက်လက်လီဈေး နို့ဆီတစ်ဗူးလျှင်(၈၀၀) ကျပ်၊ လက်ကားဈေး နို့ဆီတစ်ဗူးလျှင် (၇၅၀) ကျပ်ပေါက်ဈေးများရှိကြောင်း၊ ရောင်းချမှုအနေဖြင့် နေ့စဉ်  (၁၀-၁၂) ပြည်ခန့်ရောင်းချရကြောင်း၊ ဒေသတွင်းစားသုံးမှုများ၍ အရောင်းအဝယ်ဖြစ် လျက်ရှိ ကြောင်း ပဲပင်ဖောက်ရောင်းချသူ၏ ပြောပြချက်အရသိရှိရသည်။

Doca(မန္တလေး)

ဘားအံမြို့တွင် ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

        ၂၀၂၅ ခုနှစ်၊ ဩဂုတ်လပထမပတ်အတွင်း ဘားအံမြို့တွင် အခြေခံစားကုန်များ ဖြစ်သော ပေါ်ဆန်းဆန် တစ်ပြည် (၆၀၀၀) ကျပ်၊ ဧည့်မထဆန်(မနောသုခ) တစ်ပြည် (၃၆၀၀) ကျပ်၊ ဆန်ကွဲ တစ်ပြည် (၂၆၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ စားအုန်းဆီ (ရည်ညွှန်းဈေး) တစ်ပိဿာလျှင်(၆၉၀၀) ကျပ်၊ မြေပဲဆီတစ် ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် (၂၅၀၀) ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ် နှင့် ကြက်သွန်ဖြူ (ရှမ်းစ) ထူး တစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်၊ သကြားတစ်ပိဿာလျှင် (၆၀၀၀) ကျပ်၊ အာလူး တစ်ပိဿာ လျှင် (၆၀၀၀) ကျပ်၊ မန်ကျည်းမှည့်အသီး တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ဂျင်း တစ်ပိဿာလျှင် (၉၀၀၀) ကျပ်၊ ငရုသီးခြောက် တစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်၊ ပဲနီလေး တစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်၊ ကုလာပဲခြမ်း တစ်ပိဿာလျှင် (၈၀၀၀) ကျပ်၊ မြေပဲဆံတစ်ပြည် (၉၅၀၀၀) ကျပ်၊ ရိုးရိုးဆားပိဿာလျှင် (၁၇၀၀)ကျပ် ၊ အာပြဲခြောက် တစ် ပိဿာလျှင် (၈၀၀၀၀) ကျပ်၊ ကြက်ဥတစ်လုံး (၅၀၀) ကျပ်၊ ဘဲဥတစ်လုံး (၆၀၀) ကျပ် တို့ဖြစ် အရောင်းအဝယ်ကြကာ ယခုလအတွင်းဈေးနှုန်း အနည်းငယ် ပြောင်းလဲလျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

 

အစေ့ထုတ်ပြောင်းတစ်ဧကအကျိုးအမြတ်နှင့်ဈေးနှုန်းဈေးကွက်

   မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်သည် ဆည်ရေသောက် အသင့်အတင့်ရှိပြီး ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြကြောင်း၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံ၊ ကြက်သွန်နီများကို စိုက်ပျိုးလျက်ရှိရာ အစေ့ထုတ်ပြောင်းသီးနှံကိုလည်း စိုက်ပျိုးကြကြောင်း၊ မြင်းခြံမြိုနယ်တွင်၂၀၂၄-၂၀၂၅ခုနှစ်၊ ဆောင်းစေ့ထုတ်ပြောင်းစိုက်ဧကကို (၉၄၀၀) ဧကစိုက်ပျိုး ထားကြောင်း၊ ထိုစိုက်ဧက အားလုံးမှာ ရာနှုန်းပြည့် ရိတ်သိမ်းခဲ့ပြီးဖြစ်ကြောင်း ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။

            အစေ့ထုတ်ပြောင်း(ဆောင်း)သီးနှံကို အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုး ပြီး လေးလခန့်အကြာ ဖေဖော်ဝါရီ၊ မတ်လနှင့် ဧပြီလ တို့တွင် ရိတ်သိမ်းရကြောင်း၊ အစေ့ထုတ် ပြောင်း (ဆောင်း)သီးနှံအား ထယ်ရေး (၂-၃) ကြိမ်ထိုးပြီး သဘာဝမြေဩဇာဖြစ်သော နွားချေး ထည့်ပြီး တန်းကြား စနစ်ဖြင့်ချစိုက်ပျိုးကြောင်း၊ မြေပြုပြင်ခြင်း၊ သွင်းအားစု၊ မျိုး၊ လုပ်အားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် (၁၀၈၀၀၀၀) ကျပ်ခန့်ကုန်ကျကြောင်း၊ တစ်ဧကလျှင် အထွက်နှုန်း အနေဖြင့် (၇၅) တင်း နှုန်းခန့်ထွက်ရှိကြောင်း၊ ထွက်ပေါ်ချိန် ရောင်းဈေးမှာ တစ်တင်းလျှင်(၂၆၆၄၀)ကျပ်၊  တစ်ဧကအကျိုး အမြတ်အနေဖြင့် (၉၁၈၀၀၀) ကျပ် ခန့်ရရှိကြောင်း၊ တောင်သူများက မြင်းခြံမြို့ရှိ သီးနှံပွဲရုံများသို့ တင်ပို့ရောင်းချကာ အကျိုး အမြတ် ရရှိကြောင်း အစေ့ထုတ်ပြောင်းစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။ မြင်းခြံမြို့နယ် တွင် ၂၀၂၅-၂၀၂၆ခုနှစ် မိုးအစေ့ထုတ်ပြောင်း စိုက်ဧကကို ယခုဇူလိုင်လတွင် စိုက်ပျိုးမှု မရှိသေးကြောင်း၊ ရှေ့လာမည့် ဩဂုတ်လတွင်စိုက်ပျိုးမည်ဖြစ်ကြောင်း တောင်သူ၏ ပြောပြချက် အရသိရရှိသည်။ ၂၀၂၅ ခုနှစ်၊     ဇူလိုင်လနောက်ဆုံးပတ်တွင် အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၂၇၃၆၀) ကျပ် ပေါက်ဈေး များရှိကြောင်း၊ ဈေးကွက်တင်ပို့မှုအနေဖြင့် ရန်ကုန်မြို့သို့တင်ပို့ကြောင်း မြင်းခြံ ကုန်စည် ဒိုင်၏တာဝန်ရှိသူ၏ ပြောပြချက်အရသိရှိရပါသည်။

                                                                                                    

Doca(မန္တလေး)

                                                                                               

ကြောင်လျှာသီးဈေးနှုန်းဈေးကွက်

    မြင်းခြံမြို့နယ် ရပ်ကွက်၊ ကျေးရွာများရှိ အိမ်ခြံဝန်းများနှင့် ဥယျာဉ်ခြံများတွင် ကြောင်လျှာပင်များကိုစိုက်ပျိုးထားကြောင်း၊ ၎င်းသည်နှစ်ရှည်ခံအပင်ဖြစ်ပြီး၊ ဇွန်လ၊ ဇူလိုင်လနှင့် ဩဂုတ်လများတွင် အသီးများလှိုင််လှိုင်ထွက်ပေါ်ကြောင်းသိရှိရသည်။ ၂၀၂၅ခုနှစ်၊ ဇူလိုင်လနောက် ဆုံးပတ်တွင် ကြောင်လျှာသီးတစ်တောင့်လျှင် (၈၀၀-၁၀၀၀) ကျပ်ပေါက်ဈေးများရှိ‌ကြောင်း၊ ထွက်ရှိသောကြောင်လျှာသီးများကို ‌ဒေသတွင်းဖြန်ဖြူးရောင်းချကြောင်း၊ စားသုံးမှုများပြီး အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ ၎င်းသည်မြန်မာနိုင်ငံနေရာအနှံအပြားတွင် ပေါက်ရောက်ကြောင်း၊ ဆေးဖက်ဝင်သော  ကြောင်လျှာသီးများကိုစားသုံးခြင်းဖြင့်  နာတာရှည် ရောင်ရမ်းတာနှင့် အဆစ်နာ ရောဂါကို သက်သာစေကြောင်း၊ ဓာတုဆေးဝါးများ သောက်သုံး ခြင်းကြောင့်အသည်း ထိခိုက်ပျက်စီးခြင်းကို  ကြောင်လျှာသီးက အထိရောက်ဆုံးကာကွယ်ပေးကြောင်း၊ ကျောက်ကပ်မှ အဆိပ်အတောက်တွေကို ဖယ်ရှားပေး၍ ကျောက်တည်ခြင်းကိုလည်း သက်သာစေပြီး အကောင်းဆုံးအားဖြည့်ပေးကြောင်း၊ သွေးတွင်းသကြားဓာတ်ကို အထိရောက်ဆုံး ထိန်းညှိပေးပြီး ရုတ်တရက် သွေးချိုတက်တာမျိုး မဖြစ် အောင် ကာကွယ်ပေးသလို ဆီးချိုမဖြစ်အောင် လည်းကာကွယ်ပေးကြောင်း၊ အစာခြေအက်ဆစ်ကို ထိန်းညှိပေးပြီး ရင်ပူတာ၊ အစာမကြေတာ၊ လေထိုးလေအောင့်တာတွေကိုလည်း သက်သာစေနိုင်ကြောင်း၊ ကင်ဆာဆဲလ်တွေ မပြန့် အောင်လည်း ကာကွယ်ပေးကြောင်း၊ စားသုံးမှုအနေဖြင့် ကြောင် လျှာသီးကို မီးလေးအုံး စားစား၊ ပြုတ်ပြီးတို့တို့၊ ပါးပါးလှီးပြီး ချဉ်ဖက်စိမ်စားစား၊ ဆီချက်၊ ပဲမှုန့်တို့နဲ့သုပ်စားစား စားရသူ တိုင်းခံတွင်းတွေ့စေသည့် ဆေးဖက်ဝင်ခါးသက်သက် ပူရှိန်းရှိန်းလေး အရသာရှိသော ကြောင်လျှာ သီးကို စားသုံးမှုများပြား ကြောင်းသိရှိရသည်။

Doca(မန္တလေး)

ဒေသထွက်ကြောင်လျှာသီးဈေးနှုန်း

     ၂၀၂၅ ခုနှစ်၊ ဩဂုတ်လပထမပတ်အတွင်း ကရင်ပြည်နယ်၊ ဘားအံမြို့ရေပေါ်ဈေးတွင်  ကြောင်လျှာသီးများ အရောင်သွက်လျက်ရှိကြောင်း  သိရသည်။

     ရာသီစာဖြစ်သည့် ဒေသထွက်ကြောင်လျှာသီးကို ဘားအံမြို့ အနီးတဝိုက်ကျေးရွားများမှ ဘားအံမြို့ပေါ်ဈေးသို့ လာရောက်ရောင်းချကြပါသည်။ ဒေသခံတောင်သူများသည် ကြောင်လျှာသီးပင်ကို အပိုဝင်ငွေရရှိရန်အတွက် အိမ်ခြံဝန်းအတွင်း တနိုင်တပိုင်စိုက်ပျိုးကြသည်။ ကြောင်လျှာသီးသည် ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်တာကြောင့် ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်ဖြစ်စေခြင်းကိုလည်း ဖယ်ရှားပေးနိုင်သည့် အာနိသင်ရှိ၍ စာသုံးသင့်သော အစားအစာဖြစ်သည်။ ကြောင်လျှာသီးဈေးနှုန်းမှာ အရွယ်အစားလိုက်၍ ဈေးနှုန်းကွာဟချက်ရှိသည် ကြောင်လျှာသီး အနုကြီး တစ်ထောင့်လျှင်(၁၅၀၀)ကျပ်၊ကြောင်လျှာသီး အနုသေး တစ်ထောင့်လျှင်(၁၀၀၀)ကျပ်တို့ဖြစ် ရောင်းချကြသည်။ယခင်ဇူလိုင်လ ကြောင်လျှာသီးဈေးနှုန်းမှာ ကြောင်လျှာသီးအနုကြီး တစ်ထောင့်လျှင်(၂၀၀၀/၂၅၀၀) ကျပ်နှင့် ကြောင်လျှာသီးအနုသေး တစ်ထောင့်လျှင် (၁၅၀၀)ကျပ် ဖြစ်ကြောင်းနှင့် ယခုလို ဈေးနှုန်းကွာဟခြင်းမှာ ပေါ်ဦးပေါ်ဖျားထွက်ခြင်းနှင့် လိုင်လိုင်ထွက်ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

DOCA(ကရင်)

ရှမ်းနံနံစိုက်ပျိုးထားရှိမှုနှင့်ဈေးနှုန်းဈေးကွက်

        မြင်းခြံမြို့နယ်အတွင်းရှိ အနိမ့်ရွာ၊ ပတ္တာရွာနှင့် ဒါးကျွန်းကျေးရွာများသည် ဧရာဝတီ မြစ်ကမ်းဘေးတွင်တည်ရှိ၍ ၎င်းကျေးရွာများတွင် ဟင်းခတ်အမွှေးအကြိုင်ဖြစ်သော ရှမ်းနံနံများကို မိသားစုစားဝတ်နေရေးအတွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြောင်းသိရှိရသည်။ ရှမ်းနံနံသည် သဲနှုန်းမြေနှင့် သစ်ဆွေးများ သောမြေကို နှစ်သက်ပြီး၊ စိုက်ခင်းများတွင် တိုက်ရိုက် အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြောင်း၊ အပင်ပေါက်ရန် (၇-၁၄) ရက်ကြာကြောင်း၊   အပင်ခြေတွင် စိုစွတ်ခြင်းကို ကြိုက် နှစ်သက်၍ ရေမဝပ် ရန် ဂရုစိုက်ရကြောင်း၊ နေရောင်ခြည်အပြည့်အဝ ရရှိသော နေရာတွင် စိုက်ပျိုးရကြောင်း စိုက်ပျိုးပြီး (၄-၆) ပတ်အတွင်း အပင်များကို ခူးဆွတ်၍ ဈေးကွက်သို့ ရောင်းချရကြောင်း၊ အပွင့်မပွင့်မီ (အသီးမတင်မီ) ခူးပါက အရသာပိုကောင်းကြောင်း၊ စိုက်ခင်း များမှထွက်ရှိသော ရှမ်းနံနံများကို ဒေသအတွင်းရှိ အေးမြသီတာဈေး၊ စံပြဈေးနှင့် တောင်သာမြို့ သို့လည်း တင်ပို့ရောင်းချကြောင်း၊ ၂၀၂၅ခုနှစ်၊ ဇူလိုင်လနောက်ဆုံးပတ်တွင် ရှမ်းနံနံပင်ရွက် လက်လီဈေး တစ်စီးလျှင် (၅၀၀) ကျပ်၊ လက်ကားဈေး အစီး (၅၀) ပါ တစ်ထုံးလျှင် (၁၅၀၀၀/-) ကျပ် ပေါက်ဈေးများဖြင့် ရောင်းချကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးမှု ကုန်ကျစရိတ် နည်းပြီး ဝင်ငွေရရှိကြောင်း တောင်သူတစ်ဦး၏ ပြောပြချက် အရသိရှိရသည်။

Doca(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း