ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုမြို့၏ ထောပတ်သီး ဈေးနှုန်းဈေးကွက်

          ရွှေဘိုခရိုင်၊ရွှေဘိုမြို့ အောင်ဇေယျဈေးအတွင်းတွင် သစ်သီးမျိုးစုံရောင်းချသော ဆိုင်ပေါင်း (၈)ဆိုင်ခန့်ရှိပြီး နေ့စဉ်ပိတ်ရက်မရှိ နံနက် (၀၆:၀၀)နာရီအချိန်မှ နေ့လယ် (၁၄:၀၀)နာရီအထိ ရောင်းချလျက်ရှိပြီး ရာသီအလိုက် ကဗ္ဗလာသီး၊ နဂါးမောက်သီး၊ သင်္ဘောသီး၊ ထောပတ်သီး၊ ပျားလိမ္မော်၊ ပန်းသီး စသည့် သီးနှံများကို မန္တလေးမြို့ရှိ ပွဲရုံများမှ တစ်ဆင့်ယူ၍ ရောင်းချကြောင်း သိရပါသည်။

          ရွှေဘိုမြို့ အောင်ဇေယျဈေးအတွင်းတွင် ရောင်းချလျက်ရှိသော ထောပတ်သီးများမှာ တောင်ကြီးမြို့မှ လာသောထောပတ်သီး၊ ပြင်ဦးလွင်မြို့အနီးရှိ ကျေးရွာများမှ လာသောထောပတ်သီးများဖြစ်ပြီး မန္တလေးမြို့ ပွဲရုံများမှလည်း တစ်ဆင့် မှာယူရကြောင်း၊ ထောပတ်သီး တစ်အိတ်လျင် အကြီး/ အသေး ပေါ် မူတည်၍ အလုံး (၈၀)မှ (၁၀၀)ထိ ပါပြီး၊ တစ်အိတ်လျင် (၁၂၀၀၀၀)ကျပ်ဖြင့် ဝယ်ယူရကြောင်း၊ ထောပတ်သီးများကို အလုံးအကြီး အသေးခွဲ၍  လက်လီတစ်လုံးလျင် အကြီး ၁၅၀၀ ကျပ်၊ အလတ် ၁၀၀၀ကျပ်၊ အသေး  ၈၀၀ကျပ်၊ထောပတ်သီး မျိုးကွဲ (Hass)သီး 1Kg လျှင်  (၅၀၀၀)ကျပ်မှ (၇၀၀၀)ကျပ်ထိ ရောင်းချရပြီး ထောပတ်သီးများကို အအေးဆိုင်များ၊ တစ်ဆင့်လှည့်လည်ရောင်းချသော ဈေးသယ်များ ၊ စားသုံးသူများမှ ဝယ်ယူကြ၍ အရောင်းအဝယ်‌ဖြစ်လျက်ရှိကြောင်း သစ်သီးစုံလက္ကား ရောင်းချသည့် ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စားသုံးဆီဈေးနှုန်းအခြေအနေ

          စီးပွား‌‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်းတင်ပြလျက်ရှိရာ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ရွှေဘိုမြို့၌ စားသုံးဆီဈေးနှုန်းများ အနည်းငယ် ကျဆင်းလျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှ သိရသည်။

          ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီ လက်လီ/လက်ကား ရောင်းချသောဆိုင် (၁၅)ဆိုင်ရှိပြီး နိုဝင်ဘာလ တတိယပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၇၉၅၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၅၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၄၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခု နိုဝင်ဘာလ ‌နောက်ဆုံးပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၇၉၅၀) ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၅၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေသဖြင့် နှမ်းဆီသန့် တစ်ပိဿာလျှင် (၁၀၀၀)ကျပ် ဈေးနှုန်းကျဆင်းခဲ့ပြီး၊  စားအုန်းဆီနှင့် ပဲဆီသန့်  တစ်ပိဿာဈေးနှုန်းများမှာ ယခင်ပတ်နည်းတူ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း စားသုံးဆီလက်ကား အရောင်းဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့တွင် နိုဝင်ဘာလ နောက်ဆုံးပတ်၌ ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများ

          မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

          ‌ရွှေဘိုမြို့တွင် စက်သုံးဆီဆိုင် (၂၂)ဆိုင် ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၅ခုနှစ် နိုဝင်ဘာလ တတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၇၄၅)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၂၈၂၀)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၇၀၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၃၂၄၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

       ယခု ၂၀၂၅ခုနှစ် နိုဝင်ဘာလ နောက်ဆုံးပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၆၃၅)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၂၇၁၅)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၆၆၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၃၁၇၅)ကျပ် ဖြင့် ရောင်းချနေသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင် (၁၁၀)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၁၀၅)ကျပ်၊  ဒီဇယ် (ရိုးရိုး)တစ်လီတာလျှင် (၄၀)ကျပ် နှင့် ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၆၅)ကျပ်  ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့ရှိ ဈေးများတွင် ရောင်းချလျက်ရှိသည့် ရာသီစာ ချဉ်ပေါင်ဖူးဈေးနှုန်း

          ရွှေဘိုမြို့ရှိ ဈေးများတွင် ရာသီပေါ်အသီးအနှံများကို ရောင်းချလျက်ရှိရာ ပေါ်ဦးပေါ်ဖျားဖြစ်သည့် ရာသီစာ ချဉ်ပေါင်ဖူးများကိုလည်း ရောင်းချလျက်ရှိပါသည်။ ချဉ်ပေါင်ဖူးမှာ ချဉ်ပေါင်ပင်မှ သီးသည်ဖြစ်၍ အညာအစားအစာဖြစ်သည့် ရာသီစာချဉ်ပေါင်ဖူးကို မြေပဲဆံ၊ ငရုတ်သီးစိမ်း၊ ပုစွန်ခြောက်တို့ဖြင့်ထောင်းကာ အချဉ်သုပ်အဖြစ်သော်လည်းကောင်း၊ ချိုချဉ်အရဿာဖြစ်အောင် ချဉ်ပေါင်ဖူးကိုအခြောက်လှမ်းပြီး သကြားနှင့် ယိုထိုးကာ ချဉ်ပေါင်ယိုသော်လည်းကောင်း စားသုံးကြပါသည်။ ပေါ်ဥပါ်ဦးဖျား ချဉ်ပေါင်ဖူးဈေးနှုန်းမှာ (၅)ကျပ်သားလျှင် (၅၀ဝိ/-)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း အသီးအနှံရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မြို့မဈေး၌ နေ့စဉ်အရောင်းအဝယ်ဖြစ်သည့် CPကြက်သားနှင့် ဗမာကြက်သား

        စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းမျာ ဆောင်ရွက်လျက်ရှိသလို   ကန့်ဘလူခရိုင်အတွင်း ဖြစ်ပေါ်လျက်ရှိသော အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကိုလေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း၊ ကန့်ဘလူ“မြို့မဈေး”တွင် ရောင်းချလျက်ရှိသည့် CPကြက်သားများကို ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်အတွင်းမှ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

        ကန့်ဘလူမြို့မဈေးတွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်အတွင်း  CPကြက်ကောင်လုံး ဈေး(၁)ပိဿာလျှင် (၂၅၀၀၀)ကျပ်၊ ကြက်ရင်ပုံသားသန့် (၅၀)ကျပ်သားလျှင် (၁၄၅၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင် (၇၃၀၀)ကျပ်၊  ဒေသကြက်(၁)ပိဿာလျှင် (၃၅၀၀၀)ကျပ်၊ ကြက်ခြေထောက်နှင့် ကြက်တောင်ပံ (၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိရာ ယခုနိုဝင်ဘာလ တတိယပတ်၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက စတုတ္ထပတ်အတွင်း ကြက်ရင်ပုံသားဈေးနှုန်းများ အနည်းငယ်မြင့်တက်လာကြောင်း ကြက်သားရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ပန်းဈေးကွက်ရှိ သပြေပန်း၊ ရက်(၁၀၀)သပြေ၊ အာဆီယံသပြေပန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင်သာမက အခြားသောဒေသများတွင်လည်း ပန်းစိုက်ပျိုးရေးလုပ်ငန်းများကို မိသားစုတစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြကြောင်း သိရသည်။ သပြေပန်းကို ယခင်က တောတောင်များ၌သာ တွေ့ရလေ့ရှိပြီး ယခုအခါ မိမိတို့ခြံဝင်းများ၊ ယာခင်းများ၌ခြံဖွဲ့၍ တောသပြေ၊ အာဆီယံသပြေ၊ ရက်(၁၀၀)သပြေနှင့် ရွှေသပြေများစိုက်ပျိုးလျက်ရှိပြီး မိသားစုဝင်ငွေရရှိနေကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့ ပန်းဈေးကွက်တွင် သပြေပန်းငုတ်၊ သပြေပန်းခက်အစည်း၊ အာဆီယံသပြေနှင့် ရက်(၁၀၀)သပြေစသည်ဖြင့် ရောင်းချလျက်ရှိရာ တောသပြေပန်းခက် (၁)စီးလျှင်(၁၃၀၀)ကျပ်၊ တောသပြေငုတ်အကြီး (၁)ငုတ်လျှင်(၅၀၀၀)ကျပ်၊ အသေး(၁)ငုတ်လျှင်(၂၀၀၀မှ ၃၀၀၀)ကျပ်၊ ရက်(၁၀၀)သပြေငုတ် (၁)ငုတ်လျှင်(၃၀၀၀)ကျပ်နှင့် အာဆီယံသပြေ(၁)စည်းလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခုနိုဝင်ဘာလ တတိယပတ်၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက စတုတ္ထပတ်အတွင်း တောသပြေ(၁)စီး လျှင်(၂၀၀)ကျပ် ဈေးနှုန်းမြင့်တက်လာကြောင်း ပန်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ပန်းဈေးကွက်ရှိ ဂန္ဓမာပန်းနှင့် ပန်းတိမ်ငိုပန်းဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ပန်းဈေးကွက်၌ နှင်းဆီပန်း၊ နှင်းပန်း၊ ဂန္ဓမာပန်း၊ သပြေပန်း၊ အာစီယံသပြေ၊ စံပါယ်ပန်း၊ ဇွန်ပန်း၊ ပန်းထိမ်ငိုပန်းစသည့် ပန်းမျိုးစုံရောင်းချလျက်ရှိကြောင်း၊ ဒေသခံပြည်သူများကလည်း ဘုရားပန်းကပ်လှူရန်၊ ပန်းအလှဆင်ရန်နှင့် အမျိုး သမီးများအလှပန်ဆင်ရန် နေ့စဉ်ဝယ်ယူအသုံးပြုလျက်ရှိကြောင်း သိရသည်။

        ကန့်ဘလူမြို့ပန်းဈေးကွက်၌ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်အတွင်း ပြင်ဦးလွင်ဒေသ ထွက်ဂန္ဓမာပန်း(၁)စီးလျှင်(၃၀၀၀)ကျပ်၊ ဒေသထွက် ဂန္ဓမာပန်း(၁)စီးလျှင်(၁၅၀၀)ကျပ်၊ ပန်းထိမ်ငို ပန်းအသေး(၁)စီးလျှင် (၁၀၀၀)ကျပ်၊ ပန်းထိမ်ငိုပန်းကြီး(၁)စီးလျှင် (၁၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခုနိုဝင်ဘာလ တတိယပတ်၏ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက စတုတ္ထပတ်အတွင်း ဂန္ဓမာပန်း(၁)စီးလျှင်(၅၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း ပန်းရောင်းချသူများထံမှ သိရှိရပါသည်။

 DOCA(စစ်ကိုင်း)

လူကြိုက်များပြီး ဆေးဖက်ဝင်သော ကန်စွန်းရိုးနီဈေးနှုန်း

     ကန်စွန်းရိုးနီများသည် အလေ့ကျပေါက်သောအပင်အဖြစ်ရေရရှိသော ချောင်းမြောင်းများ၊ လယ်ကွင်းများနှင့် လယ်ကန်သင်းဘောင်များပေါ်တွင် ပေါက်လေ့ရှိပါသည်။ လူတန်းစားမရွေးကြိုက် နှစ်သက်ကြပြီး ချွေတာရေးဟင်းတစ်ခွက်အဖြစ်လည်း အသုံးပြုနိုင်သည်။ သဘာဝအလျောက် ပေါက်သောအပင်များရှိသလို၊ မိုးရာသီတွင် သီးသန့်စိုက်ပျိုးမှုများကိုလည်း တွေ့နိုင်သည်။

          ကန်စွန်းရိုးနီတွင် ကျန်းမာရေးအတွက် အထောက်အကူပေးသော ကောင်းကျိုးများကိုလည်း တွေ့ရသည်။ သွေးလည်ပတ်မှုအားကောင်းစေပြီး သွေးအားနည်းရောဂါကို ကာကွယ်ကာ အဆိပ်အတောက်များကိုလည်း ပြေစေပါသည်။ ပုသိမ်မြို့၊ မြို့မဈေးအတွင်း ကန်စွန်းရိုးနီ တစ်စည်းလျှင် (၂၀၀) ကျပ်ဖြစ်ပြီး၊ (၃) စည်းလျှင် (၅၀၀) ကျပ် ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

       (DOCA) ဧရာဝတီ

 

ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်တွင် အုန်းသီးအခြောက်ဈေးနှုန်းများ ကျဆင်းလျက်ရှိ

      ဧရာဝတီတိုင်ဒေသကြီးသည် မြစ်ဝကျွန်းပေါ်ဒေသဖြစ်ပြီး မြေဆီမြေဩဇာကောင်းမွန်ကာ စိုက်ပျိုးရေးဖြစ်ထွန်းသော ဒေသဖြစ်ပါသည်။ မြစ်ဝကျွန်းပေါ်ဒေသဖြစ်သောကြောင့် နှစ်ရှည်သီးပင်တစ်ခုဖြစ်သော အုန်းသီးကို ဒေသတွင်းတစ်နိုင်တစ်ပိုင်စိုက်ပျိုးသူများရှိပြီး ပုသိမ်မြို့နယ်တွင် အုန်းသီး အခြောက်ပွဲရုံများကိုလည်း တွေ့ရှိရပါသည်။

          နိုဝင်ဘာလ တတိယပတ်တွင် အုန်းသီးအခြောက်ဈေးနှုူန်းများ ကျဆင်းလျက်ရှိပြီး အုန်းသီး တစ်လုံးလျှင် (၁၈၀၀) ကျပ်၊ (၂၀၀၀) ကျပ် ဖြစ်ပြီး နိုဝင်ဘာလ ပထမအပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်လျှင် အနည်းငယ်ကျဆင်းသွားကြောင်းနှင့် အုန်းသီးအခြောက်များကို အများအားဖြင့် ရန်ကုန်သို့တင်ပို့ ရောင်းချလျက်ရှိပြီး တစ်ခါတစ်ရံ အထက်မြန်မာပြည် မန္တလေးသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ထို့ပြင် အုန်းသီးအခြောက်မှ ထွက်ရှိသော အုန်းခွံများကို ဒေသတွင်း တစ်နိုင်တစ်ပိုင် လုပ်ကိုင်ကြသော အုန်းဆံကျစ်သော နေရာများသို့ ပြန်လည်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

       (DOCA) ဧရာဝတီ

မအူပင်မြို့ဒေသထွက် ပဲမုန့်အမျိုးမျိုး ဈေးနှုန်း ဈေးကွက်

    မအူပင်ဒေသထွက် ပဲမုန့်အမျိုးမျိုးရှိသည် မအူပင်မြို့နယ်တွင် ဒေသထွက် ပဲမုန့်များသည် အများသူငါများကို လက်ဆောင်အဖြစ်လည်းကောင်း၊ ကန်တော့ရာတွင်လည်းကောင်း လက်ဆောင်ပေးရန် သင့်တော်သော မုန့်တစ်မျိုး ဖြစ်သည်။ ထွက်ရှိ ထုတ်လုပ်သော ပဲမုန်အမှတ်တံဆိပ် အမည်များမှ ကျားပဲမုန့်၊ ကျားအငံမုန့်၊  ဓနဟိန်း ပဲမုန့်၊ ဘဲဥမုန့်၊ ကျားသစ်ပဲမုန့် ၊ MKK ပဲမုန့်၊ အစရှိသည့် မုန့်များဖြစ်ကြသည်။

   ပဲမုန့်ဈေးနှုန်းအနေဖြင့် ၁၀-၁၁-၂၀၂၅ ရက်နေ့ ဖော်ပြပါ ရောင်းချမှုဈေးနှုန်း အနေဖြင့်  ကျားပဲမုန့် ၁ထုတ် ၂၀၀ကျပ်၊ ကျားပဲမုန့်ဘူးသေး ၆ထုတ်ပါ ၁၅၀၀ကျပ်၊ ကျားပဲမုန့် ဘူးကြီး ၁၀ထုတ်ပါ ၂၀၀၀ကျပ်၊ ကျားအငံမုန့် ၁ထုတ် ၂၀၀ကျပ်၊ ကျားအငံဘူးသေး  ၆ထုတ်ပါ ၁၆၀၀ကျပ်၊ ကျားအငံဘူးကြီး ၁၀ထုတ်ပါ ၂၀၀၀ကျပ်၊ ကျားဘဲဥမုန့် ၁ထုတ် ၂၀၀ကျပ်၊ ကျားဘဲဥမုန့် ဘူးသေး ၅ထုတ်ပါ ၁၂၀၀ကျပ်၊ ကျားဘဲဥမုန့် ဘူးကြီး ၁၀ထုတ်ပါ ၂၀၀၀ကျပ်၊ ကျားကိတ်မုန့် ၁ထုတ် ၅၁၀၀ကျပ်၊ ကျားကိတ်မုန့် ၁ဘူး ၃ထုတ်ပါ ၁၅၃၀၀ကျပ်၊ ကျားဖရုံယို ၁ထုတ် ၂၀၀ကျပ်၊ ကျားဖရုံယို ၁ဘူး ၅ထုတ်ပါ ၁၃၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပြီး ယခင် စက်တင်ဘာလဈေး ဖြင့် ကျားပဲမုန့် ၁၀၀ကျပ်မြင့်တက်၊ ကျားပဲမုန့်ဗူးသေး ၆၀၀ကျပ်မြင့်တက်၊ ကျားပဲမုန့်ဗူးကြီး ၁၀၀၀ကျပ်မြင့်တက်၊ အငံမုန့် ၁၀၀ကျပ်၊  အငံဗူးသေး ၆၀၀ကျပ်မြင့်တက်၊ အငံဗူးကြီး ၁၀၀၀ကျပ်မြင့်တက်၊ ဘဲဥမုန့် ၁၀၀ကျပ်၊  ဘဲဥမုန့်ဗူးသေး ၅၀၀ကျပ်၊ ဘဲဥမုန့်ဗူးကြီး ၁၀၀၀ကျပ်၊ ကိတ်မုန့် ၂၀၀ကျပ်၊ ကိတ်မုန့်ကြီး ၁၀၀၀ကျပ်၊  ဖရုံယို ၁၀၀ကျပ်၊ ဖရုံယိုအကြီး ၅၀၀ကျပ် မြင့်တက်လာကြောင်း သိရသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း