ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် ရာသီပေါ်ခဝဲသီးများရောင်းချ

    ခဝဲပင်သည် ဘူး၊ ဖရုံအမျိုးအနွယ်၌ ပါဝင်ပြီး နှစ်စဉ် စိုက်ပျိုးဖြစ်ထွန်းသော အပင်မျိုးဖြစ်ပါသည်။ ခဝဲပင်ကို မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးကြပါသည်။ ခဝဲသီးသည် လုံးချောမဟုတ်ဘဲ စောင်းပါရှိပါသည်။ ခဝဲသီးတွင်ပါသောစောင်းများအား ခြစ်ထုတ်၍ အခွံသင်ပြီးသည့်နောက် ကြော်၍သော်လည်းကောင်း၊ ချက်၍သော်လည်းကောင်း အသားငါး၊ ပုစွန်များနှင့်ရောချက်စား၍သော်လည်းကောင်း စားသုံးနိုင်ပါသည်။ ထို့ပြင် ခဝဲသီးကိုမီးဖုတ်၍ သော်လည်းကောင်း၊ ပြုတ်၍သော်လည်းကောင်း ငါးပိရည်အတို့အမြှုပ်နှင့်သုံးဆောင်နိုင်ပြီး ဟင်းချိုချက်၍လည်း သုံးဆောင်နိုင်ပါသည်။

     ခဝဲပင်ကို တောင်ငူဒေသတွင် အများအားဖြင့် စင်တင်၍ စိုက်ပျိုးကြပါသည်။ မိုးများသောဒေသဖြစ်ခြင်းကြောင့် စိုစွတ်သောမြေပေါ်တွင် ကြာမြင့်စွာအသီးများကျနေပါမူ ပုပ်လွယ်သောကြောင့်ဖြစ်ပါသည်။

    တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် ယခုမိုးဦးကျရာသီတွင် ဒေသထွက် ရာသီစာခဝဲသီးများစတင်ပေါ်နေပြီဖြစ်ပါသည်။ ခဝဲသီးသေးလျှင် ၄လုံး၊ ကြီးလျှင် ၃လုံးခန့်ပါသောအစည်းတစ်စည်းလျှင် ၅၀၀ကျပ်၊ ၆၀၀ကျပ်များဖြင့် ရောင်းချပေးနေပြီး ရှေ့လများတွင် ခဝဲသီးများလှိုင်လှိုင်ပေါ်လာပါက ဈေးနှုန်းအနည်းငယ်ကျဆင်းနိုင်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

အုတ်ဖိုဒေသထွက် ငရုတ်သီးစိမ်းဖြင့် တောင်သူတို့ တွက်ခြေကိုက်နေကြပြီ

    ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ အုတ်ဖိုမြို့နယ်တွင် ငရုတ်သီးစိမ်းများ လှိုင်လှိုင်ပေါ်လာပြီး ဈေးကောင်းလည်းရနေလျက်ရှိကြောင်း ၊ ငရုတ်စိုက်တောင်သူများထံမှ သိရှိရပါသည်။ ဈေးကွက်အတွင်း၌ အုတ်ဖိုငရုတ်နာမည်ဖြင့် ဈေးကွက်ရနေပြီး အုတ်ဖိုမြို့နယ်အနေဖြင့် ငရုတ်စိုက်ဧက ၄၀၀ ကျော်ခန့်ကို ကျေးရွာပေါင်း ၂၂ရွာခန့်မှ စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည် ။

      ငရုတ်ပင်သည်  အပူပိုင်းနှင့် သမပိုင်းရာသီသီးနှံဖြစ်ပြီး ရေမဝင်သော သဲနှုန်းမြေပွကို နှစ်သက်ပါသည် ။ တစ်ပင်နှင့်တစ်ပင် ၁၈ လက်မခန့်နှင့် တန်းကြား ၃ပေခွာ၍ စိုက်ပျိုးရပါသည် ။ တစ်ဧကလျှင် အပင်ပေါင်း ၁၀၀၀ ခန့် ဝင်ဆံ့၍ စိုက်ပျိုးရကြောင်း သိရှိရပါသည်။ အသီးကို စိုက်ပျိုးပြီး ရက်ပေါင်း ၉၀ အကြာတွင် ခူးခွတ်ရကာ ရက်၉၀ မှ ၁၅၀ ရက်အထိ ခူးဆွတ်ရကြောင်း သိရှိရပါသည် ။ အများဆုံး စိုက်ပျိုးသော ငရုတ်သီးစိမ်းများမှာ ကုလားအော် ၊ မိုးမျှော်သီး ၊ ရွေအပ်သီး ၊ ပီနံသီး စသည့်ငရုတ်သီးစိမ်းများ စိုက်ပျိုးကြကြောင်း သိရှိရပါသည် ။ ရာသီဒိုင် ကောက်ဈေးအရ တစ်ပိဿာလျှင် ၃၅၀၀ ကျပ်မှ ၄၅၀၀ ကျပ်ထိ ရရှိကြကြောင်း သိရှိရပါသည် ။

        ငရုတ်စိုက်ပျိုးရန် မျိုးစေ့တစ်ထုပ်လျှင် ၄၀၀၀ကျပ်ခန့် ၊ ငရုတ်စိုက်ပျိုးမှု တစ်ဧက ကုန်ကျစရိတ်မှာ ၈၀၀၀၀၀ ကျပ်ခန့်ကုန်ကျပြီး ၊ တစ်ဧကဝင်ငွေမှာ ပျှမ်းမျှ ကျပ်၂၈၀၀၀၀၀ သိန်းခန့် ရရှိနိုင်ပါသည် ။ အကျိုးအမြတ်အနေဖြင့် ကျပ်သိန်းပေါင်း ၂၀ ခန့် ရရှိနိုင်သဖြင့် တောင်သူများ တွက်ခြေကိုက်သီးနှံတစ်ခုဖြစ်ကြောင်း သိရှိရပါသည် ။

DOCA(ပဲခူး)

 

ပြည်နံနံပင်ဈေးကွက်ဈေးနှုန်းမြင့်တက်

    ပြည်ဈေးကွက်အတွင်း ယခုကာလတွင် နံနံပင်ဈေးနှုန်းများ အဆမတန်မြင့်တက်လျက်ရှိပြီး ၂၀၂၃ခုနှစ်၊ မေလ၊ နောက်ဆုံးအပတ်မှစတင်ကာ မြင့်တက်လျက်ရှိကြောင်း သိရပါသည်။ ပြည်ဈေးကွက်သို့ ရွှေတောင်မြို့နယ်၊ ဝက်ထီးကန်မြို့နယ်တို့မှ ဝင်ရောက်လျက်ရှိပြီး ပုံမှန်အချိန်၌ ယခုကဲ့သို့ မိုးကျကာလတွင် နံနံပင်အထွက်များလျက်ရှိသော်လည်း ယခုနှစ် မိုးနောက်ကျပြီး ရာသီဥတုအပူချိန်ပြင်းသည့်အတွက် နံနံပင်များသေကာ အထွက်နည်းသဖြင့် ဝင်ရောက်မှုမှာ သုံးပုံတစ်ပုံခန့်သာရှိတော့ကြောင်း သိရပါသည်။ ဝင်ရောက်မှုနည်းသွားသဖြင့် ဈေးနှုန်းမှာ ယခင်၌ နံနံပင်တစ်ပိဿာလျှင် ကျပ် (၅၀၀၀-၆၀၀၀) ခန့်ရှိရာမှ ယခု၌ တစ်ပိဿာလျှင် ကျပ် (၁၃၀၀၀-၁၆၀၀၀) ထိမြင့်တက်သွားပြီး ယခင်၌ (၁၀) ပင်စည်းတစ်စည်းလျှင် ကျပ် (၅၀-၁၀၀) ရှိကာ ယခုအချိန်တွင် နှစ်ပင်စည်း၊ သုံးပင်စည်းတစ်စည်းလျှင်  ကျပ် (၂၀၀) ဖြင့် အနည်းဆုံးရောင်းချကြောင်း သိရပါသည်။

DOCA(ပဲခူး)

အုတ်ဖိုဒေသထွက် ခရမ်းသီးစိုက်ပျိုးခြင်းဖြင့် အပိုဝင်‌ငွေရရှိနေ

    ပဲခူးတိုင်းဒေသကြီး ၊  သာယာဝတီခရိုင် ၊  အုတ်ဖိုမြို့နယ်အတွင်းတွင် ခရမ်းသီးများ စိုက်ပျိုးကြပါသည်။ ထိုသို့စိုက်ပျိုးထားရှိရာတွင် ခရမ်းသီးမှာအရင်းအနှီးနည်းပြီး အကျိုးအမြတ်များသဖြင့် စီးပွားဖြစ် တိုးချဲ့စိုက်လာပါသည်။ အများစိုက်ပျိုးသော ခရမ်းသီးအမျိုးအစားမှာ ဆင်စွယ်ခရမ်းသီးနှင့် ပြုတ်ခရမ်းသီးမျိုးများကိုသာ စိုက်ပျိုးကြကြောင်း သိရှိရပါသည်။ ခရမ်းသီးကို အုတ်ဖိုမြို့နယ်တွင် ကျေးရွာ အုပ်စု(၇)အုပ်စုမှ ကျေးရွာပေါင်း (၃၂)ရွာက စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

    ခရမ်းသီးစိုက်ပျိုးရန် ယာမြေအမျိုးအစားတွင် တစ်ကျိုးလျှင် အပင်ပေါင်း (၄၀၀၀)ခန့် စိုက်ပျိုးရပြီး တစ်ဧကစိုက်ပျိုးမည်ဆိုပါလျှင် အပင်ပေါင်း(၂၀၀၀၀)ခန့် စိုက်ပျိုးနိုင်ပါသည်။ စိုက်ပျိုးရန်အတွက် ပျိုးထား‌သောပျိုးပင်များကို စိုက်ခင်းများတွင် ရွေ့ပြောင်းစိုက်ပျိုးပြီး ရက်‌ပေါင်း ၅၀ခန့်‌‌‌‌ လောက်တွင် စတင်ခူးဆွတ်နိုင်ပါသည်။ ၁၀ ရက်လျှင် တစ်ကြိမ်ခူးဆွတ်နိုင်ပြီး အသီးခူးဆွတ်မှု သက်တမ်းမှာ ၉လခန့် ခူးဆွတ်နိုင်ကြောင်း သိရှိရပါသည်။

      ဆင်စွယ်ခရမ်းသီးမျိုး (F1 violet king) တစ်ဧက စိုက်ပျိုးစရိတ်မှာ မျိုးစေ့ဖိုးတစ်ထုပ်လျှင် ၅၂၀၀ ကျပ် ဖြင့် ၂၀ ထုပ် ၊ မျိုးဖိုး ၁၀၄၀၀၀ကျပ်ခန့် ၊ စုစုပေါင်း ၇၈၀၀၀၀ ကျပ်ခန့် ရှိပြီး ဆင်စွယ်ခရမ်း တစ်ဧကအထွက်နှုန်းမှာ အလုံးရေ ၁၀၀၀၀ ထွက်ရှိကာ ‌ရောင်းဈေးမှာ တစ်လုံးလျှင် ၁၅၀ ကျပ်ဈေးဖြင့် ရောင်းချရကြောင်း သိရပါသည်။  တစ်ဧကဝင်ငွေမှာ ၁၅၀၀၀၀၀/ ကျပ် ဝင်ငွေရရှိနိုင်ပါသဖြင့် တစ်ဧက အမြတ်ငွေ ၇၂၀၀၀၀ ကျပ်ခန့် အမြတ်ရရှိနိုင်ပါသည်။ ခရမ်းပြုတ်သီးမျိုးစေ့ တစ်ထုပ်လျှင် ၄၈၀၀ ကျပ်ဖြင့် ၂၀ ထုပ် ၉၆၀၀၀ ကျပ် ၊ စုစုပေါင်း ကုန်ကျစရိတ်အနေဖြင့် ၈၀၀၀၀၀  ကျပ်ခန့် ကုန်ကျပါသည်။ တစ်ပိဿာလျှင် အဝယ်ဒိုင်သို့ ရောင်းဈေး ၁၈၀၀ ကျပ်ဈေးဖြင့် ရောင်းချရပါသည်။ တစ်ဧကဝင်ငွေ ၁၅၃၀၀၀၀ကျပ် ရရှိနိုင်ပါသဖြင့် တစ်ဧကအမြတ်ငွေ ၇၃၀၀၀၀ ကျပ်ခန့် အမြတ်ရရှိနိုင်ပါသည်။ ခရမ်းစိုက်တောင်သူများ အကျိုးအမြတ်များ ရရှိနေပြီး တွက်ခြေကိုက်နေကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပေါ်ဦးပေါ်ဖျား ပြည်ခဝဲသီးဈေးကွက်

    ပြည်ခရိုင်အတွင်း မြို့နယ်များရှိဈေးများတွင် ပေါ်ဦးပေါ်ဖျားခဝဲသီးများမှာ ဈေးကောင်းရလျက် ရောင်းချနေကြပါသည်။ ခဝဲသီးအမျိုးအစား (၂) မျိုးရှိပြီး တစ်မျိုးမှာ အပုမျိုးဖြစ်၍ (၅) လက်မ၊ (၆) လက်မခန့်ရှိပါသည်။ အသီးပုံမှာ အမြီးပိုင်းတုတ်ပြီး အဖျားပိုင်းရှူးသွားပါသည်။ ကျန်တစ်မျိုးမှာ အရှည်မျိုးဖြစ်ပြီး တစ်ပေခန့်ရှည်၍ အရင်းအဖျားညီညာပြီး တစ်ဖြောင့်တည်းသေးသွယ်ပါသည်။ အများအားဖြင့် ဇွန်၊ ဇူလိုင်နှင့်ဩဂုတ်လများတွင် စိုက်ပျိုးကြသော်လည်း နွေရာသီတွင် ရေဝအောင်သွင်း၍ စိုက်ပျိုးကြပါသည်။ ယခုအချိန်ထွက်ရှိသောခဝဲသီးများသည် ရေသွင်းစိုက်ပျိုးသော အပင်များမှထွက်ရှိသည့် အရှည်သီးအမျိုးအစားအသီးများဖြစ်ပါသည်။ ပေါ်ဦးပေါ်ဖျားဖြစ်သောကြောင့် ဈေးကောင်းရလျက် ရောင်းချနေကြပါသည်။ ပြည်မြို့ဈေးကွက်တွင် ရွှေတောင်မြို့နယ်၊ မီးလောင်ရွာဘက်မှထွက်ရှိသောခဝဲသီးများကို စတင်၍ရောင်းချနေပြီဖြစ်ပါသည်။ ပေါ်ဦးပေါ်ဖျားဖြစ်သောကြောင့် ခဝဲသီးတစ်တောင့်လျှင် (၃၀၀) ကျပ်နှင့် (၄၀၀) ကျပ်တို့ဖြင့် ဈေးကောင်းရရောင်းချနေကြောင်း သိရပါသည်။

DOCA(ပဲခူး)

သရက်သီးမှသည် သရက်ပြင်ဈေးကွက်ဆီသို့

    ပြည်မြို့နယ်တွင် သရက်သီးအမျိုးအစားများစွာထွက်ပေါ်နေပြီဖြစ်ပါသည်။ မြကျောက်၊ ဘုတ်ထုံသရက်သီးများသည် ပေါ်ခါစကပင် ဈေးကောင်းရသောအသီးများဖြစ်ပါသည်။ ယခုအခါ သရက်သီးများလှိုင်လှိုင်ပေါ်နေပြီဖြစ်သောကြောင့် သရက်သီးကြိုက်သူများအနေဖြင့် အကြိုက်စားရနေပြီဖြစ်ပါသည်။ သရက်သီးကို အချိုပွဲအနေဖြင့်စားသုံးသည့်အပြင် သားရေစာအဖြစ်လည်း စားသုံးရန် အတွက် သရက်ပြင်ပြုလုပ်၍ရောင်းချကြောင်း သိရပါသည်။ သရက်ပြင်ပြုလုပ်ရာတွင် ပထမဦးစွာ သရက်သီးမှည့်ကို ရေသေချာဆေးပြီး အခွံခွာထားရပါမည်။ ပြီးလျှင် အစိတ်လေးများစိတ်ပြီး စက်ဖြင့်သော်လည်းကောင်း၊ လက်ဖြင့်သော်လည်းကောင်း ချေပေးရပါမည်။ ထို့နောက် ချေပြီးသောသရက်သီးအနှစ်များကို သကြားနှင့်ရောမွေပြီး မီးဖိုဖြင့်ကျိုပေးရပါမည်။ ပျက်သည့်အနေအထားရောက်ပါက ဆီသုတ်ထားသောဗန်းပေါ်သို့လောင်းထည့်ရပါမည်။ မျက်နှာပြင်ကိုညီအောင်ညှိပြီး ခြောက်သွေ့လာသည်အထိ နေလှန်းပေးရပါမည်။ ခြောက်သွေ့သွားသောအခါ စားသုံးရန် အသင့်ဖြစ်နေသောသရက်ပြင်ရရှိမည်ဖြစ်ပါသည်။ ပြည်မြို့တွင် မြကျောက်နှင့် ဘုတ်ထုံသရက်သီးကို ရွှေဘုံသာဘုရားသို့သွားသော လမ်းမဘေးရှိ ညောင်ပင်သာရွာမှထွက်ရှိသည့်အပြင် သရက်ပြင်ကိုလည်း ညောင်ပင်သာတစ်ရွာလုံး ပြုလုပ်ရောင်းချကြောင်း သိရှိရပါသည်။ သရက်ပြင်ပြုလုပ်ရာတွင် မြကျောက်နှင့် ဘုတ်ထုံသရက်သီးကိုသာ သရက်ပြင်ပြုလုပ်ပြီး သကြားနှင့်ပြုလုပ်သောကြောင့် ဝါဝါဝင်းဝင်းလေးနှင့် အရောင်လှကာ အရသာကောင်းသောကြောင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါသည်။ ပြည်မြို့ပေါ်ရှိ ဈေးများတွင် (၅၀၀) ကျပ်တန်အထုပ်သေးများထုပ်၍ ရောင်းချကြောင်း သိရပါသည်။ Online ဈေးကွက်တွင် (၅၀) ကျပ်သားလျှင် (၇၀၀၀) ကျပ်နှင့် (၂၅) ကျပ်သားကို (၃၅၀၀) ကျပ်တို့ဖြင့် ရောင်းချကြောင်း သိရပါသည်။

DOCA(ပဲခူး)

ပြည်ငရုတ်သီးခြောက်ဈေးကွက်

    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် စားဖိုဆောင်သီးနှံသီးနှံတစ်မျိုးဖြစ်သည့် ငရုတ်သီးကို ဒေသတွင်း၌အနည်းငယ်သာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ငရုတ်ခြောက်ကို ပျဉ်းမနား၊ မိတ္ထီလာ၊ သာစည်ဒေသများနှင့် ရှမ်းပြည်နယ်နှင့် အောင်ပန်းဘက်တို့မှ တစ်ပတ်လျှင် ပိဿာ (၂၀) ဝင်ဆံ့သောအိတ် (၁၅၀-၂၀၀) ခန့်အဝင်ရှိကြောင်း သိရပါသည်။ ပြည်ခရိုင်အနေဖြင့် ငရုတ်ခြောက်စိုက်ဧကမှာ (၂၅၃) ဧကရှိပါသည်။ ပေါက်ခေါင်းမြို့နယ်တွင် (၄၉) ဧက၊ ပန်းတောင်းမြို့နယ်တွင် (၁၁၂) ဧကနှင့် ရွှေတောင်မြို့နယ်တွင် (၉၂) ဧကစိုက်ပျိုးပြီး ပြည်မြို့နယ်တွင်သာ စိုက်ပျိုးမှုမရှိသေးကြောင်း သိရပါသည်။ ၂၀၂၃ခုနှစ်၊ မေလ၊ နောက်ဆုံးအပတ်တွင် ငရုတ်သီးခြောက် တောင့်ရှည်တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်နှင့် ဗီယက်နမ်ခြောက်တစ်ပိဿာလျှင် (၂၈၀၀၀) ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

(၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်၏ ပြည်ခရိုင်၊ ဆန်ကွဲ၊ ဖွဲနုဈေးကွက်

    ၂၀၂၂ခုနှစ်၊ အောက်တိုဘာလမှစတင်၍ ပြည်ခရိုင်အတွင်းရှိ ဆန်ကွဲ၊ ဖွဲနုဈေးများမှာ ဆန်ကွဲ (Extra) တစ်အိတ်လျှင် (၃၉၀၀၀) ကျပ်၊ ဆန်ကွဲ (234) တစ်အိတ်လျှင် (၃၇၅၀၀) ကျပ်၊ ဆန်ကွဲ (12) တစ်အိတ်လျှင် (၃၈၅၀၀) ကျပ်နှင့် ဖွဲနုတစ်ပေါင်လျှင် (၂၈၀) ကျပ်ဈေးနှုန်းတို့ဖြစ်ခဲ့ပါသည်။ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလတွင် ဆန်ကွဲ (Extra) တစ်အိတ်လျှင် (၃၈၀၀၀) ကျပ်၊ ဆန်ကွဲ (234) တစ်အိတ်လျှင် (၃၇၀၀၀) ကျပ်၊ ဆန်ကွဲ (12) တစ်အိတ်လျှင် (၃၇၅၀၀) ကျပ်နှင့် ဖွဲနုတစ်ပေါင်လျှင် (၂၅၀) ကျပ်တို့ဖြစ်ခဲ့ပါသည်။ ဒီဇင်ဘာလတွင် ဆန်ကွဲ (Extra) တစ်အိတ်လျှင် (၃၇၅၀၀) ကျပ်၊ ဆန်ကွဲ (234) တစ်အိတ်လျှင် (၃၆၀၀၀) ကျပ်၊ ဆန်ကွဲ (12) တစ်အိတ်လျှင် (၃၇၀၀၀) ကျပ်နှင့် ဖွဲနုတစ်ပေါင်လျှင် (၂၆၀) ကျပ်ဈေးနှုန်းတို့ဖြစ်ခဲ့ပါသည်။

   ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင် ဆန်ကွဲ (Extra) တစ်အိတ်လျှင် (၄၂၅၀၀) ကျပ်၊ ဆန်ကွဲ (234) တစ်အိတ်လျှင် (၄၁၀၀၀) ကျပ်၊ ဆန်ကွဲ (12) တစ်အိတ်လျှင် (၄၂၀၀၀) ကျပ်နှင့် ဖွဲနုတစ်ပေါင်လျှင် (၂၈၀) ကျပ်ဈေးနှုန်းများမြင့်တက်လာခဲ့ပါသည်။ ၂၀၂၃ခုနှစ်၊ မတ်လနှင့် ဧပြီလတွင် ဆန်ကွဲ (Extra) တစ်အိတ်လျှင် (၄၃၅၀၀) ကျပ်၊ ဆန်ကွဲ (234) တစ်အိတ်လျှင် (၄၂၀၀၀) ကျပ်၊ ဆန်ကွဲ (12) တစ်အိတ်လျှင် (၄၂၅၀၀) ကျပ်၊ ဖွဲနုတစ်ပေါင်လျှင် (၂၉၅) ကျပ်ထိဈေးမြင့်တက်လာခဲ့ပါသည်။ ယခု မေလ၊ နောက်ဆုံးအပတ်တွင် ဆန်ကွဲ (Extra) တစ်အိတ်လျှင် (၄၅၅၀၀) ကျပ်၊ ဆန်ကွဲ (234) တစ်အိတ်လျှင် (၄၃၅၀၀) ကျပ်၊ ဆန်ကွဲ (12) တစ်အိတ်လျှင် (၄၅၀၀၀) ကျပ်၊ ဖွဲနုတစ်ပေါင်လျှင် (၃၂၅) ကျပ်ထိ ဈေးများပိုမိုမြင့်တက်လာခဲ့ပါသည်။ ထိုသို့ဈေးများမြင့်တက်လာရခြင်းမှာ ဆန်၊ စပါးဈေးများမြင့်တက်လာရခြင်းနှင့် မွေးမြူရေးသမားများက အဝယ်လိုက်လာသည့်အတွက် ဈေးနှုန်းများမြင့်တက်လာရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် သက်သာသောနှုန်းထားဖြင့် စားသုံးဆီများရောင်းချပေး

    တောင်ငူမြို့ရှိ အခြေခံလူတန်းစားများ သက်သာသောနှုန်းထားဖြင့် စားအုန်းဆီများ ဝယ်ယူရရှိနိုင်ရန်အတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် ပဲခူးခရိုင်ဆီကုန်သည်အသင်းမှ ဆီအရောင်းဈေးကားသည် တောင်ငူမြို့သို့လာရောက်၍ အခြေခံ လူတန်းစားများရာ ရပ်ကွက်များနှင့် အခြေခံလူတန်းစားများအများစုရှိရာ ဈေးများတွင် စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိပါသည်။

       ၂၀၂၃ခုနှစ်၊ဇွန်လ ၅ ရက်နေ့တွင် ပဲခူးခရိုင် ဆီကုန်သည်အသင်း ဈေးကားသည် တောင်ငူမြို့သို့ ရောက်ရှိပြီး တောင်ငူမြို့အမှတ်(၁၁)ရပ်ကွက်၊ ကန်တော်ရှိ အခြေခံလူတန်းစားများသို့လည်းကောင်း၊ တောင်ငူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝင်းအတွင်း၌ နိုင်ငံ့ဝန်ထမ်းမိသားစုများအား လည်းကောင်း စားသုံးဆီများကို ၅၀ ကျပ်သားဝင်ဘူးများဖြင့် လူတစ်ဦးလျှင် နှစ်ဘူး(တစ်ပိဿာ)နှုန်း၊ တစ်ပိဿာလျှင် ၄၆၀၀ ကျပ်နှုန်းဖြင့် စားသုံးဆီပိဿာ ၅၅၀ ကို‌ ရောင်းချပေးခဲ့ပါသည်။

   ပဲခူးခရိုင်မှ ဆီအရောင်းဈေးကားသည် ဇွန်လဆန်းပိုင်းက တောင်ငူမြို့သို့ရောက်ရှိပြီး အခြေခံလူတန်းစားများသို့ ဆီပိဿာ ၁၁၀၀ ကို ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း၊ ၎င်းဆီကားသည် တစ်ပတ်လျှင် နှစ်ရက်နှုန်းဖြင့် တောင်ငူမြို့သို့ အပတ်စဉ်လာရောက်ရောင်းချပေးနိုင်ရေး စီစဉ် ဆောင်ရွက်ထားကြောင်း သိရပါသည်။

DOCA(ပဲခူး)

ရွှေတောင်ဒေသထွက် ရာသီစာတောက်တာဖူး

     မာလာဖူး၊ တောက်တာဖူး၊ မာလာပန်း စသည်ဖြင့် အမျိုးမျိုးခေါ်ဆိုကြသော တောက်တာဖူးပင်၏အရွယ်အစားမှာ အပင်ပုမျိုး (မြေကပ်ပင်) ဖြစ်ပြီး မြေပြင်အတွင်းမှ ထိုးထွက်လာပြီး တောထဲတွင်သာ အလေ့ကျပေါက်သည့်အပင်များဖြစ်ပါသည်။ တောက်တာဖူး၏အရသာသည် ပူရှိန်းရှိန်းရှတတရှိပါသည်။ ကျန်းမာရေးအတွက် အစာခြေစနစ်ကို ကောင်းမွန်စေပါသည်။ ခံတွင်းပျက်ခြင်း၊ အစာမကြေဖြစ်ခြင်း၊ လေပွခြင်းနှင့်အစာစားချင်စိတ်မရှိခြင်း စသည့်ရောဂါများအတွက် တောက်တာဖူးအားစားသုံးပေးခြင်းဖြင့် သက်သာစေပါသည်။ ထို့ပြင် ရောင်ရမ်းခြင်းနှင့် နာကျင်မှုကိုသက်သာစေပါသည်။

  ယခုအချိန်တွင် ရာသီစာအဖြစ် မိုးများတဖွဲဖွဲရွာသွန်းပြီးလျှင် မြေပြင်အတွင်းမှ တောက်တာဖူးပွင့်လေးများထိုးထွက်လာတက်ကြပါသည်။ ကျေးရွာဓလေ့အရ ညနေပိုင်းတွင် တောထဲသို့ တောက်တာဖူးခူးယူပြီးလျှင် ရေဇလားအတွင်းထည့်၍ ရေစင်စင်ဆေးပြီး တောက်တာဖူးအပွင့် (၃) ခုပါ အချို့မှာနှီးဖြင့်စည်း၍လည်းကောင်း၊ သီတံဖြင့်ထိုး၍လည်းကောင်း ဈေးများ၌ သွားရောက်ရောင်းချရာတွင် တောက်တာဖူးတစ်စည်းလျှင် (၁၅၀-၂၀၀) ကျပ်တို့ဖြင့် ဈေးကွက်တွင်ရောင်းချကြောင်း သိရပါသည်။

    တောက်တာဖူးကို ရာသီစာအဖြစ်စားသောက်ရာတွင် ငါးပိရည်နှင့်တို့စရာအဖြစ်လည်းကောင်း၊ ရေနွေးဖျော၍ မြေပဲ၊ ဆီချက်တို့ဖြင့် အသုပ်သုပ်၍ စားသောက်ကြသည့်အပြင် တောက်တာဖူးအပွင့်အစိမ်းအား ပါးပါးလှီးပြီး တို့ဖူးသုပ်ထဲတွင် ထည့်စားလျှင် အနံမွှေးမွှေးလေးဖြင့် အရသာကောင်းမွန်ပါကြောင်း သိရှိရသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း