ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

    တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၄.၆.၂၀၂၃ )

    ၁၄.၆.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တောင်ငူမြို့နယ်တွင် နွေစပါးများသိမ်း၍ မိုးစပါးစိုက်ပျိုးရန် ပြင်ဆင်နေ

   တောင်ငူမြို့နယ်တွင် ယခုနှစ်နွေစပါးစိုက်ပျိုးချိန်က စက်သုံးဆီဈေးနှုန်းအပြောင်းအလဲကြောင့် လယ်တစ်ဧကလျှင် ထယ်ထိုးခ ၄၅၀၀၀ကျပ်၊ ထွန်မွှေခ ၄၅၀၀၀ကျပ် လက်ငင်းပေးရပြီး စပါးပေါ်ချိန်မှပေးပါက ထယ်ထိုးခကို ၁၀၀၀၀၀ ကျပ်နှင့် ထွန်မွှေခကို တစ်ဧကလျှင် ၁၀၀၀၀၀ကျပ်တို့ပေးရပါသည်။

    ၂၀၂၃ခုနှစ်၊ ဇွန်လတွင် နွေစပါးများရိတ်သိမ်းပြီးစီးပြီဖြစ်ပါသဖြင့် ရိတ်သိမ်းခကို တစ်ဧကလျှင် ၉၅၀၀၀ကျပ်မှ ၁၀၀၀၀၀ကျပ်ထိပေးရပါသည်။ ချွေလှေ့ပြီးသောစပါးများ၏ နေလှန်းခမှာ ယခင်နှစ်တွင် စပါးတင်း၁၀၀လျှင် ၁၅၀၀၀ကျပ်ပေးခဲ့ရပြီး ယခုနှစ်တွင် စပါးတင်း၁၀၀လျှင် ၂၀၀၀၀ကျပ်ပေးရပါသည်။

    စပါးဈေးနှုန်းမှာ ယခင်နှစ်ထက်ကောင်းနေပြီး စပါးအထွက်နှုန်းမှာလည်း ယခင်နှစ်ထက် ကောင်းကြပါသည်။ နွေစပါးတစ်ဧကလျှင် တင်း၈၀မှ တင်း၁၀၀ထိထွက်ရှိပြီး ဈေးနှုန်းမှာ တင်း၁၀၀လျှင် ၁၆၀၀၀၀၀ကျပ်မှ ၁၆၅၀၀၀၀ကျပ်ထိရှိပါသည်။

    ယခုအခါ မုတ်သုံမိုးရွာသွန်းနေပြီဖြစ်သဖြင့် မိုးစပါးစိုက်ပျိုးရန် ပြင်ဆင်နေကြပြီဖြစ်ပါသည်။ မျိုးစပါးတစ်တင်းလျှင် ၁၅၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်ထိပေးရပါသည်။ "ဒေါင်းမင်း" ပေါင်းသေပင်ကောင်းဆေးတစ်အိတ်လျှင် ၇၈၀၀၀ကျပ်၊ ပုလဲဓာတ်မြေဩဇာ (ထိုင်း) တစ်အိတ်လျှင် ၁၀၈၀၀၀ကျပ်ပေးရပါသည်။

   ထယ်ထိုးခနှင့် ထွန်မွှေခမှာ ယခင်နွေစပါးစိုက်ပျိုးချိန်၏ ဈေးနှုန်းအတိုင်းဖြစ်ပါသည်။ ယခုနှစ်နွေစပါးရာသီတွင် သွင်းအားစု၊ မျိုးစပါး၊ စက်ရိတ်ခများမှာ ဈေးနှုန်းမြင့်တက်သော်လည်း စပါးဈေးနှုန်းကောင်းသဖြင့် တောင်သူများအနေဖြင့် အမြတ်များကြောင်း ငါးဖင်အင်းကျေးရွာရှိ နွေစပါးစိုက်ပျိုးသောတောင်သူတစ်ဦးထံမှ သိရပါသည်။

DOCA(ပဲခူး)

 

ပြည်ခရိုင်ရှိ ဆီထွက်သီးနှံများ ယခင်နှစ်ထက် ဈေးနှုန်းမြင့်တက်

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် ဆီထွက်သီးနှံများဖြစ်သော နှမ်း၊ မြေပဲနှင့် နေကြာသီးနှံ ဟူ၍ (၃)မျိုးရှိပါသည်။ လူတို့နေ့စဉ်စားသုံးနေသည့် ဆီအများစုမှာ မြေပဲဆီဖြစ်ပြီး နှမ်းဆီနှင့် နေကြာဆီကို လူနည်းစုသာစားသုံးကြကြောင်း သိရပါသည်။

မြေပဲဆံ

     ပြည်ခရိုင်တွင် မြေပဲဆန်မှာ မိုးမြေပဲနှင့် ဆောင်းမြေပဲဟူ၍ (၂)မျိုးရှိပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက် မြေပဲသီးနှံစိုက်ဧကမှာ (၉၅၉၃၄)ဧက စိုက်ပျိုးပြီး တစ်ဧကအထွက်နှုန်းမှာ (၆၂.၁၇)တင်းထွက်ရှိကာ အထွက်တင်းမှာ (၅၉၆၄၀၄၃)တင်း ထွက်ရှိခဲ့ပါသည်။ ယခုဘဏ္ဍာနှစ် ဖြစ်သော ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မြေပဲစိုက်ဧကမှာ (၇၂၃၀၁)ဧကစိုက်ပျိုးပြီး တစ်ဧကလျှင် (၆၂.၈၄) တင်းထွက်ရှိပြီး အထွက်တင်းစုစုပေါင်းမှာ (၄၅၄၃၄၃၅)တင်းထွက်ရှိကြောင်း သိရပါသည်။ ပြည်ခရိုင် အတွင်း ထွက်ရှိသောမြေပဲဆံများကို အခြားတိုင်းမှဝယ်ယူမှုရှိသလို ပြည်ဈေးကွက်သို့လည်း ယခု မေလနောက်ဆုံးပတ်တွင် ကံမဘက်မှ ရက်ခြား ပိဿာ(၃၀)ဝင်အိတ် (၅၀၀-၆၀၀)ခန့် ဝင်ရောက် လျက်ရှိပါသည်။ ဈေးနှုန်းအနေဖြင့် ယခင်နှစ်တွင် မြေပဲဆီဆံ (အဖြူ)တစ်ပိဿာလျှင် (၃၇၀၀) ကျပ်၊ (အနီ)တစ်ပိဿာလျှင် (၃၇၀၀)ကျပ်၊ လုံးဆံ(အဖြူ) တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ လုံးဆံ (အနီ)တစ်ပိဿာလျှင် (၃၉၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုနှစ်ဖြစ်သော ၂၀၂၃ ခုနှစ်၊ မေလနောက်ဆုံးပတ်တွင် မြေပဲဆီဆံ (အဖြူ) တစ်ပိဿာလျှင် (၆၂၀၀)ကျပ်၊ (အနီ) တစ်ပိဿာလျှင် (၇၅၀၀)ကျပ်နှင့် လုံးဆံ(အဖြူ) တစ်ပိဿာလျှင် (၆၇၀၀)ကျပ်၊ လုံးဆံ (အနီ) တစ်ပိဿာလျှင် (၈၁၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။ လုံးဆံ(အနီ)ကို မြို့တွင်းရှိ ပဲကျော်သမားများနှင့် မန္တလေးလိုင်းသမားများက ဝယ်ယူမှုရှိခြင်း၊ လုံးဆံ(အဖြူ)ကို ပဲကြော်ဖိုသမားများနှင့် ဆီဆံကို ဆီစက်သမားများက ဝယ်ယူမှုရှိသဖြင့် တစ်နေ့လျှင် မြေပဲဆံအိတ် (၂၀၀/၃၀၀)ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခုနှစ်တွင် မြေပဲဆံဈေးများ ယခင်နှစ်ထက် မြင့်တက်လာရခြင်းမှာ စိုက်ဧကနည်းသွားပြီး ဝယ်လိုအားများလာသဖြင့် ယခင်နှစ်ထက်စာလျှင် တစ်ပိဿာလျှင် ထက်ဝက်နီးပါးခန့် ဈေးနှုန်းများ မြင့်တက်လာကြောင်း သိရပါသည်။

နှမ်း

  ပြည်ခရိုင်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နှမ်းစိုက်ဧကမှာ (၇၃၁၉၁)ရှိပြီး တစ်ဧက အထွက်နှုန်းမှာ (၁၀.၅၄)တင်းခန့်ထွက်ရှိ၍ စုစုပေါင်းအထွက်တင်းမှာ (၇၇၁၂၁၇)တင်း ထွက်ရှိ ကြောင်းသိရပါသည်။ ပြည်ဈေးကွက်သို့ မေလနောက်ဆုံးပတ်တွင် နှမ်းဝင်ရောက်မှုမရှိဘဲ လှောင်နှမ်းများဖြင့်သာ အရောင်းအဝယ်အနည်းငယ်ဖြစ်လျက်ရှိပါသည်။ အရောင်းအဝယ်ဖြစ်သော နှမ်းများမှာ စမုံနက်နှမ်းနှင့် နှမ်းနက်တို့ဖြစ်ပြီး မန္တလေးဝယ်လက်များက အဝယ်ရှိပါသည်။ ယခုအပတ်နှမ်းဈေးများမှာ နှမ်းနီ (၃)တင်းတစ်အိတ်လျှင် (၂၆၀၀၀၀)ကျပ်၊ နှမ်းနက်(၃)တင်း တစ်အိတ်လျှင် (၂၈၀၀၀၀)ကျပ် နှင့် စမုံနက်နှမ်း (၃)တင်းတစ်အိတ်လျှင် (၃၁၀၀၀၀)ကျပ်ဖြင့် ပြည်ဈေးကွက်တွင် ရောင်းဝယ်လျက်ရှိပါသည်။ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် နှမ်းစိုက်ဧကမှာ (၉၇၆၄၄)ဧကတွင် တစ်ဧကအထွက်နှုန်း (၁၀.၉၄)တင်းထွက်ရှိ၍ စုစုပေါင်းအထွက်တင်းမှာ (၁၀၆၈၄၉၄)တင်းထွက်ရှိပါသည် ။  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ထက် စိုက်ဧကများပြီး အထွက်တင်းမှာ လည်း များလာတာဖြစ်ပါသည်။ နှမ်းဈေးနှုန်းအနေဖြင့်လည်း ယခင်နှစ်တွင် နှမ်းနီ(၃)တင်း တစ်အိတ်လျှင် (၁၆၀၀၀၀)ကျပ်၊ နှမ်းနက်(၃)တင်းတစ်အိတ်လျှင် (၁၈၀၀၀၀)ကျပ်နှင့် စမုံနက်နှမ်း (၃)တင်းတစ်အိတ်လျှင် (၂၁၀၀၀၀)ကျပ်ဈေးဖြစ်ခဲ့သဖြင့် ယခုနှစ်တွင် (၃)တင်းတစ်အိတ်လျှင် (၁)သိန်းကျပ်ခန့် ဈေးနှုန်းများမြင့်တက်လာခဲ့ပါသည်။ ထိုသို့ဈေးနှုန်းများမြင့်တက်လာရခြင်းမှာ စိုက်ဧကနည်းသွားပြီး ဝယ်လိုအားများလာသောကြောင့် ဈေးနှုန်းများမြင့်တက်လာရခြင်း ဖြစ်ပါသည်။

နေကြာ

    ပြည်ခရိုင်အနေဖြင့် ဆီထွက်သီးနှံများဖွံ့ဖြိုးတိုးတက်စေရန်အတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တွင် မိုးနေကြာစိုက်ဧကမှာ (၄၈၄)ဧကတွင် တစ်ဧကအထွက်နှုန်းမှာ (၁၀.၇၈)တင်း ထွက်ရှိပြီး အထွက်တင်းမှာ (၅၂၁၉)တင်းထွက်ရှိပါသည်။ ဆောင်းနေကြာစိုက်ဧကမှာ (၄၅၅၈)ဧကတွင် ရိတ်ဧကမှာ (၄၅၅၂) ၊ တစ်ဧကအထွက်နှုန်းမှာ (၁၅.၃၈)တင်းထွက်ရှိပြီး အထွက်တင်းပေါင်း (၇၀၀၂၃)တင်းခန့်ထွက်ရှိ၍ စုစုပေါင်း နေကြာစိုက်ဧကမှာ (၅၀၄၂)ဧကတွင် အထွက်တင်းပေါင်း (၇၅၂၄၂)တင်းထွက်ရှိကြောင်း သိရပါသည်။ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ဆောင်းနေကြာ တစ်မျိုးသာစိုက်ပျိုး၍ စိုက်ဧကမှာ (၄၅၉)ဧကစိုက်ပျိုးပြီး စိုက်ပျိုးသောဧကအတိုင်း ရိတ်သိမ်းနိုင် ခဲ့ပါသည်။ တစ်ဧကအထွက်နှုန်းအနေဖြင့် (၁၇.၁၂)တင်းထွက်ရှိပြီး စုစုပေါင်းအထွက်တင်းမှာ (၇၈၆၀)တင်းခန့် ထွက်ရှိခဲ့ပါသည်။ နေကြာစိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် ရာသီဥတု ရေ/မြေ သဘာဝနှင့် အထူးသင့်တော်ပြီး စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်နည်းပါးခြင်း၊ အထွက်နှုန်း ကောင်းခြင်းနှင့် ဆီအထွက်နှုန်းကောင်းမွန်ခြင်းတို့ကြောင့် ပြည်တွင်းစားသုံးဆီ ဖူလှုံရေးအတွက် အထောက်အကူပြုသော သီးနှံဖြစ်ပါသည်။ ဈေးနှုန်းအနေဖြင့် ယခင်နှစ်တွင် နေကြာတစ်တင်းလျှင် (၂၅၀၀၀)ကျပ် ရှိခဲ့ပြီး၊ ယခုနှစ်တွင် နေကြာတစ်တင်းလျှင် (၂၇၀၀၀)ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။

     ပြည်ခရိုင်အနေဖြင့် ဆီထွက်သီးနှံများကို အထွက်နှုန်းကောင်း၊ မျိုးသန့်မျိုးသန့်များကို ပိုမိုတိုးချဲ့စိုက်ပျိုးမည်ဆိုပါက အထွက်နှုန်းကောင်းပြီး ဆီထွက်နှုန်းကောင်းလာ၍ ပြည်တွင်း စားသုံးဆီများ ဖူလှုံလာမည်ဖြစ်ပါသည်။ ယခုအချိန်တွင် လူအသုံးများသော ဆီမှာမြေပဲဆီဖြစ်သဖြင့် မြေပဲသီးနှံကို ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားလိုက်ရပါသည်။

DOCA(ပဲခူး)

ဆေးဖက်ဝင်ဗုံလုံသီး(ခေါ်) ပဲရှည်သီး(ခေါ်) ပဲလင်းမြွေသီး

    ဗုံလုံသီးသည် နွယ်ပင်အမျိုးအစားဖြစ်ပြီး ရှည်မျောမျောပုံသဏ္ဍာန်ရှိပါသည်။ ဗုံလုံသီးကို အမျိုးမျိုး ချက်စားကြပြီး မြန်မာတို့ ကြိုက်နှစ်သက်သော အသီးတစ်မျိုးဖြစ်ပါသည်။ ဗုံလုံသီးကို ပဲလင်းမြွေသီးဟုခေါ်ဆိုကြပြီး အင်္ဂလိပ်မှာ Snake Gourd ဟုခေါ်ဆိုပါသည်။ ဗုံလုံသီး၏ ကျန်းမာရေးအကျိုးကျေးဇူးများက အဖျားပျောက်စေပါသည်။ အသားဝါရောဂါကိုလည်း ကာကွယ်ပေးပါသည်။ ကယ်လိုရီပါဝင်မှုနည်းပါးခြင်း၊ ဆီချိုသမားများလည်း စားသုံး၍ရပြီး ဗုံလုံသီးအမြစ်ကို ဆေးဖော်၍ ဆီးချိုအတွက် အသုံးပြုရပါသည်။ အမျှင်ဓါတ်ကြွယ်ဝစွာ ပါဝင်ပြီး အစာခြေစနစ်ကို ကောင်းမွန်စေခြင်း၊ ရေဓါတ်မြင့်မားစွာပါဝင်သောကြောင့် ရေဓါတ်ခမ်းခြောက်မှုကို ကာကွယ်ပေးနိုင်သလို အဆိပ်တောက်တွေကို ကင်းစင်စေကြောင်းသိရပါသည်။ ဗုံလုံသီးကို ကြိတ်ပြီးရလာသည့် အရေကို ဦးရေပြားပေါ်တွင် လိမ်းမည်ဆိုလျှင် ဗောက်ထခြင်းကို သက်သာပျောက်ကင်းစေပါသည်။

   ပြည်မြို့အနီးမှော်ဇာကျေးရွာနှင့် အင်းမ၊ ဝက်ပုတ်၊ သဲကုန်းမြို့နယ်များမှ နှစ်စဉ်နှစ်တိုင်း စိုက်ပျိုးထွက်ရှိကြပြီး ရန်ကုန်နှင့် ရခိုင်ပြည်နယ်သို့ တင်ပို့ရောင်းချကြပါသည်။ ယခုပြည်ဈေးကွက်တွင် ပေါ်ဦးပေါ်ဖျား ဗုံလုံသီး အရှည်တစ်တောင့်လျှင် (၈၀၀/၆၀၀)ကျပ်ဈေးတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ယခင်နှစ်နှင့် ယခုနှစ် ပဲမျိုးစုံပြည်ကုန်စည်ဒိုင်၏ ဈေးနှုန်းအခြေအနေ

    ပြည်ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီး ၊ ဘိုကိတ်၊ စားတော်ပဲသီးနှံများ၏ ဈေးနှုန်းများကို ကုန်သည်များထံမှ လေ့လာသိရှိရပါသည်။

မတ်ပဲ

   ပြည်ကုန်စည်ဒိုင်၏ ယခင်နှစ်မေလတတိယပတ်တွင် မတ်ပဲတစ်တင်းကို (၄၆၀၀၀)ကျပ်၊ ယခုမေလ(တတိယပတ်)တွင် မတ်ပဲတစ်တင်းကို (၇၃၅၀၀)ကျပ်ဖြင့် တစ်တင်းကို (၂၇၅၀၀) ကျပ်ခန့် ဈေးမြင့်ခဲ့ပါသည်။ ယခုနှစ်မေလ(စတုတ္ထပတ်)တွင် ပဲတစ်တင်းကို (၇၅၀၀၀)ကျပ်၊ ယခင်နှစ် မေလစတုတ္ထပတ်တွင် မတ်ပဲတစ်တင်းကို (၄၇၂၀၀)ကျပ်ဖြင့် တစ်တင်းကို (၂၇၈၀၀)ကျပ်ခန့် ဈေးပိုရခဲ့ပါသည်။ အရောင်းအဝယ်ဖြစ်မှုမှာ ယခုနှစ်တွင်ပိုကောင်းပြီး တစ်ရက်ကို အိတ် (၃၀၀/၄၀၀)ခန့် ရန်ကုန် အဝယ်ရှိခဲ့ပါသည်။

ပဲစင်းငုံ

      ယခုနှစ်ပဲစင်းငုံဈေးမှာ မေလတတိယပတ်တွင် တစ်တင်းကို (၈၁၀၀၀)ကျပ်၊ ယခင်နှစ်ဈေး မှာ (၄၃၀၀၀)ကျပ်ဖြစ်ခဲ့ပြီး ယခုနှစ်တွင် တစ်တင်းကို (၃၈၀၀၀)ကျပ်ခန့် ဈေးပိုရခဲ့ပါသည်။ ယခုနှစ် စတုတ္ထပတ်တွင် တစ်တင်းကို (၈၉၀၀၀-၉၀၀၀၀)ကျပ်ဖြစ်ပြီး ယခင်နှစ်တွင် (၄၃၀၀၀)ကျပ်ဖြင့်  ပဲတစ်တင်းကို (၄၆၀၀၀-၄၇၀၀၀)ကျပ်ခန့် ဈေးပိုရပြီး  အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

ကုလားပဲ

    ပြည်ကုန်စည်ဒိုင်တွင် ယခုနှစ်မေလတတိယပတ်တွင် ကုလားပဲ(HL) တစ်တင်းကို (၇၆၅၀၀-၇၇၀၀၀)ကျပ်၊ ကုလားပဲ (မြကြေးမှုံ)တစ်တင်းကို (၇၇၅၀၀-၇၈၀၀၀)ကျပ်ဖြင့် မြို့တွင်းခွဲစက် သမားနှင့် ရန်ကုန်အဝယ်ရှိပြီး တစ်ရက်ကို အိတ် (၂၀၀/၃၀၀)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခင်နှစ် မေလတတိယပတ်တွင် ကုလားပဲ(HL) တစ်တင်းကို (၄၇၀၀၀)ကျပ်၊ ကုလားပဲ (မြကြေးမှုံ) တစ်တင်းကို (၄၉၀၀၀)ကျပ်ဖြင့် ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ကုလားပဲ(HL) တစ်တင်းကို (၃၀၀၀၀) ကျပ်၊ ကုလားပဲ (မြကြေးမှုံ)တစ်တင်းကို (၂၉၀၀၀)ကျပ်ဖြင့် ဈေးပိုရခဲ့ပါသည်။ မေလစတုတ္ထပတ် ယခုနှစ်တွင် ကုလားပဲ(HL) တစ်တင်းကို (၈၅၀၀၀-၈၅၅၀၀)ကျပ်၊ ကုလားပဲ (မြကြေးမှုံ) တစ်တင်း ကို (၈၅၅၀၀-၈၆၀၀၀)ကျပ်၊ ယခင်နှစ်တွင် ကုလားပဲ(HL) တစ်တင်းကို (၄၈၅၀၀)ကျပ်၊ ကုလားပဲ (မြကြေးမှုံ)တစ်တင်းကို (၄၉၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

ပဲကြီး

    ယခင်နှစ် မေလတတိယပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို (၆၇၀၀၀)ကျပ်၊ ယခုနှစ် မေလ တတိယပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို (၉၀၀၀၀)ကျပ်ဖြင့် မြို့တွင်း ပဲကြော် သမား များ တစ်ရက်ကိုအိတ် (၃၀၀)ခန့် အဝယ်ရှိခဲ့ပါသည်။ ယခုနှစ် မေလ စတုတ္ထပတ်တွင် ပဲကြီး (ရွှေကျွန်း)တစ်တင်းကို (၉၃၀၀၀-၉၄၀၀၀)ကျပ်၊ ယခင်နှစ်မေစတုတ္ထပတ်တွင် ပဲကြီး(ရွှေကျွန်း) တစ်တင်းကို (၇၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပါသည်။

စားတော်ပဲ

   ပြည်ကုန်စည်ဒိုင်တွင် ယခုနှစ်မေလတတိယမှာ စားတော်ပဲ (ကျွန်း)တစ်တင်းကို (၁၁၀၀၀၀-၁၁၃၀၀၀)ကျပ်၊ ယခင်နှစ် မေလတတိယပတ်တွင် ပဲတစ်တင်းကို (၈၅၀၀၀)ကျပ်ဖြင့် မြို့တွင်း လက်လီသမားများ တစ်ရက်ကိုအိတ် (၁၅/၂၀)ခန့် အဝယ်ရှိခဲ့ပါသည်။ မေလစတုတ္ထပတ်တွင် ယခင်နှစ်စားတော်ပဲ(ကျွန်း)တစ်တင်းကို (၈၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုနှစ် ပဲ တစ်တင်းကို (၁၂၀၀၀၀)ကျပ်ဖြင့် တစ်တင်းကို (၃၅၀၀၀)ကျပ်ခန့် ဈေးပိုရခဲ့ပါသည်။

 

ဘိုကိတ်

    ယခင်နှစ် ပြည်ကုန်စည်ဒိုင်၏ မေလတတိယပတ်တွင် ဘိုကိတ်တစ်တင်းကို (၃၄၀၀၀) ကျပ်ဖြစ်ပြီး ယခုနှစ် ဘိုကိတ်တစ်တင်းကို (၄၇၀၀၀-၄၈၀၀၀)ကျပ်ဖြင့် တစ်ရက်ကို အိတ်(၄၀/၅၀) ခန့် ရန်ကုန်အဝယ်ရှိပြီး မြို့တွင်းလက်လီသမားများလည်း တစ်ရက်ကိုအိတ် (၁၄/၁၅)ခန့် အဝယ်ရှိခဲ့ ပါသည်။ ယခုနှစ် မေလစတုတ္ထပတ်တွင် ဘိုကိတ် တစ်တင်းကို (၅၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ရှိပြီး ယခင်နှစ်မေလစတုတ္ထပတ်တွင် ဘိုကိတ်တစ်တင်းကို (၃၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။

     ပြည်ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲများ၏ ဈေးနှုန်းမှာ ယခင်နှစ်ထက်စာလျှင် ယခုနှစ်တွင်ဈေးနှုန်းများမြင့်တက်ပြီး အရောင်းဝယ်လည်း နေ့စဉ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့၏ မိုးရာသီစာ ဒညင်းသီး

   မိုးရာသီတွင် ရာသီစာများစွာရှိသည့်အနက် ဒညင်းသီးသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ ဒညင်းသီးကို ကြော်၍ဖြစ်စေ၊ ချက်၍ဖြစ်စေ၊ ပြုတ်၍ဖြစ်စေ အမျိုးမျိုးစားသုံးနိုင်ပါသည်။ ဒညင်းသီးကို ဆားရည်စိမ်ပြီး ငါးပိရည်နှင့်တို့မြှုပ်စရာအဖြစ်လည်း စားသုံးကြပါသည်။

     ယခုအခါ ဈေးများတွင် ဒညင်းသီးကို အကြီး/အသေးပေါ်မူတည်၍ ၁၀လုံးလျှင် ၇၀၀ကျပ်မှ ၁၅၀၀ကျပ်ထိရောင်းချပါသည်။ ဒညင်းသီးတွင်ပါဝင်သော Djenkolic Acid ကြောင့် အများအပြားစားသုံးလျှင် ကျောက်ကပ်ကိုထိခိုက်သဖြင့် အလွန်အကြူးမစားသင့်သော အစားအစာဖြစ်ပါသည်။

  ဒညင်းပင်များကို တောင်ပေါ်ဒေသများတွင် အများဆုံးတွေ့ရှိရသဖြင့် ဒညင်းသီးသည် တောင်ပေါ်ဒေသထွက် အစားအစာတစ်ခုဖြစ်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့၏ သရက်ပြင်ဈေးကွက်

    ယခုကဲ့သို့ သရက်သီးလှိုင်လှိုင်ပေါသောရာသီတွင် သရက်သီးမှည့်များကို သရက်ပြင်များ၊ သရက်ယိုများလုပ်ထား၍ သရက်သီးများရှားပါးချိန်တွင် အစားထိုးစားသုံးကြပါသည်။ သရက်ပြင်ရရန်အတွက် သရက်သီးအမှည့်များကို အစိတ်ကလေးများလှီးပြီး ကြိတ်စက်ထဲသို့ ထည့်ကြိတ်ရပါသည်။

   ထို့နောက် ကြိတ်ပြီးသောသရက်သီးမှည့်အနှစ်များကို အိုးကြီးကြီးထဲတွင်ထည့်၍ မီးအပူအလယ်အလတ်ပေးကာ ကျိုချက်ရပါသည်။ ပျစ်ခဲလာသည်အထိ မွှေပေးရပါသည်။ သရက်အနှစ်များကို ကျိုချက်နေချိန်တွင် ပန်းကန်ပြား သို့မဟုတ် လင်ဗန်းကို ဆီသုတ်ထားရပါသည်။ ကျိုပြီးသောသရက်နှစ်များကို ဆီသုတ်ထားသောပန်းကန်ပြား သို့မဟုတ် လင်ဗန်းထဲထည့်၍ ညီအောင်ညှိပြီး နေပူလှန်းရပါသည်။

  သုံးရက်ခန့်နေပူလှန်းပြီးလျှင် အသင့်စားသုံးနိုင်သောသရက်ပြင်ကိုရရှိပါသည်။ သရက်ပြင်များကို ကလေး၊ လူကြီးမရွေး ကြိုက်နှစ်သက်ကြပါသည်။ တောင်ငူမြို့ရှိ ဈေးများတွင် သရက်ပြင်တစ်ပိဿာလျှင် ၇၀၀၀ကျပ်မှ ၉၀၀၀ကျပ်ထိရောင်းချပါသည်။ ပါကင်ဘူးလေးများဖြင့်လည်း တစ်ဘူးလျှင် ၁၅၀၀ကျပ်မှ ၃၀၀၀ကျပ်ထိရောင်းချကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့တွင် ချင်းတက်များ ဈေးနှုန်းမြင့်တက်လျက်ရှိ

    တောင်ငူမြို့ရှိ ကုန်စုံဆိုင်များတွင် ချင်းတက်များမှာ ၂၀၂၃ခုနှစ်၊ မေလတွင် တစ်ပိဿာလျှင် ၂၅၀၀ကျပ်ရှိခဲ့ရာမှ တစ်ပတ်ချင်းစီတွင် တဖြည်းဖြည်းမြင့်တက်လာခဲ့ရာ ယခု ဇွန်လ၌ တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်မှ ၁၁၀၀၀ ကျပ်ထိမြင့်တက်လာပါသည်။

   အရောင်းအဝယ်မှာလည်း မဝယ်မဖြစ်သည့်စားသောက်ဆိုင်များနှင့် ထမင်းဆိုင်များသာဝယ်ယူကြပြီး အိမ်သုံးသူ အိမ်ရှင်မများအနေဖြင့် အနည်းငယ်သာဝယ်ယူကြကြောင်း သိရပါသည်။

  ချင်းတက်များမှာ ဈေးနှုန်းမြင့်တက်သော်လည်း လက်ဖက်နှင့်သုပ်စားသောချင်းများမှာ ယခင်၌ တစ်ပိဿာလျှင် ၃၅၀၀ကျပ်မှ ၄၀၀၀ကျပ်ထိရှိခဲ့ပြီး ယခုအခါ တစ်ပိသာလျှင် ၅၀၀၀ကျပ်မှ ၅၄၀၀ကျပ်ထိသာရှိသဖြင့် ချင်းတက်ကဲ့သို့ သိသိသာသာဈေနှုန်းမြင့်းတက်ခြင်းမရှိသေးကြောင်း သိရပါသည်။

DOCA(ပဲခူး)

မိုးညိုမြို့နယ်တွင် မိုးစပါးများ စတင်စိုက်ပျိုး

     မိုးညိုမြို့နယ်တွင် စပါးသည် အဓိက စိုက်ပျိုးသော သီးနှံအမျိုးအစားတွင်ပါဝင်ပြီး နှစ်စဉ် မိုးစပါး စိုက်ဧက ၄၈၆၉၅ ကျော် စိုက်ပျိုးလျက်ရှိရာ ၂၀၂၃ခုနှစ်သည် ၂၀၂၂ခုနှစ် စိုက်ဧကထက် ပိုမို စိုက်ပျိုးနိုင်သည်ဟု ခန့်မှန်းသိရှိရပါသည် ။ ဧပြီလတွင် မိုးရွာသွန်းမှုကြောင့် မေလမှစတင်၍ စပါး အခြောက်ကြဲခင်းများ စတင်စိုက်ပျိုးနေလျက်ရှိပြီး ကြဲခင်းဧကမှာ မိုးစပါး စိုက်ဧက၏ ၃၀ ရာခိုင်နှုန်းခန့် စိုက်ပျိုးပြီးစီးနေကြောင်း သိရှိရပါသည် ။

    ယခင်နှစ် မျိုးဈေးနှုန်းမြှင့်တက်လျှက်ရှိကာ ၁ တင်းလျှင် ၂၁၀၀၀ ကျပ်ဈေးဖြင့် ဝယ်ယူခဲ့ရပြီး စက်သုံးဆီ ၊ ဓာတ်မြေသြဇာနှင့် သွင်းအားစုဈေးနှုန်းများ မြင့်တက်နေခြင်းနှင့် လုပ်သားရှားပါးခြင်းတို့ကြောင့် တောင်သူများအနေဖြင့် စိုက်ခင်းအစား ကြဲခင်းများကိုသာ အဓိကထား စိုက်ပျိုးနေကြပါသည်။

      မိုးညိုမြို့နယ်အတွင်း စိုက်ပျိုးသော စပါးမျိုးများမှာ ဆင်းသွယ်လတ် ၊ မနောသုခ ၊ ဆင်းသုခ ၊ ကျော်ဇေယျ ၊ သီးထပ်ရင် ၊ ဆင်းစွယ်ရင် ၊ ဧရာမင်း ၊ ကောက်ညှင်း ၊ အင်းမရဲဘော် ၊ တစ်ထောင်ပို ၊ ကရင်မ စပါးတို့ဖြစ်ပြီး မိုးညိုမြို့နယ်၏ ရေမြေသဘာဝထွက်ရှိမှု ၊ ဝယ်ယူမှု ၊ စားသုံးမှုနှင့် ကိုက်ညီသော ကရင်မစပါးမျိုးများနှင့် ဆင်းသုခစပါးမျိုးများကိုသာ အများဆုံးစိုက်ပျိုးထားရှိသည်ကို တွေ့ရှိရပါသည် ။

     လက်ရှိ မိုးညိုမြို့နယ်အတွင်းရှိ စပါးဈေးနှုန်းများအနေဖြင့် ကရင်မစပါးတင်း ၅၀ ပေါင် တင်း(၁၀၀) လျှင် (၁၆၀၀၀၀၀)ကျပ်ကျော်ကျော်ရှိပြီး ဆင်းသုစပါးတင်း(၁၀၀)လျှင် (၁၆၅၀၀၀၀)ကျပ် ကျော်ကျော်ပေါက်ဈေးရှိကာ ဆင်းသုခဆန်ဟောင်း တစ်အိတ်လျှင် (၇၀၀၀၀)ကျပ်နှုန်းဖြင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်း ကွင်းဆင်းလေ့လာမှုများအရ သိရှိရသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း