ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အုတ်တွင်းမြို့နယ်တွင် မိုးစပါးများစိုက်ပျိုးရန် မြေပြုပြင်နေ

    ယခုအခါ မြန်မာနိုင်ငံအတွင်းသို့ မုတ်သုံလေဝင်ရောက်လာပြီး မိုးပုံမှန်ရွာသွန်းနေပြီဖြစ်သဖြင့် အုတ်တွင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ တောင်သူလယ်သမားများမှာ မိုးစပါးစိုက်ပျိုးရန် မြေပြုပြင်နေကြပြီး ကြဲခင်းစိုက်တောင်သူများအနေဖြင့် ယခုအခါတွင် စပါးကြဲနေပြီဖြစ်ပါသည်။

    ဆင်းသုခစပါးမျိုးကို အစိုက်များကြပါသည်။ တစ်ဧကလျှင် စပါး၃တင်းကြဲရပါသည်။ မျိုးစပါးတစ်တင်းလျှင် ၂၈၀၀၀ကျပ်ရှိပါသည်။ မြေပြုပြင်ရာတွင် ထွန်နှစ်စပ်ထွန်ပေးရပါသည်။ စပါးတစ်ဧကအတွက် ထွန်ယက်ခ ၁၃၀၀၀၀ကျပ်၊ လုပ်သားခ ၁၁၀၀၀ကျပ်နှင့် သွင်းအားစုတန်ဖိုးကုန်ကျငွေမှာ ၂၁၀၀၀ကျပ်ရှိပါသည်။

 စပါးပင်များပေါက်လာပြီးသည့်နောက်တွင် သွင်းအားစုများထပ်မံလိုအပ်မည်ဖြစ်သဖြင့် ဓာတ်မြေဩဇာဖိုး၊ ပေါင်းသတ်ဆေးဖိုး၊ ပိုးသတ်ဆေးဖိုးနှင့်  လုပ်သားခများ ထပ်မံကုန်ကျဦးမည်ဖြစ်ကြောင်း ညောင်ခြေထောက်ကျေးရွာမှ လယ်ဧက ၂၀လုပ်ကိုင်သူ၏ပြောပြချက်အရ သိရပါသည်။

DOCA(ပဲခူး)

လူကြိုက်များလာသည့် ကရင်ပြည်နယ်ဒေသထုတ်ကုန် အစားအစာ အသင့်စားဆိတ်ချေးခါးဟင်းလျာ

    ဒေသအစားအစာတစ်မျိုးဖြစ်ပြီး ကရင်ပြည်နယ်တစ်နေရာတည်းတွင်သာရနိုင်ပြီး အသင့်စားသောက်နိုင်သည့် ဒေသထုတ်ကုန်အစားအသောက်အဖြစ် ထုတ်လုပ်ရောင်းချလျက်ရှိသော ကော့ကရိတ်မြို့မှ ဦးချိ (အသင့်စား) ဆိတ်ချေးခါးဟင်းလျာသည် လူကြိုက်များလျက်ရှိပါသည်။  

    ဆိတ်ချေးခါးဟင်းဟု ဆိုလိုက်သည့်နှင့် ဒေသခံမဟုတ်သည့် မစားဖူးသည့်သူတိုင်း ဘာဟင်းပါလိမ့်ဟု စဉ်းစားကြမိပေလိမ့်မည်၊၊ တကယ်တော့ ဆိတ်ချေးခါးဟင်းလျာဆိုသည်မှာ ကရင်ပြည်နယ် တစ်ခုတည်းတွင်သာ ရရှိနိုင်သည့် ကရင်လူမျိုးတို့၏ ဒေသအစားအစာတစ်ခုဖြစ်ပြီး ဆိတ်ခေါင်း၊ ဆိတ်ကလီစာ၊ ဆိတ်နံရိုးနု၊ ဆိတ်ချေးပါ အူနုများကို ဂျင်း၊ စပါးလင်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ စပါးလင်၊ ရှောက်နုရွက်၊ ရှမ်းနံနံ စသည့်ဟင်းခတ်အမွေးအကြိုင်များနှင့် နူးအိစွာချက်ပြုတ်ထားခြင်း ဖြစ်လေသည်။ ဆိတ်ချေးခါးဟင်းသည် လူမမာများအတွက် အထူးအားဖြစ်စေကာ ခံတွင်းပျက်သူများအတွက် ခံတွင်းမြိန်စေသော အနံအရသာနှင့်ပြည့်စုံခြင်းကြောင့် တစ်ခါစားပြီးလျှင် ထပ်စားချင်သည့်အထိ စွဲငြိနိုင်သည့်အထိ ကောင်းမွန်သောဟင်းလျာဖြစ်ပေသည်။

  ဒေသအစားစားဖြစ်သည့် ဆိတ်ချေးခါးဟင်းလျာကို နယ်မြေဒေသအပေါ်မူတည်၍ ချက်ပြုတ်ပုံခြင်း မတူညီကြသည့်အပြင် စားသောက်ဆိုင်အချို့တွင် ပြုလုပ်ရောင်းချကြသော်လည်း ယခုကဲ့သို့ အသင့်စားအစားအသောက်ထုတ်ကုန်အဖြစ် ရောင်းချနိုင်မှု မရှိသေးပေ။ ဦးချိ အသင့်စား ဆိတ်ချေးခါး ဟင်းအနေဖြင့် အစဉ်အဆက်မိသားစုဟင်းလျာအဖြစ် ချက်ပြုတ်ခဲ့သည့် နည်းစနစ်အတိုင်းချက်ပြုတ် ပြုလုပ်ရောင်းချခြင်းဖြစ်ပြီး အသင့်စား ၃၆၀ ဂရမ်ပါ ဟင်းလျာတစ်ထုပ်လျှင် ဖောက်သည်ဈေး ၄၅၀၀ ကျပ်ဖြင့် ရောင်းချခြင်းဖြစ်ပြီး ဆိတ်ချေးခါးဖောက်သည်ဝယ်ယူလိုသူများအနေဖြင့် အနည်းဆုံးအထုပ် ၁၀၀ မှာယူရမည်ဖြစ်ကြောင်းသိရသည်။ ဈေးကွက်အနေဖြင့်  ကရင်ပြည်နယ်၊မွန်ပြည်နယ် စားသောက်ဆိုင်များမှ အများဆုံးမှာယူကြပြီး ကရင်ပြည်နယ်၊ ဘားအံမြို့ Shopping Malls များတွင် ဝယ်ယူရရှိနိုင်ကြကြောင်းနှင့် ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ကပါ မှာယူစားသောက်ကြသည်အထိ လူကြိုက်များလျက်ရှိကြောင်း သိရသည်။

  လုပ်ငန်းရှင်အနေဖြင့် ဈေးကွက်ဝယ်လိုအားနှင့် လူကြိုက်များမှုအပေါ်အခြေခံကာ ပြည်တွင်း/ ပြည်ပသို့ တင်ပို့နိုင်ရေးအထိ ရည်ရွယ်၍ ဆိတ်ချေးခါး စည်သွတ်ဘူးလုပ်ငန်း တိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် မြေနေရာ၊ နည်းပညာ၊ အရင်းအနှီး၊ ကုန်ကြမ်းရရှိနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အစားအသောက်ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် သက်ဆိုင်ရာဌာနများတွင် စစ်ဆေးခံဆောင်ရွက်လျက်ရှိကြောင်းနှင့်  လူကြိုက်များလာသည့် ကရင်ပြည်နယ် ဒေသအအစားအစာ (အသင့်စား) ဆိတ်ချေးခါးဟင်းလျာ ထုတ်ကုန်အကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။

DOCA(ကရင်)

တောင်ငူမြို့၏ သစ်သီးဝလံဈေးကွက်

    တောင်ငူမြို့တွင် ပန်းသီး၊ ပန်းသစ်တော်သီး၊ သခွားသီးနှင့် နာနတ်သီးတို့မှာ ပြီးခဲ့သည့်နွေရာသီ ဧပြီလဈေးနှုန်းထက် အတက်အကျအနည်းငယ်သာရှိပါသည်။ စပျစ်သီးမှာ နှစ်ဆခန့်ဈေးတက်သွားပြီး နာနတ်သီးမှာ မိုးဦးရာသီတွင် ပေါများသောကာလဖြစ်သဖြင့် ဈေးကျသွားပါသည်။

    ပန်းသီးမှာ အကြီးနှင့် အသေးနှစ်မျိုးရှိရာ အလုံးအကြီးအသေးပေါ်မူတည်၍ ပန်းသီးအကြီးမှာ တစ်လုံးလျှင် ၂၀၀၀ကျပ်မှ ၃၀၀၀ကျပ်ထိ၊ ပန်းသီးအသေးမှာ တစ်လုံးလျှင် ၈၀၀ကျပ်မှ ၁၂၀၀ထိ၊ ပန်းသစ်တော်သီးမှာ တစ်လုံးလျှင် ၂၅၀၀ကျပ်မှ ၃၀၀၀ကျပ်ထိ၊ သခွားမွှေးသီးမှာ တစ်လုံးလျှင် ၂၅၀၀ကျပ်မှ ၃၀၀၀ကျပ်ထိရှိပါသည်။

     လိမ္မော်သီးမှာ သင်္ကြန်ကာလတွင် တစ်ပိဿာလျှင် ၇၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအခါတွင် တစ်ပိဿာလျှင် ၈၀၀၀ကျပ်မှ ၁၀၀၀၀ကျပ်ထိရှိ၍ ဈေးနှုန်းအနည်းငယ်တက်လာပါသည်။ စပျစ်သီးမှာ သင်္ကြန်ကာလတွင် တစ်ပိဿာလျှင် ၇၀၀၀ကျပ်မှ ၉၀၀၀ကျပ်ထိရှိခဲ့ရာမှ ယခုအခါတွင် ၂၅ကျပ်သားလျှင် ၆၀၀၀ကျပ်၊ တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းမြင့်တက်လာပါသည်။

   နာနတ်သီးမှာ သင်္ကြန်ကာလတွင် တစ်လုံးလျှင် ၂၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအခါ မိုးဦးကာလသည် နာနတ်သီးပေါများသည့်ကာလဖြစ်သဖြင့် တစ်လုံးလျှင် ၈၀၀ကျပ်မှ ၁၀၀၀ကျပ်ထိသာရှိတော့သဖြင့် ဈေးနည်းထက်ဝက်ခန့်ကျဆင်းကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့မှ ရာသီပေါ်ဇရစ်ရိုးများ

    မိုးဦးစရာသီစာများအနက် ဇရစ်ရိုးမှာ တစ်ခုအပါအဝင်ဖြစ်ပါသည်။ ဇရစ်ရိုးကို အခြားရာသီများတွင်လည်း အနည်းငယ်တွေ့မြင်ရပြီး မိုးရာသီတွင်မူ ပေါများစွာတွေ့ရပါသည်။

   ဇရစ်ရိုးကို ချဉ်ပေါင်ကြော်၊ အချဉ်ရည်ဟင်းနှင့် ဇရစ်ရိုးကြော်များအနေဖြင့် အမျိုးမျိုးချက်ပြုတ်စားသောက်နိုင်ပါသည်။ ဇရစ်ရိုးပင်ကို ချောင်းကမ်းပါးများတွင်တွေ့ရှိနိုင်ပြီး တစ်ခါတရံ ချောင်းနှင့်နီးသောတောထဲတွင်လည်းတွေ့ရှိနိုင်ပါသည်။

    ဈေးများတွင် ဇရစ်ရိုး ၁၀ချောင်းပါသောအစည်းတစ်စည်းကို ၅၀၀ကျပ်မှ ၇၀၀ ကျပ်ထိရောင်းချပါသည်။ ဇရစ်ရိုးတွင် အမျှင်လေးများပါသဖြင့် စားရသည့်အရသာမှာ ထူးခြားကောင်းမွန်ကြောင်း တွေ့ရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့၊ ဟင်းသီးဟင်းရွက်ဆိုင်များမှ ဒရင်ကောက်ညွန့်

   ယခု မိုးဦးစအချိန်အခါတွင် ရာသီစာအဖြစ် ဒရင်ကောက်ညွန့်လေးများမှာ အလွန်ပင်စား၍ကောင်းပါသည်။ ဒရင်ကောက်ညွန့်များသည် လူသိနည်းခြင်းနှင့်ရှားပါးခြင်းကြောင့် ဈေးကွက်အတွင်းတွင် အခြားဟင်းရွက်များထက် ဈေးအနည်းငယ်ပို၍ပေးရပါသည်။

    တောင်ပေါ်ဒေသများတွင် အများဆုံးပေါက်ရောက်ပြီး ချောင်းရှိသောဒေသများတွင်လည်းပေါများပါသည်။ ဟင်းသီးဟင်းရွက်ဆိုင်များတွင် ဒရင်ကောက်ညွန့်များကို တစ်စည်းလျှင် ၅၀၀ကျပ်မှ ၁၀၀၀ကျပ်ထိရောင်းချပါသည်။

     ဒရင်ကောက်ညွန့်များကို ကြော်၍ဖြစ်စေ၊ သုပ်၍ဖြစ်စေ၊ အခြားအသားငါးများနှင့်ရော၍ ဖြစ်စေ ချက်ပြုတ်စားသောက်ကြပါသည်။ အရသာမှာ အခြားအရွက်များနှင့်မတူဘဲ စား၍အလွန်ကောင်းသောကြောင့် လူကြိုက်များ၍ ရောင်းအားကောင်းသောဟင်းရွက်ဖြစ်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့၊ ညောင်ပင်လေးဈေးတွင် သံပရာသီးဈေးအေး

    ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၏ သောက်ရေခပ်ချောင်းဘေးရှိ နဂါးမောက်ရွာ၊ ကျောက်ပုထိုးရွာနှင့် ဒိုးသောင်ကျေးရွာများတွင် တစ်နိုင်တစ်ပိုင်ဥယျာဉ်ခြံများကိုစိုက်ပျိုးထားကြပါသည်။ သောက်ရေခပ်ချောင်းသည် ရေပြတ်လပ်မှုမရှိသည့်အတွက် သောက်ရေခပ်ချောင်းမှ  ရေစုပ်စက်များဖြင့် စိုက်ပျိုးပင်များကို ရေလောင်း၊ ရေသွင်းပြုလုပ်ကြပါသည်။ သံပရာပင်၊ သံပယိုပင်၊ ငှက်ပျော၊ ပိန္နဲ၊ သင်္ဘော၊ ရှောက်ပင်များကိုစိုက်ပျိုးကြပါသည်။

   သံပယိုပင်၊ သံပရာပင်များကို ကိုင်းကူးပင်ပျိုးထုပ်များကို ဝယ်ယူစိုက်ပျိုးကြသည့်အတွက် အချိန်တိုအတွင်း အသီးခူးဆွတ်ရပါသည်။ အစေ့စိုက်အပင်များသည် အသီးသီးရန် အချိန်ကြာမြင့်သည်ဟု သိရပါသည်။ ကိုင်းကူးပျိုးထုပ်တစ်ပင်မှာ အပင်ကြီးလျှင် ၃၀၀၀ကျပ်ပေးရပါသည်။ ဇွန်လကုန်တွင် ပျိုးပင်များကိုစိုက်ပျိုးကြပြီး နှစ်နှစ်သားခန့်တွင် အသီးများစတင်ခူးဆွတ်ရပါသည်။ အပင်အားဆေး ၁၅:၁၅ပတ်လည် မြေဩဇာကျွေးကာ ရေလောင်းသည့်အပင်များမှာ အသီးထွက်အားကောင်းကြောင်း သိရပါသည်။

    သုံးနှစ်သားခန့်ရှိသည့်အပင်တွင် အသီးအလုံးရေ ၇၀၀မှ ၁၀၀၀ခန့်အသီးသီးပါသည်။ နှစ်ကြာလာသည့်အပင်ကြီးများမှာ အလုံးရေပိုမိုထွက်ရှိပါသည်။ ရာသီဥတုပူပြင်းသည့် မတ်လ၊ ဧပြီလနှင့် မေလများတွင် အသီးခူးဆွတ်ရောင်းချရသူများမှာ အသီးတစ်လုံးလျှင် ၂၀၀ကျပ်အထိဈေးရပါသည်။ ယခုအခါ မိုးရွာသွန်းမှုလည်းရှိလာ၍ သံပရာခြံများမှ အသီးများဖြိုင်ဖြိုင်ထွက်လာသည့်အတွက် ဈေးကွက်အေးသွားကြောင်း ခြံထွက်သံပရာသီးများကို ညောင်ပင်လေးဈေးသို့ လာရောက်ရောင်းချသည့် ကျောက်ပုထိုးရွာမှ သံပရာခြံပိုင်ရှင်၏ ပြောကြားချက်အရ သိရပါသည်။

DOCA(ပဲခူး)

 

အကျိုးအမြတ်များနေသော ဝါစေ့မှသည် ဝါစေ့ပင်ပေါက်

     ပြည်မြို့နယ်အတွင်းရှိ ဈေးများအတွင်းတွင် ဝါစေ့လေးများကို ညှောက်ဖောက်၍ ရရှိလာသော ဝါစေ့ပင်ပေါက်လေးများရောင်းချနေသည်ကို တွေ့ရှိရပါသည်။ ဝါပင်များကို ပြည်ခရိုင်အတွင်းရှိ ပေါက်ခေါင်းမြို့နယ်တွင် အဓိကထား၍ စီးပွားဖြစ်စိုက်ပျိုးလျက်ရှိပြီး ပြည်မြို့နယ် အနီးတဝိုက်ရှိ ဝက်ထီးကန်မြို့နှင့် ပေါင်းတလည်မြို့တို့တွင်လည်း စိုက်ပျိုးကြပါသည်။ ''ဝါစေ့ပင်ပေါက်"၏အရသာမှာ စိမ့်သောအရသာရှိပါသည်။ ဆူးပုပ်ရွက်၊ ပိန္နဲသီးများနှင့် ရော၍လည်းကောင်း၊ ကြော်ချက်အရည် သောက်ချက်၍လည်းကောင်း၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းများဖြင့် ဟင်းခါးချက်၍ စားသုံးပေးခြင်းဖြင့် အမျိုးသမီးများခံစားရလေ့ရှိသော သွေးဆုံးကိုင်ဝေဒနာများကိုလည်း သက်သာစေပါသည်။ ဝါစေ့တစ်ပိဿာလျှင် (၁၂၅၀)ကျပ်ခန့်၊ ဝါစေ့ပင်ပေါက်များကို တစ်ပိဿာလျှင် (၂၀၀၀)ကျပ်ခန့် ရောင်းချရပြီး ဝါစေ့တစ်ပိဿာလျှင် ဝါစေ့ပင်ပေါက် (၂)ပိဿာ ခန့်ထွက်ရှိသောကြောင့် ဝါစေ့ပင်ပေါက် တစ်ပိဿာရောင်းချရလျှင် (၁၃၇၅)ကျပ်ခန့် အကျိုးအမြတ်ရရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

မိုးရာသီနှင့် ဖလံတောင်ဝှေး

    ယခုအချိန်တွင် ပြည်ဈေးကွက်သို့ ဖလံတောင်ဝှေးများစတင်ဝင်ရောက်၍ ရောင်းချလျက်ရှိပါသည်။ ယခုလိုမိုးတွင်းကာလများတွင်သာ တွေ့ရသော ရာသီစာဖလံတောင်ဝှေးပင်ကို အိမ်ရှင်မများက ပေါ်ဦးပေါ်ဖျားဝယ်ယူ၍ စားသောက်ကြသဖြင့် ပေါ်ခါစတွင် ဈေးနှုန်းများ မြင့်တက်လာပြီး လှိုင်လှိုင်ပေါ်ချိန်တွင် ဈေးနှုန်းများကျဆင်းလာ၍ လူတကာဝယ်ယူ စားသုံးကြပါသည်။ ဖလံတောင်ဝှေးကို ချက်ပြုတ်စားသောက်ရာတွင် အပင်၏ရင့်သောအပိုင်းကို ဖဲ့ချွေပြီးနောက် ဖလံတောင်ဝှေးနုနုများကို ငရုတ်ကျည်ပွေ့ဖြင့် ထု၍ကြော်စားကြပါသည်။ ဖလံတောင်ဝှေးကို သူ့ချည်းသက်သက် ကြော်စား၍ လည်းကောင်း၊ အသားနှင့်ရော၍ ကြော်စား၍သော်လည်းကောင်း စားကြပါသည်။ ကျန်းမာရေးအနေဖြင့် ဖလံတောင်ဝှေးဥကို အခြောက်ခံ၍ အမှုန့်ပြုလုပ်ပြီး နေ့စဉ်ပုံမှန်သောက်သုံးပါက ဆီးချိုရောဂါကို ပျောက်ကင်းစေပြီး၊ ခန္ဓာကိုယ်အတွင်းမှ မလိုအပ်သည့် အဆီများကိုလည်း ချေဖျက်ပေးနိုင်ပါသည်။ အမျိုးသမီးရောဂါများဖြစ်သော ရင်သားအဆီအကြိတ်၊ အဖုအတွက် ဖလံတောင်ဝှေးတစ်ပင်လုံးကို ထုချေ၍ အဖုအကြိတ်ပေါ် အုံပေးခြင်းဖြင့် သက်သာစေပါသည်။

    ထို့ကြောင့် ဖလံတောင်ဝှေးကို ရာသီစာအဖြစ်လူကြိုက်များကြသဖြင့် ပေါ်ဦးပေါ်ခါစတွင် ဈေးမြင့်ပြီး (၅)ချောင်းပါ တစ်စည်းလျှင် (၅၀၀)ကျပ်အထိ ရောင်းချပြီး ယခုအချိန်တွင် ဖလံတောင်ဝှေး ဝင်ရောက်မှုများလာသဖြင့် (၅)ချောင်းပါ တစ်စည်းလျှင် (၂၀၀)ကျပ်ဖြင့် ပြည်ဒေသရှိ ဈေးများတွင် ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်း သိရပါသည် ။

DOCA(ပဲခူး)

အဖိုးတန်တဲ့နွေသံပုရာ

      သံပုရာသီးတွင် နွေသံပုရာနှင့် မိုးသံပုရာဟု (၂)မျိုးရှိရာ နွေသံပုရာသည် နွေရာသီဖြစ်သော မတ်လတွင် အသီးများစတင်သီးပြီး ဧပြီလနှင့် မေလတွင် စတင်ခူးဆွတ်ရပါသည်။ မိုးသံပုရာမှာ မိုးရာသီဖြစ်သော ဇွန်လမှစ၍ အောက်တိုဘာလအထိ အသီးအထွက်အလှိုင်ဆုံးအချိန်ဖြစ်ပါသည်။ နွေသံပုရာသည် အလုံးသေးငယ်ပြီး အထွက်နှုန်းနည်းသလောက်၊ မိုးသံပုရာသည် အလုံးချောပြီး သီးနှုန်းအားကောင်းပါသည်။

      လူတို့သည် သံပုရာသီးကို နေ့စဉ်တစ်မျိုးမဟုတ်တစ်မျိုး စားသုံးကြပါသည်။သံပုရာသီးမှာ နှစ် ပတ်လည်ထွက်ရှိပါသည်။ နွေရာသီတွင်သီးသောအသီးမှာ တန်ဖိုးမြင့်သော်လည်း ဝယ်ယူစားသုံးကြပါသည်။ သံပုရာသီးကို ကျန်းမာရေးအရအသုံးပြုသလို အသုပ်မျိုးစုံပြုလုပ်ရာတွင်လည်း အသုံးပြုကြပါသည်။ နွေသံပုရာသီးဈေးနှုန်းများမြင့်တက်လာရခြင်းမှာ အထွက်နှုန်းနည်းပြီး စားသုံးမှုများသဖြင့် ဈေးနှုန်းများမြင့်တက်လာရခြင်း ဖြစ်ပါသည်။

    သံပုရာသီးကို ပြည်မြို့အနီးတဝိုက်ရှိ ကျေးရွာများတွင် တော်တော်များများ စိုက်ပျိုးကြပါသည်။ သံပုရာပင်သည် နှစ်ရှည်ပင်ဖြစ်သည့်အတွက် တစ်ခါစိုက်ပျိုးပြီးရုံဖြင့် ထိုင်စားရသော သီးနှံ ဖြစ်ပါသည်။ သံပုရာပင်ကို တစ်ချို့မှာ အိမ်ခြံဝန်းထဲတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသလို စီးပွား ဖြစ်လည်း စိုက်ပျိုးကြပါသည်။ သံပုရာသီးကို တစ်ခါစိုက်ပျိုးထားလျှင် တစ်နှစ်ပတ်လုံး ဝင်ငွေများရရှိသဖြင့် မိသားစုစားစရိတ်ရရှိသလို အပိုဝင်ငွေများလည်း ရရှိနိုင်ပါသည်။ သံပုရာပင် တစ်ပင်လျှင် ထွက်ရှိသောပျမ်းမျှအသီးနှုန်းမှာ (၅၀-၁၀၀)အထိ ထွက်ရှိကြောင်း သိရပါသည်။

    ပြည်ဈေးကွက်သို့ ယခုအချိန်တွင် ဝင်ရောက်ရောင်းချသော သံပုရာသီးများမှာ နွေသံပုရာသီး များဖြစ်ပြီး အနီးတဝိုက်ရှိကျေးရွာများမှ လာရောက်ရောင်းချကြောင်း သိရပါသည်။ နွေသံပုရာသီး ဈေးနှုန်းများအနေဖြင့် တစ်လုံးလျှင် အလုံးချောပါက (၁၀၀-၁၅၀)ကျပ်အထိ ရောင်းချ ကြောင်း သိရပါသည်။ နွေရာသီတွင် ဈေးပိုရသော နွေသံပုရာသီးကို ရေသွင်းပြီးစိုက်ပျိုးနိုင်ပါက အမြတ်အစွန်းပိုမိုရရှိလာနိုင်မှာဖြစ်ပါသည်။ ပြည်ဈေးကွက်မှတစ်ဆင့် ရန်ကုန်မြို့ရှိ ကုန်စိမ်းဈေးကွက်များအပြင် နယ်မြို့များသို့လည်း တင်ပို့ရောင်းချကြောင်း သိရပါသည်။

     ထို့ကြောင့် သံပုရာပင်စိုက်ပျိုးသော တောင်သူများအနေဖြင့် စိုက်ပျိုးရာတွင် လွယ်ကူပြီး စိုက်ပျိုးစရိတ်လည်း သက်သာ၍ နှစ်ပတ်လည်ဝင်ငွေများရရှိလာသဖြင့် ဧကများပိုမိုတိုးချဲ့၍ စိုက်ပျိုးလာမည်ဆိုပါက နေ့စဉ်၊ လစဉ်ဝင်ငွေများရရှိနိုင်ပြီး အပိုဝင်ငွေများလည်း ရရှိလာ၍ လူနေမှုအဆင့် အတန်းမြင့်မားလာနိုင်မှာဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

DOCA(ပဲခူး)

  

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

   တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း