ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အစေ့ထုတ်ပြောင်း ဈေးကွက်အခြေအနေ

          သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် အစေ့ထုတ်ပြောင်း ယခုနှစ် စိုက်ပျိုးဧကမှာ (၆၀၈၉) ဧက ရှိပြီး၊သာယာဝတီခရိုင်အတွင်း စိုက်ဧကပေါင်းမှာ (၉၅၂၄)ဧကရှိသဖြင့် မိုးညိုမြို့နယ်သည် အစေ့ ထုတ်ပြောင်း အများဆုံးစိုက်ပျိုးသောမြို့နယ်ဖြစ်သည်။ ယခုနှစ်တွင် အစေ့ထုတ်ပြောင်းပေါ်စ အချိန်မှစပြီး ဈေးကောင်းရရှိနေပါသည်။

    မိုးညိုမြို့ပေါ်ရှိ ကုန်သည်ကြီးများမှ ပြောင်းစိုက်ခင်းများထိ ယခုလက်ရှိပေါက်ဈေးပိဿာ (၂၀) ဈေးနှုန်း (၁၆၂၀၀) ကျပ်ဈေးဖြင့် ကွင်းထိလာရောက်ဝယ်ယူနေကြောင်း သိရှိရပါသည်။ ယခင်နှစ် ပြောင်း စပေါ်ချိန်တွင် ပိဿာ(၂၀)ဈေးနှုန်းမှာ (၁၀၀၀၀)ကျပ်သာရှိခဲ့ပါသည်။ မိုးညိုမြို့ပေါ်တွင် ယခုလက်ရှိ ပွဲရုံပေါက်ဈေး တစ်တင်းလျှင် (၁၇၃၀၀)ကျပ်ပေါက်ဈေးရှိနေကြောင်းသိရှိရပြီး အစေ့ထုတ်ပြောင်း တစ်ဧက ကုန်ကျစရိတ်အနေဖြင့် ငါးသိန်းကျပ်ကျော် ကုန်ကျပြီး၊ တစ်ဧကပျှမ်းမျှ အထွက်တင်းအနေဖြင့် (၇၉) တင်း ကျော်နှုန်းထွက်ရှိသည့်အတွက် တစ်ဧကဝင်ငွေအကျိုးအမြတ်မှာ (၁၂၇၉၈၀၀)ကျပ် ဝင်ငွေရရှိနိုင်ပြီး အကျိုးအမြတ် အနေဖြင့် (၇၄၀၀၀၀)ကျပ် အကျိုးအမြတ်ရရှိနိုင်ကြောင်းသိရှိရပါသည်။

          စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

အိမ်တွင်းမှု တစ်နိုင်တစ်ပိုင် သင်ဖြူးဖျာရက်လုပ်ခြင်း ဈေးကွက်အခြေအနေ

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ် မအူကုန်းရပ်ကွက်၊ ဘောလုံးကွင်း (၅)လမ်းတွင် သင်ဖြူးဖျာရက်လုပ်ခြင်းလုပ်ငန်းကို မိသားစု တစ်နိုင်တစ်ပိုင်လုပ်ငန်းအဖြစ် လုပ်ကိုင် ဆောင်ရွက်လျက်ရှိပါသည်။

          သင်ဖြူးဖျာရက်လုပ်ခြင်းလုပ်ငန်းအတွက် လုပ်သားဦးရေ(၄)ဦးဖြင့်သာ ရက်လုပ်လျက်ရှိပြီး သင်ဖြူးဖျာ အမျိုးအစားယက်လုပ်နိုင်မူအပေါ်မူတည်ပြီး ယက်လုပ်ရခြင်းကြောင့် ဝင်ငွေကွာဟမူနည်း/များ ကြောင်း သိရှိပါသည်။

          သာယာဝတီခရိုင်ဈေးကွက်တွင် ရောင်းတန်းဝင်သင်ဖြူးဖျာအကြီး (၁)ချပ်လျှင် ငွေကျပ်(၃၅၀၀၀)၊  သင်ဖြူးဖျာ အသေး(၁)ချပ်လျှင် ငွေကျပ်(၁၅၀၀၀)၊ နေခထိုင် ဖျာ(၁)ချပ်လျှင် (၂၅၀၀)ကျပ်ဖြင့် ရောင်းချ ရပြီး ရက်လုပ်ထားသည့် အကြီး/အသေးပေါ်မူတည်ပြီး ရောင်းချရသောကြောင့် ဈေးကွာဟမူများလည်း ရှိပါသည်။ယခုနှစ်တွင် ဈေးနှုန်းများမတည်ငြိမ်မှု များကြောင့် အရောင်း/အဝယ် အနည်းငယ် ရပ်ဆိုင်း သွားကြောင်း သိရှိရပါသည်။

          အိမ်တွင်းမှုလုပ်ငန်းများဖြစ်သည့် မြန်မာသင်ဖြူးဖျာရက်လုက်ခြင်းကို ဈေးကွက်အနေဖြင့် မိမိမြို့နယ်မှ ရန်ကုန်မြို့နယ်နှင့် အခြားမြို့နယ်များအထိ ဈေးကွက်ဝင်ကြောင်းသိရှိရပြီး လက်လီ လက်ကား ပေးပို့ရောင်းချလျက်ရှိပါကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

ခရမ်းချဉ်စိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးကွက်အခြေအနေ

          ခရမ်းချဉ်သီးကို မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည် ခရိုင်အတွင်းရှိ မြို့နယ်များမှ တောင်သူများအနေဖြင့် စီးပွားဖြစ်အများအပြား စိုက်ပျိုးလျက်ရှိ ပါသည်။ မြေတစ်ဧကလျှင် မျိုးစေ့ (၆)ထုပ်မှ (၇)ထုပ်စိုက်ပျိုးရပြီး ခရမ်းချဉ်သီးမျိုးစေ့ အများအပြားရှိသော်လည်း (Wonder 100)မျိုးကို ဒေသရာသီဥတုနှင့် ရေမြေသဘာဝ ကိုက်ညီမှု ရှိသောကြောင့်  ဒေသတောင်သူများ အားထား စိုက်ပျိုးလျက်ရှိပါသည်။

           မျိုးစေ့တစ်ထုပ်လျှင် ကျပ် ၁၀၀၀၀ မှ ၁၀၅၀၀ ပေးဝယ်ရပြီး ယခင်က မြေတစ်ဧကလျှင် ထွန်ယက်ခြင်း လုပ်သားခ ကျပ် ၁၀၀၀၀ နှုန်းဖြင့် (၈)ရက်ထွန်ယက်ရခြင်း၊ ယခု တစ်ဧကလျှင် မြေပြုပြင်ခ တစ်နာရီလျှင် ကျပ် ၂၀၀၀၀ နှုန်းဖြင့် ထွန်ယက်ရခြင်း၊ စိုက်ပျိုးပြီး ရက်သတ္တပတ် (၃)ပတ်ကျော်လျှင် အလုပ်သမားငှားရမ်းခ တစ်နေ့လျှင်ကျပ်(၆၀၀၀)နှုန်းဖြင့် စိုက်ပျိုးဘောင်များ ပေါင်းပေါက်ပေးရကြောင်း သိရှိရသည်။ ထို့နောက် စိုက်ပျိုးပြီးခရမ်းချဉ်ပင်များအား ဝါးတိုင်များ ထောင်ပေးရခြင်း၊ တစ်ဧကတိုင်ထောင်ရန် ဝါးအလုံးရေ(၅၀၀၀)ခန့်သုံးပေးရခြင်း၊ အားဆေး၊ မှိုဆေး၊ ပိုးသတ်ဆေးများကို (၁)ရက်ကျော်ဖြန်းပေးရကြောင်း သိရှိရပါသည်။ တစ်ဧကလျှင် (ဓာတ်မြေဩဇာ)မြေဆီအိတ်(၅)အိတ်မှ (ရ)အိတ်သုံးပေးရပြီး၊ တစ်အိတ်လျှင် ကျပ် ၈၀၀၀၀ နှုန်းဖြင့် အသုံးပြုရကြောင်း သိရှိရသည်။  ခရမ်းချဉ်ပင်များအား အပင်ထိန်းရန်အတွက် အမျိုးသမီးအလုပ်သမား (၁၀)ဦးခန့် ငှားရမ်းရပြီး၊ ငှားရမ်းခကုန်ကျစရိတ် (၁)ဦးလျှင် ကျပ်(၃၀၀၀)နှုန်းဖြင့် (၂)ပတ် တစ်ခါ ကြိုးဖြင့်ချည်ပေးရခြင်း၊ နှစ်လခန့်အကြာတွင် အပင်အောက်ခြေမှ  ရွက်ကြမ်းများအား ညှပ်ပေးရခြင်းများ ပြုလုပ်ပေးရကြောင်းသိရှိရသည်။

          စိုက်ပျိုးပြီး(၃)လခန့်အကြာ ဒီဇင်ဘာလမှ ဖေဖော်ဝါရီလ အထိခူးဆွတ်နိုင်ကြောင်း သိရှိ ရပြီး တစ်ဧကလျှင် ကုန်ချိန်ပိဿာ ၇၀၀ မှ ၁၀၀၀ ထိထွက်ရှိပြီး တစ်ပတ်လျှင် (၂)ကြိမ်ခန့် ခူးဆွတ်၍ ပွဲစားများမှ စိုက်ခင်းများအထိ လာရောက်ဝယ်ယူကြောင်း သိရှိရသည်။ ဇန်နဝါရီလတွင် တစ်ပိဿာဈေးနှုန်း ၁၄၀၀ မှ ၁၆၀၀ ထိရောင်းချရပြီး ယခုဖေဖော်ဝါရီလတွင် တစ်ပိဿာ ရောင်းချရဈေးနှုန်း ၄၀၀ မှ ၆၀၀ အထိသာ ရောင်းချခဲ့ရသော်လည်း ယခင်နှစ်ရောင်းချရမှုနှင့် နှိုင်းယှဉ်လျှင် တစ်ဧက ကျပ်သိန်း ၃၀ ဝန်းကျင် အမြတ်အစွန်း အကျိုးခံစားခွင့်ရရှိသော  သီးနှံ ဖြစ်သည့် ခရမ်းချဉ်သီးသည် ရာသီချိန်သီးနှံဖြစ်သော်လည်း စတင်စိုက်ပျိုးချိန်မှ (၃)လကြာလျှင် ခူးစွတ်ရသည့်အတွက်  သွင်းအားစုနှင့် လုပ်သားခများရှိသော်လည်း  ယခုနှစ် ဈေးနှုန်းအနေနှင့် စတင်ထွက်ရှိချိန် (၁)လနီးပါး ဈေးကောင်းရခြင်း၊ ယခု သီးနှံရာသီ ကုန်ခါနီးတွင်လည်း ဈေးနှုန်း အနေနှင့် သင့်တင့်နေသည့်အတွက် တောင်သူများအနေနှင့် သင့်တင့်သည့် အကျိုးအမြတ် တွက်ခြေကိုက်မှုရှိသော သီးနှံတစ်ခုဖြစ်ကြောင်းကို ကျောက်ဆည်ခရိုင်အတွင်းရှိ သံရွာနှင့် သပြေကုန်းကျေးရွာများရှိ တောင်သူများထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

မတ်ပဲစိုက်ပျိုးမှုနှင့် ဈေးကွက်အခြေအနေတွေ့ဆုံမေးမြန်း

          စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်မှူးရုံးမှ တာဝန်ရှိသူသည်  လက်ပံတန်းမြို့နယ်၊ မိုးအိုင်အုပ်စု၊ သဖန်းကုန်းကျေးရွာရှိ တောင်သူဦးကျော်လေး၏ မတ်ပဲစိုက်ခင်းသို့ (၂၂.၂.၂၀၂၂) ရက်နေ့ (၁၀: ၀၀) နာရီ အချိန်တွင် မတ်ပဲသီးနှံ စိုက်ပျိုးထားရှိမှု အခြေအနေနှင့် သွင်းအားစု စိုက်ပျိုးရေး ဆေးသုံးစွဲမှု အခြေအနေများအား တွေ့ဆုံမေးမြန်းခဲ့ပါသည်။     

          မတ်ပဲစိုက်တောင်သူဦးကျော်လေးမှ မတ်ပဲတစ်ဧကကို ပိဿာ ၂၀ စိုက်ပျိုးရပြီး ပဲတီစိမ်းစိုက်သူရှိ သော်လည်း မတ်ပဲကိုသာ အများဆုံးစိုက်ပျိုးလျှက်ရှိပါကြောင်း၊ စိုက်ပျိုးချိန်တွင် ပဲမျိုး ၅၀၀၀၀ ဈေးထိဝယ်ရပြီး ယခင်ကထွန်စက်ခ တစ်ထပ်လျှင် ၁၀၀၀၀ကျပ်ပေးရပြီး ယခုအခါထွန်စက်ခ တစ်ထပ်လျှင် ၁၅၀၀၀ကျပ် ပေးရကြောင်း၊ စိုက်ပျိုးပြီး အပင်ပေါက် ၁၅ရက်ကျော်လျှင် ပိုးသတ်ဆေး၊  အပင်အားဆေး၊ အသီးအပွင့်အားဆေးပက်ဖျန်းပေးရကြောင်း၊ ပဲရိတ်သိမ်းချိန် အထိခန့်မှန်းကုန်ကျစရိတ် ၂၀၉၀၀၀ကျပ်ခန့် ကုန်ကျကြောင်း၊ တစ်ဧက အထွက်နှုန်းမှာ ၁၅ တင်းကျော်ခန့်သာ ထွက်ရှိပြီး တစ်တင်းပေါက်ဈေးနှုန်း ၄၀၀၀၀ကျပ်ရှိကြောင်း၊ ပွဲရုံများသို့ ရောင်းချရကြောင်း ၊ မတ်ပဲတစ်ဧကဝင်ငွေမှာ ၆၀၀၀၀၀ ကျပ်ခန့် ရရှိကြောင်း၊ တစ်ဧကစိုက်ပျိုးလျှင် ၄၀၀၀၀၀ကျပ်နီးပါးခန့် အမြတ်ရရှိကြောင်း မတ်ပဲစိုက်တောင်သူ ဦးကျော်လေး ထံမှသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

လေလွင့်ဆုံးရှုံးမှုနည်းပါးရန် ပဲစင်းငုံသိုလှောင်ရာတွင် လိုက်နာသင့်သည့် အချက်များ

          ပဲစင်းငုံသည် ရာသီအလိုက်ထွက်ရှိသော သီးနှံဖြစ်သော်လည်း တစ်နှစ်ပတ်လုံး စားသုံးလျက် ရှိကြရာ ပဲစင်းငုံသိုလှောင်ခြင်းသည် ရိတ်သိမ်းချိန်လွန်နည်းပညာ၏အရေးပါသောလက္ခဏာ အသွင်အပြင်တစ်ရပ်အနေဖြင့် တည်ရှိနေပေသည်။ သို့ပါ၍ ပဲစင်းငုံများကို တစ်နှစ်ပတ်လုံး ထောက်ပံ့တင်ပို့နိုင်မှုကို ထိန်းသိမ်းထားရှိရန်မှာ မှန်ကန်၍စနစ်ကျသော သိုလှောင်မှုတစ်ရပ် လိုအပ်ပါသည်။ ဤသို့ သိုလှောင်နိုင်ခြင်းဖြင့် သီးနှံ၏အရည်အသွေးပျက်စီးမှုမှ ကာကွယ်ပေး သည့်အပြင် ပုံမှန်ရောင်းလိုအားနှင့် ဝယ်လိုအားကိုဖြစ်စေခြင်းဖြင့် ဈေးနှုန်းတည်ငြိမ်မှုကို အထောက်အကူဖြစ်စေပါသည်။ သိုလှောင်ရာတွင် လေလွင့်ဆုံးရှုံးမှုများ၊ ပိုးမွှားကြွက်အဏုဇီဝ ရုပ်ကြွင်းတို့ကြောင့် ပျက်စီးမှုမှာအများဆုံးဖြစ်ပါသည်။ သိုလှောင်မှုဆိုင်ရာ အထောက်အကူ ဖြစ်စေမှုများ အားနည်းခြင်းသည် စိုက်ပျိုးသူလယ်သမားများကို ယင်းတို့၏သီးနှံများအား ရိတ်သိမ်းခူးဆွတ်ပြီးနောက်ပိုင်း နိမ့်သောဈေးနှုန်းဖြင့်ရောင်းချမှုပြုရန် တွန်းအားဖြစ်စေပါသည်။ သို့ပါ၍ ပဲစင်းငုံများကို သိုလှောင်ထားစဉ် ပိုးမွှားနှင့်မှိုကျရောက်မှုကြောင့် ပျက်စီးမှုများမဖြစ်စေ ရန်နှင့် ကိုက်ဖြတ်စားတတ်သော တိရိစ္ဆာန်များ၏ တိုက်ခိုက်ဖျက်ဆီးမှုမရှိစေဘဲ ကောင်းမွန် သောအခြေအနေတွင်ရှိနေစေရန်မှာ မရှိမဖြစ်လိုအပ်လျက်ရှိပါသည်။ ပဲစင်းငုံများကိုစိတ်ချစွာ သိုလှောင်ထားနိုင်ရန် အောက်ပါလိုအပ်ချက်များကို ပြီးပြည့်စုံအောင်ဆောင်ရွက်ထားရှိသင့် ပါသည်-

(က)    သိုလှောင်ရန်နေရာရွေးချယ်ခြင်း။             သိုလှောင်ရုံများကိုမြင့်၍ ရေစီးဆင်းမှု ကောင်းသောနေရာတွင် တည်ဆောက်သင့်သည်။ လွယ်ကူစွာသွားလာနိုင်သော နေရာဖြစ်သင့်သည်။ သိုလှောင်ရုံတည်ဆောက်မှုသည် နေရောင်ခြည်တိုက်ရိုက် ထိတွေ့ခြင်း၊ အပူဓါတ်များပြားခြင်း၊ စိုထိုင်းခြင်း၊ ပိုးမွှားများနှင့်ကိုက်ဖြတ် စားတတ်သောတိရစ္ဆာန်များအန္တရာယ်တို့မှ အကာအကွယ်ပေးနိုင်မှုရှိရပါမည်။ သိုလှောင်ရုံများသည် မြေမျက်နှာပြင်မှ အနည်းဆုံး ၁ပေမြင့်ပြီးကောင်းမွန်ခိုင်ခန့် စွာပြင်ညီတည်ဆောက်ထားသော အဆောက်အဦဖြစ်ရပါမည်။ သို့မှသာစွတ်စိုမှု မှကာကွယ်ပေးနိုင်ပါမည်။

 (ခ )   သိုလှောင်ရုံတည်ဆောက်မှုရွေးချယ်ခြင်း။            သိုလှောင်မည့်ပဲစင်းငုံပမာဏ အတိုင်း ဝင်ဆံ့နိုင်ရန် ရွေးချယ်သင့်ပါသည်။

(ဂ )    သိုလှောင်ရုံသန့်ရှင်းခြင်း။      ပဲစင်းငုံများ မသိုလှောင်မီအဆောက်အဦကို စနစ် တကျသန့်ရှင်းမှုပြုလုပ်သင့်သည်။ သိုလှောင်ရုံတွင် သီးနှံများကျန်ရှိခြင်း၊အပေါက် များ အက်ကွဲရာများမရှိစေရပါ။ ယင်းတို့သည် ပိုးမွှားများခိုလှုံရာအရပ်ဖြစ်စေသည့် သိုလှောင်မှုမပြုမီ သိုလှောင်ရုံအား ပိုးသတ်မှိုင်းတိုက်ခြင်း  ပြုလုပ်ပေးသင့် ပါသည်။

(ဃ)    ပဲစင်းငုံများကိုသန့်စင်ခြင်း အခြောက်ခံခြင်း။ သိုလှောင်မှုမပြုမီ ပဲစင်းငုံများကို စနစ်တကျမှန်ကန်စွာ သန့်စင်ခြင်း၊ အခြောက်ခံခြင်းတို့ကို ပြုလုပ်သင့်ပါသည်။ သီးနှံတွင် အခြားပစ္စည်းများပါရှိမှုမရှိစေရန်နှင့် အရည်အသွေးပျက်စီးခြင်း၊ ပိုးမွှားများ ကျရောက်ခြင်းတို့မှ ရှောင်ရှားနိုင်ရန် အစိုဓါတ်များပြားခြင်းမရှိစေရန် ဆောင်ရွက်ရပါမည်။

(င )    ထုပ်ပိုးအိတ်များသန့်စင်ခြင်း။ ပဲစင်းငုံသိုလှောင်ရာတွင် ဖြစ်နိုင်ပါက အိတ် အသစ်များကိုသာအသုံး ပြုသင့်ပါသည်။ အိတ်အဟောင်းများ အသုံးပြုလိုလျှင် ယင်းတို့ကို စနစ်တကျမှန်ကန် စွာသန့်စင်ခြင်း၊ အခြောက်ထားရှိခြင်းနှင့် ပိုးသတ်မှိုင်းတိုက်ခြင်းများကို အသုံး မပြုမီဆောင်ရွက်ထားရမည်။

(စ )    သီးနှံအသစ်အဟောင်းခွဲခြား၍ ပိုင်ပုံထားရှိခြင်း။           သီးနှံတွင်ပိုးကျရောက်မှုများကို စစ်ဆေးနိုင်ရန်နှင့် သိုလှောင်ရုံကို ကျန်းမာရေးနှင့်ညီညွတ်စွာထိန်းသိမ်းနိုင်ရန် သီးနှံအဟောင်းအသစ်ခွဲခြား၍ ပိုင်ပုံထားရှိသင့်ပါသည်။

(ဆ)    သယ်ယူပို့ဆောင်သည့်ယာဉ်များသန့်ရှင်းခြင်း။        ပဲစင်းငုံသယ်ယူပို့ဆောင်ရေး အတွက် အသုံးပြုမည့်ယာဉ်များကို ဗီနိုင်းဖြင့် စနစ်တကျမှန်ကန်စွာ သန့်ရှင်းစွာ ထားရှိသင့်သည်။

 (ဇ )   သီးနှံတင်ခုံများအသုံးပြုခြင်း။      ကြမ်းခင်းများမှ အစိုဓါတ်စုပ်ယူခြင်းမှ ရှောင်လွှဲ နိုင်ရန် သီးနှံအိတ်များကို ပိုင်ပုံခြင်းမပြုမီ သီးနှံတင်ခုံများ အသုံးပြုရပါမည်။ သီးနှံ အိတ်များကို သစ်သားခုံ(သို့မဟုတ်) ဝါးဖျာပေါ်တွင် ပေါ်လီသင်းအစ ဖုံးအုပ်ထား သည့်အပေါ်၌ထားရှိသင့်ပါသည်။

(ဈ)     လေဝင်လေထွက်မှန်ကန်စေခြင်း။            ရာသီဥတုကြည်လင်သာယာနေသော အခြေအနေတွင်  လေစီးဆင်းမှုကို စနစ်တကျမှန်ကန်စွာ ရှိနေသင့်သော်လည်း မိုးရာသီတွင် လေစီးဆင်းမှုမှ ရှောင်ရှားနိုင်ရန် ဂရုပြုဆောင်ရွက်သင့်ပါသည်။

(ည)    ပုံမှန်စစ်ဆေးခြင်း။     သိုလှောင်ထားသော ပဲစင်းငုံများကို ပိုးကျရောက်မှုရှိ/မရှိ ပုံမှန်စစ်ဆေးခြင်းကိုပြုလုပ်သင့်သည်။ ပိုင်ပုံကျန်းမာရေးနှင့်ညီညွတ်မှုရှိစေရေး အတွက် ထိန်းသိမ်းရန်မှာလည်း လိုအပ်ချက်တစ်ခုဖြစ်ပါသည်။

          ပဲစင်းငုံသီးနှံများ သိုလှောင်မည့် လုပ်ငန်းရှင်များအနေဖြင့် ဖော်ပြပါ လိုအပ်ချက်များကို သိရှိလိုက်နာခြင်းဖြင့် သီးနှံအရည်အသွေးများ ကျဆင်းခြင်း၊ ပိုးမွှားကျရောက်ခြင်း စသည့် မလို လားအပ်သော ဆုံးရှုံးမှုများမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း မျှဝေရေးသားလိုက်ရပါသည်။

DOCA(မန္တလေး)

  • ကိုးကား-ရိတ်သိမ်းချိန်လွန်နည်းပညာအသုံးချဌာန

မန္တလေးတိုင်းဒေသကြီး၏ မိုးကြိုဝါ စိုက်ပျိုးရန် လျာထားချက်နှင့် ဈေးကွက်အခြေအနေ

          မန္တလေးတိုင်းဒေသကြီးတွင် ဝါသီးနှံကို မိုးကြို၊မိုး၊မိုးနှောင်းဟူ၍ စိုက်ပျိုးကြပြီး တိုင်းဒေသကြီးအတွင်း မိုးဝါကို မြို့နယ်အသီးသီးတွင် စိုက်ပျိုးကြပါသည်။ မိုးကြိုဝါကိုမူ ဖေဖော်ဝါရီလနှင့် မတ်လများတွင် ဆည်ရေရရှိသော ကျောက်ဆည်၊မြစ်သားနှင့် မိတ္ထီလာ ခရိုင်တို့တွင် စိုက်ပျိုးလေ့ရှိကြပါသည်။ ယခုနှစ်တွင် ကျောက်ဆည်မြို့နယ်၌  ဧက (၂၀၀)၊ မြစ်သားမြို့နယ်၌ ဧက (၅၀၀)၊ မိတ္ထီလာခရိုင်တွင် ဧက (၂၄၀၀)ခန့်နှင့် ရမည်းသင်းခရိုင် တွင် ဧက (၈၀၀၀)ကျော် စိုက်ပျိုးရန် လျာထားပြီး ယခင်နှစ် စိုက်ဧကများမှာ ကျောက်ဆည်မြို့နယ်တွင် ဧက(၃၀၀)၊ မြစ်သားမြို့နယ်တွင် ဧက (၃၄၀)ခန့်နှင့် မိတ္ထီလာခရိုင်တို့တွင် ဧက(၉၀)ကျော် စိုက်ပျိုးနိုင်ခဲ့ကြောင်း သက်ဆိုင်ရာ ဌာနများ၏ စာရင်းများအရသိရှိရပါသည်။ ဝါသီးနှံမှာ ပြည်တွင်းရှိ ဝါဂွမ်း၊ချည်ထည် စက်ရုံများသာမက ပြည်ပမှ ဝယ်လိုအားရှိသော သီးနှံဖြစ်ပြီး ဝါဂွမ်းဈေးနှုန်းအနေနှင့် လက်ရှိအချိန်တွင် တစ်ပိဿာလျှင် ၅၀၀ဝိ/- မှ ၅၂၀ဝိ/- ရှိကြောင်း ဈေးကွက်မှ သိရှိရပါသည်။

DOCA(မန္တလေး)

ကွန်ကရစ် ကျောက်ဂွေလုပ်ငန်းများအား ကွင်းဆင်းလေ့လာ

           ပဲခူးတိုင်းဒေသကြီးအတွင်း ဆောက်လုပ်ရေးလုပ်ငန်းများတွင် အသုံးပြုလျှက်ရှိသည့် ကွန်ကရစ် ကျောက်ဂွေ အမျိုးမျိုးထုတ်လုပ်ခြင်းကို အသေးစားလက်မှုလုပ်ငန်းတစ်ခုအနေဖြင့် တပိုင်တနိုင် လုပ်ကိုင် ဆောင်ရွက်လျှက်ရှိကြပါသည်။

         တစ်နိုင်တစ်ပိုင်လုပ်ငန်းဖြစ်သည့်အတွက် လုပ်သားဦးရေ (၆) ဦး (၇)ဦး ဖြင့်လုပ်ကိုင်နိုင်ပြီး တစ်ရက်လျှင် ကျောက်ဂွေအရည်အသွေးနှင့် အရွယ်အစားပေါ်မူတည်၍ အမျိုးအစား (၁၅)မျိုးထိ ထုတ်လုပ်နိုင်ပြီးကြောင်း၊ ရောင်းချသည့် ဈေးနှုန်းအနေဖြင့် ကျောက်ဂွေ၏ ပေ ၊ လက်မ ၊ အထူ ၊ အမျိုးအစားနှင့် အရွယ်အစားပေါ် မှုတည်၍   ကျပ် ၈၀၀၀၀ မှ ကျပ် ၁၀၀၀၀၀ ဝန်းကျင်ခန့် ရှိကြောင်းသိရှိရပါသည်။ ပျမ်းမျှကုန်ကျစရိတ်မှာ ‌ကျောက်ဂွေအမျိုးအစားပေါ်မူတည်၍ ကျောက်ဂွေ တစ်ဂွေလျှင် ဘိလပ်မြေနှင့် ကျောက်အမျိုးမျိုး အတွက် ကျပ် ၇၀၀၀၀မှ ကျပ် ၉၀၀၀၀အထိသုံးစွဲရပြီး ကျောက်ဂွေထုတ် လုပ်သားတစ်ဦးလျှင် တစ်နေ့ လုပ်အားခ  ၁၅၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်အထိ  ‌‌ရရှိကြောင်း သိရှိရပြီး စျေးကွက်အနေဖြင့်  ‌ ဆောက်လုပ်ရေးလုပ်ငန်းများဆောင်ရွက်သည့် လုပ်ငန်းခွင် အသီးသီးသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း  သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

ကျောက်ကြီးမြို့နယ် ဂန္ဓမာပန်းဈေးကွက်အခြေအနေကွင်းဆင်းလေ့လာ

          ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်များတွင် ဂန္ဓမာပန်းများကို တစ်ပိုင် တစ်နိုင် စီးပွားဖြစ်လုပ်ကိုင်လျှက်ရှိပြီး နေ့စဉ်ပုံမှန်ဝင်ငွေရရှိ၍ အဆင်ပြေလျှက်ရှိကြောင်း သိရှိရပါသည်။ ဂန္ဓမာပန်း မျိုးစေ့အများအပြားရှိသည့်အနက် စံပယ်ဖြူ၊ နှင်းကမ္ဘာ၊ ဆန်းပန်း စသည့် မျိုးစေ့များကို အဓိက စိုက်ပျိုးလျှက်ရှိပြီး ကျောက်ကြီးဂန္ဓမာပန်းစိုက် တောင်သူများအနေဖြင့် ပန်းများကို ဒီဇင်ဘာလတွင် စတင်စိုက်ပျိုးပြီး မတ်လတွင် စတင်ရောင်းချနိုင်ကြောင်း သိရှိရပါသည်။ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရသည့်အတွက် တစ်ဧကလျှင် မျိုးစေ့ ၈ သောင်းခန့် စိုက်ပျိုးလျှင် အပင် ၆ သောင်းခန့် ပွင့်ကြောင်း သိရှိရပြီး အရင်းအနှီးသည် တစ်ဧကလျှင် မျိုးစေ့၊ စက်ကိရိယာ၊ အထွေထွေ ကုန်ကျစရိတ် အားလုံးပေါင်း သိန်း၂၀ ဝန်းကျင်ခန့် ရင်းနှီးရကြောင်း၊  ဈေးကွက်အနေဖြင့် မိမိဒေသတွင်းနှင့် နီးစပ်ရာဒေသများသို့ ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။ ဂန္ဓမာပန်း တစ်စည်း၏ ရောင်းဈေးနှုန်းမှာ အပင်အနည်းအများ ပေါ်မူတည်၍ ၆၀၀ ကျပ်မှ ၁၀၀၀ ကျပ် ရရှိသဖြင့်  အကျိုးအမြတ် အသင့်အတင့် ရရှိကြောင်း ပန်းစိုက် တောင်သူများထံမှ လေ့လာသိရှိရပါသည်။

          ပန်းစိုက်ပျိုးရေးလုပ်ငန်းသည် အခြားစိုက်ပျိုးရေးလုပ်ငန်းများကဲ့သို့ စိုက်ပျိုးမြေဧကများစွာ မလိုအပ်သည့်အပြင် မိမိတို့၏ ခြံဝန်း၊ လယ်ယာမြေအနည်းငယ်တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးနိုင်ပြီး အမြတ်အစွန်းရသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ပဲခူးတိုင်းဒေသကြီး

ရိုးရာမပျက်ဝင်ငွေတက် ကြိမ်ခြင်းလုံးဈေးကွက်အခြေအနေ ကွင်းဆင်းလေ့လာ

          ရှေးမြန်မာမင်းများလက်ထက်ကပင် မြန်မာတို့၏ရိုးရာပြိုင်ပွဲများတွင် ခြင်းလုံးခတ်ခြင်းကလည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ ထိုးကွင်းမှင်ကြောင်ထိုးထားသော လုလင်ပျိုများသည် ခါးတောင်းကျိုက်ကာ ခြင်းလုံးခတ်နေကြပုံများကို မြန်မာမှာသာမက ကမ္ဘာကပါသိရှိကြသော ပုံရိပ် များပင်ဖြစ်ပါသည်။စက်ဝိုင်းပုံသဏ္ဌာန်ဝိုင်း၍ စုစုစည်းစည်းဖြင့် ကစားရသောအားကစားတစ်ခု လည်းဖြစ်၍ အချင်းချင်းစည်းလုံးညီညွတ်မှုကို  ပြသသောကစားနည်းတစ်ရပ်ဖြစ်သည်။ ထိုကစားနည်း ကို ရှေးယခင်မှစ၍ ရိုးရာမပျက်ဆက်လက်ထိန်းသိမ်းခဲ့သည်မှာ ယခုထက်တိုင်ဖြစ်ပါသည်။ ခြင်းလုံးခတ်ခြင်းကို စိတ်ဝင်စားကြသလို ခြင်းလုံးထိုးခြင်းအနုပညာ ကိုလည်းသိရှိလို၍ သွားရောက် လေ့လာစုံစမ်းခဲ့ပါသည်။

         ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့၏ ဒေသထွက်ကုန်များထဲမှ တွင်ကျယ်စွာလုပ်ကိုင်လျက်ရှိသော ကြိမ်ခြင်းလုံး လုပ်ငန်းကလည်း အသေးစားအိမ်တွင်းလက်မှု လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ကုန်ကြမ်းအနေနဲ့ ယမထာကြိမ်ကိုအဓိကအသုံးပြုပြီး ငွေဆောင်မြို့နှင့် အနောက်သဲဖြူစသည့်ကျေးရွာများမှ အဓိက ကုန်ကြမ်းကိုရရှိပါသည်။ ယမထာကြိမ်တစ်လုံးကို ယခင်နှစ်က(၅၀၀)မှ(၆၀၀)ကျပ် ဝယ်ယူ အသုံးပြုခဲ့ရပြီး ယခုနှစ်တွင် (၈၀၀)မှ(၉၀၀)ကျပ်အထိ ဝယ်ယူအသုံးပြုရပါသည်။ ကြိမ်ခြင်းလုံး တစ်လုံး၏ ကုန်ကျစရိတ်မှာ ပျမ်းမျှ(၂၃၀၀)ကျပ် အထိကုန်ကျပြီး တစ်လုံးရောင်းရငွေ (၂၅၀၀)ကျပ် အထိရောင်းရ၍ တစ်လုံးပျမ်းမျှ(၂၀၀)ကျပ် အကျိုးအမြတ် ရရှိပါသည်။ တစ်ရက်ကို ကြိမ်ခြင်းလုံး (၄၀)လုံးခန့် ရက်လုပ်နိုင်ပြီး၊ တစ်လကို(၁၂၀၀)လုံးခန့် ရက်လုပ်နိုင်ပြီး တစ်နှစ် ပျမ်းမျှ(၁၄၄၀၀)လုံး ခန့်ထွက်ရှိပါသည်။ ကြိမ်ခြင်းလုံးကို ရန်ကုန်မြို့ အဝယ်ဒိုင်သို့အဓိကတင်ပို့ပြီး ရန်ကုန်မှ မြန်မာနိုင်ငံအနှံအပြားကို ဖြန့်ဖြူးရောင်းချကြောင်း သိရှိရပါသည်။ တစ်နှစ်ပါတ်လုံးလုပ်ကိုင်ရသော လုပ်ငန်းဖြစ်၍ အရင်ကမိသားစုတစ်နိုင်တစ်ပိုင် လုပ်ကိုင်သောလုပ်ငန်း ဖြစ်သော်လည်းယခုအခါ လုပ်သားဦးရေ(၂၀)ဦးခန့်ဖြစ်တိုးချဲ့လုပ်ကိုင်ခြင်းဖြင့် ရှေးအစဉ်အလာမပျက်ဝင်ငွေတိုးတက်စေမည့် ကြိမ်ခြင်းလုံး ဈေးကွက်ဝင်လာကြောင်းနှင့်အနီးပတ်ဝန်းကျင်ရှိသူများကိုလည်း အလုပ်အကိုင် အခွင့်အလမ်းများပိုမိုရရှိသော အသေးစားအိမ်တွင်းလက်မှုလုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပြည်ကုန်စည်ဒိုင် ပဲဈေးပြန်မြင့်လာ

      ပြည်ခရိုင်၊ ပြည်မြို့ရှိ ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲသစ်များဝင်ရောက်လျှက်ရှိပြီး တစ်ရက်လျှင် အိတ် ၁၅၀/၂၀၀ခန့် ပန်းတောင်း၊ ကံမ၊ မင်းတုန်း၊ ပေါင်းတလည်၊ ပေါက်ခေါင်း မြို့ဘက်မှ ဝင်ရောက်မှုရှိပါသည်။ ဇန်နဝါရီလကုန်ပိုင်းတွင် ပဲတစ်တင်းလျှင် (၄၂၅၀၀-၄၂၈၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ဖေဖော်ဝါရီပထမပတ်မှစ၍ မတ်ပဲဈေး တဖြည်းဖြည်းပြန်ကျလာခဲ့ရာ တစ်တင်းကို ၃၈၀၀၀- ၃၉၅၀၀- ၄၀၀၀၀ ကျပ်ထိ ဈေးကျလာခဲ့ပါသည်။ ပဲဈေးကျသော်လည်း ရန်ကုန်ဝယ်လက် ပုံမှန်ရှိ၍ တနေ့လျှင် အိတ် ၂၀၀-၂၅၀ခန့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ယခုအခါ ဖေဖော်ဝါရီလ တတိယပတ်တွင် ဈေးပြန်တက်လာပြီး ၄၁၀၀၀-၄၂၀၀၀ ကျပ်ထိ ဈေးတက်လာခဲ့ ပါသည်။

         ပဲစင်းငုံသီးနှံမှာ ဇန်နဝါရီလ ဒုတိယပတတွင် ပဲဈေးကျပြီး ပဲတစ်တင်းလျှင် ၄၀၅၀၀ကျပ်ထိ  ဈေးကျ၍ တတိယပတ်တွင် တစ်တင်းလျှင် ၄၂၀၀၀ကျပ်ထိ ဈေးပြန်တက်လာခဲ့ပါသည်။ ရန်ကုန် ဝယ်လက် နှင့် လှောင်လက်သမားများ အဝယ်ရှိပြီး တစ်ရက်ကိုအိတ် ၂၀၀/၃၀၀ခန့် ရန်ကုန်သို့ တင်ပို့မှုရှိခဲ့ပါသည်။

         ဇန်နဝါရီလနောက်ဆုံးပတ်တွင် ကုလားပဲတစ်တင်းလျှင် ၄၆၅၀၀ကျပ် ထိဈေးတက်ခဲ့ပြီး ဖေဖော်ဝါရီ ပထမပတ်တွင် ၄၄၅၀၀ကျပ်နှင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ဒုတိယပတ်တွင် ပဲတစ်တင်းကို ၄၃၀၀၀ကျပ်၊ တတိယပတ်တွင် ၄၀၀၀၀ကျပ်ထိ ဈေးကျလာခဲ့ပါသည်။ အရောင်းအဝယ်ဖြစ်မှု အနေဖြင့် တစ်ရက်ကို ကုလားပဲအိတ် ၂၀၀/၃၀၀ခန့် ခွဲစက်သမားများ၊ မြို့တွင်းရောင်းချမှု လှောင်သမား များ၊ ရန်ကုန်ဝယ်လက်နှင့် နယ်စုံတင်ပို့ရောင်းချလျှက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း