ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“ သုံးခွမြို့နယ်၏ဈေးကွက်အတွင်းရောင်းချနေသောအခြေခံစားကုန်အသား/ငါးဈေးနှုန်းများ ”

   ဇူလိုင်လကုန်ပိုင်းတွင် သုံးခွမြို့နယ်၌ အခြေခံစားကုန်များဖြစ်သော အသား/ငါးဈေးနှုန်း များမှာ ဗမာကြက် တစ်ပိဿာလျှင် (၂၈၀၀၀-၃၀၀၀၀)ကျပ်၊ အသားတိုး CP ကြက် တစ်ပိဿာ လျှင် (၁၇၀၀၀)ကျပ်၊ ဝက်သား တစ်ပိဿာလျှင် (၂၈၀၀၀-၃၀၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာ လျှင် (၂၃၀၀၀-၂၅၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် (၃၀၀၀၀-၃၅၀၀၀)ကျပ်ဖြင့် ဈေးနှုန်း အသီးသီးဖြစ်ပေါ်လျက်ရှိပြီး အသားဈေးနှုန်းများမှာ ယခင်အပတ်ဈေးနှုန်းအတိုင်း ပြောင်းလဲမှု မရှိသေကြောင်း သိရသည်။

အလားတူ ငါးဈေးနှုန်းများမှာ ငါးကြင်းဖြူ တစ်ပိဿာလျှင် အရွယ်အစားပေါ်မူတည်၍ (၁၈၀၀၀-၂၀၀၀၀)ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၁၄၀၀၀-၁၅၀၀၀)ကျပ်၊ ငါးတန် တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်နှင့် ပင်လယ်ငါး တစ်ပိဿာလျှင် ငါးအရွယ်စုံအလိုက် (၁၃၀၀၀မှ ၁၈၀၀၀)ကျပ်တို့ဖြင့် သုံးခွမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း အရောင်းအဝယ်ဖြစ်လျှက် ရှိကြောင်း သိရသည်။

ဈေးကွက်အတွင်း ရောင်းချနေသော အသား/ငါး ဈေးနှုန်းများ အနေဖြင့် ပစ္စည်းရရှိမှု အနည်း/အများပေါ်မူတည်၍ ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း အသားကုန်ကြမ်းများမှာ ဒေသ အတွင်းမှ ရရှိပြီး ငါးများကိုမူ ရန်ကုန်ရွှေပိတောက်ငါးဈေးမှ နေ့စဉ်ဝယ်ယူ၍ ရောင်းချခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

  အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဇူလိုင်လ(၂၃)ရက်နေ့မှ ဇူလိုင် လ (၂၈)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါသည်။ ထိုသို့ဝင်ရောက် ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်(ပိဿာ)ကျပ် 20၀၀ မှ 30၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် 8၀၀ မှ 15၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် 20၀၀ မှ 25၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် 40၀၀ မှ 45၀၀ အတွင်း၊ မုန့်လာဉနီ(ပိဿာ) ကျပ် 100၀၀ မှ 200၀၀ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် 15၀၀ မှ 20၀၀ အတွင်း၊ ဗူးသီး(လုံး) ကျပ် 35၀၀ မှ 40၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် 300၀ မှ 40၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် 11၀၀ မှ 160၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ)ကျပ် 50၀၀ မှ 70၀၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (ပိဿာ) ကျပ် 100၀၀ မှ 110၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် 30၀၀ မှ 50၀၀ အတွင်း၊ ဆလပ်ရွက် (စီး) ကျပ် 30၀ မှ 50၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် 10၀ မှ 20၀ အတွင်း၊ ခရမ်းသီး  (ရှည်) (ပိဿာ)ကျပ် 25၀၀ မှ 30၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် 5၀ မှ 20၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ)ကျပ် 40၀၀ မှ 45၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် 15၀၀ မှ 60၀၀ အတွင်းဖြစ်ကြောင်း သိရှိရပါသည်။ တညင်းကုန်းလက်ကားဈေးကြီး အတွင်းသို့ ယခုရက် သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း (1423450)ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ) (34105) ကျော်၊ ဗူးသီးအလုံးပေါင်း (18275)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း(100725)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (99145)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (40800)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (13390) ကျော်၊ ဖရဲသီးလုံးပေါင်း(36120)ကျော် အသီးသီးကုန်အဝင်ရှိကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

အင်းစိန်ဈေးရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်အတွင်းရှိ အင်းစိန်ဈေးအတွင်း အခြေခံ စားသောက်ကုန်ဈေးနှုန်းများဖြစ်သော ဆန်ကြမ်း/ဆန်ချော အမျိုးအစားများအလိုက် ဇူလိုင်လ နောက်ဆုံးပတ်တွင် ဧည့်မထတစ်ပြည်လျှင် ကျပ် ၃၃၀၀ မှ ၃၄၀၀၊ ငစိန်တစ်ပြည်လျှင် ကျပ် ၃၀၀၀ မှ ၃၂၀၀၊ ဇီယာတစ်ပြည်လျှင် ကျပ် ၃၆၀၀ မှ ၃၇၀၀၊ ပေါ်ကျွဲတစ်ပြည်လျှင် ကျပ် ၄၇၀၀ မှ ၄၈၀၀၊ ပေါ်ဆန်းတစ်ပြည်လျှင် ကျပ် ၅၅၀၀ မှ ၅၇၀၀၊ ရွှေဘိုပေါ်ဆန်းမွှေးတစ်ပြည်လျှင် ကျပ် ၆၅၀၀ မှ ၆၇၀၀ တို့ဖြစ်ပြီး စားဖိုဆောင်စားသောက်ကုန်များတွင် စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၆၅၃၀၊ ပဲဆီတစ်ပိဿာလျှင် ကျပ် ၂၀,၀၀၀၊ ကြက်သွန်နီတစ်ပိဿာလျှင် ကျပ် ၂၅၀၀၊ ကြက်သွန်ဖြူ (ကြူကုတ်)တစ်ပိဿာလျှင် ကျပ် ၁၄,၀၀၀၊  အာလူးတစ်ပိဿာလျှင် ကျပ် ၆,၀၀၀၊ မန်ကျည်းသီး မှည့်တစ်ပိဿာလျှင် ကျပ် ၁၃,၀၀၀၊ ချင်းတစ်ပိဿာလျှင် ကျပ် ၈,၀၀၀၊ ငရုပ်သီးခြောက်(အရှည်) တစ်ပိဿာလျှင် ကျပ် ၁၂,၀၀၀၊ အသား/ငါးဈေးနှုန်းများမှာလည်း မွေးမြူရေးကြက်တစ်ပိဿာ ကျပ် ၂၀,၀၀၀၊ မြန်မာကြက်တစ်ပိဿာကျပ် ၃၈,၀၀၀၊ ဝက်သားတစ်ပိဿာကျပ် ၃၅,၀၀၀၊ ဆိတ်သား တစ်ပိဿာလျှင် ကျပ် ၅၀,၀၀၀၊ ဘဲသားတစ်ပိဿာလျှင် ကျပ် ၃၀,၀၀၀၊ အမဲသား တစ်ပိဿာလျှင် ကျပ် ၃၂,၀၀၀၊ ငါးကြင်းတစ်ပိဿာကျပ် ၂၅,၀၀၀၊ ငါးမြစ်ချင်းတစ်ပိဿာလျှင်ကျပ် ၁၈,၀၀၀၊ ပုစွန်ထုပ်(ကြီး)တစ်ပိဿာကျပ် ၅၀,၀၀၀၊ ပုစွန်ကြော့တစ်ပိဿာကျပ် ၃၀,၀၀၀၊ ကြက်ဥတစ်လုံးလျှင် ကျပ် ၃၇၀၊ ဘဲဥတစ်လုံးလျှင် ကျပ် ၅၅၀ တို့ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဟင်းသီးဟင်း ရွက်များကို တညင်းကုန်းလက်ကားကြီးနှင့်သီရိမင်္ဂလာဈေးတို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

စားအုန်းဆီမှ ရည်ညွှန်းဈေးကျပ် ၆၁၃၀ အပေါ် အခြေခံရောင်းချရ၍ ဈေးနှုန်းအနည်းငယ် တက်ကာ အခြေခံစားကုန်နှင့်အသားငါးတို့မှာ ဆိတ်သား၊ အမဲသားနှင့်ငါးကြင်းဈေးနှုန်းအနည်း ငယ်တက်လျက်ရှိရာ ဇူလိုင်လ (၂၈)ရက်အတွက် ဈေးကွက်စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့် ဆန်ဈေးနှုန်းစာရင်း

   ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ၃၀.၇.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၂၃၂၀ အိတ်နှင့် ဈေးနှုန်းမှာ ၆၁၀၀၀ မှ ၆၂၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၁၈၅၂ နှင့် ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ လက်စအိတ်ရေ ၂၀၃၇ နှင့် ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၀၆၂ နှင့် ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၄၅၉၄ နှင့် ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ်၊ ပဲခူး(အနောက်) မှ ရှယ်စ ၂၂၅၄ အိတ်၊ ဈေးနှုန်းမှာ ၆၁၀၀၀ မှ ၆၂၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၂၀၁၄၊ ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ လက်စအိတ်ရေ ၁၅၂၀၊  ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၉၄၅၊ ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၄၃၂၀ နှင့် ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ်၊ ဧရာဝတီတိုင်းမှ ရှယ်စ ၂၄၈၀၊ ဈေးနှုန်းမှာ ၆၁၀၀၀ မှ ၆၂၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၁၉၃၅၊ ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ လက်စအိတ်ရေ ၁၆၈၄၊ ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၂၃၀၊ ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊  ဆန်ကွဲအိတ်ရေ ၄၂၅၈နှင့် ဈေးနှုန်းမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ် တို့ဝင်ရောက်ကြောင်း သိရှိရပါသည်။

    ၃၀.၇.၂၀၂၅ ရက်နေ့တွင် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆန်အိတ်ရေပေါင်း(၃၄၅၀၅) အိတ်ဝင် ရောက်ခဲ့ပြီး ယခင်နေ့ထက် ဆန်ဝင်ရောက်မှုနည်းကာ  ဆန်ဈေးနှုန်းများမှာ ပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အညာဒေသထွက် မန်ကျည်းချဉ်အကြောင်း

     မန်ကျည်းချဥ်သည် မြန်မာနိုင်ငံအထက်ပိုင်း အညာဒေသတွင် သဘာဝအတိုင်း ပေါက်ရောက်သည့် မန်ကျည်းသီးမှထုတ်လုပ်သော စားသောက်ကုန်တစ်မျိုးဖြစ်ပါသည်။ အညာဒေသများဖြစ်သော စစ်ကိုင်း၊ မကွေးဘက်တို့တွင် သဘာဝ အတိုင်းရသော မန်ကျည်းသီးများကို ရေစင်စင်ဆေးကြော၍ အစေ့ထုတ်ကာ အခြောက်လှန်းပြီး ဆားနှင့်ရောစပ်ကာ ပြုလုပ်ထားပါသည်။ အချို့ကတော့ အရသာ ပိုမိုကောင်းမွန်အောင် ငါးပိရည်၊ ငရုတ်သီး၊ သကြားအနည်းငယ်ထည့်ပြီး ပြုလုပ်ကြပါသည်။

   မန်ကျည်းချဉ်၏အရသာသည် အချဉ်ပြင်းပြီး မွှေးကြိုင်သောအရသာရှိကာ ဗီတာမင်စီ၊ ကယ်ဆီယမ်၊ သံဓာတ်နှင့် အမျှင်ဓာတ်များစွာကြွယ်ဝပါသည်။မန်ကျည်းချဉ်ကို သုတ်စား၍သော်လည်းကောင်း၊ အခြားဟင်းလျာများနှင့်တွဲဖက်၍သော်လည်းကောင်း စားသုံးနိုင်ပါသည်။ မန်ကျည်းချဉ်သည် အညာဒေသ၏ ရိုးရာအစားအစာတစ်ခုဖြစ်ပြီး အညာဒေသအပြင် အမြို့မြို့အနယ်နယ်သို့ တင်ပို့ရောင်းချသည်သာမက အွန်လိုင်းဈေးကွက်တွင်လည်း ရောင်းချလျက်ရှိပါသည်။ မန်ကျည်းချဉ် တစ်ဘူးကို ၃၅၀၀ ကျပ်မှ ၄၅၀၀ ကျပ်အထိ ရောင်းချလျက်ရှိကြောင်းလည်းသိရပါသည်။

DOCA(ပဲခူး)

မြန်မာ့ရိုးရာမုန့် သာကူကျိုအကြောင်း

      သာကူသည် မြန်မာလူမျိုးအများစု ကြိုက်နှစ်သက်သည့် ရိုးရာမုန့်တစ်မျိုးဖြစ်ပြီး သာကူတွင် အဖြူ နှင့် အနီ ဟူ၍ နှစ်မျိုးရှိပါသည်။ သာကူအဖြူပြုလုပ်ရာတွင် သာကူစေ့ ၅၀ ကျပ်သားလျှင် သကြားတစ်ပိဿာ ရောစပ်၍ ပြုလုပ်ရပြီး သာကူအနီပြုလုပ်ရာတွင် သာကူစေ့ ၅၀ ကျပ်သားလျှင် ထန်းလျက် တစ်ပိဿာ ရောစပ်၍ ပြုလုပ်ရပါသည်။

     သာကူစေ့ကို သကြား(သို့မဟုတ်)ထန်းလျက်ဖြင့် ကျိုပြီးပါက အုန်းသီးနှင့်နို့စိမ်းများ ရောစပ်၍ စားကြပါသည်။ အချို့က ကန်စွန်းဥ၊ အာလူးစသည်တို့ကို သာကူကျိုထဲ ထည့်၍လည်း စားကြပါသည်။ တောင်ငူမြို့တွင် သာကူကျိုကို ဈေးတွင် အထိုင်ရောင်းသူများရှိသကဲ့သို့ လူစည်ကားရာ နေရာများ၊ ရပ်ကွက်များသို့ လှည့်လည်ရောင်းချသူများလည်း ရှိပါသည်။

      သာကူကျို ဇွန်းကြီး နှစ်ဇွန်းပါ တစ်ပွဲလျှင် ၁၅၀၀ ကျပ်ဖြင့် ရောင်းချကြောင်း၊ နွေရာသီ ကာလတွင် ရွှေရင်အေးနှင့် မုန့်လက်ဆောင်းများ ရောင်းချပြီး မိုးရာသီတွင် သာကူကျို ရောင်းချရာ လူကြိုက်များ၍ ရောင်းရကြောင်း သာကူကျိုရောင်းချသူတစ်ဦးထံမှ သိရပါသည်။

DOCA(ပဲခူး)

မိုးရာသီစာအဖြစ်ရောင်းချလျက်ရှိသော နွားနို့ထမင်း

    ယခုဇူလိုင်လ မိုးများဖြိုင်ဖြိုင်ရွာသွန်းချိန်တွင် ပူပူနွေးနွေးနဲ့စားလို့ကောင်းလှသော နွားနို့ ထမင်းကို ဈေးများတွင်လည်းကောင်း၊ ရပ်ကွက်များထဲသို့လည်းကောင်း လှည့်လည်ရောင်းချလျက် ရှိပါသည်။ နွားနို့ထမင်းသည် အာဟာရပြည့်ဝပြီး အရသာရှိလှသော အစားအစာတစ်မျိုးဖြစ်ပါသည်။ မြန်မာလူမျိုးများအတွက် နွားနို့ ထမင်းသည် အချိုပွဲအနေဖြင့်စားသုံးကြသော အစားအသောက်ဖြစ်၍ အိန္ဒိယလူမျိုးများအတွက်လည်း အထူး ကြိုက်နှစ်သက်ပြီး အမြဲလိုလိုစားသုံးလေ့ရှိသော ရိုးရာအစား အသောက်တစ်ခုဖြစ်ပါသည်။

     နို့ထမင်းကို နွားနို့၊ နို့မှုန့်၊ အုန်းနို့ ကြိုက်နှစ်သက်ရာအသုံးပြုပြီး ချက်ပြုတ်နိုင်ပါသည်။ ဆန်၊ နွားနို့၊ ဆားနှင့်ရေတို့သာလိုအပ်ပြီး လွယ်ကူစွာချက်ပြုတ်နိုင်သောကြောင့် အချိန်ကုန်သက်သာစေနိုင် ပါသည်။ နွားနို့ တွင် ပရိုတင်းဓာတ်၊ ကယ်ဆီယမ်ဓာတ်၊ ဗီတာမင်ဓာတ်များ ကြွယ်ဝစွာပါဝင်သော ကြောင့် နွားနို့နှင့်ထမင်း ရောစပ်ပြီး ချက်ပြုတ်လိုက်သောအခါတွင် ခန္ဓာကိုယ်အတွက် ခွန်အားတိုးစေပြီး နွေးထွေးစေပါသည်။ နွားနို့ထမင်းသည် အိမ်တွင်လည်း လွယ်ကူစွာချက် ပြုတ်စား သောက်နိုင်သည့်အပြင် စီးပွားရေးအရရောင်းချရန် လွယ်ကူသောအစားအစာလည်းဖြစ်ပါသည်။ တောင်ငူမြို့နယ်တွင်းရှိ ဈေးများတွင် နို့ထမင်းတစ်ပွဲလျှင် ၁၅၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

တောင်ငူဒေသတွင်းရောင်းချလျက်ရှိသော ရှမ်းပြည်နယ်ဒေသထွက်ကုန်ဈေးနှုန်းများ

     ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံ၏ အကြီးဆုံးပြည်နယ်ဖြစ်ပြီး တောင်ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့ပိုင်းဟု ခွဲခြားသတ်မှတ်ထားပါသည်။ ရှမ်းပြည်နယ်သည် ရာသီဥတုကောင်းမွန်ပြီး မြေဩဇာ ထက်သန်သောကြောင့် စိုက်ပျိုးရေးထွက်ကုန်များ၊ သီးနှံများ အထူးပေါကြွယ်ဝပါသည်။ ရှမ်းလူမျိုးတို့၏ ရိုးရာအစားအသောက်နှင့် ထုတ်ကုန်များသည် ဒေသခံယဉ်ကျေးမှုနှင့် သဘာဝအရသာကို အခြေခံထား ပြီး ထုတ်လုပ်ထားသောကြောင့် စားသောက်ကုန်များ၏ အရသာမှာတစ်မူထူးခြားလှပါသည်။

   မ်းပြည်နယ်၏ဒေသထွက်ကုန်အစားအသောက်များထဲမှ ရှမ်းတို့ဟူခြောက်၊ ဆီတို့ဟူး၊ ရှမ်းပဲပုတ်၊ ရှမ်းမုန်ညင်းခေါက်တို့သည် ထင်ရှားပြီးလူကြိုက်များလှသော ရှမ်းရိုးရာ အစားအစာများ ဖြစ်ပါသည်။ ရှမ်းတို့ဟူး ခြောက်သည် တောင်ကြီး၊ ညောင်ရွှေ၊ ရွာငံ၊ ဟိုပုန်းမြို့တို့မှ ထွက်ရှိပြီး တောင်ကြီးမြို့တွင် အဓိကထုတ်လုပ်ပါသည်။ ထမင်းနှင့်တွဲဖက်စားသုံးရသော ဆီတို့ဟူးနှင့် ပဲအမျိုးမျိုး တို့ကို အခြောက်လှန်း၍ ပြုလုပ်ထားသော ရှမ်းပဲပုတ်သည်လည်း တောင်ကြီး၊ ညောင်ရွှေ၊ ကျေးသီးတို့မှ ထွက်ရှိပြီး အင်းလေးဒေသတွင် ဆီတို့ဟူးကို ပဲငံပြာရည်နှင့် ဟင်းခတ်မဆာလာအဖြစ် အသုံးပြုကြ ပါသည်။ အာဟာရပြည့်ဝပြီး ပရိုတင်းဓာတ်ကြွယ်ဝသော ရှမ်းမုန်ညင်းခေါက်သည်လည်း အထက်ပါ ဒေသများမှ ထွက်ရှိပြီး ရှမ်းမုန်ညင်းခေါက်ကို ပဲပိစပ်၊ ဆန် သို့မဟုတ် ဂျုံမှုန့်၊ ကြက်သွန်ဖြူ၊ နှမ်းဆီတို့ဖြင့် ပြုလုပ်ထားပါသည်။

     ရှမ်းပြည်နယ်ဒေသထွက်စားသောက်ကုန်များကို တောင်ငူဒေသသို့ ဖြန့်ဖြူးရောင်းချလျက်ရှိ သောကြောင့် ရှမ်းရိုးရာအစားအသောက်ကြိုက်နှစ်သက်သူများအတွက်လည်း လွယ်ကူစွာဝယ်ယူ ရရှိနိုင် ပါသည်။ တောင်ငူမြို့နယ် အတွင်းရှိ ဈေးဆိုင်များတွင် ရှမ်းတို့ဟူးခြောက် ၁၀ ကျပ်သားလျှင် ၄၀၀၀ ကျပ်၊ ဆီတို့ဟူးဘူးသေး ၁ ဘူးလျှင် ၄၀၀၀ ကျပ်၊ ဘူးကြီး ၁ ဘူးလျှင် ၇၅၀၀ ကျပ်၊ ရှမ်းပဲပုတ် ၁၀ ကျပ်သား လျှင် ၃၅၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

မုံရွာမြို့ပေါ်ရှိ ရှောက်သီးဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့အတွင်းရှိ ကျေးရွာများနှင့် ရပ်ကွက်များတွင် ရာသီပေါ်သီးနှံဖြစ်သည့် ရှောက်သီးများကို မိသားစုတစ်နိုင်တစ်ပိုင်အဖြစ် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။ စိုက်ပျိုးထွက်ရှိသော ရှောက်သီးများကို မြို့ပေါ်သို့ လာရောက် ရောင်းချကြပြီး အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ ဒေသထွက်သီးနှံဖြစ်သည့် ရှောက်သီးများအား  ရှောက်ပေါင်းချိုပြုလုပ်ပြီး တခြားမြို့နယ်များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

  ဇူလိုင်လနောက်ဆုံးပတ်တွင် မုံရွာမြို့ပေါ်၌ ဖြစ်ပေါ်နေသော ရှောက်သီးဈေးနှုန်းများမှာ  ရှောက်သီး အလုံးသေးတစ်လုံးလျှင် ၃၅၀ ကျပ်၊ အလုံးကြီး တစ်လုံးလျှင်(၅၀၀) ကျပ် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး စားသုံးသူ များပြားလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မြသလ္လာဈေးတွင် ရောင်းချနေသော ဘူးသီးနှင့် ဘူးရွက်ဈေးနှုန်း

 ဘူးသီးပင်သည် မြန်မာနိုင်ငံ အပူပိုင်းနှင့်သမပိုင်းရာသီဥတုတွင် ကောင်းစွာဖြစ်ထွန်း သော ဟင်းသီးဟင်းရွက်အပင်မျိုးဖြစ်ပြီး နွယ်ပင်အမျိုးအစာဖြစ်ပါသည်။ ဘူးသီးပင်မှ ဘူးသီး များအပြင် ဘူးရွက်များလည်း စားသုံးနိုင်ကြပါသည်။ ဘူးပင်သည် အိမ်တိုင်းနီးပါ စိုက်ပျိုးလေ့ရှိရာ စိုက်ပျိုးရလွယ်ကူပြီး အာဟာရဓာတ် ကြွယ်ဝသော အသီးအနှံဖြစ်သောကြောင့် နေ့စဉ်စားသင့်ကြောင်း သိရှိရသည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လနောက်ဆုံးပတ်တွင် မုံရွာမြို့၊ မြသလ္လာဈေးကွက်တွင် ဘူးသီး တစ်လုံးလျှင် (၉၀၀-၁၀၀၀-၁၂၀၀) ကျပ် ပေါက်ဈေးများရှိပြီး အသီးလတ်ဆက်မှုနှင့် အရွယ်အစားအကြီး၊ အသေး ပေါ်တွင်မူ၍ ဈေးနှုန်းများကွာခြားလျက်ရှိပြီး ဘူးရွက်တစ်စည်းလျှင် (၃၀၀)ကျပ်၊ (၂)စည်းလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။ စားသုံးမှုများ၍ ဈေးကွက်တွင် ရောင်းအားကောင်းကြောင်း၊ ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း