ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့ပန်းဈေးကွက်ရှိ နှင်းပန်းနှင့် ပန်းတိမ်ငိုပန်းဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ပန်းဈေးကွက်တွင် နှင်းဆီပန်း၊ နှင်းပန်း၊ ဂန္ဓမာပန်း၊ သပြေပန်း၊ အာစီယံသပြေ၊ စံပါယ်ပန်း၊ ဇွန်ပန်း၊ ပန်းထိမ်ငို စသည်တို့ စိုက်ပျိုးရောင်းချလျက် ရှိကြောင်း သိရသည်။ ကန့်ဘလူမြို့ပန်းဈေးကွက်၌ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော နှင်းပန်းဈေးနှုန်းအနေဖြင့် နှင်းပန်းတစ်စီးလျှင် (၇၀၀)ကျပ်နှင့် (၃)စီးလျှင် (၂၀၀၀)ကျပ် ဖြင့်လည်းကောင်း၊ ပန်းထိမ်ငိုပန်း(၁)စီးလျှင် (၇၀၀)ကျပ်၊ ပန်းထိမ်ငိုပန်း(၁၀)စီးလျှင် (၆၈၀၀)ကျပ် တို့ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပန်းထိမ်ငိုပန်းသည် တာရှည်အထားခံသည့်အပြင် လှပသည့် အသွင်သဏ္ဍာန်ကြောင့် လူကြိုက်များကာ အရောင်းသွက်လျက်ရှိကြောင်း ပန်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့တွင် အဝင်နည်း၍ အရောင်းသွက်သည့် ဒူးရင်းသီး

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ သစ်သီးမျိုးစုံရောင်းချသည့် ဆိုင်များတွင် ပန်းသီး၊ နာနတ်သီး၊ စပျစ်သီး၊ သရက်သီးနှင့် ဒူးရင်းသီးများ ရောင်းချလျက်ရှိရာ ဒေသထွက်သစ်သီးများ ရောင်းချသလို မြစ်ကြီးနားနှင့် မန္တလေးမြို့မှလည်း မှာယူရောင်းချလျက်ရှိကြောင်း သိရှိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကန့်ဘလူမြို့သစ်သီးဈေးကွက်တွင် ရောင်းချနေ သောဒူးရင်းသီးဈေးနှုန်းမှာ ဒူးရင်းသီး  အကြီးတစ်လုံးလျှင်(၆၀၀၀၀)ကျပ်၊  အလတ်တစ်လုံးလျှင် (၄၅၀၀၀)ကျပ်နှင့် ဒူးရင်းသီး အလုံးသေးတစ်လုံးလျှင် (၃၀၀၀၀)ကျပ်ဖြင့် ‌အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း၊ ဒူးရင်းသီးသည် အခြားဒေသမှ ဝယ်ယူရောင်းချရသည့်အတွက် အဝင်နည်းကာ ကြိုက်နှစ် သက်သူများ၍ အရောင်းသွက်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။     

DOCA(စစ်ကိုင်း)

                  

ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသော ဒညင်းသီးဈေးနှုန်း

     ဒညင်းသီးပင်သည် ကရင်၊ ပဲခူး၊ မော်လမြိုင်နှင့် ရခိုင် စသည့်ဒေသများတွင် အများဆုံးပေါက် ရောက်ပါတယ်။ ဒညင်းသီးကိုစားသုံးသူ တော်တော်များများ စားသုံးကြိုက်နှစ်သက်တဲ့ အစားအစာ တစ်ခုအဖြစ်တွေ့ရကြောင်း၊ ဒညင်းသီးအုန်းနို့ဆမ်း၊ ဒညင်းသီးဝက်သားချက်၊ ဒညင်းသီးပြုတ်ဆီ ဆမ်းဆားဖြူးစားဖြူးစားတာတို့ ဒညင်းသီးမီးဖုတ် ငပိရည်နဲ့တို့စားတာ စသည်ဖြင့်အမျိုးမျိုးစားသုံး ကြကြောင်း၊ သို့သော် ဒညင်းသီးသည် တန်ဆေးလွန်ဘေး ဆိုသည့်အတိုင်းမဖြစ်အောင် စားသုံးရန် လိုအပ်ကြောင်း လေ့လာသိရရှိရပါသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကန့်ဘလူမြို့တွင် ဒညင်းသီးသေး(၁)လုံးလျှင် (၁၀၀)ကျပ်၊ အကြီး(၁)လုံးလျှင် (၁၅၀)ကျပ်နှင့် (၁၁)လုံးလျှင် (၁၅၀၀)ကျပ်၊ ဒညင်းသီးပြုတ်(၁) လုံးလျှင် (၂၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခုပတ်တွင် ရောင်းချနေသည့် ဒညင်းသီးများ ကို မြစ်ကြီးနားမြို့နှင့် မော်လမြိုင်မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း ဒညင်းသီးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသော တို့ဟူးစိမ်း ဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ဒေသထွက်အစားအစာများ၊ ဒေသထွက်အသီးအနှံများနှင့် အခြားဒေသမှဝင်ရောက်လာသည့် အရန်သင့်အစားအစာများရောင်းချ လျှက်ရှိရာ မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိရန်အတွက် တို့ဟူးများပြုလုပ်ပြီး ကန့်ဘလူမြို့ မဈေးတွင် နေ့စဉ်ရောင်းချလျှက်ရှိကြောင်း၊ ကန့်ဘလူမြို့ “မြို့မဈေး”တွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော တို့ဟူးစိမ်းဈေးနှုန်းများမှာ တို့ဟူးစိမ်း လက်လီတစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ တို့ဟူးစိမ်းလက်ကား တစ်ပိဿာလျှင်(၂၄၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၂၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၂၅၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့မဈေးရှိ တို့ဟူးစိမ်း ရောင်းချသည့် ဈေးသည်များထံမှ သတင်းရရှိပါသည်။       

DOCA(စစ်ကိုင်း)

                                                         

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော ပဲနီရေပွနှင့်စားတော်ပဲပြုတ် ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ပေါ်ရပ်ကွက်များမှ ပြည်သူများသည် မိသားစုစားဝတ်နေ ရေးအဆင်ပြေစေရန်နှင့် အပိုဝင်ငွေရရှိရန်အတွက် စိုက်ပျိုးရေးလုပ်ငန်းများအပြင် စွန်တာနီ(ခေါ်)ပဲနီ နှင့် စားတော်ပဲတို့ကို ပြုတ်၍ ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိရာ မိသားစုအပိုဝင်ငွေရရှိနေကြောင်း သိရှိရသည်။

     မြန်မာလူမျိုးတို့သည် နံနက်စာ ထမင်းဆီဆမ်းပူပူလေးနှင့် စားတော်ပဲပြုတ်ကို တွဲဖက်စားသုံးကြသလို ကောက်ညှင်းပေါင်းနှင့်လည်း တွဲဖက်စားသုံးကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ  နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော ပဲနီရေပွဈေးနှုန်းများမှာ စွန်တာနီပဲ(ခေါ်)ပဲနီရေပွ တစ်ပြည်လျှင် (၄၇၀၀)ကျပ်၊ နို့ဆီတစ်ဘူးလျှင်(၆၀၀)ကျပ်နှင့် စားတော်ပဲပြုတ် (၂)ပုဂံလျှင် (၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပဲရေပွနှင့် စားတော်ပဲပြုတ် ရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မြို့မဈေးတွင် ရောင်းချလျက်ရှိသော စကားဝါပန်းနှင့် စကားဖြူပန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့မဈေးတွင် ဘုရားပန်းအမျိုး၊ အလှဆင်းပန်းအမျိုးမျိုးနှင့် စကားဝါပန်း၊ စကားဖြူပန်းများကို ရောင်းချလျက်ရှိကြောင်း သိရသည်။ စကားဝါ/ဖြူပန်းမျိုးမှာ အပင် ကြီးဖြစ်သော်လည်း စိုက်ပျိုးရေးနည်းပညာများ ခေတ်မီလာသည်နှင့်အညီ စကားဝါ/ဖြူပန်းပင်များကို ကိုင်းကူးမျိုးစပ်ကာ အိမ်တွင်းအလှစိုက်ပင်ဖြစ် စိုက်ပျိုးလာကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊  ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကန့်ဘလူမြို့ပန်းဈေးကွက်၌ ဖြစ်ပေါ်နေသော စကားဝါပန်းဈေးနှုန်းမှာ စကားဝါ ပန်း(၇)ပွင့်ပါ တစ်ကုံးလျှင်(၅၀၀)ကျပ်၊ စကားဝါပန်း(၃)ကုံးလျှင် (၁၃၀၀)ကျပ်၊ စကားဖြူပန်း(၃)ပွင့်ပါ တစ်ကုံးလျှင်(၃၀၀)ကျပ်၊ စကားဖြူပန်း(၃)ကုံးလျှင် (၉၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း ပန်းမျိုးစုံရောင်းချနေသော လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးတွင် အရောင်းအဝယ်ဖြစ်နေသည့် ရာသီစာအင်ဥ(မှိုစေ့)

     စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့မဈေးတွင် ဆန်၊ ဆီ၊ ဆေး၊ ဆား၊ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နှင့် ရာသီပေါ်အသီးအနှံများ ရောင်းချလျက်ရှိရာ ဈေးရောင်းသူများ ဈေးဝယ်သူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။

    မိုးဦးကာလ မေလ၊ ဇွန်လများတွင် အင်ဥ(မှိုစေ့)များပေါများစွာ တွေ့ရတတ်ပြီး အင်ဥ(မှိုစေ့) မှာမှိုမျိုးနွယ်ဝင် မြေအောင်းမှိုတစ်မျိုးဖြစ်ကြောင်း၊ အင်ဥကို စားသုံးသူများအနေဖြင့် အင်ဥကြော်၊ အင်ဥကင်၊ အင်ဥသုတ်၊ အခြားသောအသီးအရွက်များနှင့်ရော၍ အရသာရှိသော စားသောက်ဖွယ်ရာ ဖြစ်အောင် အမျိုးမျိုးချက်ပြုတ်စားသုံးကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် အင်ဥ(မှိုစေ့)ကို နို့ဆီဘူး(၁)ဘူးလျှင် (၂၅၀၀)ကျပ်၊ တစ်ပြည်လျှင် (၂၀၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ သဘာဝအစားအစာဖြစ်သည့် အင်ဥ(မှိုစေ့)ကို ကြိုက်နှစ် သက်သူများပြားသဖြင့် အရောင်းသွက်လျက်ရှိကြောင်း အင်ဥ(မှိုစေ့)ရောင်းချသူများထံမှ သိရှိရပါ သည်။

DOCA(စစ်ကိုင်း)

ပဲငပိအစိုနှင့် ပဲငပိအခြောက် ဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ရှိ မြို့မဈေးနှင့် ကုန်စုံဆိုင်များတွင် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် ပဲငပိအစိုနှင့် ပဲငပိအခြောက်များကို ရွှေဘိုမြို့နှင့် ရေဦးမြို့တို့မှမှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကန့်ဘလူမြို့ “မြို့မဈေး”နှင့် ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော ပဲငပိအစိုဈေးနှုန်းအနေဖြင့် ပဲငပိအစိုလက္ကား တစ်ပိဿာလျှင် (၇၅၀၀)ကျပ်၊  ပဲငပိအစိုလက်လီ တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ရေဦးပဲငပိခြောက် (အချို)တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ရေဦးပဲငပိခြောက်(အငံ) တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင် (၁၆၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

DOCA(စစ်ကိုင်း)

နန္ဒဝန်ဈေးသစ်တွင် ရောင်းချနေသော ညောင်ရွက်ဈေးနှုန်း

      မုံရွာမြို့၊ နန္ဒဝန်ဈေးသစ်တွင် အခြားဒေသမှ ဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချလျက်ရှိရာ ယခုအခါ ဒေသထွက် ညောင်ရွက်များကိုလည်း ရောင်းချလျက်ရှိကြောင်း သိရသည်။ ညောင်ရွက်သည် ရာသီပေါ်သီးနှံဖြစ်ပြီး မြန်မာထမင်းဝိုင်းတွင် ထမင်း မြိန်စေသည့် အရွက်တစ်မျိုးလဲဖြစ်ပါသည်။ ညောင်ရွက်ကို မြေပဲဆံ၊ ပဲမှုန့်တို့ဖြင့် သုပ်၍သော်လည်းကောင်း ငပိရည်ဖြင့်တို့စား၍သော်လည်းကောင်း စားသုံးကြ၍ လူကြိုက်များသည့် အရွက်တစ်မျိုးဖြစ်ပါသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လနောက်ဆုံးပတ်တွင် မုံရွာမြို့၊ နန္ဒဝန်ဈေးသစ်တွင်ရောင်းချနေ သည့် ညောင်ရွက်ဈေးနှုန်းမှာ ညောင်ရွက်ပြုတ်(၁၀)ကျပ်သားလျှင် (၈၀၀)ကျပ်၊ ညောင်ရွက် ပြုတ် (၁)ပိဿာလျှင်  (၈၀၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း  ကုန်စိမ်းရောင်းချသည့် ဈေးသည်များထံမှ  သိရသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့ရှိ ဂေါ်ရခါးသီးဈေးနှုန်း

     မုံရွာမြို့၊ သာစည်ဈေးတွင် ဂေါ်ရခါးသီးများ ရောင်းချလျက်ရှိရာ ဂေါ်ရခါးသီးသည် ရှမ်းပြည်နယ် တောင်ကြီး၊ အောင်ပန်း၊ ကလောနှင့် ရွာငံ၊ ရေဦးဒေသများမှ အဓိက ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။ ဂေါ်ရခါးပင်သည် နွယ်ပင်ဖြစ်သောကြောင့် အညွန့်များကိုလည်း စားသုံးနိုင်ကြပါသည်။ ဂေါ်ရခါးအညွှန့်ကို ချက်ပြုတ်ကြော်လှော် စားသုံးနိုင်ပြီး၊  အသီးကိုလည်း ဟင်းချိုချက်၍လည်းကောင်း၊ ကြက်ဥနှင့် ကြော်၍လည်းကောင်း၊ ပုံစံအမျိုးမျိုးဖြင့် ချက်ပြုတ်စားသုံးနိုင်သည်။

   ၂၀၂၅ ခုနှစ်၊ ဇူလိုင်လနောက်ဆုံးပတ်တွင် သာစည်ဈေးတွင် ဖြစ်ပေါ်နေသော ဂေါ်ရခါး သီဈေးနှုန်း များကို ဂေါ်ရခါးသီးအသေး(၁)လုံးလျှင် (၄၀၀)ကျပ်၊ ဂေါ်ရခါးသီးအလတ်(၁)လုံးလျှင် (၅၀၀) ဂေါ်ရခါးသီးအကြီး(၁)လုံးလျှင် (၆၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း