ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဈေးကွက်ဝင်တစ်သျှူးငှက်ပျော

   မြန်မာနိုင်ငံတွင် ငှက်ပျောမျိုးကွဲများစွာရှိပြီး  မိရိုးဖလာနည်းစနစ်အတိုင်း  ဒေသငှက်ပျောမျိုးများကို သားတက်ဖြင့် မျိုးပွား၍စိုက်ပျိုးခဲ့ကြသော်လည်း  ယခုအခါ အပင်တစ်သျှူးမျိုးပွားနည်းဖြင့်  မျိုးပွားထားသော  ငှက်ပျောများကို  ကျယ်ပြန့်စွာစိုက်ပျိုးလာကြသည်။   ကချင်ပြည်နယ်တွင် တစ်သျှူးငှက်ပျောကို ဘိန်းအစားထိုးသီနှံအဖြစ် စတင်စိုက်ပျိုးခဲ့ရာမှ ယခုအခါစီးပွားဖြစ်တွင်ကျယ်စွာ စိုက်ပျိုးလျက်ရှိပါသည်။

          စိုက်ပျိုးမှုအနေဖြင့်  တစ်သျှူးငှက်ပျောစိုက်ပျိုးရန် ပထမဦးစွာစိုက်ပျိုးမည့်မြေအား အပင်ခုတ်ထွင်ရှင်းလင်းပြီး   ထယ်ထိုးထွန်ယက်ခြင်း၊  ဘောင်ပြုလုပ်ခြင်းများဆောင်ရွက်ပြီး  အပင်ရင်းတွင်ရေမဝပ်စေရန်   ရေနုတ်မြောင်းများကို   ကြိုတင်ပြင်ဆင်ဆောင်ရွက်ရပါသည်။  မြေပြုပြင်ပြီးပါက အပင်စိုက်ရန် အကျယ် ၁ ပေခွဲနှင့် အနက် ၁ ပေခွဲရှိ စိုက်ကျင်းများတူးပြီး မြေခံအနေဖြင့် မြေဆွေး၊ ကွန်ပေါင်းဓာတ်မြေဩဇာကိုထည့်ကာ  တစ်ပတ်ခန့် ရေနှင့်နှပ်ထားပေးရပါသည်။ စိုက်ပျိုးပြုပြင်ပြီးပါက ပင်ခြား ၆ ပေ၊ တန်းကြား ၈ ပေဖြင့်  တစ်ကျင်းလျှင် တစ်ပင်နှုန်းဖြင့်   တစ်ဧအတွက်

ပျိုးပင်ပေါင်း ၈၀၀ စိုက်ပျိုးရပါသည်။

          ကချင်ပြည်နယ်တွင် တစ်သျှူးငှက်ပျောစိုက်ပျိုးမှုအနေဖြင့်  ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင်မြစ်ကြီးနားခရိုင်၌ ၅၅၄၄၈ ဧက၊  ဗန်းမော်ခရိုင်၌ ၁၅၀၉၉ ဧက၊  စုစုပေါင်း ၇၀၅၄၇ ဧက စိုက်ပျိုးထားရှိကာ တစ်ဧကအထွက်နှုန်းအနေဖြင့်(၁၃)တန်ခန့်ရှိပြီး တစ်ဧကကုန်ကျစရိတ်အနေဖြင့်  မြေပြုပြင်ခြင်း၊ စိုက်ပျိုးပြုစုခြင်း၊ သွင်းအားစုဝယ်ယူခြင်း၊ ခူးဆွတ်ခြင်း၊ သယ်ယူပို့ဆောင်ခ (ဈေးကွက်ရောက်သည်အထိ) စုစုပေါင်း(၁၅၀၀၀၀၀ဝိ/-)  ခန့်ကုန်ကျပါသည်။

  ယခင်ကမြစ်ကြီးနားခရိုင်မှထွက်ရှိသော  တစ်သျှူးငှက်ပျောများအား ကန်ပိုင်တည်နယ်စပ်မှ လည်းကောင်း၊ ဗန်းမော်ခရိုင်မှထွက်ရှိသော တစ်သျှူးငှက်ပျောများအား လွယ်ဂျယ်နယ်စပ်မှ လည်းကောင်း တရုတ်နိုင်ငံသို့  ပြည်ပပို့ကုန်အဖြစ် တင်ပို့ခဲ့သော်လည်း ယခုအခါ နယ်မြေလုံခြုံရေး အခြေအနေအရ ဗန်းမော်ခရိုင်မှထွက်ရှိသောတစ်သျှူးငှက်ပျောများအား ပြည်ပသို့တင်ပို့နိုင်ခြင်းမရှိဘဲ မြစ်ကြီးနားခရိုင်ရှိ ဝိုင်းမော်မြို့နယ်နှင့် မြစ်ကြီးနားမြို့နယ်မှ စိုက်ပျိုးထွက်ရှိသော တစ်သျှူးငှက်ပျော များကိုသာ ကန်ပိုက်တည်နယ်စပ်မှ  တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိပါသည်။ တစ်သျှူးငှက်ပျော စိုက်ပျိုးရာတွင် တစ်ဧကကုန်ကျစရိတ်အနေဖြင့် (၁၅၀၀၀၀၀ဝိ/-)ခန့်ဖြစ်ပြီး တစ်ဧကဝင်ငွေ (၂၃၄၀၀၀၀ဝိ/-)ခန့် ရရှိမှုကြောင့် တစ်ဧကအကျိုးအမြတ်ရရှိမှုအနေဖြင့်  (၈၄၀၀၀၀ဝိ/-)ခန့်ရရှိသည့် အတွက် စိုက်ပျိုးသည့်တောင်သူများအနေဖြင့် အကျိုးအမြတ်ရရှိမှုများပြီး ပြည်ပပို့ကုန်သီးနှံလည်း ဖြစ်သည့်တစ်သျှူးငှက်ပျောအား ယခုထက်ပိုမိုစိုက်ပျိုးသင့်ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

DOCA(ကချင်)

မုံရွာမြို့၊ သံလမ်းဈေးရှိ ခဝဲသီးဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တောင်သူဦးကြီးများသည့် မိသားစုစားဝတ်နေရေး အတွက် ရာသီအလိုက် သီးနှံမျိုးစုံများ စိုက်ပျိုးလျက်ရှိပြီး ယခုအခါ မိသားစု  အပိုဝင်ငွေ ရရှိ စေရန် ခဝဲသီးများကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပါသည်။ စိုက်ပျိုးထွက်ရှိသော သီးနှံများကို မုံရွာမြို့ပေါ်ရှိ ဈေးများသို့ ကိုယ်တိုက်လာရောက်ရောင်းချခြင်း၊ ဖောက်သည် သွင်းခြင်းများဖြင့်လည်း  ရောင်းချကြပါသည်။ ဇူလိုင်လ နောက်ဆုံးပတ်တွင် ဖြစ်ပေါ်နေသော ခဝဲသီးဈေးနှုန်းများမှာ လက်ကား တစ်ပိဿာလျှင် (၂၇၀၀/-)ကျပ်၊ လက်လီတစ်ပိဿာလျှင် (၂၉၀၀/-)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပြီး ခဝဲသီးအား ခဝဲသီးဟင်းချိုအဖြစ်လည်း ချက်စား၍ရသလို ကြက်ဥနှင့်ကြော်စားပါကအလွန်အရသာရှိသော ဟင်း တစ်ခွက်ဖြစ်ပြီး ခံတွင်းမြိန်သော ဟင်းလျာတစ်မျိုးဖြစ်ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ ကွမ်းရွက်ဈေးနှုန်း

  တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် ကွမ်းရွက်စိုက်ပျိုးသူများ များပြား ကြောင်းသိရှိရပါသည်။ ကွမ်းရွက်သည် ဆေးဖက်ဝင်ပစ္စည်းတစ်မျိုးဖြစ်သည့်အပြင် မြန်မာလူမျိုး များ အများဆုံးစားသုံးကြသည့် ကွမ်းယာတွင်မပါမဖြစ်သော အဓိကပါဝင်ပစ္စည်းတစ်မျိုး ဖြစ်သည်။ ယခုအခါ ကုန်ဈေးနှုန်းများမြင့်တက်လာသော်လည်း ကွမ်းရွက်ဈေးနှုန်းမှာ ကျဆင်းနေကြောင်း သိရှိရပါသည်။ ကွမ်းရွက်ဈေးနှုန်းကျဆင်းရခြင်းသည် လမ်းပန်းဆက်သွယ်ရေး အခြေအနေကြောင့် ဖြစ်ကြောင်းသိရှိရပါသည်။ ကွမ်းရွက်ကို မိုးကာလတွင် အများဆုံး စိုက်ပျိုးကြပြီး မိုးနှင့်ဆောင်း ကာလများတွင် ဈေးကောင်းရရှိကြောင်း သိရှိရပါသည်။ ယခု မိုးရာသီတွင် ကွမ်းရွက်စိုက်ပျိုးသူများ ပိုပိုများပြားကြောင်း သိရှိရပါသည်။

          ယခု သြဂုတ်လ ပထမပတ်တွင် မြိတ်မြို့ပေါ်ရှိ ကွမ်းရွက်အကြီး အရွက်(၅၀)ပါတစ်စည်း လျှင် (၁၀၀၀) ကျပ်ရှိပြီး ကွမ်းရွက်အငယ် အရွက်(၅၀)ပါတစ်စည်းလျှင် (၅၀၀)ကျပ်ရှိကြောင်း ကွမ်း ရွက်စိုက်ပျိုးသူများထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့‌ပေါ်ရှိ ပြောင်းဖူးဈေးကွက်

  ပြောင်းဖူးကို ရာသီမရွေးစိုက်ပျိုးကြပြီး မြန်မာနိုင်ငံအလယ်ပိုင်းတွင် အများဆုံးစိုက်ပျိုးကြ ပါသည်။ ပြောင်းဖူးကို လူမျိုးဘာသာမ‌ရွေးစားသုံးရန်သာမက တိရိစ္ဆာန်များအတွက် အစားအစာ အဖြစ်လည်း လွန်စွာအသုံးဝင်ပါသည်။ ပြောင်းဖူးသည် ပြည်ပဝင်ငွေရရှိသည့် သီးနှံမျိုးဖြစ်ပြီး လူတိုင်းကြိုက်နှစ်သက်သော သီးနှံတစ်မျိုးဖြစ်သည်။ မြိတ်မြို့တွင် ပြောင်းဖူးစိုက်သူနည်းပါး သဖြင့် အခြားပြည်နယ်များမှ ဝယ်ယူတင်သွင်းကြပါသည်။

     ယခု၂၀၂၅ ခုနှစ် သြဂုတ်လပထမပတ်တွင် မြိတ်မြို့ပေါ်ရှိ ပြောင်းဖူးတစ်လုံး ဈေးနှုန်းမှာ (၁၀၀၀)ကျပ်နှင့် (၁၂၀၀)ကျပ်ခန့် ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကန်စွန်းရွက်ဈေးနှုန်း

     စစ်ကိုင်းတိုင်း‌ဒေသကြီး၊ မုံရွာမြို့ပေါ်နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများသည် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးလျက်ရှိရာ ယခုအခါ ကန်စွန်းရွက်များကို စိုက်ပျိုးလျက်ရှိပါသည်။ စိုက်ပျိုးရရှိသော ကန်စွန်းရွက်များကို မန်ကျဉ်းပင်ဈေးနှင့်သာစည်ဈေးများတွင် ရောင်းချကြကြောင်း သိရှိရပါသည်။

      ကန်စွန်းရွက်ကို ဟင်းချက်ပြုတ်ရာတွင်လည်ကောင်း၊ အထောင်းစုံရောင်းသည့် ဆိုင်များနှင့် စားသောက်ဆိုင်များမှ ဝယ်ယူကြသဖြင့် ကန်စွန်းရွက်များ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းသူထံမှ သိရှိရပါသည်။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်တွင် ဖြစ်ပေါ်နေသော ကန်စွန်းရွက်ဈေးနှုန်းများမှာ ကန်စွန်းရွက် (၁)စည်းလျှင်(၂၀၀)ကျပ်၊ (၃)စည်းလျှင်(၅၀၀) ကျပ် ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

တနင်္သာရီတိုင်း မြိတ်မြို့ပေါ်ရှိ ကန်စွန်းရွက်

  တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် တောင်ယာလုပ်ငန်းကို အများဆုံးလုပ်ကိုင်ကြ သည့်အပြင် ရာသီပေါ်သီးနှံနှင့် စားဖိုဆောင်သီးနှံများကို အများအပြားစိုက်ပျိုးကြပါသည်။ စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် ကန်စွန်း၊ ခရမ်းသီး၊ ဘူးသီး၊ ပဲသီး အစရှိသည့် သီးနှံမျိုးစုံကို စိုက်ပျိုးကြပါသည်။ ကန်စွန်းရွက်ပင်ကို အိမ်တိုင်းလိုလိုစိုက်ပျိုးကြပါသည်။ ကန်စွန်းပင်သည် အပူပိုင်းဒေသတွင် ပေါက်ရောက်သော အပင်တစ်မျိုးလည်းဖြစ်ပါသည်။ ကန်စွန်းပင်သည် ရေထဲ (သို့မဟုတ်) စိုစွတ်သောမြေကြီးပေါ်တွင် ပေါက်လေ့ရှိပြီး ကန်စွန်းရိုးအဆစ်များမှ တစ်ဆင့်အမြစ် များထွက်ပြီး ပေါက်လေ့ရှိပါသည်။ မြိတ်မြို့ပေါ်ရှိ ဆိပ်ငယ်ဈေးကြီး၊ စမ်းချောင်းကုန်စိမ်းဈေးနှင့် ရပ်ကွက်ဈေးငယ်များတွင် ယခင်ပတ်က ကန်စွန်းရွက်တစ်စည်းလျှင် (၈၀၀)ကျပ် နှင့် (၁၀၀၀)ကျပ် ထိတက်လာခဲ့ပြီး ယခင်လထက်ဈေးနှုန်းများတက်လာခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကန်သာယာဈေးတွင် ဖြစ်ပေါ်နေသော  ကင်ပွန်းချဉ်ရွက်ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အနီးတစ်ဝိုက်ရှိ ကျေးရွာများတွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ကင်ပွန်းချဉ်ပင်များကို နေအိမ်ခြံဝင်းများတွင် လည်းကောင်း၊ ယာကွက်ခြံစည်ရိုးများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်း သိရသည်။ ကင်ပွန်းပင်သည် ကင်ပွန်းချဉ်ရွက်အပြင် ကင်ပွန်းသီးများကိုပါ ရရှိနိုင်ပါသည်။ ကင်ပွန်းသီးသည် ခေါင်းလျှော်ရည်ထဲတွင် ထည့်သွင်းအသုံးပြုနိုင်ပြီး ကင်ပွန်းရွက်မှာ အိမ်ရှင်မများ ချက်ပြုတ်ရာတွင် ဟင်းရည်သောက်အဖြစ် အသုံးပြုနိုင်ပြီး ကျန်းမာရေးနှင့်ညီညွတ်သောအပင်တစ်မျိုးဖြစ်ပါသည်။ကန်သာယာဈေး၌ ဇူလိုင်လ နောက်ဆုံးပတ်တွင်ဖြစ်ပေါ်နေသော ကင်ပွန်းချဉ်ရွက်ဈေးနှုန်းမှာ (၁) စည်းလျှင် (၂၅၀)ကျပ်၊ (၂)စည်း လျှင် (၃၀၀)ကျပ် ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ သံပရာသီးဈေးနှုန်း

  တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် ဆိပ်ငယ်ဈေးကြီးနှင့် ရှမ်းချောင်း ကုန်စိမ်းဈေးအတွင်း သံပရာသီးနှင့် သံပယိုသီးများမှာ ယခုပတ်တွင် ပိုမိုဝင်ရောက်၍ အ‌ရောင်း သွက်နေကြောင်း သိရှိရပါသည်။ သံပရာသီးနှင့် သံပယိုသီးသည် မိုးရာသီတွင် ပိုမိုထွက်ရှိ၍ ဆောင်းရာသီတွင် ထွက်ရှိမှုနည်းပါးသောကြောင့် ဈေးနှုန်းများအနည်းငယ်မြှင့်တက်ကြောင်း ကုန်စိမ်းရောင်းသူတစ်ဦးထံမှ သိရှိရပါသည်။ သံပရာသီးနှင့် သံပယိုသီးများကို သံပရာဖျော်ရည်၊ သံပရာယို၊ အသုပ်မျိုးစုံနှင့် သရေစာတို့တွင် ထည့်သွင်းစားသုံးပြီး လူသုံးကုန်နှင့် ကျန်းမာရေး အတွက်လည်း သုံးစွဲခြင်းကြောင့် သံပုရာသီးကို သုံးစွဲသူများ များပြားကြကြောင်းလည်း သိရှိရပါ သည်။

   ၂၀၂၅ ခုနှစ် ၊ ယခုသြဂုတ်လပထမပတ်တွင် မြိတ်မြို့ပေါ်ရှိ သံပရာသီးဈေးနှုန်းမှာ တစ်လုံးလျှင် (၁၀၀)ကျပ် ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ အုန်းသီးနုရည်(ခေါ်)အုန်းစိမ်းရည်

   တနင်္သာရီတိုင်းဒေသကြီးတွင် အုန်းပင်သည် အလွန်ပင်များပြားသော အပင်တစ်မျိုးဖြစ် သည်။ အုန်းပင်ကို မြန်မာနိုင်ငံအနှံ့အပြားနှင့် ပင်လယ်ကမ်းရိုးတန်းဒေသများတွင် အများအပြားပေါက်လေ့ရှိသည်။ တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်အတွင်းရှိ အုန်းသီးနုရည်ကို ဈေးကြီးများနှင့် လမ်းဘေးဈေးသည်များတွင် ရောင်းချလျက်ရှိကြောင်း တွေ့ရှိကြပါသည်။ အုန်းစိမ်းရည်ရောင်းချ ရန်အတွက် အုန်းစိမ်းရည်ကို ဒေသတွင်းစားသူံးသူများသောကြောင့် ဈေးကွက်ချဲ့ထွင်သူများ လည်းအလွန်ပင်များပြားလာကြောင်းလည်း သိရှိရပါသည်။ အုန်းစိမ်းရည်များကို အုန်းချိုမွှေးနှင့် အုန်းဂျယ်လီများလည်း ပြုလုပ်ရောင်းချကြကြောင်းလည်း သိရှိရပါသည်။ အုန်းစိမ်းရည်သည် ပိုတက်စီယမ်ကြွယ်ဝစွာ ပါဝင်သောကြောင့် အားအင်များကိုလည်း ပြန်လည်ဖြည့်တင်းပေးပါသည်။

    ယခု၂၀၂၅ခုနှစ် သြဂုတ်လပထမပတ်တွင် တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ အုန်းစိမ်းရည် တစ်လုံးလျှင် (၂၅၀၀)ကျပ်နှင့် (၃၀၀၀)ကျပ်ရှိကြောင်း အုန်းသီးနုရောင်းသူထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်တွင် ရောင်းချလျက်ရှိသော အခြေခံစားကုန်အခြေအနေ

  ၂၀၂၅ခုနှစ် သြဂုတ်လပထမပတ်တွင်း မြိတ်မြို့တွင် အခြေခံစားကုန်ဈေးနှုန်းမှာ ဖျာပုံဆန် တစ်ပြည်လျှင် (၅၇၀၀)ကျပ်၊ ဧည့်မထ(စူပါ)တစ်ပြည်လျှင် (၃၁၀၀)ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် (၇၂၅၀)ကျပ်၊ ငရုတ်ခြောက် တစ်ပိဿာလျှင် (၁၃၅၀၀)ကျပ်၊ ကြက်သွန်နီတစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း)တစ် ပိဿာလျှင်(၁၁၀၀၀)ကျပ်၊ ကြက်သွန်ဖြူ(ကြူဂုတ်)တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ ချင်းတစ် ပိဿာလျှင်(၈၀၀၀)ကျပ်၊ မြေပဲဆံတစ်ပိဿာလျှင်(၁၁၀၀၀)ကျပ်၊ ကုလားပဲခြမ်းတစ်ပိဿာ လျှင်(၇၅၀၀)ကျပ်၊ အာလူးတစ်ပိဿာလျှင် (၇၅၀၀)ကျပ်၊ ဂေါ်ဖီထုတ်တစ်လုံးလျှင်(၅၅၀၀) ကျပ်၊ ခရမ်းချဥ်သီးတစ်ပိဿာလျှင် (၅၅၀၀)ကျပ်၊ ကြက်သား(cp)တစ်ပိဿာလျှင် (၂၂၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၃၇၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၂၇၀၀၀)ကျပ်၊ ဆိတ်သား တစ်ပိဿာလျှင် (၄၀၀၀၀) ကျပ်ဖြင့် ရောင်းချကြကြောင်း သိရှိရပါသည်။ ယခင်လထက် ဈေးနှုန်းများ တက်နေကြောင်းလည်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း