ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း ( ၂၇.၂.၂၀၂၄ )

   ၂၇.၂.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တောင်ငူခရိုင်၊ ဖြူးမြို့နယ်မှ တံမြက်စည်းတံရိုးဈေးကွက်

      ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ စိမ်ကြီးကျေးရွာတွင် ဒေသထွက်ကုန်ဖြစ်သော တံမြက်စည်းတံ ချိုးခြင်းလုပ်ငန်းကို ရွာသူရွာသားများက ပဲခူးရိုးမတောင်ကို အမီပြု၍ လုပ်ကိုင်ကြပါသည်။ ဒေသတွင်းထွက်သော အိမ်သုံးတံမြက်စည်းချောင်းများ ဖြစ်ရန်အတွက် အနောက်ဘက်ရှိ ပဲခူးရိုးမ တောင်ပေါ်သို့ စားသောက်ဖွယ်ရာများယူဆောင်ပြီး ခြေလျင်ဖြင့်လည်းကောင်း၊ ဆိုင်ကယ်ဖြင့်လည်းကောင်း တက်ရောက်၍ နှစ်ရက် သုံးရက်ခန့် တံမြက်စည်းချိုးရပါသည်။

       တောင်ပေါ်မှ တစ်ခေါက်ပြန်ဆင်းလာလျှင် တံမြက်စည်းတံ ပိဿာချိန် ၁၀၀ မှ ၁၅၀ အထိ ပါရှိပါသည်။ ရွာသို့ရောက်လျှင် တံမြက်စည်းတံများအား နေပြန်လှန်း၍ သေသပ်လှပအောင် ခုတ်ထစ်ပြီး ညီညာစွာ ပြန်စီရပါသည်။ ခြောက်သွေ့သွားသော တံမြက်စည်းတံများကို ဈေးကွက်သို့ ပို့ရန်အတွက် အချောင်း ၁၀၀ လျှင် အစည်းတစ်စည်း စည်းရပါသည်။

        တံမြက်စည်းတံ အချောင်း ၁၀၀ တစ်စည်းလျှင် ယခင်က ၅၀၀ ကျပ်သာရောင်းရသော် လည်း ယခုအခါတစ်စည်းလျှင် ၈၀၀ ကျပ်ဖြင့် တံမြက်စည်းတံဝယ်ယူသူများထံသို့ ရောင်းချရပါ သည်။ ၎င်းမှတစ်ဆင့်ဝယ်ယူသူများက ဝယ်ယူစုဆောင်းရရှိသောတံမြက်စည်းတံများကို တံမြက်စည်း လုပ်ငန်းများသို့ ထော်လာဂျီများဖြင့် တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၇.၂.၂၀၂၄ )

      ၂၇.၂.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ပေါက်မြို့နယ်၌ ပဲစင်းငုံစိုက်တောင်သူများ အကျိုးအမြတ်ရရှိ

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၌ (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်တွင် ပဲစင်းငုံသီးနှံစိုက်ဧက(၃၅၀၀)ဧကခန့်စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ဧကအလိုက် သီးသန့်စိုက်ပျိုးခြင်းမရှိဘဲ မြေပဲ၊ ပြောင်း၊ ကုလားပဲ၊ ပဲတီစိမ်းစိုက်ခင်းများတွင် သီးညှပ်အဖြစ် စိုက်ပျိုးကြောင်း၊ ပဲစင်းငုံ(အနီ/အဝါ)မျိုးကို စိုက်ပျိုးကြောင်းသိရှိရသည်။ မိုးဦးကာလဖြစ်သော ဇွန်လနှင့် ဇွန်လိုင်လတို့တွင်စိုက်ပျိုးပြီး ဒီဇင်ဘာလတွင် သီးနှံရိတ်သိမ်းကြောင်း၊ စိုက်ခင်းများကြား သီးညှပ်စိုက်ပျိုးခြင်းဖြစ်၍ ကုန်ကျစရိတ်သက်သာပြီး အလွယ်တကူရရှိသောသီးနှံဖြစ်၍ ဒေသစီးပွားအဖြစ် နှစ်စဉ်မပြတ်စိုက်ပျိုးကြောင်းသိရှိရသည်။

       ပဲစင်းငုံသီးနှံတစ်ဧကစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်အနေဖြင့် ကျပ်(၃၀၀၀၀၀)ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တောင်သူတစ်ဦးချင်း စိုက်ပျိုးချိန်ရာသီဥတုအနေအထား၊ မြေသားကွာခြားမှုအပြင် သွင်းအားစုအမျိုးမျိုးသုံးစွဲပုံမတူညီ၍ တစ်ဧကလျှင် (၈-၁၂)တင်းထိထွက်ရှိကြောင်း၊ တစ်တင်းလျှင် သီးနှံပေါ်ချိန်မှ ယနေ့ထိ ဈေးကွက်ဝယ်လိုအားအပေါ်မူတည်ပြီး ဈေးနှုန်းပြောင်းလဲမှုရှိကြောင်း၊ သီးနှံပေါ်စတစ်တင်းလျှင် ဒေသပေါက်ဈေး ကျပ်(၁၀၂၀၀၀)ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုအချိန်တွင် တစ်တင်းလျှင် ကျပ်(၁၂၀၀၀၀)၊ ယခင်နှစ်တွင် ကျပ်(၇၂၀၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ယခုနှစ်တွင် ကျပ်(၄၈၀၀၀)ခန့်ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ ပဲစင်းငုံတစ်ဧကအထွက်နှုန်း (၈)တင်းနှုန်းဖြင့်တွက်ချက်ပါက ကျပ်(၁၀၀၀၀၀)သိန်းခန့်ဝင်ငွေရရှိပြီး အကျိုးအမြတ်အနေဖြင့် ကျပ်(၇) သိန်းခန့်ရရှိကြောင်း၊ ပေါက်မြို့နယ်မှထွက်ရှိသည့် ပဲစင်းငုံများကို စီးပွားရေးဈေးကွက်အချက်အချာကျသည့် ပခုက္ကူမြို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ပေါက်မြို့နယ်၊ မြောက်ဘက်ကျေးရွာရှိ စိုက်တောင်သူ ဦးမြင့်ငွေထံမှသိရှိရပါသည်။

       ပဲစင်းငုံသီးနှံမှာ စိုက်ပျိုးကာလ(၆)လခန့်ကြာမြင့်ခြင်းဖြစ်၍ တောင်သူများအနေဖြင့် သီးထပ်စိုက်ပျိုးခြင်းများအပြင် စိုက်ပျိုးနိုင်သည့်မြေလွတ်များတွင် တိုးချဲ့စိုက်ပျိုးရန် အကောင်းဆုံး သီးနှံတစ်မျိုးဖြစ်သည်။ စိုက်တောင်သူများအနေဖြင့် ပြည်ပပို့ကုန်သီးနှံဖြစ်သော ပဲစင်းငုံကို ယခုနှစ်တွင် ဈေးကွက်ခိုင်မာပြီး အကျိုးအမြတ်များစွာရရှိသောကြောင့် လာမည့်စိုက်ပျိုးရာသီတွင်လည်း တိုးချဲ့စိုက်ပျိုးသွားကြမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

တောင်ငူခရိုင် ရေတာရှည်မြို့မှ ဘဂဝါသဘာဝအားဖြည့်ဆေး

           တောင်ငူခရိုင်၊ ရေတာရှည်မြို့၊ အမှတ်(၂)ရပ်ကွက်၊ သုခလမ်းရှိ မဟာတိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးမှ ထုတ်လုပ်သော ဘဂဝါအမှတ်တံဆိပ် သဘာဝအားဖြည့်ဆေးသည် လူကြိုက်များပြီး ရောင်းအားကောင်းလျက်ရှိပါသည်။

              အိပ်ချင်သော်လည်း အိပ်မပျော်သူများ၊ ဟင်းကောင်းပြီး ထမင်းစားမကောင်းသူများ၊ အထိုင်များခြင်းကြောင့် ခါးနာခြင်း၊ ထုံကျဉ်ကိုက်ခဲ ညောင်းညာခြင်းဖြစ်သူများ၊ အာရုံကြော အားနည်း၍ စိတ်မကြည်မလင်ဖြစ်သူများ၊ နလန်ထခါစ လူမမာများ အားနည်းခြင်း၊ အားကစားသမား များ သွက်လက်ပေါ့ပါးမှုမရှိခြင်း အတွက် အထူးကောင်းမွန်သည့် သဘာဝအားဖြည့်ဆေး ဖြစ်ပါသည်။

        ထို့အပြင် ဝမ်းချုပ်ခြင်း၊ လိပ်ခေါင်းဖြစ်ခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း၊ ခန္ဓာ ကိုယ်အပူအအေးမမျှခြင်း၊ ချွေးထွက်များခြင်း၊ အမျိုးသားများ ဒူလာရောဂါဖြစ်ခြင်းအတွက်လည်း မှီဝဲသင့်သည့် ဆေးကောင်း ဖြစ်ပါသည်။ အမျိုးသမီးများ သွေးသားသန့်စင်စေခြင်း၊ အူလမ်းကြောင်း အတွင်းရှိ ဘက်တီးရီးယားပိုးမွှားများကို ရှင်းလင်းပေးခြင်းကြောင့် ပျို့အန်ခြင်း၊ လေချဉ်တက်ခြင်း၊ ရင်ပူခြင်း၊ လေနှင့်ဝမ်းမကွဲ ဖြစ်နေသူများအတွက် အထူးကောင်းမွန်ပါသည်။

       အစာစားပြီး နာရီဝက်ကြာမှ လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့် တစ်နေ့ (၃)ကြိမ် မှီဝဲသုံးစွဲ ရပါမည်။ နှလုံး၊ သွေးတိုး၊ ဆီးချို၊ အစာအိမ်၊ လေးဖက်နာ၊ လေငန်း၊ ကျောက်ကပ်ရောဂါရှိသူများ လည်း မှီဝဲသုံးစွဲနိုင်ပါသည်။ လူအများ  နေ့စဉ်မစားသုံးဖြစ်သော ချိုချဉ်အေးခါး အရသာများကို ဆေး အဖြစ် စီမံဖော်စပ်ထားသောကြောင့် ကျန်းမာရေးအတွက် အထူးသင့်လျော်သော သဘာဝအားဖြည့် ဆေးတစ်မျိုးဖြစ်ပါသည်။

       ဆေးတစ်ဖုံတွင် ထန်းလျက် ၃၀ ကျပ်သား၊ မန်ကျည်းမှည့် ၂၀ ကျပ်သား၊ ကန့်ကလာ ၅၀ ကျပ်သား၊ ရှားစောင်းလက်ပတ် ၁၀ ကျပ်သား၊ သစ်ကြံ့ပိုး ၅ ကျပ်သား၊ ဗန်ဒါစေ့ ၅ ကျပ်သား၊ ဆားပုပ် ၃ ကျပ်သား၊ ဆေးပိုးတီ ၃ ကျပ်သား၊ ထောပတ် ၁ ကျပ်သား၊ နှမ်းဆီတစ်ကျပ်သားဖြင့် ဖော်စပ် ထားပြီး ဘေးဥပါဒ်ဖြစ်စေသော ဓါတုဆေးဝါးများ လုံးဝ မပါဝင်ကြောင်း သိရှိရပါသည်။

          ဘဂဝါ သဘာဝအားဖြည့်ဆေးကို တစ်ဗူးလျှင် ၅၀၀၀ ကျပ်ဖြင့် အမြို့မြို့၊ အနယ်နယ် သို့ ဖြန့်ဖြူးရောင်းချလျက်ရှိပါသဖြင့် မြန်မာတိုင်းရင်းဆေးရောင်းချသည့် ဆိုင်များတွင် အလွယ်တကူ ဝယ်ယူနိုင်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဆိပ်ဖြူကြက်သွန်နီ၏ ဖေဖော်ဝါရီလ(တတိယပတ်)တွင်ဖြစ်ပေါ်နေသော ဈေးကွက်အခြေအနေ

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူကုန်စည်ဒိုင်ကြက်သွန်နီဈေးကွက်သို့ ဖေဖော်ဝါရီလ(တတိယပတ်)တွင် ကြက်သွန်နီစိုက်ပျိုးရာဒေသများမှ ကုန်စည်ဒိုင်ဈေးကွက်သို့ မိုးကြက်သွန်နီများ ဥပုသ်နေ့မှလွဲ၍ နေ့စဉ်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိရာ တစ်ရက်လျှင် ကုန်ချိန်ပိဿာ(၃)သောင်းမှ (၅)သောင်းအထိဖြစ်ပြီး တစ်ပတ်အတွင်း ပိဿာ(၂)သိန်းခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်ဖေဖော်ဝါရီလ (ဒုတိယပတ်)ထက် ကြက်သွန်နီကုန်ချိန်ပိဿာအဝင် လျော့နည်းသွားကြောင်း၊ မိုးကြက်သွန်နီများ တူးဖော်ရာသီကုန်ဆုံးချိန်နီး၍ ကုန်ဝင်နည်းကြောင်း ဈေးကွက်မှသိရှိရသည်။

      ကြက်သွန်နီဈေးကွက်အနေဖြင့် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(တတိယပတ်)တွင် ကြက်သွန်နီဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ မိုးကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေးမှာ ထိပ်စ ကျပ်(၂၂၂၅)၊ အလတ်စ ကျပ်(၂၀၅၀)၊ အနိမ့်စ ကျပ်(၁၆၀၀)အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ယခင်ဖေဖော်ဝါရီလ (ဒုတိယပတ်)တွင် ကြက်သွန်နီထိပ်စတစ်ပိဿာလျှင် ကျပ်(၂၁၀၀)၊ အလတ်စ ကျပ်(၁၈၇၅)၊ အနိမ့်စ ကျပ်(၁၄၀၀)ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

       ယခင်အပတ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ရမည်ဆိုလျှင် ယခုဖေဖော်ဝါရီလ (တတိယပတ်)တွင် မိုးကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေးနှုန်းမှာ ထိပ်စ ကျပ်(၁၂၅)၊ အလတ်စ ကျပ်(၁၇၅)ခန့်၊ အသေးစ ကျပ်(၂၀၀)ခန့်ဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ထိုသို့ဈေးနှုန်းမြင့်တက်ရခြင်းမှာ ပြည်ပဝယ်လိုအားဈေးကွက်များခြင်းနှင့် ဒေသတွင်းမိုးကြက်သွန်နီ(အသစ်)များ ကုန်လက်ကျန်နည်းခြင်းကြောင့်ဖြစ်ကြောင်းသိရှိရသည်။ 

     ဆိပ်ဖြူမြို့မှထွက်ရှိသည့် ကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ပြည်၊ ပုသိမ်မြို့နှင့် မြဝတီမြို့မှတစ်ဆင့် ထိုင်း၊ ဗီယက်နမ်နိုင်ငံများသို့ ကြက်သွန်နီကုန်ချိန်ပိဿာ (၃)သိန်း ခန့်၊ တန်ချိန်အားဖြင့် (၄၉၀)တန်ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

         

တောင်ငူမြို့မှ ငှက်ပျောသီး၊ အုန်းသီးဈေးနှုန်းဈေးကွက်

       မြန်မာလူမျိုးတို့သည် အလှူ၊ မင်္ဂလာဆောင်နှင့် ရိုးရာနတ်ပွဲများတွင် ငှက်ပျောသီးနှင့် အုန်းသီးတို့မှာ မပါမရှိဖြစ်ရာ အလှူ၊ မင်္ဂလာဆောင်ပေါများသည့် ယခုကာလတွင် ငှက်ပျောသီးနှင့် အုန်းသီးတို့မှာ ရောင်းအားကောင်းလျက်ရှိပါသည်။

         ရခိုင်ငှက်ပျောသီးမှာ မိုးတွင်းကာလက တစ်ဖီးလျှင် ၆၀၀ ကျပ်မှ ၁၀၀၀ ကျပ် အထိရှိရာမှ ယခုအခါတွင် တစ်ဖီးလျှင် ၁၃၀၀ ကျပ်မှ ၁၈၀၀ ကျပ်အထိဈေးနှုန်း မြင့်တက်ပါသည်။ ရွှေနီငှက်ပျောသီးမှာ မိုးတွင်း ကာလက တစ်ဖီးလျှင် ၂၅၀၀ ကျပ်မှ ၃၅၀၀ ကျပ်အထိရှိရာမှ ယခု အခါ ၇၀၀၀ ကျပ်အထိ ဈေးနှုန်း မြင့်တက်ပါသည်။

       သီးမွှေးမှာ မိုးတွင်းကာလက တစ်ဖီးလျှင် ၂၀၀၀ ကျပ်မှ ၃၅၀၀ ကျပ်အထိရှိရာမှ ယခုအခါတွင် ၅၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်ပါသည်။ ဖီးကြမ်းမှာ မိုးတွင်းကာလက တစ်ဖီးလျှင် ၁၅၀၀ ကျပ်မှ ၂၅၀၀ ကျပ်အထိ ရှိရာမှ ယခုအခါ တစ်ဖီးလျှင် ၃၅၀၀ ကျပ်အထိ ဈေးနှုန်း မြင့်တက်ပါသည်။

         ပွဲတင်အုန်းသီးမှာ မိုးတွင်းကာလက တစ်လုံးလျှင် ၁၀၀၀ ကျပ်မှ ၁၅၀၀ ကျပ်အထိရှိပြီး ယခုအခါတွင် ၂၅၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်ကြောင်းနှင့် အရောင်းအဝယ်မှာလည်း သွက်လျက် ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့မှ သခွားသီးစိုက်ပျိုးရေး

       တောင်ငူမြို့နယ်၊ ပေါင်းလောင်းတိန်ကျေးရွာသည် ဟင်းသီးဟင်းရွက်များစိုက်ပျိုးဖြစ် ထွန်းလျက်ရှိရာ သခွားသီးကိုလည်း တောင်သူအများစု စိုက်ပျိုးကြပါသည်။ သခွားသီးသည် တစ်နှစ် ပတ်လုံးစိုက်ပျိုးနိုင်သော်လည်း မိုးရာသီတွင်မူ အထွက်နှုန်းနည်းပါးသည်။

        သခွားသီးစိုက်ပျိုးရာတွင် ဘောင်များပြုလုပ်၍ ဘောင်ပေါ်တွင် ကျင်းကလေးများတူးပြီး သခွားစေ့ကို ကျင်းထဲထည့်ကာ မြေဆွေးပြန်ဖုံးပေးရပါသည်။ စိုက်ပျိုးထားသည့် သခွားစေ့များ အပင်မထွက်မချင်း နေ့စဉ်ရေလောင်းပေးရပါသည်။ အပင်ပေါက်လာပါက အနွယ်တက်နိုင်ရန် ကိုင်းတံများ ထောင်ပေးရပါသည်။

       သခွားအနွယ်များတက်လာပါက အပင်အားဆေးဖျန်းပေးရပါသည်။ ထို့နောက်အပွင့်များ ဝေဆာလာပါက ပိုးသတ်ဆေးဖျန်း၍ အသီးအားဆေး ဖျန်းပေးရပါသည်။ အသီးကင်းများထွက်လာပါက နှစ်ပတ်အကြာတွင် စတင်ဆွတ်ခူးနိုင်ပါသည်။

       သခွားသီးကို ငါးပိရည်အတို့ တို့၍လည်းကောင်း၊ သုပ်စား၍လည်းကောင်း၊ သခွားသီး ဟင်းရည်အဖြစ်လည်းကောင်း စားသုံးကြပါသည်။ ယခုအခါတွင် ပေါင်းလောင်းတိန်ကျေးရွာမှထွက်သော သခွားသီးများကို တောင်ငူမြို့ ညောင်ပင်ဈေးသို့ တစ်ပိဿာလျှင် ၁၀၀၀ ကျပ်ဖြင့် လာရောက် ရောင်းချရကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့၏ ပြောင်းဖူးဈေးကွက်

       ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့သစ်ဈေးတွင် ရောင်းချနေသော ပြောင်းဖူးများကို ပုတီးကုန်း၊ သဲကုန်းမြို့များမှ ရထားနှင့်သော်လည်းကောင်း၊ ကားများဖြင့်သော်လည်းကောင်း၊ ပြည်မြို့သို့ တင်ပို့ရောင်းချလျက်ရှိပြီး ပြည်မြို့နယ်၊ မှော်ဇာကျေးရွာ၊ တောင်ခွေးရဲ ကျေးရွာများတွင်လည်း အများဆုံးစိုက်ပျိုးရောင်းချနေကြောင်း သိရှိရပါသည်။ ထွက်ရှိလာသော ပြောင်းဖူးများကို ရန်ကုန်သို့လည်း တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

          ယခုအချိန်တွင် ထွက်ရှိသော ပုတီးကုန်းပြောင်းနှင့် သကြားပြောင်း (ခ) ပြောင်းဝါများကို စားသုံးသူများက ရာသီစာအဖြစ် စားသုံးကြပါသည်။ ပြောင်းဖူးများကို ပြုတ်၍လည်းစားသုံးကြသလို လက်ဖက်နှင့်သုပ်၍လည်း စားသုံးကြပါသည်။ ပြောင်းဖူးသက်သက်ပြုတ်၍လည်း စားသုံးကြပါသည်။ အချပ်လိုက်ကြော်၍လည်း စားသုံးကြသည်။

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ မြို့သစ်ဈေးတွင် ပုတီးကုန်းပြောင်းဖူးအစိမ်း တစ်ဖူးလျှင် (၄၀၀)ကျပ်၊ သကြားပြောင်း (ခ) ပြောင်းဝါစိမ်း တစ်ဖူးလျှင် (၆၀၀)ကျပ်ဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။ ပြည် - ရန်ကုန်ရထားပေါ်တွင်လည်း ပြောင်းဖူးပြုတ်များကို စားသုံးသူ ခရီးသည် များက ဝယ်ယူစားသုံးမှုကြောင့် ရောင်းအားကောင်းလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ရွှေတောင်မြို့နယ်တွင် ရောင်းအားကောင်းနေသည့် ရာသီပေါ်မေမြို့ပန်း

     ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၊ မြို့မအုပ်စု၊ ရေကျော်ကျေးရွာတွင် မေမြို့ပန်းများ စိုက်ပျိုးထားသဖြင့် ကွင်းဆင်းလေ့လာခဲ့ပါသည်။

       (၂၂.၂.၂၀၂၄)ရက်နေ့ ၊  နံနက် (၁၀:၀၀)နာရီအချိန်တွင် ရေကျော်ကျေးရွာရှိ မေမြို့ပန်း စိုက်ကွင်းသို့ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသွားရောက်ခဲ့ရာ စိုက်ပျိုးသည့်မျိုးမှာ ကြွေဖြူမျိုးဖြစ်ပြီး တစ်ဧကလျှင် အပင်ပေါက်(၈၀၀၀)ကျော်ခန့် စိုက်ပျိုးရပါသည်။ မေမြို့ပန်းကို သီတင်းကျွတ်လတွင် စိုက်ပျိုးပြီး ပြာသိုလတွင် စတင်ခူးဆွတ်၍ ရောင်းချရပါသည်။ မေမြိုပန်းကို စတင်စိုက်ပျိုးချိန်မှစ၍ ခူးဆွတ်ချိန်အထိ စုစုပေါင်း ကုန်ကျ စရိတ်မှာ သိန်း(၂၀)ကျော်ကုန်ကျကြောင်း သိရှိရပါသည်။  မေမြို့ပန်းများထွက်ပေါ်ချိန်တွင် တစ်ခါခူးဆွတ်လျှင် အပင်ရေ(၄၅၀၀)ကျော် ခူးဆွတ်ပြီး တစ်ရက်ခြားတစ်ခါ ခူးဆွတ်ရပါသည်။ ထွက်ပေါ်ချိန်တွင် ပန်းကို (၁)လကြာကြာ ခူးဆွတ်၍ ရောင်းချကြောင်း သိရှိရပါသည်။  မေမြို့ ပန်းဈေးများအနေဖြင့် (၂)ကိုင်းပါရှိသော ပန်းစီး တစ်စီးလျှင်(၁၀၀)ကျပ်ဖြင့် အခင်းထဲထိ လာရောက်ဝယ်ယူသော ရွှေတောင်မြို့မှ ပန်းဒိုင်များကို လက်ကားရောင်းချပြီး ထိုမှတစ်ဆင့် မြို့ပေါ်ရှိ ဈေးကွက်များသို့ တင်ပို့ရောင်းချကြောင်းသိရပါသည်။ ဈေးကွက်များတွင်ရောင်းချသော မေမြို့ပန်းမှာ တစ်စီးလျှင်(၃၀၀)ကျပ်ဖြင့် ရောင်းချသဖြင့် တစ်ဆင့်ရောင်းချသူများအနေဖြင့်လည်း တွက်ချေကိုက်သောပန်းဖြစ်ပါသည်။ တောင်သူအကျိုးအမြတ်မှာ ဈေးနှုန်း၊ ဈေးကွက်ပေါ်မူတည်ပြီးကွာခြား၍ ခန့်မှန်းခြေအကျိုးအမြတ်အနေဖြင့်  ရာသီချိန်တွင် (၁၀)သိန်း ကျော်ခန့်အမြတ်အစွန်းရရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း