ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေတောင်မြို့နယ်တွင် ကြယ်ဖြူပန်း စိုက်ပျိုး၍အပိုဝင်ငွေများရရှိ

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အင်ကြင်းစင်ကျေးရွာတွင် ကြယ်ဖြူပန်းများ စိုက်ပျိုးထားရှိသဖြင့် ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက် လေ့လာခဲ့ရာ တောင်သူ ဦးလှထွန်းမြင့် မှ စိုက်ပျိုးထားသော ကြယ်ဖြူပန်းများကို ပြင်ဦးလွင်မှ တစ်ပင်လျှင် (၁၀)ကျပ်နှုန်းဖြင့် အပင်ရေ(၁၅၀၀)ခန့်ကို ဝယ်ယူစိုက်ပျိုးထားကြောင်း သိရှိရပါသည်။ ကြယ်ဖြူပန်းစိုက်ပျိုးထုတ်လုပ် ကုန်ကျစရိတ်အနေဖြင့် (၅)သိန်းခန့်ကုန်ကျပြီး  နတ်တော်လဆန်းမှ စတင်၍စိုက်ပျိုးကာ တပို့တွဲလဆန်းတွင် ခူးယူရောင်းချရပါသည်။ ပန်းများ ထွက်ပေါ်ချိန်တွင် ပန်းဒိုင်များမှ လာရောက်ဝယ်ယူကြသဖြင့် ဘုရားပန်းအိုးတစ်အိုးထိုးစာ ပန်းတစ်စည်းလျှင် ၁၀၀-၁၅၀ကျပ်ဖြင့် ရောင်းချကြောင်းသိရှိရပါသည်။ ဈေးများတွင် လက်ကား‌ ရောင်းချရာ ပန်းတစ်စည်းလျှင် ၃၀၀ကျပ်ဖြင့် ရောင်းချသဖြင့် တစ်ဆင့်ခံရောင်းချသူများ အနေဖြင့်လည်း အမြတ်အစွန်းများရရှိသလို ပန်းစိုက်တောင်သူများအနေဖြင့်လည်း ကြယ်ဖြူပန်း ရာသီချိန်တွင် အကျိုးအမြတ်အနေဖြင့် ပျမ်းမျှ သိန်း(၂၀)ခန့်ရရှိကြောင်း သိရှိရပါသည်။

     ထို့ကြောင့် ရွှေတောင်မြို့နယ်တွင် ပန်းများစိုက်ပျိုးသူတောင်သူများအနေဖြင့် တွက်ချေကိုက်ပြီး အပိုဝင်ငွေများရရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

 

ပဲရိတ်သိမ်းကာလ ပဲသယ်ခြင်းနှင့် ဖရဲသီးများ အရောင်းသွက်

    နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်း ယခု ဖေဖေါ်ဝါရီလ ဒုတိယပတ်တွင် မတ်ပဲများ လှိုင်လှိုင်ရိတ်သိမ်းနေချိန်ဖြစ်ပြီး  မတ်ပဲများ ရိတ်ခြွေရာတွင် မတ်ပဲသယ်ခြင်းများကို အသုံးပြုကြသည့်အတွက် ဈေးကွက်အတွင်း ပဲသယ်ခြင်းများ ရောင်းအားကောင်းလျက်ရှိပါသည်။ ပဲသယ်ခြင်းများကို အဝိုင်းကွက်နှင့် လေးထောင့်ကွက်စသည်ဖြင့် (၂)မျိုး ရောင်းချနေပြီး အရည်အသွေးကို လိုက်၍ ပဲသယ်ခြင်း တစ်ခြင်းကို  (၅၀၀၀-၇၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။

     ပဲသယ်ခြင်းများ ရောင်းအားကောင်းနေသလို ပဲရိတ်ခြွေရာတွင် ကျွေးရန် ဖရဲသီးများ ဝယ်ယူသည့်အတွက် ဈေးကွက်အတွင်း ဖရဲသီးများလည်း အရောင်းသွက်နေကြောင်း သိရှိရပါသည်။ ယခုအချိန်တွင် ဖရဲသီးများလည်း လှိုင်လှိုင်ထွက်ရှိနေချိန်ဖြစ်ပြီး ဖရဲအကြားသီး၊ အကြီး တစ်လုံး (၅၀၀၀-၄၀၀၀) ကျပ် ၊ အလတ်တစ်လုံးလျှင် (၃၅၀၀-၃၀၀၀) ကျပ် ၊ အသေးတစ်လုံးလျှင် (၂၀၀၀-၁၅၀၀ ) ကျပ်နှုန်းဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များ၌ မတ်ပဲဈေးနှုန်းနှင့် စီးထွက်မှုအခြေအနေ

     ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် မတ်ပဲဈေးနှုန်းမှာ ဇန်နဝါရီလနောက်ဆုံးပတ်တွင် ပိဿာ(၂၀) တစ်တင်းလျှင် အနိမ့်ဆုံး (၁၀၀၂၀၀)ကျပ်ခန့်နှင့် အမြင့်ဆုံး (၁၀၁၅၀၀) ကျပ်ထိ ရှိပြီး ယခုဖေဖော်ဝါရီလ တတိယပတ်အတွင်းမှာတော့ ပိဿာ (၂၀) တစ်တင်းလျှင် အနိမ့်ဆုံး (၉၈၇၀၀) ကျပ်ခန့်မှ အမြင့်ဆုံး (၁၀၀၂၀၀) ကျပ်ထိ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စီးထွက်မှုအနေနဲ့ ဇန်နဝါရီလအတွင်း ခရိုင်အတွင်းမှ ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ အိတ်လုံးရေ (၁၆၀၂၅၀) ခန့်ထိ တင်ပို့နိုင်ခဲ့ပြီး ယခုလဖေဖော်ဝါရီလ တတိယပတ်ထိ တင်ပို့မှုမှာ အိတ်လုံးရေ (၁၀၈၃၀၀) ခန့်ထိ တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

သာယာဝတီခရိုင်တွင် သက်သာသောဈေးနှုန်းဖြင့် ဆန်၊ဆီ၊ကြက်ဥ၊ ငါးနှင့် ဟင်းသီးဟင်းရွက်များ ရောင်းချပေးခြင်း

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ၁၉.၂.၂၀၂၄ ရက်နေ့တွင် ကိုယ်တိုင်စိုက်ပျိုး/ မွေးမြူထုတ်လုပ်သူ များက တိုက်ရိုက်ရောင်းချပေးသည့် ဈေးကားများဖြင့် သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စည်ပင်သာယာစိုက်ပျိုးရေးဌာန၊ မွေးမြူရေးဌာန၊ စားသုံးသူ‌ရေးရာဦးစီးဌာနတို့မှ ပူးပေါင်း ရောင်းချပေးလျက်ရှိပါသည်။

    သာယာဝတီမြို့နယ် သာယာဝတီမြို့ဈေးရပ်ကွက်ဈေးလမ်းရှိ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ် ရောင်းချသူများ၏ဈေးတွင် ၁၉.၂.၂၀၂၄ ရက်နေ့က မနောသုခဆန်(၁)ပြည်လျှင် ၃၀၀၀/ ကျပ်ဈေးနှုန်း ဖြင့် ဆန်အိတ် (၅)အိတ်၊ ကြက်ဥ ၁လုံးလျှင် ၂၀၀ ကျပ်ဈေးနှုန်းဖြင့် အလုံးရေ (၈၀၀) လုံး၊ ဆီပိဿာ (၁၁၀)ပိဿာ၊ ကြက်သားပိဿာ(၃၀)ပိဿာ၊ ငါးမြစ်ချင်း(၃၀)ပိဿာနှင့် ဟင်းသီးဟင်းရွက် မျိုးစုံ ရောင်းချပေးလျှက်ရှိပါသည်။ လက်ပံတန်းမြို့ စက်မှုလက်မှုသိပ္ပံကျောင်းတွင် ဆန်အိတ်(  ၆) အိတ်၊ ကြက်ဥ အလုံးရေ(၁၆၃၀)၊ ဆီပိဿာ (၇၈) ပိဿာ၊ ကြက်သားပိဿာ (၃၀)ပိဿာ၊ ငါးမြစ်ချင်း(၁၅) ပိဿာနှင့် ခရမ်းချဉ်သီး၊ မုန်လာဥ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်နှင့် ဟင်းသီးဟင်းရွက်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဆိပ်ဖြူမြို့ပေါ်ရှိ စားသုံးဆီဈေးကွက်အခြေအနေ

  မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့ပေါ်တွင် စားသုံးဆီလက်လီလက်ကားအရောင်းဆိုင်(၁၈)ဆိုင်ရှိပြီး နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (တတိယပတ်) တွင် စားသုံးဆီဈေးနှုန်းများအနည်းငယ်မြင့်တက်လျက်ရှိပြီး ဆုံပဲဆီသန့်တစ်ပိဿာလျှင် ကျပ် (၁၆၀၀၀)၊ စက်ပဲဆီတစ်ပိဿာလျှင် ကျပ်(၁၄၀၀၀မှ ၁၄၅၀၀)၊ ပဲစက်ကျဆီ တစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ပဲရောဆီတစ်ပိဿာလျှင် ကျပ်(၈၀၀၀မှ ၉၀၀၀)၊ နှမ်းဆီတစ်ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ နှမ်းရောဆီတစ်ပိဿာလျှင် ကျပ်(၉၀၀၀မှ ၁၂၀၀၀)၊ စားအုန်းဆီတစ်ပိဿာလျှင် ကျပ်(၅၈၀၀) ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရသည်။

     ယခင်ဇန်နဝါရီလ (တတိယပတ်)ဈေးနှုန်းတို့နှင့်နှိုင်းယှဉ်ပါက မြေပဲ/ နှမ်းဆီတစ်ပိဿာလျှင် ကျပ်(၁၀၀၀)ခန့်ဈေးနှုန်းမြင့်တက်လျက်ရှိပြီး စားသုံးဆီဈေးနှုန်းများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း၊ ကျန်စားသုံးဆီများမှာ ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်နေကြောင်း၊ ဒေသတွင်းဆီထွက်သီးနှံဈေးနှုန်းမြင့်တက်၍ စားသုံးဆီဈေးနှုန်းမှာလည်း မြင့်တက်သွားကြောင်း မြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များမှသိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူကုန်စည်ဒိုင်၌ ဖေဖေါ်ဝါရီလ (တတိယပတ်) တွင် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်မှုအခြေအနေ

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်တွင် ပဲမျိုးစုံဖြစ်သော ပဲစင်းငုံနီ၊ ကုလားပဲအမျိုးမျိုး၊ ပဲယင်းနီ၊ ပဲယင်းဝါများ၊ပဲနီ၊ ပဲထောပတ်နှင့် တခြားပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။  ဖေဖေါ်ဝါရီလ (တတိယပတ်)တွင်   ပဲမျိုးစုံအရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စည်ဒိုင်မှသိရှိရပါသည်။  ယခုအပတ်တွင် အရောင်းအဝယ်ဖြစ်ခဲ့သောပဲများမှာ ပဲစင်းငုံနီ၊ ကုလားပဲဖြူလုံးကြီး၊ ပဲယင်း၊ ထောပတ်ပဲ၊ ပြောင်းဖူးစေ့ (CP)၊ ပဲလွန်းပြာနှင့် နေလဲစေ့တို့ဖြစ်သည်။  ပခုက္ကူကုန်စည်ဒိုင်သည် ပခုက္ကူမြို့၏ စီးပွားရေးအချက်အချာဖြစ်ပြီး ရောင်းဝယ်ဖောက်ကားရာတွင်လည်း နေရာဒေသစုံမှ လာရောက်အရောင်းအဝယ်ဖြစ်နေပါသည်။

      ၂၀၂၄ခုနှစ်၊ ဖေဖေါ်ဝါရီ (တတိယပတ်)တွင် ပခုက္ကူကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်ခဲ့သောပဲဈေးနှုန်းများမှာ ပဲစင်းငုံနီတစ်တင်းလျှင် ကျပ် (၁၂၂၂၀၀-၁၂၃၀၀၀-၁၂၅၂၀၀)၊ ပဲယင်း(မြစ်ခြေ) တစ်တင်းလျှင် ကျပ်(၅၁၀၀၀)၊ ပဲယင်းနီတစ်တင်းလျှင် ကျပ် (၆၉၀၀၀)၊ ကုလားပဲဖြူလုံးကြီး (V6) တစ်တင်းလျှင် ကျပ်(၈၇၅၀၀)၊ ပဲလွန်းပြာတစ်တင်းလျှင် ကျပ်(၆၇၀၀၀)၊ ကုလားပဲဝါလုံးကြီး (929) တစ်တင်းလျှင် ကျပ်(၈၆၀၀၀)၊ ကုလားဖြူလုံးကြီး(V2) တစ်တင်းလျှင် ကျပ်(၈၇၀၀၀)၊ ပဲပုတ်(ကျွန်း) တစ်တင်းလျှင် ကျပ်(၅၃၅၀၀)၊ ပြောင်းဖူးစေ့ (CP) တစ်တင်းလျှင် ကျပ်(၁၆၈၀၀)၊ နေလဲစေ့တစ်ပိဿာလျှင် ကျပ်(၇၆၀၀)ဖြစ်ပြီး အရောင်းအဝယ်ဖြစ်မှုအိတ်ရေမှာ ပဲစင်းငုံနီ (၅၀၀မှ ၂၀၀၀)၊ ပဲယင်း(မြစ်ခြေ) (၂၀၀)၊ ပဲယင်းနီ (၅၀၀)၊ ကုလားပဲဖြူလုံးကြီး (V6) (၁၀၀)၊ ပဲလွန်းပြာ (၂၀၀)၊ ကုလားပဲဝါလုံးကြီး (929) (၁၀၀)၊ ကုလားဖြူလုံးကြီး(V2) (၁၀၀)၊ ပဲပုတ်(ကျွန်း) (၅၀၀)၊ ပြောင်းဖူးစေ့ (CP) (၁၀၀၀)၊ နေလဲစေ့ပိဿာချိန် (၁၀၀၀၀) ဥပုသ်နေ့မှလွဲ၍ အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စည်ဒိုင်မှသိရှိရပါသည်။

DOCA(မကွေး)

ပျော်ဘွယ်မြို့၏ မုန့်ကြွပ်လုပ်ငန်း

       စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ရမည်းသင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းနှစ်ဦးသည် (၂၀-၂-၂၀၂၄) ရက်နေ့၊နေ့လယ် (၁၄:၀၀) နာရီချိန်တွင် ပျော်ဘွယ်မြို့နယ် မုန့်ကြွပ်လုပ်ငန်း လုပ်ကိုင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

      ပျော်ဘွယ်မြို့ရှိ ဆင်နှစ်ကောင်မုန့်ကြွပ်လုပ်ငန်း၊ ရွှေငါး မုန့်ကြွပ်လုပ်ငန်း၊ ပဒေသာမုန့်ကြွပ်လုပ်ငန်းရှင်များနှင့် သွားရောက်တွေ့ဆုံရာတွင် မုန့်ကြွပ်လုပ်ငန်းကို နှစ်ပေါင်းများစွာကတည်းက လုပ်ကိုင်လာခြင်းဖြစ်ကြောင်း သိရှိရပါသည်။

      မုန့်ကြွပ်ကို အဆင့် (၁) ဂျုံ၊ သကြား၊ ထောပတ်တို့ကို ရောနယ်ခြင်း၊ အဆင့် (၂) အပွခံ ပုံစံသွင်း ခြင်း၊ အဆင့် (၃) မီးဖုတ်ခြင်း (အစိုတစ်ကြိမ်၊ အခြောက်တစ်ကြိမ်)၊ အဆင့် (၄) အအေးခံခြင်း ၊ အဆင့် (၅) ထုပ်ပိုးခြင်းဟူ၍ အဆင့်ဆင့်ဆောင်ရွက်ရပါသည်။ လုပ်သားဦးရေ ကျား (၈) ယောက်၊ မ (၄) ယောက်ရှိပြီး လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ကုန်ကြမ်းရရှိမှုအနေဖြင့် ထောပတ်ကို ဒေသ တွင်းမှရရှိပြီး၊ ဂျုံ၊ နို့မှုန့်၊ မုန့်ပွဆေး၊ သကြားနှင့် ဆီများကို ရန်ကုန်မှ ဝယ်ယူကြပါသည်။

       (၁) ရက်လျှင် ဂျုံပိဿာ (၁၅၀) မှ (၂၀၀) ပိဿာ ကုန်ကြမ်းကုန်ကျပြီး၊ ကုန်ချောထွက်ရှိမှု အထုပ်သေး (၁၅၀၀) ထုပ်ခန့်၊ အထုပ်လတ် (၁၂၀၀) ထုပ်ခန့်၊ အထုပ်ကြီး (၈၀၀) ထုပ်ခန့် ထုတ်လုပ်နိုင်ကြောင်း သိရှိရပါသည်။

       စျေးနှုန်းအနေဖြင့် အခု (၂၀) ပါ အထုပ်သေး တစ်ထုပ်လျှင် (၂၀၀၀) ကျပ်၊ အခု (၂၀) ပါ အလတ်တစ်ထုပ်လျှင် (၂၇၀၀) ကျပ်၊ အခု (၂၀) ပါ အကြီးတစ်ထုပ်လျှင် (၃၀၀၀) ကျပ်၊ ရွှေလုံး ထောပတ်တစ်ထုပ် (၂၂၀၀) ကျပ် စျေးဖြင့် ရောင်းချရကြောင်း သိရှိရပါသည်။ စျေးကွက်အနေဖြင့် တစ်နိုင်ငံလုံးတင်ပို့ကြောင်း သိရှိရပါသည်။ နိုင်ငံတကာစျေးကွက်ရရှိရန်လိုအပ်ကြောင်း၊ လျှပ်စစ်မီး အခက်အခဲနှင့် ဝယ်ယူရန်အခက်အခဲများရှိကြောင်း၊ စက်လည်ပတ်ရန် ဆိုလာစနစ်ဆောင်ရွက်ပေး နိုင်လျှင် ပိုမိုအဆင်ပြေနိုင်ကြောင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ဒေသထွက်ကုန်မှ တန်ဖိုးမြှင့်ထုတ်ကုန် ကြက်သွန်နီကြော်လုပ်ငန်း

      ကြက်သွန်နီကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် မြန်မာလူမျိုးများ နေ့စဉ်စားသောက်နေသော ဟင်းလျာများတွင် မပါမဖြစ်စားသောက်ကြပါသည်။ ကြက်သွန်နီကို ဟင်းလျာထဲတွင်ထည့်၍ ချက်ပြုတ် စားသောက်ကြသည့်အပြင် ယခုအခါကြာရှည်ခံအောင် အမှုန့်ပြုလုပ်၍လည်းကောင်း၊ ကြော်၍လည်း ကောင်းပြုလုပ်ပြီး ဒံပေါက်၊ မုန့်ဟင်းခါး ၊နို့စိမ်းခေါက်ဆွဲ၊ မုန့်တီ၊ခေါက်ဆွဲနှင့် အသုပ်မျိုးစုံတို့တွင် ထည့်၍ စားသုံးကြပါသည်။

      ကြက်သွန်နီသည် မြန်မာဆေးကျမ်းများအရ ကျန်းမာရေးအတွက်ကောင်းမွန်ခြင်း၊ ဆီးချုပ် ရောဂါ၊ ဆီးပူရောဂါ၊နားပြည်ယိုရောဂါ၊ အော့အန်ရောဂါများကိုပျောက်ကင်းစေသဖြင့် ကြက်သွန်နီသည် အစာလဲဆေး၊ဆေးလဲအစာတစ်မျိုးဖြစ်သဖြင့် ကျန်းမာရေးအတွက်ကောင်းမွန်သော အစားအစာ တစ်မျိုး ဖြစ်ပါသည်။

       မိတ္ထီလာခရိုင်တွင် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်နီကို အဓိကစိုက်ပျိုးသီးနှံအဖြစ် နွေ ၊ဆောင်း ရာသီနှစ်မျိုးလုံး စိုက်ပျိုးကြပါသည်။  ထွက်ရှိသော ကြက်သွန်နီကို ဒေသတွင်းစားသုံးခြင်း၊ ကုန်သည်များမှ ပြည်ပတိုက်ရိုက်တင်ပို့ခြင်းမရှိသော်လည်း ရန်ကုန် ၊ပဲခူး၊ တာချီလိတ်မြို့များသို့ တင်ပို့ ကြသည့်အပြင် ကြက်သွန်နီကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ကြက်သွန်နီကြော်ထုတ်လုပ်၍ ဒေသတွင်း အပြင်၊ ရန်ကုန်၊ မန္တလေးမြို့ ကြီးများသို့အဓိကတင်ပို့လျက်ရှိပါသည်။

      မိတ္ထီလာခရိုင်အတွင်း ကြက်သွန်နီကြော်လုပ်ငန်းများကို အချို့မှာတစ်ပိုင်တနိုင်လုပ်ကိုင်ကြခြင်း၊ အချို့မှာ အခြားဒေသများသို့ တင်ပို့နိုင်သည့်အထိ လုပ်ကိုင်ကြပါသည်။ ရာသီပေါ်ချိန်တွင် ဒေသတွင်း ထွက်ရှိသည့် ကြက်သွန်နီများကို ဝယ်ယူအသုံးပြုကြပြီး ရာသီပေါ်ချိန်မဟုတ်သည့်ကာလများတွင် ဒေသတွင်း အပြင်လိုအပ်ပါက အခြား‌ဒေသဖြစ်သည့် မြင်းခြံ၊ မြစ်သားနယ်မှ ကြက်သွန်နီများကိုလည်း ဝယ်ယူ အသုံးပြုကြရပါသည်။

    ကြက်သွန်နီကြော်လုပ်ငန်းကြီးတစ်ခု၌ တစ်ရက်လျှင် ကုန်ကြမ်းပိဿာ(၁၀၀၀) ခန့်ထုတ်လုပ် နိုင်ပြီး ကုန်ကြမ်းပိဿာ(၁၀၀၀)လျှင် ကုန်ချောပိဿာ(၂၅)ပိဿာခန့်ထွက်ရှိကြောင်း၊ ကြက်သွန်နီကြော် ထုတ်လုပ်ရာတွင် ပထမဆုံးကြက်သွန်နီအလုံးများသန့်စင်ပြီး အခွံနွှာခြင်း၊ လှီးခြင်းပြုလုပ်ပြီးပါက အကြော်အိုးထဲသို့ ဆီပူလာလျှင်ထည့်၍ ကြော်ရပါသည်။ ကြက်သွန်နီပိဿာ(၁၀၀၀)လျှင် ဆီပိဿာ (၈၀)ခန့်ကုန်ပြီး ကြက်သွန်နီကြော်ရာ၌ အသုံးပြုသော လောင်စာကို ဇီးစေ့ ခွဲခြမ်းကို အသုံးပြုကြပြီး ဇီးစေ့ ခွဲခြမ်းခွံမှာ မီးခိုးမထွက်ခြင်း၊ ပြာမလွင့်ခြင်း၊ စပါးခွံနှင့်စာလျှင် ကုန်ကျစရိတ်သက်သာခြင်းကြောင့် အသုံးပြုကြခြင်းဖြစ်ပါသည်။ လောင်စာဇီးစေ့ခွဲခြမ်း( ၃၀ )ပိဿာလျှင် (၁၁၀၀၀)ကျန့်ခန့် ဝယ်ယူရပြီး ကြက်သွန်နီ ကုန်ကြမ်းတစ်ပိသာလျှင် (၁၀၀၀)ကျပ်ခန့်ဝယ်ယူ၍ ထုတ်လုပ်ကြရပါသည်။

    ကြက်သွန်နီကြော်လုပ်ငန်းတွင် လုပ်သားခအနေဖြင့် အခွံနွှာတစ်ပိဿာလျှင်(၁၅၀)ကျပ်၊ အလှီးနှင့် အကြော်လုပ်သား နေ့စားတစ်ဦီးလျှင် (၈၀၀၀)ကျပ်ခန့်ပေးရပြီး တစ်ရက်လျှင် လုပ်သား(၂၀)ဦီးဖြင့် ထုတ်လုပ်လျက်ရှိပါသည်။ ဒေသတွင်းအသုံးပြုရန်အတွက် အထုပ်ငယ်များ ထုတ်လုပ်ပြီး အခြားဒေသသို့ တင်ပို့ရာတွင် (၁၂)ပိဿာဝင်အိတ်များကို စက္ကူဖာတွင် ထည့်ပြီးတင်ပို့ကြပါသည်။ ကုန်ချောဈေးကွက်အနေဖြင့် ကြက်သွန်နီကြော်တစ်ပိဿာလျှင် (၉၀၀၀)မှ(၁၀၀၀၀)ကျပ်အထိ ရောင်းချရကြောင်း  သိရှိရပါ သည်။

      ကြက်သွန်နီကြော်လုပ်ငန်းများသည် အခွံနွှာခြင်း၊ လှီးခြင်းလုပ်ငန်းများတွင် အမျိုးသမီးများဖြင့် ပြုလုပ်ကြသဖြင့် အချို့အမျိုးသမီးများမှာ အိမ်မှုကိစ္စဆောင်ရွက်ပြီး သွားရောက်လုပ်ကိုင်ခြင်းဖြင့် မိသားစုအပိုဝင်ငွေများ တစ်ဖက်တစ်လမ်းမှရရှိခြင်း၊ ကလေးလူကြီးမရွေးလုပ်နိုင်၍  အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးနိုင်သော အသေးစားလုပ်ငန်းများဖြစ်ပါသည်။

     ပြည်ပသွင်းကုန်အစားထိုး ပြည်တွင်းထုတ်ကုန်ထုတ်လုပ်မှုဖြင့်မြင့်မားတိုးတက် စေရေးအတွက် အငယ်စား၊ အသေးစား၊ အလတ်စားလုပ်ငန်းများ ဖွံဖြိုးတိုးတက်စေရေးကို ဦီးစားပေးကဏ္ဍအဖြစ် ဆောင်ရွက်လျက်ရှိသဖြင့် ဒေသတွင်းထွက်ရှိသော ကုန်ကြမ်းပစ္စည်းများကိုအခြေခံပြီး  တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်၍ အငယ်စား၊ အသေးစား၊ အလတ်စား  MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် ပြည်တွင်းလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ပြီး ပြည်ပတင်ပို့နိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားမည့် အသေးစားလုပ်ငန်းများဖြစ်ကြောင်း သိရပါသည်။

DOCA(မန္တလေး)

 

တပို့တွဲလပြည့်နီးလာ၍ ကောက်ညင်းဆန်နှင့် သစ်သီးမျိုးစုံအရောင်းသွက်

      တပို့တွဲလနှမ်းမနဲပွဲဟူသည့် ဆိုရိုးစကားအတိုင်း မြန်မာလူမျိုးတို့သည် နှစ်စဉ်တပို့တွဲလရောက်တိုင်း  ပြည်နယ်အသီးသီးတို့တွင် အသင်းအဖွဲ့အလိုက် ရုံးဌာနအဖွဲ့အလိုက် နှမ်းမနဲ ထိုးပြိုင်ပွဲကို အပြိုင်အဆိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည့် ဓလေ့ထုံးတမ်းရှိပါသည် အချို့မှာ စုပေါင်းစပ်ပေါင်း၍ နှမ်းမနဲထိုးကြပြီး တပို့တွဲလပြည့်နေ့နံနက် အာရုံတက်ချိန်တွင် နှမ်းမနဲကို ဆွမ်းတော်ကပ်လှူကြပြီး အခြားရက်များတွင်လည်း ရဟန်းသံဃာတော်များကို လောင်းလှူကြပါသည်။ယခုရာသီအချိန်တွင် ကောက်ညှင်းဆန်ဈေးနှင့် နှမ်းမနဲတွင် အသုံးပြုရသည့် မြေပဲဆံ၊နှမ်း၊အုန်းသီးတို့မှာ ဈေးကွက်တွင် အရောင်းသွက်လျက်ရှိပါသည်။နှမ်းမနဲထိုးရာတွင် ကောက်ညှင်းဆန်အဟောင်းနှင့်သာ ထိုးရအဆင်ပြေသည့်အတွက် ကောက်ညှင်းဆန်အဟောင်း တစ်ပြည်လျှင်-၅၅၀၀ကျပ်၊ ပဲဆီ တစ်ပိဿာလျှင်-၁၄၀၀၀ကျပ်၊ စားဆီတစ်ပိဿာလျှင်-၆၀၀၀ကျပ် ၊ မြေပဲဆံ တစ်ပိဿာလျှင်-၇၀၀၀-၇၅၀၀ကျပ်၊ နှမ်းလှော် (၂၅)သားတစ်ထုပ်လျှင်-၃၀၀၀ကျပ်၊ အုန်းသီးတစ်လုံးလျှင်-၂၀၀၀-၂၅၀၀ကျပ်ဈေး‌တို့ဖြင့် ဈေးကွက်တွင် အရောင်းအဝယ်သွက်လျက်ရှိပြီး သစ်သီးမျိုးစုံဖြစ်သည့် မာလကာသီးတစ်လုံးလျှင်-၅၀၀ကျပ်၊ လိမ္မော်သီးအရွယ်အစားအလိုက် -၄၀၀-၇၀၀ ကျပ်၊ ပန်းသီးတစ်လုံးလျှင်-အရွယ်အစားအလိုက်-၁၀၀၀-၃၀၀၀ကျပ်၊ ထိုင်ဝမ်ဆီးသီး တစ်လုံးလျှင်-၁၅၀-၂၀၀ကျပ်၊ ထောပတ်သီးအရွယ်အစား အလိုက်-၅၀၀-၁၀၀၀ကျပ်၊ စတော်ဘယ်ရီ(၂၅)ကျပ်သားလျှင်-၄၅၀၀ကျပ်၊ ပန်းသစ်တော်သီး တစ်လုံးလျှင်-၃၀၀၀-၃၅၀၀ကျပ်၊ လပြည့်နေ့တွင် သစ်သီးဆွမ်းကပ်လှူရန်အတွက်လည်း အရောင်းအဝယ်သွက်လျက်ရှိကြောင်း  သစ်သီးအရောင်းဆိုင်များမှ စုံစမ်းသိရှိရပါသည်။

DOCA(မန္တလေး)

ပခုက္ကူဒေသထွက် မြေပဲသီးနှံနှင့် မြေပဲဆံဈေးကွက်

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်း စိုက်ပျိုးရေးဌာန၏စာရင်းအရ မြေပဲစိုက်ဧက (၁၅၄၁၅၂)ဧကရှိပြီး ရေစကြို၊ မြိုင်၊ ပေါက်၊ ဆိပ်ဖြူနယ်နှင့် ယောနယ်များတွင် ဆောင်းမြေပဲကို အောက်တိုဘာလမှ ဒီဇင်ဘာလထိစိုက်ပျိုးကြပြီး ယခုအချိန် ဇန်နဝါရီလမှ မတ်လထိအချိန်သည် ဆောင်းမြေပဲများရိတ်သိမ်းနေဆဲဖြစ်သည်။ (၃)လပဲ၊ (၆)လပဲမျိုးများကိုစိုက်ပျိုးပြီး တစ်ဧကအထွက်နှုန်းမှာ ပျမ်းမျှအားဖြင့် တင်း(၄၅-၅၅)နှုန်းထွက်ရှိကြောင်းသိရှိရပါသည်။

      ယောနယ်မှထွက်သော မြေပဲမျိုးမှာ အရည်အသွေးပိုကောင်းသောကြောင့် အရောင်းအဝယ်ဖြစ်မှုအများဆုံးဖြစ်ကြောင်း၊ ထွက်ရှိလာသောမြေပဲများကို ပခုက္ကူမြို့ပေါ်ရှိ ပွဲရုံများသို့ လာရောက်ရောင်းချပြီး  ပွဲရုံများမှတစ်ဆင့် မြေပဲခွဲစက်များနှင့် ဆုံဆီလုပ်ငန်းများ၊ စက်ပဲဆီလုပ်ငန်းများ၊ မြို့ပေါ် ရှိ ပဲလှော်၊ ပဲကြော်လုပ်ငန်းရှင်များနှင့် ရန်ကုန်၊ မန္တလေးမြို့ကြီးများသို့ တင်ပို့ရောင်းချကြောင်းသိရှိရပါသည်။

       မြေပဲအရောင်းအဝယ်အများဆုံးဖြစ်သော ပွဲရုံများသို့ တစ်ပတ်လျှင် အိတ်ရေ(၄၀၀-၅၀၀)ဝင်ရောက်ပြီး ယခု၂၀၂၄ခုနှစ်၊ ဖေဖေါ်ဝါရီလ(တတိယပတ်)တွင် မြေပဲတောင့်တစ်ပိဿာလျှင် အရည်အသွေးကိုလိုက်၍ ကျပ်(၄၂၀၀-၄၆၀၀) ဝယ်ယူရကြောင်း၊ ဝယ်ယူရရှိသော မြေပဲတောင့်များကို ဒေသတွင်းမြေပဲခွဲစက်များသို့ ပြန်လည်ရောင်းချကြောင်းသိရှိရပါသည်။

      မြေပဲဆံဈေးများအနေဖြင့် ယခုဖေဖေါ်ဝါရီလ (တတိယပတ်)တွင် မြေပဲဆံအဖြူတစ်ပိဿာလျှင် ကျပ်(၆၀၀၀)၊ ဗြန့်လုံးဆံပဲတစ်ပိဿာလျှင် ကျပ်(၆၂၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်နှစ် ဖေဖေါ်ဝါရီလတွင် မြေပဲဆံတစ်ပိဿာလျှင် ကျပ်(၇၀၀၀-၇၂၀၀)ရှိခဲ့ပြီး ယခုနှစ်တွင် ဈေးနှုန်းအနည်းငယ်ကျနေသည်ကိုတွေ့ရှိရပါသည်။ ဆုံဆီလုပ်ငန်းများ၊ စက်ပဲဆီလုပ်ငန်းများလည်းလည်ပတ်လျက်ရှိရာ မြေပဲဆုံဆီတစ်ပိဿာလျှင် ကျပ်(၁၄၅၀၀)၊ စက်ပဲဆီတစ်ပိဿာလျှင် ကျပ်(၁၂၈၀၀)၊ မြေပဲဖတ်တစ်ပိဿာလျှင် ကျပ်(၂၆၀၀)နှင့် ရန်ကုန်၊ မန္တလေးမြို့ကြီးများသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။

     တောင်သူများအနေဖြင့် ယခင်နှစ်၌ မြေပဲတစ်ဧကလျှင် အထွက်နှုန်းမှာ ပျမ်းမျှအားဖြင့် တင်း (၆၀)ခန့်ရှိခဲ့ပြီး ယခုနှစ်တွင် မိုးရွာသွန်းမှုနည်းပါးသောကြောင့် အထွက်နှုန်းမှာ ပျမ်းမျှအားဖြင့် တင်း(၄၅-၅၅)နှုန်းထွက်ရှိသော်လည်း စိုက်ဧကများမှာ ယခင်နှစ်ထက် ဧက (၂၀၀၀၀)ကျော်ပိုမိုစိုက်ပျိုးနိုင်သောကြောင့် အမြတ်အစွန်းများရရှိလျက်ရှိကြောင်း မြေပဲစိုက်တောင်သူတစ်ဦးထံမှသိရှိရပါသည်။

      ရန်ကုန်-မန္တလေးမြို့ကြီးများမှတစ်ဆင့် ပြည်ပဈေးကွက်ထိတင်ပို့ရပြီး ဈေးကွက်ခိုင်မာမှုရှိသောကြောင့် မြေပဲစိုက်ဧကများကို တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း မြေပဲစိုက်တောင်သူထံမှ သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း