ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပခုက္ကူမြို့ပေါ်ရှိ မြို့မဈေးနှင့် ပန်းခြံဈေးတို့တွင် ကုန်စိမ်းသီးနှံတချို့ဈေးနှုန်းကျဆင်းလျက်ရှိ

    ကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်ရှိ မြို့မဈေးနှင့် ပန်းခြံဈေးတို့တွင်ရောင်းချနေသော ကုန်စိမ်းသီးနှံ၊ ဟင်းသီးဟင်းရွက်ဈေးကွက်တွင်   ပန်းမုံလာပွင့်၊ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ပဲတောင့်ရှည်သီးများလှိုင်လှိုင်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကုန်စိမ်းသီးနှံများကို ပခုက္ကူမြို့၊ မြစ်တစ်ဖက်ကမ်းရှိ ကျွန်းကျေးရွာများ၌ ကျွန်းညိုကြီးရွာ၊ ကံလှအုပ်စု၊ တင်းဂတ်၊ ကုက္ကိုလှအုပ်စုအတွင်းရှိ ကျေးရွာများနှင့် ကမ္မ၊ မြစ်ခြေနှင့် ကျောက်ပန်းတောင်း၊ ပုပ္ပါးဒေသများမှ စိုက်ပျိုးထားရှိသော ကုန်စိမ်းသီးနှံများကိုလှိုင်လှိုင်ဆွတ်ခူးလျက်ရှိပြီး ဈေးကွက်အတွင်းသို့ဝင်ရောက်လျက်ရှိသည်။ ယခုဖေဖော်ဝါရီလဆန်းမှစ၍ ကုန်စိမ်းသီးနှံတချို့မှာ ဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ်ဖြစ်၍ စားသုံးသူများတွက် အဆင်ပြေလျက်ရှိသည်။

      ယခု၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(ဒုတိယပတ်)တွင် သီးနှံအရည်အသွေးနှင့် အရွယ်အစားကိုလိုက်၍ ပန်းမုံလာပွင့်တစ်ပွင့်လျှင် ကျပ်(၁၅၀)မှ ကျပ်(၅၀၀)၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် (ဗမာ)ခရမ်းချဉ် ကျပ်(၇၀၀-၈၀၀)၊ ထိုင်ဝမ်ခရမ်းချဉ် ကျပ်(၄၀၀-၅၀၀)၊ ခရမ်းသီး(အစိမ်း)တစ်ပိဿာလျှင် ကျပ်(၄၀၀-၈၀၀)၊ ပဲတောင့်ရှည်တစ်ပိဿာလျှင် ကျပ်(၇၀၀-၈၀၀) စသည့်ဈေးနှုန်းအသီးသီးဖြင့် ရောင်းချပေးလျက်ရှိကြောင်း၊ ယခင်ဇန်နဝါရီလလ(ဒုတိယပတ်)ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ပန်းမုံလာပွင့်တစ်ပွင့်လျှင် ကျပ်(၄၀၀)၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ်(၆၀၀)၊ ခရမ်းသီးတစ်ပိဿာလျှင် ကျပ်(၇၀၀)၊ ပဲတောင့်ရှည်သီးတစ်ပိဿာလျှင် ကျပ်(၄၀၀)ခန့် စသည်ဖြင့် ဈေးနှုန်းအသီးသီးကျဆင်းသွားကြောင်း၊ ယခင်က ပခုက္ကူမြို့ကုန်စိမ်းသီးနှံများရှားပါးနေချိန်တွင် မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အတွင်းရှိ ကုန်စိမ်းသီးနှံများဝင်ရောက်ခဲ့ပြီး ယခုအခါ ဒေသတွင်းစိုက်တောင်သူများစိုက်ပျိုးထားရှိသော ရာသီပေါ်ကုန်စိမ်းသီးနှံများကို ဆွတ်ခူးရောင်းချချိန်ဖြစ်၍ ဈေးနှုန်းများကျဆင်းလျက်ရှိကြောင်း လုပ်ငန်းရှင်တစ်ဦးထံမှသိရှိရပါသည်။

DOCA(မကွေး)

 

စစ်ကိုင်းမြို့ လေးကျွန်းမြေရပ်ရှိ ငါးခြောက်ကြော်၊ ကြက်သွန်ကြော်လုပ်ငန်းသို့ ကွင်းဆင်း၍ လုပ်ငန်းရှင်နှင့် တွေ့ဆုံ

     စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်ဖြစ်သော ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍  စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၃)ဦး တို့သည် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က စစ်ကိုင်းမြို့ လေးကျွန်းမြေရပ်ကွက်ရှိ "သန်းကမ္ဘာ" ငါးခြောက်ကြော်၊ ကြက်သွန်ကြော်လုပ်ငန်းသို့သွားရောက်၍ ပိုင်ရှင် ဒေါ်သန်းသန်းဆင့်နှင့် တွေ့ဆုံခဲ့ပါသည်။

     "သန်းကမ္ဘာ" ငါးခြောက်ကြော်၊ ကြက်သွန်ကြော်လုပ်ငန်းကို ၂၀၂၁ ခုနှစ်တွင်စတင်လုပ်ကိုင်ခဲ့ကြောင်း၊ ငါးခြောက်ကြော်ရန်အတွက် ငါးနီတူခြောက်နှင့် ငါးမြီးတံသွယ်ခြောက်ကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့မှ ဝယ်ယူကြောင်း၊ ငါးနီတူခြောက် တစ်ပိဿာလျှင် ကျပ် (၁၃၀၀၀ မှ ၁၄၀၀၀)၊ ငါးမြီးတံသွယ်ခြောက် တစ်ပိဿာလျှင် ကျပ် (၈၀၀၀ မှ ၁၀၀၀၀) ဖြင့် ဝယ်ယူရကြောင်း၊ တစ်လလျှင် ငါးခြောက်နှစ်မျိုးပေါင်း အချိန် ၃၀ ပိဿာခန့်ကိုအသုံးပြုပြီး ကုန်ကြမ်းများဖြစ်သော ငရုတ်သီး၊ ငရုတ်သီးခွဲခြမ်းကြော်၊ ကြက်သွန်ကြော်များဖြင့် သမအောင်မွှေပြီး အထုပ်ကလေးများ ပြုလုပ်၍ ရောင်းချကြောင်း၊  ကြော်ပါက ကုန်ကြမ်း ဈေးအတက်အကျပေါ် မူတည်၍ ကျပ် (၂၀၀/၃၀၀) တန်အထုပ် (၈၀ မှ ၁၀၀) ထုပ်ကြား အထုပ်များ ထုပ်၍ ဖောက်သည်များသို့ လက်လီ/လက်ကား ရောင်းချကြောင်း၊ ဝယ်သူများက တောင်းဆိုပါက ဘူးများဖြင့် ထည့်၍ ရောင်းချပါကြောင်း၊ ငါးခြောက်ကြော်များကို ဒေသတွင်းနှင့် အမှာစာရှိသည့် မြို့များသို့ တင်ပို့ရောင်းချကြောင်း၊ ကုန်ကြမ်းငါးခြောက်၊ ငရုတ်သီး၊ ကြက်သွန်ဈေးများပေါ် မူတည်ပြီး အထုပ်တွင်ထည့်သည့် ငါးခြောက်ကြော်အလေးချိန် အနည်း၊အများ ထည့်၍ ထုပ်ပိုးပါကြောင်း၊လုပ်သားဦးရေ ကျား (၂)ဦး နှင့် မ (၃)ဦးအား အလုပ်အကိုင် အခွင့်အလမ်းများ ပေးထားနိုင်ပြီး  ကျားတစ်ဦးလျှင် တစ်နေ့ လုပ်အားခ ကျပ်( ၆၀၀၀ မှ ၇၀၀၀) ၊ မတစ်ဦးလျှင် တစ်နေ့လုပ်အားခ ကျပ် (၅၀၀၀ မှ ၆၀၀၀) ပေးချေရကြောင်း၊ အကျိုးအမြတ်နေဖြင့် ၁၀% ခန့်ရရှိကြောင်း၊ အသင့်စားများဖြစ်၍ အလွယ်တကူစားသုံးနိုင်ပြီး ဈေးကွက်ဝေစုများ ကျယ်ကျယ် ပြန့်ပြန့် ရရှိလိုပါကြောင်း သန်းကမ္ဘာ ငါးခြောက်ကြော်၊ ကြက်သွန်ကြော်လုပ်ငန်းရှင်ထံမှ သိရှိရပြီး စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်က စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၈) ပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များကို ရှင်းလင်း ဆွေးနွေးခြင်းနှင့် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု သိုမဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့်အချက်များကို အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ဆိပ်ဖြူကြက်သွန်နီ၏ ဖေဖော်ဝါရီလ(ဒုတိယပတ်)တွင်ဖြစ်ပေါ်နေသော ဈေးကွက်အခြေအနေနှင့် ကုန်စည်စီးဆင်းမှု

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူကုန်စည်ဒိုင်ကြက်သွန်နီဈေးကွက်သို့ ဖေဖော်ဝါရီလ(ဒုတိယပတ်)တွင် မိုးကြက်သွန်နီများလှိုင်လှိုင်တူးဖော်လျက်ရှိသည့် ဒေသများဖြစ်သော ဆိပ်ဖြူမြို့အနောက်ပိုင်း၊ ရွာသစ်ရပ်ကွက်၊ ကိုးတောင့်အုပ်စု၊ ချင်တောင်အုပ်စု၊ မြင်ကဝအုပ်စုအတွင်းရှိကျေးရွာများနှင့် ချောက်၊ ဆင်ဖြူကျွန်း၊ စလင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှထွက်ရှိသော ကြက်သွန်နီများမှာ ဥပုသ်နေ့မှလွဲ၍ နေ့စဉ်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိရာ တစ်ရက်လျှင် ကုန်ချိန်ပိဿာ(၄)သောင်းမှ (၈)သောင်းအထိ တစ်ပတ်အတွင်း ပိဿာ(၃)သိန်းခန့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဈေးကွက်မှသိရှိရသည်။

     ကြက်သွန်နီဈေးကွက်အနေဖြင့် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(ဒုတိယပတ်)တွင် ကြက်သွန်နီဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ မိုးကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေး ထိပ်စ ကျပ်(၂၁၀၀)၊ အလတ်စ ကျပ်(၁၈၇၅)၊ အနိမ့်စ ကျပ်(၁၄၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ယခင်ဖေဖော်ဝါရီ(ပထမပတ်)တွင် ကြက်သွန်နီ ထိပ်စတစ်ပိဿာလျှင် ကျပ်(၁၇၅၀)၊ အလတ်စ ကျပ်(၁၆၀၀)၊ အနိမ့်စ ကျပ်(၁၃၀၀) စသည့်ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။

     ယခင်အပတ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ယခုဖေဖော်ဝါရီ (ဒုတိယပတ်)တွင် မိုးကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေးထိပ်စ ကျပ်(၃၅၀)၊ အလတ်စ ကျပ်(၂၀၀)၊ အသေးစ ကျပ်(၁၀၀)ခန့် ဈေးတက်၍ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဈေးနှုန်းမြင့်တက်ရခြင်းမှာ ဒေသတွင်းကြက်သွန်နီစိုက်ခင်းများလျော့နည်းသွားပြီး ဈေးကွက်သို့ ကုန်ချိန်ဝင်ရောက်မှုလျော့နည်းသွားခြင်းနှင့် ပြည်ပအဝယ်လိုက်ခြင်းကြောင့် ဈေးနှုန်းမြင့်တက်ခြင်းဖြစ်ကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှသိရှိရပါသည်။ 

     ဆိပ်ဖြူမြို့မှထွက်ရှိသည့် ကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ပြည်၊ ပုသိမ်မြို့နှင့် မြဝတီမြို့မှတစ်ဆင့် ထိုင်း၊ ဗီယက်နမ်နိုင်ငံများသို့ ကြက်သွန်နီကုန်ချိန်ပိဿာ (၄)သိန်း ခန့်၊ တန်ချိန်အားဖြင့် (၆၅၃)တန်ခန့်ကုန်စည်စီးဆင်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

         

မုံရွာမြို့၊ ပြည်ထောင်စုဈေးတွင် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ် ရောင်းချပေး

    စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တန်ဖိုးသင့်အခြေခံစားသောက်ကုန်များကို စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူများမှ ဆန်၊ ဆီနှင့် ကြက်ဥ၊ ဒေသထွက် ဟင်းသီးဟင်းရွက်သီးနှံများကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မုံရွာမြို့၊ ပြည်ထောင်စုဈေး၌   နံနက် (၀၇:၀၀) နာရီအချိန်တွင် သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ် ရောင်းချပေးလျက်ရှိပါသည်။

   ထိုသို့ရောင်းချခဲ့ရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမြတ်ကျော်၏ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ စိုက်ပျိုး‌ရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့သည် အခြေခံစားကုန်များ ကုန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးအတွက် ကိုယ်တိုင်စိုက်ပျိုး/မွေးမြူ/ ထုတ်လုပ်သူများနှင့် ပူးပေါင်းကာ စားအုန်းဆီ တစ်ပိဿာလျှင် ၅၉၀၀ကျပ်၊ ဝယ်ယူသည့်ပြည်သူများ အဆင်ပြေစေရန် ကောင်တာ (၅) ခုခွဲ၍ ဆီ (၆၆၀) ပိဿာ၊ ဆန်တစ်ပြည်လျှင် ၃၀၀၀ ကျပ်၊ ဆန်(၂၄)ပြည် ဝင်အိတ် (၂၅) အိတ်၊  ကြက်ဥ (၅) လုံး တစ်ထုပ်လျှင် ၁၀၀၀ ကျပ်၊ ကြက်ဥ အလုံး(၂၇၀၀)၊ ငုံးဥ ( ၁၆ ) လုံး တစ်ထုပ်လျှင် ၁၀၀၀ ကျပ်၊ အလုံး( ၃၀၀၀ )နှင့် ကြာဇံများ၊ ခေါက်ဆွဲခြောက်များ၊ ကုလားပဲမှုန့်များ၊ ကိတ်စို/ကိတ်ခြောက်များနှင့် ဒေသထွက် ဟင်းသီးဟင်းရွက်သီးနှံများကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါ သည်။

DOCA(စစ်ကိုင်း)

 

စားသုံးဆီဈေးများ အနည်းငယ်ကျဆင်းလျက်ရှိ

     စီးပွား‌‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်း တင်ပြလျက်ရှိရာ ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ရွှေဘိုမြို့၌ စားသုံးဆီ ဈေးနှုန်းများ အနည်းငယ် ကျဆင်းလျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှ သိရသည်။

      ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီ လက်လီ/လက်ကားရောင်းချသောဆိုင် (၁၂)ဆိုင်ရှိပြီး ဖေဖော်ဝါရီလ ပထမပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၅၇၀၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၅၀၀၀)ကျပ်၊ နှမ်းဆီသန့် တစ်ပိဿာ (၁၄၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခု ဖေဖော်ဝါရီလ ဒုတိယပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၅၇၀၀) ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၄၀၀၀)ကျပ်၊ နှမ်းဆီသန့် တစ်ပိဿာ (၁၄၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေသဖြင့် စားသုံးဆီ တစ်ပိဿာ ဈေးနှုန်းနှိုင်းယှဉ်ကြည့်ပါက ပဲဆီသန့် တစ်ပိဿာလျှင်  (၁၀၀၀)ကျပ် ဈေးနှုန်း ကျဆင်းခဲ့ပြီး၊ နှမ်းဆီသန့်နှင့် စားအုန်းဆီဈေးနှုန်းမှာ ယခင်ပတ်နည်းတူ ဈေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း စားသုံးဆီလက်ကား အရောင်းဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ပခုက္ကူမြို့တွင်ရောင်းချလျက်ရှိသော ငရုတ်သီးခြောက်ဈေးနှုန်းဈေးကွက်

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ငရုတ်သီးစိုက်ပျိုးရာ ပခုက္ကူကျွန်း၊ မြစ်ခြေမြို့နယ်အတွင်းရှိ  နန်းတော်ရပ်အုပ်စုကျေးရွာများဖြစ်သော မြင်းဝန်း၊ ငကျော်၊ ဘဲကြီးကျေးရွာများတွင် သာမက ကျွန်းဦး၊ ကျွန်းညို၊ ရွာသစ်ကုန်း၊ သင်္ဘောကုန်းကျေးရွာများတွင် ငရုတ်သီးအမျိုးအစားများစွာစိုက်ပျိုးကြပါသည်။  ပခုက္ကူမြို့မစည်ပင်ဈေးနှင့် အမှတ်(၂)ဈေးတို့တွင် ပခုက္ကူဒေသထွက် ငရုတ်သီးများသာမက အခြားဒေသများဖြစ်သော မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ဆည်၊ ပျော်ဘွယ်၊ ရမည်းသင်း၊ စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာဒေသများမှ သံဗို (11)၊ ကံမာလာ၊ ဖော့ရေပြင်၊ ရွှေအပ်သီးများ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငရုတ်သီးကုန်သည်များထံမှသိရှိရပါသည်။

     ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(ဒုတိယပတ်)တွင် ပခုက္ကူခရိုင်၊ မြို့မစည်ပင်သာယာဈေး၌ရောင်းချနေသော ငရုတ်သီးခြောက်ဈေးနှုန်းများမှာ အမျိုးအစားများကိုလိုက်၍ ကံမာလာနှင့် ဖော့ရေပြင် ငရုတ်သီးခြောက်ဈေးနှုန်းများမှာ တစ်ပိဿာလျှင် ကျပ်(၉၀၀၀မှ ၁၀၀၀၀)၊ ရွှေအပ်သီးတစ်ပိဿာလျှင် ကျပ်(၁၁၀၀၀မှ ၁၃၅၀၀)၊ ပျော်ဘွယ်၊ ရမည်းသင်းတို့မှထွက်ရှိသော ငရုတ် သီးခြောက်မှာ တစ်ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ပခုက္ကူဒေသထွက် ကျွန်းသီးအရှည်တစ်ပိဿာလျှင် ကျပ်(၉၀၀၀-၁၀၀၀၀)၊ ကျွန်းသီး(အပု)တစ်ပိဿာလျှင် ကျပ်(၁၆၀၀၀-၁၇၀၀၀)တို့ဖြစ်ပြီး ငရုတ်သီးစိမ်းအစိုတစ်ပိဿာလျှင် ကျပ်(၂၅၀၀)တို့ဖြင့်ရောင်းချလျက်ရှိကြောင်း မြို့မစည်ပင်သာယာဈေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့ပေါ်တွင်ရောင်းချနေသော သောက်ရေသန့်ဈေးကွက်

    ရေသည် လူနှင့်သက်ရှိသတ္တဝါမှန်သမျှအတွက် မရှိမဖြစ်လိုအပ်သောအရာဖြစ်ရုံသာမက အပင်များအားလုံးအတွက်လည်း မရှိမဖြစ်လိုအပ်ပါသည်။ “ထမင်းအသက် ခုနှစ်ရက်၊ ရေအသက် တစ်မနက်” ဟူ၍ပင် ညွှန်းဖွဲ့ပြောဆိုလေ့ရှိကြသည်။ လူတို့သည် ရေကို ထမင်းဟင်းချက်ပြုတ်ရန်၊ သောက်သုံးရန်၊ ဆေးကြောရန်၊ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိစေရန်အတွက် အသုံးပြုကြပါသည်။

     အညာဒေသဖြစ်သော ပခုက္ကူမြို့တွင် သဘာဝရေဖြစ်သော အဝီစိတွင်းရေနှင့် သောက်ရေသန့်များကိုအသုံးများကြသည်။ ပခုက္ကူမြို့တွင် သောက်ရေသန့်လုပ်ငန်းပေါင်း (၂၀)ကျော်ရှိ၍ ၎င်းလုပ်ငန်းများအနေဖြင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။ ရေသန့်စက်ရုံများမှ (၂၀)လီတာဘူးကြီးများ၊ (၁)လီတာဘူးများ၊ (၀.၆)လီတာဘူးများ၊ (၀.၃၅)လီတာဘူးများကို  ထုတ်လုပ်၍ ဖြန့်ဖြူးရောင်းချလျက်ရှိရာ ယခု၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလတွင် (၂၀)လီတာဘူးကြီးတစ်ဘူးလျှင် ကျပ်(၇၀၀)၊ (၁)လီတာ (၆)ဘူးပါ (၁)ကတ်လျှင် ကျပ်(၂၀၀၀)၊ (၀.၃၅)လီတာ (၂၀)ဘူးပါ (၁)ကတ်လျှင် ကျပ်(၃၅၀၀)ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်ဇန်နဝါရီလတွင် (၂၀)လီတာဘူးကြီးတစ်ဘူးလျှင် ကျပ်(၄၀၀-၅၀၀)၊ (၁)လီတာ(၆)ဘူးပါ (၁) ကတ်လျှင် ကျပ်(၁၅၀၀)၊ (၀.၃၅)လီတာ (၂၀)ဘူးပါ (၁)ကတ်လျှင် ကျပ်(၃၀၀၀)ဖြစ်၍ ယခုဖေဖော်ဝါရီလဈေးနှုန်းနှင့်နှိုင်းယှဉ်ကြည့်လျှင် ဖေဖော်ဝါရီလတွင် ဈေးနှုန်းမြင့်တက်လာ၍ အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။ ဈေးနှုန်းတက်ရခြင်းမှာ ကုန်ဈေးနှုန်းများကြီးမြင့်ခြင်း၊ စက်သုံးဆီများဈေးကြီးနေခြင်းတို့ကြောင့် ဈေးနှုန်းများမြင့်တက်ရခြင်းဖြစ်ကြောင်း၊ တစ်နေ့လျှင် သောက်ရေသန့်ဘူးကြီးများကို ဘူး(၂၀၀)ထိထုတ်လုပ်ပြီး မြို့ပေါ်ရှိ ကိုယ်စားလှယ်ယူသော လုပ်ငန်းရှင်များထံသို့ ဖြန့်ဖြူးရောင်းချရကြောင်း ရေသန့်လုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။

      ပခုက္ကူမြို့တွင် သောက်ရေသန့်များကို သောက်သုံးရန်၊ ချက်ပြုတ်ရန်သာမက အလှူအတန်းများ၊ မင်္ဂလာဆောင်များ၊ သာရေး၊ နာရေးများအတွက်လည်း ဝယ်ယူအသုံးပြုလျက်ရှိ၍ အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

 

ပခုက္ကူမြို့တွင်ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများမြင့်တက်လျက်ရှိ

     မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများကိုနေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

     ပခုက္ကူမြို့တွင် စက်သုံးဆီအရောင်းဆိုင် (၁၅)ဆိုင်ရှိရာ နေ့စဉ်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(ဒုတိယပတ်)တွင် 92 တစ်လီတာလျှင် ကျပ်(၂၅၆၅)၊ 95 တစ်လီတာလျှင် ကျပ်(၂၆၇၅)၊ ဒီဇယ်ရိုးရိုးတစ်လီတာလျှင် ကျပ်(၂၄၀၅)၊ ပရီမီယမ်ဒီဇယ်တစ်လီတာလျှင် ကျပ်(၂၄၇၅) ဈေးနှုန်းတို့ဖြင့်ရောင်းချခဲ့ပြီး ဖေဖော်ဝါရီလ(ဒုတိယပတ်)တွင် 92 တစ်လီတာလျှင် ကျပ်(၂၇၃၀)၊ 95 တစ်လီတာလျှင် ကျပ်(၂၈၅၀)၊ ဒီဇယ်ရိုးရိုးတစ်လီတာလျှင် ကျပ်(၂၅၇၀)၊ ပရီမီယမ်ဒီဇယ်တစ်လီတာလျှင် ကျပ်(၂၆၂၀) ဈေးနှုန်းဖြစ်၍ ဇန်နဝါရီလ(ဒုတိယပတ်)နှင့် ဖေဖော်ဝါရီလ(ဒုတိယပတ်) ဈေးနှုန်းတို့ကိုနှိုင်းယှဉ်လျှင် ယခုဖေဖော်ဝါရီလ(ဒုတိယပတ်)တွင် 92 တစ်လီတာလျှင် ကျပ်(၁၆၅)၊ 95 တစ်လီတာလျှင် ကျပ်(၁၇၅)၊ ဒီဇယ်ရိုးရိုးတစ်လီတာလျှင် ကျပ်(၁၆၅)၊ ပရီမီယမ်ဒီဇယ်တစ်လီတာလျှင် ကျပ်(၁၄၅)ဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်ကြောင်းနှင့် စက်သုံးဆီအနေဖြင့် ပြတ်လပ်မှုမရှိကြောင်း  စက်သုံးဆီအရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(မကွေး)

အထက်မင်းလှမြို့နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆန်ဈေးနှုန်းများ

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်သည် စိုက်ပျိုးရေးဒေသဖြစ်သော်လည်း စပါးစိုက်ဧကနည်းပြီး ဆန်မှာအခြားတိုင်းဒေသကြီးများမှ ဝယ်ယူတင်သွင်းရသောဒေသဖြစ်ပါသည်။ မင်းလှမြို့သို့ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ ရေဦးမြို့နှင့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မင်းဘူးမြို့၊ စလင်းမြို့၊ ဆင်ဖြူကျွန်းမြို့နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့၊ ပုသိမ်မြို့၊ မြောင်းမြမြို့၊ မြန်အောင်မြို့၊ ကြံခင်းမြို့၊ ဟင်္သတမြို့တို့မှဆန်အိတ်များ ဝင်ရောက်လျက်ရှိကြောင်းသိရှိရပါသည်။

      ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(တတိယပတ်)တွင် အထက်မင်းလှမြို့၌ အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိသော ဆန်ဈေးနှုန်းများမှာ ဧရာပဒေသာဆန် ရွှေပိုးအိမ်(၂၄)ပြည်ပါတစ်အိတ်လျှင် ကျပ် (၁၇၂၀၀၀)၊ စိန်ရတီ(စိမ်း)တစ်အိတ်လျှင် ကျပ်(၁၅၀၀၀၀)၊ စိန်ရတီ(နီ) တစ်အိတ်လျှင် ကျပ် (၁၅၀၀၀၀)၊ စိန်ရတနာဧရာတစ်အိတ်လျှင် ကျပ်(၁၃၀၀၀၀)၊ စိန်ပုလဲဧရာတစ်အိတ်လျှင် ကျပ် (၁၃၀၀၀၀)၊ ကုန်းဇောင်း(ဟောင်း)တစ်အိတ်လျှင် ကျပ်(၁၅၅၀၀၀)၊ ကုန်းဇောင်း(သစ်)တစ်အိတ်လျှင် ကျပ်(၁၄၈၀၀၀)၊ မနောသုခ(ဟောင်း) တစ်အိတ်လျှင် ကျပ်(၉၇၀၀၀)၊ ပေါ်ဆန်း(ရွှေဘို) တစ်အိတ်လျှင် ကျပ်(၁၅၀၀၀၀)၊ ရက်(၉၀)ဆန်တစ်အိတ်လျှင် ကျပ်(၉၇၀၀၀)၊ ဖယောင်းရွှေစင်တစ်အိတ်လျှင် ကျပ်(၁၁၃၀၀၀) ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ (ဒုတိယပတ်)နှင့်နှိုင်းယှဉ်ပါက ယခုအပတ်တွင် မနောသုခ(ဟောင်း)တစ်အိတ်လျှင် ကျပ်(၁၀၀၀၀)နှင့် ကျန်ဆန်အိတ်တစ်အိတ်စီလျှင် ကျပ်(၂၀၀၀မှ ၃၀၀၀)ထိဈေးနှုန်းမြင့်တက်လာကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဆီးပင်မှအပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိ

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သည့် ယာကွက်များ၊ ကိုင်းကွင်းများဘေး၌ သဘာဝအလျောက် အလေ့ကျပေါက်ရောက်လေ့ရှိသော ဆီးချဉ်ပင်များ၊ ဆီးချိုပင်များမှထွက်ရှိသည့်ဆီးသီးအစို၊ အခြောက်များနှင့် ဆီးစေ့များကို ကောက်ယူရောင်းချသူများအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်းသိရှိရပါသည်။

    တစ်နှစ်တစ်ခါ ဆီးသီးများထွက်ရှိသည့်အချိန်တွင် ဆီးပင်တစ်ပင်လျှင် အပင်သက်တမ်းအနုအရင့်အလိုက် (၆)တင်းမှ (၁၀)တင်းကျော်ထိထွက်ရှိကြောင်း၊ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ စတင် ကောက်ယူသည့်အချိန်တွင် ဈေးနှုန်းအနေဖြင့် ဆီးသီးအစိုတစ်တင်းလျှင် ကျပ်(၁၂၅၀၀)၊ အခြောက်တစ်တင်းလျှင် ကျပ်(၁၅၀၀၀)၊ ဆီးစေ့တစ်တင်းလျှင် ကျပ်(၁၈၀၀၀)ထိဈေးနှုန်းရရှိကြောင်း၊ ဆီးစေ့နှင့် ဆီးသီးအခြောက်ထက် ဆီးသီးအစိုကို ပိုမိုရောင်းချလာကြသည့်အတွက် ယခု၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(တတိယပတ်)တွင် ဆီးသီးအစို(၁)တင်းလျှင် ကျပ်(၁၄၀၀၀)ဈေးနှုန်းဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  အထက်မင်းလှမြို့ရှိ ပွဲရုံများသို့ရောင်းချကြောင်း၊ ထို့ပွဲရုံများမှတစ်ဆင့် မန္တလေးမြို့သို့ တင်ပို့ကြောင်းလည်းသိရှိရပါသည်။ မိမိယာကွက်ဘေးတွင် အလေ့ကျပေါက်သည့် ဆီးပင်များမှထွက်ရှိသည့် ဆီးသီးများကိုရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိနေကြောင်း အထက်မင်းလှမြို့၊ အမှတ်(၆)ရပ်ကွက်တွင်နေထိုင်သည့် ဆီးသီးကောက်ယူရောင်းချသည့် တောင်သူတစ်ဦးထံမှသိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း