ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရဲကျွန်း(ခေါ်)မင်းတုန်းကြက်သွန်နီဈေး

    ကြက်သွန်နီမျိုးစိတ် အများအပြားရှိသည့်အထဲမှ ရဲကျွန်း(ခေါ်)မင်းတုန်းကြက်သွန်နီသည် အသေးဆုံးနှင့် အချိုဆုံးကြက်သွန်နီဖြစ်ပါသည်။ ရိုးရိုးကြက်သွန်များကို ဈေးများတွင် အလွယ်တကူ ဝယ်ယူ၍ရပေမဲ့ မင်းတုန်းကြက်သွန်နီကတော့ တစ်ရာသီပဲပေါ်သောကြောင့် ယခုအချိန်တွင် ဝယ်ယူစုဆောင်းထားသင့်ပါသည်။ ပင်ခြောက် ဆောင်းကြက်သွန်နီ ဖြစ်သောကြောင့် နှစ်ပေါက် အထားခံသောဆောင်းကြက်သွန်ဖြစ်ပါသည်။ အသုပ်သုပ်ရာတွင်ထည့်စားပါက အလွန်ချိုပြီး ကျွပ်ပါသည်။ မင်းတုန်းကြက်သွန်နီကို ထမင်းစားရာတွင် အတို့အနေဖြင့် အများဆုံးစားသုံးကြပါသည်။ ရာသီစာ ခရမ်းချဉ်သီးချက်နှင့် တွဲဖက်၍ စားသုံးပါက အလွန်လိုက်ဖက်သော တို့စရာတစ်မျိုး ဖြစ်ပါသည်။ မင်းတုန်းကြက်သွန်နီ ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် ၃၀၀၀ကျပ်နှုန်းဖြင့် ရောင်းချပြီး အထုံးတစ်ထုံးလျှင် ၃၀၀ကျပ်နှုန်းဖြင့် ရောင်းချကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

ပြည်ဈေးကွက်ရှိ မီးဖိုချောင်သုံးသီးနှံဈေးကွက်

    ပြည်ဈေးကွက်ရှိ စားဖိုချောင်သုံးသီးနှံများဖြစ်သည့် ကြက်သွန်ဖြူ(ရှမ်းစ)ဈေးနှုန်းမှာ အရည်အသွေးပေါ်လိုက်၍ အချောအသန့် တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်ရှိပြီး အကြီး၊ အသေး အနည်းငယ်ရောသည့် ရှမ်းစများမှာ တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်ရှိပါသည်။ ကြက်သွန်ဖြူ (ကြူကုတ်) ဈေးနှုန်းအနေဖြင့် အသန့်တစ်ပိဿာလျှင် ၁၂၀၀၀ကျပ် ဈေးရှိပြီး အိတ်ဆွဲဈေး (၇ပိဿာပါ) အနေဖြင့် တစ်ပိဿာလျှင် ၁၁၅၀၀ကျပ် ဈေးဖြင့် ယခု ဇန်နဝါရီ နောက်ဆုံးပတ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     ကြက်သွန်နီ(မြစ်သား) အချော တစ်ပိဿာလျှင် ၃၈၀၀ကျပ်၊ အလတ် တစ်ပိဿာလျှင် ၃၆၀၀ကျပ်၊ အသေးတစ်ပိဿာလျှင် ၃၄၀၀ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး မကွေးမှအဝင်ရှိသော ကြက်သွန်နီအသစ်များမှာ တစ်ပိဿာလျှင် ၂၂၀၀-၂၄၀၀ကျပ် ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

    ရှမ်းပြည်နယ်မှဝင်ရောက်သော ရှမ်းအာလူးများမှာ အချောတစ်ပိဿာလျှင် ၄၀၀၀ကျပ်၊ အလတ်တစ်ပိဿာလျှင် ၃၂၀၀-၃၅၀၀ကျပ်ဈေးရှိပါသည်။ ပြည်ဈေးကွက်သို့ မီးဖိုချောင်သုံးသီးနှံဖြစ်သော ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့်  အာလူးချောများမှာ ပုံမှန်အဝင်ရှိနေပြီး ပုံမှန် အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

                                               

ပြည်ခရိုင်ဆန်စပါးဈေးကွက်

   ပြည်ဈေးကွက်တွင် မိုးစပါးဈေးများမှာ ဈေးများ ဆက်လက်မြင့်တက်နေပါသည်။ ၂၀၂၄ ဇန်နဝါရီလမှစ၍ စပါးတင်း ၁၀၀လျှင် ၂၀၀၀၀၀၀ ကျပ်၊ ဆန်တစ်အိတ်လျှင် ၇၄၀၀၀ကျပ် ရှိရာမှ ယခု ဇန်နဝါရီ စတုတ္ထပတ်တွင် ကရင်မစပါးမှာ ၄၆ပေါင် တင်း ၁၀၀လျှင် ၂၁၀၀၀၀၀ကျပ် ၊ ဆန်တစ်အိတ် လျှင် ၇၆၀၀၀ကျပ်၊ မှော်ဘီစပါးတင်း(၁၀၀)လျှင် ၂၁၅၀၀၀၀ ကျပ်၊ ဆန်တစ်အိတ်လျှင် ၈၂၀၀၀ ကျပ်ဖြင့် ဈေးဆက်လက်မြင့်တက်လာခဲ့ပါသည်။ ဆင်းသွယ်ဆန် တစ်အိတ်လျှင် ၈၅၀၀၀ ကျပ်၊ မနောသုခဆန်တစ်အိတ်လျှင် ၈၀၀၀၀ကျပ်၊ ရတနာတိုးဆန်မှာ ၇၄၀၀၀ကျပ်၊ ကျော်ဇေယျ ဆန်မှာ ၇၆၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး ဆန်ကွဲ Extra တစ်အိတ်လျှင် ၅၁၀၀၀ကျပ် ၊ ဆန်ကွဲ 2,3,4 တစ်အိတ်လျှင် ၄၉၀၀၀ကျပ်၊ ဆန်ကွဲ 1,2  တစ်အိတ်လျှင် ၅၀၀၀၀ကျပ်ဖြင့် ဈေးအနည်းငယ် မြင့်တက်ခဲ့ပါသည်။ ဖွဲနုတစ်ပေါင်လျှင် ၂၆၀ ကျပ်ဖြင့် အရောင်းအဝယ်ရှိပါသည်။

     ပြည်မြို့မှ ရန်ကုန်မြို့သို့ ဆန်တင်ပို့ရောင်းချမှုမှာ တစ်ပတ်လျှင် ရန်ကုန်သို့ ၃၁၅၀အိတ် တင်ပို့ ရောင်းချမှုရှိပါသည်။ စပါးဈေးများမှာဆက်လက်မြင့်တက်နေသော်လည်း အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပြည် ဘူးညွန့် ဈေးကောင်းရ

          ယခုဇန်နဝါရီလ နောက်ဆုံးပတ်တွင် ပြည်မြို့ဈေးကွက်အတွင်း ဘူးညွန့်များဈေးကောင်း ရလျက်ရှိပြီး ဘူးပင်မှ ဘူးသီးများ သီးနိုင်ရန်အတွက် ဘူးညွန့်ခေါင်ကို ဖြတ်ပေးရသဖြင့် ဘူးသီး စိုက်ပျိုးသူ တောင်သူများမှ တစ်ချက်ခုတ်နှစ်ချက်ဖြတ်အနေဖြင့်ဘူးညွန့်များ အလကားမဖြစ်တော့ပဲ ယခုအချိန် နေ့စဉ် ဘူးညွန့်များခူးပြီး ရောင်းချရသောကြောင့် မီးဖိုဆောင် အသုံးစရိတ်အဖြစ်ဝင်ငွေ ရရှိလျက်ရှိပါသည်။ ပြည်ဈေးကွက်သို့ နဝင်းရပ်ကွက်ရှိ ချောင်းနားတန်းရွာ၊ ဖိုခေါင်ရွာတို့မှလည်း ပြည်မြို့၊ တစ်ဖက်ကမ်းရှိ ညောင်ပင်သာရွာ၊ စစ်တဝင်းရွာတို့မှလည်းကောင်း၊ ရွှေတောင်မြို့၊ လယ်ဘဲ့ရွာတို့မှလည်းကောင်း၊ အဓိကဝင်ရောက်မှုရှိပြီး တစ်ပတ်လျှင်  ရက်ခြား ၃ ကြိမ်ခန့် ဝင်ရောက်မှုရှိပါသည်။ ယခုကာလ ဆောင်းရာသီတွင် တစ်ကြိမ်လျင် အစည်း ၁၅၀ ခန့်ဝင်ရောက်မှု ရှိပြီး မိုးရာသီပေါများချိန်တွင် ပိုမိုဝင်ရောက်မှုရှိကြောင်းသိရပါသည်။ ဈေးကွက်အတွင်း ဘူးညွန့် ၅ ညွန့် တစ်စည်းလျင် ကျပ် ၄၀၀ - ၅၀၀ ဖြင့် ရောင်းချလျက်ရှိပြီး မိုးရာသီလှိုင်လှိုင်ပေါ်ချိန်တွင် ကျပ် ၂၀၀ - ၂၅၀ နှုန်းတို့ဖြင့် ရောင်းချမှုရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

အဝင်များသဖြင့် ဈေးကျနေတဲ့ ပြည်ကြက်သွန်နီ

          ပြည်ဈေးကွက်သို့ ယခုဇန်နဝါရီလ နောက်ဆုံးပတ်တွင် ကြက်သွန်နီ အဓိကစိုက်ပျိုးရာ မကွေးတိုင်း တောင်တွင်း၊ ဗိဿနိုး၊ စစ်တလင်း၊ ဆိပ်ဖြူ၊ ရေနံချောင်း စတဲ့နယ်များမှ အထွက်များ စုံနေသည့်အတွက် အမျိုးအစားစုံစွာဝင်ရောက်မှုရှိနေပါသည်။ ပြည်ဈေးကွက်သို့ ပိဿာချိန် နှစ်သောင်းခန့်ရက်ခြားအဝင်ရှိနေပြီး ဝင်ရောက်လာသော အမျိုးအစားအနက် ဆိပ်ဖြူနှင့် ရေနံချောင်း ကြက်သွန်နီတို့မှာ အရည်အသွေးကောင်းသဖြင့် ဈေးနှုန်းမှာအမြင့် တစ်ပိဿာလျင် ကျပ် (၂၇၀၀-၂၈၀၀) ထိရရှိကြောင်း သိရပါသည်။ အရောင်းအဝယ်မှာ စားဖိုဆောင်သီးနှံများအနက် ကြက်သွန်နီမှာ ပစ္စည်းရော ဈေးနှုန်းပါချိုသာပေါများနေသည့်အတွက် အဝယ်လိုက်နေပြီး ဒေသတွင်း အိတ်ဆွဲ ဝယ်ရောင်းသမားများ၊ ပုံမှန်လက်လီဝယ်လက်များနှင့် ပန်းတောင်း(ဥသျှစ်ပင်)၊ သာယာဝတီခရိုင်နှင့် ဧရာဝတီ(ကြံခင်း)တို့သို့ နယ်ကျော်စီးဆင်းမှုများနှင့် အရောင်းအဝယ်ဖြစ်နေ ပါသည်။ ပြည်ပွဲရုံများနှင့် လက်လီဈေးများရှိ ဈေးနှုန်းမှာ ပွဲရုံလက်ကားဈေး တစ်ပိဿာလျှင် ကြီး/ လတ်/ သေး ကျပ် (၂၃၀၀/၂၂၀၀-၂၁၀၀/၂၀၀၀-၁၈၅၀) နှုန်းတို့ရှိပြီး လက်လီဈေးများတွင် ကျပ် ၂၅၀၀-၂၄၀၀ / ၂၃၀၀-၂၂၀၀/၂၁၀၀-၂၀၀၀ နှုန်းတို့ဖြင့် အသီးသီးရောင်းဝယ်မှုရှိနေပါသည်။ လက်လီဈေးများတွင် အရည် အသွေးဖြင့် ဆိပ်ဖြူ၊ ရေနံချောင်း၊ ကြက်သွန်နီများ ဈေးနှုန်းမြင့်သည့်အတွက် အနည်းငယ်သာ ဝယ်ယူ ရောင်းချမှုရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

“ တစ်ပတ်အတွင်း စားအုန်းဆီထုတ်ပေးမှုအခြေအနေ ” (၂၂-၁-၂၀၂၄) ရက်နေ့မှ (၂၇-၁-၂၀၂၄)ရက်နေ့အထိ

     ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်ရှိ  သီလဝါစက်မှုဇုန်၊ Wilmar ဆီကန်မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမြို့နယ်များနှင့် အခြားတိုင်းဒေသကြီးပြည်နယ် များရှိ ကိုယ်စားလှယ်များသို့ စားအုန်းဆီများ နေ့စဉ်ထုတ်ပေးလျက်ရှိပါသည်။ စားအုန်းဆီအား ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အပတ်စဉ်ထုတ်ပြန်ထားသော အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအပေါ် လက်ကားပြန်လည် ဖြန့်ဖြူးရောင်းချသူများအနေဖြင့် ဒေသအရောက်ဈေးနှုန်းများအပေါ် (၂)ရာခိုင်နှုန်းအမြတ်ထက်မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချစေရေးနှင့် ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများမပြုလုပ်စေရေးတို့အတွက်လည်း ဝန်ထမ်းများအနေဖြင့် ကွင်းဆင်းကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် (၂၂-၁-၂၀၂၄) ရက်နေ့မှ (၂၇-၁-၂၀၂၄)ရက်နေ့အထိ ဆီကုမ္ပဏီ (၁၇)ခုနှင့် စားအုန်းဆီတန်ချိန် (၇၃၁၇.၈၈၃)တန်ထုတ်ပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ပြည်ကုလားပဲညွန့် ဈေးကောင်းရလျက်ရှိ

   ယခုကာလတွင် ပြည်ဈေးကွက်အတွင်း ဆောင်းသီးနှံအဖြစ်စိုက်ပျိုးလျက်ရှိသော ကုလားပဲသီးနှံမှ ကုလားပဲညွန့်များထွက်ပေါ်လျက်ရှိပြီး ပြည်မြို့ဈေးကွက်များသို့ ဝင်ရောက်လျှက်ရှိပါသည်။ အဓိကဝင်ရောက်လျက်ရှိသည့် နေရာများမှာ ချောင်းနားတန်း၊ ရွှေဘုံသာ၊ တက်သစ်ကျွန်းရွာများနှင့် ရွှေတောင်မြို့အနီးတဝိုက်ရှိ ကျေးရွာများမှဝင်ရောက်မှုရှိကြောင်း သိရပါသည်။ တစ်ပတ်လျှင် နှစ်ကြိမ်ခန့်ဝင်ရောက်လျက်ရှိပြီး ပြည်မြို့ဈေးကွက်များသို့ ပိဿာ(၃၀)ခန့်အဝင်ရှိပါသည်။

    ကုလားပဲညွန့်ကို ပုစွန်ခြောက်၊ ကြက်ဥတို့နှင့်ကြော်၍လည်းကောင်း၊ ကြော်ချက်၊ ဟင်းချိုချက်၍လည်းကောင်း ပြုတ်၍သုပ်စားခြင်း စသဖြင့် စားသုံးကြပါသည်။ ဈေးကွက်အတွင်း ရောင်းချသော ကုလားပဲညွန့်ဈေးမှာ တစ်ဆယ်ကျပ်သားလျှင် ၃၅၀-၄၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။ ယခုအချိန်ဖြစ်သော ပြာသိုလတွင်ဈေးကောင်းရ၍ လာမည့်လဖြစ်သော တပို့တွဲလတွင် လှိုင်လှိုင်ထွက်ပေါ်လာပြီးဈေးကျမည်ဖြစ်သဖြင့် ယခုအချိန်ကာလ ကုလားပဲညွန့် ရှားပါးချိန်တွင် တောင်သူများဝင်ငွေကောင်းလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဈေးကောင်းရနေတဲ့ ပြည်ပဲစင်းငုံသစ်ဈေးကွက်နှင့် နှစ်အလိုက်ဈေးနှုန်းအခြေအနေ

          ပြည်ပဲမျိုးစုံဈေးကွက်အတွင်းသို့ ဆောင်းပဲသစ်မျိုးစုံအဝင်များလာပြီဖြစ်ပါသည်။ အဆိုပါ ပဲသစ်များထဲတွင် ပဲစင်းငုံသစ် သီးနှံသည်လည်း နှစ်ဆန်းပိုင်းမှစ၍ ပဲသစ်တဖြည်းဖြည်း ဝင်ရောက် လာပြီး ယခုတစ်ပတ်မှာတော့ ပဲအထွက်လှိုင်နေပြီဖြစ်လို့ ပဲဝင်ရောက်မှုလည်း တစ်ရက်အိတ် ၅၀၀/၆၀၀ ကျော်အထိ ဝင်ရောက်ခဲ့ပါသည်။ ပဲစင်းငုံသီးနှံအား ဝယ်လိုအားအနေဖြင့် လှောင်သမားများနှင့် ရန်ကုန်ဝယ်လက်သမားများ ဝယ်ယူလျက်ရှိတာကြောင့် ဝင်ရောက်လာသမျှ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ပဲစင်းငုံသီးနှံဈေးမှာ ပိဿာ(၂၀)တစ်တင်းလျှင် ၁၁၅၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေသည့်အတွက် ယခုနှစ်ပဲဈေးကွက်မှာ ဈေးကောင်းဝင် သီးနှံထဲပါဝင်နေတဲ့ ပဲသီးနှံတစ်မျိုး ဖြစ်ခဲ့ကာ နှစ်အလိုက်ဈေးနှုန်းများအရလည်း ရှေ့ကနှစ်များထက် ယခုနှစ်ဈေးနှုန်း ပိုရလျက်ရှိသည်ကို အောက်ပါအတိုင်းလေ့လာတွေ့ရှိရပါသည်-

စဉ်               ခုနှစ်             ကာလ                    ဈေးနှုန်း

၁။                ၂၀၂၀            ဇန်နဝါရီလ              ၂၂၂၀၀(ကျပ်)

၂။                ၂၀၂၁            ဇန်နဝါရီလ              ၂၆၀၀၀(ကျပ်)

၃။                ၂၀၂၂            ဇန်နဝါရီလ              ၄၂၀၀၀(ကျပ်)

၄။                ၂၀၂၃            ဇန်နဝါရီလ              ၅၇၅၀၀(ကျပ်)

၅။                ၂၀၂၄            ဇန်နဝါရီလ              ၁၁၅၀၀၀(ကျပ်)

          ၂၀၂၀ခုနှစ် နှစ်ဆန်းပိုင်းတွင် ပဲစင်းငုံသီးနှံသည် ပိဿာ(၂၀)တစ်တင်း ၂၂၂၀၀ ကျပ်ဖြင့် အခြား ပဲများသည် ကျပ်(၃)သောင်းအထက်ဈေးကောင်းခဲ့သော်လည်း ပဲစင်းငုံသီးနှံသည် ဈေးအနိမ့်ဖြင့်သာ ရောင်းဝယ်ခဲ့ကြပါသည်။ ၂၀၂၁ ခုနှစ်၊ နှစ်စမှာတော့ ယခင်နှစ်ကထက် ဈေးအနည်း ငယ်ပိုလာ သော်လည်း ပြည်ပဈေးကွက်ဝင်မတ်ပဲနှင့် ပဲတီစိမ်းသီးနှံများထက် ဈေးပိုလာခြင်းမရှိဘဲ အဆိုပါ ပဲများထက် ဈေးလျော့နည်းရောင်းဝယ်ခဲ့ကြပါသည်။ ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းပဲသစ်ဈေးမှာ ဈေး မြင့်တက်လာပြီး ပဲတစ်တင်း ၄၂၀၀၀ကျပ်ဖြင့် ရရှိလာသည့်အတွက် ပဲဈေးကွက်မှာ မတ်ပဲသီးနှံ နည်းတူ ဈေးမြင့်တက်လာပြီး ပဲတီစိမ်းသီးနှံထက်ပင် ဈေးပိုသွားခဲ့ကြောင်း လေ့လာသိရှိရပါသည်။

          ၂၀၂၃ ခုနှစ်မှာတော့ ပြည်ပဝယ်လက် မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ စသည့်သီးနှံများလည်း ဈေးမြင့်တက်လာသလို ပဲစင်းငုံသီးနှံကလည်း ဈေးပြိုင်မြင့်တက်လာခဲ့တာကြောင့် ပိဿာ ၂၀ တစ်တင်း ၅၇၅၀၀ကျပ်မှ ၅၈၀၀၀ကျပ်အထိ ရရှိခဲ့လို့ မတ်ပဲ၊ ပဲတီစိမ်းသီးနှံများထက်ပင် ဈေးပိုရရှိ လာခဲ့ပါသည်။ ယခု ၂၀၂၄ခုနှစ် ၊ နှစ်ဆန်းပိုင်းတွင် ပဲသီးနှံအားလုံးလိုလို ဈေးကောင်း ရရှိလာခဲ့ပြီး ပဲစင်းငုံသီးနှံဟာဆိုလျှင် ပဲသစ်ဝင်လာချိန် တစ်တင်းကျပ် (၁)သိန်းကျော်အထိ မြင့်တက်လာခဲ့ကာ ပဲဈေးကွက်မှာ မတ်ပဲသီးနှံထက်ဈေးပိုရခဲ့ပါသည်။ ဝယ်လိုအားအနေဖြင့်လည်း ဝင်လာသမျှ အဝယ်ရှိခဲ့လို့ နေ့စဉ်အရောင်းအဝယ်သွက်နေခဲ့သလို ဈေးနှုန်းလည်း အခြားပဲများ ထက်ပိုရလျှက် ရှိကာ ဆောင်းပဲသစ်ဈေးကွက်မှာ ဈေးအမြင့်ဆုံးဖြင့် ရောင်းဝယ်နေခဲ့သည့် ပဲသီးနှံဖြစ်ပါသည်။ (၅)နှစ်တာကာလ ဈေးနှုန်းနှိုင်းယှဉ်မှုအရ ပဲစင်းငုံသီးနှံသည် ၂၀၂၀ခုနှစ်နှင့် ၂၀၂၁ခုနှစ်များတွင် ပဲဈေးကွက်မှာ ဈေးအေးနေခဲ့သည့် သီးနှံဖြစ်ခဲ့ပြီး ၂၀၂၂ခုနှစ် ဩဂုတ်လမှစ၍ ပဲဈေးနှုန်း တစ်နှစ် ထက် တစ်နှစ်မြင့်တက်လာခဲ့ကာ ၂၀၂၄ ခုနှစ်မှာတော့ အမြင့်ဆုံးဈေးဖြင့် မတ်ပဲ၊ ပဲတီစိမ်း သီးနှံများထက်ပင် ဈေးပိုရလာသလို နှစ်အလိုက်ပဲဈေးနှုန်းဈေးကွက်မှာလည်း ဈေးအမြင့်ဆုံးရခဲ့သည့် ပဲသီးနှံဖြစ်ကြောင်းရေးသားတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်အတွင်း ရောင်းချနေသည့် ဆလပ်ရွက်

      မြန်မာနိုင်ငံတွင် ဒေသမရွေး စိုက်ပျိုးကြပါသည်။ မြန်မာနိုင်ငံတွင် ဂေါ်ဖီထုတ်ကဲ့သို့ အထုတ်မျိုးနှင့် ရွက်ပြန့်မျိုးဟူ၍ နှစ်မျိုးစိုက်ပျိုးကြပါသည်။ အရွက်အရောင်မှာ အစိမ်းနှင့် အနီရောင် (၂)မျိုး ရှိပါသည်။

      ဆလပ်ကို မြေအမျိုးမျိုးတွင် စိုက်ပျိုးရပါသည်။ ဆလပ်ရွက်စိုက်ပျိုးသည့် မြေသည် အစိုဓါတ် ထိန်းသိမ်းနိုင်ပြီး ရေမဝပ်စေသောနေရာတွင် ပိုမိုဖြစ်ထွန်းပါသည်။ အရွက်အရသာမှာ ခါးသက်သက် ဖြစ်ပါသည်။ဆလပ်ရွက်ကို ပျိုးထောင်စိုက်ပျိုးခြင်းနှင့် တိုက်ရိုက်စိုက်ပျိုးခြင်း (၂)မျိုးရှိပါသည်။

     ဆလပ်ရွက်သည် ယခုအချိန်တွင် ရာသီပေါ်စာဖြစ်သည့်အတွက် ယခုအချိန်တွင် ပြည်ဒေသ အနီးတစ်ဝိုက်နှင့် ရွှေတောင်မြို့နယ်ဒေသအတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးပြီးထွက်ပေါ်လာသော ဆလပ်ပင်များအား မြို့မစည်ပင်သာယာဈေးအတွင်း ရောင်းချရာတွင် ဆလပ်အထုတ် (၁)ပင်လျှင်  (၃၀၀)ကျပ်နှုန်းဖြင့် ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်တွင် သံပုရာသီးဈေးများမြင့်တက်လာ

   ပြည်မြို့၏ ဈေးကွက်တွင် သံပုရာသီးများဈေးနှုန်းမြင့်တက်လျက်ရှိပါသည်။ သံပုရာသီးမှာ နွေသီးနှင့် မိုးသီးဟူ၍ (၂)ရာသီသီးပြီး ယခုအချိန်တွင် နွေသံပုရာသီးများ ဈေးကွက်တွင် အရောင်းအဝယ်ကောင်းသဖြင့် ဈေးနှုန်းများ မြင့်တက်လာကြောင်း သိရပါသည်။ ပြည်ဈေးကွက်သို့ ဝင်ရောက်လာသော သံပုရာသီးများမျာ ပြည်မြို့အနီး ပတ်ဝန်းကျင်ရှိ ကျေးရွာများနှင့် ပေါက်ခေါင်း၊ ပေါင်းတလည်ဘက်ရှိ သံပုရာစိုက်ပျိုးသော ကျေးရွာများမှ လာရောက်ရောင်းချကြောင်း သိရပါသည်။ သံပုရာပင်မှာ နှစ်ရှည်ပင်ဖြစ်၍ တစ်ပင်စိုက်ပျိုးထားလျင်  နှစ်ပတ်လည် စားသုံးရောင်းချနိုင်သောအပင် ဖြစ်ပါသည်။ သံပုရာပင်တစ်ပင်ကို စိုက်ပျိုးထားလျင် သံပုရာသီးထွက်ပေါ်ချိန်တွင် (၁၀)ရက် တစ်ခါ သို့မဟုတ် (၁၅)ရက်တစ်ခါ ခူးဆွတ်ရပါသည်။ တစ်ခါခူးလျှင် သီးနှုန်းအားကောင်းလျှင် (၅၀၀) လုံးကျော်ထိ ခူးဆွတ်ရရှိကြောင်း သိရပါသည်။ သံပုရာသီးဈေးနှုန်းများမှာ ယခုအချိန်တွင် သီးသော အသီးမှာ နွေသီးဖြစ်၍ တစ်လုံးလျှင် လက်ကားဈေး (၂၀၀)ကျပ်အထိရောင်းချကြပြီး လက်လီဈေးမှာ တစ်လုံးလျှင် (၂၅၀/၃၀၀)ကျပ်အထိ ရောင်းချကြောင်း သိရပါသည်။ နွေရာသီတွင် သီးသော သံပုရာသီးမှာ အထွက်နှုန်းနည်းသော်လည်း ယခုနှစ်တွင် သီးနှုန်းအားကောင်းသဖြင့် သံပုရာပင် စိုက်ပျိုးသူများအနေဖြင့် ယခုနှစ်တွင် တွက်ခြေကိုက်သော နှစ်ဖြစ်ပါသည်။ သံပုရာပင်မှာ စိုက်ပျိုးရာတွင် အရင်းအနှီးနည်းပြီး တစ်ခါစိုက်ပျိုးလျှင် နှစ်ရှည်စားသုံးနိုင်သောအပင်ဖြစ်၍ စိုက်ပျိုးသင့်သော သီးနှံတစ်မျိုးဖြစ်ပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း