ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဓနုဖြူ ဒေသထွက် စိုက်ပျိုးထွက်ရှိသော ရွှေဖရုံသီးများ အရွယ်အစားပေါ် မူတည်၍ ဈေးကောင်းရရှိ

          ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်အတွင်းရှိ လက်ဆွဲချောင်းကျေးရွာတွင် ရွှေဖရုံသီး သီးနှံကို စိုက်ပျိုးလျက်ရှိပြီး အခြားသော ဟင်းသီ’ဟင်းရွက်သီးနှံများလည်း စိုက်ပျိုးထားရှိကြောင်း သိရသည်။

          မျိုးအနေဖြင့် ဒေသ  မျိုးဖြစ်သော ရွှေအိုးစည်မျိုး စိုက်ပျိုးပြီး အထုတ်ကြီးတစ်ထုပ်လျှင် ၁၇၀၀၀ ကျပ်နှုန်းဖြင့်  ဝယ်ယူ၍ စိုက်ဧက ၀.၂၀ လျှင် မျိုးထုပ် ၂ ထုပ်ခန့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် မျိုးစေ့များကို  ရွှေဖရုံသီးပင်အား စိုက်ပျိုးလျှင် (၃)ပေခြား၊ တစ်တန်းနှင့်တစ်တန်း (၂၀)ပေခွာ၍ တစ်ကျင်းလျှင် အစေ့(၃-၄)စေ့ချ၍ စိုက်ပျိုးရပါသည်။ 

မြေချ၍ တိုင်ထောင်စနစ်ဖြင့် စိုက်ပျိုးကြောင်း၊  သီတင်းကျွတ်လတွင် စတင်စိုက်ပျိုးပြီး တပေါင်း တွင် လှိုင်လှိုင်ထွက်ပေါ်မည်ကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင်  တစ်ဧကလျှင် ငွေကျပ် ၃၀၀၀၀၀ ခန့် ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ရွှေဖရုံသီး ၁၀၀၀ ခန့်  ထွက်ရှိကြောင်းသိရသည်.

          ဈေးနှုန်းအနေဖြင့် မတ်လတွင် ရွှေဖရုံသီး လက်ကားဈေး တစ်လုံးလျှင် ငွေကျပ် ၁၀၀၀-၃၀၀၀ ဖြင့် အလုံးအကြီးအသေးပေါ်မူတည်၍ ရောင်းချရပြီး စိုက်ဧကအကျိုးအမြတ်အနေဖြင့် ပျမ်းမျှ ငွေကျပ် ၁၄၀၀၀၀၀ ခန့် ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရောင်းချခြင်း ပန်းတနော်၊ ညောင်တုန်းမြို့နယ်သို့ ရောင်းချကြောင်း ဈေးနှုန်းကောင်းမွန်မှုကြောင့် အကျိုး အမြတ်များ ရရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)

အစေ့ထုတ်ပြောင်း စိုက်ပျိုးထွက်ရှိမှု ဈေးကွက်ဈေးနှုန်းအခြေအနေ

          ဧရာဝတီဒေသကြီး၊ ဓနုဖြူမြို့နယ်အတွင်းရှိ လက်ဆွဲချောင်းအုပ်စု၊ ရွှေကညင် ကျေးရွာ တောင်သူ ဦးပေါကြွယ် ကိုင်းမြေတွင် နှမ်းနှင့်ပဲမျိုးစုံသီးနှံများကို စိုက်ပျိုးကြပြီး အစေ့ထုတ် ပြောင်းသီးနှံကို စိုက်ဧက ၃ ဧက ခွဲခန့် စိုက်ပျိုးထားရှိ ကြောင်း သိရသည်။

          မျိုးအနေဖြင့် ဒေသတွင်းမျိုး (၈၀၈)မျိုးကို စိုက်ပျိုးကြပြီး မျိုး ၁ထုတ်ကို ငွေကျပ် ၈၅၀၀ကျပ် ဝယ်ယူစိုက်ပျိုးရသည်။ ၃ဧကကို မျိုးထုတ် ၆ထုတ်စိုက်ပျိုးရပြီး ၁ဧကလျှင် ၂ထုတ်နှုန်း စိုက်ပျိုးကြောင်းသိရသည်။   သီးတင်းကျွတ်လ မှ တပေါင်းလအထိ  စတင်စိုက်ပျိုး၍ ၄လအကြာတွင် အပြီးခူးဆွတ်ကြောင်း၊ စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ ထွန်ယက်ခအပါအဝင် တစ်ဧကလျှင် ငွေကျပ် ၃၀,၀၀၀,၀၀၀-၄၀,၀၀၀.၀၀၀ ကြား ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် ပြုစုပျိုးထောင်မှု အပေါ်မူတည်၍ တင်း ၂၀၀ မှ တင်း၃၀၀ခန့် ထွက်ရှိကြောင်း သိရသည်။

          ဈေးနှုန်းအနေဖြင့် မတ်လ၂၂ရက်နေ့ ကာလပေါက်ဈေး ၁တင်းဈေးနှုန်း ၃၁၇၀၀ကျပ်ခန့် အရောင်းအဝယ်ဖြစ်လျှက်ရှိသည်။ တောင်သူများအနေဖြင့် ၃ဧက လျှင် ငွေကျပ် ၃၀,၄၉၀,၀၀၀  အကျိုးအမြတ်ရရှိကြောင်း၊ ဈေးနှုန်းအတက်အျကပေါ်မူတည်၍ အကျိုးအမြတ် ပုံသေတွက် ချက်၍ မရနိုင်ကြောင်း စိုက်ပျိုးတောင်သူမှ ပြောပြသည်။ ဈေးကွက်အနေဖြင့် ဒေသအတွင်းနှင့် ရန်ကုန်တိုင်းဒေသကြီးမြို့သို့ တင်ပို့ ရောင်းချလျက်ရှိကြောင်း၊ တောင်သူများအနေဖြင့် အကျိုးအမြတ်များရရှိသောကြောင့် နှစ်စဉ်တိုးချဲ့ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)  

ပန်းတနော်မြို့နယ်တွင် ရောင်းချနေသော ကြက်ဥ ၊ ဘဲဥ ဈေးနှုန်း အခြေအနေ

မအူပင်ခရိုင်၊ ပန်းတနော်မြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ကြက်ဥ၊ ဘဲဥများမှာ ဒေသတွင်း ဘဲခြံများမှ ဝယ်ယူရောင်းချလျက်ရှိပြီး၊ ကြက်ဥများကို ညောင်တုန်း ကြက်ခြံများမှ  လိုအပ်ချက်အရ ဝယ်ယူရောင်းချကြောင်းသိရသည်။

၂၀၂၅ ခုနှစ်၊ မတ်လ အတွင်း ဖြစ်ပေါ်နေသော ကြက်ဥ၊ ဘဲဥ၊ ငုံးဥဈေးနှုန်းများမှာ ကြက်ဥကြီးတစ်လုံးလျှင် (၄၀၀)ကျပ်၊ ဘဲဥအကြီးတစ်လုံးလျှင်(၄၅၀)ကျပ်၊ ကြက်ဥသေးတစ်လုံးလျှင်(၃၈၀)ကျပ်နှင့် ဘဲဥအသေးတစ်လုံးလျှင်(၄၂၀) ကျပ်၊ ငုံးဥ(၁၀)လုံးလျှင် (၁၃၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပြီးယခင်အပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ်လျှက်ရှိကြောင်းတွေ့ရှိရသည်။ ကြက်ဥ၊ဘဲဥ၊ ငုံးဥများကို စားသောက်ဆိုင်များ၊ မုန့်လုပ်ငန်းများတွင် အများဆုံးအသုံးပြုကြပြီး အိမ်ရှင်မ များမှ ချက်ပြုတ်စားသောက်ရန် အသုံးပြုကြကြောင်း ကြက်ဥ၊ဘဲဥ ရောင်းချသူ ဈေးသည်များထံမှသိရှိရသည်။

DOCA(ဧရာဝတီ)

ပန်းတနော် အနောက်ပိုင်းရပ်ကွက် ဓနော်ကျေးရွာတွင် ယက်လုပ်နေသော ဝါး တောင်းပလုံးလုပ်ငန်း

          ပန်းတနော်မြို့နယ်သည် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဖျာလုပ်ငန်း များ အဓိက လုပ်ကိုင်သောမြို့တစ်ခုဖြစ်သည်။ ပန်းတနော်မြို့နယ် အနောက်ပိုင်းရပ်ကွက် ဓနော် ကျေးရွာတွင် ဝါးယား ဝါးကို ယက်လုပ်နေသော တောင်းပလုံးလုပ်ငန်းတစ်ခုရှိကြောင်း သိရ၍ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းလေ့လာခဲ့သည်။

          ယက်လုပ်သော ဝါးမှ ဝါယားဝါးဖြစ်ပြီး ဝါးယား ဝါးတစ်လုံးကို ငွေကျပ် ၂၅၀၀/-ဖြင့် ဝယ်ယူပြီးယက်လုပ်ရသည်။ ဝါးယား ဝါးများကို ဓနော်ရွာအနီးပတ်ဝန်းကျင်မှ ဝယ်ယူရရှိကြောင်းနှင့် ဝါးတစ်လုံးကို ခွဲခြမ်းစိတ်ဖျာပြီး လွှာပြီးယက်လုပ်ပါက ခြင်းအသေး ၃ခြင်းရရှိပြီး၊ အကြီးဆို  ၁ခြင်းရကြောင်း ယက်လုပ်သူ အဘ ဦးထွန်းအေးထံမှ သိရသည်။ ခြင်းယက်လုပ်လာသည်မှာ နှစ် ၁၅ရှိပြီဖြစ်ပြီး ၂၀၁၀ခုနှစ်တည်းက ယက်လုပ်ခြင်းဖြစ်ကြောင်းသိရသည်။

ဈေးနှုန်းအနေဖြင့်   ယက်လုပ်ပြီးခြင်း အသေးကို ငွေကျပ် ၁၀၀၀၀နှုန်းဖြင့် ရောင်းချရပြီး၊ ခြင်းအကြီးကို ၂၀၀၀၀ကျပ်ဖြင့် ရောင်းချရကြောင်း သိရသည်။ အကျိုးအမြတ် ဝါးတစ်လုံးယက်ပါက ၁၅၀၀၀-၂၀၀၀၀ ကျန်ရှိကြောင်း နှင့် တလအတွင်းခြင်း ၁၀၀ ခန့် ယက်လုပ်နိုင်ကြောင်း သိရသည်။ ထွက်ရှိလာသော ခြင်းများကို ဖြန့်ဖြူးရောင်းချမှုအနေဖြင့် ရွာအနီးပတ်ဝန်ကျင်ကိုသာ ရောင်းချပြီး ထိုခြင်းများကို ငါးကန်များက ငါးဖမ်းထည့်သယ်သည့် အခါ အသုံးပြုကြပြီး ငါးကန်းများမှ မှာယူကြကြောင်း သိရသည်။

DOCA(ဧရာဝတီ)

မန္တလေးဂျုံစေ့နှင့်ဂျုံမှုန့်ဈေးနှုန်းဈေးကွက်

           ဂျုံထွက်ရှိရာဒေသများဖြစ်ကြသည့် စစ်ကိုင်းမြို့နယ်၊ ချောင်းဦး၊ မြင်းမူနှင့် အခြား ဂျုံထွက်ရှိရာဒေသများမှ မန္တလေးမြို့ရှိ ပွဲရုံများသို့ ဝင်ရောက်လျက်ရှိသည်။ ဂျုံသီးနှံများသာမက အခြား လယ်ယာထွက်ကုန်ပစ္စည်းများကိုလည်း မဟာကထိန်တော်အသင်းကုန်စည်ဒိုင်ပေါက်ဈေး ဖြင့် ဝယ်ယူလျက်ရှိသည်။ ဖေဖော်ဝါရီလတတိယပတ်တွင် ပိဿာ(၆၀)ဝင်တစ်အိတ်လျှင် (၂၅၀၀၀ဝိ/-) ကျပ်ရှိခဲ့ပြီး၊ မတ်လ တတိယပတ်တွင် ပိဿာ(၆၀)ဝင်တစ်အိတ်လျှင် (၂၁၀၀၀ဝိ/-) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

          ဂျုံမှုန့်များကို မန္တလေးမြို့တွင်းရှိ စားသောက်ကုန်လုပ်ငန်းများတွင်သာမက ခေါက်ဆွဲ၊ ထပ်တစ်ရာ၊ ပလာတာ၊ အီကြာကွေး၊နံပြားစသည့် မုန့်များကို နံနက်စာအဖြစ် စားသုံးမှုပိုများပြီး မြန်မာမုန့်များတွင်လည်း ဂျုံမှုန့်အသုံးပြုမှုအများဆုံးဖြစ်ပြီး ယခင်နှစ်က ဂျုံမှုန့် ၂၅ ပိဿာ ဝင်တစ်အိတ်လျှင် (၈၀၀၀ဝိ/-)ကျပ်ထိရှိခဲ့ပြီး ယခုနှစ်တွင်(၁၆၀၀၀ဝိ/-)တို့ဖြင့် ဝယ်ယူရကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မန္တလေးမြို့ရဲ့ မတ်ပဲဈေးကွက်

          မန္တလေးတိုင်း‌ဒေသကြီးအတွင်း မတ်ပဲစိုက်ပျိုးမှုအနေဖြင့် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် စိုက်ဧက (၁၆၀၁၅)ဧက၊ အထွက်နှုန်း(၁၃.၀၅)တင်း၊ အထွက်တင်းပေါင်း(၂၀၉၀၆၇)တင်း ထွက်ရှိပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်တွင်(၃၂၁၄၂)ဧက စိုက်ပျိုးပြီး၊ ဖေဖော်ဝါရီလကုန်အထိ ရိတ်သိမ်းပြီးစီးမှုမှာ (၂၆၀၄၅)ဧကဖြစ်၍ အထွက်နှုန်းအနေဖြင့် (၁၂.၉၃)တင်း၊ အထွက်တင်းပေါင်း (၃၃၆၆၅၄) တင်း ထွက်ရှိကြောင်းနှင့် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ဧက (၁၆၀၀၀)ကျော် ပိုမိုစိုက်ပျိုးခဲ့ကြောင်း စိုက်ပျိုး‌ရေးဦးစိးဌာန၏ စာရင်းများအရ သိရှိရပါသည်။ယခုနှစ်တွင် စိုက်ဧကနှစ်ဆတိုးလာကာ ပဲယင်းနီနှင့် ပဲတီစိမ်းအစား ဈေးကွက်ဝယ်လိုအားကောင်းသော မတ်ပဲကို ပိုမိုစိုက်ပျိုးကြောင်း သိရှိရပါသည်။မန္တလေးဈေးကွက်အတွင်းသို့ မတ်ပဲဝင်ရောက်မှုအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး မြောင်နှင့် မြင်းမူမြို့များမှဝင်ရောက်မှုများပြီး ကသာ၊ထီးချိုင့်မြို့များ၊ တိုင်းတွင်းဒေသများ ဖြစ်သော စဉ့်ကူး၊တကောင်းမြို့များအပြင် ဧရာဝတီတိုင်းဒေသကြီးတို့မှလည်းဝင်ရောက်မှု ရှိပါသည်။မန္တလေးဈေးကွက်အတွင်း လက်ရှိဖြစ်ပေါ်နေသော ပိဿာ(၆၀)ဝင် (၃)တင်းအိတ် မတ်ပဲဈေးနှုန်းများမှာ (၂၇၈၀၀၀-၂၈၂၀၀၀)ကျပ်၊ ယခင်လတွင် (၂၇၇၀၀၀-၂၇၈၀၀၀)ကျပ်နှင့် ယခင်နှစ်ကာလတူဈေးနှုန်းများအနေဖြင့် (၂၇၀၀၀၀-၂၈၀၀၀၀)ကျပ် ဖြစ်ကြောင်း သိရှိရပါသည်။ 

DOCA(မန္တလေး)    

မန်းမြို့တွင်း မန်ကျည်းနှင့်ဆီးသီးခြောက်ဈေးကွက်

           မန္တလေးမြို့တွင်းသို့ မကွေးတိုင်း ရေနံချောင်း၊ ချောက်၊ စလေနယ်များမှအညာဆီးသီးခြောက်နှင့်မန္တလေးအနီးဝန်းကျင်ထုံးဘို၊ ကျောက်ချော၊ရွှေစာရံနယ်များမှ ဆီးသီးခြောက်များ ဝင်ရောက်သကဲ့သို့ မန်ကျည်းမှည့်များဝင်ရောက်မှုအနေနှင့် ကျောက်ပန်းတောင်း၊ ရမည်းသင်း၊ မိထ္ထီလာနယ် များနှင့်မန်းမြို့အနီးတဝိုက်မှ အမရပူရ၊ မတ္တရာ၊ ပုသိမ်ကြီးနယ်များမှမန်ကျည်းမှည့်များ မန်းဈေးကွက်အတွင်းဝင်ရောက်အရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။ မန်ကျည်းမှည့်နှင့် ဆီးသီးခြောက်များကို အချဉ်ပေါင်းထုတ်လုပ်ရောင်းချသူများ၊ ယိုစုံထုတ်လုပ်ရောင်းချသူများနှင့် မန်ကျည်းဖျော် ရည်ဆီးဖျော်ရည်ရောင်းချသူများမှဝယ်ယူခြင်းမိသားစုတပိုင်တနိုင်စားသုံးရန်နှင့် ကြိုတင်ဝယ်ယူ သိုလှောင်ထားခြင်းများကြောင့်အရောင်းအဝယ်သွက်လျက်ရှိပါသည်။ မန္တလေးမြို့တွင်း မန်ကျည်းနှင့် ဆီးသီးခြောက်ဈေးနှုန်းဈေးကွက်အနေနှင့် မန်ကျည်းမှည့်၁ပိဿာလျှင်(၁၄၀၀၀)ကျပ်မှ(၁၆၀၀၀)ကျပ်၊ ဆီးသီးခြောက်၁ပြည်လျှင်(အချို)(၃၅၀၀)ကျပ်မှ(၄၀၀၀)ကျပ်ဆီးချဉ်သီး၁ပြည်လျှင်(၂၀၀၀)ကျပ်မှ(၂၅၀၀)ကျပ်ဈေးနှုန်းများနှင့် ဈေးကွက်တွင်အရောင်းအဝယ်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။         

DOCA(မန္တလေး)

မန္တလေးမြို့တွင်း ထန်းလျက်ဈေးကွက်

             မန္တလေးမြို့တွင်းသို့ ကျောက်ပန်းတောင်း၊ တောင်သာ၊ နွားထိုးကြီး၊ ညောင်ဦး၊ မလှိုင်မြို့နယ်များမှ ထန်းလျက်များ ဝင်ရောက်လျက်ရှိပါသည်။ ထန်းလျက်များကို မုန့်လုပ်ခြင်း၊ ဆေးဖော်စပ် ရာတွင် အသုံးပြုခြင်းများအတွက် သံတော်ကျင်းထန်းလျက်ခဲအညှိုလုံးကြီး၊ လုံးသေးများကို အသုံးပြုကြပြီး အသင့်စားထန်းလျက်ဖြစ်သည့် ထန်းဘိုဦးထန်းလျက် အဖြူလုံးသေးနှင့် အညိုများ ကို စားသုံးရန်အတွက် ထုတ်လုပ်ကြပါသည်၊၊ ဆီးထန်းလျက်ခဲ၊ အုန်းထန်းလျက်ခဲ၊ နို့ထန်းလျက်ခဲ များမှာလည်း ကြိုက်နှစ်သက်ကြပါသည်။ မန္တလေးမြို့အတွင်း ထန်းလျက်ဈေးနှုန်းဈေးကွက်အနေ နှင့် သံတော်ကျင်းထန်းလျက်အညိုလုံးကြီး ၁ ပိဿာလျှင် ၈၀၀၀ ကျပ်၊ လုံးသေး ၁ ပိဿာလျှင် ၉၀၀၀ ကျပ်၊ ဆီးထန်းလျက်ခဲ ၁ ပိဿာ ၁၂၀၀၀ ကျပ်၊ အုန်းထန်းလျက် ၁ ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ နို့ထန်းလျက်ခဲ ၁ ပိဿာလျှင် ၁၀၀၀၀ ကျပ်တို့နှင့် ဈေးကွက်တွင် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ယခုအခါသည် နွေရာသီဝင်ရောက်သည့်ကာလဖြစ်၍ မန်ကျဉ်းဖျော်ရည်နှင့် ဆီးယို များပြုလုပ်စားသုံးကြသည့်အတွက် သံတော်ကျင်းထန်းလျက်သည် ဈေးကွက်တွင် အရောင်းအဝယ် ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(မန္တလေး)

အရောင်းသွက်သည့်ခါကြက်ဥ

           မန္တလေးဈေးကွက်သို့ ပြင်ဦးလွင်ဒေသနှင့်ရှမ်းပြည်နယ်တောင်ပိုင်းဒေသများမှ ထွက်ရှိသည့် ခါကြက်ဥ(ခေါ်)မုန်လာဥနီကုန်စိမ်းသီးနှံများ ၂၀၂၅ခုနှစ်မတ်လတိယပတ်အတွင်းဝင်ရောက်မှုအနည်း ငယ်လျော့ကျသွားပြီး စျေးအနည်းငယ်မြင့် သွားကြောင်းသိရှိပါတယ်။     ဈေးကွက်အတွင်း တွေ့ရ သော ခါကြက်ဥ(ခေါ်)မုန်လာဥနီကုန်စိမ်းမှာ ဒေသမျိုး နှင့်ထိုင်ဝမ်မျိုးနှစ်မျိုးတွေ့ရှိရပြီး တစ်နှစ်ပတ် လုံးဝင်ရောက်သည့်ကုန်စိမ်းအမယ်တစ်မျိုးဖြစ်ပါတယ်။   မုန်လာဥနီကုန်စိမ်းသီးနှံမှာ လိမ္မော်ရောင် ရှိပြီး၊ကယ်လိုရီပါဝင်မှုနည်း ခြင်း၊ ဗီတာမင်နှင့်သတ္ထုဓာတ် များစွာပါရှိသည့်အတွက်ခါကြက်ဥစားသုံး ခြင်းဖြင့် အသားအရေလှပ စေခြင်း၊ သွားနှင့်သွားဖုံးများ ကျန်းမာစေခြင်း၊ အရွယ်တင်နုပျိုစေခြင်း၊ အသည်းကျန်းမာစေခြင်း၊ သွေးသန့်စေခြင်း၊ မျက်စေ့အား ကောင်းစေခြင်း၊အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ခြင်းတို့ကြောင့်  ကျန်းမာရေးအကျိုးကျေးဇူးများ စွာရရှိတဲ့ သီးနှံတစ်မျိုးဖြစ်ပါတယ်။  ခါကြက်ဥ(ခေါ်)မုန်လာဥနီကို  အသုပ်၊ အပြုတ်၊ အကြော်၊အလှော်၊ အကင်၊စွပ်ပြုတ်၊ဆန်ပြုတ်၊ပူရီ၊ ထမင်းလိပ်၊ကင်မ်ချီ၊တော့ပိုကီ၊ ဘီစကစ်၊စပါဂ်တီခေါက်ဆွဲ၊ကိတ်မုန့်၊ ပေါင်မုန့်၊ ကွက်ကီ၊ ပူတင်း၊ယို၊ ရေခဲမုန့်၊ ရေခဲချောင်း၊ မုံလာဥနီ ဖျော်ရည်စားဖွယ်စုံအဖြစ် အမျိုးမျိုး  စားသောက်ကြကြောင်း သိရပါ တယ်။  မန္တလေးကုန်စိမ်းစျေးကွက်တွင်  ၂၀၂၅  ခုနှစ်မတ်လတတိယပတ်အတွင်း တစ်ပိဿာလျှင်  လက္ကားဈေးခါကြက်ဥ (ဒေသမျိုး) ၁၈၀၀ ကျပ် နှင့် ၂၀၀၀ကျပ်၊ ထိုင်ဝမ်မျိုး ၆၀၀၀ ကျပ်နှင့် ၆၅၀၀ ကျပ်၊ လက်လီဈေးဒေသမျိုး ၂၅၀၀ ကျပ်နှင့် ၃၀၀၀ကျပ်၊ ထိုင်ဝမ်မျိုး  ၇၀၀၀ကျပ်နှင့် ၇၅၀၀ ကျပ်တို့ ဖြစ်ကြောင်း သိရပါတယ်။ ခါကြက်ဥမှာ အရောင်းသွက်သည့်ကုန်စည်ဖြစ်ပြီး၊မန္တလေးမြို့၊သီရိမာလာ ကုန်စိမ်းစျေးအတွင်း ခါကြက်ဥ(ခေါ်)မုန်လာဥ နီသီးနှံဝင်ရောက်မှုအနေဖြင့်  တစ်ပတ်လျှင်(Canter ) ၆ ဘီးကား ၁၅စီးနှင့် ၂၀စီး အကြား ဝင်ရောက် လျက်ရှိကြောင်း သိရပါတယ်။

DOCA(မန္တလေး)  

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဖြစ်ပေါ်လျက်ရှိသော ချင်း(ဂျင်း)/ နနွင်း/ ငရုတ်ခြောက် ဈေးနှုန်းအခြေအနေ

          ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ချင်း(ဂျင်း)ဝင်ရောက်မှုတွင် ချင်းတက်သေး ဝင်ရောက်မှုများခဲ့သည်ကိုတွေ့ရပါသည်။ အောင်ပန်းဈေးကွက်တွင် တောင်သူများထံမှ အနည်း ငယ်မြင့်တက်မှုရှိခဲ့သဖြင့် ဒေသတွင်း လက်လီဈေးကွက်များတွင်လည်း ဈေးနှုန်းအနည်းငယ် မြင့်တက်မှု ရှိခဲ့ပါသည်။

          နနွင်းဖြိုင်ဖြိုင်ထွက်ရှိမှုရှိနေသော်လည်း နနွင်း(ကျီးခြေ)တွင် ဈေးနှုန်းသည် တောင်သူထံ မှ ဝယ်ဈေးသည် (၈၀၀၀)ကျပ် ဝန်းကျင်ရှိနေသဖြင့် လက်လီဈေးကွက်များတွင် ဈေးနှုန်းလျော့ ကျမှုများ မတွေ့ရှိရပါကြောင်းနှင့် ဈေးကွက်အတွင်း နနွင်း(ကျီးခြေ)များသာ တွေ့ရှိရသဖြင့် ဈေး နှုန်းမြင့်တက်မှုရှိခဲ့သည်ဟု သိရှိရပါသည်။

          ငရုတ်ခြောက်(အရှည်)များမှာ ပျော်ဘွယ်မြို့နယ်နှင့် အောင်ပန်းဒေသတို့မှ ပုံမှန်ဝင် ရောက်မှုများရှိနေပြီး၊ ငရုတ်ခြောက်၏ အရောင်နှင့် အရည်အသွေးတွင် နိမ့်ကျမှုများရှိလာသဖြင့် ဈေးနှုန်းလျော့ကျမှုများ ရှိလာခဲ့ပါသည်။ ငရုတ်စိုဝင်ရောက်မှု အားကောင်းလာပြီး ငရုတ်ခြောက် (အရှည်) ဈေးနှုန်းနိမ့်ကျမှုရှိလာပကြောင်း သိရှိရပါသည်။

DOCA(နေပြည်တော်)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း