ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ ဌက်ပျောသီးဈေးနှုန်း/ဈေးကွက်

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်ရှိ တနင်္သာရီမြို့နှင့် ကျွန်းစုမြို့တို့တွင် နှစ်ရှည်သီးနှံ များနှင့် ရာသီစာသီးနှံများဖြစ်သော ဒူးရင်းသီး၊ တညင်းသီး၊ သရက်သီး၊ မင်းဂွတ်သီး၊ အုန်းသီး၊ ကြက်မောက်သီး၊ ပိန္နဲသီး၊ ဌက်ပျောသီး၊ စုံပတသီး အစရှိသည့် အသီးတို့ကို အများအပြားစိုက်ကြသလို တစ်နိုင်တစ်ပိုင်လည်း စိုက်ပျိုးကြ၍ ထွက်ရှိသောသီးနှံများကို မြိတ်မြို့ပေါ်ရှိဈေးများတွင် လာရောက် ရောင်းချကြပါသည်။ ၄င်းအသီးအနှံများထဲမှ ဌက်ပျောသီးသည် လူကြီး/လူငယ်မရွေး ကြိုက်နှစ်သက်ကြသဖြင့် အရောင်းအဝယ်သွက်ကြောင်း သိရှိရပါသည်။ ဌက်ပျောသီးများကို အခြောက်လှန်းကြော်စားကြသလို မြန်မာမုန့်များတွင် ထည့်သွင်းပြုလုပ်စားသုံးကြကြောင်းလည်း သိရှိရပါသည်။

       ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်တွင် ဖီးကြမ်းဌက်ပျောသီးတစ်ဖီးလျှင်(၂၀၀၀) ကျပ်၊ ဌက်ပျောဝါသီး တစ်ဖီးလျှင် (၄၀၀၀)ကျပ်၊ ဆွဲအံသီးတစ်ဖီးလျှင် (၅၀၀၀)ကျပ်နှင့်ဆိတ်နို့သီး တစ်ဖီးလျှင် (၃၀၀၀)ကျပ်ခန့်ရှိကြောင်း ဌက်ပျောသီးရောင်းချသူထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့ပေါ်ရှိ ဘူးသီးဈေးနှုန်း/ဈေးကွက်

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များ တွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးလုပ်ငန်းများကို အများအပြားလုပ်ကိုင်လျက်ရှိကြောင်း သိရှိရ သည်။ ဒေသခံများသည် သခွားသီး၊ ခရမ်းသီး၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ရုံးပတီသီး၊ ဘူးသီး၊ ငရုတ်သီး စသည့် သီးနှံများကို စိုက်ပျိုးကြသည့်အပြင် ဘူးသီးများကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး မြိတ်မြို့ဈေးကြီးနှင့် ကျေးရွာဈေးများသို့ လာရောက်ရောင်းချကြကြောင်း သိရှိရသည်။ ဘူးသီးသည် အာဟာရဓာတ်များစွာပါဝင်ပြီး ကျန်းမာရေးအတွက် အထူးကောင်းမွန်သည့် ဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်ကာ ဒေသခံများအနေဖြင့် ဟင်းချိုချက်သောက်ခြင်း၊ ကြော်စား ခြင်းများ  ပြုလုပ်လေ့ရှိ ကြောင်း သိရှိရသည်။

      ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလဒုတိယပတ်အတွင်း မြိတ်မြို့ပေါ်ရှိဈေးများ၌ ရောင်းချလျက် ရှိသော ဘူးသီးဈေးနှုန်းမှာ(၄၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံကုန်စိမ်း ရောင်း ချသူများထံမှ သိရှိရသည်။

DOCA(တနင်္သာရီ)

ပခုက္ကူမြို့၌ နိုဝင်ဘာလ(ပထမပတ်)တွင်  ဖြစ်ပေါ်နေသော ဘိလပ်မြေဈေးနှုန်းအခြေအနေ

        မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်၌ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင် များဖြစ်သောဟိန်းစည်၊ ငွေသရဖူ၊ သိန်း၊ဂန့်ဂေါ၊ ကံဟိန်း၊ မိုးမခအရောင်းဆိုင်များတွင် အိမ်ဆောက်ပစ္စည်းများအပြင် ဘိလပ်မြေများလည်းရောင်းချလျက်ရှိပါသည်။ ရောင်းချလျက်ရှိသော ဘိလပ်မြေအမျိုးအစားများမှာ ကြံ့နှစ်ကောင်၊ အပါချီနှင့် အယ်လဖာ ဘိလပ်မြေများ ရောင်းချလျက် ရှိပါသည်။

          ဘိလပ်မြေဈေးနှုန်းဈေးကွက် အနေဖြင့်ကြံ့နှစ်ကောင်း ဘိလပ်မြေကို မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်တို့မှ ဝင်ရောက်လျက်ရှိပြီးနိုဝင်ဘာလ(ပထမပတ်)တွင် ကြံ့နှစ်ကောင် ဘိလပ်မြေ တစ်အိတ်လျှင် ကျပ်(၁၉၅၀၀)၊ အပါချီတစ်အိတ်လျှင် ကျပ်(၁၉၅၀၀)ဖြစ်ပြီး အောက်တိုဘာလ (စတုတ္ထပတ်)တွင် ကြံ့နှစ်ကောင် ဘိလပ်မြေ တစ်အိတ်လျှင် ကျပ်(၂၀၀၀၀)၊ အပါချီ တစ်အိတ်လျှင် ကျပ်(၂၀၀၀၀)ဖြစ်၍ ပထမပတ်နှင့် နှိုင်းယှဉ်ပါက တစ်အိတ်လျှင် ကျပ်(၅၀၀)ခန့်ကျဆင်းနေပြီး ပခုက္ကူမှအခြားပြည်နယ်များသို့ လည်းတင်ပို့လျက်ရှိကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

ရှမ်းပြည်နယ်(တောင်ပိုင်း)အောင်ပန်းဒေသ၌ အဝယ်လိုက်နေသော ဝဥဈေးကွက်

  ဝဥသီးနှံကို မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးကြပြီး ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ သံလွင်မြစ် အနီးဒေသများတွင် အဓိကထားစိုက်ပျိုးကြပါသည်။ဝဥသီးနှံသည် ရေဓာတ်များသော သီးနှံဖြစ်ပြီး ဗီ တာမင်စီ၊ အိုက်ယွန်း နှင့် အာဟာရဓာတ်များစွာ ပါဝင်၍  အဖျားကျစေခြင်း၊ အစာအိမ်အေးစေခြင်း စသော ကျန်းမာရေးအတွက် အထောက်အကူပြုသော သီးနှံတစ်မျိုးဖြစ်ပါသည်။

          ဝဥသီးနှံများကို ပရဆေး၊ ဝဥကြာဇံ၊ ဝဥဟင်းချို၊ အသားတုပြုလုပ်ရာတို့တွင် အသုံးပြုသည့် အပြင် ပြည်ပနိုင်ငံများသို့လည်း တင်ပို့ကြသဖြင့် ဈေးကွက်ခိုင်မာသောသီးနှံဖြစ်ပါသည်။ဝဥသီးနှံကို မိုးရာသီ၊ နွေရာသီ နှင့် ဆောင်းရာသီ ဟူ၍ တစ်နှစ်ပတ်လုံးစိုက်ပျိုးကြပြီး ယခုအချိန် မိုးရာသီတွင် စိုက်ပျိုးထားသော ဝဥသီးနှံများ ဈေးကွက်ဝင်ရောက်လာပြီး အဝယ်လိုက်နေသဖြင့် တစ်ပိဿာလျှင် (၂၀၀၀-၂၂၀၀)ကျပ် ဈေးရှိနေကြောင်း နှင့် နောက်ပတ်များတွင်ဈေးကောင်းပိုရ၍ ဈေးကွက်ခိုင်မာနေ ဦးမည်ဖြစ်ကြောင်း လေ့လာသိရှိရ၍ ရေးသားတင်ပြအပ်ပါသည်။

DOCA(ရှမ်း)

ပြည်တွင်းဈေးကွက်သာရှိ၍ ဈေးငြိမ်နေသော ချင်းသီးနှံ

  ချင်းသီးနှံကို ရှမ်းပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်း  နှင့် ပြင်ဦးလွင်ဒေသများတွင် အဓိက ထားစိုက်ပျိုးလေ့ရှိကြပါသည်။ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ကလောမြို့နယ်၊ ပင်လောင်းမြို့နယ် နှင့် ပင်းတယမြို့နယ်များတွင် မြေဆီလွှာ နှင့် ရာသီဥတုမှာ ချင်းစိုက်ပျိုးရန် ပိုမိုသင့်တော်ပြီး မျှတမှု ရှိသဖြင့် နှစ်စဉ် စီးပွားဖြစ် စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

          ချင်းသီးနှံကို မြေနီ၊ မြေမဲ၊ မြေဝါ နှင့် မြေဖြူစသည်ဖြင့် မြေဆီလွှာ၏ အရောင်ပေါ်မူတည်ပြီး ချင်းအရောင်မှာလည်းကွာသွား၍ ဈေးနှုန်းမှာလည်း ကွာဟသွားကြောင်း သိရှိရပါသည်။ချင်းဥမများ ကို နှစ်စဉ် ဧပြီ၊ မေ နှင့် ဇွန်လများတွင် တူးဖော်ကြပြီး ဈေးကွက်တွင် ရောင်းချလေ့ရှိပါသည်။ကျန်ခဲ့ သော ချင်းအခက်ကြီးများ နှင့် ချင်းအရင့်များကို အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ နှင့် ဖေ ဖော်ဝါရီလများတွင် ဈေးကွက်အတွင်းဝင်ရောက်လာကာ ချင်းဥမထက် ချင်းအခက်မှာ ဈေးကောင်းပို ရကာ ရောင်းပန်းပိုသွက်ကြောင်း သိရှိရပါသည်။

          ချင်းသီးနှံကို ဘင်္ဂလားဒေ့ရှ် နှင့် အိန္ဒိယနိုင်ငံများမှ ဘာသာရေးပွဲတော်များတွင် အသုံးများသ ဖြင့် မြန်မာပြည်မှတင်သွင်းမှုများကို အဓိကထား၍ ဝယ်ယူကြသောနိုင်ငံများဖြစ်ပါသည်။ယခုအချိန် တွင် လမ်းပန်းဆက်သွယ်မှုအခက်အခဲများကြောင့် ချင်းသီးနှံမှာ ပြည်ပဝယ်လိုအား မရှိသဖြင့် ချင်းအခက်မှာ(၃၀၀၀-၃၅၀၀)ကျပ် နှင့် ဥသစ်အခက်မှာ(၂၅၀၀-၃၀၀၀)ကျပ်ဈေးရှိကာပြည်တွင်းဈေး ကွက်သာရှိသဖြင့် စားသုံးသူအရေအတွက်ထက် နှစ်စဉ်စိုက်ပျိုးထုတ်လုပ်မှု ပိုမိုနေလေ့ရှိကြောင်း လေ့လာစုံစမ်းသိရှိရပါသည်။  

DOCA(ရှမ်း)

တောင်သူများအကျိုးအမြတ်ရနေသော လိမ္မော်သီးဈေးကွက်

   ရှမ်းပြည်နယ်(တောင်ပိုင်း)သည် မြေညီအေးပြီး တောင်တန်းမြေကောင်းသောကြောင့် အရည် အသွေးမြင့် လိမ္မော်သီးများ အများဆုံးထွက်ရှိသော ဒေသဖြစ်ပါသည်။ လိမ္မော်သီး သီးနှံကို တောင်ကြီး မြို့နယ်၊ လင်းခေးမြို့နယ်၊ ပင်းတယမြို့နယ်နှင့် ကလောမြို့နယ် မြင်းမထိကျေးရွာတွင် အထွက်နှုန်း ကောင်းပြီး တန်ဖိုးမြင့် လိမ္မော်သီးများ စီးပွားဖြစ်နှစ်စဉ်စိုက်ပျိုးကြပြီး ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာ၊ နေပြည်တော်၊ ပျဉ်းမနား၊ ပြည်မြို့၊ အောင်ပန်းမြို့နှင့် သယ်ယူရန်လွယ်ကူသော ဒေသများသို့ တင်ပို့ ရောင်းချကြောင်းသိရှိရပါသည်။ လိမ္မော်သီး သီးနှံကို မိုးရာသီအစ မေလမှ ဩဂုတ်လတို့တွင် စိုက်ပျိုး ကြပြီး နိုဝင်ဘာလ မှ မတ်လအထိ သီးနှံထွက်ရှိကာ ယခုချိန်တွင် လိမ္မော်သီးနှံများ ဈေးကွက်ဝင် ရောက်မှုများပြီး ဈေးကောင်းရရှိနေကာ လိမ္မော်သီးအကြီး(၁)ပိဿာလျှင် (၇၀၀၀-၈၀၀၀)ကျပ်နှင့် အလတ်(၁)ပိဿာလျှင် (၅၀၀၀-၆၀၀၀)ကျပ်ဖြင့် လိမ္မော်စိုက်တောင်သူများမှ ဈေးကွက်အတွင်းသို့ တင်ပို့ရောင်းချကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ရှမ်း)

ပြည်ကုန်စည်ဒိုင်၏ နိုဝင်ဘာလ၊ ပထမပတ် ပဲမျိုးစုံဈေးနှုန်း

        ပြည်ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံဈေးများမှာ မတ်ပဲ၊ ပဲစဉ်းငုံ၊ ကုလားပဲသီးနှံဈေးနှုန်းများမှာ ကျနေပါသည်။နိုဝင်ဘာလ၊ ပထမပတ်တွင် မတ်ပဲတစ်တင်းကို (၈၃၀၀၀)ကျပ်ဖြင့် ရန်ကုန်ဝယ်လက် တစ်ရက်ကို အိတ် (၂၅၀)ခန့်ရှိပါသည်။ ပဲတီစိမ်းတစ်တင်းကို (၁၂၀၀၀၀ - ၁၂၀၅၀၀)ကျပ်ဖြင့် မန္တလေးအဝယ်တစ်ရက်ကို အိတ် (၄၀၀)ခန့်ရှိပါသည်။နိုဝင်ဘာ၊ ပထမပတ်တွင် ပဲစဉ်းငုံတစ်တင်းကို (၈၁၀၀၀၊ ၈၂၀၀၀)ကျပ်ဖြင့် တစ်ရက်ကို အိတ် (၁၅၀)ခန့် ရန်ကုန်အဝယ်ရှိပါသည်။ ပဲကြီး(ရွှေကျွန်း)တစ်တင်းကို (၁၂၀၀၀၀)ကျပ်၊ ပဲကြီး(ကုန်းပဲ) တစ်တင်းကို (၁၁၅၀၀၀)ကျပ်ဖြင့် မြို့တွင်း ပဲကြော်သမားများ တစ်ရက်ကို အိတ် (၃၀၀)ခန့် အဝယ် ရှိပါသည်။   နိုဝင်ဘာ၊ ပထမပတ်တွင် ကုလားပဲ(Hl)တစ်တင်းကို (၈၆၀၀၀၊ ၈၇၀၀၀)ကျပ်၊ မြကြေးမှုံ တစ်တင်းကို (၉၃၀၀၀)ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများ အဝယ်ရှိကာ တစ်ရက်ကို အိတ် (၃၀၀)ခန့် အဝယ်ရှိပါသည်။နိုဝင်ဘာ၊ပထမပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်းကို (၂၃၀၀၀၀)ကျပ်ဖြင့်မြို့တွင်းအဝယ်တစ်ရက်ကိုအိတ် (၁၅၂၂၀)ခန့် အရောင်းအဝယ်ရှိပါသည်။ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံ အရောင်းအဝယ်ဖြစ်မှုမှာ သွက်လျှက်ရှိပါသည်။                                                                             

DOCA(ပဲခူး)

မင်းလှမြို့နယ်ရှိကန်စွန်းရွက်ဈေးနှုန်း/ဈေးကွက်

       ကန်စွန်းရွက်သည် လူတန်းစားမရွေးကြိုက်နှစ်သက်သော အရွက်တစ်မျိုးဖြစ်ပြီး ရေရရှိသော နေရာများတွင် လွယ်ကူစွာပေါက်‌ရောက်ရှင်သန်နိုင်သည်။ကန်စွန်းရွက်များကို လယ်ကန်သင်း၊လယ်ကွက်၊အင်းအိုင်၊ချောင်းမြောင်းနှင့်အခြားရေရရှိသောနေရာများတွင်သဘာဝအလျောက် ပေါက်ရောက်မှုများ ရရှိနိုင်သလို တစ်နိုင်တစ်ပိုင်သော်လည်းကောင်း၊စီးပွားဖြစ်သော်လည်းကောင်း၊ သီးသန့်စိုက်ပျိုးခြင်းမှလည်း ထွက်ရှိကြ၍ ရာသီချိန်ခါမရွေး စားသုံးရသော သီးနှံတစ်မျိုးဖြစ်ပါသည်။ ကန်စွန်ရွက်မှာ ဗမာကန်စွန်းရွက်နှင့်တရုတ်ကန်စွန်းရွက် (စိုက်ပျိုးရေး)ဟူ၍ အများအားဖြင့် သိရှိကြ ပြီး ဗမာကန်စွန်းရွက်ကို ကြိုက်နှစ်သက်မှုများသော်လည်း မိုးတွင်းရာသီကာလမှသာ အများဆုံးထွက် ပေါ်ရရှိသဖြင့် စိုက်ပျိုးရေးကန်စွန်းကိုသာ အားပြုစားသုံးကြပါသည်။ မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကန်စွန်းရွက်များကို စိုက်ပျိုးကြကြောင်း သိရှိရပါသည်။၂၀၂၅-ခုနှစ်၊နိုဝင်ဘာလ ပထမပတ်အတွင်း ကန်စွန်းရွက်တစ်စည်းလျှင် ၂၀၀ ကျပ်၊ကန်းစွန်းရွက်(၃) စည်းလျှင် ၅၀၀ ကျပ်ဖြင့် ရောင်းချကြောင်း ကန်စွန်းရွက်များကို အိမ်ရှင်မများဟင်းချက်ရာတွင်လည်းကောင်း၊ စားသောက် ဆိုင်များနှင့် အထောင်းစုံရောင်းချသော ဆိုင်များမှလည်းကောင်း ဝယ်ယူကြသဖြင့် ကန်စွန်းရွက်များ အရောင်အဝယ်သွက်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

စတော်ဘယ်ရီသီးပင်များ စတင်စိုက်ပျိုး

   စတော်ဘယ်ရီပင်ကိုရှမ်းပြည်နယ်တောင်ပိုင်းတွင် တောင်ကြီးမြို့နှင့်ဟိုပုံးမြို့အနီးတစ်ဝှိုက်များ၌ အများဆုံးစိုက်ပျိုးဖြစ်ထွန်းပါသည်။ စတော်ဘယ်ရီပင်ကို အောက်တိုဘာလမှနိုဝင်ဘာလအတွင်း စတင် စိုက်ပျိုးလျက်ရှိသည်။ ဤဒေသများတွင်အပင်ရင့်များကို အရွက်ကြမ်းဖြတ်ပြီး အပင်ငယ်များကို အမြစ်ပါအောင်ခွဲယူပြီး ပြန်လည်စိုက်ပျိုးလေ့ရှိကြသည်။ တစ်ပင်နှင့်တစ်ပင်ကြား (၁၀) လက်မစီခြား၍ ညီညီညာညာစိုက်ပျိုးကြပါသည်။ ဒေသတွင်း၌ စတော်ဘယ်ရီသီးအမျိုးအစား (၃) မျိုးတွေ့ရသည်။ အငယ်သီး(ခေါ်)အဖျော်သီး၊ အလတ်သီး(ခေါ်) အချွန်သီးနှင့် အမာသီး(ခေါ်)ဂျပန်သီး စသည်ဖြင့်ခေါ်ဆို ကြသည်။ အငယ်သီးမျိုးကို သစ်သီးဖျော်ရည်ဆိုင်များတွင် အသုံးများပြီး စျေးအသက်သာဆုံးအမျိုးစား ဖြစ်သည်။ အလတ်သီးကို အပျော့သီးဟူ၍ ဒေသတွင်းခေါ်ကြပြီး အသီးပုံံစံမှာချွန်ချွန်လေး ဖြစ်သောကြောင့် အချွန်သီးဟူ၍လည်းခေါ်ကြသည်။ အမာသီး(ခေါ်)ဂျပန်သီးမှာ စျေးကွက်အတွင်း၌ လူကြိုက်အများဆုံးနှင့် အရောင်းရဆုံးအမျိုးအစားဖြစ်ပြီး အငယ်သီး၊ အလတ်သီးများထက်လည်း စျေးပိုရပါသေးသည်။ ထို့ကြောင့်ဒေသတွင်း၌ အမာသီးပင်အမျိုးအစားကို အများဆုံးစိုက်ပျိုးလျက်ရှိ ကြောင်း စိုက်ပျိုးသည့်တောင်သူထံမှသိရှိရပါသည်။ ယခုအခါ စတော်ဘယ်ရီသီးပင် စိုက်ပျိုးရာသီ ရောက်ရှိလာပြီဖြစ်ရာ ဒေသခံတောင်သူများက စျေးကောင်းရရှိရန်မျှော်မှန်းပြီး အများအပြားစိုက်ပျိုး ထားကြကြောင်းလေ့လာသိရှိရပါသည်။

DOCA(ရှမ်း)

တောင်ကြီးလယ်ယာသီးနှံသစ်သီးဝလံများမှ“ထောပတ်သီးဈေးကွက်တွင်းမှာ ကြွယ်ဝစွာ”

 လယ်ယာထွက်ကုန်ပစ္စည်းများနှင့် ကုန်စိမ်းများ လှိုင်လှိုင်ပေါသည့် ဒေသထဲတွင် ပါဝင်သော ရှမ်းပြည်နယ်ရှိမြို့တော် တောင်ကြီးဒေသတစ်ဝိုက်နှင့် အောင်ပန်း ၊ အင်းလေး ၊ ရွာငံ ၊ ဟဲဟိုး ၊ ဟိုပုန်းမြို့ များတွင် ဒေသထွက်သစ်သီးဝလံသီးများ ထွက်ရှိသော သစ်သီးဝလံများထဲမှ  ဒေသ ထွက် ထော်ပတ်သီးများစတင်၍ဈေးကွက်အတွင်းရောင်းချလျက်ရှိသည်။

          ရှမ်းပြည်နယ်မြို့တော်ဖြစ်သော တောင်ကြီးမြို့ ၊အရှေ့မြို့ပတ်လမ်း၊ ရေအေးကွင်းရပ် ၊အမှတ် ( ၅ ) ဈေးတွင် ရှမ်းပြည်ဒေသတွင်း စိုက်ပျိုးသီးနှံ အစားအစာများထဲမှ “ထောပတ်သီး” ဈေးကွက်မှာ ‌ဒေသထွက်ကုန်ဖြစ်သည့်အလျှောက်  စတင်ပေါများလျက်ရှိသည်။ ထို့ကြောင့်ရှမ်းပြည် ၏ ၅ ရက် ၁ ဈေးကို သွားရောက်လေ့လာရင်း ဒေသခံဈေးရောင်သူတစ်ဦးနှင့်တောင်ကြီးဒေသထွက်ထောပတ်သီး ဈေးကွက် အကြောင်းမေးမြန်းခဲ့ပါသည်။

          ဒေသထောပတ်သီးမျာမှာ အရွယ်အစားကြီးကာ အမျှင်ဓာတ်များပိုမိုပါဝင်ပြီး သဘာဝ ဖြစ်သောကြောင့်ပို လတ်ဆတ်ကာအရသာလေး၍ပိုစားကောင်းသည် ဟုဒေသထွက်ထောပတ်သီး များ‌ရောင်းချသူတစ်ဦးမှရှင်းပြချက်အရသိရှိခဲ့ရပါသည်။ထို့ကြောင့်ဒေသထွက်ဖြစ်သောထောပတ်သီး များ‌ပိုမိုအရောင်း သွက်လျက်ရှိကြောင်း သိရှိရသည်။

          ထိုထောပတ်သီးများ‌ ကို အကြီး ၁လုံး လျှင် ၆၀၀ ကျပ် မှ ၅၀၀ ကျပ် ဖြစ်ပြီး ဆယ်လုံး ၅၀၀၀ ကျပ် လျှင် အကြီးအသေးအလတ်ဆိုဒ်စုံ ၄၀၀ ကျပ်မှ  ၃၅၀ကျပ်ထိပါပေါက်ပြီး လက်ကားဈေးမှာ ၅၀ လုံးမှစ ၃၅၀၀ ကျပ် မှ ၄၀၀၀ ကျပ် အထိ အရောင်းသွက်လျှက်ရှိပြီး  အချို့နေရာဒေသပေါ်မူတည်၍ သစ်သီးခြင်း(သို့မဟုတ်) ပီနံအိတ်များဖြင့်လည်း ရောင်းချလျက်ရှိကြောင်း ဒေသထွက် ထောပတ်သီး များ‌ ရောင်းချသူထံမှ သိရှိခဲ့ရပါသည်။ 

DOCA(ရှမ်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း