ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်မြို့တွင် ရောင်းချနေသော လိမ္မော်သီးဈေးကွက်

           ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်အတွင်းရှိ ဈေးများနှင့် အသီးရောင်းချသည့်  ဆိုင်များတွင် လိမ္မော်သီးများရောင်းချနေကြောင်းတွေ့ရှိရသည်။ ပျားလိမ္မော်၏ အရသာသည် ခံတွင်း ရှင်းပြီး အချိုဓါတ်ရရှိ၍ အရည်ရွှမ်းသည်။ ဗီတာမင် C ဓါတ်ရရှိသောကြောင့် ခန္ဓာကိုယ်အတွက် အကျိုးပြုသော အသီးအနှံတစ်မျိုးဖြစ်ပါသည်။ ပျားလိမ္မော်သည် ဗီတာမင်များစွာပါဝင်သောကြောင့် ကိုယ်ခံအားစနစ်ကို တိုးတက်ကောင်းမွန်သောကြောင့် လူအများက ဝယ်ယူစားသုံးကြပါသည်။

          ယခုအောက်တိုဘာလ၊ တတိယပတ်တွင် ရောင်းချနေသော ပျားလိမ္မော်သီး ဈေးနှုန်းများမှာ (၂၅)ကျပ်သားလျှင် (၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၂၀၀၀)ကျပ်၊ (၁)ပိသာလျှင် (၂၄၀၀၀)ကျပ် တို့ဖြင့်ရောင်းချနေကြောင်းသိရသည်။ ပျားလိမ္မော်သီးများကို ရှမ်းပြည်၊တောင်ကြီးရှိ လိမ္မော်ခြံများနှင့် ကုန်သည်များဆီမှတစ်ဆင့်ဝယ်ယူ၍ ပြန်လည်ရောင်းချနေကြောင်းသိရသည်။

DOCA (ပဲခူး)

ပြည်ဒေသထွက် သီးမွှေးငှက်ပျော

            ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ တောင်လုံးညိုကျေးရွာ၊ တောင်သူ ဦးဇော်ဝင်း၏ ဥယျာဉ်ခြံမြေထဲတွင် သီးမွှေးငှက်ပျောများ စိုက်ပျိုးထားကြောင်းသိရသည်။ စိုက်ပျိုး ထားသော မျိုးများမှာ သီးမွှေးဝါနှင့် သီးမွှေးစိမ်းတို့ဖြစ်ကြသည်။ မြေသားနက်ရှိုင်း၍ ရေစီးဆင်းမှု ကောင်းသော မြေဖြစ်သောကြောင့် ငှက်ပျောပင်များနှာ ကြီးထွားမှုဖွံ့ဖြိုးကြောင်း သိရသည်။ အသီး ခိုင်များမှာ ကြီးလွန်းသောကြောင့် အပင်ကို ဝါးများဖြင့် ကျားကန်ထောက်ပေးထားရသည်။

          ငှက်ပျောပင်သည် နိုင်ငံတကာ ဈေးကွက်တွင် အရေးပါဆုံးမျိုးဖြစ်ကြောင်းသိရသည်။ ငှက်ပျောတစ်ဖီးလျှင် အသီး (၂၀ - ၂၅)လုံးပါကြောင်းသိရသည်။ ငှက်ပျောတစ်ခိုင်လျှင် (၇-၈)ဖီးပါရှိသည်။ သီးမွှေးဝါမှာ မှည့်လျှင် အဝါရောင်ရှိပြီး သီးမွှေးစိမ်းမှာ နဂိုအရောင်မပျက်မှည့်ပြီးချိုသည်။ ထွက်ရှိလာသော သီးမွှေးများကိုဈေးကွက်တွင် တစ်ဖီးလျှင် (၇၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရသည်။

DOCA (ပဲခူး)

မြိတ်မြို့အတွင်း ထုတ်လုပ်ရောင်းချလျက်ရှိသော ဒိန်ချဉ်စျေးနှုန်းစျေးကွက်

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့သည် ရေပတ်လည်ဝိုင်းနေသည့်အတွက် ရေလုပ်ငန်းများ လုပ်ကိုင်ကြသည့်အပြင် မွေးမြူရေးလုပ်ငန်းများလည်းလုပ်ကိုင်လျက်ရှိပါသည်။ ဒေသတွင်း မွေးမြူ ရေးများထဲမှ နွားမွေးမြူရေးသည်လည်း ဒေသခံများ၏လူမှုစီးပွားရေးအတွက် များစွာအကျိုးပြုလျက် ရှိပါသည်။ အဆိုပါနွားမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသော နွားနို့များကို လက်ဖက်ရည်ဆိုင်များ နှင့် ဒိန်ချဉ်အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိပြီး ဒိန်ချဉ်များ ပြုလုပ်ရောင်းချကြသည်။ ဒေသ ထွက်ဒိန်ချဉ်ကို ထုတ်ပိုးမှုအမျိုးမျိုးဖြင့် ရောင်းချလျက်ရှိပြီး ကုန်တိုက်နှင့် အအေးဆိုင်များတွင် အဓိကထား ရောင်းချကြသည်။

      မြိတ်မြို့အတွင်းရောင်းချလျက်ရှိသော ဒိန်ချဉ်စျေးနှုန်းမှာ တစ်ခွက်လျှင် ၂၀၀၀ ကျပ်ခန့်ရှိပြီး အမျိုးအစား၊ အရွယ်အစားပေါ်မူတည်၍ စျေးနှုန်းကွဲပြားလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ပြည်မြို့၏ နေ့စဉ်ဝင်ရောက်လျက်ရှိသော ပြောင်းဖူးဈေးကွက်

         ပြည်မြို့၏ သစ်သီးဝလံရောင်းဝယ်မှုဈေးကွက်တွင် ပြောင်းဖူးဈေးကွက်သည်လည်း နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ပြောင်းဖူးစိမ်းများအား ဈေးများသို့ ပြည်အနီးအနားဒေသများဖြစ်သောဆင်မြီးဆွဲ၊ မှော်ဇာကျေးရွာများမှ ဝင်ရောက်ကြကြောင်းသိရှိရပါသည်။ ပြောင်းဖူးပြုတ်နှင့် ပြောင်းဖူးစိမ်းများအား စက်ဘီး၊ ဆိုင်ကယ်များဖြင့် ရပ်ကွက်များအတွင်း လှည့်လည်ရောင်းချသလို လမ်းဘေးတွင် ပြောင်းဖူးဖုတ်ရောင်းချသူများလည်းရှိကြပါသည်။ မိုးကုန်ရာသီကာလဖြစ်သောကြောင့် ပြောင်းဖူးများဈေးကွက်အတွင်း ပေါများထွက်ပေါ်ခြင်းမှာ ခုတ်တက်စနစ်စိုက်ပျိုးသောကြောင့် ပြောင်းဖူးများ တစ်ခင်းပြီးတစ်ခင်း ထွက်ရှိသောကြောင့် ဈေးကွက်တွင် ပြောင်းဖူးသီးနှံကို ရာသီအချိန်ကာလမရွေး စားသုံးနေကြရပါသည်။ပြောင်းဖူးဈေးကွက်အနေဖြင့် တစ်ဖူးလျှင် (၅၀၀/ ၇၀၀)ကျပ်ဖြင့် ရောင်းချပြီး အရွယ်အစားအလိုက် ဈေးကွာခြားမှုများရှိကြောင်းလည်း တွေ့ရှိရပါသည်။                                                                                               

DOCA(ပဲခူး)

မြိတ်ခရိုင်တွင် ရောင်းချလျက်ရှိသော ကြက်ဥ စျေးနှုန်း

    မြိတ်ခရိုင်တွင် ရေထွက်လုပ်ငန်းများအပြင် မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်လျက်ရှိပြီး ဒေသ ထွက်စီးပွားရေးလုပ်ငန်းများမှ ကြက်ဥကို တစ်နိုင်တစ်ပိုင်မွေးမြူကြသလို စီးပွားဖြစ်မွေးမြူကြ လျက် ရှိသည်။ ကြက်ဥ သည် မုန့်လုပ်ငန်းများအပြင် စားသောက်ကုန်များတွင် အရေးကြီးသောအစိတ် အပိုင်းအဖြစ်ပါဝင်ပြီး ဒေသတွင် မွေးမြူရေးများမှ ရရှိသော ကြက်ဥဖြင့် မလုံလောက်သဖြင့် ရန်ကုန် မြို့မှ တင်သွင်းလျက်ရှိကြောင်းသိရှိရပါသည်။

    မြိတ်မြို့ရှိ နိုဝင်ဘာလတွင် ဖြစ်ပေါ်နေသော ကြက်ဥစျေးနှုန်းမှာ အကြီးတစ်လုံးလျှင် ၅၀၀ ကျပ်နှင့် အငယ်တစ်လုံးလျှင် ၄၅၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

 

 

 

 

 

ပြည်မြို့တွင်ကထိန်ရာသီအတွက် ကြက်သွန်နီ အရောင်းသွက်

         ပြည်ကြက်သွန်နီဈေးကွက်အတွင်း ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလသည် ကထိန်ရာသီ ဖြစ်သည့်အတွက် ကြက်သွန်နီအရောင်းအဝယ်သွက်လျက်ရှိပါသည်။ပြည်ပွဲရုံများသို့ အောင်လံ မြို့နယ်၊ ဆိပ်ဖြူမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်ဘက်မှ ကြက်သွန်နီများ တစ်ရက်လျှင် ပိသာချိန် တစ်သောင်းခွဲခန့် အဝင်ရှိနေကြောင်းသိရပြီး အောင်လံဘက်မှ ကြက်သွန်နီမှ ဈေးချိုသဖြင့် ပိုမိုအရောင်းသွက်လျက်ရှိသည်။ ပြည်ဈေးကွက်မှ တစ်ဆင့် ပန်းတောင်းနှင့် ဥသျှစ်ပင်၊ နတ်တလင်းခရိုင်၊ သာယာဝတီခရိုင်နှင့် ပေါက်ခေါင်းနယ်ဘက်တို့မှ ဝယ်ယူမှုများရှိနေပြီး ဒေသတွင်း ပုံမှန်ဝယ်လက်များ၊ အိတ်ဆွဲဝယ်ရောင်းသမားများနှင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ဝင်ရောက်မှု ၏ သုံးပုံနှစ်ပုံအရောင်းအဝယ်ဖြစ်လျက်ရှိနေသည်။ ဈေးနှုန်းမှာ အောင်လံနယ်ဘက်မှ ကြက်သွန်နီ မှာ အရည်အသွေးပိုင်း အနည်းငယ်အားနည်းသဖြင့် တစ်ပိဿာလျှင် ပွဲရုံလက်ကားဈေးမှာ ကျပ် ၁၀၀၀ - ၁၂၀၀ နှုန်းခန့်ရှိပြီး ကျန်အမျိုးအစားကြက်သွန်နီမှာ ပွဲရုံလက်ကားဈေးတစ်ပိဿာလျှင် ကြီး/ လတ်/ သေးကျပ် ၁၆၀၀/၁၅၀၀-၁၄၀၀/၁၃၀၀ နှုန်းတို့နှင့် လက်လီဈေးအသေးများတွင် ကျပ် ၂၀၀၀-၁၉၀၀-၁၈၀၀-၁၇၀၀နှုန်းတို့ဖြင့် အသီးသီးရောင်းဝယ်လျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

မြိတ်ဒေသထွက် Royal ကော်ဖီစျေးနှုန်းစျေးကွက်

   တနင်္သာရီတိုင်း၊ မြိတ်ခရိုင်တွင် ဒေသထွက်ကုန်အဖြစ် ကော်ဖီစိုက်ပျိုးမှုကို လုပ်ကိုင်နေကြပြီး တနင်္သာရီတိုင်း၊ ဘုတ်ပြင်း မြို့နယ်နှင့် မောတောင်မြို့များတွင် အဓိကထားစိုက်ပျိုးကြကြောင်း သိရှိ ရပါသည်။ အဓိကစိုက်ပျိုးသောမျိုးမှာ ရိုဘယ်စတာမျိုးဖြစ်ပြီး ကော့သောင်း၊ ထားဝယ်နှင့် ရန်ကုန်မြို့ များသို့ပါတင်ပို့ကြကြောင်း သိရှိရပါသည်။ ဒေသထွက်ကုန် ကော်ဖီကို စက်များဖြင့် အမှုန့်ကြိတ် အသင့်သောက် ကော်ဖီအဖြစ်လည်းထုတ်လုပ်ဖြန့်ဖြူရောင်းချလျက်ရှိကြပါသည်။ ၂၀၂၅ခုနှစ်၊ နိုဝင် ဘာလစျေးနှုန်းအရဒေသထွက်ကုန် ကော်ဖီစေ့ ၁ ကီလိုတစ်ထုတ်လျှင် (၄၅၀၀၀)ကျပ်နှင့် ကော်ဖီ အမှုန့် ၁ ကီလိုပါတစ်ထုတ်လျှင် (၅၀၀၀၀) ကျပ် စျေးဖြင့်‌ရောင်းချလျက်ရှိပါသည်။ ယခင်ကထိုင်းနိုင် ငံထိတင်ပို့လျက်ရှိပြီး လမ်းပမ်းဆက်သွယ်ရေးအခြေအနေနှင့် ဒေသထွက်ကုန်ရှားပါမှုများကြောင့် ရပ်နားထား ပြီး စျေးကွက်ကျယ်ပြန့်နိုင်သော ထုတ်ကုန်တစ်ခုကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

တောင်ငူမြို့ညောင်ပင်လေးဈေးရှိ ရှမ်းပြည်ထွက်ဒညင်းသီးဈေးနှုန်း

       တောင်ငူမြို့နယ်အတွင်းရှိ ညောင်ပင်လေးဈေးသို့ တောင်ပေါ်ဒေသဖြစ်သော ရှမ်းပြည်နယ် နှင့်တောင်ငူမြို့နယ်အနီးတစ်ဝိုက်မြို့များမှ ဒေသထွက်သီးနှံများ တင်ပို့ရောင်းချလျက် ရှိရာ ယခုအခါ ရှမ်းပြည်နယ်မှတင်ပို့သောဒညင်းသီးများ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဒညင်းသီးကို ပြုတ်စားခြင်း၊ ချက်စားခြင်း၊ မီးကင်စားခြင်း၊ ဆားရည်စိမ်ခြင်း စသည်ဖြင့် နှစ်သက်ရာ စားသုံးကြပါသည်။

            ဒညင်းသီးကို အဆိပ်သီးဟုခေါ်ဆိုသော်လည်း စားသုံးမှုများသောကြောင့် အရောင်းအဝယ် သွက်လျက်ရှိကြောင်း ရောင်းချသည့်ဈေးသည်များထံမှ သိရှိရပြီး ဒညင်းသီးကို အလုံးအရွယ် အစားပေါ်မူတည်၍ အသေး ၊ အလတ်၊ အကြီးဟူ၍ သုံးမျိုးခွဲထားပြီး ဈေးနှုန်းမှာ အနည်းငယ် ကွာခြားလျက် ရှိပါသည်။ အသေး (၁၀) လုံးလျှင် ၁၀၀၀ ကျပ်၊ အလတ် (၁၀) လုံးလျှင် ၁၂၀၀ ကျပ်၊ အကြီး (၁၀) လုံးလျှင် ၁၅၀၀ ကျပ်ရှိပြီး အလုံး (၁၀၀) နှင့်အထက်ဝယ်ယူပါက ဈေးနှုန်းအပြောင်း အလဲရှိပြီး ရှမ်းပြည်ဒေသထွက်ဒညင်းသီးမှာ သံတောင်ဒညင်းသီးထက် ပိုစည်းပြီးပြုတ်၍ ချက်စားရာ တွင်ပိုမိုကောင်းမွန်ပြီး ဆားရည်စိမ်ရာတွင်လည်း အသီးမှာ ပိုမာပြီးကျွတ်သဖြင့် ထမင်းဆိုင်များမှ အများဆုံး ဝယ်ယူပြီး ဆားရည်စိမ်ခြင်းအတွက် အသုံးပြုကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

 

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်ရှိခဝဲသီးဈေးနှုန်း

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် စိုက်ပျိုးရေးလုပ်ငန်းများကိုအဓိကလုပ်ကိုင်ကြပြီး ရာသီပေါ်သီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြ‌ကြောင်း သိရှိရပါသည်။ ယခု အခါ မြိတ်မြို့ပေါ်တွင် ခဝဲသီးများကို တစ်နိုင်တစ်ပိုင်ကြပြီး စီးပွားဖြစ်စိုက်ပျိုးကြနေကြောင်းလည်း တွေ့ရှိရပါသည်။ ခဝဲသီးစားပေးခြင်းဖြင့် ကင်ဆာဖြစ်နှုန်းကိုလျော့ချပေးခြင်း၊ နှလုံးကျန်းမာစေခြင်း၊ သွေးအားနည်းခြင်းကိုကာကွယ်ပေးခြင်း၊ ကိုယ်အလေးချိန်ကိုထိန်းချုပ်ပေးခြင်းနှင့် အရိုးသိပ်သည်း ဆကိုကောင်းမွန်စေသော အသီးတစ်မျိုးဖြစ်သည်။ ယခုအခါ မြိတ်မြို့ပေါ်ရှိ စည်ပင်သာယာဈေးကြီး နှင့် အခြားသောဈေးများတွင် ဈေးရောင်းချသူများစည်ကားလျက်ရှိပြီး ‌ဒေသခံစိုက်ပျိုးသူများနှင့် အနီးအနားစိုက်ပျိုးသူများမှ ဈေးကွက်အတွင်းသို့ တင်ပို့ရောင်းချကြကြောင်းလည်း တွေ့ရှိရပါသည်။

          ယခု၂၀၂၅ခုနှစ်၊ နိုဝင်ဘာလဒုတိယပတ်တွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ခဝဲသီး ဈေးနှုန်းမှာ တစ်လုံးလျှင် (၁၀၀၀)ကျပ်ခန့်ရှိကြောင်း ကုန်စိမ်းရောင်းချနေသူတစ်ဦးထံမှ သိရှိရပါ သည်။

DOCA(တနင်္သာရီ)

 

မြိတ်မြို့ပေါ်ရှိ‌ရောင်းချနေသော မာလကာသီးနှင့် ထောပတ်သီးဈေးနှုန်း

      တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် ပန်းသီး၊ ဇီးသီး၊ နဂါးမောက်သီး၊ မာလကာသီး၊သရက်သီး၊ ဌက်ပျောသီး၊ နာနတ်သီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သခွားမွေးသီး၊ ပန်းသစ်တော်၊ လိုင်ချီးသီး၊ စိမ်းစားဥနှင့် အစရှိသည့်သီးနှံများကို မြိတ်မြို့ဈေးကြီးများနှင့် လမ်းဘေးသစ်သီးဆိုင်များတွင် ရောင်းချနေကြောင်း သိရှိရပါသည်။

      ၂၀၂၅ခုနှစ် နိုဝင်ဘာလဒုတိယပတ်တွင် မြိတ်မြို့ပေါ်ရှိ ဈေးနှုန်းမှာ ထောပတ်သီးဈေးနှုန်း တစ်လုံးလျှင် (၁၅၀၀)ကျပ်နှင့် မာလကာသီးတစ်လုံးလျှင် (၁၅၀၀)ကျပ်မှ (၂၀၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း