ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မန္တလေးမြို့နယ်၌ ကွမ်းဈေးနှုန်းများ မြင့်တက်လျက်ရှိ

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ဆည်၊ မတ္တရာ၊ တံတားဦးမြို့နယ်များ၌ ကွမ်းကို စီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြောင်း၊ မန္တလေးမြို့သို့ ကျောက်ဆည်၊ မတ္တရာ၊ တံတားဦးမြို့နယ်များ

 မှ ကွမ်းနုဝါများဝင်ရောက်လျက်ရှိပြီး လက်လီ၊ လက်ကားဈေးနှုန်းများဖြင့် ဖြန့်ဖြူးရောင်းချလျက် ရှိကြောင်း၊ ယခုအချိန်တွင် ကွမ်းနုဝါများကို  မန္တလေးမြို့နယ်အတွင်းသာ ဖြန့်ဖြူးရောင်းချလျက် ရှိပါကြောင်း၊  ကွမ်းအထွက်နှုန်းမှာ မိုးရာသီတွင်လှိုင်လှိုင်ပေါ်ထွက်လျက်ရှိပြီး ဆောင်းရာသီတွင် အထွက်နှုန်းနည်းပါးလျက်ရှိကြောင်း၊ “တံတားဦးက ကွမ်းနုဝါ၊ ငမြာကဆေး၊ ကွမ်းသီးတောင်ငူ နှင့် ကိုင်းထုံးဖြူ၊ ပြည်ရှား၊ သာဝါးလို့ထွေး” စာဆိုကဲ့သို့ ကွမ်းအမျိုးအစားအနေဖြင့် ကွမ်းနုဝါမျိုး ကိုသာ စိုက်ပျိုးကြပါကြောင်း သိရှိရပါသည်။

မန္တလေးမြို့နယ်အတွင်းဖြစ်ပေါ်နေသော ကွမ်းနုဝါဈေးနှုန်းမှာ ဒီဇင်ဘာလ ဒုတိယပတ် တွင် ကွမ်းတစ်ပိဿာလျှင် ငွေကျပ် ၂၆၀၀၀-၂၇၀၀၀ ဖြင့်လည်းကောင်း၊ ဒီဇင်ဘာလ တတိယ ပတ်တွင် ကွမ်းတစ်ပိဿာလျှင် ငွေကျပ် ၂၉၀၀၀-၃၀၀၀၀ဖြင့်လည်းကောင်း ရောင်းချလျက်ရှိပါ ကြောင်း၊ ယခင်နှစ် ဒီဇင်ဘာလဈေးနှုန်းမှာ ကွမ်းတစ်ပိဿာလျှင် ငွေကျပ် ၂၄၀၀၀-၂၅၀၀၀ ဖြင့် လည်းကောင်း၊ ယခင်နှစ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ယခုနှစ်ဈေးနှုန်းမှာ လမ်းပမ်းဆက်သွယ်ရေး အခြေအနေများကြောင့် ဝယ်လိုအားများပြီးရောင်းလိုအားနည်းပါးပါသဖြင့် ဈေးနှုန်းများမြင့်တက် လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မြေပဲအကြောင်းသိကောင်းစရာ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် စိုက်ပျိုးရာတွင် မြေအမျိုးအစားများစွာ ရှိသော်လည်း အထွက်နှုန်းတိုးစေရန် သဲမြေသာ အဓိက စိုက်ပျိုးလေ့ရှိကြသည်။ မိုးရာသီတွင် မြေပဲစိုက်ပျိုးရာတွင် ပင်ထောင်နှင့်ပင်ပြန့် ဟူ၍ နှစ်မျိုး စိုက်ပျိုးကြောင်းသိရှိရပြီး ကျေးရွာအချို့တွင် မြေပဲကို တစ်ဧကလျင် မျိုးမြေပဲ တစ်တင်းခွဲ မှ နှစ်တင်း စိုက်ပျိုးလေ့ရှိကြသည်။ မြေပဲစိုက်ပျိုးရာတွင် ဖရုံသီးကိုလည်း ရောနှောစိုက်ပျိုးကြပြီး ပဲစင်းငုံကို မြေပဲပင်တန်း (၈) (၁၀) (၁၂) ခြား၍ သီးညှပ် စိုက်ပျိုးလေ့ရှိကြောင်း၊ ယခုနှစ်မိုးဦးတွင် စိုက်ပျိုးသောမြေပဲများသည် မိုးရွာသွန်းမှုနည်းပါး သောကြောင့် ရေအစိုဓာတ်အနည်းငယ်လိုအပ်ပြီး မြေပဲပင်များ အောင်မြင်ဖြစ်ထွန်းမှုမရှိဘဲ မိုးလယ်မှာ စိုက်ပျိုးသော မြေပဲများသည် မိုးရွာသွန်းမှုများခြင်းကြောင့် ရေအစိုဓာတ်ပြည့်ဝပြီး မြေပဲပင်များ အောင်မြင်စွာဖြစ်ထွန်းကြောင်းသတင်းရရှိရပါသည်။

          ယခုနှစ်တွင် မြေပဲအထွက်နှုန်းများ ကောင်းမွန်ပြီး ဈေးကောင်းရရှိကြောင်း မြေပဲစိုက် တောင်သူတစ်ဦးထံမှ သိရှိရပါသည်။  သဲမြေတွင် စိုက်မြေပဲ (၁)ဧကလျှင် မြေပဲတောင့် တင်း(၈၀) မှ တင်း(၁၀၀)ကြားထွက်ရှိပြီး၊  အခြားမြေများမှ (၁)ဧကလျှင် မြေပဲတောင့် တင်း(၃၅) မှ တင်း(၅၀) ကြားထွက်ရှိပြီး မြေပဲဆံဈေး (၁)ပိဿာလျင် (၈၅၀၀ မှ ၈၇၀၀) ကြားဈေးရှိကြောင်း  မြေပဲစိုက် တောင်သူများထံမှ သိရှိရပါသည်။ မြေပဲစိုက်တောင်သူများအနေဖြင့် ယခင်နှစ်တွင် စိုက်ပျိုး ထုတ်လုပ်မှုကုန်ကျစရိတ်မှာ(350000)၊ ယခုနှစ်ကုန်ကျစရိတ်မှာ (၆၅၀၀၀၀)ရှိပြီး မိုးလယ်ရွာသွန်းမှု များသောကြောင့် ယခင်နှစ်ထက် မြေပဲအထွက်နှုန်း ကောင်းမွန်ပြီး  အကျိုးအမြတ်ရရှိကြောင်း မြေပဲစိုက်တောင်သူတစ်ဦးထံမှ သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

နတ်တလင်းမြို့နယ်၏ ကျွဲကော်သီးဈေးနှုန်းဈေးကွက်

            ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်တွင် ကျွဲကော်သီး သီးနှံကို ဧကလိုက်သီးခြားစိုက်ပျိုးခြင်းမရှိဘဲ နေအိမ်ခြံဝန်းများအတွင်း  တစ်ပင်မှ သုံးပင်ခန့် တစ်ပိုင်တစ်ပိုင် စိုက်ပျိုးကြပါသည်။ နတ်တလင်းမြို့နယ်တွင် ကျွဲကော်သီးများ အောက်တိုဘာလမှ စတင်ထွက်ရှိပြီး   ယခု ဒီဇင်ဘာလ တတိယပတ်တွင် မြို့နယ်ဈေးကွက်အတွင်း အလုံးအရွယ်အစား၊ အရည်အသွေးနှင့် အရသာပေါ်မှုတည်၍ ကျွဲကော်သီးတစ်လုံးလျှင်  (၁၅၀၀ ကျပ်မှ ၃၅၀၀ ကျပ်)အထိပေါက်ဈေးနှုန်း   ရှိကြောင်းသိရပါသည်။

           ကျွဲကော်သီးတွင် အဟာရဓာတ်များစွာပါဝင်သည့်အတွက်လူတို့၏ ကျန်းမာ‌ရေးကို များစွာအထောက်အကူပြုပေး‌သော်လည်း ဗီတာမင်စီ ကြွယ်ဝစွာပါဝင်သည့်အတွက် အလွန်အကျွံစားသုံးမိပါက ကျောက်ကပ်ကျောက်တည်ခြင်းနှင့် ဝမ်းချုပ်နိုင်ခြင်းစသည့် ဘေးထွက်ဆိုးကျိုးများ ဖြစ်စေနိုင်ကြောင်းသိရပါသည်။

         ကျွဲကော်ပင်သည် နှစ်ရှည်ပင်အမျိုးအစားဖြစ်ပြီး အပင်ကိုသေချာစွာ ပြုစုပေးနိုင်ပါက အပင်သက်တမ်း နှစ်(၃၀) အထိကြာရှည်ကြောင်းသိရပါသည်။ ကျွဲကော်ပင်ကို အစေ့မှတိုက်ရိုက် စိုက်ပျိုးနိုင်သလို မြေထုပ်စီး ကိုင်းကူးပြီးလည်းစိုက်ပျိုးနိုင်ပါသည်။ ကိုင်းကူးစိုက်ပျိုးခြင်းသည် အပင်ဖြစ်ထွန်းမှုမြန်ဆန်ပြီး အစေ့မှတိုက်ရိုက်စိုက်ပျိုးခြင်းထက် အသီးသီးမှုလည်း မြန်ဆန်ကြောင်း  သိရှိရပါသည်။

DOCA(ပဲခူး)

သား/ ငါးဈေးနှုန်းနှင့်ကြက်ဥဈေးနှုန်းအခြေအနေ

           ပေါင်းတည်မြို့နယ်၊ စည်ပင်သာယာဈေးဖြစ်သည့် မြို့မဈေးနှင့် ရွှေတည်ဈေးသစ်အတွင်း၌ သား၊ ငါးနှင့် ကြက်ဥများနေ့စဉ်ပုံမှန်ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။ ဈေးအတွင်း သား/ ငါးများဖြစ်သည့် ဆိတ်သား၊ ဝက်သား၊ အမဲသားနှင့် ငါးမျိုးစုံတို့ကို ရောင်းချလျက်ရှိပါသည်။ ဆိတ်သားဈေးနှုန်းမှာ ယခင်လ၁ပိဿာလျှင်၂၅၀၀၀ကျပ်မှ ယခုလ၂၇၀၀၀ကျပ် အထိမြင့်တက်သွားသော်လည်း ပုံမှန်ရောင်းဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သား(cp)၁ပိဿာလျှင်၂၃၀၀၀ကျပ်၊ ဗမာကြက်၁ပိဿာလျှင် ၂၈၀၀၀ကျပ်၊ ဝက်သား၁ပိဿာ လျှင် ၃၀၀၀၀ကျပ်၊ အမဲသား၁ပိဿာလျှင် ၂၇၀၀၀ကျပ် တို့ဖြင့်အတက်အကျမရှိ ရောင်းဝယ်လျက်ရှိပါသည်။ ငါးအမျိုးအစားများဖြစ်သော ငါးကြင်းအကောင်ကြီးသား ၁ပိဿာ ၁၅၀၀၀ကျပ်၊ ငါးမြစ်ချင်း၁ပိဿာလျှင် ၈၀၀၀ကျပ်၊ ငါးခူ ၁ပိဿာ ၁၈၀၀၀ကျပ်၊ ဈေးနှုန်းဖြင့် အတက်အကျမရှိ ရောင်းဝယ်လျက်ရှိပါသည်။ ကြက်ဥဈေးနှုန်းအနေဖြင့် ယခင်လနိုဝင်ဘာလ၌ ကြက်ဥအ‌ချောတစ်လုံး၄၈၀ ကျပ်၊ အလတ်၄၅၀ကျပ်၊ သေး၄၃၀ကျပ် တို့ဖြင့်ရောင်းဝယ်ပြီး ယခုလဒီဇင်ဘာလတွင် ကြက်ဥအချောတစ်တစ်လုံး ၄၅၀ကျပ်၊ အလတ်တစ်လုံး၄၂၀ကျပ်၊ အသေးတစ်လုံး၄၀၀ကျပ် ဖြစ်သဖြင့်  ကြက်ဥဈေးအနည်းငယ်ကျဆင်းသွားပြီး ပုံမှန်ရောင်းဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပန်းဂေါ်ဖီနှင့် မုန့်လာဥဖြူဈေးကွက် အခြေအနေ

          နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင်  ဆောင်းသီးနှံများဖြစ်သည့် ပန်းဂေါ်ဖီနှင့် မုန်လာဥဖြူများ  လှိုင်လှိုင်ပေါ်ထွက်လျက်ရှိပါသည်။ ပန်းဂေါ်ဖီနှင့် မုန်လာဥဖြူများကို ပေါင်းတည်မြို့နယ်အတွင်းရှိ ပေါက်တန်းအုပ်စု ပေါက်တန်းကျေရွာ၊ မကျီးပင်ကျေးရွာ ကြူတောကန်အုပ်စုနှင့် တောင်ဘို့လှ အုပ်စုအတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးထွက်ရှိပါသည်။ ၎င်းအပြင် ရွှေတောင်မြို့နယ်အတွင်းမှ စိုက်ပျိုးထွက်ရှိသော ပန်းဂေါ်ဖီနှင့် မုန်လာဥဖြူများလည်း ပေါင်းတည်မြို့နယ် ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိပါသည်။ ပေါင်းတည်မြို့နယ်မှ ထွက်ရှိသော ပန်းဂေါ်ဖီနှင့် မုန်လာဥဖြူများကို အခြားမြို့နယ်များသို့ ကုန်စိမ်းကားများဖြင့် တင်ပို့ရောင်းချကြောင်းလည်းသိရပါသည်။ ဈေးနှုန်းများအနေဖြင့်ယခု ဒီဇင်ဘာလ တတိယပတ်တွင် ပန်းဂေါ်ဖီ အပွင့်ကြီးတစ်ပွင့်  (၁၃၀၀)ကျပ်၊ အလတ်တစ်ပွင့် (၈၀၀)ကျပ်၊ အသေးတစ်ပွင့်  (၅၀၀)ကျပ်၊ မုန်လာဥဖြူ ဥကြီး ၄လုံးပါတစ်စည်း (၆၀၀)ကျပ်၊ အလတ် ၄လုံးပါတစ်စည်း (၄၀၀)ကျပ်နှုန်းဖြင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်အတွင်းရောင်းချနေသောဒေသထုတ်ကုန်များ

          ပြည်ခရိုင်တွင် မြို့နယ်(၄)မြို့နယ်ရှိပြီး ပြည်၊ ပေါက်ခေါင်း၊ ပန်းတောင်းနှင့် ရွှေတောင်မြို့နယ်တို့ဖြစ်ပါသည်။ ထိုမြို့နယ်များထဲတွင် ပြည်မြို့နယ်သည် စီးပွားရေး၊ လူမှုရေးအရ အချက်အခြာကျသော မြို့နယ်တစ်ခုဖြစ်ပြီး ရထားလမ်း၊ ကားလမ်းဆုံရာမြို့ဖြစ်ပါသည်။ သီးနှံများ ရောင်းဝယ်ဖောက်ကားရာတွင် အဆင်ပြေစေရန် ပြည်ကုန်စည်ဒိုင်ကိုလည်း ဖွင့်လှစ်ရောင်းချလျက်ရှိသလို ဈေးများအနေဖြင့် ပြည်မြို့မစည်ပင်သာယာဈေးကြီး အပြင် ဈေးများ (၈)ဈေးဖြင့် ရောင်းဝယ်ဖောက်ကားလျှက်ရှိကြပါသည်။ ထိုအပြင် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ဒေသထုတ်ကုန် များကို တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်းဝယ်ယူရရှိနိုင်ရန်အတွက် ပြည်မြို့ ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်ရှေ့ရှ ဗိုလ်ခံအဆောက်အဦတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဖွင့်လှစ်ရောင်းချလျှက်ရှိရာ ယခုအချိန်တွင် တစ်နှစ်ပြည့်ရန် ရက်အနည်းငယ်သာ လိုတော့ပါသည်။ ထိုသို့ MSMEs ထုတ်ကုန်များကို စတင်ရောင်းချချိန်တွင် ပစ္စည်းအမျိုးအမည်ပေါင်း (၁၆၁)ခု ရောင်းချနိုင်ခဲ့ပြီး ယခုသက်တမ်း (၁)နှစ်ပြည့်ကာနီးကာလအပိုင်းအခြားတွင် ကုန်ပစ္စည်း အမျိုးအမည်ပေါင်း(၂၂၂)မျိုးတို့ဖြင့် ရောင်းချလျက်ရှိ၍ ဒေသထုတ်ကုန်များ ရောင်းချမှု တိုးတက် လာကြောင်း သိရပါသည်။

          ပြည်ခရိုင်အတွင်းစိုက်ပျိုးထုတ်လုပ် ရောင်းချလျှက်ရှိသော ဒေသထုတ်ကုန်များမှာ ဆန်စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ နှင့် ရာသီပေါ် ဟင်းသီးဟင်းရွက်များ နှင့် အသီးအနှံ များဖြစ်ကြ ပါသည်။ ထိုသီးနှံများကို မြို့နယ်များတွင် စိုက်ပျိုးကြပြီး ဒေသတွင်းစားသုံးမှုပိုလျှံမှသာ အခြားတိုင်း များနှင့် မြို့များသို့ တင်ပို့ရောင်းချကြပါသည်။ ပဲမျိုးစုံမှာ ဒေသအတွင်း စားသုံးမှုအပြင် ရန်ကုန် ဝယ်လက်များနှင့် မန္တလေးဝယ်လက်များက ဝယ်ယူမှုရှိပြီး ဆီထွက်သီးနှံမှာ ဒေသတွင်းရှိ ဆီစက် လုပ်ငန်းရှင်များက ဆီကြိတ်ရန် ဝယ်ယူမှုရှိပြီး ပိုလျှံပါက နယ်ဝယ်လက်များက ဝယ်ယူမှုရှိ၍ ပြည်မြို့တွင် ဒေသတွင်း စိုက်ပျိုးထုတ်လုပ်သောထုတ်ကုန်များ မှာနေ့စဉ်အရောင်းအဝယ်ဖြစ် လျက်ရှိပါသည်။

          ထိုအပြင် ပြည်မြို့အတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စား MSMEs လုပ်ငန်းရှင်များမှ မိမိတို့၏ထုတ်ကုန်များဖြစ်သော ထမင်းသုတ်လုပ်ငန်းများ၊ ခေါက်ဆွဲလုပ်ငန်းများ၊ မုန့်ဟင်းခါး ဖတ်လုပ်ငန်းများ၊ ယိုမျိုးစုံလုပ်ငန်းများ၊ မြေပဲယို၊ နှမ်းယိုလုပ်ငန်းများ၊ ချင်းရှောက် လုပ်ငန်း များအပြင် လူသုံးကုန်ပစ္စည်းများကိုလည်းထုတ်လုပ်ရောင်းချကြပါသည်။ ထိုသို့ဒေသ ထုတ်ကုန် များကို လုပ်ငန်းရှင်များကထုတ်လုပ်၍ အနယ်နယ်အရပ်ရပ်သို့တင်ပို့ရောင်းချသဖြင့် ဝင်ငွေများစွာ ရရှိ၍ MSMEsလုပ်ငန်းများလည်းဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ပါသည်။ ထိုသို့လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် နိုင်ငံတော်အစိုးရမှလည်း အကူအညီအထောက်အပံ့များပေးပြီး အရောင်း စင်တာများကိုဖွင့်လှစ်၍ရောင်းချစေခြင်းဖြင့် မိမိတို့၏ ဒေသထုတ်ကုန်များကို တိုင်းတွင်းသာမကဘဲ တနိုင်ငံလုံးသိပြီး ရောင်းအားများလည်း တိုးတက်လာနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် မိမိတို့၏ ဒေသထုတ်ကုန်များအား တန်ဖိုးမြှင်တင်၍ တိုးတက်ထုတ်လုပ်လာနိုင်ပါက ပြည်တွင်းသာမကဘဲ ပြည်ပသို့သာ ဈေးကွက်ထိုးဖောက်ဝင်ရောက်လာနိုင်ပါက နိုင်ငံတော်အတွက်လည်း MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာနိုင်သလို ထုတ်လုပ်သူလုပ်ငန်းရှင်များအနေဖြင့်လည်း အကျိုး အမြတ်များစွာရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဈေးကောင်းရနေသောငါးမှာ...ငါးသလောက်

           "အသီးမှာသရက်၊ အသားမှာဝက်၊ အရွက်မှာလက်ဖက်" ဟူ၍အဆိုရှိသကဲ့သို့  ငါးတွင်လည်း "မယားမှာဆံတောက်၊ ငါးမှာငါးသလောက်" ဟူ၍ စာချိုးရှိကြပါသည်။ ငါးသလောက်ငါးမှာ ရေပေါ် ရေလွှာနေငါးများဖြစ်ကြသည်။ ရေချို၊ ရေငန်နှစ်မျိုးစလုံးတွင် နေထိုင်ကြပြီး ငါးသလောက်မျိုးစိတ် အားလုံးသည် ရာသီဥတုအလိုက် နေရာဒေသပြောင်းရွှေ့ကျက်စားသော သဘာဝရှိပြီး နေရာမရွေး၊ အချိန်မရွေး သားပေါက်ဖွားလေ့ရှိပါသည်။ မိုးတွင်းအခါ၌ ဥ ဥရန် ပင်လယ်မှ မြစ်ထဲသို့ဆန်တက် လာလေ့ရှိသည်။ ဥပြီး ငါးသလောက်သည် ကြုံလှီသွားကာ အရသာ ပျက်သွားတတ်ပါသည်။ ငါးသလောက်၏ ကိုယ်သည်ပြား၍ ပြက်အနည်း ငယ်ကျယ်သည်။ ကျောဆူးတောင် အထက်နားသည် အလယ်၌ ခွက်နေသည်။ အမြီးခွသည် စောက်နက်၍ အဖျားနှစ်ခုသည်ဘေးသို့ ကားထွက်နေသည်။ အကြေးများသည် ခေါင်းမှအမြီးတိုင်အောင် ညီညီညာညာရှိကြသည်။ အရောင်မှာ ရွှေရောင်သန်းလျက် ရှိ၍ တစ်ခါတစ်ရံ ကန့်လန့်အမည်းစင်းများ ထင်နေတတ်သည်။ အထူးသဖြင့် ငါးသလောက်ငယ်များ တွင် ကျောပိုင်း၌ ကန့်လန့်အမည်းစင်းများ ပါလေ့ရှိသည်။ ကိုယ်ရှည် ၁ပေမှ ၁ပေအထိ ရှိတတ် သည်။   ငါးသလောက်သက်တမ်းမှာ (၁-၃) နှစ် ဖြစ်ပါသည်။ ငါးသလောက်အမမှာ ဥပေါင်း (၃) သိန်းမှ (၁) သန်းထိ ဥဥနိုင်ကြပါသည်။ မျှောပိုက်ဖြင့် အဓိကဖမ်းဆီးကြပါသည်။ ပြည်ပပို့ကုန်အဖြစ် နာမည်ကြီးပြီး တန်ဖိုးမြင့်ငါးဖြစ်ပါသည်။ ငါးသလောက်များမှာ ကမ်းရိုးတန်းတလျောက်တွင် အုပ်စုဖွဲ့ကာ နေထိုင် ကျက်စားသလို မြစ်အထက်ပိုင်းသို့လည်း ဆန်တက်နိုင်ကြသည်။ အသားမှာနူးညံ့ပြီး အနံ့အရသာ ထူးခြား ကောင်းမွန်လှပါသည်။ ငါးသလောက်ငါးကို အရိုးနူးပေါင်းစားခြင်း၊ ငါးသလောက်ကင်၊ ငါးသလောက်ကြော်၊ ငါးသလောက်အစပ်ဟင်း၊ ငါးသလောက်သုပ် စသဖြင့် ပြုလုပ်၍ စားသုံးကြကြောင်းသိရသည်။

             ပြည်မြို့မစည်ပင်သာယာဈေးကြီးနှင့် အခြားဈေးများတွင် ငါးသလောက်အကောင်လိုက်၍ အကောင်လုံးလိုက် ဈေးနှုန်းသတ်မှတ်ကြပြီး ၁ပိဿာအကောင်လောက်ရှိသော ငါးသလောက် ငါးဈေးမှာ ကျပ် ၅ဝဝဝဝိ/-၊ ၅၀ကျပ်သားလောက်ရှိသော ငါးသလောက်ဈေးမှာ ကျပ် ၄၅ဝဝဝိ/-၊ ၂၅ ကျပ်သားလောက်ရှိသော ငါးသလောက်ဈေးမှာ ကျပ် ၃၅ဝဝဝိ/- မှ ၃ဝဝဝိ/- ရှိပြီး ဈေးကောင်းရပြီး အရောင်းအဝယ်ကောင်းကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကြက်ဥ၊ကြက်စာ ဈေးနှုန်း ဈေးကွက်အခြေအနေ

                  လူတို့တွင်အရေးကြီးဆုံးသောနေထိုင်မှု ဘဝလိုအပ်ချက်(၃)ခုရှိပါသည်။ ၎င်းတို့မှာ စား၊ဝတ်၊နေ‌ရေးဖြစ်ပြီးရှင်သန်နေထိုင်ရန်အတွက်အစားအစာများစားသောက်ရန်လိုအပ်ပါသည်။   လူတန်းစားမရွေးဝယ်ယူစားသုံးနေသည့် အစားအသောက်များထဲတွင် ကြက်ဥသည် အိမ်တိုင်း အတွက်မရှိမဖြစ်နီးပါး အသုံးဝင်နေရာယူလျက်ရှိပါသည်။

                  မန္တလေးမြို့ပေါ်ရှိစာသုံးသူပြည်သူများအတွက် ဖြည့်ဆည်းပေးနေသည့် ကြက်ဥ        များကိုပြင်ဦးလွင်မြို့နယ်ရှိ ပြင်စာ၊သုံးတောင်၊ကြီးကိုင်၊သပြေရေ၊သက္ကန်၊ညောင်ကုန်းရွာများနှင့် ပလိပ်မြို့နယ်၊ငါန်းဇွန်မြို့အနီးတဝိုက်ရှိကြက်မွေးမြူရေခြံများမှတင်ပို့ကြောင်းသိရှိရပါသည်။ဥစား ကြက်များကျွေးမွေးရန်အတွက် ကြက်စာများကို မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်   အုန်းချော   ရွာရှိစက်ရုံများ၊ငါန်းဇွန်မြို့နယ်မြို့သာစက်မှုဇုန်ရှိ ကြက်စာစက်ရုံများမှ ဝယ်ယူကြကြောင်း သိရှိရပြီး ကြက်စာ(၅၀kg)တစ်အိတ်လျှင်ငွေကျပ် (၁၀၆၀၀၀) ခန့်ဝယ်ယူရကြောင်း ကြက်ခြံ ပိုင်ရှင်များထံမှသိရှိရပါသည်။

                  လက်ရှိကြက်ဥဈေးနှုန်းမှာအရွယ်အစားအလိုက် တစ်လုံးလျှင်ကျပ် (၄၂၀)မှ(၅၈၀) ထိအစားစားရောင်းချကြောင်းနှင့်ပိသာဈေးနှုန်းမှာ(၁)ပိသာလျှင်ကျပ်(၁၀၇၀၀)ဖြင့်စားသုံးသူများ ရွေးချယ်ဝယ်ယူမှုအပေါ်ရောင်းချပေးကြောင်း၊ယခင်ပတ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက  အတက်အကျ မရှိဘဲဈေးငြိမ်လျက်ရှိပါသည်။ ကြက်ဥဈေးနှုန်းသည်ကြက်စာဈေးနှုန်း အတက်အကျပေါ် မူတည်၍ ပြောင်းလဲမှုရှိကြောင်းသိရပါသည်။

DOCA(မန္တလေး)

အစေ့ထုတ်ပြောင်းသီးနှံစိုက်ပျိုးမှုနှင့် ဈေးနှုန်းဈေးကွက်

         မန္တလေးတိုင်းဒေသကြီးအတွင်း အစေ့ထုတ်ပြောင်းကို မတ္တရာမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်၊ ငါန်းဇွန်မြို့နယ်၊ သပိတ်ကျင်းခရိုင်နှင့် မြင်းခြံခရိုင်တို့တွင် စိုက်ပျိုးပြီး မြင်းခြံမြို့နယ်တွင် အများဆုံး စိုက်ပျိုးကြသည်။ ယခင်နှစ် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် အစေ့ထုတ်ပြောင်း(မိုး+ဆောင်း)စိုက်ပျိုးမှု အနေဖြင့် (၃၉၁၄၀)ဧက စိုက်ပျိုးခဲ့ပြီး တစ်ဧကအထွက်နှုန်း(၅၈.၃၇)တင်း ထွက်ရှိခဲ့ကြောင်း အပေါ် အစေ့ထုတ်ပြောင်း(မိုး) (၁၈၀၈၆)ဧက စိုက်ပျိုးခဲ့ရာ (၁၃၃၃၁)ဧက ရိတ်သိမ်းပြီးဖြစ်၍ စိုက်ပျိုးဆဲဖြစ်ကြောင်း သိရှိရသည်။ မန္တလေးတိုင်းဒေသကြီးတွင် ၂၀၂၄-၂၀၂၅ ခုနှစ် အစေ့ထုတ် စိုက်ပျိုးရေး ဦးစီးဌာန၏စာရင်းများအရ သိရှိရသည်။

မန္တလေးကုန်စည်ဒိုင်တွင် ဖြစ်ပေါ်လျက်ရှိသောဈေးနှုန်းပြောင်းဖူး(CP) တစ်ပိဿာလျှင် (၁၆၃၀-၁၆၄၈)ကျပ်၊ ပြောင်းဖူး(ဗမာ)တစ်ပိဿာလျှင် (၁၅၉၃)ကျပ်ခန့် ဖြစ်ပေါ် ခဲ့ပြီး ယခုအပတ်(၁၇-၁၂-၂၀၂၄)ရက်နေ့တွင် ပြောင်းဖူး(ရှမ်း)တစ်ပိဿာလျှင် (၁၅၉၃-၁၆၁၁)ကျပ်၊ ပြောင်းဖူး(CP)တစ်ပိဿာလျှင် (၁၅၇၄-၁၆၁၁)ကျပ်၊ ပြောင်းဖူး(ဗမာ)တစ်ပိဿာလျှင် (၁၅၅၆-၁၅၇၄) ကျပ်ခန့် ဖြစ်ပေါ်ခဲ့သဖြင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ပြောင်းဈေးအနည်းငယ် ကျဆင်းခဲ့ကြောင်း သိရှိရသည်။

မန္တလေးတိုင်းဒေသကြီးသို့ ပြင်ဦးလွင်မြို့နယ်မှ(၁၆)မိုင်စစ်ဆေးရေးဂိတ်ကို ဖြတ်သန်း၍ အစေ့ထုတ်ပြောင်းများ ဝင်ရောက်လျက်ရှိရာ ဒီဇင်ဘာလ ပထမပတ်နှင့် ဒုတိယပတ်အတွင်း (၂၅၀)တန် ခန့်ဝင်ရောက်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး ပြောင်းလုပ်ငန်းရှင်များအနေဖြင့် ဖေဖော်ဝါရီလမှ စတင်၍ ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

  • မန္တလေး)             

 

ဆီဖူလုံဖို့ ဆီထွက်သီးနှံများတိုးချဲ့စိုက်ကြပါစို့

၁၇.၁၂.၂၀၂၄

                               မန္တလေးတိုင်းဒေသကြီးသည် ဆီထွက်သီးနှံစိုက်ပျိုးဖြစ်ထွန်းသော တိုင်းတစ်ခုဖြစ်ပြီး မြေပဲ၊ နှမ်း၊ နေကြာတို့ကို တိုင်းအတွင်းရှိ ခရိုင်များအားလုံးတွင်စိုက်ပျိုးမှုရှိပါသည်။ ၂၀၂၃-၂၀၂၄ ခုနှစ် အတွင်း ဆီထွက်သီးနှံ စိုက်ဧက (၁၉) သိန်းကျော် စိုက်ပျိုး၍ အထွက်တင်း သိန်းပေါင်း (၃၈၄) သိန်းကျော်ထွက်ရှိခဲ့ရာ မျိုး၊အလေအလွင့်နှင့်အခြားသုံးစွဲမှုများ နှုတ်ပယ်ကာ ဆီကြိတ်ခွဲ ထုတ်လုပ်မည်ဆိုပါက ဆီတန်ချိန် (၁၄၀၄၁၆) တန် ထွက်ရှိမည်ဖြစ်ပါသည်။ လူတစ်ဦးဆီစားသုံးမှု (၉.၃၉) ပိဿာနှင့် တွက်ချက်ပါက မန္တလေးတိုင်း ဒေသကြီး၏ လူဦးရေ (၆၇) သန်းအတွက် တစ်နှစ်စားသုံးရန် ဆီလိုအပ်ချက်မှာ (၁၀၂၇၉၁) တန်ဖြစ်၍ ဆီတန်ချိန် (၃၇၆၂၅) တန် ပိုလျှံမည်ဖြစ်ပြီး ၁၃၆.၇၂ % ဖူလုံမှုရှိပါသည်။ထို့အပြင် အထွက်နှုန်းကောင်း သောမျိုးများ ရွေးချယ်စိုက်ပျိုးခြင်း၊ ဆီထွက်သီးနှံ မျိုးကောင်း မျိုးသန့်များ ရရှိစိုက်ပျိုးလာစေရန် ကူညီပေးခြင်း၊ နည်းပညာပေးမှုများ ဆောင်ရွက်ပေးခြင်းဖြင့် တောင်သူများဝင်ငွေပိုမိုတိုးတက်လာမည်ဖြစ် ပါသည်။

                          တိုင်းဒေသကြီးတွင်း ဆီစက်ပေါင်း (၅၈၃) စက်ရှိရာ  ဒေသတွင်းစက်များ၏ ဆီကြိတ်ခွဲ နိုင်မှုအရ ဆီထွက်ရှိနိုင်မှုမှာ (၆၁၇၄၇) တန်ရှိပြီး တိုင်းအတွင်းလူဦးရေ (၆၇)သန်း စားသုံးရန် အတွက် (၈)နာရီ တစ်ဆိုင်းနှုန်းဖြင့်ကြိတ်ခွဲမည်ဆိုပါကဆီလိုအပ်ချက် (၄၁၀၄၄) တန်လိုအပ်မည် ဖြစ်ရာ (၈)နာရီ(၂)ဆိုင်းလည်ပတ်မည်ဆိုပါက ဆီထွက်ရှိမှု အနေဖြင့်(၁၂၃၄၉၄) တန် ထွက်ရှိမည်

ဖြစ်၍ (၂၀၇၉၂ ) တန်ပိုလျှံလာမည်ဖြစ်ပါသည်။ ဒေသတွင်း စားသုံးဆီဈေးနှုန်းများ တည်ငြိမ်မှု  ရှိစေရေးနှင့်ဆီစက်လုပ်ငန်းများပိုမိုထုတ်လုပ်နိုင်စေရန် အတွက် ခေတ်မီဆီသန့်စက် (Refine) စက်များ တိုးချဲ့တပ်ဆင်ထုတ်လုပ်ပါက ပြည်တွင်းစားသုံးမှု ဖူလုံစွာထုတ်လုပ်လာနိုင်ပြီး ပြည်သူများအနေနှင့်လည်းဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရုံသာမက မွေးမြူရေး အစာများလည်း ဖူလုံလာမည်ဖြစ်ပါသည်။                          

             မန္တလေးဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ဆီထွက်သီးနှံ(တစ်ပိဿာ)ဈေးနှုန်းများမှာ မြေပဲလုံးဆံနီ (၈၅၀၀) ကျပ်၊ S1 လုံးဆံ (၈၄၀၀-၈၈၀၀) ကျပ်၊ S1 ဆီဆံ (၈၂၀၀-၈၃၀၀)ကျပ်၊ အနီဆီဆံ(၈၁၀၀-၈၂၀၀)ကျပ်၊ပဲဆီ(၁၅၀၀၀-၁၅၅၀၀)ကျပ်၊ ပဲဖတ်(၆၃၀၀)ကျပ်၊ နှမ်းဖြူ (၈၈၈၉) ကျပ်၊ နှမ်းညိ(၇၀၀၀-၇၁၁၁) ကျပ်၊နှမ်းနက်စမုံ (၁၄၄၄၄-၁၅၀၀၀)ကျပ်၊ နှမ်းဆီ (၁၄၅၀၀)ကျပ်၊ နှမ်းဖတ် (၄၄၀၀-၄၄၂၀) ကျပ်ရှိကြောင်း ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းမှ သိရှိရပါသည်။

DOCA(မန္တလေး)                   

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း