ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မော်လမြိုင်မြို့ရော်ဘာဈေးနှုန်းဈေးကွက် အခြေအနေ

            မွန်ပြည်နယ်တွင် အောက်တိုဘာလ တတိယအပတ်မှစ၍ ရော်ဘာခြံရှင်များအနေဖြင့် ရော်ဘာအစေးလှီးခြင်းကိုစတင်နေပြီဖြစ်ပါသည်။ ရောင်ဝယ်မှုအနေဖြင့် ပြည်နယ်တွင်းဝယ်ယူ လျက်ရှိသော လုပ်ငန်းရှင်များ၊ အဝယ်ဒိုင်များ၊ ကုမ္ပဏီများမှစုစည်း၍ ရန်ကုန်/ မန္တလေးရှိ ၎င်းတို့၏ကုမ္ပဏီကြီးများသို့တင်ပို့ပြီး ကုမ္ပဏီကြီးများမှတစ်ဆင့် ပြည်ပသို့တင်ပို့ရောင်းချကြောင်း သိရသည်။

             မွန်ပြည်နယ်အတွင်းရှိ ရော်ဘာအဝယ်ဒိုင်များအနေဖြင့် အပတ်စဉ် အရောင်းအဝယ်ပုံမှန်ရှိနေသည်။ ယခုအောက်တိုဘာလ ၂၃ရက်နေ့တွင်မော်လမြိုင်မြို့၌ရော်ဘာဈေးနှုန်းမှာ RSS-3 တစ် ပေါင်လျှင် (၂၉၀၀ ) ကျပ်၊ RSS-5 တစ်ပေါင်လျှင် (၂၈၅၀) ကျပ် ပေါက်ဈေးဖြစ်ပေါ်နေပြီး ယခင်တစ်ပတ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက တစ်ပေါင်လျှင် (၂၅၀) ကျပ်၊ ယခင်နှစ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက တစ်ပေါင် လျှင် (၁၇၅၀) ကျပ်ခန့် ဈေးနှုန်းတက်လာခဲ့သည်။ ‌မော်လမြိုင်မြို့မှရန်ကုန်မြို့သို့ သယ်ယူခနှုန်းထားမှာ (50)kg ပါတစ်ထုပ်လျှင် (၂၅၀၀) ကျပ်၊ ရော်ဘာတစ်တန်လျှင် (၅၀၀၀၀) ကျပ် ဖြင့်လည်းကောင်း  မော်လမြိုင်မြို့မှ မန္တလေးမြို့ သို့ (50)kg ပါတစ်ထုပ်လျှင် (၃၆၀၀) ကျပ်၊ ရော်ဘာတစ်တန်လျှင် (၇၂၀၀၀) ကျပ်ဖြင့် သယ်ယူပို့ဆောင်ပေးရကြောင်း ကုန်သည်များ ထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ချောင်းဆုံမြို့နယ်၊ ချောင်းဆုံခြံတန်းကျေးရွာတွင် ပိန်းဥပင်များစိုက်ပျိုးခြင်းဖြင့် တောင်သူများ ဝင်ငွေရရှိ

         ချောင်းဆုံမြို့နယ်သည် တောင်ကုန်းတောင်တန်းများသည့် ကျွန်းမြို့နယ်ဖြစ်သည်။ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည်။ ချောင်းဆုံမြို့နယ်ရှိ ချောင်းဆုံခြံတန်းကျေးရွာတွင် ပိန်းဥစိုက်ပျိုးခြင်းဖြင့် တောင်သူများဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။

            ပိန်းဥပင်မျိုးမှာ ဗမာမျိုးဖြစ်ပြီး ပိန်းဥပင်ကို တန်ခူးလတွင် စတင်စိုက်ပျိုးကြပြီး တော်သလင်းလတွင် ပိန်းဥများကိုတူးဖော်ရောင်းချကြသည်။ စတင်စိုက်ပျိုးစဉ်မှ ပိန်းဥ ဥပြီး ရောင်းချချိန်အထိ အပင်သက်တမ်း (၅) လအချိန်ကြာမြင့်ကြောင်း သိရသည်။ ပိန်းဥဈေးနှုန်းမှာ တစ်ပိဿာလျှင် (၇၀၀၀) ကျပ်ဖြင့်ရောင်းချကြပြီး ချောင်းဆုံမြို့နယ် မြို့မဈေးနှင့် ကျေးရွာများရှိဈေးများတွင် ရောင်းချလျက်ရှိကြောင်း သိရသည်။ ပိန်းဥပင်တစ်ဧကစိုက်ပျိုးလျှင် ပိဿာချိန် (၂၅) ပိဿာထွက်ရှိကြောင်း သိရသည်။ ပိန်းဥပင် တစ်ဧကစိုက်လျှင် ကုန်ကျစရိတ်အနေဖြင့် သိန်း (၂၀) ကုန်ကျပြီး အကျိုးအမြတ်အနေဖြင့် (၁၀) သိန်းကျပ်ရရှိကြောင်း သိရသည်။ ပိန်းဥဈေးကွက်သည် နှစ်စဉ်ကောင်းမွန်နေသည့်အတွက် ပိန်းဥပင်သည် တောင်သူများအတွက် ရွေးချယ်စိုက်ပျိုးသင့်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း ကိုယ်တိုင်စိုက်ပျိုးသူများထံမှ သိရှိရပါသည်။

DOCA(မွန်)

ကန့်ဘလူမြို့နယ်၏ မတ်ပဲဈေးနှုန်း၊ ဈေးကွက်အခြေအနေ

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့် ဆီထွက်သီးနှံများအပြင် ပဲမျိုးစုံကိုလည်း စိုက်ပျိုးကြောင်းသိရသည်။ ယခုအခါ မတ်ပဲသီးနှံများ ဈေးကွက်အတွင်းဝင်ရောက်လျက်ရှိပြီး အောက်တိုဘာစတုတ္ထပတ်အတွင်း ဈေးနှုန်းများမှာ မတ်ပဲထွက်တိုးတစ်တင်းလျှင် (၁၀၂၀၀၀)ကျပ်၊ မတ်ပဲ(ဂျပန်)တစ်တင်းလျှင် (၉၈၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသောမတ်ပဲများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

             မတ်ပဲသီးနှံများသည် ကန့်ဘလူမြို့နယ်အတွင်းရှိကျေးရွာများမှ အဓိကဝင်ရောက်လျက်ရှိပြီး အောက်တိုဘာလဒုတိယပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း မတ်ပဲထွက်တိုးတစ်တင်းလျှင်ငွေကျပ်(၅၀၀၀)၊ မတ်ပဲ(ဂျပန်)တစ်တင်းလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ ဖြစ်ပေါ်နေသော ပဲတီစိမ်းဈေးနှုန်း၊ ဈေးကွက်အခြေအနေ

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ရာ ကန့်ဘလူမြို့နယ်အတွင်းရှိ ထန်းကုန်းကျေးရွာ၊ မိုးကောင်းကျေးရွာနှင့် အခြားသောကျေးရွာများတွင် ပဲတီစိမ်းသီးနှံကို စိုက်ပျိုးကြကြောင်း၊ ယခုအခါ ပဲတီစိမ်းသီးနှံများ ဈေးကွက်အတွင်းဝင်ရောက်လျက်ရှိပြီး အောက်တိုဘာလ စတုတ္ထပတ်အတွင်း ပဲတီစိမ်းရိုးရိုးတစ်တင်းလျှင် (၈၀၀၀၀)ကျပ်၊ ပဲတီစိမ်းထွက်တိုး အလုံးလှတစ်တင်းလျှင် (၈၄၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပဲတီစိမ်းမှာ အလုံးလှပြီးအကွဲအနာကင်းလျှင် ဈေးနှုန်းပိုမိုရရှိကြောင်းနှင့် ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသောပဲတီစိမ်းများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချလျက်ရှိသည်။

           အောက်တိုဘာလ ဒုတိယပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုလစတုတ္ထပတ်အတွင်း ပဲတီစိမ်းရိုးရိုးတစ်တင်းလျှင် (၅၀၀၀)ကျပ်၊ ပဲတီစိမ်းထွက်တိုး တစ်တင်းလျှင် (၄၀၀၀)ကျပ် မြင့်တက်လာကြောင်း သီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၏ အစေ့ထုတ်ပြောင်း ဈေးနှုန်း၊ဈေးကွက်အခြေအနေ

              မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်သည်နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည်လဲ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည်။ ယခုအခါ ကန့်ဘလူခရိုင်၏ အဓိကစိုက်ပျိုးသီးနှံတစ်ခုဖြစ်သည့် အစေ့ထုတ်ပြောင်းများ ဈေးကွက်အတွင်းဝင်ရောက်လျက်ရှိကြောင်းသိရသည်။

             အစေ့ထုတ်ပြောင်းကို မေလကုန်တွင်စတင်စိုက်ပျိုးပြီး စက်တင်ဘာလဆန်းမှစ၍ ရိတ်သိမ်းရကြောင်း၊ စိုက်ပျိုးရာတွင် မျိုးအနေဖြင့် C.P.808 နှင့် C.P.888 မျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ အောက်တိုဘာလစတုတ္ထပတ်အတွင်း အစေ့ထုတ်ပြောင်း(၁)တင်းလျှင် ငွေကျပ် ၁၈၀၀၀ ဖြင့်ရောင်းဝယ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ရွှေဘိုမြို့၊ မန္တလေးမြို့များရှိပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ အစေ့ထုတ်ပြောင်းဈေးနှုန်းများသည် ယခင်ပတ်ထက် (၁)တင်းလျှင် ငွေကျပ်၂၀၀၀ ကျဆင်းသော်လည်း ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၌ နေကြာသီးနှံဈေးနှုန်းမြင့်တက်၍ စိုက်ပျိုးသူများအဆင်ပြေလျက်ရှိ

              မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်သည်နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည်လဲ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည်။ ယခုအခါ ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ နေကြာသီးနှံကိုလည်း စိုက်ပျိုးကြကြောင်း သိရသည်။

           မိုးနေကြာသီးနှံကို ဇွန်လတွင်စတင်စိုက်ပျိုးပြီး စက်တင်ဘာလတွင် ရိတ်သိမ်းရကြောင်း၊ စိုက်ပျိုးရာတွင် မျိုးအနေဖြင့် ဆင်းရွှေကြာ-၂ မျိုးများကို အများဆုံးစိုက်ပျိုးကြပြီး၊ မြေအနေအထားနှင့် အပင်ပြုစုခြင်းအပေါ်မူတည်၍ အထွက်နှုန်းများကွာခြားမှုရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် အောက်တိုဘာလစတုတ္ထပတ်တွင် နေကြာတစ်တင်းလျှင် ငွေကျပ် ၇၀၀၀၀ ဖြင့် ရောင်းဝယ်လျက်ရှိ ကြောင်းသိရသည်။

           ဈေးကွက်အနေဖြင့် နေကြာသီးနှံများကို ကန့်ဘလူမြို့၊ ဇီးကုန်းမြို့ပေါ်ရှိပွဲရုံများသို့ ရောင်းချကြပြီး ပွဲရုံများမှ ရွှေဘိုမြို့၊ မန္တလေးမြို့များရှိပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း၊ ယခုပတ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော နေကြာသီးနှံဈေးနှုန်းများသည် ယခုလတတိယပတ်ထက် တစ်တင်းလျှင် ၂၀၀၀၀ ခန့်မြင့်တက်လာသောကြောင့် စိုက်ပျိုးသူများအနေဖြင့် ထိုက်သင့်သည့်အကျိုးအမြတ်များရရှိကာ အဆင်ပြေလျက်ရှိကြောင်း တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၏ နှမ်းဈေးနှုန်း၊ ဈေးကွက်အခြေအနေ

            မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့်နိုင်ငံဖြစ်သည်နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည်လဲ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည်။ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံဖြစ်သည့် နှမ်းသီးနှံကိုလည်း စိုက်ပျိုးကြကြောင်းသိရသည်။

          ယခုအခါ နှမ်းများဈေးကွက်အတွင်းဝင်ရောက်လျက်ရှိပြီး ကန့်ဘလူခရိုင်၌ ဖြစ်ပေါ်နေသော နှမ်းဈေးနှုန်းများမှာ အောက်တိုဘာလစတုတ္ထပတ်တွင် နှမ်းနက်(စမုံ)တစ်တင်းလျှင် ၂၂၂၀၀၀ ကျပ်၊ နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင် ၁၅၂၀၀၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသောနှမ်းများကို မန္တလေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

           ယခုပတ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော နှမ်းဈေးနှုန်းများသည် ယခင်ဒုတိယပတ်ထက် နှမ်းနက်(စမုံ)တစ်တင်းလျှင် ၂၀၀၀ ကျပ်၊ နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင် ၂၄၀၀၀ ကျပ်ခန့်  ဈေးနှုန်းမြင့်တက်လာသောကြောင့် စိုက်ပျိုးသူများအနေဖြင့် ထိုက်သင့်သည့်အကျိုးအမြတ်များရရှိကြောင်း နှမ်းစိုက်တောင်သူတစ်ဦးထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းမြို့ရှိ ပဲတောင့်ရှည် ဈေးနှုန်းဈေးကွက်

            စစ်ကိုင်းမြို့နယ်အတွင်း နေအိမ်ခြံဝင်းများအတွင်းတွင် တစ်ပိုင်တစ်နိုင် စားပင်၊ သီးပင်များစိုက်ပျိုးလျက်ရှိရာ ပဲတောင့်ရှည်တိုင်ထောင်ပဲများကိုလည်း စိုက်ပျိုးကြပါသည်။ မျိုးစေ့ထုပ် (၅၀) ဂရမ် (၁)ထုပ်ဈေး ၄၀၀ကျပ်ဖြင့် စိုက်ပျိုးရေးဆေးဆိုင်များတွင်ဝယ်ယူကာ ရာသီမရွေး၊ အချိန်မရွေး စိုက်ပျိုးနိုင်ပါသည်။ ပဲတောင့်ရှည်တိုင်ထောင်ပဲများကို စိုက်ပျိုးရန်အတွက် မြေဆီလွှာအမျိုးမျိုးတွင် နုန်း၊ နွားချေး၊ ကြက်ဥခွံ၊ မြေဆွေးစသည်တို့ကိုရောနှောပြီး မျိုးစေ့ကိုမြေချစိုက်ပျိုးနိုင်ပြီး စိုက်ပျိုးချိန်မှစ၍ ရက်ပေါင်း ၄၀ခန့်ကြာချိန်တွင် အသီးများစတင်ထွက်ရှိကာ (၄၅)ရက်အတွင်း စတင်ဆွတ်ခူးနိုင်ပါသည်။ စစ်ကိုင်းမြို့နယ်တွင်း စိုက်ပျိုးသည့်ပဲတောင့်ရှည်များထွက်ရှိမှုသည် စစ်ကိုင်းမြို့နယ်အတွင်းရှိ ပြည်သူများစားသုံးရန် ဖူလုံလျက်ရှိပါသည်။

         ပဲတောင့်ရည် (၁)ပိဿာရောင်းဈေးမှာ ၇၀၀၀ိ/-မှ ၈၀၀၀ိ/-ထိရရှိပြီး ပဲတောင့်ရှည်ဈေးကွက်မှာ ကျယ်ပြန့်များပြားလျှက်ရှိပါသဖြင့် စိုက်ပျိုးသူများ၏စားဝတ်နေရေးကို များစွာအထောက်အကူပြုလျက်ရှိပါကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေတောင်ဒေသထွက် ဖူးစားပြောင်းဈေးကွက်

ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ မီးလောင်ကျေးရွာတွင် ဖူးစားပြောင်းများစိုက်ပျိုးထားရှိသဖြင့် မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၂၁-၁၀-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဈေးနှုန်းဈေးကွက်များသိရှိနိုင်ပါရန် ကွင်းဆင်းလေ့လာခဲ့ပါသည်။
ရွှေတောင်မြို့နယ်ရှိ မီးလောင်ကျေးရွာတွင် ပြောင်းဖူးစိုက်ပျိုးသူတောင်သူ ဦးရဲအောင်နှင့်တွေ့ဆုံပြီး မေးမြန်းရာ စိုက်ပျိုးသောမျိုးမှာ သကြားပြောင်းဖူးမျိုးဖြစ်ပြီး (၂)ဧကစိုက်ပျိုးထား ကြောင်းသိရပါသည်။ စိုက်ပျိုးဧက (၂)ဧကတွင် အပင်အရေအတွက် (၁)ထောင်ကျော်ဖြစ်ပြီး ဝါခေါင်လမှစတင်စိုက်ပျိုး၍ သီတင်းကျွတ်လတွင် ခုတ်ယူရောင်းချကြောင်းသိရပါသည်။ ပြောင်းဖူး တစ်ဧကစိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်အနေဖြင့် ၂၅၀၀၀၀ကျပ်ခန့်ကုန်ကျပြီး ပြောင်ဖူးများထွက်ပေါ်ချိန်တွင် ပွဲစားများက ခင်းလုံးပြတ်လာရောက်ဝယ်ယူကြပြီး တစ်ခင်းလျှင် (၆)သိန်းကျပ်ဖြင့်ရောင်းချကြောင်းသိရပါသည်။ တောင်သူအကျိုးအမြတ်ရရှိမှုအနေဖြင့် တစ်ခင်းလျှင် (၃၅၀၀၀၀)ကျပ်ရရှိကြောင်းသိရပါသည်။ ပွဲစားများကလည်း ခင်းလုံးပြတ်ဝယ်ယူ၍ ရန်ကုန်မြို့သို့ တင်ပို့ရောင်းချသည့်အပြင် နယ်မြို့များသို့လည်းတင်ပို့ရောင်းချသဖြင့် ကုန်သည်ပွဲစားများအနေဖြင့်လည်း အမြတ်အစွန်းများရရှိကြောင်းသိရပါသည်။
DOCA(ပဲခူး)

ရွှေတောင်မြို့ရှိ သီတင်းကျွတ်ရာသီ ရောင်စုံမီးပုံးလုပ်ငန်း

ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ သရက်တောရပ်ကွက်၊ သံကြိုးတန်းလမ်းတွင် သီတင်းကျွတ်အခါကာလ ရောင်စုံမီးပုံများထုတ်လုပ်ရောင်းချနေသော လုပ်ငန်းသို့ သွားရောက်လေ့လာခဲ့ပါသည်။ ထိုသို့သွားရောက်လေ့လာရာတွင် မီးပုံးလုပ်ငန်းကို ဝါခေါင်လတွင်စတင်လုပ်ကိုင်ပြီး သီတင်းကျွတ်လတွင် ရောင်းချကြပါသည်။ မီးပုံးလုပ်ငန်းလုပ်ကိုင်ရန်အတွက် နှီးပိဿာချိန် ၁၀၀ ကုန်ကျပါသည်။ နှီးအပြင် သွပ်နန်းကြိုး၊ နို့ဆီဘူးခွံ၊ သတင်းစာစက္ကူများ၊ ရောင်စုံစက္ကူများလိုအပ်ပါသည်။ မီးပုံရာသီချိန်တွင် မီးပုံအလုံးရေ ၉၀၀၀လုံးပြုလုပ်နိုင်ပြီး ရောင်းချသောဈေးမှာ တစ်လုံးလျှင် လက်ကားဈေး ၁၁၀ကျပ်နှင့် လက်လီဈေး ၁၅၀ကျပ်ဖြင့်ရောင်းချကြောင်းသိရပါသည်။ မီးပုံးလုပ်ငန်းအတွက် ကုန်ကျစရိတ်မှာ ၂၅၀၀၀၀ကျပ်ခန့်ကုန်ကျပြီး မီးပုံးရောင်းရငွေမှာ ၁၀သိန်းကျပ်ခန့်ရရှိ၍ အမြတ်အစွန်းအနေဖြင့် ရာသီချိန်တွင် ၇၅၀၀၀၀ကျပ်ရရှိကြောင်းသိရပါသည်။ မီးပုံးမှာ သီတင်းကျွတ်ရာသီနှင့် တန်ဆောင်မုန်းရာသီများတွင် အိမ်၌ မီးအလှဆင်ရင်ရာတွင် အသုံးပြုကြသဖြင့် လူများကဝယ်ယူအသုံးပြုကြရာ အရောင်းသွက်သဖြင့် ရာသီချိန်တွင် အမြတ်အစွန်းများလည်းရရှိသဖြင့် နှစ်စဉ်ဝင်ငွေရရှိသောလုပ်ငန်းဖြစ်ပါသည်။
DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း