ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပင်မှည့်သီး (ခေါ်) လိုင်းမချူးသီးအကြောင်း တစေ့တစောင်း

    တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ သစ်သီးဆိုင်များတွင် ပင်မှည့်သီး (ခေါ်) လိုင်းမချူးသီးတစ်ပိဿာလျှင် ၃၀၀၀ကျပ်ဖြင့်ရောင်းချပါသည်။ ပင်မှည့်သီးကို သကြားနှင့်တို့စားနိုင်သည့်အပြင် ဖျော်ရည်အဖြစ်လည်းသောက်သုံးနိုင်ပါသည်။ ပင်မှည့်သီးဖျော်ရည်ကို ပုံမှန်သောက်သုံးပေးခြင်းအားဖြင့် ကျန်းမာရေးကို များစွာအထောက်အကူပြုပါသည်။

     ပင်မှည့်သီးတွင်ပါဝင်သည့် သကြားဓာတ်သည် ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးခြင်းကြောင့် ဝမ်းပုံမှန်မသွားသူများ၊ ဝမ်းချုပ်တတ်သူများသောက်သုံးသင့်သော ဖျော်ရည်တစ်ခွက်ဖြစ်ပါသည်။ ပင်မှည့်သီးဖျော်ရည်ကိုသောက်သုံးခြင်းကြောင့် ခန္ဓာကိုယ်အတွင်းရှိ မလိုအပ်သောအဆီပိုများကိုလျော့ကျစေပါသည်။ ပင်မှည့်သီးတွင်ပါဝင်သော ဗီတာမင်အေသည် ကိုယ်ခံအားကိုကောင်းစေပြီး ကင်ဆာနှင့်နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးပါသည်။

   ပင်မှည့်သီးကို အနှစ်သပ်သပ်ထုပ်ပိုး၍ ဈေးကွက်အတွင်း ရောင်းချလျက်ရှိပါသည်။ ပင်မှည့်သီးအနှစ်ကို ၅၀၀ဂရမ်၊ ၁၀၀ဂရမ်ဟူ၍ နှစ်မျိုးထုတ်လုပ်ရောင်းချလျက်ရှိပါသည်။ ပင်မှည့် သီးအနှစ် ၅၀၀ဂရမ်တစ်ထုပ်လျှင် ၄၀၀၀ကျပ်၊ ၁၀၀၀ ဂရမ်တစ်ထုပ်လျှင် ၇၈၀၀ကျပ်ဖြင့် တောင်ငူမြို့၊ ဈေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

                  

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ဦးကြီးထော်ကျေးရွာနှင့် လက်ပံ(တောင်)ကျေးရွာတွင် သက်သာသောဈေးနှုန်းဖြင့် ဆီရောင်းချပေး

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် (၉-၁၀-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်မှစတင်၍ မြောင်းမြခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့်ပူးပေါင်း၍ ဝါးခယ်မမြို့နယ်၊ ဦးကြီးထော်ကျေးရွာနှင့် လက်ပံ(တောင်)ကျေးရွာရှိ ပြည်သူများအား စားသုံးဆီရောင်းချပေးခဲ့ပါသည်။

    ထို့နောက် စားသုံးဆီများရောင်းချပေးခြင်းရည်ရွယ်ချက်မှာ စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိပြီး တစ်ဖက်တစ်လမ်းမှ စားဝတ်နေရေးအဆင်ပြေစေရန် စားသုံးဆီရည်ညွှန်းဈေးတစ်ပိဿာလျှင် (၄၈၀၀)ကျပ်နှုန်းဖြင့် တစ်ဦးလျှင် (၅၀)ကျပ်သားနှုန်းရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ရွှေဘိုမြို့၊ အမှတ်(၁)ရပ်ကွက်၌ အခြေခံစားသောက်ကုန်တို့ကို သက်သာသောဈေးနှုန်းဖြင့်ရောင်းချ

     စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ နေ့စဉ် နေထိုင်စားသောက်ရေးအထောက်အကူဖြစ်စေရန်အတွက် အခြေခံစားသောက်ကုန်တို့ကို သက်သာသောဈေးနှုန်းဖြင့် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၇)ရက်နေ့၊ နံနက် (၈:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ် (၁)ရပ်ကွက်၌ ရောင်းချပေးကြောင်းသိရှိရပါသည်။

     ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ရွှေဘိုတပ်နယ်မှ တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဦးဆောင်မှုဖြင့် ခရိုင်/ မြို့နယ်အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများက လွတ်လပ်စွာဝယ်ယူနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ရောင်းချပေးသည့် အခြေခံစားသောက်ကုန်အရေအတွက်အားဖြင့် ကြက်ဉ (၁၅၀၀) လုံး၊ ကြက်သားပိဿာချိန် (၄၀)၊ ဆီ (၅၀)ကျပ်သားဘူး (၄၀၀)ဘူး၊ ဆန် (၃၀၀)ပြည်တို့ကို ဈေးနှုန်းချိုသာစွာလက်ဝယ်အရောက် ရောင်းချပေးခဲ့ရာ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများက စနစ်တကျတန်းစီ၍ ဝယ်ယူခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ဘားအံမြို့၏ ပိန်းဥဈေးကွက်

     ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ ရေပေါ်ဈေးသို့ ပိန်းဥများ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံးအပတ်မှ စတင်ဝင်ရောက်လာကြောင်း သိရပါသည်။ ယခုလို ပေါ်ဦးပေါ်ဖျားအချိန်တွင် ပိန်းဥများ အဝယ်လိုက်နေပြီး ရက်ခြားဖြင့် တစ်ပတ်လျှင် ပိဿာချိန် ၁၀၀ ကျော် ဝင်ရောက်မှုရှိကြောင်း သိရပါသည်။

    ဘားအံမြို့ပေါ်ရှိ စျေးများတွင် ပိန်းဥကို အရွယ်အစားအလိုက် တစ်ပိဿာလျှင် ၃၀၀၀ - ၃၅၀၀ ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းနှင့် ကရင်ပြည်နယ်တွင် ပိန်းဥကို ဟင်းချက်စားခြင်း၊ ပြုတ်စားခြင်း၊ ပိန်းဥမုန့်အမျိုးမျိုးပြုလုပ်၍ စားသောက်ခြင်းနှင့် ပိန်းဥသည် ဒေသခံတိုင်းရင်းသားများ စားသုံးမှုများသော သီးနှံတစ်မျိုးဖြစ်ကြောင်း သိရပါသည်။

DOCA(ကရင်)

ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အစီအစဉ်ဖြင့် နိုင်ငံ့ဝန်ထမ်းများအား စားအုန်းဆီများရောင်းချပေး

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ကျွန်းလှမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် မစဖအဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးစိုးထိုက်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်တို့ပူးပေါင်းကာ (၉-၁၀-၂၀၂၃) ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်မှ နေ့လယ်(၁၂း၀၀)နာရီအချိန်ထိ  ကျွန်းလှမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်းအတွင်း စားအုန်းဆီများကို နိုင်ငံ့ဝန်ထမ်းများ၏ လက်ဝယ်အရောက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြပါသည်။

     အဆိုပါစားအုန်းဆီများရောင်းချရာတွင် နိုင်ငံ့ဝန်ထမ်းများ သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများဝယ်ယူရရှိစေရန်နှင့် စားဝတ်နေရေးအဆင်ပြေစေရန်အတွက် စားအုန်းဆီ (၁)ပိဿာလျှင် (၅၂၀၀)ကျပ်နှုန်း၊ နိုင်ငံ့ဝန်ထမ်း (၁)ဦးလျှင် စားအုန်းဆီ(၁)ပိဿာနှုန်းဖြင့် နိင်ငံ့ဝန်ထမ်းဦးရေ (၅၅၀) တို့အား စားအုန်းဆီ (၅၅၀) ပိဿာရောင်းချပေးခဲ့ကြောင်း၊ စားအုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှထုတ်ပြန်ပေးလျက်ရှိသော စားအုံးဆီတစ်ပိဿာရည်ညွှန်းဈေးနှုန်းဖြင့် ရရှိသည့်အပေါ်မူတည်၍ ဆက်လက်ရောင်းချပေးနိုင်ရေးအတွက် ကန့်ဘလူခရိုင်ဆီကုန်သည်များနှင့်ပူးပေါင်းစီမံဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပြောကြားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ကြက်သွန်နီဈေးနှုန်း အနည်းငယ်မြင့်တက်

     မုံရွာမြို့ပေါ်ရှိ ကြက်သွန်နီကုန်ဝယ်ဒိုင်များသို့ ပုလဲ၊ ချောင်းဦး၊ ယင်းမာပင်၊ ဘုတလင်၊ ဆားလင်းကြီးနယ်များမှ ကြက်သွန်နီများအပြင် မုံရွာမြို့နယ်အတွင်း ကြက်သွန်နီအများဆုံးစိုက်ပျိုးထွက်ရှိရာဒေသများဖြစ်ကြသော မြေနဲကျေးရွာ၊ အောင်သာကျေးရွာ၊ မင်းကျေးရွာ၊ ကုတောပလ္လင်ကျေးရွာ၊ လယ်တီကျေးရွာ၊ တုံကျေးရွာ၊ နှုန်းကြီးကျေးရွာ စသည့်ကျေးရွာများမှ ကြက်သွန်နီများတင်ပို့အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ပထမအပတ်တွင် ကြက်သွန်နီလက်ကားဒိုင်ဈေးမှာ ထိပ်စတစ်ပိဿာလျှင် ကျပ်၂၃၀၀၊ အလတ်စတစ်ပိဿာလျှင် ကျပ်၂၀၀၀၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်၁၈၀၀ဖြင့် နေ့စဉ် အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။

    မုံရွာမြို့ပေါ်ရှိ ကန်သာယာဈေးနှင့် ဈေးဟောင်းတို့တွင် ကြက်သွန်နီလက်လီရောင်းချသည့်ဈေးနှုန်းမှာ အရည်းအသွေးကိုလိုက်၍ ထိပ်စတစ်ပိဿာလျှင် ကျပ် (၂၄၀၀-၂၅၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ် (၂၂၀၀-၂၃၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ် (၁၉၀၀-၂၀၀၀) ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရသည်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ယခုအချိန်သည် ကြက်သွန်ပေါ်ချိန်မဟုတ်သေးဘဲ ဂိုဒေါင်များတွင်ာ သိုလှောင်ထားသော ကြက်သွန်နီများကိုသာရောင်းချနေကြရခြင်းဖြစ်သဖြင့် လက်ကျန်နည်းနေသော်လည်း ယခင်လထက် ဈေးနှုန်းအနည်းငယ်ကျဆင်းနေကြောင်း မုံရွာမြို့ပေါ်ရှိ ကြက်သွန်ပွဲရုံပိုင်ရှင်တစ်ဦးထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကရင်ပြည်နယ် ဒေသစာ ကတက်မုန့်

   ယခုလို မိုးဖြိုင်ဖြိုင်ရွာပြီး စိုစွတ်သောရာသီတွင် ထွက်‌ပေါ်လာသည့် ရာသီစာ ကတက်ဥကို လူတိုင်း မြင်ဖူး၊ စာဖူးကြလိမ့်မည်ဖြစ်သည်။ ကတက်ဥကို ကရင်ပြည်နယ်တွင် အရည်သောက်ဟင်းအဖြစ်ချက် စားကြသလို ဒေသစာ ကတက်မုန့်အဖြစ်လည်း လုပ်စားကြသည်။

   ကရင်ပြည်နယ်၏ ဒေသစာ ကတက်ဥကို မုန့်ပြုလုပ်ရာတွင် ဆန်ထောင်း၊ အုန်းသီး၊ ထန်းလျက်၊ ဆားအနည်းငယ်၊ နွယ်တန်းရွက်နှင့် ပေါင်းအိုး(၁)လုံး လိုအပ်ပါသည်။ ထန်းလျက်ကို လိုအပ်သလောက် မပျစ်မကျဲ အရည်ကျိုထားရပါသည်။

   ကတက်မုန့်ပြုလုပ်ပုံ အဆင့်ဆင့်မှာ ရေစိမ်ထားသောဆန်ကို သစ်သားဆုံမှာထည့်ပြီး ကြေလုနီးနီး ဆန်ကွဲဖြစ်သွားသည်အထိ မောင်းထောင်းတံဖြင့် ထောင်းပြီး ဆန်မုန့်တွေကို ဇလုံထဲမှာ ထည့်ထားရပါမည်။ ကတက်ဥကို အမွှေးအမျှင် ဖယ်ရှားပြီး ဓားနဲ့မွှန်း၍ ကြေနေအောင် တောက်တောက်စင်းပြီး ကြေသွားတဲ့ ကတက်ဥ ချွဲချွဲလေးတွေကို ထောင်းထားသော ဆန်မှုန့်ဇလုံထဲထည့်ပြီး အရည်ကျိုထားသော ထန်းလျက် ထည့်၊ ဆား အနည်းငယ်ဖြင့် သမအောင်နယ်ပေးရပါမည်။ ထို့နောက် မုန့်သားကို (၁)ကြိမ်နယ်ပြီးပါက ခပ်ပါးပါးခြစ်ထားတဲ့ အုန်းသီးဖတ်လေးများထည့်ပြီး နောက်ထပ် တစ်ခါနယ်ပေးရပါမည်။ အားလုံးသမပြီ ဆိုပါက ခွက်ကတော့လုပ်ထားတဲ့ သစ်ရွက်ခွက်လေးထဲ နီညိုချွဲပျစ်နေတဲ့ နယ်ပြီးသားမုန့်ဖတ်ကို မပြည့်တပြည့်လေးထည့်ရပါမည်။ သစ်ရွက်ဖက် (သို့မဟုတ်) နွယ်တန်းရွက်ကို ခေါက်ပိတ်၍ နှီးပြား လေးနဲ့ ခိုင်အောင်ထုပ်ထားပြီး အသင့်တည်ထားတဲ့ ပေါင်းအိုးထဲသို့ ထည့်ပေါင်းရပါမည်။ နွယ်တန်းရွက်သည် အနံ့သင်းသင်းလေးရှိနေပြီး မုန့်လုပ်စားရာမှာ အရသာနဲ့လိုက်ဖက်လှပါသည်။ ထို့နောက် အဖုံးအုပ်ကာ မိနစ် (၂၀)ကြာပေါင်းပြီး မုန့်ပေါင်းအိုးကို ဖွင့်လိုက်တဲ့အခါ ခပ်ပွပွဖောင်းဖောင်းနဲ့ ကျက်နေပြီဖြစ်တဲ့ ကတက်မုန့် ပူပူနွေးနွေးကို ရရှိမှာဖြစ်ပါသည်။ အုန်းသီးမထည့်ဘဲ ပေါင်းပြီး မုန့်ကျက်သွားတဲ့ခါမှသာ ခြစ်ထားပြီးသား အုန်းသီးလေးများကို ဖြူးပြီးစားလို့လည်း ရပါသေးသည်။

   ကျက်အောင်ပေါင်းပြီးရလာတဲ့ အုန်းသီးနဲ့ ထန်းလျက်တို့ရဲ့ မွေးပျံ့နေတဲ့ ပူပူနွေးနွေး ကျက်ပြီးခါစ ကတက်မုန့်လေးများကို လက်ဖက်ရည်၊ကော်ဖီ၊ရေနွေးကြမ်းတို့ဖြင့် တွဲဖက်စားသုံးကြတဲ့ ကရင်ပြည်နယ် ရဲ့ မိုးရာသီဒေသစာမုန့်အဖြစ် ရရှိပြီးဖြစ်ပါမည်။ ကရင်ပြည်နယ် ဒေသစာ ကတက်မုန့်ကို ဘားအံမြို့ပေါ်ရှိ ဈေးများတွင် တစ်ခုလျှင် ၅၀၀/- ကျပ်နှုန်းဖြင့် ရောင်းချနေကြောင်း တွေ့ရှိရပါသည်။

DOCA(ကရင်)

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်းရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများအခြေအနေ

   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ဈေးများတွင် ယခုရက်သတ္တပတ်အတွင်း ‌ရွှေဘိုပေါ်ဆန်း (တစ်အိတ်)လျှင် ၁၂၅,၀၀၀ကျပ်၊  ဧရာမင်း(ဆန်)(တစ်အိတ်)လျှင် ၁၃၀,၀၀၀ကျပ်၊ ဧည့်မထဆန် (တစ်အိတ်)လျှင် ၁၁၀,၀၀၀ကျပ်၊ ပဲဆီ(တစ်ပိဿာ)လျှင် ၁၂၅၀၀ကျပ်၊ နှမ်းဆီ (တစ်ပိဿာ) လျှင် ၁၂၅၀၀ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင် ၁၂၅၀၀ကျပ်၊ စားအုန်းဆီ (တစ်ပိဿာ) လျှင် ၅၀၀၀ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၆၀၀ကျပ်မှ ၇၀၀ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ) လျှင် ၁၆၀၀၀ကျပ်မှ ၁၇၀၀၀ကျပ်၊ ကြက်သွန်နီ (တစ်ပိဿာ) လျှင် ၂၀၀၀ကျပ်မှ ၂၅၀၀ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းစ) (တစ်ပိဿာ) လျှင် ၈၅၀၀ကျပ်မှ ၉၀၀၀ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) (တစ်ပိဿာ) လျှင် ၈၅၀၀ကျပ်မှ ၉၀၀၀ကျပ်၊ အာလူး (တစ်ပိဿာ) လျှင် ၂၀၀၀ကျပ်မှ ၂၃၀၀ကျပ်၊ မန်ကျည်းသီးမှည့် (တစ်ပိဿာ) လျှင် ၃၅၀၀ကျပ်မှ ၄၀၀၀ကျပ်၊ နနွင်းတက် (တစ်ပိဿာ) လျှင် ၈၅၀၀ကျပ်မှ ၉၀၀၀ကျပ်၊ ခရမ်းချဉ်သီး (တစ်ပိဿာ) လျှင် ၂၀၀၀ကျပ်၊ ဂေါ်ဖီထုပ် (တစ်ထုပ်) လျှင် ၈၀၀ကျပ်၊ ပဲသီး(ပဲထောင့်ရှည်)(တစ်စည်း) လျှင် ၅၀၀ကျပ်၊ ကြက်သား (တစ်ပိဿာ) လျှင် ၆၀၀၀ကျပ်မှ ၈၀၀၀ကျပ်၊ ဝက်သား (တစ်ပိဿာ)လျှင် ၁၈၀၀၀ကျပ်မှ ၁၉၀၀၀ကျပ်၊ အမဲသား (တစ်ပိဿာ) လျှင် ၁၂၀၀၀ကျပ်မှ ၁၃၀၀၀ကျပ်၊ ဆိတ်သား(တစ်ပိဿာ)လျှင် ၂၀၀၀၀ကျပ်မှ ၂၂၀၀၀ကျပ်၊ ငါးမြစ်ချင်း (တစ်ပိဿာ) လျှင် ၁၀၀၀၀ကျပ်မှ ၁၁၀၀၀ကျပ်၊ ကြက်ဥ (၁)လုံးလျှင် ၂၅၀ကျပ်၊ ဘဲဥ (၁)လုံးလျှင် ၃၃၀ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) (၁)လုံးလျှင် ၁၅၀၀ကျပ်မှ ၂၀၀၀ကျပ်၊ ဖရဲသီး (၂၁၁) (၁)လုံးလျှင် (၁၀၀၀-၃၀၀၀) ကျပ်အတွင်း ဈေးနှုန်းအသီသီးရှိကြောင်းသိရသည်။

     ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက အခြေခံစားကုန်များမှာ ဈေးနှုန်းအနည်းငယ်ကျဆင်းနေပြီး စားအုန်းဆီရည်ညွှန်းဈေးနှုန်းအပေါ်မူတည်၍ ဈေးနှုန်းအပြောင်း အလဲရှိပါကြောင်း ချင်းတွင်းရတနာဈေးရှိ လက်လီ/ လက်ကားရောင်းဝယ်ဖောက်ကားရောင်းချနေသော ကုန်သည်များထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)      

 

 

                                                  

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၄၂၇၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

   ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့ မှ အောက်တိုဘာလ ၂၂  ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၄၂၇၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

  ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

    အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ မြေပဲသီးနှံနှင့် နှမ်းမျိုးစုံတို့၏ ဈေးနှုန်းပြောင်းလဲမှုအခြေအနေ

     မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ်ကာလတူဈေးထက် ယခုနှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိပါကြောင်း မုံရွာကုန်စည်ဒိုင်ဈေးနှုန်းသတင်းများအရ သိရသည်။

မတ်ပဲ

      မုံရွာကုန်စည်ဒိုင်၌ ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ(ဒုတိယပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၅၈၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ အောက်တိုဘာလ (ဒုတိယပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၈၁၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းခွဲခန့်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၅အိတ်မှ ၁၀အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

ပဲစဉ်းငုံ

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် အောက်တိုဘာလ (ဒုတိယပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၆၂၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ အောက်တိုဘာလ (ဒုတိယပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၁၂၅၅၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ခြောက်သောင်းခွဲခန့်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၃အိတ်မှ ၅အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

ပဲတီစိမ်း

      မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ အောက်တိုဘာလ (ဒုတိယပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၄၅၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ အောက်တိုဘာလ (ဒုတိယပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၅၄၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ကိုးထောင်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၅အိတ်မှ ၁၀အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

ကုလားပဲ

      မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ အောက်တိုဘာလ (ဒုတိယပတ်) တွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ်၆၂၅၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ အောက်တိုဘာလ (ဒုတိယပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၈၉၀၀၀၊ 929  တစ်တင်းလျှင် ကျပ်၅၉၅၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ အောက်တိုဘာလ (ဒုတိယပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၈၈၀၀၀၊ ထိုင်ဝမ်တစ်တင်းလျှင် ကျပ်၅၈၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ အောက်တိုဘာလ (ဒုတိယပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၈၇၀၀၀ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်သုံးသောင်းခန့်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀အိတ်မှ ၁၅အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

စွန်တာနီ/ပြာ

      မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ အောက်တိုဘာလ (ဒုတိယပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၄၈၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ အောက်တိုဘာလ (ဒုတိယပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၅၅၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ခုနှစ်ထောင်ပိုမိုခဲ့ပါသည်၊ တစ်ရက်လျှင် အိတ်ရေ ၅အိတ်မှ ၇အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

ထောပတ်ပဲ

      မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ အောက်တိုဘာလ (ဒုတိယပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၅၀၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ အောက်တိုဘာလ (ဒုတိယပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၉၂၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်လေးသောင်းကျော်ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၅အိတ်မှ ၁၀အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

အစေ့ထုတ်ပြောင်း

      မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ အောက်တိုဘာလ (ဒုတိယပတ်) တွင် ပြောင်းတစ်တင်းလျှင် ကျပ်၁၆၅၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ အောက်တိုဘာလ (ဒုတိယပတ်) တွင် ပြောင်းတစ်တင်းလျှင် ကျပ်၁၈၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်တစ်ထောင်ငါးရာပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၃အိတ်မှ ၅အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

မြေပဲဆံသီးနှံ

       မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ အောက်တိုဘာလ (ဒုတိယပတ်) တွင် မြေပဲဆံနီတစ်ပိဿာလျှင် ကျပ်၅၃၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ အောက်တိုဘာလ (ဒုတိယပတ်) တွင် တစ်ပိဿာလျှင် ကျပ်၇၀၀၀၊ ယခင်နှစ်၊ အောက်တိုဘာလ (ဒုတိယပတ်) တွင် မြေပဲဆံဖြူတစ်ပိဿာလျှင် ကျပ်၅၃၀၀ဖြစ်ခဲ့ပြီး ယခုနှစ် အောက်တိုဘာလ (ဒုတိယပတ်)တွင် တစ်ပိဿာလျှင် ကျပ်၆၀၀၀၊ တစ်ပိဿာလျှင် ကျပ်နှစ်ထောင်ခန့်အထိပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀အိတ်မှ ၂၅အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

နှမ်းမျိုးစုံသီးနှံ

      မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ အောက်တိုဘာလ (ဒုတိယပတ်)တွင် နှမ်းနက်တစ်တင်းလျှင် ကျပ်၉၀၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ အောက်တိုဘာလ (ဒုတိယပတ်) တွင် တစ်တင်းလျှင် ကျပ်၉၅၀၀၀၊ နှမ်းဖြူတစ်တင်းလျှင် ကျပ်၉၀၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ အောက်တိုဘာလ (ဒုတိယပတ်) တွင် တစ်တင်းလျှင် ကျပ်၁၁၅၀၀၀၊ နှမ်းညိုတစ်တင်းလျှင် ကျပ်၇၅၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ အောက်တိုဘာလ (ဒုတိယပတ်)တွင် တစ်တင်းလျှင် ကျပ်၉၄၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ငါးထောင်မှ ကျပ်နှစ်သောင်းခွဲအထိပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၀အိတ်မှ ၁၅အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်း မုံရွာကုန်စည်ဒိုင်ဈေးနှုန်းများစာရင်းအရ သိရပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း