ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြိတ်မြို့ ဆီကိုယ်စားလှယ်သို့ရောင်းချပေးသော စားအုန်းဆီများရောက်ရှိလာ

            တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင်ရောင်းချရန်အတွက် မြိတ်ခရိုင်ဆီကိုယ်စားလှယ်သည် စားအုန်းဆီများကို Global Good Pure Group ကုမ္ပဏီနှင့် Mahar Phone Let Yone ကုမ္ပဏီတို့မှဝယ်ယူ၍ (၁၁.၁၀.၂၀၂၄) ရက်နေ့မှ (၁၄.၁၀.၂၀၂၄)ရက်နေ့ထိ ထုတ်ယူခဲ့သော စားအုန်းဆီတင်ဆောင်လာသောမော်တော်ယာဉ်သည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၂၄)ရက်နေ့တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

           အဆိုပါစားအုန်းဆီများကို မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက်စစ်ဆေးခဲ့ပြီး ရည်ညွှန်း‌စျေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ စားသုံးသူပြည်သူများသို့ ပြန်လည်ရောင်းချမည်ဖြစ်ကြောင်း ဆီကိုယ်စားလှယ်ထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့၊ ဘုတ်ချောင်းရပ်တွင် စျေးနှုန်းသက်သာစွာဖြင့် အခြေခံစားကုန်များရောင်းချ

        တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ ဌာနဆိုင်ရာများပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၂၄)ရက်နေ့၊ နံနက် (၀၇း၀၀)နာရီအချိန်တွင် မြိတ်မြို့၊ ဘုတ်ချောင်းရပ်ရှိပြည်သူများအား စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေး အခြေခံစားသောက်ကုန်များရောင်းချပေးခဲ့ပြီး အခြေခံစားသောက်ကုန်များရောင်းချရာတွင် ဆန်၊ ဆီ၊ ကြက်ဥ၊ ဆား၊ ချဉ်ပေါင်ရွက်၊ ကြက်သွန်နီ၊ ပဲခြမ်း၊ ငရုတ်သီးမုန့်၊ မန်ကျည်းသီးတို့ပါဝင်ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အတွင်းရှိ စပါးလင်ပင်ဈေးနှုန်းဈေးကွက်

        တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် အလှူ၊ မင်္ဂလာဆောင်ကာလများဖြစ်သောကြောင့် ဟင်သီးဟင်းရွက်များ၊ သစ်သီးများ ရောင်းအားကောင်းလျက်ရှိရာ စပါးလင်ပင်များလည်းရောင်းအားကောင်းလျက်ရှိပါသည်။ စပါးလင်ပင်များကို ထားဝယ်မြို့၊ ပတ်ဝန်းကျင်ရှိကျေးရွာများမှ ဟင်သီးဟင်းရွက်ရောင်းသော ဈေးသည်များက ထားဝယ်မြို့စည်ပင်သာယာဈေးကြီးနှင့် ရက်ကွက်ဈေးငယ်များတွင် လာရောက်ရောင်းချကြပါသည်။

        စပါးလင်ပင်များကို နွေရာသီတွင် ထွန်ယက်၍ မိုးရာသီတွင် ရေမဝပ်နိုင်သော နုန်းမြေများ၌ စိုက်ပျိုးလေ့ရှိကြပါသည်။ စပါးလင်ပင်သည် မြေသစ်၌ ဖြစ်ထွန်းလေ့ရှိပြီး မြေသြဇာ ထည့်ပေးရန်မလိုသောကြောင့် ပေါင်းသင်ပေးခြင်းမှတစ်ပါး အထူးဂရုစိုက်ရန်မလိုပေ။ စပါလင်ပင်များကို အစည်းငယ်(၅)စည်းပူး တစ်စည်းလျှင် (၁၀၀၀မှ ၁၅၀၀)ကျပ်အတွင်းရှိပြီး ယခုအချိန်သည် ကထိန်အလှူကာလဖြစ်သောကြောင့် ရောင်းအားကောင်းလျက်ရှိကြောင်း ဈေးသည်များထံမှသိရှိရပါသည်။

DOCA(တနင်္သာရီ)

အရောင်းအဝယ်ဖြစ်ထွန်းနေသော အုန်းသီးဈေးကွက်

        ဖျာပုံမြို့နယ်တွင် အုန်းသီးဈေးကွက် (၇၀၀၀) ကျော်ရှိပါသည်။ အုန်းသီးကို မြန်မာ့ရိုးရာမုန့်များတွင် တွဲဖက်စားသုံးကြပါသည်။ မြန်မာမုန့်များအတွက် မရှိမဖြစ်လိုအပ်သော တွဲဖက်အစားအစာလည်းဖြစ်ပါသည်။ထို့ပြင် အုန်းသီးကို အရည်သောက်အနေဖြင့်လည်းသောက်သုံးခြင်း၊ အသားနုစားသောက်ခြင်းများကိုလည်း ကမ်းခြေဒေသများအပြင် မြို့ပြများတွင်ပါ ဝယ်ယူစားသုံးလာကြပါသည်။ အုန်းသီးကို တိုင်းရင်းသားဒေသများ၊ မြန်မာပြည်အလယ်ပိုင်းဒေသများရှိ ပြည်သူများလည်းသုံးစွဲကြပါသည်။ မြန်မာပြည်အ့ မိရိုးဖလာအသုံးပြုမှုအတွက်ကြောင့် ကြွက်ညှာအုန်း(ဆွဲအုန်း) အနေဖြင့်လည်း အရောင်းအဝယ်ဖြစ်ထွန်းလျက်ရှိပါသည်။ သုံးစွဲမှုများပြားခြင်းကြောင့် ရောင်းဝယ်ဖောက်ကားမှုဈေးကွက်တစ်ခုဖြစ်လာပါသည်။

          ဖျာပုံမြို့နယ်၊ ဂျိုဝါကျောက်ရဲကျေးရွာတွင်နေထိုင်ပြီး အုန်းသီးအရောင်းအဝယ်လုပ်ကိုင်နေသော ဦးမျိုးနှင့်တွေ့ဆုံ၍ လုပ်ငန်းအခြေအနေများအား လေ့လာမေးမြန်းရာတွင် ၎င်းက “ယခုအချိန်သည် မြန်မာနိုင်ငံ၏ သီတင်းကျွတ်ပွဲတော်ရက်ဖြစ်ခြင်းကြောင့် အုန်းသီးအဝယ်လိုက်ကာလဖြစ်ကြောင်း၊ အညှာပါ အုန်းသီးတစ်လုံးလျှင် (၁၈၀၀) ကျပ်၊အခွံခွာ အုန်းသီးတစ်လုံးလျှင် (၁၁၀၀) ကျပ်ဈေးနှုန်းဖြင့်ဝယ်ယူရကြောင်း၊  တင်ပို့ရာဒေသများအနေဖြင့် ရန်ကုန်(ကြည့်မြင်တိုင်) ပွဲရုံ၊ ပြည်၊အောင်လံ၊ အောင်ပန်း၊ တောင်ကြီးဒေသများသို့တင်ပို့ကြောင်း၊ ရောင်းဈေးအနေဖြင့် အညှာအုန်းသီးတစ်လုံးလျှင် (၂၃၀၀) ကျပ်၊ အခွံခွာ အုန်းသီးတစ်လုံးလျှင် (၁၄၀၀) ကျပ်ဖြင့် ပြန်လည်ရောင်းချရကြောင်း၊ အုန်းသီးသယ်ယူစရိတ်နှင့် အခြားကုန်ကျစရိတ်များအနေဖြင့် အုန်းသီးတစ်လုံးလျှင် (၃၀၀) ကျပ်ကုန်ကျကြောင်း၊ အုန်းသီးတစ်လုံးပေါ်တွင် အသားတင်အမြတ်(၂၀၀) ကျပ်ရှိကြောင်း၊ အုန်းသီးဈေးကွက်အနေဖြင့် မြန်မာနိုင်ငံ၏ သီတင်းကျွတ်ပွဲတော်၊ တန်ဆောင်တိုင်ပွဲတော်၊ မြန်မာနှစ်ကူးကာလတို့တွင် အရောင်းအဝယ်အကောင်းဆုံးကာလများဖြစ်ကြောင်း တွေ့ဆုံမေးမြန်းမှုများအရ” သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မြင်းခြံခရိုင်၏ နွေကြက်သွန်နီဈေးနှုန်းဈေးကွက်နှင့်တင်ပို့မှုအခြေအနေ

      မန္တလေးတိုင်းဒေသကြီးအတွင်းမှာဆိုလျှင် မြင်းခြံခရိုင်၏ နွေကြက်သွန်နီသည် ပထမတန်းစားကြက်သွန်နီဟုဆိုနိုင်ပြီး ပုံသဏ္ဍာန်အားဖြင့် လုံးဝိုင်း၍ အနီရင့်ရောင်ရှိပြီး၊ အခွံပါးကာ အရည်အသွေးကောင်းသောကြောင့် အထားအသိုမှာလည်း(၆)လမှ(၈)လထိ သိုလှောင်ထားရှိနိုင်ပါသည်။

     ယခုအောက်တိုဘာလ စတုတ္ထပတ်၏ နွေကြက်သွန်နီဈေးနှုန်းမှာ အကြီးစတစ်ပိဿာလျှင် (၂၇၀၀)ကျပ်မှ (၃၀၀၀)ကျပ်၊ အလတ်စတစ်ပိဿာလျှင်(၂၄၀၀)ကျပ်မှ (၂၆၀၀)ကျပ်၊ အသေးစ  တစ်ပိဿာလျှင်(၂၀၀၀)ကျပ်မှ (၂၃၀၀)ကျပ်ထိ အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင် အောက်တိုဘာလ တတိယပတ်တွင် ကြက်သွန်နီ အကြီးစတစ်ပိဿာလျှင်(၂၂၀၀) ကျပ်မှ (၂၅၀၀)ကျပ်၊ အလတ်စတစ်ပိဿာလျှင်(၁၉၀၀)ကျပ်မှ(၂၁၀၀)ကျပ်၊ အသေးစတစ်ပိဿာလျှင် (၁၅၀၀)ကျပ်မှ (၁၇၀၀)ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရသည်။ ဒေသတွင်း ကြက်သွန်နီထွက်ရှိရာ ကျေးရွာများမှ မြို့ပေါ်ရှိပွဲရုံများသို့ နေ့စဉ်ကုန်ချိန်ပိဿာ(၅၀၀၀၀)မှ (၆၅၀၀၀) ကျော် ဝင်ရောက်လျက်ရှိပါကြောင်း၊ ယခုတစ်ပတ်တွင် ယခင်တစ်ပတ်ထက် ကြက်သွန်နီအရွယ်အစားအလိုက် တစ်ပိဿာလျှင်(၄၅၀)ကျပ်မှ (၆၀၀)ကျပ်ထိမြင့်တက်ခဲ့ပြီး အရည်အသွေး၊ အရွယ် အစားပေါ်မူတည်၍ ဈေးနှုန်းများလဲ ကွာခြားမှုရှိကြောင်း သိရသည်။ ဈေးကွက်တင်ပို့မှုအနေဖြင့် မန္တလေး၊ ရန်ကုန်၊ နေပြည်တော်နှင့်မော်လမြိုင်မြို့များသို့ တင်ပို့လျက်ရှိပြီး၊ အပတ်စဉ်ကုန်ချိန် (၁၉၄၇၄၀) ပိဿာကျော်၊ တန်ချိန်အားဖြင့်(၃၁၈)တန်ခန့် တင်ပို့လျက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)

 

“ပြင်ဦးလွင်မြို့၏ ထောပတ်သီး၊စျေးနှုန်းစျေးကွက်အခြေအနေ”

       ပြင်ဦးလွင်မြို့နယ်တွင် နှစ်ရှည်သီးနှံများအနက် စျေးနှုန်းစျေးကွက်ကောင်းမွန်သော ထောပတ်သီးနှံကိုလည်း စိုက်ပျိုးကြပါသည်။ ပြင်ဦးလွင်မြို့နယ်တွင် ထောပတ်စိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်းအဖွဲ့ကို ၂၀၁၈ခုနှစ်တွင် စတင်ဖွဲ့စည်းပေးခဲ့ပြီး ယခုအချိန်အထိ စုဖွဲ့၍ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ အသင်းကြီးမှ ကြီးကြပ်၍ ရိတ်သိမ်းချိန်လွန်နည်းပညာ လက်ကမ်းစာစောင်များအား ထောပတ်စိုက်ပျိုးသည့် တောင်သူများအား ဖြန့်ဝေပေးလျက်ရှိပါ သည်။စက်တင်ဘာလတွင် ထောပတ်သီးများ စတင်ထွက်ရှိနေပြီဖြစ်ပါသည်။ ရင့်မှည့်သောအသီးများအား ရွေးချယ်ခူးဆွတ်၍ ပြည်သူများအား ဂရုစိုက်ရောင်းချပေးနိုင်ရန် ရင့်မှည့်မှုမရှိသေးသော အသီးများအား ခရီးသွားပြည်သူများ လက်ဝယ်သို့ မရောင်းချပေးနိုင်အောင် ပြင်ဦးလွင်မြို့ရှိ အထင် ကရနေရာများဖြစ်သော (BE)ရေတံခွန်၊ပြည်ချစ်ဘုရား၊ကန်တော်ကြီး၊ ပိတ်ချင်းမြောင်နှင့် လမ်းဘေးဆိုင်များသို့ အစုအဖွဲ့အလိုက် ကွင်းဆင်း၍ အသိပညာပေးမှုကို ဆောင်ရွက်ခဲ့ကြပါသည်။ ပြင်ဦးလွင်မြို့နယ်တွင် ထောပတ်စိုက်ဧက (၁၉၄)ဧကစိုက်ပျိုးထားရှိပြီး အသီးခူးဆွတ်နိုင်မှု ဧက(၁၅၀)ဧကရှိ၍ အထွက်နှုန်း(၆၇၈၄.၀၆)ထွက်ရှိပြီး မြန်မာမျိုးရင်းများဖြစ်သော (အမရာ)မျိုး၊ မြောက်ကျွန်းသူ(၁)မျိုး ၊ အစေ့မဲ့မျိုးများမှာ ဒေသတွင်းနာမည်ရသလို ယခုအခါတွင် နိုင်ငံခြားမှ Export တန်းဝင်မျိုးများ ဖြစ်သော ဟက်(Hass)၊ထောပတ် ဘုရင်၊ ဘာကေးနီးယား Buccaneer ၊ ပင်ကာတန်(Pinkertal)၊ Zuttano မျိုးများအား စိုက်ပျိုးထုတ်လုပ်နေပြီး ပြည်ပသို့တင်ပို့နိုင်ရန် ကြိုးစားဆောင်ရွက်နေကြောင်း၊ အသင်းအဖွဲ့ထံမှ သိရှိရပြီး လက်ရှိတွင်လည်း ပြည်တွင်းစျေးကွက်တွင် ဝယ်လိုအားကောင်းပြီး စျေးကောင်းရရှိကာ 1Kgလျှင်(၇၀၀၀) ကျပ်အထိစျေးရရှိပြီး ဒေသမျိုးများမှာ တစ်လုံးလျှင်  (၃၀၀-၇၀၀)ကျပ်အထိ ရရှိကြောင်း၊ ထောပတ်စိုက်ပျိုးမှု(၁)ဧက ကုန်ကျစရိတ်အနေဖြင့် သိန်း(၇၀) ကုန်ကျကြောင်း၊ နိုင်ငံခြားမျိုးများအား ကိုင်းကူး၊ ကိုင်းဆက်စိုက်ပျိုးရေးနည်းပညာများဖြင့် အသင်း အစုအဖွဲ့များမှ ကိုယ်တိုင်စိုက်ပျိုး‌ပေးလျက်ရှိပါသည်။ နိုင်ငံခြားထောပတ်ပျိုးပင်(၁)ပင်လျှင် (၈၀၀၀-၁၅၀၀၀)ကျပ်အထိ ပေါက်စျေးရှိပြီး စိုက်စနစ်မှာ ပင်ခြား၊တန်းခြား(၂၀'×၂၀')ပတ်လည် လျှင် အပင်ရေ(၇၀) စိုက်ပျိုးနိုင်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

 

ရှမ်းတောင်ကြက်သွန်ဖြူနှင့် နနွင်းဈေးနှုန်းဈေးကွက်သုံးသပ်ချက်

         ယခု ၂၀၂၄ခုနှစ်၊ အောက်တိုဘာ လလယ်ပိုင်းတွင် ရှမ်းတောင်ကြက်သွန်ဖြူသည် သဘာဝရေဘေးဒဏ်ကြောင့် အရည်အသွေးနှင့်ကုန်စည်ဝင်ရောက်မှုနည်းပါးသဖြင့် တရုတ်ကြက်သွန်ဖြူ (ကြူကုတ်)ဝင်ရောက်လာပြီး ၂၀၀၀၀ဈေးပေါက်နေပါသည်။ ရှမ်းတောင်ကြက်သွန်ဖြူမှာ ထူး၁- ၉၅၀၀၊ ထူး၂- ၁၁၅၀၀၊ ထူး၃- ၁၁၇၀၀၊ ထူး၄- ၁၂၅၀၀၊ ထူး၅- ၁၂၇၀၀၊ ထူးလွန် ၁၃၀၀၀မှ ၁၆၀၀၀ ဖြင့်တင်ပို့ရောင်းဝယ်နေကြပါသည်။ ရှမ်းကြက်သွန်ဖြူမှာ အဝင်ပါးသော်လည်း ရှိသည့်ကုန်စည်အရည်အသွေးပိုင်းကြောင့် ဈေးနှုန်းနှင့် ဈေးကွက်လှုပ်ရှားမှု နည်းပါးခဲ့ရပါသည်။ သဘာဝဘေးဒဏ်ကြောင့် အချို့လှောင်ကုန်များထိခိုက်မှုရှိပြီး အရည်အသွေးကျဆင်းခဲ့သဖြင့် ဈေးနှုန်းဈေးကွက် တန့်နေရခြင်းဖြစ်ပါသည်။

         နနွင်းသီးနှံမှာလည်း ပြည်ပဝယ်လက်နည်းပါးသော်လည်း ပြည်တွင်းသုံးစွဲမှုကြောင့် ဈေးမပြောင်းပဲ တောင်ပို့လ (ရှယ်)၁ပိသာ ၁၂၅၀၀၊ တောင်ပိုလ(လတ်) ၁၂၀၀၀နှင့် ဆင်တောင်(ရှယ်) ၁၀၅၀၀၊ ဆင်တောင်(လတ်) ၁၀၀၀၀နှင့် အညံစရောရာ ၉၀၀၀ကျပ်နှင့်ရောင်းဝယ်လျှက်ရှိပါသည်။ နနွင်းသီးနှံမှာပြည်ပဝယ်လက်နှင့် သယ်ယူပို့ဆောင်မှုလမ်းကြောင်းအပေါ်မူတည်၍ ဈေးတည်ငြိမ်နေဦးမည်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)

ကြံစိုက်ရာသီချိန်တွင် ပွက်သားဈေးနှင့် သကြားဈေးများ တက်လျက်ရှိ

    ကြံထွက်ရှိရာဒေသများဖြစ်ကြသည့် ကသာ၊ ထီးချိုင့်၊ တွင်းငယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မတ္တရာမြို့နယ်နှင့် ပြင်ဦးလွင်ခရိုင် ကြံစိုက်သည့်ဒေသတို့တွင် ကြံများကို ဩဂုတ်လမှ အောက်တိုဘာလတို့တွင် စိုက်ပျိုးကြသည်။ ကြံစိုက်ရာသီဖြစ်သည့်အတွက် ကြောင့် ယခုနှစ်တွင်မူ အောက်တိုဘာလမှစ၍ ပွက်သားနှင့် သကြားဈေးများ တက်လျက်ရှိပါသည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်တွင် ပွက်သားတစ်ပိဿာလျှင် ၃၁၀၀ မှ ၃၁၅၀ ကျပ်၊ သကြားတစ်ပိဿာလျှင် ၃၆၅၀/၃၆၈၀ ကျပ်ထိရှိခဲ့သော်လည်း ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်တွင် ပွက်သားတစ်ပိဿာလျှင် ၃၄၀၀-၃၆၀၀ ကျပ်၊ သကြားတစ်ပိဿာလျှင် ၄၇၀၀-၅၀၀၀ အထိ ဈေးများမြင့်တက်လျှက်ရှိပြီး ပုံမှန်အရောင်းအဝယ်ရှိကြောင်း သိရှိရပါသည်။ သကြားများကို ပြည်ပကို တင်ပို့မှုနည်းသော်လည်း ပြည်တွင်း၌ နို့ချက်လုပ်ငန်း၊ ဂျုံဖြင့်ပြုလုပ်သော မုန့်မျိုးစုံလုပ်ငန်း၊ ယိုစုံ လုပ်ငန်း၊ အချိုရည်လုပ်ငန်းများ ပုံမှန်အသုံးပြုလျက်ရှိကြောင်း သိရှိရပါသည်။ ကြံစိုက်ရာသီချိန်ဖြစ်သော်လည်း ပွက်သားလက်ကျန်နှင့် သကြားတို့ ဈေးတက်လျက်ရှိရခြင်းမှာ သွားလာရေးခက်ခဲခြင်း၊ သယ်ယူစရိတ်ကြီးမားခြင်း၊ စိုက်ပျိုးရေးစရိတ်ကြီးမားခြင်းနှင့် လုပ်အားခများ ဈေးတက်လာခြင်းဖြစ်ကြောင်း  သကြားနှင့် သကာရည်ကုန်စည်ဒိုင်အသင်းမှ သိရှိရပါသည်။

DOCA(မန္တလေး)

 

ရှမ်းတောင်ဒေသထွက်အာလူးသီးနှံဈေးနှုန်းဈေးကွက်သုံးသပ်ချက်

         ယခု၂၀၂၄ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း အာလူးသီးနှံကုန်စည်ဝင်ရောက်မှုပါးသဖြင့် ဈေးကွက်လိုအပ်ချက်မြင့်မားခဲ့ပါသည်။ အာလူးကြော်ဈေးကွက်အကြိုက်မာကစ် S1 S2 နှင့် မျက်နီ S1 S2 ဆိုဒ်များအဝင်အလွန်နည်းပါးခဲ့ပြီး ဈေးကွက်အတွင်းရှိအကြော်သီးဆိုဒ်များလည်ပုံမှန် ဝယ်လက်များပင် ပြည့်မှီအောင်မရောင်းနိုင်ဖြစ်နေသဖြင့် ဈေးကွက်ပျောက်သည့်သဘောဖြစ်နေပါသည်။ အသေးနှင့်အလတ်ဆိုဒ်များဖြစ်သည့် OK ၅၈၀၀၊ A1 ဆိုဒ် ၄၅၀၀မှ၅၀၀၀ခန့် A1ဆွဲ ၄၀၀၀နှင့် ဂေါ်လီဆိုဒ် ၂၀၀၀ခန့် ဆိုဒ်အလိုက်ဈေးပေါက်နေကြောင်းသိရပါသည်။

           အချို့သောတောင်သူများသည် ကုန်သည်ဈေးကွက်အစား ဈေးနှုန်းပိုရသောမိမိတို့တစ်နိုင်တစ်ပိုင် ဒေသဈေးကွက်သို့ရောင်းချဖြန့်ဖြူးခြင်းကြောင့်လည်း ကုန်ဝင်ပါးလာခဲ့ပါသည်။ အကျိုးဆက်အနေဖြင့် ယခင်အကြော်သီးဆိုဒ်များ ဈေးမြင့်ရာမှ ယခုစားသုံးသူများ အသုံးများသည့်အသေး၊ အလတ်ဆိုဒ်များပါ ဈေးမြင့်လာခဲ့ပါသည်။ (စက)အာလူးပေါ်ချိန် ပွင့်လင်းရာသီအထိဈေးနှုန်းပြန်မကျနိုင်သေးကြောင်း ကုန်သည်လုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရပါသည်။

DOCA(ရှမ်း)

ကြက်သွန်နီ လက်ကျန်နည်းလာသဖြင့် ဈေးမြှင့်လာ

        မိတ္ထီလာဈေးကွက်တွင် အောက်တိုဘာလ တတိယပတ်၌ ကြက်သွန်နီမှာ ဒေသတွင်းလက်ကျန် နည်းလာသည့်အတွက် ဈေးမြင့်လာကြောင်း သိရသည်။ မိတ္ထီလာဈေးကွက်၌ အောက်တိုဘာလလယ်ထိ လက်ကားဈေးတစ်ပိဿာလျှင်(၂၀၀၀-၂၁၀၀)ကျပ်ရှိခဲ့ရာမှ ယခုရက်ပိုင်း (၂၅၀၀-၃၀၀၀)ကျပ် ကြားရှိ သဖြင့် နယ်တင်ပို့မှာလည်း နည်းလာကြောင်း သိရသည်။ နယ်ဝယ်လက်အနေနှင့် ပြည်တွင်းစားသုံးရန် ပဲခူး၊ ရန်ကုန်၊ တာချီလိတ်သို့လည်းကောင်း၊ ပြည်ပဝယ်လက်များဖြစ်သည့် ရန်ကုန်၊ တာချီလိတ်၊ မော်လမြိုင်မြို့များသို့ တင်ပို့ရာ ယခုရက်ပိုင်းဝယ်ရင်းဈေးမြင့်လာခြင်း ရာသီဥတုအခြေအနေအရ မိုးများနေခြင်းတို့ကြောင့် တင်ပို့မှုနည်းနေကြောင်းသိရသည်။ ယခုတစ်ပတ်အတွင်း ပြည်တွင်းဝယ်လက် အနည်းငယ်နှင့် ပြည်ပဝယ်လက်များသို့ ယခင်ဝယ်ယူပြီး ကုန်များနှင့်သာတင်ပို့နေရာ တင်ပို့မှု့နည်းသည့်အတွက် ကုန်တင်ခများမှာ ဈေးငြိမ်နေကြောင်း သိရသည်။ ကြက်သွန်နီမှာ လက်ရှိအချိန်တွင် ယခင်နှစ်ဆောင်းကြက်သွန်နီလက်ကျန်အဟောင်းဖြစ်၍ လက်ကျန်နည်းလာရာ လာမည့်မိုးကြက်သွန်နီပေါ်မည့် ဒီဇင်ဘာလအထိ ဈေးမြင့်လာနိုင်သေးကြောင်း ဈေးကွက်မှသိရသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း