ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြို့သစ်မြို့နယ်၌ ပဲတီစိမ်းသီးနှံများ အောင်မြင်ဖြစ်ထွန်းမှုနှင့် ဈေးနှုန်းဈေးကွက်

             မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ရှိ ကျေးရွာများတွင် နှမ်း၊ မြေပဲ၊ ဆန်စပါး၊ ကြက်သွန်နီနှင့် ပဲမျိုးစုံသီးနှံတို့ကို နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ငွေလေး၊ ကွင်း၊ ဖန်ခါးပင်၊ စစ်တလင်း စသည့်ကျေးရွာများတွင် ပဲတီစိမ်းသီးနှံ စိုက်ဧက ၂၅၀ ဧကခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။

      ဩဂုတ်လကုန်-စက်တင်ဘာဆန်းလတွင် စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလတွင် ရိတ်သိမ်းကြကြောင်း၊ မျိုးစေ့အနေဖြင့် ပဲတီစိမ်း(ကျောက်စိမ်း)ကို အများဆုံးစိုက်ပျိုးကြကြောင်း၊ တစ်ဧကလျှင် မျိုးစေ့  (၉) ပြည်ခန့်ကုန်ကျပြီး ထွန်ကြောင်းဆွဲ၍ ကြဲပက်စနစ်ဖြင့် စိုက်ပျိုးကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စိုက်ပျိုးကုန်ကျစရိတ် ငွေကျပ် ၅၀၀၀၀၀ ခန့် ကုန်ကျကြောင်း၊ ယခင်နှစ်က အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၁၈-၂၀ တင်းခန့် ထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ပဲတီစိမ်းသီးနှံပေါ်စအချိန်တွင် တစ်တင်းလျှင် ငွေကျပ် ၅၅၀၀၀-၆၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၇၀၀၀၀၀ ခန့် ရရှိကြောင်း သိရသည်။

             ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (ပထမပတ်)တွင် ပဲတီစိမ်းတစ်တင်းလျှင် ငွေကျပ် ၆၀၀၀၀-၆၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့် တောင်တွင်းကြီးမြို့နှင့် မကွေးမြို့သို့ သွားရောက်ရောင်းချပြီး ထိုမှတစ်ဆင့်  ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြောင်း၊ ယခုအချိန်တွင် ပဲတီစိမ်းသီးနှံများ လှိုင်လှိုင်ဖူးပွင့်ဝေဆာ၍ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး အထွက်နှုန်းကောင်းမွန်၍ ဈေးကောင်းရရှိပါက အကျိုးအမြတ်များ ပိုမိုရရှိနိုင်မည်ဖြစ်ပါကြောင်း တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

ရွှေဖရုံသီးစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိ

      မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ဝါးတောချောင်ကျေးရွာတွင် နှမ်းနှင့်ပဲမျိုးစုံသီးနှံများကို အဓိက စိုက်ပျိုးကြပြီး ဟင်းသီးဟင်းရွက်သီးနှံများလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိရာ ရွှေဖရုံသီး စိုက်ဧက ၆ ဧက ခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။

    ရွှေဖရုံသီးကို ဇူလိုင်လတွင် စတင်စိုက်ပျိုးပြီး အောက်တိုဘာလတွင် အသီးရင့်မှည့်ကာ ခူးဆွတ်နိုင်ပြီး တစ်ဧကလျှင် အလုံးရေ ၁၀၀၀-၁၅၀၀ ခန့် ထွက်ရှိကြောင်း၊ မျိုးအနေဖြင့် အလုံးပြား ရွှေဖရုံသီးမျိုးကို စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးစေ့ ၁၀၀ ဂရမ်ပါအထုပ် ၁၆ ထုပ်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးရာတွင် မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးပြီး တစ်ပေခွဲအကွာ ကျင်းတူး၍ အစေ့ချ စိုက်ပျိုး ရကြောင်း၊ စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် ငွေကျပ် ၁၆ သိန်းခန့် ကုန်ကျပြီး  ဈေးနှုန်းအနေဖြင့် အောက်တိုဘာလ တတိယပတ်တွင် ရွှေဖရုံသီးမှည့်တစ်လုံးလျှင် လက်ကားဈေး ငွေကျပ် ၃၀၀၀-၄၀၀၀ ရောင်းချရပြီး အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၁၄ သိန်းခန့်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကုန်စိမ်းသည်များမှ စိုက်ခင်းအထိ လာရောက်ဝယ်ယူကြပြီး မကွေးမြို့ပေါ်သို့ ပြန်လည်ရောင်းချကြကြောင်း၊ ရွှေဖရုံသီးပင် စိုက်ပျိုးခြင်းသည် အသီးများသာမက အညွန့်(အရွက်)များပါ ရောင်းချရသောကြောင့် အပိုဝင်ငွေများရရှိပြီး ယခုနှစ်တွင် စျေးနှုန်းကောင်းမွန်သောကြောင့် တောင်သူများအနေဖြင့် အကျိုးအမြတ်များ ပိုမိုရရှိကာ အဆင်ပြေ လျက်ရှိကြောင်း သိရသည်။

DOCA(မကွေး)

 

ချောင်းဆုံမြို့နယ်၊ ခလော့ခနိုင်းကျေးရွာ၌ မိသားစုတစ်ပိုင်တစ်နိုင်စိုက်ခင်း များတွင် ဟင်းသီးဟင်းရွက်ပင်များ စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

        ချောင်းဆုံမြို့နယ်၊ ခလော့ခနိုင်းကျေးရွာရှိ‌ တောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကစီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်ကြရာ ဥယျာဉ်ခြံများနှင့် နေအိမ်ခြံဝန်းများတွင် ဟင်းသီးဟင်းရွက်ပင်များ စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။

           ချောင်းဆုံမြို့နယ်၊ ခလော့ခနိုင်းကျေးရွာရှိ တောင်သူများသည် နှစ်ရှည်သီးနှံပင်များနှင့် ရာသီပေါ်သီးနှံများကို အဓိကထားစိုက်ပျိုးကြပြီး မိသားစုစားသုံးမှုဖူလုံရေးနှင့် အပိုဝင်ငွေရရှိရေးအတွက် တစ်ပိုင်တစ်နိုင်စိုက်ခင်းများတွင် ချဉ်ပေါင်ပင်၊ ရုံးပတီသီးပင်၊ ဇီယာ (ပူစီနံ)၊ မြင်းခွာရွက်နှင့် သခွားသီးပင်များကိုစိုက်ပျိုး၍ ချောင်းဆုံမြို့နယ် မြို့မဈေးနှင့် ကျေးရွာများရှိ ဈေးများတွင် ရောင်းချကြောင်း၊ ချဉ်ပေါင် တစ်စည်းလျှင် (၃၀၀) ကျပ်၊ ရုံးပတီသီး တစ်တောင့်လျှင် (၂၀၀) ကျပ်၊ ဇီယာ(ပူစီနံ) တစ်စည်းလျှင် (၃၀၀) ကျပ်၊ မြင်းခွာရွက် တစ်စည်းလျှင် (၃၀၀) ကျပ်၊ သခွားသီး တစ်ပိဿာလျှင် (၄၀၀၀) ကျပ်ဖြင့်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေများရရှိကြောင်း ခလော့ခနိုင်းကျေးရွာမှ တစ်ပိုင်တစ်နိုင်စိုက်ခင်း စိုက်ပျိုးရောင်းချသူထံမှ သိရှိရပါသည်။

DOCA(မွန်)

မော်လမြိုင်မြို့ရော်ဘာဈေးနှုန်းဈေးကွက် အခြေအနေ

            မွန်ပြည်နယ်တွင် အောက်တိုဘာလ တတိယအပတ်မှစ၍ ရော်ဘာခြံရှင်များအနေဖြင့် ရော်ဘာအစေးလှီးခြင်းကိုစတင်နေပြီဖြစ်ပါသည်။ ရောင်ဝယ်မှုအနေဖြင့် ပြည်နယ်တွင်းဝယ်ယူ လျက်ရှိသော လုပ်ငန်းရှင်များ၊ အဝယ်ဒိုင်များ၊ ကုမ္ပဏီများမှစုစည်း၍ ရန်ကုန်/ မန္တလေးရှိ ၎င်းတို့၏ကုမ္ပဏီကြီးများသို့တင်ပို့ပြီး ကုမ္ပဏီကြီးများမှတစ်ဆင့် ပြည်ပသို့တင်ပို့ရောင်းချကြောင်း သိရသည်။

             မွန်ပြည်နယ်အတွင်းရှိ ရော်ဘာအဝယ်ဒိုင်များအနေဖြင့် အပတ်စဉ် အရောင်းအဝယ်ပုံမှန်ရှိနေသည်။ ယခုအောက်တိုဘာလ ၂၃ရက်နေ့တွင်မော်လမြိုင်မြို့၌ရော်ဘာဈေးနှုန်းမှာ RSS-3 တစ် ပေါင်လျှင် (၂၉၀၀ ) ကျပ်၊ RSS-5 တစ်ပေါင်လျှင် (၂၈၅၀) ကျပ် ပေါက်ဈေးဖြစ်ပေါ်နေပြီး ယခင်တစ်ပတ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက တစ်ပေါင်လျှင် (၂၅၀) ကျပ်၊ ယခင်နှစ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက တစ်ပေါင် လျှင် (၁၇၅၀) ကျပ်ခန့် ဈေးနှုန်းတက်လာခဲ့သည်။ ‌မော်လမြိုင်မြို့မှရန်ကုန်မြို့သို့ သယ်ယူခနှုန်းထားမှာ (50)kg ပါတစ်ထုပ်လျှင် (၂၅၀၀) ကျပ်၊ ရော်ဘာတစ်တန်လျှင် (၅၀၀၀၀) ကျပ် ဖြင့်လည်းကောင်း  မော်လမြိုင်မြို့မှ မန္တလေးမြို့ သို့ (50)kg ပါတစ်ထုပ်လျှင် (၃၆၀၀) ကျပ်၊ ရော်ဘာတစ်တန်လျှင် (၇၂၀၀၀) ကျပ်ဖြင့် သယ်ယူပို့ဆောင်ပေးရကြောင်း ကုန်သည်များ ထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ချောင်းဆုံမြို့နယ်၊ ချောင်းဆုံခြံတန်းကျေးရွာတွင် ပိန်းဥပင်များစိုက်ပျိုးခြင်းဖြင့် တောင်သူများ ဝင်ငွေရရှိ

         ချောင်းဆုံမြို့နယ်သည် တောင်ကုန်းတောင်တန်းများသည့် ကျွန်းမြို့နယ်ဖြစ်သည်။ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည်။ ချောင်းဆုံမြို့နယ်ရှိ ချောင်းဆုံခြံတန်းကျေးရွာတွင် ပိန်းဥစိုက်ပျိုးခြင်းဖြင့် တောင်သူများဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။

            ပိန်းဥပင်မျိုးမှာ ဗမာမျိုးဖြစ်ပြီး ပိန်းဥပင်ကို တန်ခူးလတွင် စတင်စိုက်ပျိုးကြပြီး တော်သလင်းလတွင် ပိန်းဥများကိုတူးဖော်ရောင်းချကြသည်။ စတင်စိုက်ပျိုးစဉ်မှ ပိန်းဥ ဥပြီး ရောင်းချချိန်အထိ အပင်သက်တမ်း (၅) လအချိန်ကြာမြင့်ကြောင်း သိရသည်။ ပိန်းဥဈေးနှုန်းမှာ တစ်ပိဿာလျှင် (၇၀၀၀) ကျပ်ဖြင့်ရောင်းချကြပြီး ချောင်းဆုံမြို့နယ် မြို့မဈေးနှင့် ကျေးရွာများရှိဈေးများတွင် ရောင်းချလျက်ရှိကြောင်း သိရသည်။ ပိန်းဥပင်တစ်ဧကစိုက်ပျိုးလျှင် ပိဿာချိန် (၂၅) ပိဿာထွက်ရှိကြောင်း သိရသည်။ ပိန်းဥပင် တစ်ဧကစိုက်လျှင် ကုန်ကျစရိတ်အနေဖြင့် သိန်း (၂၀) ကုန်ကျပြီး အကျိုးအမြတ်အနေဖြင့် (၁၀) သိန်းကျပ်ရရှိကြောင်း သိရသည်။ ပိန်းဥဈေးကွက်သည် နှစ်စဉ်ကောင်းမွန်နေသည့်အတွက် ပိန်းဥပင်သည် တောင်သူများအတွက် ရွေးချယ်စိုက်ပျိုးသင့်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း ကိုယ်တိုင်စိုက်ပျိုးသူများထံမှ သိရှိရပါသည်။

DOCA(မွန်)

ကန့်ဘလူမြို့နယ်၏ မတ်ပဲဈေးနှုန်း၊ ဈေးကွက်အခြေအနေ

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့် ဆီထွက်သီးနှံများအပြင် ပဲမျိုးစုံကိုလည်း စိုက်ပျိုးကြောင်းသိရသည်။ ယခုအခါ မတ်ပဲသီးနှံများ ဈေးကွက်အတွင်းဝင်ရောက်လျက်ရှိပြီး အောက်တိုဘာစတုတ္ထပတ်အတွင်း ဈေးနှုန်းများမှာ မတ်ပဲထွက်တိုးတစ်တင်းလျှင် (၁၀၂၀၀၀)ကျပ်၊ မတ်ပဲ(ဂျပန်)တစ်တင်းလျှင် (၉၈၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသောမတ်ပဲများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

             မတ်ပဲသီးနှံများသည် ကန့်ဘလူမြို့နယ်အတွင်းရှိကျေးရွာများမှ အဓိကဝင်ရောက်လျက်ရှိပြီး အောက်တိုဘာလဒုတိယပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း မတ်ပဲထွက်တိုးတစ်တင်းလျှင်ငွေကျပ်(၅၀၀၀)၊ မတ်ပဲ(ဂျပန်)တစ်တင်းလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ ဖြစ်ပေါ်နေသော ပဲတီစိမ်းဈေးနှုန်း၊ ဈေးကွက်အခြေအနေ

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ရာ ကန့်ဘလူမြို့နယ်အတွင်းရှိ ထန်းကုန်းကျေးရွာ၊ မိုးကောင်းကျေးရွာနှင့် အခြားသောကျေးရွာများတွင် ပဲတီစိမ်းသီးနှံကို စိုက်ပျိုးကြကြောင်း၊ ယခုအခါ ပဲတီစိမ်းသီးနှံများ ဈေးကွက်အတွင်းဝင်ရောက်လျက်ရှိပြီး အောက်တိုဘာလ စတုတ္ထပတ်အတွင်း ပဲတီစိမ်းရိုးရိုးတစ်တင်းလျှင် (၈၀၀၀၀)ကျပ်၊ ပဲတီစိမ်းထွက်တိုး အလုံးလှတစ်တင်းလျှင် (၈၄၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပဲတီစိမ်းမှာ အလုံးလှပြီးအကွဲအနာကင်းလျှင် ဈေးနှုန်းပိုမိုရရှိကြောင်းနှင့် ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသောပဲတီစိမ်းများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချလျက်ရှိသည်။

           အောက်တိုဘာလ ဒုတိယပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုလစတုတ္ထပတ်အတွင်း ပဲတီစိမ်းရိုးရိုးတစ်တင်းလျှင် (၅၀၀၀)ကျပ်၊ ပဲတီစိမ်းထွက်တိုး တစ်တင်းလျှင် (၄၀၀၀)ကျပ် မြင့်တက်လာကြောင်း သီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၏ အစေ့ထုတ်ပြောင်း ဈေးနှုန်း၊ဈေးကွက်အခြေအနေ

              မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်သည်နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည်လဲ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည်။ ယခုအခါ ကန့်ဘလူခရိုင်၏ အဓိကစိုက်ပျိုးသီးနှံတစ်ခုဖြစ်သည့် အစေ့ထုတ်ပြောင်းများ ဈေးကွက်အတွင်းဝင်ရောက်လျက်ရှိကြောင်းသိရသည်။

             အစေ့ထုတ်ပြောင်းကို မေလကုန်တွင်စတင်စိုက်ပျိုးပြီး စက်တင်ဘာလဆန်းမှစ၍ ရိတ်သိမ်းရကြောင်း၊ စိုက်ပျိုးရာတွင် မျိုးအနေဖြင့် C.P.808 နှင့် C.P.888 မျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ အောက်တိုဘာလစတုတ္ထပတ်အတွင်း အစေ့ထုတ်ပြောင်း(၁)တင်းလျှင် ငွေကျပ် ၁၈၀၀၀ ဖြင့်ရောင်းဝယ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ရွှေဘိုမြို့၊ မန္တလေးမြို့များရှိပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ အစေ့ထုတ်ပြောင်းဈေးနှုန်းများသည် ယခင်ပတ်ထက် (၁)တင်းလျှင် ငွေကျပ်၂၀၀၀ ကျဆင်းသော်လည်း ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၌ နေကြာသီးနှံဈေးနှုန်းမြင့်တက်၍ စိုက်ပျိုးသူများအဆင်ပြေလျက်ရှိ

              မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်သည်နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည်လဲ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည်။ ယခုအခါ ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ နေကြာသီးနှံကိုလည်း စိုက်ပျိုးကြကြောင်း သိရသည်။

           မိုးနေကြာသီးနှံကို ဇွန်လတွင်စတင်စိုက်ပျိုးပြီး စက်တင်ဘာလတွင် ရိတ်သိမ်းရကြောင်း၊ စိုက်ပျိုးရာတွင် မျိုးအနေဖြင့် ဆင်းရွှေကြာ-၂ မျိုးများကို အများဆုံးစိုက်ပျိုးကြပြီး၊ မြေအနေအထားနှင့် အပင်ပြုစုခြင်းအပေါ်မူတည်၍ အထွက်နှုန်းများကွာခြားမှုရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် အောက်တိုဘာလစတုတ္ထပတ်တွင် နေကြာတစ်တင်းလျှင် ငွေကျပ် ၇၀၀၀၀ ဖြင့် ရောင်းဝယ်လျက်ရှိ ကြောင်းသိရသည်။

           ဈေးကွက်အနေဖြင့် နေကြာသီးနှံများကို ကန့်ဘလူမြို့၊ ဇီးကုန်းမြို့ပေါ်ရှိပွဲရုံများသို့ ရောင်းချကြပြီး ပွဲရုံများမှ ရွှေဘိုမြို့၊ မန္တလေးမြို့များရှိပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း၊ ယခုပတ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော နေကြာသီးနှံဈေးနှုန်းများသည် ယခုလတတိယပတ်ထက် တစ်တင်းလျှင် ၂၀၀၀၀ ခန့်မြင့်တက်လာသောကြောင့် စိုက်ပျိုးသူများအနေဖြင့် ထိုက်သင့်သည့်အကျိုးအမြတ်များရရှိကာ အဆင်ပြေလျက်ရှိကြောင်း တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၏ နှမ်းဈေးနှုန်း၊ ဈေးကွက်အခြေအနေ

            မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့်နိုင်ငံဖြစ်သည်နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည်လဲ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည်။ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံဖြစ်သည့် နှမ်းသီးနှံကိုလည်း စိုက်ပျိုးကြကြောင်းသိရသည်။

          ယခုအခါ နှမ်းများဈေးကွက်အတွင်းဝင်ရောက်လျက်ရှိပြီး ကန့်ဘလူခရိုင်၌ ဖြစ်ပေါ်နေသော နှမ်းဈေးနှုန်းများမှာ အောက်တိုဘာလစတုတ္ထပတ်တွင် နှမ်းနက်(စမုံ)တစ်တင်းလျှင် ၂၂၂၀၀၀ ကျပ်၊ နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင် ၁၅၂၀၀၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသောနှမ်းများကို မန္တလေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

           ယခုပတ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော နှမ်းဈေးနှုန်းများသည် ယခင်ဒုတိယပတ်ထက် နှမ်းနက်(စမုံ)တစ်တင်းလျှင် ၂၀၀၀ ကျပ်၊ နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင် ၂၄၀၀၀ ကျပ်ခန့်  ဈေးနှုန်းမြင့်တက်လာသောကြောင့် စိုက်ပျိုးသူများအနေဖြင့် ထိုက်သင့်သည့်အကျိုးအမြတ်များရရှိကြောင်း နှမ်းစိုက်တောင်သူတစ်ဦးထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း