ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ချင်းတက်အစိုဈေးနိမ့်နေသော်လည်း ချင်းခြောက်ဈေးကောင်းရနေ

              ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်းတယ၊ ရွာငံ၊ ကလော၊ ပင်လောင်း ဒေသစုံမှာ စိုက်ပျိုးထား သော ချင်းသီးနှံများစတင်ထွက်ပေါ်လျက်ရှိပါသည်။ စိုက်ပျိုးထုတ်လုပ်သောချင်းသီးနှံမှာ ယခင်နှစ် ကာလတိုနှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက အနည်းငယ်လျော့နည်းနေပြီး ချင်းအညံ့တစ်ပိဿာ(၁၅၀၀-၁၆၀၀)ကျပ် ဈေးမှချင်းအခက်ကြီးတစ်ပိဿာ (၃၀၀၀-၃၅၀၀)ကျပ် ဖြင့်လက်ရှိဈေးပေါက်နေပါသည်။ ယခင်လနှင့်နှိုင်းယှဉ်ပါက ဈေးအနည်းငယ်တက်လာသော်လည်း ချင်းစတင်ပေါ်စအချိန်ဖြစ်၍ ချင်းအဝင်နည်းနေပြီး အရောင်းအဝယ်အေးနေပါသည်။ ချင်းခြောက်ဈေး ယခင်နှစ်ကာလတိုနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းကောင်းလျက်ရှိပြီး (ဒါလီးခြောက်)တစ်ပိဿာ(၁၆၀၀၀-၁၇၀၀၀)ကျပ်နှင့်ရိုးရိုးချင်း ခြောက်တစ်ပိဿာ (၉၀၀၀-၁၀၀၀၀)ကျပ် ပေါက်နေကြောင်း ဈေးကွက်အတွင်းမှလေ့လာ သိရှိရပါသည်။ ပြည်ပသို့ပင်လယ်ရေကြောင်းမှ တင်ပို့မှုရှိသော်လည်း ပြည်ပဝယ်လိုအားဖြင့်တက်လာမှသာ လက်ရှိပေါက်ဈေးထက် မြင့်တက်လာနိုင်မည်ဖြစ်ပါကြောင်း လေ့လာသုံးသပ်ရေးသား တင်ပြအပ်ပါသည်။

DOCA(ရှမ်း)

ကန့်ဘလူမြို့၌ ဖြစ်ပေါ်နေသော စပျစ်သီးဈေးနှုန်း/ ဈေးကွက်အခြေအနေ

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ ဇီးချိုသီး၊ ပဲစိမ်းစားဥ နှင့် ဖရဲသီးများကို  မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ ယခင် ဇန်နဝါရီလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ စပျစ်သီးဈေးနှုန်းများမှာ စပျစ်သီး တစ်ပိဿာလျှင်(၂၃၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၆၀၀၀)ကျပ်၊ ၁၀ကျပ်သား လျှင်(၂၅၀၀)ကျပ်ဈေးနှုန်းအသီးသီးဖြင့် ‌အရောင်းအဝယ် ဖြစ်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ယခု ဇန်နဝါရီလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ စပျစ်သီး ဈေးနှုန်းများမှာ စပျစ်သီး တစ်ပိဿာလျှင်(၂၃၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၆၀၀၀)ကျပ်၊ ၁၀ကျပ်သား လျှင်(၂၅၀၀)ကျပ် နှင့် ရက်ကြာ၍ အနည်းငယ်ညှိုးနွမ်းနေသော စပျစ်သီး တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ ၂၅ကျပ်သား လျှင်(၅၀၀၀)ကျပ်၊ ၁၀ကျပ်သား လျှင်(၂၀၀၀)ကျပ် ဈေးနှုန်းအသီးသီးဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိကာ ယခင်အပတ်ဖြင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက စပျစ်သီးဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၏ မြေပဲလုံးဆံနှင့်မြေပဲအတောင့် ဈေးနှုန်းအခြေအနေ

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြောင်း၊ မြေပဲလုံးဆံနှင့် မြေပဲအတောင့်များကို မြေပဲစိုက်ပျိုးရာ၌လည်းကောင်း၊ ဆီစက်လုပ်ငန်းရှင်အချို့မှ မြေပဲလုံးဆံများကို မြေပဲဆီကြိတ်ကာ ကုန်ချောထုတ်လုပ်၍ ပြန်လည်ရောင်းချကြောင်း၊ မြေပဲလုံးဆံကို မြေပဲယိုပြုလုပ်ခြင်း၊ အစားအသောက်များနှင့်တွဲဖက်စားသုံးခြင်းတို့ကို ပြုလုပ်ကြကြောင်း၊ ကန့်ဘလူခရိုင်တွင် အရောင်းအဝယ်ဖြစ်နေသည့် မြေပဲလုံးဆံနှင့် မြေပဲအတောင့်များသည် ဒေသတွင်းမှလည်းထွက်ရှိကြောင်း၊ မန္တလေးမြို့နှင့်ရွှေဘိုမြို့များမှလည်း ပြန်လည်ဝင်ရောက်ကြောင်း သိရသည်။

              ကန့်ဘလူခရိုင်တွင် ဇန်နဝါရီလဒုတိယပတ်အတွင်း မြေပဲအတောင့်(၁)တင်းလျှင် ငွေကျပ် (၃၃၀၀၀)နှင့် မြေပဲလုံးဆံ(၁)တင်းလျှင် ငွေကျပ်(၁၂၈၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ တတိယပတ်အတွင်း မြေပဲအတောင့်(၁)တင်းလျှင်(၃၅၀၀၀)ကျပ်နှင့် မြေပဲလုံးဆံ(၁)တင်းလျှင် (၁၃၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသောကြောင့် မြေမဲလုံးဆံဈေးနှင့် မြေပဲအတောင့်  ဈေးများအနည်းငယ်မြင့်တက်လာကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်တွင် နှမ်းနက်၊နှမ်းဖြူဈေးနှုန်းများ အနည်းငယ်ကျဆင်း

          မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်သည် နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည်လဲ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည်။ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံဖြစ်သည့် နှမ်းသီးနှံကိုလည်းစိုက်ပျိုးကြ ကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသော နှမ်းများကို မန္တလေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

             ယခုအခါ နှမ်းများဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိပြီး နှမ်းဈေးနှုန်းမှာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလဒုတိယပတ်တွင် နှမ်းနက်(စမုံ)တစ်တင်းလျှင် (၂၂၀၀၀၀) ကျပ်၊ နှမ်းဖြူ(ဂျပန်)တစ်တင်း လျှင် (၁၂၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခုလတတိယပတ်အတွင်း နှမ်းနက် (စမုံ)တစ်တင်းလျှင် (၂၁၀၀၀၀)ကျပ်၊ နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင် (၁၁၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေသောကြောင့် ယခုပတ်အတွင်း နှမ်းနက်(စမုံ)တစ်တင်းလျှင်(၁၀၀၀၀)ကျပ်၊ နှမ်းဖြူ (ဂျပန်)တစ်တင်းလျှင်(၈၀၀၀)ကျပ် အသီးသီးကျဆင်းသွားကြောင်း သီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၌ နေကြာသီးနှံများ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၌ ဆီထွက်သီးနှံဖြစ်သည့် နေကြာသီးနှံများလည်း စိုက်ပျိုးကြကြောင်း၊ မိုးစိုက်နေကြာနှင့် ဆောင်းစိုက်နေကြာဟူ၍(၂)မျိုးရှိကြောင်း ဆောင်းနေကြာကို ရာသီဥတုပေါ်မူတည်၍ အောက်တိုဘာလတွင် စတင်စိုက်ပျိုးကြပြီး ဖေဖော်ဝါရီလတွင် ရိတ်သိမ်းရကြောင်း၊ ဈေးကွက်အနေဖြင့် နေကြာသီးနှံများကို ကန့်ဘလူမြို့နှင့်ဇီးကုန်းမြို့တို့ရှိ ပွဲရုံများမှ ရွှေဘိုမြို့၊ မန္တလေးမြို့များရှိပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သိရသည်။

             နေကြာသီးနှံစိုက်ပျိုးရာတွင် မျိုးအနေဖြင့် ဆင်းရွှေကြာ-၂ မျိုးများကို အများဆုံးစိုက်ပျိုးကြပြီး၊ မြေအနေအထားနှင့် အပင်ပြုစုခြင်းအပေါ်မူတည်၍ အထွက်နှုန်းများကွာခြားမှုရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ဇန်နဝါရီလဒုတိယပတ်အတွင်း နေကြာတစ်တင်းလျှင် ငွေကျပ် ၆၅၀၀၀ ပေါက်ဈေးရှိခဲ့ရာ ယခုလတတိယပတ်အတွင်း နေကြာတစ်တင်းလျှင် ငွေကျပ် ၆၂၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသောကြောင့် ဆီနေကြာ(၁)တင်းလျှင် ၃၀၀၀ ကျပ်ဈေးကျသွားကြောင်း ပွဲရုံလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်တွင်ဖြစ်ပေါ်နေသော ကုလားပဲဈေးနှုန်း အခြေအနေ

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး မိုးသီးနှံ၊ ဆောင်းသီးနှံများအပြင် သီးထပ် သီးညှပ်များလည်း စိုက်ပျိုးကြကြောင်း၊ ပြည်တွင်းစားသုံးမှုရှိသလို ပြည်ပပို့ကုန်လည်းဖြစ်သည့် ကုလားပဲသီးနှံများကိုလည်း စိုက်ပျိုးကြောင်း သိရသည်။

        ကန့်ဘလူမြို့နယ်တွင် ကုလားပဲသီးနှံကို ဒီဇင်ဘာလကုန်တွင်စတင်စိုက်ပျိုးပြီး မတ်လနှင့် ဧပြီလများတွင် ရိတ်သိမ်းရကြောင်း၊ ကုလားပဲသီးနှံမျိုးမှာ ထိုင်ဝမ်မျိုး၊ (929)မျိုးနှင့် (V2)မျိုးဟူ၍ (၃)မျိုးရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ဇန်နဝါရီလဒုတိယပတ်အတွင်း ကုလားပဲထိုင်ဝမ်(၁)တင်းလျှင် ငွေကျပ်(၈၃၀၀၀)၊ ကုလားပဲ(929)(၁)တင်းလျှင်ငွေကျပ်(၈၇၀၀၀)နှင့် ကုလားပဲ(V2)(၁)တင်းလျှင် ငွေကျပ်(၉၀၀၀၀)ဖြင့် အရောင်းဝယ်ဖြစ်ခဲ့ကြောင်း၊ ယခုလတတိယပတ်တွင် ကုလားပဲထိုင်ဝမ်(၁) တင်းလျှင် ငွေကျပ်(၇၇၀၀၀)၊ ကုလားပဲ(929)(၁)တင်းလျှင်ငွေကျပ်(၈၀၀၀၀)နှင့် ကုလားပဲ(V2) (၁)တင်းလျှင် ငွေကျပ်(၈၃၀၀၀)ဖြင့်ရောင်းဝယ်လျက်ရှိရာ ကုလားပဲထိုင်ဝမ်(၁)တင်းလျှင်(၆၀၀၀) ကျပ်၊ ကုလားပဲ(929)(၁)တင်းလျှင်ငွေကျပ်(၇၀၀၀) နှင့် ကုလားပဲ(V2)(၁)တင်းလျှင် (၇၀၀၀)ကျပ် ကျဆင်းသွားကြောင်း ဒေသတွင်းသီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၌ အရောင်းအဝယ်ဖြစ်နေသော ပဲစဉ်းငုံဈေးနှုန်း အခြေအနေ

          မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်သည်နှင့် အညီ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည်လဲ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ကြောင်း သိရသည်။

           ပဲစဉ်းငုံသီးနှံသည် ကန့်ဘလူခရိုင်၏ အဓိကစိုက်ပျိုးသီးနှံတစ်ခုဖြစ်ကြောင်း၊ ပဲစဉ်းငုံသီးနှံကို ဇူလိုင်လတွင်စတင်စိုက်ပျိုးပြီး ဇန်နဝါရီလတွင် ရိတ်သိမ်းရကြောင်း၊ မြေအနေအထား နှင့်အပင်ပြုစုခြင်းအပေါ်မူတည်၍ အထွက်နှုန်းများကွာခြားမှုရှိကြောင်း၊ ပဲစဉ်းငုံသီးနှံမျိုးမှာ အစေ့အနီရောင်မျိုး နှင့် အစေ့အဖြူရောင်မျိုးဟူ၍(၂)မျိုးရှိပြီး ဈေးနှုန်းအနေဖြင့် ဇန်နဝါရီလဒုတိယပတ်အတွင်း ပဲစဉ်းငုံ နီ(၁)တင်းလျှင်ငွေကျပ် ၉၅၀၀၀ နှင့် ပဲစဉ်းငုံဖြူ(၁)တင်းလျှင် ငွေကျပ် ၈၇၀၀၀ ရှိခဲ့ရာ ယခုလ တတိယပတ်တွင် ပဲစဉ်းငုံနီ(၁)တင်းလျှင် ငွေကျပ် ၈၅၀၀၀နှင့် ပဲစဉ်းငုံဖြူ(၁)တင်းလျှင် ငွေကျပ် ၈၂၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေသောကြောင့် ယခုပတ်အတွင်း ပဲစဉ်းငုံနီ(၁)တင်းလျှင် ၁၀၀၀၀ ကျပ်၊ ပဲစဉ်းငုံဖြူ(၁)တင်းလျှင် ၅၀၀၀ ကျပ်  ကျဆင်းသွားကြောင်း ၊ ဒေသထွက်ပဲစဉ်းငုံများကို ကန့်ဘလူမြို့နှင့်ဇီးကုန်းမြို့တို့ရှိ ပွဲရုံများမှတဆင့် ရွှေဘိုမြို့၊ မန္တလေးမြို့တို့ရှိ ပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း၊ သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ဖြစ်ပေါ်နေသော ပဲတီစိမ်းဈေးနှုန်း၊ ဈေးကွက်အခြေအနေ

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ရာ ကန့်ဘလူမြို့နယ်အတွင်းရှိ ထန်းကုန်းကျေးရွာ၊ မိုးကောင်းကျေးရွာနှင့် အခြားသောကျေးရွာများတွင် ပဲတီစိမ်းသီးနှံကို စိုက်ပျိုးကြကြောင်း၊ ယခုအခါ ပဲတီစိမ်းသီးနှံများ ဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတတိယပတ်အတွင်း ပဲတီစိမ်းရိုးရိုးတစ်တင်းလျှင်(၇၅၀၀၀)ကျပ်၊ ပဲတီစိမ်းထွက်တိုး အလုံးလှတစ်တင်းလျှင် (၇၈၀၀၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပဲတီစိမ်းမှာ အလုံးလှပြီးအကွဲအနာကင်းလျင် ဈေးပိုမိုရရှိကြောင်းနှင့် ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသော ပဲတီစိမ်းများကို မန္တလေးမြို့ရှိ ပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချလျက်ရှိသည်။

        ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလဒုတိယပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုလတတိယပတ်အတွင်း ပဲတီစိမ်းရိုးရိုးတစ်တင်းလျှင်(၅၀၀၀)ကျပ်နှင့် ပဲတီစိမ်းထွက်တိုးတစ်တင်းလျှင် (၇၀၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၏ အစေ့ထုတ်ပြောင်းဈေးနှုန်း၊ ဈေးကွက်အခြေအနေ

           မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်သည်နှင့် အညီ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည်လဲ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည်။ ယခုအခါ ကန့်ဘလူခရိုင်၏ အဓိကစိုက်ပျိုးသီးနှံ  တစ်ခုဖြစ်သည့် အစေ့ထုတ်ပြောင်းများ ဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

           အစေ့ထုတ်ပြောင်းကို မေလကုန်တွင်စတင်စိုက်ပျိုးပြီး စက်တင်ဘာလဆန်းမှစ၍ ရိတ်သိမ်းရကြောင်း၊ စိုက်ပျိုးရာတွင် မျိုးအနေဖြင့် C.P.808 နှင့် C.P.888 မျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတတိယပတ်အတွင်း အစေ့ထုတ်ပြောင်း(၁)တင်းလျှင် ငွေကျပ် (၂၂၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  ယခင်နှစ်ကာလတူဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းမြင့်တက်လာသောကြောင့် စိုက်ပျိုးသူများအဆင်ပြေလျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော မတ်ပဲသီးနှံဈေးနှုန်းအခြေအနေ

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့်ဆီထွက်သီးနှံများအပြင် ပဲမျိုးစုံကိုလည်း စိုက်ပျိုးကြောင်းသိရသည်။ ယခုအခါ မတ်ပဲသီးနှံများ ဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိပြီး ဇန်နဝါရီလတတိယပတ်အတွင်း ဈေးနှုန်းများမှာ မတ်ပဲရိုးရိုးတစ်တင်းလျှင် (၈၁၀၀၀)ကျပ်၊ မတ်ပဲ(မျက်ကွင်းဖြူ) တစ်တင်းလျှင်(၈၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသော မတ်ပဲများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့ ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

          မတ်ပဲသီးနှံများသည် ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများမှ အဓိကဝင်ရောက်လျက်ရှိပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလဒုတိယပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက တတိယပတ်အတွင်း မတ်ပဲဈေးနှုန်း ဆက်လက်ကျဆင်းနေကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း