ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မန္တလေးမြို့၏ အင်းလေးဒေသထွက် ချည်ထည်ဈေးကွက်

     မန္တလေးမြို့တွင် ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးမှထွက်ရှိသည့် ရိုးရာချည်ထည်အထူအပါးများဖြစ်သည့် ကျားဝတ်မျိုးစုံ၊ မဝတ်မျိုးစုံနှင့် ကလေးဝတ်မျိုးစုံတို့ကို အသင့်ချုပ်၍ရောင်းချရာ ၎င်းတို့မှာ လူကြိုက်များသည့် ရိုးရာချည်ထည်များဖြစ်ပါသည်။ အမျိုးသားများအတွက် ဘောင်းဘီရှည်နှင့် ဘောင်းဘီတိုမျိုးစုံ၊ ရှပ်အင်္ကျီလက်တို၊ လက်ရှည်အကွက်၊ အစင်း၊ ပြောင်များမှာ ချုပ်ရိုးချုပ်သားသပ်ရပ်ပြီး ခိုင်ခန့်သည့်အတွက် အကြိုက်များကြပါသည်။ အမျိုးသမီးများအနေဖြင့် လူကြီး၊ လူလတ်ဝတ် ဘောင်းဘီ၊ ဘလောက်အင်္ကျီမျိုးစုံနှင့် နွေရာသီနှင့်ဆောင်းရာသီတို့အတွက် ချည်သားအထူဖြင့်ချုပ်ထားသည့် အပေါ်ဝတ်ချည်ထည်များကို အမျိုးသမီးများကြိုက်နှစ်သက်ကြပါသည်။ ကလေးဝတ်များမှာလည်း ရောင်းအားကောင်းသည့် ကုန်ပစ္စည်းဖြစ်ပါသည်။ ဈေးနှုန်းအနေဖြင့် သင့်တင့်သည့်အတွက် ရောင်းအားကောင်းသည့်အပြင် မန္တလေးတောင်အနီး ကျောက်တော်ကြီးဘုရားကြီးနှင့် မန္တလေးအရှေ့ပြင်ရပ်၊ (၁၆)လမ်း (၁၇) လမ်းကြားတွင် ဆိုင်ခန်းဖွင့်လှစ်၍ ရောင်းချခြင်းဖြစ်သည့်အတွက် ဘုရားဖူးပြည်သူများလည်းဝယ်ယူအားပေးမှုရှိကြောင်း၊ ပြည်ပခရီးသွားများမှာလည်း စိတ်ဝင်စားမှုရှိသည့် ရိုးရာချည်ထည်များကို ဝယ်ယူအားပေးလျက်ရှိကြောင်း၊ မန္တလေးမြို့၏ ရာသီဥတုနှင့်ကိုက်ညီသည့် အင်းလေးရိုးရာချည်ထည်ဈေးနှုန်းများမှာလည်း သင့်တင့်မျှတသည့်အတွက် လူကြိုက်များသည့် ရိုးရာချည်ထည်များဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(မန္တလေး)

ရွှေတောင်မြို့၏ မုန်လာဥ

    ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၊ ကသစ်ကိုင်းအုပ်စု၊ ကသစ်ကိုင်းကျေးရွာရှိတောင်သူ ဦးခင်ဦး၏ မုန်လာဥစိုက်ခင်းသို့ (၁၃.၁၀.၂၀၂၃)ရက်နေ့ နံနက် (၁၀:၀၀)နာရီတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ကွင်းဆင်းလေ့လာခဲ့ပါသည်။

    မုန်လာဥမျိုးများမှ နှင်းဆီမျိုး၊ ဆင်းမုန်လာမျိုးနှင့် ဂျူမုံမျိုးတို့ရှိပြီး ရွှေတောင်မြို့နယ်တွင် စိုက်ပျိုးသည့်မုန်လာမျိုးမှာ နှင်းဆီမျိုးဖြစ်ပြီး စိုက်ပျိုးဧကမှာ တစ်ယောက်စိုက်ကျော်ခန့်ရှိကြောင်း သိရပါသည်။ မုန်လာမျိုးစေ့တစ်ထုပ်ကို စိုက်ပျိုးလျှင် စိုက်ပျိုးမြောင်းအရှည် (၁၉)မြောင်းရှိပါသည်။ ကျင်းတစ်ကျင်းတွင် မျိုးစေ့၆စေ့မှ ၇စေ့ထည့်ပြီး ၆လက်မခန့်ကွာ၍ စိုက်ပျိုးရပါသည်။ ဝါခေါင်လ အတွင်း စတင်စိုက်ပျိုးပြီး တစ်လခွဲအကြာတွင် မုန်လာဥများကို နှုတ်ယူရပါသည်။ မုန်လာဥမှာ ဈေးကောင်းရသောကြောင့် ရေလောင်း၍ အမြဲတမ်းစိုက်ပျိုးကြပါသည်။ ဆောင်းရာသီတွင် ထွက်ရှိ သောမုန်လာဥမှာ အလုံးပိုချောကြောင်း သိရပါသည်။ နှုတ်ယူသည့်အခါ ဖောက်သည် အနည်းအများ ပေါ်မူတည်၍ တစ်ရက်ခြား(သို့) နှစ်ရက်ခြား၍နုတ်ယူကြပါသည်။ တစ်ခါနုတ်လျှင် မုန်လာဥအလုံး ၁၀၀၀ မှ ၁၅၀၀ ထိနှုတ်ယူရရှိပါသည်။ ထွက်ရှိလာသောမုန်လာဥများကို ရွှေတောင်မြို့တွင်းသာမက ပြည်မြို့နှင့် ရန်ကုန်မြို့မှ ပွဲစားများက လာရောက်ဝယ်ယူကြကြောင်း သိရပါသည်။ ဖောက်သည်ဈေးမှာ မုန်လာဥတစ်ဥလျှင် ၈၀ကျပ်နှုန်းဖြင့် ရောင်းချပါသည်။ မုန်လာဥစိုက်ခင်းမှ မုန်လာဥများကို ၁၅ရက်ကြာလျှင် ခူးဆွတ်ရပါသည်။ ပင်ညှပ်မုန်လာပင်များကိုလည်း ချဉ်ဖတ်ထည့်ရန် နုတ်ယူကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

စဉ့်ကိုင်မြို့နယ်၌ သက်သာသောစျေးနှုန်းတို့ဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချလျက်ရှိ

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ မြို့မစျေးအနီး၌ (၂၀-၁၀-၂၀၂၃) ရက်နေ့တွင် စဉ့်ကိုင်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ကဦးဆောင်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၊ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့်ပူးပေါင်း၍ သက်သာသောစျေးနှုန်းများဖြင့် အခြေခံစားသောက်ကုန်များရောင်းချပေးလျက်ရှိပါသည်။ ထိုသို့ရောင်းချရာတွင် ဆန်(၁)ပြည်လျှင် (၃၀၀၀/-)ကျပ်၊ ဆီ(၁)ပိဿာလျှင် (၄၆၉၇/-)ကျပ်၊ ဝက်သား(၁)ပိဿာလျှင် (၁၅၀၀၀/-)ကျပ်၊ အမဲသား (၁)ပိဿာလျှင် (၁၂၀၀၀/-)ကျပ်၊ ဆိတ်သား(၁)ပိဿာလျှင် (၂၀၀၀၀/-)ကျပ်၊ ငါး(၁)ပိဿာလျှင်(၆၀၀၀/-)ကျပ်နှင့် ကြက်ဥ(၁)လုံးလျှင် (၂၅၀/-)ကျပ်စျေးနှုန်းတို့ဖြင့် စားသုံးသူပြည်သူများအား ရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

တံတားဦးမြို့နယ်၏ ခေါင်းကွဲသံသေတ္တာစျေးနှုန်းစျေးကွက်အခြေအနေ

        မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ခေါင်းကွဲကျေးရွာမှ သံသေတ္တာပြုလုပ်လျက်ရှိ သောလုပ်ငန်းရှင် ဦးတင့်ဝေနှင့်တွေ့ဆုံ၍ သံသေတ္တာပြုလုပ်သည့်အကြောင်းအရာများကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။ သံသေတ္တာကို ၂၀၁၀ခုနှစ်မှစတင်ပြုလုပ်ခဲ့ပြီး ယနေ့အချိန်ထိ ပြလုပ်နေဆဲဖြစ် ကြောင်း၊ သံသေတ္တာပြုလုပ်သည့် သက်တမ်းကာလမှာ (၁၅-၁၆) နှစ်ရှိပြီဖြစ်ကြောင်း၊ သံသေတ္တာပြုလုပ်ရန်အတွက် အဓိကကုန်ကြမ်းကို လွန်ခဲ့သော(၂၀၁၅-၂၀၁၆) ခုနှစ်တွင် မြဝတီဘက်မှ တွဲကားများဖြင့် သံပြားတစ်ထုပ် ( ၁.၅-၂ )တန်သံပြားများ မှာယူအသုံးပြုခဲ့ရပါသည်။ ယခုအခါ လမ်းပန်းဆက်သွယ်ရေးမကောင်း၍ အချိန်ကြန့်ကြာသောကြောင့် ယခုလက်ရှိ မန္တလေးမြို့၊ နယူးလိုက်သွပ်ပြားဆိုင်မှ ဝယ်ယူအသုံးပြုရပါသည်။ သံသေတ္တာပြုလုပ်ရန် လုပ်သားအနေဖြင့် ယခင်တွင် (၄-၅)ဦးငှားရမ်းအသုံးပြုခဲ့ရသော်လည်း ယခုအခါ လုပ်သား(၂)ဦးဖြင့် တစ်နိုင်တစ်ပိုင်ပြုလုပ်ဆောင်ရွက်နေဆဲဖြစ်ပါသည်။ လုပ်သား(၁)ဦးမှာ တစ်နေ့လျှင် သံသေတ္တာ(၅)လုံးပြီးစီးအောင်ပြုလုပ်နိုင်ပြီး လုပ်သားခအနေဖြင့် သံသေတ္တာ(၁)လုံးလျှင် (၄၀၀၀/-)ကျပ်နှုန်းဖြင့် ပုတ်ပြတ်ပေးလျက်ရှိပါသည်။ သံသေတ္တာအမျိုးအစား(၂)မျိုးရှိပါသည်။ ပထမတန်းဝင် အမျိုးအစားမှာ အထူစားဖြစ်ပြီး အထူစား(၃)မျိုးထပ်မံခွဲခြားထားပါသည်။ သံသေတ္တာအထူ ပထမတန်းစားမှာ ဆိုဒ်အနေဖြင့် အလျား ၃၃လက်မ၊ အနံ ၁၈လက်မ၊ ဒေါက်အဖုံးပါ ၁၃လက်မရှိပြီး ဒုတိယတန်းစားမှာ ဆိုဒ်အနေဖြင့် အလျား ၃၀လက်မ၊ အနံ ၁၆လက်မ၊ ဒေါက်အဖုံးပါ ၁၁လက်မနှင့် တတိယတန်းစားမှာ ဆိုဒ်အနေဖြင့် အလျား ၂၇လက်မ၊ အနံ ၁၄လက်မ၊ ဒေါက်အဖုံးပါ ၁၀လက်မရှိပါသည်။ ပထမတန်းစား သံသေတ္တာတစ်လုံးလျှင် (၃၈၀၀၀/-)ကျပ်၊ ဒုတိယတန်းစား သံသေတ္တာတစ်လုံးလျှင် (၃၅၀၀၀/-)ကျပ်၊ တတိယတန်းစား သံသေတ္တာတစ်လုံးလျှင် (၂၅၀၀၀/-)ကျပ်စျေးနှုန်းတို့ဖြင့် ဖောက်သည်ပေးရောင်းရကြောင်း၊ ဒုတိယအမျိုးအစားမှာ အပါးဖြစ်ပြီး အပါး(၃)မျိုးထပ်မံခွဲ၍ရောင်းချရပါသည်။ သံသေတ္တာအပါး ပထမတန်းစားမှာ ဆိုဒ်အနေဖြင့် အလျား ၃၃လက်မ၊ အနံ ၁၈လက်မ၊ ဒေါက်အဖုံးပါ ၁၃လက်မရှိပြီး ဒုတိယတန်းစားမှာ ဆိုဒ်အနေဖြင့် အလျား ၃၀လက်မ၊ အနံ ၁၆လက်မ၊ ဒေါက်အဖုံးပါ ၁၁လက်မနှင့် တတိယတန်းစားမှာ ဆိုဒ်အနေဖြင့် အလျား ၂၇လက်မ၊ အနံ ၁၄လက်မ ၊ ဒေါက်အဖုံးပါ ၁၀လက်မရှိပါသည်။ ပထမတန်းစား သံသေတ္တာတစ်လုံး လျှင် (၂၇၅၀၀/-) ကျပ်၊ ဒုတိယတန်းစား သံသေတ္တာတစ်လုံးလျှင် (၁၆၀၀၀/-)ကျပ်၊ တတိယတန်းစား သံသေတ္တာတစ်လုံးလျှင် (၁၃၅၀၀/-)ကျပ်စျေးနှုန်းတို့ဖြင့် ဖောက်သည်များအား ရောင်းချပေးလျက်ရှိကြောင်း၊ စျေးကွက်အနေဖြင့် ယခု၂၀၂၃ခုနှစ်၊ အောက်တိုဘာလတွင် ရွှေဘိုမြို့နယ်၊ မတ္တရာမြို့နယ်များသို့ ရောင်းချပေးနေရကြောင်း၊  အကျိုးအမြတ်အနေဖြင့် သံသေတ္တာတစ်လုံးလျှင် (၂၅၀၀-၃၀၀၀) ကျပ်အမြတ်ရရှိပါကြောင်း သံသေတ္တာပြုလုပ်သည့် လုပ်ငန်းရှင်၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

                            

ပေါက်ခေါင်းမြို့နယ်၏ ငရုတ်စိုစိုက်ပျိုးထွက်ရှိမှု အခြေအနေ

   ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ် ၂၀၂၃ ခုနှစ်တွင် မိုးငရုတ်စို စိုက်ဧကမှာ ၁၈၀ ကျော်ရှိပြီး စိုက်ပျိုးသည့်မျိုးများမှာ ကျောက်စိမ်းငရုတ်သီး၊ အာမိုငရုတ်သီးနှင့် ကရင်မ(ခေါ်) တောင်ပေါ်ငရုတ်သီးမျိုးတို့ကို စိုက်ပျိုးကြောင်း သိရပါသည်။ ငရုတ်သီးစိမ်းကို မိုးရာသီတွင် စိုက်ပျိုးကြသလို ဆောင်းရာသီတွင်လည်း စိုက်ပျိုးကြပါသည်။ ပေါက်ခေါင်းမြို့နယ်အနေဖြင့် ငရုတ်စိုကို အများဆုံးစိုက်ပျိုးကြပြီး ထွက်ရှိလာသောငရုတ်သီးစိမ်းများကို နယ်စုံသို့ တင်ပို့ရောင်းချကြသလို ပြည်မြို့သို့လည်းတင်ပို့ရောင်းချပြီး ထိုမှတစ်ဆင့်ရန်ကုန်မြို့သို့လည်း တင်ပို့ရောင်းချကြောင်း သိရပါသည်။ ငရုတ်သီးစိမ်းပေါ်ခါစတွင် ရောင်းချသောဈေးနှုန်းများမှာ အာမိုတစ်ပိဿာလျှင် ၁၂၀၀ ကျပ်၊ ကျောက်စိမ်းသီးတစ်ပိဿာလျှင် ၁၅၀၀ကျပ်၊ တောင်ပေါ်ကရင်မ ငရုတ်သီး တစ်ပိဿာလျှင် ၄၅၀၀ကျပ်ဖြင့် ရောင်းချကြပါသည်။ ယခုအောက်တိုဘာလကုန်ပတ်တွင် အာမို တစ်ပိဿာလျှင် ၂၀၀၀ကျပ်၊ ကျောက်စိမ်းတစ်ပိဿာလျှင် ၂၃၀၀ကျပ်နှင့် တောင်ပေါ်ငရုတ် တစ်ပိဿာလျှင် ၅၀၀၀ကျပ်အထိ ဈေးမြင့်တက်သွားကြောင်း သိရပါသည်။

DOCA(ပဲခူး)

ပေါ်ဦးပေါ်ဖျား ပြည်ခရမ်းမီးအုန်းသီး

    ပြည်မြို့ပေါ်ဈေးများသို့ ၂၀၂၃ခုနှစ်၊အောက်တိုဘာ ဒုတိယပတ်မှ စတင်ပြီး ခရမ်းမီးအုန်းသီးများ စတင်ဝင်ရောက်မှုရှိလာပြီး ခရမ်းမီးအုန်းအဖြူသီးများသာ ဈေးကွက်အတွင်း ရောင်းချမှုရှိနေကြကြောင်း သိရပါသည်။ မြန်မာနိုင်ငံရာသီဥတုအနေဖြင့် ခရမ်းသီးပင်များအတွက် သင့်တော်သောရာသီဥတုရှိပြီး နေရာဒေသအနှံ့အပြား စိုက်ပျိုးလျက်ရှိရာ ယခုထွက်ရှိသော ခရမ်းသီးမီးအုန်းသီးမှာ ပြည်မြို့နယ်၊ တောင်ခွေးရဲအုပ်စုနှင့် ပေါင်းတလည်၊ ပုတီးကုန်း၊ သဲကုန်းဘက်တို့မှ ဝင်ရောက်မှုရှိကြောင်း သိရပါသည်။ ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် တစ်ပတ်လျှင် အလုံး (၃၀)ခန့်သာ ဝင်ရောက်မှုရှိပြီး ပေါ်ခါစဖြစ်သောကြောင့် အဝယ်လိုက်နေကြောင်း သိရပါသည်။

  ခရမ်းသီးမီးအုန်းအဖြူသီးများတွင် ဗီတာမင် အမျှင်ဓါတ်များပါဝင်သည်။ အဆီဓါတ်မပါဝင်သည့်အတွက် ကိုယ်အလေးချိန်ကျချင်သူများအတွက် အသုံးဝင်၍ အချို့လေရောဂါအခံရှိသူများ အများအပြားစားသုံးပါက အစာမကြေ လေထိုးလေအောင့်ဖြစ်တတ်ကြောင်း သိရပါသည်။ ခရမ်းသီး မီးအုန်းအဖြူသီးကို အတွင်းသားများအထဲပါနှပ်အောင် မီးအေးအေးဖြင့် မီးအုန်းကာ ကြက်သွန်နီ၊ နံနံပင်၊ နှမ်း၊ ဆီ၊ ဆား၊ အချိုမှုန့်တို့ဖြင့် ရောနှယ်ပြီးသုပ်၍ စားကြပါသည်။ ခရမ်းသီးမီးအုန်းကို ကြက်ဥ၊ ဘဲဥတို့ဖြင့်လည်း ကြော်စားကြပါသည်။

  ပြည်မြို့ပေါ်ဈေးများတွင် ခရမ်းဖြူသီးတစ်လုံးလျှင် ပေါ်ဦးပေါ်ဖျားဖြစ်၍ တစ်လုံးလျှင် (၈၀၀)မှ (၁၀၀၀)ကျပ်အထိ ရောင်းချကြပြီး လှိုင်လှိုင်ပေါ်ချိန်တွင် တစ်လုံးလျှင် (၄၀၀)ကျပ်မှ (၅၀၀)ကျပ်သာ ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

ကျောက်ဆည်ခရိုင်၌ ပဲစင်းငုံ(မိုးဦး)များ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

     မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၌ (၂၀၂၂-၂၀၂၃)ဘဏ္ဍာနှစ်တွင် ပဲစင်းငုံ(မိုးဦး)စိုက်ဧက (၁၅၅၂)ဧကစိုက်ပျိုးထားရှိပြီး ကျောက်ဆည်မြို့နယ်တွင် (၈၆၇)ဧက၊ မြစ်သားမြို့နယ်တွင် (၆၈၅)ဧကစိုက်ပျိုးထားကြောင်း ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာ၏ စာရင်းများအရသိရှိရပါသည်။ ပဲစင်းငုံကို သီးသန့်စိုက်ပျိုးမှုများရှိသည့်အပြင် သီးထပ်သီးညှပ်အဖြစ်စိုက်ပျိုးမှုများလည်းရှိသည်။ တစ်ဧကလျှင် ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၂၀၀၀၀၀)ကျပ်ခန့်ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် (၁၀-၁၁) တင်းခန့်ထွက်ရှိကြောင်း၊ ယခင်နှစ်တွင် ပဲစင်းငုံတစ်တင်းလျှင် (၄၁၅၀၀)ကျပ်ဈေးနှုန်းတို့းရှိခဲ့ပြီး ယခုလက်ရှိပေါက်ဈေးအနေဖြင့် (၁၀၀၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ ပဲစင်းငုံကို ပဲဟင်း၊ ပဲကြော်၊ ပဲစင်းငုံအသီးကို အစိမ်းပြုတ်၍စားသုံးကြပါသည်။ ပဲစင်းငုံကိုစားသုံးခြင်းဖြင့် ပန်းနာရင်ကြပ်ရောဂါများကို လည်းပျောက်ကင်းစေသည့်အပြင် သွေးအားနည်းရောဂါကိုကာကွယ်ပေးပြီး သွေးတိုးကိုကျစေကာ ကိုယ်ခံအားစနစ်ကိုပါကောင်းမွန်စေသည်။ ပဲစင်းငုံကိုစားသုံးခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများရရှိသဖြင့် စားသုံးသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)

                            

ပြည်သရက်ကင်းဈေးကွက်

    ပြည်ဈေးကွက်အတွင်း သရက်ကင်းများ စက်တင်ဘာလက စတင်ဝင်ရောက်ခဲ့ပြီး ယခုအောက်တိုဘာလတွင် ပြည်မြို့ပေါ်ဈေးများတွင် လှိုင်လှိုင်ဝင်ရောက်မှုရှိပါကြောင်း သိရပါသည်။ သရက်ကင်းကို ပြည်မြို့ပေါ် အနီးတစ်ဝိုက်ရှိ မှော်ဇာ၊ မြို့သစ်၊ ကင်းပွန်းခြုံ၊ ဇီးအုပ်၊ နတ်တလင်းစသည့် ကျေးရွာရပ်ကွက်များနှင့် ပြည်မြို့၊ အနောက်ဘက်ကမ်းရှိ ရွှေဘုံသာ၊ စစ်တဝင်း၊ ညောင်ပင်သာ၊ သစ်စိမ့်ပင်စသည့်ကျေးရွာများတွင် တပိုင်တနိုင် စိုက်ပျိုးလျက် ပြည်မြို့ပေါ် ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရပါသည်။ သရက်ကင်းကို သရက်ကင်း အချဉ်အဖြစ် အများဆုံးစားသုံးကြပြီး ချဉ်ဖတ်ရောင်းသော ဆိုင်များမှ အများဆုံးဝယ်လိုအားရှိကြောင်း သိရပါသည်။ သရက်ကင်းကို ချဉ်ဖတ်အပြင်း သံပုရာရည် ညှစ်ဆမ်းကာ စားသုံးကြသလို ရိုးရိုးတို့စရာအဖြစ်လည်း စားသုံးကြပြီး အချို့ဒေသများတွင် ပါးပါးလှီးကာ ငါးကင်၊ ပုစွန်ဆိတ်တို့ဖြင့် သုပ်စားလေ့ရှိကြောင်းလည်း သိရပါသည်။ သရက်ကင်းသည် အေးခါးဖန်အရသာရှိပြီး စားသုံးလိုက်လျှင် အနည်းငယ်စပ်ရှားရှားရှိပါသည်။ သရက်ကင်းကို စားသုံးခြင်းဖြင့် ဝမ်းမီးတောက်ကာ အစာကြေစေပြီး ချောင်းဆိုး၊ ရင်ကြပ်၊ ပန်းနာ၊ သလိပ်ကပ်ရောဂါများကို ပျောက်ကင်းစေကြောင်း သိရပါသည်။ ဈေးနှုန်းမှာ ပေါ်ကာစတွင် (၁၀)ကျပ်သားကို ကျပ် (၈၀၀)မှ (၇၀၀)ခန့်အထိရှိခဲ့ပြီး ယခုလှိုင်လှိုင်ပေါ်ချိန်တွင် (၁၀)သားကို ကျပ် (၅၀၀) မှ(၄၀၀)ခန့်သာရှိတော့ကြောင်း သိရပါသည်။

DOCA(ပဲခူး)

ကျောက်ဆည်ခရိုင်၌ မိုးမြေပဲများဖြိုင်ဖြိုင်ရိတ်သိမ်းလျက်ရှိ

      ကျောက်ဆည်ခရိုင်သည် စပါး၊ ပဲ၊ ပြောင်းနှင့် ဆီထွက်သီးနှံများကို အဓိကထားစိုက်ပျိုးလျက်ရှိပြီး ၎င်းသီးနှံများအနက်    ဆီထွက်သီးနှံတစ်မျိုးဖြစ်သော     မိုးမြေပဲသီးနှံကိုလည်းစိုက်ပျိုးလျက်ရှိရာ ကျောက်ဆည်မြို့နယ်တွင် (၃၀၈)ဧက၊ စဉ့်ကိုင်မြို့နယ်တွင် (၃၁) ဧက၊ မြစ်သားမြို့နယ်တွင် (၈၁၁)ဧက၊ စုစုပေါင်း (၁၁၅၀)ဧကစိုက်ပျိုးပြီးစီးကြောင်း၊ ရိတ်သိမ်းမှုအနေဖြင့် မိုးမြေပဲကို ကျောက်ဆည်မြို့နယ်တွင်(၂၄၀)ဧက၊ စဉ့်ကိုင်မြို့နယ်တွင် (၂၁)ဧက၊ မြစ်သားမြို့နယ်တွင် (၁၅၃) ဧက၊ စုစုပေါင်း (၄၁၄)ဧကရိတ်သိမ်းပြီးဖြစ်ကြောင်း ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။ မိုးမြေပဲကို မတ်လနှင့်ဧပြီလတို့တွင် စတင်စိုက်ပျိုးကြပြီး စိုက်ပျိုးရာ၌ မျိုးအနေဖြင့် (၁)ဧကလျှင် မြေပဲအတောင့်ကိုစိုက်ပျိုးပါက (၄)တင်းခန့်ကုန်ကျကြောင်း၊ အစေ့ကိုစိုက်ပျိုးလျှင် (၁.၅)တင်းခန့်ကုန်ကြပြီး (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ ထွန်ယက်ခ၊ လုပ်သားခအပါအဝင် စုစုပေါင်း (၅၀၀၀၀၀-/)ကျပ်ခန့်ကုန်ကြကြောင်း၊ (၁)ဧကလျှင် ပျမ်းမျှအထွက်နှုန်းအနေဖြင့် (၄၀)တင်းခန့်ထွက်ရှိကြောင်းသိရှိရပါသည်။ မြေပဲဈေးနှုန်းအနေဖြင့် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ်တွင် မြေပဲတောင့်(၁)တင်းလျှင်(၃၅၀၀၀/)ကျပ်၊ မြေပဲဆန်(၁)တင်းလျှင် (၅၇၀၀၀/)ကျပ်နှင့် မြေပဲဆီ(၁)ပိဿာလျှင် (၁၃၇၀၀/)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။ မိုးမြေပဲစိုက်ပျိုးရာတွင် ကုန်ကျစရိတ်သက်သာပြီး အကျိုးအမြတ်များရရှိသည့်အပြင် ပြည်တွင်းစားသုံးဆီဖူလုံရုံသာမက  တောင်သူများတွက်ချေကိုက်သီးနှံဖြစ်၍  မြေပဲသီးနှံကိုပိုမိုတိုးချဲ့စိုက်ပျိုးသင့်ကြောင်း‌ ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)

ဈေးအေးနေသော ပြည်ကြက်သွန်နီဈေးကွက်

    ၂၀၂၃ခုနှစ်၊ အောက်တိုဘာ တတိယပတ်အတွင်း ၁၆ရက်မှ ၂၂ရက်ထိ ပြည်ကြက်သွန်နီဈေးကွက်သို့ နေ့စဉ် ပိဿာချိန် ၇၀၀၀၀ ခန့် အဝင်ရှိပြီး တစ်ပတ်လျှင် ပိဿာချိန်ပေါင်း ၅၀၀၀၀ ခန့် ဝင်ရောက် မှုရှိနေကာ မကွေးတိုင်း၊ ဆိပ်ဖြူနှင့်  မန္တလေးတိုင်း ကျောက်ပန်းတောင်းဘက်တို့မှ အများဆုံး ဝင်ရောက်မှုရှိနေကြောင်း သိရပါသည်။ ပြည်ဈေးကွက်အရောင်းအဝယ်အနေဖြင့် ပန်းတောင်း (ဥသျှစ်ပင်)၊ ဧရာဝတီ(ကြံခင်း)နှင့် ရခိုင်(တောင်ကုတ်)ဘက်တို့သို့ စီးဆင်းမှုရှိနေပြီး ဒေသတွင်း ဝယ်လက်များ၊ နယ်အိတ်ဆွဲဝယ်ရောင်းသမားများနှင့် အရောင်းအဝယ်မှာ ပုံမှန်ရှိနေပါသည်။

   ယခုတစ်ပတ်ဈေးနှုန်းများမှာ ပွဲရုံလက်ကားဈေး တစ်ပိဿာလျှင် ကြီး/လတ်/သေး ကျပ် ၃၀၀၀/၂၉၀၀/၂၈၀၀ နှုန်းတို့ရှိပြီး ပြည်မြို့ပေါ်ရှိ လက်လီဈေးများတွင် ကျပ် ၃၅၀၀/၃၃၀၀-၃၄၀၀/၃၂၀၀ နှုန်းတို့ဖြင့် ရောင်းဝယ်မှုရှိနေပါသည်။ ပြည်ဈေးကွက်အတွင်း ကြက်သွန်နီဈေးနှုန်းများမှာ သင်္ကြန်ကျော်ကာလမှ စတင်ဈေးမြင့်ခဲ့ပြီး ယခုလက်ရှိတွင် အမြင့်ဈေးကျပ် ၃၃၀၀ ဝန်းကျင် ဖြင့် ဈေးငြိမ်နေလျက်ရှိပါသည်။ ၂၀၂၃ ခုနှစ် ဧပြီလမှ စက်တင်ဘာလထိ ပြည်ဈေးကွက်အတွင်း ဖြစ်ပေါ်ခဲ့သော ကြက်သွန်နီ(အလတ်စ)ဈေးနှုန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

စဥ်            လအမည်                         လက်ကားဈေး(ကျပ်)                    လက်လီဈေး(ကျပ်)

၁။             ဧပြီ                                 ၁၄၀၀                                          ၁၆၀၀

၂။             မေ                                  ၂၁၀၀                                           ၂၃၀၀

၃။             ဇွန်                                 ၂၃၀၀                                           ၂၅၀၀

၄။             ဇူလိုင်                             ၂၅၀၀                                           ၂၆၀၀

၅။             ဩဂုတ်                           ၂၉၀၀                                          ၃၁၀၀

၆။             စက်တင်ဘာ                    ၃၅၀၀                                          ၃၇၀၀

၇။             အောက်တိုဘာ                 ၃၂၀၀                                           ၃၃၀၀

DOCA(ပဲခူး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း