ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုမြို့ရှိ ဈေးများတွင် ရောင်းချလျက်ရှိသည့် လယ်ကြွက်ဈေး

          ရွှေဘိုမြို့ရှိ ဈေးများတွင် လယ်ကြွက်များကို ရောင်းချလျက်ရှိကြောင်း၊  လယ်ကြွက်များမှာ  စပါးခင်းများတွင် ခိုအောင်းနေသည့်အတွက်  မိုးစပါးများ စတင်ရိတ်သိမ်းသည့်  ဒီဇင်ဘာလ လဆန်းပိုင်းတွင် စတင်ပေါ်ပြီး  ဇန်နဝါရီလကုန်စပါးများ ကွင်းပိတ်ရိတ်သိမ်းပြီးသည့်အချိန်တွင် လယ်ကြွက်များ လှိုင်လှိုင်ပေါ်ကြောင်း၊ ရာသီစာဖြစ်သည့် လယ်ကြွက်များကို စပါးခင်းများတွင် ထောင်ဖမ်းခြင်းများပြုလုပ်ကြပြီး အညှီနံ့သက်သာစေရန်၊ ခြောက်သွေ့စေရန်နှင့် ရောင်းပန်း လှစေရန်အတွက် မရောင်းချခင် ကြွက်များကိုအရေခွံချွတ်၍ ဆီဖြင့်အိုးကင်ပူတိုက်ပြီး ရောင်းချကြကြောင်း သိရှိရပါသည်။

          ရွှေဘိုမြို့တွင် ရောင်းချလျက်ရှိသည့် ပေါ်ဉီးပေါ်ဖျားလယ်ကြွက်ဈေးနှုန်းများမှာ အရွယ်အစား အကောင်အကြီးအသေးပေါ်မူတည်၍ (၁)ကောင်လျှင် (၂၀၀ဝိ/-)ကျပ်၊ (၂၅၀ဝိ/-)ကျပ်နှင့် (၃၀၀ဝိ/-) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး လယ်ကြွက်များလှိုင်လှိုင်ပေါ်သည့် ဇန်နဝါရီလ (တတိယ) ပတ်တွင် ရောင်းချသည့် ဈေးနှုန်းများမှာ (၁)ကောင်လျှင် (၁၂၀ဝိ/-)ကျပ်၊ (၁၅၀ဝိ/-)ကျပ်၊ နှင့်(၂၀၀ဝိ/-) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

         

ကန့်ဘလူမြို့၏ ခရမ်းချဉ်သီးနှင့် အာလူး ဈေးနှုန်းဈေးကွက်

  စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံး စွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိသည်။

စားသုံးသူများ နေ့စဉ်ဝယ်ယူအသုံးပြုလျက်ရှိသည့် အာလူးသီးများကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှတဆင့် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့နှင့်ကန့်ဘလူမြို့များရှိ လက္ကားကုန်သည်များ မှတစ်ဆင့် ကန့်ဘလူခရိုင်အတွင်းရှိ လက်လီအရောင်းဆိုင်များသို့ ဖြန့်ဖြူးပေးလျက်ရှိကြောင်းနှင့်  ခရမ်းချဉ်သီးများကို ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်မှ ဝယ်ယူရောင်းချလျက်ရှိကြောင်းသိရ သည်။

၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ခရမ်းချဉ်သီး (၂၅) ကျပ်သားလျှင် ငွေကျပ်(၆၅၀)၊ (၁)ပိဿာလျှင် ငွေကျပ်(၂၅၀၀)၊ အာလူးသီး(၁)ပိဿာလျှင်ငွေကျပ် (၈၀၀၀)ဖြင့် ရောင်းချကြောင်း၊ ယခင်အပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ခရမ်းချဉ်သီးနှင့်အားလူး သီးဈေးနှုန်းမှာ အတက်အကျမရှိဘဲ ဈေးငြိမ်လျက်ရှိပြီး ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

“ရာသီပေါ်ဇီးသီး၏ကောင်းကျိုးများနှင့် ဈေးကွက်အခြေအနေ”

 

            ဇီးသီးပင်များကို မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးကြသော်လည်း အပူပိုင်းဒေသ မန္တလေး၊ စစ်ကိုင်းနှင့်မကွေးနယ်ပယ်တွင်အများဆုံး စိုက်ပျိုးဖြစ်ထွန်းကြောင်းသိရှိရပါသည်။ ဇီးသီးပင်များ     သည် ပူပြင်းခြောက်သွေ့သောရာသီဥတုကို နှစ်သက်သည်။ ဇီးသီးအများဆုံးထွက်ရှိသောရာသီမှာ ဆောင်းရာသီဖြစ်သည်။

            ဇီးသီးတွင် ရေဓာတ်များစွာပါဝင်ပြီး ချိုအေးသောအရသာရှိသည်။ ဇီးသီးအမျိုးပေါင်းများစွာရှိ ပြီး ဇီးချိုသီး၊ ဇီးချဉ်သီး၊ ဇီးပဲလှော်၊ ဇီးကြက်ဥ ဟူ၍အမျိုးအစားများစွာရှိပါသည်။ ဇီးသီးတွင် ဗီတာမင်နှင့်သတ္တုဓာတ်များစွာပါရှိသည့်အတွက် ဘေးဥပါဒ်ဖြစ်စေသော ကိုလက်စထရောလုံးဝမပါ ဝင်သောကြောင့် စိတ်ဖိစီးမှုကိုလျော့ကျစေပြီး စိတ်ကိုတည်ငြိမ်စေသည့်အပြင် အခြားကျန်းမာရေး ကောင်းကျိုးများလည်းရှိနေကြောင်းသိရသည်။

            သံဓာတ်နှင့်အမျှင်ဓာတ်ပါဝင်သောကြောင့် အာရုံကြောစနစ်တွေကိုပြေလျော့စေပြီး ကောင်းမွန် စွာ အိပ်ပျော်စေဖို့ အထောက်အကူပေးနိုင်ပါသည်။ ဇီးသီးကိုအစိမ်းလိုက်စားလို့ရသလို ဖျော်ရည်လုပ် ပြီး သောက်လို့ရသလို ဆား၊ ငရုတ်သီးမှုန့်လေးနဲ့အရသာမှုန့်ပြုလုပ်ပြီးလည်း စားလို့ရပါသည်။ အစာခြေစနစ်ကိုလည်း ကျန်းမာစေပြီး ဝမ်းချုပ်ခြင်းဝေဒနာ မဖြစ်စေဖို့ကိုလည်း ကာကွယ်ပေးပါ သည်။

        သားဥအိမ်ကင်ဆာ၊ အူမကြီးကင်ဆာနှင့်အရေးပြားကင်ဆာတွေ မဖြစ်စေဖို့အထောက်အကူ ပေးကြောင်းသိရသည်။ ပိုတက်ဆီယမ် ကြွယ်ဝစွာပါဝင်သောကြောင့် နှလုံးကျန်းမာရေးကိုကောင်းမွန် စေပြီး နှလုံးသွေးကြောကျဉ်းရောဂါကိုလည်း ကာကွယ်ပေးပါသည်။

            ဗီတာမင်အေနှင့်စီ ပါဝင်သောကြောင့်ကိုယ်တွင်းအဆိပ်အတောက်ဖြစ်စေသောအရာများကို လည်း ဖယ်ရှားပေးပါသည်။ ဇီးသီးတွင် ကျန်းမာရေးအတွက် အကျိုးများတာမှန်ပေမယ့် အလွန်အကျွံ မစားသုံးသင့်ကြောင်းကိုလည်း သိရှိရပါသည်။

             နေရာအနှံ့အပြားမှ ဇီးသီးများဈေးကွက်အတွင်းသို့ဝင်ရောက်လျက်ရှိပြီး ဇီးသီးအရွယ်အစား အလိုက်ရောင်းချလျက်ရှိရာ လက်ရှိဈေးနှုန်းများမှာ ဇီးသီးအသေးကော်ခြင်းတစ်ခြင်းလျှင် (၂၀၀၀ )ကျပ်၊ ဇီးသီးအကြီး (၁၀)လုံးလျှင် (၃၀၀၀ မှ ၅၀၀၀)ကျပ်ဈေးဖြင့်ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

ထားဝယ်မြို့ငရုတ်သီးစိမ်းစျေးနှုန်း

          ထားဝယ်မြို့ စည်ပင်သာယာစျေးတွင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကို ရောင်း ချလျက်ရှိရာ ကုန်စိမ်းသီးနှံများဖြစ်သည့် ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုတ်၊ ပြောင်းချို၊ မုန်ညင်းထုတ်၊ ခါကြက်ဉ၊ သံပုရာသီးနှင့် တိုင်ထောင်ဗိုလ်စားပဲသီးတို့အပြင် ငရုတ်သီးစိမ်း၊ ပန်းငရုတ်ပွစသည့်အသီး အနှံများကိုလည်း ရောင်းချလျက်ရှိပါသည်။ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်တွင် ထားဝယ်မြို့ စည်ပင်သာယာစျေးအတွင်း၌ ဖြစ်ပေါ်နေသော ငရုတ်သီး စျေးနှုန်း/စျေးကွက်အနေဖြင့် မိုးမျှော်ငရုတ် သီး(ကျောက်စိမ်းသီး)တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၁၅၀၀)ကျပ်၊ ကုလားအော် ငရုတ်သီးစိမ်း တစ်ပြည်လျှင်(၁၂၀၀၀)ကျပ်၊ နို့ဆီတစ်ဘူးလျှင်(၁၅၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိ ကြောင်း စည်ပင်သာယာစျေးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိကြံစျေးနှုန်းနှင့်ကြံရည်

           ထားဝယ်မြို့၏ စျေးကွက်အတွင်း ကြံရည်စျေးကွက်မှာလည်း စျေးကောင်းလျှက် ရှိကြောင်း သိရှိရပါသည်။ ကြံကို ထားဝယ်မြို့အနီးတစ်ဝိုက် ကျေးရွာများတွင် တစ်နိုင်တပိုင် စိုက်ပျိုးကြသည့် အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြသည်။

          ဆောင်းတွင်းကာလဖြစ်သော်လည်း သဘာဝပျော်ရည်တစ်မျိုးဖြစ်သည့် ကြံရည်ဆိုင်များ လည်းတွေ့ရပါသည်။ ကြံရည်ကို သံပုရာသီး၊ ဂျင်း၊ မြင်းခွာရွက်၊ တို့နှင့်လည်းသောက်သုံး၍ရပါသည်။ အခြားသောက်စရာတွေနဲ့မတူဘဲ သကြားစစ်စစ်မှရ‌သော အချိုရည်တစ်မျိုးဖြစ်သောကြောင့် ခန္ဓာ ကိုယ်ရေဓာတ်ကို လည်းဖြည့်ပေးနိုင်ပါသည်။ ထားဝယ်မြို့ရှိ ဒေသထွက် ကြံစျေးနှုန်းများမှာ (၁၀) ချောင်းပါ တစ်စည်းစျေးနှုန်း (၂၀၀၀၀)ကျပ်၊ ကြံရည်တစ်ခွက်စျေးနှုန်းမှာ (၁၅၀၀)ကျပ်နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

“ပင်စင်လစာထုတ်(အငြိမ်းစား) ဝန်ထမ်းများအားလစဉ်စားအုန်းဆီရောင်းချပေးလျက်ရှိ”

          ရှမ်းပြည်နယ်တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားရုံတွင် (၂၃-၁၂-၂၀၂၄)ရက်နေ့၊ နံနက် (၀၈:၃၀)နာရီအချိန်မှစ၍ ပင်စင်လစာထုတ်(အငြိမ်းစား)ဝန်ထမ်းများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှကြီးကြပ်၍ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းတို့ ပူပေါင်းပြီး ပင်စင်လစာထုတ်(အငြိမ်းစား)ဝန်ထမ်း တစ်ဦးလျှင်စားအုန်းဆီ (၁) ပိဿာနှုန်း ဖြင့်(၅၁၀)ဦးခန့်အား သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။ ပင်စင် လစာထုတ်(အငြိမ်းစား)ဝန်ထမ်းများအား သက်သာချောင်ချိရေးအတွက် စားအုန်းဆီအပြင် ကြက်ဥများကိုလည်း လာရောက်ရောင်းချပေးနေကြောင်းနှင့်ကြက်ဥများကို ပြည်နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၏ညွှန်ကြားမှုဖြင့် သစ်တောရပ်ကွက်ရှိ ကြက်မွေးမြူရေးခြံမှ ကြက်ဥတစ်လုံးလျှင် (၃၈၀)ကျပ်ဖြင့် ရောင်းချပေးခဲ့ရာ အငြိမ်းစားဝန်ထမ်းများအနေဖြင့်လည်း စားအုန်းဆီနှင့်ကြက်ဥများကို ဈေးသက်သာစွာ လစဉ်ဝယ်ယူရရှိနိုင်သဖြင့် ဝမ်းသာပျော်ရွှင်လျက်ရှိပါကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

“ ဖက်ပွင့်(ခ)ဖက်သန်းဈေးကွက်”

            တောင်ကြီးမြို့ရှိ အမှတ်(၅)ဈေး၊ (၅)ရက်ဈေးနှင့် မြို့မဈေးကြီး ကုန်စိမ်းဈေးတန်းများတွင် ဖက်ပွင့်(ခ) ဖက်သန်းပွင့်များကို အပွင့်လိုက်၊ အတွဲလိုက်ရောင်းချကြောင်းသိရှိရပြီး (၁၀)ပွင့်လျှင် (၁၅၀ဝိ/-)ကျပ်ဖြင့်လည်းကောင်း၊ (၂)ပွင့်ချင်းစီတွဲထားသော(၅)တွဲပါ(၁)တွဲလျှင်(၁၀၀ဝိ/-)ကျပ်နှုန်း ဖြင့်လည်းကောင်းရောင်းချကြောင်းသိရှိရပါသည်။

          ဖက်ပွင့်(ခ)ဖက်သန်းပွင့်သည် အညာဒေသမှထွက်ရှိသောအရသာနှင့် ရှမ်းပြည်ဒေသမှထွက်ရှိ သောအရသာမတူညီဘဲအနည်းငယ်ကွဲပြားကြောင်း၊ အညာဒေသမှထွက်ရှိသောအရသာသည် ခါးသက်မှု ရှိပြီး ရှမ်းပြည်ဒေသမှထွက်ရှိသောအရသာသည် ခါးသက်မှုမရှိကြောင်း စိုက်ပျိုးသည့်နေရာဒေသလိုက်၍ အရသာအနည်းငယ်ကွဲပြားကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်ထံမှစုံစမ်းသိရှိရပါသည်။

          ဖက်ပွင့်(ခ)ဖက်သန်းပွင့်များကို နိုဝင်ဘာလ၊ ဒီဇင်ဘာလနှင့်ဇန်နဝါရီလ(ဒုတိယအပတ်)အထိ ဈေးကွက်အတွင်း၌ ဈေးနှုန်းပြောင်းလဲခြင်းမရှိဘဲ ပုံမှန်ဈေးနှုန်းအတိုင်း အတက်/အကျမရှိဘဲ ရောင်းအား ကောင်းလျက်ရှိကြောင်းသိရှိရပါသည်။

          ဖက်ပွင့်(ခ)ဖက်သန်းပွင့်များကို ကြော်စားခြင်း၊ သုပ်စားခြင်း၊ ချက်စားခြင်းနှင့် အတို့အမြှုပ် အဖြစ်စားသုံးကြကြောင်းသိရှိရပြီး စားသုံးသူများပြား၍ ရောင်းဝယ်မှုကောင်းနေကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

“ တောင်ကြီးမြို့ပေါ်ရှိရာသီစာပဲမြစ်”

            ပဲမြစ်ကို မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးကြပါသည်။ ပဲမြစ်သည် ပဲစောင်းလျားသီးပင်၏ အမြစ်ဖြစ်ပါသည်။ ဟင်းသီးဟင်းရွက်အတွက် စိုက်ပျိုးပါက အသီးကိုပဲစောင်းလျားသီးဟုခေါ်ပြီး အမြစ်အတွက် စိုက်ပျိုးပါက ပဲမြစ်ဟုခေါ်ကြပါသည်။ ပဲမြစ်သည် ပူအိုက်စိုစွတ်သော ရာသီဥတုကို ကြိုက်နှစ်သက်သောကြောင့် မိုးဦးရာသီတွင် စိုက်ပျိုးကြပါသည်။ ပဲမြစ်များကို စိုက်ပျိုးရာတွင် ဘောင် များပြုလုပ်၍ အစေ့ချစိုက်ပျိုးကြောင်းသိရပါသည်။ ပဲမြစ်ကိုဆောင်းရာသီစာ စားစရာအဖြစ် ပြုတ်ပြီး ဆီ၊ ဆားတို့နှင့် စားလျှင်အရသာကောင်းမွန်လှပါသည်။ ပဲမြစ်၏အရသာမှာ ချိုပြီးစိမ့်၍ စေးပိုင်သော ကြောင့် လူကြိုက်များသော အစားအစာဖြစ်ပါသည်။

          ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ အမှတ်(၅) ဈေးတွင် ရောင်းချလျက်ရှိသော ပဲမြစ် ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၇၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA(ရှမ်း)

တောင်ကြီးလယ်ယာစိုက်ပျိုးသီးနှံများမှ “ရာသီစာပန်းမုန်လာစိမ်း ဈေးကွက်တွင်းမှာ ကြွယ်ဝစွာ”

             လယ်ယာထွက်ကုန်ပစ္စည်းများနှင့် ကုန်စိမ်းများ လှိုင်လှိုင်ပေါသည့် ဒေသထဲတွင်ပါဝင်သော ရှမ်းပြည်နယ်ရှိမြို့တော် တောင်ကြီးဒေသတစ်ဝိုက်နှင့် အောင်ပန်း ၊အင်းလေး ၊ ရွာငံ ဟဲဟိုးမြို့များတွင် ဤရာသီဆောင်းတွင်းတွင် ရာသီစာပန်းမုန်လာအစိမ်းများ ထွက်ရှိသော ကာလ ပင်ဖြစ်သည်။ ဒေသအခေါ် မုန်လာပန်း/ဂေါ်ဖီပန်း /ပန်းမုန်လာအစိမ်းများ မှာ အခြား ပန်းမုန်လာများဖြစ်သော အဖြူ၊ အဝါ တို့ထက်ပိုနူးညံကာ ပိုစားကောင်းသည် ဟု ပန်းမုန်လာ‌ ရောင်းချသူ တစ်ဦးမှ ရှင်းပြချက်အရသိရှိခဲ့ရပါသည်။ ထို့ကြောင့် ရာသီစာဖြစ်သော ပန်းမုန်လာများစွာ ထဲမှ အစိမ်းရောင်ရှိသောပန်းမုန်လာမှာ ပိုမိုအရောင်းသွက်လျက်ရှိကြောင်း သိရှိရသည်။ ထိုပန်းမုန်လာအစိမ်း မှာ အပွင့်အကြီး ၁ ပွင့် လျှင်  ၃,၅၀၀ ကျပ် မှ ၄,၀၀၀ ကျပ် ၊လက်ကားဈေးမှာ ၁၀ပွင့် ၃၀,၀၀၀ကျပ် မှ ၃၅,၀၀၀ ကျပ် အထိ ၊အလယ်အလတ် ဆိုလျှင် ၁ပွင့် ၂,၅၀၀ ကျပ် မှ ၂၀၀၀ ကျပ် လက်ကားဈေး ၁၀ ပွင့် ၂၀,၀၀၀ ကျပ် မှ ၂၅,၀၀၀ ကျပ် အထိ၊ အသေး တစ်ပွင့်လျှင် ၁၅,၀၀ ကျပ်မှ ၈၀၀ ကျပ်၊လက်ကားဈေး ၁၀ ပွင့် ၈,၀၀၀ ကျပ် မှ ၁၅,၀၀၀ ကျပ် အထိ အရောင်းသွက်လျက်ရှိကြောင်း ပန်းမုန်လာအစိမ်းရောင်းချသူထံမှ သိရှိခဲ့ရပါသည်။

DOCA(ရှမ်း)

ကြံကြိတ်ရာသီ ရောက်လေပြီ

          ကြံပင်သည် နေရောင်ခြည် ကြာရှည်စွာရရှိခြင်းကို နှစ်သက်ပြီး ရေကြိုက်တဲ့သီးနှံဖြစ်ပေမဲ့ ရေဝပ်ခြင်းကို မနှစ်သက်ပါ။ နှုန်းမြေ၊ သဲနှုန်းမြေနှင့်နှုန်းမြေစေးတွေဟာ ကြံအထွက်နှုန်းနဲ့ ကြီးထွားမှု အတွက်အကောင်းဆုံးဖြစ်ပါသည်။ ကြံကို ဇွန်၊ ဇူလိုင်လများတွင် ပြန်လည်စိုက်ပျိုးခြင်း၊ ကြံခင်းဟောင်း ပြုပြင်ခြင်းများ ဆောင်ရွက်ကြပါသည်။

          ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ကြံစိုက်ဧက (ငါးသောင်း နှစ်ထောင်ကျော်) ခန့် ရှိပြီး ညောင်ရွှေမြို့နယ်တွင် အများဆုံးစိုက်ပျိုးပါသည်။ နှစ်စဉ် ဒီဇင်ဘာလ မှ မတ်လအထိသည် ကြံခုတ်/ကြိတ် သည့်ရာသီ ဖြစ်ပါသည်။ စိုက်ပျိုးသူတောင်သူများမှ အချို့တောင်သူများမှာ မိမိတို့ခြံတွင် တစ်ပိုင်တစ်နိုင် ကြံသကာချက်၍ ရောင်းချကြပြီး တောင်သူအများစုမှာ မိမိတို့ စိုက်ခင်းမှကြံများအား ကိုယ်တိုင်ကြိတ်ဝါးခြင်းမရှိဘဲ ရွှေညောင်မြို့ရှိ မြဘုရင်သကြားစက်ရုံသို့ ကိုယ်တိုင်တင်ပို့ ရောင်းချကြကြောင်း သိရှိရပါသည်။

          ကြံတစ်ဧက စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်မှာ (၂၇၂၄၀၀၀/-)ခန့် ကုန်ကျပြီး အထွက်နှုန်းမှာ တစ်ဧကလျှင်(၂၆)တန်ခန့် ထွက်ရှိပါသည်။ တစ်ဧက အမြတ်ငွေမှာ ကျပ်(၂၄)သိန်းခန့်ရရှိကြောင်း သိရှိရပါသည်။ ရှမ်းပြည်နယ်(တောင်ပိုင်း) ရွှေညောင်မြို့ရှိ မြဘုရင်သကြားစက်ရုံမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် စက်ရုံအရောက် ကြံတစ်တန်ဝယ်ဈေးနှုန်းမှာ (၂၀၀၀၀၀/-)(ကျပ်နှစ်သိန်း)ဖြင့် ဈေးဖွင့်ခဲ့ကြောင်း သိရှိရပါသည်။  

            ယခုအပတ်တွင် သကြားညို တစ်ပိဿာ(၅၈၀၀/- မှ ၆၀၀၀/-)ခန့်၊ သကြားဖြူ တစ်ပိဿာ (၅၀၀၀/- မှ ၅၄၀၀/-)ခန့်၊ ကြံသကာ တစ်ပိဿာ (၄၀၀၀/- မှ ၄၅၀၀/-)ခန့် ဈေးရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း