ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဂွေးချိုသီးတစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းမှရရှိသောဝင်‌ငွေ

        ဂွေးပင်သည်မြန်မာနိုင်ငံတွင်အမြင့်ပေ ၃၀၀၀အထိ အနှံ့အပြားတွေ့မြင် နိုင်သောအရွယ်အလတ်စားမျိုးသစ်ပင်ဖြစ်သည်။ ဂွေပင်များကို  အထက်နှင့်အောက် မြန်မာနိုင်ငံရှိ ဥယျာဥ်များတွင်းလည်ကောင်း ၊ လမ်းဘေးတစ်လျှောက်တွင်လည် ကောင်း တစ်ခါတစ်ရံ တွေ့မြင်နိုင်သော်လည်ကောင်း ယင်းတို့သည် အထူးတ လည် စိုက်ပျိုးကြရသော အပင်များဟုမဆိုနိုင်ချေ။ အစေ့ကိုစိုက်၍ အပင်သစ်မျိုးပွားရ အောင်ပြုလုပ်ယူနိုင်သည်။ အစေ့ကိုပျိုး၍ရသည့် တစ်နှစ်သားအရွယ်ရှိအပင်ငယ်တွင် အကိုင်းဆက်ခြင်းဖြင့်လည်း အပင်သစ်ပွားအောင် လုပ်ယူနိုင်ပေသေး သည်။

            အပင်၏အခေါက်သည် ချောမွတ်၍ ယင်း၌ မွှေးကြိုင်သောရနံ့ရှိသည်။ အပင်၏အမြင့်သည် ပေ၇၀ အထိရှိနိုင်၍ ပင်စည်လုံးပတ်မှာ ခုနှစ်ပေမျှအထိရှိသည်။ ဂွေးချိုပင်သည် သာမာန်ဂွေးပင်နှင့် ခပ်ဆင်ဆင်တူ သော်လည်း အရွက်သေးအရွက် ငယ်တို့သည် အလျားပို၍ရှည်သည့် အပြင် အရွက်နားတို့တွင်လည်း ခွေးသွားစိပ် များပါရှိလေသည်။ အသီး၌ချို‌သောအရသာရှိသည်။ မြန်မာနိုင်ငံ၌ကျန်ပဒေသာ များနှင့် စီးယိုများကိုသရေစာအဖြစ်နှင့်ရောင်းချကြသည်နှင့်အတူ ‌ဂွေးချိုသီးကိုအခွံ သင်၍ဆားနှင့်ငရုတ်သီးမှုန့်ရောရာကို သုတ်လူးပြီးလျှင် ရုံရှင်ရုံ၊ မော်တော်ကားဆိပ် စသောလူစည်ကားသည့် နေရာများ၌အနှံ့အပြား လှည့်လည်ရောင်းချလျက်ရှိ သည်ကို တွေ့မြင်နိုင်ပေသည်။ တနင်္သာရီတိုင်းဒေသကြီးတွင် ဂွေးသီးပျိုးပင်တစ်ပင်လျှင် (၁၅၀၀၀)ကျပ် နှင့်အလုံး၃၀ပါ တစ်ထုတ်လျှင်(၅၀၀)ကျပ် ဖြင့်ရောင်းချလျှက်ရှိ ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ရာသီပေါ်သရက်သီးကင်းစျေးနှုန်း/စျေးကွက်

      တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ စည်ပင်သာယာ စျေးကြီးအတွင်း သရက်သီး ကင်းများစတင်အသီးသီးချိန်တွင် ပေါ်ဦးပေါ်ဖျား သရက်သီးကင်း ရောင်းသူများ ရောင်းအား ကောင်းမွန်ပြီး စျေးကောင်းရရှိကြောင်းသိရပါသည်။

     သရက်သီးကင်းကပေါ်ဦးပေါ်ဖျားဆိုတော့ သရက်သီကင်းတွေကို တို့စရာအဖြစ်‌ဒေသ ခံပြည်သူတွေက   ဝယ်ယူစားသုံးကြတော့     ရောင်းအားကောင်းပါသည်။ သရက်သီးကင်းက လည်းခုမှစ၍ အသီးသီးတဲ့ အချိန်ဆိုတော့စျေးကလည်း ကောင်းအလုံးကြီး/အသေး အပေါ်မူ တည်၍ တစ်လုံးလျှင်ငွေကျပ် ၂၀၀မှ ၃၀၀ခန့် ရောင်းချကြ ကြောင်း ကုန်စိမ်းသည် များထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အတွင်းရှိ ဘူးညွှန့် ဈေးနှုန်း

      တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ပတ်ဝန်းကျင်ရှိကျေးရွာများမှ ပြည်သူများသည် မိမိတို့ နေအိမ်ခြံဝင်းနှင့်လယ်ယာများတွင်ဟင်သီးဟင်းရွက်များ၊ သစ်သီးများစိုက်ပျိုးထားလျက်ရှိရာ ဘူးပင်များကိုလည်းစိုက်ပျိုးထားကျပါသည်။ ဘူးပင်များကို မြေအမျိုးမျိုးတွင်စိုက်ပျိုးနိုင်ပြီး နုန်းမြေ များတွင်ပိုမိုဖြစ်ထွန်းသည်။ ပူနွေးသောရာသီဥတုကိုကြိုက်နှစ်သက်ပြီး အအေးဒဏ်ကိုလည်းခံနိုင် ရည်ရှိပါသည်။

     ဘူးပင်အသီးဆွတ်ခူးချိန်တွင် ဘူးညွှန်များကိုလည်ဆွတ်ခူးနိုင်သည်။ ဆွတ်ခူးပြီးသော ဘူးညွှန်များကို ထားဝယ်မြို့၊ စည်ပင်သာယာဈေးကြီးနှင့် ရက်ကွက်ဈေးငယ်များတွင်လာရောက် ရောင်းချကြပါသည်။ ဘူးညွှန့်(၁)စည်းလျှင် (၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချကြရာ ပြည်သူများတွက် ချေကိုက်လျက်ရှိကြောင်းသိရပါသည်။

DOCA(တနင်္သာရီ)

အညာဒေသထွက် ဆောင်းနှမ်းဈေးကွက်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံ-ညောင်ဦးမြို့နယ်အတွင်းရှိ မင်းနန်သူ၊ သူဌေးကန်၊ ဖွားစော၊ ဖျောက်ဆိပ်ပင်နှင့် ကုန်းတန်းကြီးကျေးရွာများတွင် ကောက်ပဲသီးနှံမျိုးစုံနှင့် ဆီထွက်သီးနှံများ စိုက်ပျိုးလျက်ရှိရာ ဆောင်းနှမ်းကို အဓိကထားစိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။

          ဆောင်းနှမ်းကို အောက်တိုဘာလတွင် စတင်စိုက်ပျိုးကြပြီး ဒီဇင်ဘာလတွင် ရိတ်သိမ်းရကြောင်း၊ မျိုးအနေဖြင့် နှမ်းဖြူ၊ နှမ်းနက်၊ နှမ်းလျင်နှင့် ဂေါ်ရာမျိုးတို့ကို အများဆုံးစိုက်ပျိုးကြကြောင်း၊ နှမ်းစိုက်ပျိုး ရာတွင် သဘာဝမြေဆွေး/ မြေဩဇာအဖြစ် နွားချေးကိုသုံးစွဲကြကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေ ဖြင့် တစ်ဧကလျှင် မျိုး၊ အလုပ်သမားခအပါအဝင် သွင်းအားစုအားလုံးအတွက် စုစုပေါင်းငွေကျပ် (၃၀၀၀၀၀) ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်း အနေဖြင့် တစ်ဧကလျှင် တင်းရေ(၅)တင်းမှ (၇)တင်း အထိ ထွက်ရှိပြီး နှမ်းအမျိုးအစားပေါ်မူတည်၍ နှမ်းဖြူတစ်ပိဿာလျှင် ငွေကျပ်(၈၀၀၀)၊ နှမ်းနက် တစ်ပိဿာလျှင် ငွေကျပ်(၁၂၀၀၀)၊ နှမ်းလျင် တစ်ပိဿာလျှင် ငွေကျပ်(၇၄၀၀)၊ ဂေါ်ရာ  တစ်ပိဿာလျှင် ငွေကျပ် (၇၀၀၀)ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး တစ်ဧကလျှင် ငွေကျပ် ငါးသိန်းခန့် အမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ချောက်၊ ကျောက်ပန်းတောင်း၊ ညောင်ဦးမြို့ တို့ကို တင်ပိုရောင်းချလျက်ရှိကြောင်း၊ နှမ်းဖက်၊ နှမ်းရိုး များကို မြေဩဇာအဖြစ်လည်းကောင်း၊ နွားစာအဖြစ်လည်းကောင်း အသုံးပြုသည့်အတွက် စိုက်ပျိုးရေး နှင့် မွေးမြူရေးကို အထောက်အကူ ပြုကြသည့်အပြင် ဆောင်းသီးနှံ (နှမ်း) စိုက်ပျိုးခြင်းအားဖြင့် မိသားစု အပိုဝင်ငွေရရှိပြီး အကျိုးအမြတ် ရရှိကာ တောင်သူများအဆင်ပြေလျက်ရှိကြောင်း နှမ်းစိုက်တောင်သူ တစ်ဦးထံမှသိရသည်။

DOCA(မန္တလေး)                                                                                

 

မန္တလေးရွှေပဲသီးဈေးကွက်

ရွှေပဲသီးအပင်မျိုးတွေမှာ အစေ့စားမျိုး၊ အရွက်စားမျိုး၊ အသီးစားမျိုးဟူ၍ (၃)မျိုး ရှိပါကြောင်း၊ ချက်ပြုတ်စားသောက်ရသည်မှာ လွယ်ကူပြီးအရသာရှိတဲ့အတွက်  လူအများ ကြိုက်နှစ်သက်သော ပဲသီးဖြစ်ပါကြောင်း၊ ရွှေပဲသီးသည် အမျှင်ဓာတ်ကြွယ်ဝပြီး အစာခြေစနစ်ကို ကူညီပေးခြင်း၊ သွေးထဲကသကြားဓာတ်ကိုလည်းထိန်ပေးခြင်း၊ သွေးအားနည်းခြင်းကို ကာကွယ် ပေးခြင်း၊ ကယ်လိုရီနည်းပါးခြင်း၊ အဆီပါဝင်မှုမရှိခြင်း၊ ဖောလိတ်ဓာတ်ကြောင့် နှလုံးနှင့် ပတ်သက်သည့် ရောဂါများမဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး နှလုံးကျန်းမာစေရုံသာမက ဝိတ်မတက်စေဘဲနှလုံး၊ သွေးတိုး၊ ဆီးချိုစတဲ့ ရောဂါများမဖြစ်နိုင်ခြင်း၊ ကင်ဆာရောဂါ ဖြစ်ပွားမှု ကိုလည်းကာကွယ်နိုင်ခြင်း၊ ခုခံအားကောင်းမွန်ခြင်း၊ ဗီတာမင်စီပါဝင်ခြင်းတို့ကြောင့် ယခု ရာသီဥတုတွင် ဖြစ်ပေါ်လေ့ရှိသော အအေးမိတုတ်ကွေးနှင့် ပြင်ပမှကူးစက်နိုင်သော ရောဂါများ ကိုကာကွယ်ပေးနိုင်ခြင်းတို့‌ကြောင့် ကျန်းမာရေးအတွက် ရွှေပဲသီးကိုစားသုံးပေးသင့်ပါကြောင်း လေ့လာသိရှိခဲ့ရပါတယ်။

ရွှေပဲသီးကို အအေးပိုင်းဒေသများတွင် စိုက်ပျိုးမှုများပြီး များသောအားဖြင့် ရွာငံ၊ အောင်ပန်း၊ ပြင်ဦးလွင်ဒေသမှထွက်သော အသီးများမန္တလေးဈေးကွက်သို့ ဝင်ရောက်လျက် ရှိကြောင်းသိရှိရပါတယ်။ မန္တလေးဈေးကွက်အနေဖြင့် ၄၁လမ်း၊ ကမ်းနားလမ်း၊ ကုန်စိမ်းဈေးရှိ ဈေးနှုန်းပေါက်ဈေးမှာ ရွှေပဲသီးအတောင့် ဒီဇင်ဘာလအတွင် လက်ကား တစ်ပိဿာလျင်(၃၀၀ဝိ/-)မှ (၅၀၀ဝိ/-)ထိ၊ လက်လီတစ်ပိဿာလျင် (၅၀၀ဝိ/-)မှ(၆၀၀ဝိ/-)ထိ ရောင်းချခဲ့ပြီး အသီးဝင်ရောက်မှု အပေါ်မူတည်ပြီး ဈေးနှုန်းပြောင်းလဲမှုရှိပါတယ်။ ရွှေပဲသီးအရွက် ဈေးကွက်အနေဖြင့် လက်ဆုပ်စီး (၁)စီးလျင် လက်ကား(၈၀ဝိ/-)မှ (၁၀၀ဝိ/-)ထိ၊ လက်လီ(၁၁၀ဝိ/-)မှ(၁၃၀ဝိ/-)ထိ၊ ရွှေပဲသီးအစေ့ လက်ကားနို့ဆီဗူး (၁)ဗူးလျင် (၂၅၀ဝိ/-)မှ (၃၀၀ဝိ/-) လက်လီ နို့ဆီဗူး (၁)ဗူးလျင် (၃၀၀ဝိ/-)မှ (၅၀၀ဝိ/-) ထိရှိကြောင်း ဈေးရောင်းချသူ တစ်ဦးထံမှ သိရှိရပါတယ်။ ရာသီပေါ်ရွှေပဲသီးသည် ချက်ရတာလွယ်ကူပြီး ဈေးနှုန်းသင့်တင့်သည့်အတွက် စားသုံးပေးသင့်ပါကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်။

DOCA(မန္တလေး)                                                                                

မန္တလေးဇီးသီးစျေးကွက်

         ဒီဇင်ဘာလစတုတ္ထပတ်အတွင်း  မန္တလေးစျေးကွက်သို့   ဇီးသီးအမျိုးမျိုးဝင်ရောက်မှုများပြား ကြောင်း တွေ့ရှိရပါတယ်။ မန္တလေးစျေးကွက်အတွင်းသို့ ပုသိမ်ကြီးမြို့နယ်၊အမရပူရမြို့နယ်၊ စဉ့်ကိုင် မြို့နယ်နှင့်ကျောက်ဆည်မြို့နယ်တို့မှ  စိုက်ပျိုးထွက်ရှိသည့်ဇီးသီးများ ဝင်ရောက်မှုပိုမိုများပြီး၊အခြား ဒေသများမှလည်းဝင်ရောက်ကြောင်း တွေ့ရှိရပါတယ်။မန္တလေးစျေးကွက်အတွင်းဇီးသီးများလက်လီ၊ လက္ကားရောင်းချလျက်ရှိပြီး၊ ဂျပ်ဖာများ၊နှီးချင်းတောင်းများ၊အိတ်များဖြင့် ဝင်ရောက်လျက်ရှိပါတယ်။ ဇီးသီးများအား   အမျိုးအစားအပေါ်မူတည်၍ အရွယ်အစားအလိုက်၊ အလုံးအရေအတွက်ဖြင့် လည်း ကောင်း၊အလေးချိန်(ပြည်ချိန်)တို့ဖြင့်လည်းကောင်းရောင်းချလျက်ရှိပါတယ်။မန္တလေးတိုင်းဒေသကြီး အတွင်း  ဒေသမျိုးဇီးသီး(ဇီးပဲလှော်)  နှင့် ထိုင်ဝမ်ဇီးသီး ကိုင်းကူးမျိုးများ   စိုက်ပျိုးမှုများလျက်ရှိပြီး စတင်ခူးဆွတ်သည့်နိုဝင်ဘာလမှ စ၍ (၃)လအထိ   ဇီးသီးခူးဆွတ်နိုင်မှုများကြောင်း  သိရပါတယ်။ မန္တလေးဇီးသီးစျေးကွက်သို့ နိုဝင်ဘာလမှ စတင်ဝင်ရောက်လာပြီး၊ဒီဇင်ဘာလတွင်  ဝင်ရောက်မှုများ သည့်အတွက် ဇီးသီးစျေးအနည်းငယ် ကျဆင်းသွားကြောင်း သိရပါတယ်။    ဇီးသီးစျေးကွက်အနေဖြင့်  အမျိုးအစားနှင့်အရွယ်အစားအလိုက် စျေးနှုန်းများကွာခြားမှုရှိပါတယ်။မန္တလေးဇီးသီးစျေးကွက်တွင်   ဒီဇင်ဘာလစတုတ္ထပတ်အတွင်း  ဖြစ်ပေါ်လျက်ရှိသော  စျေးများမှာ   ထိုင်ဝမ်ဇီးသီး(ခေါ်)  ဇီးကြက်ဥ အရွယ်အစားအလိုက် လက္ကားစျေး တစ်ဖာလျှင် ၂၂၀၀ဝိ/- နှင့် ၂၅၀၀ဝိ/- ၊အလုံးအရွယ်အစား အပေါ် မူတည်၍  လက်လီစျေးအနေဖြင့်  (၁၀)လုံးလျင် ၂၅၀ဝိ/-နှင့်၆၀၀ဝိ/- စျေး၊ ထိုင်ဝမ်ဇီးသီးအလုံးသေး (ပုလဲဖြူ) တစ်ပြည်လျင် လက်လီစျေး  ၂၀၀ဝိ/- နှင့် ၃၀၀ဝိ/- စျေး၊   ဒေသမျိုးအလုံးသေး ဇီးပဲလှော် တစ်ပြည်လျင်လက်လီစျေး   ၂၀၀ဝိ/- နှင့် ၂၅၀ဝိ/-  တို့ဖြင့်  ရောင်းချလျက်ရှိကြောင်း သစ်သီးရောင်း သည့်ဆိုင်ရှင်တစ်ဦး ၏ပြောပြချက်အရ သိရှိရပါတယ်။ 

 

                         DOCA(မန္တလေး)                                                                                

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်အတွင်းရှိ ပုဆိုးဈေးကွက်

       ကမ္ဘာကြီးတိုးတက်လာသည်နှင့်အမျှ စက်မှုကိရိယာများပိုမိုအသုံးပြုလာခြင်းကြောင့် အပူချိန် မြင့်တက်လာသောအခါ မြန်မာ့ရိုးရာချည်ထည်များကို အများအပြားဝတ်ဆင်လာကြပါသည်။ ထို့နည်းတူ အညာဒေသတွင်လည်း ဝယ်လိုအားလိုအပ်ချက်အရ လုပ်ငန်းများတွင် ကျယ်လာစေရန် လက်ယက္ကန်းများ နေရာတွင် စက်ယက္ကန်းများ အစားထိုးဝင်ရောက်ကာ ကျယ်ကျယ် ပြန့်ပြန့် လုပ်ကိုင်လာကြပါသည်။ အထည်ယက်လုပ်ရာတွင် လိုအပ်သောချည်အတွက် ပြည်ပမှဝင်ရောက် လာသောချည်များကိုနီးစပ်ရာမြို့ရှိ ကုန်သည်များထံမှ ပြန်လည်ဝယ်ယူ၍ ဆေးဆိုးခြင်း၊ ချည်စာ နင်းခြင်း၊ ချည်ချခြင်းနှင့် ယက္ကန်းချည်ခြင်း အစရှိသဖြင့် အဆင့်ဆင့်လုပ်ကိုင်ကြရာတွင်လည်း ယခင်ကလုပ်သား အင်အားကို အသုံးပြုကြသော်လည်း ယခုအခါတွင် စက်အစားထိုး လုပ်ကိုင် လာကြပါသည်။

       ထိုကဲ့သို့ ယောက်ျားဝတ် ပုဆိုးယက်လုပ် ကြရာတွင်အတိုင်ချည်(၄၀)ချည်ကို အသုံးပြု၍ အဖောက်ချည်အဖြစ် (၂၀) ချည် (ကပြား)နှင့် (၄၀) ချည်ကို အသုံးပြုကြသည်။ စက်ယက္ကန်း ပုဆိုးတစ်တန်းလျှင် အတိုင်ချည် (၁၂)ထုပ်၊ တစ်ထုပ်လျှင် အလိမ်(၄၀)၊ တစ်လိမ်လျှင်(၅)ခင် ပါဝင်ပြီး အတိုင်ချည်နှင့် အဖောက်ချည် ညီတူညီမျှ အသုံးပြုကြရသည်။ ယက္ကန်းတစ်ဆင်၏ အထွက်နှုန်းမှာ (၁၂) ထုပ်တန်း တစ်တန်းလျှင် ကွင်း(၄၀၀)ကျော် (၅၀၀) နီးပါးထွက်သည်ဟု လည်းသိရပါသည်။ အထည်ဈေးနှုန်းမှာ (၄၀x၄၀) ချည် တစ်ကွင်းလျှင် ကျပ်(၉၅၀၀)နှုန်းနှင့် (၄၀x၂၀)ချည် တစ်ကွင်းလျှင် (၆၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချကြောင်း ယခုအခါလျှပ်စစ်မီး အခက်အခဲများကြောင့် ယခင်ကာလများကဲ့သို့ မတွင်ကျယ်လှသော်လည်း မိမိတို့ဒေသအတွင်း သာမက နီးစပ်ရာဒေသများသို့လည်း ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)

 

မြန်မာ့လက်မှုအနုပညာများနှင့်ဆွဲဆောင်လျက်ရှိသော ပုဂံမြေ

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရှေ့ဟောင်းယဉ်ကျေးမှုအမွေအနှစ်များနှင့်ပြည့်နှက် လျက်ရှိသော ညောင်ဦးပုဂံဒေသသည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၆)ရက်နေ့တွင် ကမ္ဘာ့ ရှေးဟောင်းအမွေ အနှစ်အဖြစ် UNESCO စာရင်းဝင်ခဲ့ပြီး၊ ပုဂံဒေသသည် နှစ်ပေါင်း(၁၀၀၀) ကျော်ကြာ ရှေ့ဟောင်း စေတီပုထိုးများ၊ ကျောက်စာများနှင့် နံရံဆေးရေးပန်ချီများ၊ လက်မှုအနု ပညာပစ္စည်းများရှိရာ မြန်မာတို့၏ အသဲနှလုံးပင်ဖြစ်ပါသည်။

ပုဂံဒေသသည် ပြည်တွင်း၊ ပြည်ပ ခရီးသွားများဖြင့် အမြဲစည်ကားလျက်ရှိသော ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေကြီးတစ်ခုလည်းဖြစ်ပါသည်။ ပုဂံဒေသသို့ လာရောက်လည်ပတ် ကြသော ပြည်တွင်း၊ ပြည်ပခရီးသွားများသည် စေတီပုထိုးများကို ဖူးမျှော်ခြင်း၊ သမိုင်းကြောင်းများကို လေ့လာခြင်း၊ ဂူပုထိုးဘုရားများရှိ နံရံဆေးရေးပန်ချီကားများကို လေ့လာခြင်း၊ ဒေသထွက်ကုန်များ၊ အစားအသောက်များ၊ အမှတ်တရလက်ဆောင်ဝယ်ယူခြင်း၊ ပုဂံဒေသ အလှအပများကို ခံစားကြည့်ရှု့ကြသည့်အပြင် လက်မှုလုပ်ငန်းများဖြစ်သော ယွန်းထည်လုပ်ငန်း၊ ဝါးလက်မှုလုပ်ငန်း၊ ပန်ချီ၊ သဲပန်ချီလုပ်ငန်းနှင့်ပုဂံဒေသထွက် အဝတ်အထည်လုပ်ငန်းများကို လေ့လာကြပြီး အမှတ်တရဝယ်ယူလေ့ရှိကြသည်။

ပုဂံဒေသတွင် လက်မှုအနုပညာ ထွန်းကားရာဒေသဖြစ်သည့်အညီ ရိုးရာယွန်းထည် လုပ်ငန်း သည် အထင်ရှားဆုံးဖြစ်သည်။ ဝါးမှနှီးဖြာ၍ အဆင့်ဆင့်ထုတ်လုပ်ရသော ယွန်းပစ္စည်းများဖြစ်သည့် ဆွမ်းအုပ်၊ လက်ဖက်ဂျုတ်၊ ကွမ်းအစ်၊ ယွန်းချိုင့်၊ ယွန်းလင်ပန်း၊ ပန်းခြင်းများ၊ ပန်းအိုး၊ တစ်သျှူးဘောက်၊ ယွန်းသေတ္တာ၊ ဒေါင်းလန်း၊ ရေခွက် စသည့် လူသုံးကုန်ပစ္စည်းမြောက်များစွာနှင့် ယွန်းထည်ပစ္စည်းများ ထုတ်လုပ်ရောင်းချလျက်ရှိသည်။ ယွန်းထည်များကို ဒီဇိုင်းမျိုးစုံ၊ ဆိုဒ်မျိုးစုံဖြင့် ယွန်းဆေးကာလာ ရွှေဆေးများဖြင့်လည်း ထုတ်လုပ်လျက်ရှိရာ ခရီးသွားများအား ဆွဲဆောင်လျက်ရှိ ပါသည်။

ထိုအပြင် ဝါးထည်ပစ္စည်းများဖြစ်သည့် တစ်သျှူးဘောက်မျိုးစုံ၊ ဝါးနံရံကပ်နာရီနှင့် စားပွဲတင် မီးအိမ်များ၊ သစ်သီးထည့်ခြင်းဆိုဒ်စုံ၊ ဝါးအယ်လ်ဘမ်၊ ဝါးဒေါင်းလန်း၊ ဝါးသေတ္တာ၊ ဝါးဘုရားပန်းအိုး၊ ဝါးပလိုင်း၊ ဝါးဆွမ်းအုပ် စသည်တို့ကိုလည်း ထုတ်လုပ်ရောင်းချလျက် ရှိပါသည်။ ပန်းချီကားများ အနေဖြင့် ရေဆေးပန်းချီကားနှင့်သဲပန်းချီကားများ ရေးဆွဲရောင်းချ လျက်ရှိရာ ပုဂံရှု့ခင်းပုံ ပန်းချီကား၊ ဘုရားစေတီပုံပန်ချီကားများ၊ ဇာတ်နိပါတ်တော်ပန်းချီ ကားများ၊ စေတီပုထိုးများအတွင်း ရှိ ရေးဆွဲခဲ့သော ပန်းချီများကိုလည်း ပုံတူရေးဆွဲထားသည်မှာ လက်ရာမြောက်လှပါသည်။

ဘုရားဆင်းတုတော်များလည်း ထုတ်လုပ်ရောင်းချလျက်ရှိရာ ပြည်တွင်းခရီးခရီးသွားများ မှာလည်း ပုဂံဒေသထွက်ဆင်းတုတော်များကို ကိုးကွယ်ရန်ဝယ်ယူလျက်ရှိကြပါသည်။ ပုဂံဒေသို့ ရောက်ရှိလျှင် ပုဂံဒေသထွက်အဝတ်အထည်များဝတ်ဆင်၍ ပုဂံဘုရားများလှည့်လည်ဖူးမြှော်ကြ ရသည်မှာ ဧည့်သည်တော်များအတွက် ပျော်ရွှင်ကြည်နူးစေပြီး၊ ချမ်းမြေ့စွာသာယာစွာ ပုံရိပ်များကိုလည်းအမှတ်တရဓာတ်ပုံများရိုက်ကူး လျက်ရှိကြပါသည်။ ပုဂံဒေသ၏ ရှု့ခင်းများကို ရှု့ခင်းကြည့်တောင်ကုန်းများမှ တက်ရောက်ကြည့်ရှု့ ကြသည့်အပြင် Bollom စီး၍လည်း ပုဂံ၏ အလှတရားများကို ကြည့်ရှု့ကြသည်မှာလည်း ခရီးသွားများအား ဆွဲဆောင်လျက်ရှိပေသည်။

ရှေ့ဟောင်းအမွေအနှစ်များနှင့်အတူလက်မှုအနုပညာပစ္စည်းများ၊ ဒေသထွက်စားသောက် ကုန်များနှင့်ပြည့်နှက်လျက်ရှိသော ပုဂံဒေသ၏ ယခုကာလဆောင်းတွင်းပိုင်းတွင် ပြည်တွင်း ပြည်ပ ခရီးသွားများ များပြားစွာဝင်ရောက်လျက်ရှိပါသည်။

 DOCA(မန္တလေး)

 

“ပြင်ဦးလွင်ဒေသထွက်ကော်ဖီ”

          ကော်ဖီသီးနှံကို(၁၃)ရာစုတွင် အီသီရိုးပီးယားနိုင်ငံမှစတင်စိုက်ပျိုး၍ ယခုအခါ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း(၇၀)တွင်စိုက်ပျိုးကာ နိုင်ငံခြားဝင်ငွေများရရှိနေသော Export သီးနှံဖြစ် ကြောင်းလေ့လာတွေ့ရှိရပါသည်။ ကော်ဖီသီးနှံကို မြန်မာနိုင်ငံတွင် ၁၈၈၅ ခုနှစ်တွင်စတင်၍ စိုက်ပျိုးခဲ့ပြီး မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်၊မိုးကုတ်၊တောင်ကြီး၊ရွာငံ၊ဟဲဟိုး၊အောင်ပန်း၊ကရင် ပြည်နယ်၊ပဲခူးတိုင်း၊ဧရာဝတီတိုင်းတို့တွင်လည်း စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်းလေ့လာတွေ့ရ ပါသည်။ကော်ဖီသီးနှံအမျိုးအမည်(၅)မျိုးရှိရာ (၁)အာရေးဗီးကား ၊ (၂)ရိုဘက်စတာ၊ (၃)လိုင်ဖရီက၊ (၄)အရော့အင်ဒီးနီ၊(၅)အိတ်ဆယ်ဆာဟူ၍ ခွဲခြားသိရပြီး ကုန်းမြင့်ကော်ဖီနှင့်မြေနိမ့်ကော်ဖီဟူ၍ ခွဲခြားစိုက်ပျိုးကြပါသည်။ကုန်းမြင့်ကော်ဖီမှာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၀၀၀ တွင် စိုက်ပျိုးဖြစ်ထွန်းပြီး ကုန်းနိမ့်ကော်ဖီမှာ ပြင်လယ်ရေမျက်နှာပြင် ပေ ၂၀၀၀ တွင်သာ စိုက်ပျိုးနိုင် ကြောင်းသိရှိရပါသည်။ ပြင်ဦးလွင်မြို့နယ်သည် ပင်လယ်ရေမျက်နှာပြင် ပေ ၃၀၀၀ ကျော်တွင် တည်ရှိသောကြောင့် ကုန်းမြင့်ကော်ဖီဖြစ်သော အာရေးဗီးကားကော်ဖီတစ်မျိုးတည်းသာ အဓိက ထား၍စိုက်ပျိုးပါသည်။ ယခု ၂၀၂၄ ခုနှစ်အထိ စိုက်ဧက(၁၀၃၇၈)စိုက်ပျိုးထားပြီး အသီးခူးဆွတ် နိုင်မှုဧကမှာ(၁၉၃၀)ရှိပြီး အထွက်နှုန်း(၁)ဧကလျှင် (၁၅၀-၈၅)ပိဿာ ထွက်ရှိ၍ အထွက်စုစုပေါင်း ဧက(၁၉၃၀)နှင့်တွက်လျှင်(၂၉၁၁၉၀)ပိဿာထွက်ရှိပါသည်။ ယခုဖော်ပြပါ အထွက်ပိဿာများ သည် ခူးဆွတ်ချိန် အစိုသီး၏ ပိဿာချိန်များဖြစ်ပါသည်။ ကော်ဖီသီးနှံကို စတင်စိုက်ပျိုးချိန်မှာ မေ၊ဇွန်၊ဇူလိုင်လများတွင် စတင်စိုက်ပျိုးနိုင်ပြီး အသီးခူးဆွတ်ချိန်ဇယားများမှာ နိုဝင်ဘာ၊ဒီဇင်ဘာ၊ ဇန်နဝါရီလများတွင်ခူးဆွတ်ကြပါသည်။စတင်စိုက်ပျိုးချိန်မှ သက်တမ်း(၃)နှစ်ကြာလျှင် အသီးများ စတင်ခူးဆွတ်နိုင်မည်ဖြစ်ပါသည် ။ ကော်ဖီစတင်စိုက်ပျိုးမည်ဆိုပါက အရေးကြီးဆုံးအချက်မှာ ကော်ဖီပင်သည် ဆီးနှင်းကိုကြောက်သော အပင်အမျိုးဖြစ်သောကြောင့် အရိပ်ရပင်ကြီးမျိုးဖြစ် သော ခါတော်မှီ၊ ဒညင်းသီး၊ ပိန္နဲ စသည့်နှစ်ရှည်ပင်များစိုက်ပျိုးပြီးမှ ကော်ဖီပင်ကိုစိုက်ပျိုးရ ကြောင်းလေ့လာတွေ့ရှိရပါသည်။ စိုက်စနစ်မှ ပင်ခြား၊တန်းခြား(၄’×၄’)စိုက်ပျိုးနိုင်ပြီး (၁)ဧကတွင် အပင်ရေ(၁၃၆၀)စိုက်ပျိုးနိုင်ပါသည်။ (၁)ဧက ကုန်ကျစရိတ်မှာ ကျပ်သိန်း(၆၀-၈၀)ကုန်ကျ ကြောင်းသိရှိရပါသည်။ယခုသီးနှံထွက်ပေါ်ချိန်တွင် တောင်ကြီး၊ရွာငံ၊ကလော၊ပြင်ဦးလွင် ပွဲစား ဝယ်လက်များမှ ကော်ဖီသီးအစို တစ်ပိဿာလျှင် (၄၂၀၀/-)ကျပ်ဖြင့် ဝယ်ယူနေပြီး ဖေဖော်ဝါရီလ တွင် (၄၈၀၀-၅၀၀၀)စျေးထိ ရောက်ရှိနိုင်ကြောင်း သိရှိရပြီး ကော်ဖီကုန်ချောအနေဖြင့် လှော်စေ့ မရွလျှင်(၃၅၀၀၀-၃၇၀၀၀)ကျပ်၊ ကော်ဖီမှုန့် (G1) 1kg (၃၅၀၀၀/-)၊ ကော်ဖီမှုန့် (G2) 1kg (၃၀၀၀၀/-)၊( 3 in 1 ) ၁၀ထုတ်ပါ(၉၅၀၀/-) အသင့်သောက် အထုပ်သေးတစ်ထုပ်လျှင် (၅၅၀-၆၀၀)ကျပ်ဖြင့် ပြင်ဦးလွင်မြို့ပေါ်ရှိ ဆိုင်များတွင်ရောင်းချလျှက်ရှိ ပါသည်။

DOCA(မန္တလေး)

 

ထားဝယ်မြို့တွင် မုန့်ညှင်းရွက်များတစ်ပိုင်တစ်နိုင် စိုက်ပျိုး၍ မိသားစုဝင်ငွေရရှိ

      မုန့်ညှင်းပင်ကို ဟင်းသီးဟင်းရွက်အဖြစ် လူသိများကြပြီး ဝါတွင်းကာလ မြန်မာပြည်တွင် ဒေသမရွေး စိုက်ပျိုးနိုင်သည်။‌အေးသောဒေသကိုပို၍ နှစ်သက်သည်။မုန့်ညှင်းရွက်ကို ကြော်၊ လှော်၊ ချက်၊ ပြုတ်စားသုံးရာတွင် အခြားသော သားငါး၊ အသီးအရွက်တို့နှင့် ရော၍လည်း စားသုံးနိုင် သည်။မုန့်ညှင်းချဥ်သည်  မြန်မာလူမျိုးများတို့ အထူးနှစ်သက်သော တို့စရာထဲတွင်ပါဝင်သည်။

      မုန့်ညှင်းရွက်သည် မြေမရွေးသော်လည်း မြေဆီသြဇာ ပြည့်စုံမှုရှိရန် အထူးအရေးကြီးသည်။ ‌မြေညံ့ပါက နောက်ချေး၊ မြေဆွေးများများ ထည့်ပေးရန်လိုသည်။ရေမဝပ်သောမြေဖြစ်ပါက ပို၍သင့် တော်သည်။မိုးနည်းသောအချိန်ကို ရွေးစိုက်နိုင်မှသာလျှင် ရောဂါကျခြင်းမှ ကာကွာနိုင်သည်။မစိုက် ပျိုးမီ (၃/၄)ပတ်အလိုတွင် မြေပြုပြင်ရန်လိုသည်။မြေမပြင်မီ နွားချေးနှင့် မြေဆွေးချပြီးမှ ထွန်ထယ် ဝင့် သင့်သည်။ရေဝပ်ပါက ဘောင်တင်၍ စိုက်သင့်သည်။မုန့်ညှင်းကို မြန်မာပြည်တွင် မေလမှ ဒီဇင်ဘာလအထိ စိုက်ပျိုးနိုင်သည်။စိုက်ချိန်တွင် မြေအစိုဓါတ်လုံလောက်စွာ ရရှိနေရန် အရေးကြီး သည်။စိုက်ပြီး (၂၅-၃၀)ရက်ကြာသော် မုန့်ညှင်းရွက်များကို စားသုံးနိုင်ပြီးဖြစ်သည်။

          တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ၊ ကမ်းနားပျံကျစျေးတွင် ရောင်းချနေသော ကုန်စိမ်း သည်များထံမှ မုန့်ညှင်းစျေးနှုန်း (၅၀၀-၇၀၀)ကျပ် ရှိကြောင်း သိရှိရသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း