ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီးအတွင်းရှိ ပန်းဂေါ်ဖီဈေးနှုန်း၊ ဈေးကွက်အခြေအနေ

         ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပုသိမ်မြို့၊ ရေကြည်မြို့၊ ဟင်္သာတခရိုင်အတွင်းရှိမြို့နယ် များတွင် မိုးအကုန်ဆောင်းရာသီရောက်ချိန်တွင် ပန်းဂေါ်ဖီ(ခေါ်)ပန်းဖူးများစတင်၍ ဈေးကွက်အတွင်း သို့ ရောက်ရှိလာနေပြီးဖြစ်ပါသည်။ အပွင့်အမျိုးအစားနှစ်မျိုးရှိပြီး၊ သက်လျင်မျိုးသည် စိုက်ပျိုးချိန်မှ ဆွတ်ခူးချိန်ထိ ရက်(၉၀)ကြာမြင့်၍ စက်တင်ဘာလ၊ အောက်တိုဘာလများတွင် စတင်စိုက်ပျိုးကြပြီး အပွင့်အရွယ် သေးငယ်ပြီး ကျစ်လစ်ပါသည်။ မြေပြန့်တွင် အများဆုံစိုက်ပျိုးကြပါသည်။

          သက်ကြီးမျိုးသည် စိုက်ပျိုးချိန်မှ ဆွတ်ခူးချိန်ထိ ရက်(၁၂၀)ကြာမြင့်ပြီး၊ ဧပြီလ၊မေ၊ စက်တင် ဘာလ၊ အောက်တိုဘာလများတွင် စိုက်ပျိုးကြပြီး၊ အပွင့်အရွယ် ကြီးမားပါသည်။ တောင်ပေါ်ဒေသတွင် အစိုက်များကြပါသည်။

          ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသော ပန်းဂေါ်ဖီဈေးနှုန်းသည် ပန်းပွင့်အကြီးအသေး ပေါ်မူတည်၍ လက်ကားဈေးနှုန်းသည်(၉ဝဝိ/-၁၅ဝဝိ/-)ရှိပြီး၊ လက်လီဈေးနှုန်းအနေဖြင့် (လက်လီ ၁၅ဝဝိ/-၂၅ဝဝိ/-)ဈေးဖြင့် ရောင်းချနေကြပါသည်။ တောင်ပေါ်ဒေသမှထွက်ရှိသော ပန်းဂေါ်ဖီဈေးနှုန်း မှာ လက်လီ/လက်ကားဈေးနှုန်းအနေဖြင့် (၁၅ဝဝိ/-၂၅ဝဝိ/-)ဈေးရှိပြီး၊ ဈေးကွက်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးမှ လက်လီဈေးနှုန်းအနေဖြင့်ပန်းဂေါ်ဖီများ လှိုင်လှိုင်ထွက်ရှိလာသည့်အတွက် တောင်ပေါ်ဒေသမှ ထွက်ရှိသော ပန်းဂေါ်ဖီဈေးကွက်မှာ အရောင်းအဝယ်အေးလျက်ရှိပါကြောင်း သိရှိရ ပါသည်။

DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီး ပြည်ပပို့ကုန်ငါးရှဉ့်ဈေးကွက်

      ဧရာဝတီတိုင်းဒေသကြီးအတွင်း ချောင်း၊ မြောင်း ၊ အင်းအိုင်များမှ သဘာဝအတိုင်း ရှာဖွေဖမ်းဆီးပြီး ပြည်တွင်း၊ပြည်ပဈေးကွက် အရောင်းအဝယ်ဖြစ်နေသည့် ငါးရှဉ့်များကို ပြည်ပ သို့ နှစ်ပတ်လည်တင်ပို့ရောင်းချမှုရှိပြီး အဓိက ရန်ကုန်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း   ဈေးကွက်မှသိရသည်။

          ငါးရှဉ့်များကို ဇွန်လမှ အောက်တိုဘာလအထိ မိုးရာသီဈေးကွက်မှာ တင်ပို့မှုများ၍ ဒီဇင်ဘာလနောက်ပိုင်း ငါးရှဉ့်အဝင် နည်းသွားကြောင်းနှင့် ငါးရှဉ့်မျိုးများကို ထိန်းသိမ်းရန် ငါးလုပ်ငန်းဦးစီးဌာနမှ (၅) စင်တီမီတာ လုံးပတ် အထက်သာဖမ်းဆီးတင်ပို့ရောင်းချ ခွင့်ပြု ကြောင်း သိရသည်။ ပုသိမ်ဈေးကွက်မှပြည်ပတင်ပို့သော ငါးရှဉ့်များမှာ ပါးနီ၊ပါးမွှား (၂)မျိုးသာ Export  ‌ဈေးကွက်သို့ တင်ပို့လျက်ရှိပြီး ငါးရှဉ့်တွင် ကျန်းမာရေးအတွက် ပရိုတင်းဓာတ် ကြွယ်ဝလျက် အာရုံကြောကောင်းမွန်၍ သတ္တုဓာတ်နှင့် ဗီတာမင်ဓာတ်တွေလည်းပါဝင်ပြီး သံဓာတ်များ လည်းပါဝင်ကြောင်း သံဓာတ်လုံလောက်မှုမရှိရင် ခန္ဓာကိုယ်ထဲမှာ သွေးနီဥနည်းပါး၍ ခေါင်းမူး၊ ခေါင်းကိုက်အားနည်းတာတွေဖြစ်နိုင်ကြောင်း ၎င်းအပြင် နွားနို့ ၊ ဒိန်ချဉ်တို့လို အရိုးကိုသန်မာ စေသော phosphorus ဓာတ်များပါဝင်ပြီး သွေးအားကောင်း၍ ငါးရှဉ့်ကို ပြည်တွင်း စားသောက်ဆိုင်များနှင့် ဟိုတယ်စာအဖြစ် စားသုံးလျက်ရှိကြောင်း ဈေးကွက်မှသိရသည်။

          ပုသိမ်မြို့ပေါ်အဝယ်ဒိုင်သို့ ပုသိမ်မြို့နယ်၊ သာပေါင်းမြို့နယ်၊ ငပုတောမြို့နယ်များရှိ ကျေးရွာများမှ အဝယ်ဒိုင်သို့ အဓိကလာရောက်ရောင်းချလျက်ရှိပြီး အကောင်အကြီး၊ အသေး ပေါ်မူတည်၍ (၁)ပိဿာလျှင် (၁၂၀၀၀/၁၄၀၀၀)ကျပ် ဈေးဖြင့်ဝယ်ယူလျက်ဝယ်ယူထားသော ငါးရှဉ့် များကို ရေနှစ်ထပ်၊သုံးထပ် လဲလှယ်၍ ငါးရှဉ့်အသေးများကို ဖယ်ပြီးဖာ့ပုံး၊ ပလပ်စတစ်ပုံးများကို ၂၀/၂၅ပိဿာ ထည့်သွင်း၍ ရန်ကုန်မြို့ရှိစံပြဈေး၊ လှိုင်သာယာဈေးနှင့်အင်းစိန်မြို့နယ် ကြို့ကုန်း ငါးရှဉ့် အဝယ်ဒိုင်များသို့ တင်ပို့လျက် ရန်ကုန်မှတဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချ လျက်ရှိကြောင်း ပုသိမ်မြို့ ငါးရှဉ့်လုပ်ငန်းရှင် ဦးစိုးနိုင်ထံမှသိရသည်။

          ဧရာဝတီတိုင်းဒေသကြီးအတွင်း နိုဝင်ဘာလတွင် ငါးရှဉ့်ပိဿာချိန် (၈၄၃၅) တင်ပို့ နိုင်ခဲ့ပြီး ဒီဇင်ဘာလတွင် ငါးရှဉ့်ပိဿာချိန် (၉၀၀၀) ယခင်လတွင် ပိဿာချိန် (၅၆၅) ပိုမိုတင်ပို့ နိုင်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

              

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့နယ်၊ ရွာသစ်ကျေးရွာအတွင်းရှိ ကွမ်းရွက်ဈေးနှုန်း

      ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်း ကွမ်းရွက် ဈေးနှုန်းမြှင့်တက်လျှက်ရှိပြီး ဈေးနှုန်းများအနေဖြင့် ယခင်အပတ်က (၇-၁၂-၂၀၂၄) ရက်နေ့တွင် ကွမ်းရွက်လက္ကားဈေးနှုန်း တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်နှင့် လက်လီဈေးနှုန်း တစ်ပိဿာလျှင် (၂၅၀၀၀) ကျပ်ဖြစ်ပြီး (၁၈-၁၂-၂၀၂၄) ရက်နေ့တွင် လက္ကားဈေးနှုန်း တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်နှင့် လက်လီဈေးနှုန်း တစ်ပိဿာ လျှင် (၂၀၀၀၀) ကျပ်တို့ဖြင့် ရောင်းချရပါသည်။

       ပုသိမ်မြို့နယ်အတွင်း ဖြစ်ပေါ်နေသော ဒီဇင်ဘာလ ပထမပတ်နှင့် ဒီဇင်ဘာလ တတိယ ပတ် ဈေးနှုန်းနှိုင်းယှဉ်ခြင်းအားဖြင့် ပုသိမ်မြို့နယ်အတွင်း ကွမ်းရွက်ဈေးနှုန်း အနည်းငယ် ကျဆင်းလျှက် ရှိပါသည်။     

DOCA(ဧရာဝတီ)

ဂန့်ဂေါမြို့နယ်တွင် ထောပတ်ပဲစိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

       မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ထောပတ်ပဲ စိုက်ပျိုး ဧက(၂၅၀၀)ကျော်ရှိပြီး ယခုအချိန်တွင် ထောပတ်ပဲများ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်လျက်ရှိပါ သည်။ ထောပတ်ပဲစိုက်ပျိုးမှုမှာ သီတင်းကျွတ်လပြည့်ကျော်တွင် စတင်စိုက်ပျိုးကြပြီး စိုက်ပျိုးမှုအနေ ဖြင့် ပင်ပြန့်မျိုးများကိုသာ အများဆုံးစိုက်ပျိုးကာ ပင်ကြားတစ်ပေနှင့်တန်းကြား(၄)ပေထား၍ စိုက်ပျိုးကြ ကြောင်း၊ တစ်ဧကလျှင် မျိုးသုံးစွဲမှုမှာ တစ်တင်းခန့် စိုက်ပျိုးကြကြောင်း သိရသည်။

          ထောပတ်ပဲကို စိုက်ပျိုးပြီး (၂)လအကြာတွင် အပွင့်နှင့်အသီးများ စတင်သီးကြောင်း၊ ပန်းပွင့်များ ဖြိုင်ဖြိုင်ပွင့်ချိန်တွင် ပုလဲနှင့် ရွက်ဖျန်းဆေးတို့ရောစပ်၍ အသုံးပြုကြကြောင်း၊ ထောပတ်ပဲတစ်ဧက စိုက် ပျိုးမှုကုန်ကျစရိတ်မှာ တစ်ဧလျှင် မျိုးစေ့တစ်တင်းလျှင် ကျပ်(၂၀၀၀၀၀)၊ လုပ်သားခတစ်ဧလျှင် ကျပ်(၃၆၀၀၀၀)၊ စိုက်ပျိုးခတစ်ဧက ကျပ်(၃၅၀၀၀)၊ တစ်ဧကလျှင်သွင်းအားစု ကျပ်(၈၀၀၀၀)၊ တစ်ဧက လျှင် ရိတ်သိမ်းခ ကျပ်(၁၅၀၀၀၀)၊ တစ်ဧကလျှင်ပေါင်းထိုးခ ကျပ်(၁၀၀၀၀၀)၊ စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်(၉၂၀၀၀၀)ခန့် ကုန်ကျကြောင်း၊ တစ်ဧကအထွက်နှုန်းအနေဖြင့် မြေကောင်းလျှင် တင်း(၂၅ မှ ၃၀) ထိ ထွက်ရှိကြောင်း  စိုက်ပျိုးတောင်သူများထံမှ သိရှိရပါသည်။

          ထောပတ်ပဲဈေးနှုန်းဈေးကွက်အနေဖြင့် ပခုက္ကူမြို့ပေါ်၌ ဖြစ်ပေါ်နေသော ထောပတ်ပဲဈေးမှာ တစ်တင်းလျှင် ကျပ်(၈၅၀၀၀ မှ ၁၀၀၀၀၀)ဖြစ်ပြီး ထောပတ်ပဲအဟောင်းများကိုသာ မြန်မာပြည် အောက်ပိုင်းသို့ တင်ပို့လျက်ရှိကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

အစေ့ထုတ်ပြောင်း (CP) စိုက်ပျိုး ဝင်ငွေတိုး

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်း မိုးသီးနှံများဖြစ်သည့် ပဲစဉ်းငုံ၊ မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ မတ်ပဲနှင့် အစေ့ ထုတ်ပြောင်း CP သီးနှံများကို အများအပြားစိုက်ပျိုးလျှက်ရှိပါသည်။ ရေစကြိုမြို့နယ်တွင် မိဖုရား၊ မဲကုန်း၊ ကိုင်း၊ နန်းဦး၊ ရေရှား၊ ကံဦးနှင့် ငတရော်ကျေးရွာများတွင် ယခင်နှစ်က  ဧက (၅၀၀)ခန့် စိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် ဧက(၃၀၀)ခန့်သာ စိုက်ပျိုးကြကြောင်း သိရ သည်။ အများဆုံးစိုက်ပျိုးသည့် CP မျိုးများမှာ 722 ၊ 808 နှင့် 339 မျိုးများဖြစ်ကြောင်း၊ ဩဂုတ်လနှင့် စက်တင်ဘာလများမှာ စတင်စိုက်ပျိုးကြပြီး (၁)ဧကစိုက်ပျိုးကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ ထွန်ယက်ခ၊ ရိတ်သိမ်းချွေလှေ့ခအပါအဝင် စုစုပေါင်းကုန်ကျစရိတ်အနေဖြင့် ကျပ် (၁၅) သိန်းခန့် ကုန်ကျ ကြောင်း သိရသည်။

         အစေ့ထုတ်ပြောင်း CP (၁)ဧကထွက်ရှိမှုအနေဖြင့် သွင်းအားစုသုံးစွဲမှုအပေါ်မှုတည်၍ အထွက် တင်းများ ကွာခြားလျှက်ရှိပြီး (၁)ဧကလျှင် အထွက်တင်း (၇၅) မှ (၁၀၀) တင်းခန့် ထွက်ရှိကြောင်း၊ လက်ရှိဈေးနှုန်းအနေဖြင့် ရေစကြိုမြို့နယ်တွင် အစေ့ထုတ်ပြောင်း CP (၁)တင်းလျှင် ကျပ်(၂၇၀၀၀) ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အစေ့ထုတ်ပြောင်း CP စိုက် တောင်သူများအနေဖြင့် (၁)ဧက အကျိုးအမြတ် ကျပ်(၁၀)သိန်းခန့်ရရှိကြောင်း အစေ့ထုတ်ပြောင်းစိုက်တောင်သူတစ်ဦးထံမှ သိရှိရ ပါသည်။

DOCA(မကွေး)

ရေစကြိုမြို့နယ်အတွင်း မတ်ပဲဈေးကောင်း၍ တောင်သူများအကျိုးအမြတ်ရရှိ

        မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်း မိုးသီးနှံများဖြစ်သည့် ပဲစဉ်းငုံ၊ မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ CP ပြောင်းဖူးစေ့ နှင့် မတ်ပဲ သီးနှံများကို အများအပြား စိုက်ပျိုးလျှက်ရှိပါသည်။ ရေစကြိုမြို့နယ်အတွင်း ဖြတ်သန်း စီးဆင်းနေသည့် ချင်းတွင်းမြစ်၏ အရှေ့ဘက်နှင့် အနောက်ဘက်ရှိ ကျေးရွာများတွင် မြစ်ရေကျချိန် ဩဂုတ်လနှင့် စက်တင်ဘာလများမှာ စတင်စိုက်ပျိုးကြပါသည်။ (၁)ဧက စိုက်ပျိုးကုန်ကျစရိတ်အနေ ဖြင့် မျိုး၊သွင်းအားစု၊ထွန်ယက်ခ၊ရိတ်သိမ်းချွေလှေ့ခ စုစုပေါင်းကုန်ကျစရိတ် အနေဖြင့် ကျပ်(၈)သိန်းမှ ကျပ်(၉)သိန်းခန့်ကုန်ကျကြောင်း သိရသည်။

         မတ်ပဲ(၁)ဧကထွက်ရှိမှုအနေဖြင့် ရာသီဥတုအခြေအနေအပေါ်မှုတည်၍ အထွက်တင်းများ ကွာခြားလျှက်ရှိပြီး ယခုနှစ်အနေဖြင့် ရာသီဥတုအခြေအနေကောင်းသောကြောင့် အထွက်တင်း(၂၀) မှ (၂၅)တင်းခန့် ထွက်ရှိကြောင်း၊ ဒီဇင်ဘာလတွင် စတင်ရိတ်သိမ်းလျက်ရှိပြီး ဇန်နဝါရီလတွင် လှိုင်လှိုင် ထွက်ရှိမည်ဖြစ်ပါကြောင်း၊ လက်ရှိဈေးနှုန်းအနေဖြင့် ရေစကြိုမြို့နယ်တွင် မတ်ပဲ (၁)တင်းလျှင် ကျပ် (၁)သိန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး မတ်ပဲစိုက်တောင်သူများအနေဖြင့် (၁)ဧက အကျိုးအမြတ် ကျပ်(၁၃)သိန်းခန့်ရရှိကြောင်း၊ ယခုနှစ်တွင် မတ်ပဲစိုက်တောင်သူများမှာ  အကျိုးအမြတ်များရရှိပြီး တွက်ခြေကိုက်သည့်အတွက် မိုးမတ်ပဲသီးနှံများရိတ်သိမ်းပြီးလျှင် နွေမတ်ပဲသီးနှံများကို ဖေဖော်ဝါရီ လတွင် ပြန်လည်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မတ်ပဲစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မ‌ကွေး)

ပခုက္ကူမြို့၊ စည်ပင်သာယာဈေးနှင့် အမှတ်(၂)ဈေးတို့တွင် အာလူးဈေးမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်နေ

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့ ကုန်စိမ်းသီးနှံဈေးကွက်သို့ နေ့စဉ် ရှမ်းပြည်နယ်၊ အောင်ပန်းနှင့် ပေါက်မြို့နယ်ထွက် အာလူးများ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ အာလူးကို စားဖိုဆောင်သီးနှံအဖြစ် စားသုံးမှုများကြသည့်အပြင် ဒေသတွင်းအာလူးကြော် လုပ်ငန်းများ ကလည်း ထုတ်လုပ်ရောင်းချမှုရှိသည့်အတွက် အာလူးသီးနှံမှာ အရောင်းအဝယ်ကောင်းလျက်ရှိကြောင်း ဈေးကွက်မှသိရှိရသည်။

         ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(စတုတ္ထပတ်)တွင် အာလူးအလုံးအရွယ်အစားနှင့် အရည်အသွေးကို လိုက်၍ အာလူးတစ်ပိဿာလျှင် ကျပ်(၁၀၀၀၀-၇၀၀၀-၆၀၀၀)၊ ရှမ်းပြည်နယ်(အောင်ပန်း)အာလူး တစ်ပိဿာလျှင် ကျပ်(၉၅၀၀-၇၀၀၀-၅၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခင်နိုဝင်ဘာလ (စတုတ္ထပတ်) ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက တစ်လအတွင်း အာလူးတစ်ပိဿာလျှင် ကျပ်(၁၀၀၀)ခန့် ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဒေသတွင်း နယ်မြေအခြေအနေနှင့် စက်သုံးဆီဈေး ကြီးမြင့်၍ သယ်ယူစရိတ် မြင့်မားမှုကြောင့် ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မ‌ကွေး)

ပခုက္ကူပဲဈေးကွက်၌ ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်နေသည့်ကုလားပဲ

        မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့သည် ပဲမျိုးစုံ အရောင်းအဝယ်ဖြစ်လျက်ရှိသော မြို့တစ်မြို့ဖြစ်သည်။ ပခုက္ကူဈေးကွက်သို့ ဆီထွက်သီးနှံ မြေပဲ၊ နှမ်းနှင့် ပဲမျိုးစုံ အရောင်းအဝယ်ဖြစ် လျက်ရှိရာ ပြည်တွင်းစားသုံးမှုမြင့်မားလျက်ရှိသော ကုလားပဲသီးနှံလည်း နေ့စဉ်ဈေးကွက်သို့ ဝင်ရောက် ၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပခုက္ကူဈေးကွက်သို့ ကုလားပဲသီးနှံစိုက်ပျိုးရာဒေသများဖြစ်သော ပခုက္ကူမြို့နယ်အတွင်းရှိကျေးရွာများ၊ မြစ်ခြေ၊ ကမ္မ၊ မြိုင်၊ ရေစကြိုမြို့နယ်တွင်းရှိ ကျေးရွာများမှ အများဆုံးဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။ ယခုကုလားပဲစိုက်ပျိုးချိန်ရာသီဖြစ်၍ သီးနှံအဟောင်း များသာ ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

          သီးနှံဈေးကွက်အနေဖြင့် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(စတုတ္ထပတ်)တွင် ကုလားပဲ(V2) တစ်တင်းလျှင် ကျပ်(၉၈၀၀၀)၊ ကုလားပဲ(HL)တစ်တင်းလျှင် ကျပ်(၁၀၁၀၀၀)၊ ကုလားပဲ(V6)တစ်တင်းလျှင် ကျပ် (၉၂၅၀၀)၊ ကုလားပဲ(929)တစ်တင်းလျှင် ကျပ်(၉၅၀၀၀)၊ ယခင်နိုဝင်ဘာ(စတုတ္ထပတ်)နှင့် ဈေးနှုန်း နှိုင်းယှဉ်ပါက ကုလားပဲဈေးကွက် အရောင်းအဝယ်အေးပြီး ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ ပခုက္ကူဈေးကွက်သို့ ဝင်ရောက်သည့် ကုလားပဲများကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြုပြင်ထုတ်လုပ် လျက်ရှိသော မြို့ပေါ်ရှိ ပဲခွဲစက်လုပ်ငန်းရှင်များ၊ ပဲကြော်/ပဲမုန့် (အစိမ်း/အကျက်) ထုတ်လုပ်သော လုပ်ငန်းရှင်များမှ ဝယ်ယူမှု များကြောင်း၊  ယခုအချိန်ပခုက္ကူပဲဈေးကွက်တွင် ပဲလက်ကျန်နည်းကြောင်း၊ လာမည့်ဖေဖော်ဝါရီလဆန်းပိုင်းတွင် ကုလားပဲသီးနှံများ လှိုင်လှိုင်ရိတ်သိမ်းမည်ဖြစ်၍ ဈေးကွက်သို့ ကုလားပဲအသစ်များ ဝင်ရောက်မည်ဖြစ်ကြောင်း၊ ကုလားပဲသီးနှံသည် ကျန်းမာရေးနှင့်ညီညွတ်ခြင်း ကြောင့် ပြည်တွင်းစားသုံးမှုများ၍ အရောင်းအဝယ်သွက်ကြောင်း မြို့ပေါ်ရှိ ပဲရောင်းဝယ်ရေးလုပ်ငန်းရှင် တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့၏ ခရမ်းချဉ်သီးဈေးနှုန်းဈေးကွက်

        မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်ရှိ ခရမ်းချဉ်သီးဈေးကွက်သို့ ရှမ်းပြည်နယ် အောင်ပန်းနှင့် ပုပ္ပါးဒေသထွက် ခရမ်းချဉ်သီးများ နေ့စဉ်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ထိုင်ဝမ်ခရမ်းချဉ်သီး မျိုးများ အများဆုံးဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။ ဗမာခရမ်းချဉ်သီးမှာ အခွံပါးပြီး အနှစ်များ သော်လည်း တာရှည်အထားခံမှုမရှိ၍ ဈေးကွက်အတွင်း၌ ဝယ်ယူစားသုံးမှု နည်းခြင်းကြောင့် တောင်သူစိုက်ပျိုးမှုနည်း၍ ဈေးကွက်သို့ ဝင်ရောက်မှုနည်းကြောင်း၊ ထိုင်ဝမ်ခရမ်းချဉ်သီးမျိုးမှာ အခွံထူပြီး အထားခံ၍ အလုံးလှသည့်အပြင် အချဉ်ဓါတ်ပါဝင်မှုနည်းခြင်းကြောင့် ဝယ်ယူစားသုံးမှုများကြောင်း သိရှိရသည်။

       ခရမ်းချဉ်သီးဈေးကွက်အနေဖြင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(စတုတ္ထပတ်)မှစ၍ ခရမ်းချဉ်သီး ဈေးနှုန်း ပြန်လည်မြင့်တက် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ထိုင်ဝမ်ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ်(၈၀၀၀-၇၀၀၀-၆၀၀၀) အမြင့်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဒေသတွင်း ခရမ်းချဉ် စိုက်ပျိုးထားရှိသောစိုက်ခင်းများမှ ခရမ်းချဉ်သီးထွက်ရှိမှုနည်း၍ ဈေးကွက်သို့ ကုန်ဝင်ရောက်မှု နည်းခြင်းနှင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် သယ်ယူစရိတ်ကြီးမြင့်၍ ဈေးတက်ရ ခြင်းဖြစ်ကြောင်း၊ ဒီဇင်ဘာလ(တတိယပတ်)နှင့်နှိုင်းယှဉ်ပါက ကျပ်(၁၀၀၀)ခန့် ဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပခုက္ကူမြို့ ကုန်စိမ်းသီးနှံ ရောင်းဝယ်ရေးဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့၌ ခေါက်ဆွဲခြောက်ဈေးနှုန်း အနည်းငယ်ကျဆင်း

        မကွေးတိုင်းဒေသကြီး၊ ပခုက္ကူဈေးကွက်သို့ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ခေါက်ဆွဲခြောက် ထုတ်လုပ်သည့် စက်ရုံများမှ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

        ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(စတုတ္ထပတ်)တွင် ခေါက်ဆွဲခြောက်ထုပ်များ ဈေးကျဆင်း၍ အရောင်း အဝယ် ဖြစ်လျက်ရှိကြောင်း၊ ခေါက်ဆွဲတွင် အဝါရောင်နှင့် အဖြူရောင် နှစ်မျိုးရှိကြောင်း၊ ရောင်းချရာတွင် ခေါက်ဆွဲသား အကောင်းနှင့် စက်ကျအကျိုးအကြေနှစ်မျိုး ခွဲခြားပြီး ရောင်းချကြောင်း၊ ရွှေဒင်္ဂါးအဝါရောင် ခေါက်ဆွဲခြောက် တစ်စီးလျှင် ကျပ်(၈၅၀)၊ (၂၅)ထုပ်ပါ အစီးတစ်စီးလျှင် ကျပ် (၂၀၅၀၀)၊ ခေါက်ဆွဲကျိုး စက်ကျ တစ်ပိဿာလျှင် ကျပ်(၆၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ စွမ်းထက် ခေါက်ဆွဲဖြူတစ်ပိဿာလျှင် ကျပ်(၇၂၀၀)၊ ခေါက်ဆွဲကျိုးစက်ကျ တစ်ပိဿာလျှင် ကျပ်(၅၅၀၀)၊ ခေါက်ဆွဲအလုံးစည်း တစ်စည်းလျှင် ကျပ်(၇၀၀) အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင် နိုဝင်ဘာလ(စတုတ္ထပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ရမည်ဆိုလျှင် တစ်လအတွင်း ခေါက်ဆွဲခြောက်အထုပ် ကြီးတစ်ထုပ်လျှင် ကျပ်(၅၀၀)ခန့် ဈေးနှုန်းကျဆင်းကြောင်း၊ ဈေးနှုန်းကျဆင်းရခြင်းမှာ ကုန်ကြမ်း ဂျုံသီးနှံ ဈေးနှုန်းကျဆင်းခြင်းမရှိသော်လည်း လုပ်ငန်းရှင်များမှာ ကုန်ပစ္စည်းလက်ကျန် နည်းစေရန် အတွက် ဈေးလျှော့၍ ရောင်းချသော်လည်း နယ်မြေအခြေအနေအရ မြိုင်၊ ရေစကြို၊ ပေါက်ဒေသများမှ ပခုက္ကူမြို့ပေါ်သို့ ကုန်ကားဝင်ရောက်မှုနည်း၍ အရောင်းအဝယ်အေးကြောင်း ဈေးကွက်မှ သိရှိရပါသည်။
DOCA(မကွေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း