ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အထက်မင်းလှမြို့နယ်၌ ခရမ်းချဉ်သီးနှံစိုက်ပျိုးခြင်းဖြင့် တောင်သူများအကျိုးအမြတ်ရရှိ

          မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ တောင်သူများသည် ဝါ၊ နှမ်း၊ ပဲမျိုးစုံ၊ ပြောင်း၊ ငရုတ်နှင့်စားဖိုဆောင်သီးနှံများကို အများဆုံးစိုက်ပျိုးကြပြီး မင်းလှမြို့နယ် မယ်ဇလီတောနှင့် ပန်းတောပြင်ကျေးရွာများတွင် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီးနှံကိုလည်း စီးပွားဖြစ်စိုက်ပျိုးလာကြကြောင်း၊ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလတွင် စိုက်ပျိုးပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်ထွက်ပေါ်လျက်ရှိကြောင်း၊ မျိုးစေ့ကို ပျိုးဘောင်ဖြင့် ပျိုးထောင်ပြီး ပျိုးပင်(၂၅)ရက်သားအရွယ်တွင် စိုက်ပျိုးကြကြောင်း၊ ခရမ်းချဉ်သီးနှံကို မြေအောက်ရေတင်စနစ်ဖြင့်စိုက်ပျိုး၍ (၃)လအကြာတွင် အသီးများစတင်ဆွတ်ခူးနိုင်ကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ မြေပြုပြင်ခ၊ ရေတင်ခ၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ်သိန်း(၂၀)ခန့်ကုန်ကျကြောင်း သိရသည်။

          အထွက်နှုန်းအနေဖြင့် ခရမ်းချဉ်သီးနှံကို ၃ ရက်ခြား တစ်ကြိမ် ခူးဆွတ်ရပြီး စတင်ခူးဆွတ်ချိန်တွင် ပိဿာချိန် ၁၅၀ ခန့် ထွက်ရှိ၍ တစ်ပတ်ထက်တစ်ပတ် အထွက်နှုန်းပိုမိုလာကြောင်း၊ ခရမ်းချဉ်သီးနှံကို စတင်ခူးဆွတ်ချိန်မှစ၍ (၂)လခန့်အကြာထိ ခူးဆွတ်နိုင်ပြီး တစ်ဧကလျှင် စုစုပေါင်း ပိဿာချိန် ၅၀၀၀-၆၀၀၀ ခန့် ထွက်ရှိရာ စိုက်ပျိုးမြေအနေအထား၊ သီးနှံဖြစ်ထွန်းအောင်မြင်မှုအပေါ်မူတည်၍ အထွက်နှုန်းကွဲပြားမှုရှိကြောင်း၊  မိုးရာသီစိုက်ခရမ်းချဉ်ပင်များထက် ဆောင်းရာသီစိုက် ခရမ်းချဉ်ပင်များမှာ အသီး၊ အပွင့်ပိုမိုဖြစ်ထွန်းပြီး အထွက်နှုန်းပိုမိုကောင်းမွန်ကြောင်း၊ ဈေးနှုန်း ဈေးကွက်အနေဖြင့် ဇန်နဝါရီလ(ပထမပတ်)တွင် ခရမ်းချဉ်သီး လက်ကားဈေးတစ်ပိဿာလျှင် ငွေကျပ် ၂၅၀၀-၃၀၀၀၊ လက်လီတစ်ပိဿာလျှင် ၃၅၀၀-၄၀၀၀ နှုန်းဖြင့် မင်းလှ-သရက်ကားလမ်းဘေးရှိ ကုန်စိမ်းဒိုင်သို့တင်ပို့ရောင်းချပြီး ထိုမှတစ်ဆင့် မင်းလှမြို့၊ ဇေယျာသီရိဈေး၊ မလွန်ဈေးနှင့် မန်းသံပုရာကန်ဈေးများသို့ တင်ပို့ကြောင်း၊ အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် သိန်း (၁၀၅-၁၃၀)ခန့်ရရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မကွေးဈေးကွက်၏ နှမ်းဈေးနှုန်းဈေးကွက်

            မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်သို့ မြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက် စသည့်ကျေးရွာများနှင့် စလင်း၊ ဆင်ဖြူကျွန်း၊ နတ်မောက်မြို့တို့မှထွက်ရှိသော နှမ်းမျိုးစုံနှင့် အခြားပဲမျိုးစုံများ ဝင်ရောက်ရောင်းဝယ် ဖောက်ကားလျက်ရှိပါသည်။

               ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် နှမ်းနီ(၁)တင်းလျှင် ကျပ်(၁၁၇၀၀၀)၊ နှမ်းဖြူ(၁)တင်းလျှင် ကျပ်(၁၂၇၀၀၀)၊ နှမ်းနက်(စမုံ) (၁)တင်းလျှင် ကျပ်(၂၃၀၀၀၀)၊ နှမ်းညိုကြား(၁)တင်းလျှင် ကျပ်(၉၇၀၀၀)ဖြစ်ပြီး ဒီဇင်ဘာလ(စတုတ္ထပတ်)နှင့် နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင်  နှမ်းနက်(စမုံ) ကျပ်(၅၀၀၀)ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ နှမ်းထွက်ပေါ်ချိန်ရာသီမဟုတ်သည့်အတွက် အရောင်း အဝယ်အေးလျက်ရှိပြီး နှမ်းနက်(စမုံ)မှာ အဝယ်လိုက်သောကြောင့် ဈေးနှုန်းမြင့်တင်ရခြင်းဖြစ်ကြောင်း၊ တင်ပို့မှုအနေဖြင့် တစ်ပတ်အတွင်း မန္တလေးမြို့သို့ အိတ်ရေ(၁၀၀၀)၊ ရန်ကုန်မြို့သို့ အိတ်ရေ(၅၀၀)တင်ပို့ခဲ့ပြီး တန်ချိန်(၁၅၀) အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရသည်။

DOCA(မကွေး)

ဘားအံမြို့ဒေသထွက် ကင်ပွန်းချဉ်ရွက် ဈေးနှုန်း

          ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်တွင်  ကရင်ပြည်နယ်၊ ဘားအံမြို့ ဈေးကွက်အတွင်  ဆောင်ရာသီပေါ် ဟင်းသီးဟင်းရွက်ဖြစ်သည့် ကင်ပွန်းချဉ်ရွက် ဈေးကောင်းလျက်ရှိကြောင်း သိရသည်။ ကင်ပွန်းချဉ်ရွက်ကို ဘားအံမြို့အနီးတဝိုက်ကျေးရွာများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြပါသည်။ ကင်ပွန်းချဉ်ရွက်ကို (ပတက်စာ) နဲ့ချည်ရည် ဟင်းချိုကျဲကျဲ အရည်သောက်ပဲချက်ချက်၊ ငါးလေးနဲ့ပဲချက်ချက်၊ ပုစွန်စိတ်ကလေးနဲ့ပဲကြော်စားစား ထမင်းမိန်ကာစားလို့ကောင်းရုံတာမက ကျန်းမာရေးကိုလည်း အထောက်အကူပြု ပေးနိုင်ပါသည်။ ကင်ပွန်းချဉ်ရွက်ကို အစည်းလိုက်ရောင်းချကြရာ ကင်ပွန်ချဉ်ရွက် အစည်းသေး  တစ်စည်း (၁၀၀၀)ကျပ်၊ နှင့် အစည်းကြီးတစ်စည်း (၄၀၀၀) ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်အပတ် ဈေးနှုန်းနှင့်နှိုင်းယှဉ်လျှင် ဈေးနှုန်း ပြောင်းလဲမှုမရှိပဲ ဈေးနှုန်းတည်ငြိမ် နေကြောင်းသိရှိရပါသည်။

DOCA(ကရင်)

မအူပင်မြို့ ဓါတ်မြေဩဇာဈေးနှုန်း အခြေအနေ

            ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် စိုက်ပျိုးရေးသုံးအရောင်းဆိုင်များမှ စိုက်ပျိုးရေးတောင်သူများ စိုက်ပျိုးသီးနှံ လယ်ယာမြေသုံး မြေဩဇာများရောင်းချပေးလျက်ရှိသော ဆိုင်များသို့ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဈေးနှုန်း ဈေးကွက် ရောင်းချနေမှုများကို အပါတ်စဉ် စာရင်းကောက်ယူ၍ တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ တင်ပြလျက်ရှိရာ (၃.၁.၂၀၂၅) ရက်နေ့က ရောင်းချနေသော စိမ်းလန်းမြေ စိုက်ပျိုးရေး အရောင်းဆိုင်၊ အလင်းရောင်း စိုက်ပျိုးရေးအရောင်းဆိုင်များမှ ရောင်းချနေသော ယူရီးယား (အာမို) ၁အိတ် ၉၃၀၀၀ကျပ်၊ ယူရီယား (ဩဘာ) ၁အိတ် ၉၇၀၀၀ကျပ်၊ ယူရီးယား (ရွှေနဂါး) ၁အိတ် ၉၉၀၀၀ကျပ်၊ တီစူပါ(သံကွင်း) တရုတ် ၁အိတ် ၁၃၄၀၀၀၊ ပုလဲ (ရွှေတောင်) တရုတ် ၁အိတ် ၁၀၅၀၀၀ကျပ်၊ ဩဘာ ရွှေကောမတ် ၁အိတ် ၁၄၆၀၀၀ကျပ်၊ အာမို ပိုတက် ၁အိတ် ၁၃၀၀၀၀ကျပ်၊ ဂျာမဏီ ပိုတက် ၁အိတ် ၁၂၄၀၀၀ကျပ်၊ ကွန်ပေါင်း (ကောမတ်) (15,15,15) (ဩဘာ) ၁အိတ်၊ ၁၂၆၀၀၀ကျပ်၊ ကွန်ပေါင်း (18,18,18) ၁အိတ် ၁၅၈၀၀၀ကျပ် ဖြင့် ရောင်းချနေကြောင်း လေ့လာသိရှိရသည်။

            ယခု ၂၀၂၅ခုနှစ် ဇန်နဝါရီလ ဈေးဖြင့် နှိုင်းယှဉ်လျှင် ဓါတ်မြေဩဇာ ၈မျိုး အနည်းငယ်မြင့် တက်လာပြီး ၂မျိုးသာ ဈေးအနည်းကျဆင်းကြောင်း တွေ့ရှိရသည်။  (၁.၁.၂၀၂၅) ရက်နေ့က ယူရီးယား (အာမို) ၁၀၀၀ကျပ်မြင့်တက်၊ ယူရီယား (ဩဘာ) ၂၀၀၀ကျပ်မြှင့်တက်၊ ယူရီးယား (ရွှေနဂါး) ၃၀၀၀ကျပ်မြင့်တက်၊ တီစူပါ(သံကွင်း) တရုတ် ၄၀၀၀ကျပ်မြင့်တက်၊ ပုလဲ (ရွှေတောင်) တရုတ် ၅၀၀၀ကျပ်မြင့်တက်၊ ဩဘာ ရွှေကောမတ် ၁၀၀၀ကျပ်မြင့်တက်၊ အာမို ပိုတက် ၃၀၀၀ကျပ်ကျဆင်း၊ ဂျာမဏီ ပိုတက် ၁၀၀၀ကျပ်မြင့်တက်၊ ကွန်ပေါင်း (ကောမတ်) (15,15,15) (ဩဘာ) ၆၀၀၀ကျပ်မြင့်တက်၊ ကွန်ပေါင်း (18,18,18) ၁၀၀၀ကျပ်ကျဆင်းကြောင်းတွေ့ရပြီး အခြားသောစိုက်ပျိုးရေးသုံး မျိုးစပါး မျိုးကောင်းမျိုးသန့်များကိုလည်း ဈေးနှုန်းမှန်ကန်စွာဖြင့် ပုံမှန်ရောင်းချပေးနေကြောင်း လေ့လာသိရှိရပါသည်။

DOCA(ဧရာဝတီ)

သက်သာသော ဈေးနှုန်းဖြင့် ကြက်ဥများကို မအူပင်မြို့နယ် တွင် နေ့စဉ်ရောင်းချပေးလျှက်ရှိ

           ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်တွင်း ပြည်သူများ စားဝတ်နေရေး တဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် အခြေခံစား‌သောက်ကုန်များဖြစ်သော ကြက်ဥ၊ ဘဲဥ၊ သား၊ ငါး များအား သက်သာသောနှုန်းထားဖြင့် နေ့စဉ်ရောင်းချနေကြောင်း သိရသည်။

         ရောင်းချရာတွင် ဌာနစုံပူးပေါင်းပါဝင်ဆောင်ရွက်ကြပြီး အောက်တိုဘာလ တတိယပါတ်တွင် စတင်ရောင်းချပေးလာခဲ့ပြီး (၃.၁.၂၀၂၅)ရက်နေ့က မအူပင်မြို့နယ်အနေဖြင့် ၃လမ်း၊  မီးသပ်ရုံးရှေ့၊ ရွှေပြည်သူဈေးတို့တွင် ကြက်ဥ အလုံး(၄၅၀၀) ကြက်ဥ တစ်လုံး ၃၅၀ကျပ်ဖြင့်လည်းကောင်း၊ ဘဲဥ အလုံး(၃၀၀) ၁လုံး ၅၀၀ကျပ်ဖြင့်လည်းကောင်း၊  ကြက်သား ၁၆ပိဿာ ဈေးနှုန်း ၁ပိဿာ ၁၄၀၀၀ကျပ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း၊ အလားတူပင် ပန်းတနော်မြို့နယ်မှလည်း ကြက်ဥ ၃၀၀၀လုံးနှင့် ကြက်သား ၁၀ပိဿာ ရောင်းချပေးနေကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မအူပင်မြို့ လေးအိမ်စုတွင် စိုက်ပျိုးသော ခဝဲသီးနှံဈေးကောင်းရ၍ အကျိုးအမြတ်ရရှိနေ

            ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် လေးအိမ်စုကျေးရွာ၌ ခဝဲစိုက် တောင်သူများရှိသဖြင့် ခဝဲသီးနှံကို နှစ်စဉ်စိုက်ပျိုးကြောင်း သိရသည်။ ယခုနှစ် စိုက်ပျိုးရာသီတွင် ခဝဲစိုက်ပျိုးတောင်သူ ၆ဦး ခန့်ရှိကြောင်း ခဝဲကိုခြံဖြင့်သာစိုက်ပျိုူးပြီး မအူပင်မြို့ ဈေးအတွင်းသို့ တင်ပို့ရောင်းချကြောင်း လေးအိမ်စုကျေးရွာ တွံ့တေး-ရန်ကုန် ကားလမ်းဘေးတွင်လည်း လေးအိမ်စုကျေးရွာသူ/ သားများ စိုက်ပျိုးသော သီးနှံမျိုးကို ရောင်းချသူများရှိပြီး ရန်ကုန်ပြန်သူများဒေသထွက် သီးနှံများကို ဝယ်ယူကြကြောင်း သိရသည်။

            စိုက်ပျိုးရာ ခဝဲပင် ဒေသမျိုးစေ့ တစ်ပြည်ကို ကျပ် ၃၀၀ဝ၀ နဲ့ ဝယ်ပြီး ပေ ၆၀ ၊ ၈၀ နီးပါးအကျယ်တွင် စိုက်ပျိုးထားပါတယ်၊ သီတင်းကျွတ်လမှာ စတင်စိုက်ပြီး ပြာသိုလမှာ အသီးပေါများစွာ ရပါပြီ၊ မနှစ်က ခဝဲသီးတစ်တောင့်ကို ကျပ် ၅၀ဝ လောက်ရပြီး အခုရာသီမှာ ကျပ် ၇၀၀/၈၀၀/၁၀၀၀ကျပ်ထိ ဈေးရကြောင်း၊ စိုက်ပျိုးစားရိတ် ရင်းနှီးမြုပ်နှံမှုငွေ ကျပ် သုံးသိန်း ကုန်ကျပြီး အကျိုးအမြတ် ဆယ်သိန်းခန့် ရရှိ၍ ခုနှစ်သိန်းခန့် အကျိုးအမြတ်ရရှိသည်ဟု ခဝဲခြံစိုက်ပျိုးသူ ဦးခင်ဝင်း၏ပြောပြချက်အရသိရသည်။

          မအူပင်မြို့နယ်အတွင်း ကျေးရွာအုပ်စုများရှိ ကျေးရွာများတွင် ပဲတောင့်ရှည်၊ ခရမ်းသီး၊သခွားသီး၊ ဘူးသီး၊ ကြက်ဟင်းခါးသီး၊ ဖူးစားပြောင်း၊ ခရမ်းသီး၊ ခရမ်းချဉ်သီး၊  ငါးရံခြောက်လုပ်ငန်း ငါးခြောက်ပြားရောင်းချခြင်း ရန်ကုန်ကားလမ်းဘေးဝဲယာတွင် သီးနှံရောင်းချသူများကို တွေ့ရှိရပြီး ကျေးရွာရှိ မီးဖိုချောင်သုံး ရာသီပေါ်သီးနှံပင်များကို အများအပြား စိုက်ပျိုးကြပြီး အော်ဂဲနစ် သဘာဝဓါတ်မြေဩဇာကိုသာ အသုံးပြုကြ၍ ခေတ်မီဓါတ်မြေဩဇာ၊ ပိုးသတ်ဆေး အသုံးပြုပုံ၊ အသုံးချနည်း၊ စိုက်ပျိုးနည်းပညာများ လိုအပ်နေသေးကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

တိုင်းဧရာ၏ ပြည်ပပို့ကုန် အစေ့ထုတ်ပြောင်း (P)

 

          အစေ့ထုတ်ပြောင်းသီးနှံသည် ဧရာဝတီတိုင်းဒေသကြီး၏ ပြည်ပပို့ကုန်သီးနှံတစ်ခုဖြစ်ပြီး ဟင်္သာတခရိုင်တွင်  ၁၈၆၇၀ ဧက၊ မြန်အောင်ခရိုင်တွင် ၁၂၈၂၅ ဧကနှင့် မအူပင်ခရိုင် ၂၀၂၇၀ ဧက နှင့် မြောင်းမြခရိုင်တွင် ၁၂၂၆ ဧက စိုက်ပျိုးပြီး တတိုင်းလုံးအနေဖြင့် စုစုပေါင်း ဧက ၅၃၀၀၀ကျော် စိုက်ပျိုး သော သီးနှံလည်းဖြစ်ပါသည်။

          ဧရာဝတီတိုင်းဒေသကြီးတွင် အစေ့ထုတ်ပြောင်းကို မိုးစပါးပြီးချိန် နှင့် မြစ်ရေကျချိန် အောက်တိုဘာလဆန်းတွင် အစောဆုံး သီးထပ်စိုက်ဧကအဖြစ် စိုက်ပျိုးကြသကဲ့သို့၊ မြေနုကျွန်း များတွင် ပဲမျိုးစုံနှင့် ကိုင်းသီးနှံ တစ်ကြီမ် စိုက်ပျိုးပြီးချိန် နိုဝင်ဘာနောက်ဆုံးပတ်တွင်မှ နောက်ကျ သီးထပ်သီးနှံအဖြစ်လည်း ထပ်မံစိုက်ပျိုးကြသည့်အတွက် ဧရာဝတီတိုင်းတွင် အစေ့ထုတ်ပြောင်း သီးနှံသည် ဇန်နဝါရီလကုန် ဖေ‌ဖော်ဝါရီလဆန်းတွင် စတင်ထွက်ရှိလေ့ရှိပါသည်။

          ဧရာဝတီအစေ့ထုတ်ပြောင်း၏ အထွက်နှုန်းသည် တစ်ဧကလျှင် ပျမ်းမျှ တင်း ၁၀၀ ခန့်ထွက် ရှိပြီး အရောင်လှအရည်အသွေးကောင်းသည့်အတွက် exporter တို့ကြိုက်နှစ်သက်သော ပြည်ပ ပို့ကုန်တစ်ခု လည်းဖြစ်ပါသည်။ နှစ်စဉ် ပျမ်းမျှ တင်း သိန်း ၅၀ ခန့်ထွက်ရှိပြီး ၇၅ရာခိုင်နှုန်းခန့်မှာ ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှ တဆင့် ပြည်ပသို့တင်ပို့ပြီး ၂၅ ရာခိုင်နှုန်းခန့်မှာ ဒေသတွင်းနှင့် မွေးမြူရေးအစာစပ် စက်ရုံများတွင် သုံးစွဲ ကြကြောင်းသိရှိရပါသည်။

          ဧရာဝတီတိုင်းဒေသကြီးတွင် အစေ့ထုတ်ပြောင်းမျိုးအဖြစ် CP 808,112၊ AWBA 612,625၊ GT 722, 822 တို့ကိုစိုက်ပျိုးကြပြီးအစေ့ထုတ်ပြောင်း တစ်ဧက ကုန်ကျစရိတ်မှာ (မြေပြင်၊ မျိုးစေ့၊ ပေါင်း လိုက်၊ ရေတင်၊ မြေဩဇာ၊ ဆေးကျွေး၊ရိတ်ခြွေ)တို့အတွက် တစ်ဧကလျှင် ပျမ်းမျှ ၁၅သိန်းမှ ၁၇ သိန်းကြား ကုန်ကျ နိုင်ပါသည်။  အစေ့ထုတ်ပြောင်း ပေါက်ဈေးမှာ ဧရာဝတီတိုင်းတွင် စတင် စိုက်ပျိုးချိန် ၂၀၂၄ ခုနှစ် အောက် တိုဘာ လတွင် တစ်တင်းလျှင် ၃၃၅၀၀ ကျပ်ဈေးပေါက်ပြီး ယခု ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ကုန်တွင် လည်း တစ်တင်းလျှင် ၎င်းဈေးနှုန်းတွင်ပင်ရှိသည့်အတွက် တစ်ဧက တင်းတရာနှုန်းဖြင့် တွက်ပါက တစ်ဧက အကျိုးအမြတ် ပျမ်းမျှ ၁၆ သိန်းနှင့် ၁၇သိန်းကြား ရရှိနိုင်ပါသည်။ ပြောင်းစိုက်တောင်သူများမှလည်း အစေ့ထုတ်ပြောင်းပေါ်ချိန် ဇန်နဝါရီကုန် ဖေဖော်ဝါရီဆန်းတွင်လည်း ယခုဈေးနှုန်းအတိုင်း ဆက်လက်ရှိနေစေရေးမျှော်လင့်လျက် ရှိကြပါသည်။

          ယခု ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ် ဆောင်းသီးနှံ အစေ့ထုတ်ပြောင်းသည် လက်ရှိဈေးနှုန်းအတိုင်း ဆက်လက်တည်ငြိမ်နေပါက ဧရာဝတီတိုင်းဒေသကြီးရှိ  စိုက်ပျိုးသူ တောင်သူ များအတွက် အကျိုးရှိစေ သော ပြည်ပပို့ကုန်သီးနှံ တစ်ခုဖြစ်စေမှာဖြစ်ကြောင်းလေ့လာသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတကုန်စည်ဒိုင်တွင် မတ်ပဲအသစ်များဈေးကွက်ဝင်ရောက်

            ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်နှင့် မြန်အောင်ခရိုင်တို့တွင် မိုးစပါးစိုက်ပျိုးပြီးချိန်၌ မတ်ပဲသီးနှံကို သီးထပ်အဖြစ်အများဆုံးစိုက်ပျိုးကြပြီး နှစ်ခရိုင်ပေါင်း ဧက ၄သိန်းကျော်စိုက်ပျိုးပြီး တတိုင်းလုံးစိုက်ဧက၏ တဝက်ခန့် စိုက်ပျိုးသောဒေသလည်းဖြစ်ပါသည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် မတ်ပဲ စိုက်ပျိုးမှု တစ်ဧက ကုန်ကျစရိတ်မှာ ၇သိန်းခွဲကျပ်ခန့်ရှိပြီး တစ်ဧက ပျမ်းမျှအထွက်နှုန်းမှာ ၁၆ တင်းခန့်ရှိပါသည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ နောက်ဆုံးပတ်တွင် ကိုင်းမြေများ၌ စိုက်ပျိုးသော မတ်ပဲအသစ်များ ဈေးကွက်ဝင်ရောက်လာပြီး ဟင်္သာတ ကုန်စည်ဒိုင်တွင် နေ့စဉ်ပျမ်းမျှ အိတ် ၉၀၀ မှ ၁၂၀၀ ကြား အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ (၆.၁.၂၀၂၅) နေ့တွင် မတ်ပဲအသစ် တစ်တင်း လျှင် အရည်အသွေး အလိုက် ၉၀၀၀၀ ကျပ်မှ ၁၀၀၀၀၀ ကျပ်ကြားဈေးပေါက်လျက်ရှိရာ တောင်သူများ တစ်ဧက ပျမ်းမျှ ၉ သိန်းကျပ်ခန့် အကျိုးအမြတ်ရလျက်ရှိပါသည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီမှစ၍ မတ်ပဲဈေးမှာ ကျဆင်းခြင်းမရှိပဲ တစ်တင်းလျှင်  ၁၀၀၀၀၀ ကျပ်ဝန်းကျင်တွင် ဆက်လက်တည်ရှိနေသဖြင့် မတ်ပဲစိုက်တောင်သူတို့အား အကျိုးဖြစ်ထွန်းစေသော ဆောင်းသီးနှံ ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဖူးစားပြောင်း စိုက်ပျိုး ထွက်ရှိ၍ တောင်သူများ အဆင်ပြေ

            မအူပင်မြို့နယ်အတွင်းရှိ တလုပ်လပ်အရှေ့၊ စစ်ကိုင်း၊ ရေကျော်၊ လေးအိမ်စု ကျေးရွာ များတွင် မတ်ပဲ၊ ပဲတီစိမ်း၊ ငှက်ပျော၊ သခွား၊ ငရုတ်၊ ပဲတိုင်တောင်ရှည်၊ ကြက်ဟင်းခါးသီး၊ မုန်လာဥ နှင့် ဖူးစားပြောင်းသီးနှံများကို စိုက်ပျိုးကြပြီး ဖူးစားပြောင်းသီးနှံကို စစ်ကိုင်းကျေးရွာ၌ စိုက်ဧက ၄၀ ဧက ခွဲခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။

            မျိုးအနေဖြင့် ဖူးစားပြောင်း(၇၀၂)မျိုးကို စိုက်ပျိုးကြပြီး မြေအောက်ရေတင်စနစ်ဖြင့် တန်းကြား ၂ ပေအကွာ၊ ပင်ကြား ၁၀ လက်မအကွာ အစေ့ချ၍ ၁၀လန် ၈ ခွက်တွင် စိုက်ပျိုး ကြ ကြောင်း၊ ၁၀လန် ၈ ခွက်တွင် ဖူးစားပြောင်းမျိုးစေ့ တစ်ထုပ်လျှင် ၇၅၀၀၀ကျပ် အထုပ် ၃ ထုပ်ခန့် စိုက်ပျိုးရပြီး၊ တစ်ထုတ်လျှင် အစေ့ အပင် ၃၀၀၀ကျော်ပေါက်ကြောင်း၊ ယခု ၁၀လန် ၈ခွက်တွင် ပြောင်းဖူးအပင် ၁၀၀၀၀နီးပါးစိုက်ပျိုးထားသည်။ ဖူးစားပြောင်း ကို စက်တင်ဘာလတွင် စတင်စိုက်ပျိုး၍ ဒီဇင်ဘာလတွင် ထွက်ပေါ်လျက်ရှိကြောင်း၊ စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ ထွန်ယက်ခအပါအဝင် ၁၀လန် ၈ ခွက်လျှင် ငွေကျပ် ၂ ၀၀၀ ၀၀၀ နီးပါး ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် ရာသီဥတုပြောင်းလဲမှုနှင့် ပြုစုပျိုးထောင်မှု အပေါ်မူတည်၍ တစ်ဧကလျှင် ပြောင်းဖူး ခေါင်ဖူး၊ ၁၀၀၀၀၊ ဖူးလတ် ၈၀၀၀၊ ဖူးကျ ၅၀၀၀ ခန့်ထွက်ရှိကြောင်း သိရသည်။ ခေါင်ဖူးသာ ဈေးကောင်းရပြီး၊ ဖူးလတ်၊ ဖူးကျများက ဈေးနည်းကြောင်းသိရသည်။

          ဈေးနှုန်းအနေဖြင့် ဒီဇင်ဘာလအတွင်း ခေါင်ဖူးပြောင်းဖူး တစ်ဖူးလျှင် လက်ကားဈေး ငွေကျပ် ၅၀၀-၇၀၀ ဖြင့် လည်းကောင်း၊ ရန်ကုန်တင်ပို့ပါက လက်ကားဈေး ငွေကျပ် ၅၀၀ ဈေးဖြင့်သာ တင်ပို့ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ တောင်သူများအနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၅,၈၀၀,၀၀၀/-ရရှ၍ ငွေကျပ် ၃ ၈၀၀ ၀၀၀/- အကျိုးအမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် မအူပင်မြို့နှင့် ကျိုလတ်၊ ဖျာပုံမြို့သို့ ပြောင်းဖူး ၄၀၀၀ကျော် တင်ပို့ပြီး၊ ရန်ကုန်မြို့ ဒိုက်များသို့ ၆၀၀၀ကျော် တင်ပို့ကြောင်း  စိုက်ခင်းသို့ ပြောင်းဖူးအလတ်လာရောက်ဝယ်ယူမှုများရှိပြီး ဖူးကျပြောင်းဖူးများကို အနီးအနားကျေးရွာမိသားစုများသို့ အနည်းငယ်ပေးဝေပြီး ဈေးအနည်းငယ်ဖြင့်သာရောင်းချကြောင်းနှင့် ယခုပြောင်းစိုက်သူအနေဖြင့် မြေငှားချစိုက်ပျိုးခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မအူပင်မြို့နယ်တွင် မိုးစပါး ပုသိမ်တောင်ပျံ ရိတ်သိမ်းထွက်ရှိမှုအခြေအနေနှင့် ၁ဧက စိုက်ပျိုးထွက်ရှိမှု အကျိုးအမြတ်

             ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင်၂၀၂၄-၂၀၂၅ခုနှစ် မိုးစပါး ပုသိမ်တောင်ပျံစိုက်ပျိုးပြီး ရိတ်သိမ်းနေကြောင်းသိရသည်။ မအူပင်မြို့နယ်တွင် မိုးစပါးစိုက်ဧက (၉၄၁၇၇) နှစ်စဉ်စိုက်ပျိုးကြောင်းသိရသည်။  

              မိုးစပါး ပုသိမ်တောင်ပျံ ထွက်ရှိမှုများကို ၂၀၂၅ခုနှစ် ဇန်နဝါရီ (၁)ရက်နေ့က ကွင်းဆင်းလေ့လာရာ အောင်ဟိတ်ကျေးရွာအုပ်စု၊ ပုလဲကုန်းကျေးရွာရှိ တောင်သူဦးကျော်ဆန်းမှ မိုးစပါးအနေဖြင့်  ပုသိမ်တော်ပျံရက်ကြီးစပါးကို (၅)ဧကခန့်စိုက်ပျိုးထားပြီး စပါး (၁)ဧကလျှင် စပါးတင်း (၆၀)ခန့်ထွက်ရှိကြောင်း၊ ၅ဧကကို စပါးတင်း(၃၀၀)ထွက်ရှိသည်။ ၁ဧကကို မျိုးစပါး ၁တင်းခွဲ သာသာ ပျိုးထောင်စိုက်ပြီး  ၅ဧက ကို (၈)တင်းနှုန်း စိုက်သည်။ ဝါဆိုလတွင် စတင်ပျိုးထောင်စိုက်ပျိုးပြီး ပြာသိုလတွင် စပါးထွက်ရှိကြောင်း၊ စပါး တစ်တင်းလျှင် ပေါင် (၅၂)ဖြင့် စပါးတင်း (၁၀၀)လျှင် (၂၈)သိန်းကျပ်ဈေးဖြင့် ရောင်းချရပြီး စိုက်ပျိုးမှုကုန်ကျစရိတ်မှာ တစ်ဧကလျှင် (၄၀၀၀၀၀)ကျပ်ခန့် ကုန်ကျပြီး အကျိုးအမြတ်အနေဖြင့်  ၁ဧက (၁၂၈၀၀၀၀) ကျပ်ခန့်ရရှိကြောင်း  သိရှိရပြီး နွေစပါး မရင်းစပါးကို ထပ်မံစိုက်ပျိုးထားကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း