ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်ကုန်စည်ဒိုင်၏ ပဲမျိုးစုံဈေးနှုန်း

    ပြည်ကုန်စည်ဒိုင်သည် ပြည်မြို့တွင်ရှိပြီး ဆန်စပါးနှင့်ပဲမျိုးစုံကိုအဓိကထား၍ အရောင်းအဝယ်ပြုလုပ်လျက်ရှိသောမြို့ဖြစ်ပါသည်။ နိုင်ငံခြားသို့တင်ပို့သော မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစဉ်းငုံတို့အပြင် မြို့တွင်းအဝယ်ရှိသော စားတော်ပဲ၊ ကုလားပဲ၊ ဘိုကိတ်ပဲ၊ ပဲကြီးသီးနှံများကိုလည်း ကုန်စည်ဒိုင်တွင် ရောင်းဝယ်လျက်ရှိပါသည်။

မတ်ပဲ

     ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ စတုတ္တအပတ်တွင် မတ်ပဲတစ်တင်းလျှင် ၈၂၅၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက် အိတ်၂၀၀ခန့်အဝယ်ရှိပါသည်။ အောက်တိုဘာလ ပထမအပတ်တွင် မတ်ပဲဈေးကျပြီး ပဲတစ်တင်းလျှင် ၈၁၅၀၀ကျပ်ဖြင့် တစ်ရက် အိတ်၁၅၀ခန့် ရန်ကုန်အဝယ်ရှိပါသည်။

ပဲစဉ်းငုံ

    စက်တင်ဘာလ စတုတ္တအပတ်တွင် ပြည်ကုန်စည်ဒိုင်၌ ပဲစင်းငုံတစ်တင်းလျှင် ၉၃၀၀၀ကျပ်ဖြင့် ဈေးအေးလျက်ရှိပြီး တစ်ခါတစ်ရံ၌ ရန်ကုန်အဝယ်ရှိကာ အရောင်းအဝယ်ရှိသောနေ့တွင် အိတ်၂၀၀ခန့်အရောင်းအဝယ်ဖြစ်ပါသည်။ အောက်တိုဘာလ ပထမအပတ်တွင် ပဲစဉ်းငုံတစ်တင်းလျှင် ၉၃၀၀၀ကျပ်ဖြစ်ပြီး အဝယ်ရှိသောနေ့တွင် အိတ်၁၅၀ခန့်အရောင်းအဝယ်ဖြစ်ပါသည်။

ကုလားပဲ

  ပြည်ကုန်စည်ဒိုင်၌ စက်တင်ဘာလ စတုတ္တအပတ်တွင် ကုလားပဲ (HL)တစ်တင်းလျှင် ၉၄၀၀၀ကျပ်၊ မြကြေးမှုံတစ်တင်းလျှင် ၉၄၀၀၀ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများနှင့် နယ်စုံအဝယ်ရှိပြီး တစ်ရက် အိတ် (၃၀၀-၃၅၀) ခန့်အဝယ်ရှိပါသည်။ အောက်တိုဘာလ ပထမအပတ်တွင် ကုလားပဲ (HL) တစ်တင်းလျှင် ၉၃၅၀၀ကျပ်၊ မြကြေးမှုံတစ်တင်းလျှင် ၉၃၅၀၀ကျပ်ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ်တစ်ရက် အိတ်၃၀၀ခန့်အဝယ်ရှိပါသည်။

ပဲကြီး

     ပြည်ကုန်စည်ဒိုင်၏ စက်တင်ဘာလ စတုတ္တအပတ်တွင် ပဲကြီး(ကုန်းပဲ)တစ်တင်းလျှင် ၁၀၃၀၀၀ကျပ်၊ ပဲကြီး(ရွှေကျွန်း)တစ်တင်းလျှင် ၁၀၅၀၀၀ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများ၏ အဝယ်တစ်ရက်လျှင် အိတ် (၃၀၀-၄၀၀) ခန့်ရှိပါသည်။ အောက်တိုဘာလ ပထမအပတ်တွင် ပဲကြီး(ကုန်းပဲ) တစ်တင်းလျှင် ၁၀၃၀၀၀ကျပ်၊ ပဲကြီး (ရွှေကျွန်း)တစ်တင်းလျှင် ၁၀၅၀၀၀ကျပ်ဖြင့် ဈေးအေးနေခဲ့ပြီး မြို့တွင်းအဝယ်တစ်ရက်လျှင် အိတ်၃၀၀ခန့်ရှိပါသည်။

စားတော်ပဲ

      စက်တင်ဘာလ စတုတ္တအပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်းလျှင် ၁၃၆၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက် အိတ် (၁၅-၂၀) ခန့်ရှိပါသည်။ အောက်တိုဘာလ ပထမအပတ်တွင် စားတော်ပဲ(ကျွန်း) တစ်တင်းလျှင် ၁၃၆၀၀၀ကျပ်ဖြင့် ဈေးအေးနေခဲ့ပါသည်။ တစ်ရက်လျှင် အိတ် ၃၀ခန့် မြို့တွင်းအဝယ်ရှိပါသည်။

ဘိုကိတ်

      စက်တင်ဘာလ စတုတ္တအပတ်တွင် ဘိုကိတ်တစ်တင်းလျှင် ၆၉၀၀၀ကျပ်ဖြင့် မြို့တွင်းနှင့်ရန်ကုန်အဝယ်ရှိပြီး တစ်ရက်လျှင် အိတ် (၅၀-၁၀၀) ခန့်အဝယ်ရှိပါသည်။ အောက်တိုဘာလ ပထမအပတ်တွင် ဘိုကိတ်တစ်တင်းလျှင် ၆၉၀၀၀ကျပ်ဖြင့်ဈေးအေးနေပြီး တစ်ရက်လျှင် မြို့တွင်းအဝယ် ၅၀အိတ်ခန့်ရှိခဲ့ပါသည်။

  ပြည်ကုန်စည်ဒိုင်တွင် နိုင်ငံခြားသို့တင်ပို့သည့် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများထက် မြို့တွင်းအဝယ်ရှိသည့်ပဲများမှာ ပိုမိုအရောင်းအဝယ်ကောင်းမွန်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

 

ပြည်ခရိုင်၌ဖြစ်ပေါ်နေသော မိုးစပါးသစ်ဈေးကွက်

    ပြည်ခရိုင်အတွင်း၌ မိုးစပါးအသစ်များကိုစိုက်ပျိုးပြီးဖြစ်ရာ ပြည်မြို့နယ်တွင် ၇၄၅၃၄ဧက၊ ပေါက်ခေါင်းမြို့နယ်တွင် ၄၆၇၅၃ဧက၊ ပန်းတောင်းမြို့နယ်တွင် ၄၆၉၃၅ဧက၊ ရွှေတောင်မြို့နယ်တွင် ၅၈၁၆၃ဧကစိုက်ပျိုးပြီးဖြစ်ပါသည်။ မိုးစပါးအသစ်မှာ ပေါက်ခေါင်း၊ ပြည်နှင့် ပန်းတောင်းမြို့နယ်တို့တွင်သာ စတင်ထွက်ပေါ်နေပြီဖြစ်ပါသည်။ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ဒုတိယအပတ်တွင် ပြည်မြို့နယ်၌ မိုးကြိုစပါးအသစ်မှာ အစိုဓာတ် ၂၀%ပါဝင်သော ၄၆ပေါင်ပါ တင်း၁၀၀လျှင် ၁၄၈၀၀၀၀ကျပ်၊ ပေါက်ခေါင်းမြို့နယ်တွင် ၁၃၅၀၀၀၀ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဆန်သစ်တစ်အိတ်လျှင် ၅၁၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ကန်စွန်းဥဈေးကွက်

   ပြည်ခရိုင်၊ ပြည်မြို့ရှိစည်ပင်သာယာဈေးကြီးနှင့် ရပ်ကွက်ဈေးတို့တွင် ကန်စွန်းဥများရောင်းချလျက်ရှိပါသည်။ ဈေးကွက်တွင်ရောင်းချနေသော ကန်စွန်းဥအမျိုးအစားမှာ မြန်မာကန်စွန်းဥ၊ ရွှေကန်စွန်းဥနှင့် ငချိတ်ကန်စွန်းဟူ၍ အမျိုးအစား(၃)မျိုးရှိပါသည်။ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ဒုတိယအပတ်တွင် ဈေးကွက်အတွင်းရောင်းချနေသော ကန်စွန်းဥဈေးများမှာ မြန်မာကန်စွန်းဥတစ်ပိဿာလျှင် ၃၂၀၀ကျပ်၊ ရွှေကန်စွန်းဥတစ်ပိဿာလျှင် ၃၅၀၀ကျပ်၊ ငချိတ်ကန်စွန်းဥတစ်ပိဿာလျှင် ၃၅၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။ ရွှေကန်စွန်းဥနှင့် ငချိတ်ကန်စွန်းဥမှာ မြန်မာကန်စွန်းဥထက် အရသာအနည်းငယ်ပိုရှိသည့်အတွက် အရောင်းအဝယ်ပိုဖြစ်ကြောင်းသိရပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်တွင်ရောင်းချနေသော ပန်းဂေါ်ဖီဈေးနှုန်း

    ပန်းဂေါ်ဖီကို မြန်မာနိုင်ငံမြေပြန့်ဒေသများတွင် အများဆုံးစိုက်ပျိုးကြသည်။ အမျိုးအစားအလိုက် သက်လျင်မျိုးသည် စိုက်ချိန်မှ ခူးဆွတ်ချိန်အထိ ရက်(၉၀)ကြာပါသည်။ ပန်းဂေါ်ဖီကို မြေပြန့်ဒေသ၌ စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင်စိုက်ပျိုးပြီး တောင်ပေါ်ဒေသ၌ ဧပြီလ၊ မေလ၊ စက်တင်ဘာလနှင့် အောက်တိုဘာတို့တွင် စိုက်ပျိုးကြပါသည်။ စတင်စိုက်ပျိုးပြီး ၂လ/ ၃လအကြာတွင် ပန်းပွင့်တို့ကို စတင်ခုတ်ယူနိုင်ပါသည်။ တစ်ဧကလျှင် ပန်းပွင့်တန်ချိန် ၅တန်မှ ၈တန်အထိထွက်ရှိနိုင်ပြီး မျိုးကိုလိုက်၍ အထွက်နှုန်းပြောင်းလဲမှုရှိသည်ဟုသိရပါသည်။ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလမှာ ပန်းဂေါ်ဖီထွက်ချိန်မဟုတ်သော်လည်း ရေလောင်းစိုက်ပျိုးသောပန်းဂေါ်ဖီများကိုး ပြည်ဈေးကွက်တွင် ရောင်းချလျက်ရှိပါသည်။ ယခုအချိန်၌ ဈေးကွက်တွင်ရောင်းချလျက်ရှိသော ပန်းဂါ်ဖီများသည် ပြည်အနီးတဝိုက်ရှိကျေးရွာများနှင့် ပုတီးကုန်းမြို့နယ်ရှိကျေးရွာများမှ ဝင်ရောက်လာသည်ဟုသိရပါသည်။  ယခုလက်ရှိ၌ ဈေးကွက်တွင်ရောင်းချနေသော ပန်းဂေါ်ဖီဈေးနှုန်းများမှာ အပွင့်အရွယ်အစားကိုလိုက်၍ တစ်ပွင့်လျှင် ၇၀၀ကျပ်မှ ၁၆၀၀ကျပ်အထိဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

DOCA(ပဲခူး)

သီတင်းကျွတ်အမီ ရောင်စုံမီးပုံးဈေးကွက်

     ၁၂လရာသီပွဲတော်များအနက် တစ်ခုဖြစ်သည့် ကြည်နူးဖွယ်အကောင်းဆုံးပွဲတော်မှာ သီတင်းကျွတ်မီးထွန်းပွဲတော်ဖြစ်ပါသည်။ ဝါလကင်းလွတ် သီတင်းကျွတ်ကာလ၏ လပြည့်နေ့တွင် ကျင်းပသည့်ပွဲဖြစ်သော်လည်း လပြည့်နေ့မတိုင်မီ အကြို ၂ရက်အပါအဝင် စုစုပေါင်း ၃ရက်ကျင်းပလေ့ရှိပါသည်။ ဆီမီးရောင်စုံထွန်းကြသည့် ညပွဲသဘင်လည်းဖြစ်ပါသည်။ သီတင်းကျွတ်လသည် မြန်မာလများတွင် သတ္တမမြောက်လဖြစ်ပါသည်။ သီတင်းကျွတ်မရောက်မီ အကြိုရောင်စုံအလှမီးပုံးများမှာ ဈေးကွက်တွင် ဈေးကောင်းရနေပြီး အရောင်းလည်းသွက်ကြောင်းသိရှိရပါသည်။ မြန်မာလူမျိုးတို့၏ ရိုးရာလက်လုပ်ရောင်စုံမီးပုံးများမှာ အရွယ်အစား၊ ပုံသဏ္ဌာန်အလိုက် ဈေးကောင်းပေး၍ ဝယ်ယူကြရပါသည်။ ၂၀၂၃ခုနှစ်တွင် အိမ်များ၌ချိတ်ဆွဲကြသော ကာလာစုံ၊ ဒီဇိုင်းစုံရှိသော ရောင်စုံမီးပုံးတစ်ခုလျှင် ကျပ်၅၀၀၀မှ ၃၀၀၀ကျပ်၊ ကလေးများအတွက် လက်တွန်းလှည်းရောင်စုံ၊ ယုန်ရုပ်၊ ကြောင်ရုပ်၊ ကြက်ရုပ်မီးပုံးတစ်ခုလျှင် ကျပ်၂၅၀၀၊ အလှဆင်ချိတ်ဆွဲသော ရောင်စုံကြယ်ပုံမီးပုံးတစ်ခုလျှင် ကျပ်၅၀၀၀ပေး၍ဝယ်ရကြောင်းသိရပါသည်။ တရုတ်မီးပုံးဒီဇိုင်းများမှာလည်း ဒီဇိုင်းနှင့် အရွယ်အစားပေါ်မူတည်၍ ကျပ်၁၅၀၀၀မှ ကျပ်၂၀၀၀၀ထိရှိပြီး အရောင်းအဝယ်ဖြစ်ကြောင်းသိရပါသည်။

DOCA(ပဲခူး)

ပြည်မြေပဲဆန်ဈေးများဆက်လက်ကျဆင်းလာ

   ပြည်ဈေးကွက်တွင် ယခု အောက်တိုဘာလ ပထမပတ်၌ မြေပဲဆန်ဈေး အနည်းငယ်ကျဆင်း လာပါသည်။ ဝင်ရောက်မှုမှာ ယခင်အပတ်က မိုးများရွာသွန်းသဖြင့် အဝင်နည်းသွားသော်လည်း ယခုအောက်တိုဘာလ ပထမပတ်တွင် မြေပဲဆန်အိတ် ပိဿာ ၂၀ ဝင် ၁တင်းအိတ် (၉၀၀-၁၀၀၀)ခန့် ဝင်ရောက်မှုရှိပြီး ဝင်ရောက် လာသောဒေသများမှာ ပြည်အနီးတဝိုက်ကျေးရွာများနှင့် ပေါက်ခေါင်း၊ ကံမ နှင့် ရွှေတောင်  စသည့်နေရာဒေသတို့မှ ဝင်ရောက်လာခဲ့ပါသည်။ ပြည်ဈေးကွက်ရှိ မြေပဲဆန်များကို အညာဒေသ များဖြစ်သော ရေနံချောင်း၊ မကွေး၊ ပခုက္ကူနှင့် မန္တလေးဘက်မှ ဝယ်လိုအားရှိပြီး တစ်နေ့လျှင် ပိဿာ ၂၀ ဝင် ၁တင်းအိတ် ၁၀၀၀ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရပါသည်။ ယခုအောက်တိုဘာလ ပထမပတ်တွင် ပြည်ဈေးကွက်၌ အရောင်းအဝယ်ဖြစ်သော မြေပဲဆန် ဈေးများမှာ ဆီဆန် (အဖြူ)တစ်ပိဿာလျှင် ၅၆၀၀ကျပ်၊ ဆီဆန်(အနီ) တစ်ပိဿာလျှင် ၆၀၀၀ ကျပ်နှင့် လုံးဆန်(အဖြူ)တစ်ပိဿာလျှင် ၆၂၀၀ကျပ်၊ လုံးဆန် (အနီ)တစ်ပိဿာလျှင် ၆၆၀၀ကျပ်ဖြင့် ရောင်းဝယ်လျှက်ရှိပါသည်။ ယခင် စက်တင်ဘာလစတုတ္ထပတ်နှင့်နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ၄၀၀ကျပ်မှ ၁၀၀၀ကျပ်အထိ ဈေးကျသွားခဲ့ပါသည်။ ယခုလိုဈေးများ အနည်းငယ်ကျဆင်းသွားရခြင်းမှာ ယခုနှစ်တွင် အထွက်နှုန်းများ ကောင်းမွန်ပြီး ဈေးကွက်တွင် ပစ္စည်များရှားပါး မှုမရှိခြင်းကြောင့်ဖြစ်ပြီး ဝယ်လိုအားလည်းကောင်းလာသည့်အတွက်ကြောင့် အရောင်းအဝယ် ပုံမှန်ဖြစ်သော်လည်း ဈေးအနည်းငယ် ကျဆင်းလာတာ ဖြစ်တယ်လို့ သိရပါသည်။

DOCA(ပဲခူး)

 

ပြည်နှမ်းဈေးကွက်တွင် မိုးနှမ်းဈေးများကျဆင်းလာ

    ပြည်ဈေးကွက်သို့ မိုးနှမ်းများကို နတ်တလင်း၊ မိုးညိုနှင့် မြန်အောင်ဘက်မှ နှမ်းနက်နှင့် နှမ်းနီ တစ်နေ့လျှင် အိတ် ၅၀၀/၆၀၀ ခန့် ဝင်ရောက်လာခဲ့ပါသည်။ ပြည်မြို့အနီးတဝိုက်ရှိ ကျေးရွာများတွင် ယခုအချိန်တွင် မိုးနှမ်းများရိတ်သိမ်းပြီးဖြစ်၍ နှမ်းလက်ကျန်များ နည်းသွားသော်လည်း အခြား မြို့နယ်များမှ ဝင်ရောက်လာသောနှမ်းများဖြင့်သာ ပြည်ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဝင်ရောက်လာသောနှမ်းများနှင့် ဈေးကွက်လက်ကျန်နှမ်းများကို မန္တလေးဝယ်လက်များက ဝယ်ယူမှုရှိသဖြင့် ဈေးကွက်တွင် နှမ်းအရောင်းအဝယ်နေ့စဉ်ဖြစ်လျက်ရှိပါသည်။ အောက်တိုဘာလ ပထမပတ်တွင် မိုးနှမ်းဈေးများမှာ နှမ်းနီ (၃)တင်းတစ်အိတ်လျှင် ၃၀၅၀၀၀ကျပ်၊ နှမ်းနက် (၃)တင်းတစ်အိတ်လျှင် ၂၇၀၀၀၀ကျပ် နှင့် စမုံနက်နှမ်း (၃)တင်း တစ်အိတ် လျှင် ၃၁၅၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခင် စက်တင်ဘာလကုန်ပတ်နှင့်ယှဉ်လျှင် နှမ်းနီ(၃) တင်း တစ်အိတ်လျှင် ၅၀၀၀ကျပ်၊ နှမ်းနက်(၃)တင်းတစ်အိတ်လျှင် ၁၀၀၀၀ကျပ် နှင့် စမုံနက်နှမ်း (၃)တင်းတစ်အိတ်လျှင် ၅၀၀၀ကျပ်ဖြင့် ဈေးအနည်းငယ်ကျဆင်းလာခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်သို့ ချင်းအသစ်များ စတင်ဝင်ရောက်

    ပြည်ဈေးကွက်သို့ ချင်းတက်အသစ်များ အောက်တိုဘာလဆန်းမှစ၍ ရှမ်းပြည်နယ် အောင်ပန်းဘက်မှ ရက်ခြားဝင်ရောက်လာခဲ့ပါသည်။ ချင်းဝင်ရောက်မှုအနေဖြင့် ပိဿာ(၃၀)ဝင်အိတ် ၂၀၀၀ခန့် ရက်ခြားဝင်ရောက်လာပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။  ချင်းကို ဟင်းချက်ရာတွင် ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြသလို ဆေးဖော်စပ်ရာတွင်လည်း အသုံးပြုကြပါသည်။ ချင်းကို ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းသို့တင်ပို့ရန် ဝယ်ယူမှုများသဖြင့် စက်တင်ဘာလ တတိယပတ်တွင် ချင်းတက်တစ်ပိဿာလျှင် ပွဲရုံဈေးမှာ တစ်ပိဿာလျှင် ၈၀၀၀ကျပ်၊ လက်လီဈေး မှာ တစ်ပိဿာလျှင် ၉၀၀၀-၁၀၀၀၀ကျပ်အထိ ရောင်းချခဲ့ပါသည်။ ယခုအောက်တိုဘာလ ပထမပတ်တွင် ချင်းအသစ်များဝင်ရောက်လာသဖြင့် တစ်ပိဿာလျှင် ၃၅၀၀ကျပ်ဈေးဖြင့် ရောင်းချပြီး ချင်းအဟောင်းများမှာ ယခင်ဈေးဖြစ်သော စက်တင်ဘာလ တတိယပတ်ဈေးအတိုင်း ရောင်းချကြပါသည်။ ပြည်ချင်းဈေးကွက်တွင် လက်လီ/လက်ကားရောင်းဝယ်သူများနှင့် ရခိုင်ဘက်သို့ တင်ပို့မှု အပါအဝင် ပိဿာချိန်ပေါင်း ၂၀၀၀ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ချင်းသုပ် သုပ်၍စားရသော ဒါးလှီးချင်းဈေးမှာလည်း တစ်ပိဿာလျှင် ၅၀၀၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်အတွင်း ရောက်ရှိလာသောပင်မှည့်သီး

     ပင်မှည့်သီးတွင်အဝါရောင်နှင့် ခရမ်းရောင်အပင်နှစ်မျိုးရှိပါသည်။ ခရမ်းရောင်အသီးများသည် အဝါရောင်အသီးများထက်ပို၍ အရသာမှာစားကောင်းသောအသီးဖြစ်ပါသည်။ ပင်စည်များသည် တုတ်ခိုင်ပြီး သန်မာသောနှစ်ရှည်နွယ်ပင်မျိုးဖြစ်ပါသည်။ နှာမောင်းတံအရှည်ကြီးများပါဝင်သော အနွယ်ပင်များဖြစ်သည့်အတွက် ၎င်းအပင်နှင့်အနီးကပ်ရှိသောအပင်များကို ရစ်ပတ်တွယ်တတ်တဲ့ အပင်များဖြစ်ပါသည်။ အခွံမှာထူထူပြောင်ပြောင်ဖြစ်ပြီး အသီးများနုချိန်တွင် အစိမ်းရောင်ရှိပြီး ရင့်မှည့်လာသောအခါ အဝါမျိုးတွင်အဝါရောင်ဖြစ်လာပြီး ခရမ်းရောင်မျိုးမှာ ခရမ်းရောင်ဖြစ်လာပါသည်။ ရင့်မှည့်လာသည့်အခါ ဆွတ်ခူးရပြီး ရင့်သထက်ရင့်မှည့်လာပါက အသီးများမှာ ကြွေကျတတ်ပါသည်။

      အဝါမျိုးများ၏ အရွက်မှာ ခရမ်းရောင်မျိုးထက် အရွက်များပိုကြီးပြီး အသီးများမှာလည်း အရွယ်အစားပိုကြီးပါသည်။ အဝါအသီးများမှာရင့်မှည့်လာလျှင် အဖြူ၊ အစက်အပြောက်ကလေးတွေ ပါရှိပါသည်။ စိုက်ပျိုးရာတွင် နွယ်ပင်ဖြစ်သည့်အတွက် စင်တင်ပြီးစိုက်ပျိုးရပါသည်။ စင်ပေါ် တင်ပြီး အညွှန့်များအား အပွင့်များမပွင့်ခင်အချိန်တွင် ခေါင်ညွှန့်များအားနှိမ်ပေးရပါသည်။ ပင်မှည့်သီးများသည် ကျေးလက်ဒေသများ အလေ့ကျပေါက်ရောက်တတ်ပါသည်။ စီးပွားဖြစ် စနစ်တကျ စိုက်ပျိုးရာလျှင် ကိုင်းဖြတ်စနစ်ဖြင့် စိုက်ပျိုးကြပါသည်။ ကိုင်းဖြင့်စိုက်ပျိုးရာတွင် အပင်စိုက်ပြီး (၁)နှစ် သို့မဟုတ် (၂)နှစ်အကြာတွင် ပင်မှည့်သီးများအား ခူးဆွတ်လို့ရပါသည်။

      ပင်မှည့်သီးများအားဈေးကွက်အတွင်းတွင် ဖျော်ရည်အဖြစ် သောက်သုံးကြပါသည်။ ပင်မှည့်သီးများအား ဈေးကွက်အတွင်း ရောင်းချရာတွင် အလုံးကြီးသီးသန့်တစ်ပိဿာလျှင် ၁၉၀၀ကျပ်၊ အလုံး အကြီး၊ အသေး သောင်းပြောင်းရောင်းချရာတွင် တစ်ပိဿာလျှင် ၁၆၀၀ကျပ်ဖြင့် ပြည်ဈေးကွက်အတွင်း ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

အာတာလွတ်ဥ(ခေါ်)ဝါးဥများ ပြည်ဈေးကွက်သို့ စတင်ဝင်ရောက်လျက်ရှိ

    ပြည်မြို့ပေါ်ရှိဈေးများသို့ အာတာလွတ်ဥ(ခေါ်) ဝါးဥများ စက်တင်ဘာလ နောက်ဆုံးပတ်မှ စပြီးဝင်ရောက်မှုရှိလာကာ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ဝါးတောဝါးလည်ကျေးရွာတွင် အဓိက စိုက်ပျိုးထွက်ရှိပြီး ဈေးကွက်သို့ ဖြန့်ချီရောင်းချလျက်ရှိကြောင်း သိရပါသည်။ အာတာလွတ်ဥ(ခေါ်) ဝါးဥကို အချို့အရပ်ဒေသများတွင် ကလားဝါးဥဟုခေါ်ဆိုကြောင်း သိရပါပြီး အရသာမှာ စိမ့်စိမ့်လေးနှင့် ဆီ၊ ဆား၊ နှမ်းတို့ဖြင့် သုပ်ကာစားကြပြီး ဝါးဥကို မုန့်နှစ်ဖြင့်လည်း အကြွပ်ကြော်စားလေ့ရှိကြောင်း သိရပါသည်။ သတ်သတ်လွတ်သမားများ ပိုမိုဝယ်ယူစားသုံးကြပြီး မုန့်ပဲသရေစာအဖြစ် စားသောက်ကြပါသည်။

     အာတာလွတ်ဥတွင် ပရိုတင်းဓါတ်၊ သံဓါတ်နှင့် ဖောလစ်အက်ဆစ်တို့ပါဝင်သည့်အပြင် ဗီတာမင်နှင့် သတ္တုဓါတ်များလည်း ပါဝင်သည့်အတွက် အစာချေစနစ်ကောင်းမွန်ခြင်း၊ အရိုးကိုသန်မာစေခြင်း၊ သွေးလည်ပတ်မှုနှင့် နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်းစသည့် ကျန်းမာရေး အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်ကြောင်း သိရပါသည်။

     ပြည်ဈေးကွက်ရှိ မြို့ပေါ်ဈေးများတွင် တောင်သူတိုက်ရိုက်ရောင်းချဈေး တစ်ပိဿာလျှင် ကျပ် ၃၂၀၀-၃၅၀၀ ခန့်ရှိပြီး လက်လီဝယ်ရောင်းသမားများထံတွင် တစ်ပိဿာကျပ် ၄၀၀၀ ခန့်ရှိကာ ၂၅ ကျပ်သားလျှင် ကျပ် ၁၀၀၀ နှုန်းဖြင့် စားသုံးသူများမှ မုန့်ပဲသရေစာအဖြစ် ပိုမိုဝယ်ယူမှုရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း