ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်ထောပတ်သီးဈေးကွက်

   ပြည်ဈေးကွက်သို့ ထောပတ်သီးများ ရှမ်းပြည်နယ် လားရှိုး၊ တောင်ကြီးဘက်နှင့် မိုးကုတ်မြို့တို့မှ ဝင်ရောက်မှုရှိပြီး အောက်တိုဘာဆန်းတွင် ပိုမိုဝင်ရောက်မှုရှိလာပါသည်။ ယခင် ဝင်ရောက်မှုနည်းပြီး ယခုအချိန်တွင် တစ်ပတ်လျှင် အလုံးကြီး ၇၀ ပါခြင်းတောင်း ၃ တောင်းနှင့် အလုံးသေး ၁၀၀ ပါခြင်းတောင်း ၂တောင်းခန့် ဝင်ရောက်မှုရှိကြောင်း သိရပါသည်။

   ထောပတ်သီးပင်သည် နှစ်ရှည်သီးနှံပင်ဖြစ်ကာ စတင်စိုက်ပျိုးပြီး (၃)နှစ်အကြာတွင် အသီးသီးပြီး အပင်ကြီးအမျိုးအစားဖြစ်၍ ထောပတ်သီးသည် မမှည့်ခင် အစိမ်းရင့်ရောင်ရှိပြီး မှည့်သောအခါ အညိုပုပ်ရောင် (သို့) အမည်းရောင်သန်းလာပါသည်။ ထောပတ်သီး၏အရသာမှာ စိမ့်၍ အနည်းငယ်အီသော အရသာရှိကာ ထောပတ်သီးကို ဖျော်ရည်၊ ရေခဲမုန့်၊ ပူတင်း၊ ကိတ်မုန့်၊ ဂျယ်လီ၊ အသုပ်စသည်တို့ပြုလုပ် စားသုံးကြပြီး သဘာဝအတိုင်း ဆားအနည်းငယ်ထည့်၍ စားသုံးပါက ကျန်းမာရေးနှင့် ပိုမိုညီညွတ်ကြောင်းလည်း သိရပါသည်။ ထောပတ်သီးကို စားသုံးခြင်းဖြင့် ခေါင်းလိမ်းဆီ၊ ခေါင်းလျှော်ရည်၊ မျက်နှာသစ်ဆပ်ပြာ၊ ကိုယ်တိုက်ဆပ်ပြာ၊ မျက်နှာပေါင်းတင်ကပ်ခွာ စသည်ဖြင့် အလှအပရေးရာပစ္စည်းများတွင်လည်း ထည့်သွင်း အသုံးပြုလျက်ရှိကြောင်း သိရပါသည်။

      ပြည်ဈေးကွက်ရှိ ထောပတ်သီးဈေးနှုန်းများမှာ လက်လီစည်ပင်သာယာဈေးများနှင့် လက်လီ အသီးဆိုင်များတွင် တစ်လုံးလျှင် အလုံးကြီး ၁၀၀၀ကျပ်၊ အလုံးသေး ၈၀၀ကျပ် တို့ဖြင့် ရောင်းချလျက်ရှိပြီး ထောပတ်သီးလှိုင်လှိုင်ပေါ်ချိန် နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် အလုံးကြီး တစ်လုံးလျှင် ကျပ် ၅၀၀ခန့်နှင့် ယခင်နှစ်က ဝယ်ယူစားသုံးရကြောင်း စားသုံးသူတစ်ဦး၏ ပြောကြားချက်အရ သိရပါသည်။ ပြည်မြို့တွင် Online ပေါ်တွင်ရောင်းချသောဈေးမှာ အလုံးအကြီးအသေးအရော တစ်ပိဿာလျှင် ကျပ် ၃၅၀၀ခန့်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

ပြည်ကြက်သွန်နီဈေးကွက်

    ယခုအောက်တိုဘာ ပထမပတ် ၂ရက်မှ ၈ရက်ထိ ပြည်ကြက်သွန်နီဈေးကွက်သို့ နေ့စဉ် ပိဿာချိန် ခုနှစ်သောင်းခန့် အဝင်ရှိပြီး တစ်ပတ်လျှင် ပိဿာချိန်ပေါင်း ငါးသောင်းခန့် ဝင်ရောက်မှုရှိနေကာ မကွေးတိုင်း၊ ဆိပ်ဖြူနှင့် မန္တလေးတိုင်း ကျောက်ပန်းတောင်းဘက်တို့မှ အများဆုံး ဝင်ရောက်မှုရှိနေကြောင်း သိရှိရပါသည်။ ပြည်ဈေးကွက်အရောင်းအဝယ်အနေဖြင့် ပန်းတောင်း (ဥသျှစ်ပင်)၊ ဧရာဝတီ(ကြံခင်း)နှင့် ရခိုင်(တောင်ကုတ်)ဘက်တို့သို့ စီးဆင်းမှုရှိနေပြီး ဒေသတွင်း ဝယ်လက်များ၊ နယ်အိတ်ဆွဲဝယ်ရောင်းသမားများနှင့် အရောင်းအဝယ်မှာ ပုံမှန်ရှိနေပါသည်။

       ယခုတစ်ပတ်ဈေးနှုန်းများမှာ ပွဲရုံလက်ကားဈေး တစ်ပိဿာလျှင် ကြီး/လတ်/သေး ကျပ် ၃၀၀၀/၂၉၀၀/၂၈၀၀ နှုန်းတို့ရှိပြီး ပြည်မြို့ပေါ်ရှိ လက်လီဈေးများတွင် ကျပ် ၃၅၀၀/၃၃၀၀-၃၄၀၀/၃၂၀၀ နှုန်းတို့ဖြင့် ရောင်းဝယ်မှုရှိနေပါသည်။ ပြည်ဈေးကွက်အတွင်း ကြက်သွန်နီဈေးနှုန်းများမှာ သင်္ကြန်ကျော်ကာလမှ စတင်ဈေးမြင့်ခဲ့ပြီး ယခုလက်ရှိတွင် အမြင့်ဈေး ကျပ် ၃၀၀၀ဝန်းကျင်နှင့် ဈေးငြိမ်နေလျက်ရှိပါသည်။ ၂၀၂၃ ခုနှစ် ဧပြီလမှ စက်တင်ဘာလထိ ပြည်ဈေးကွက်အတွင်း ဖြစ်ပေါ်ခဲ့သော ကြက်သွန်နီ(အလတ်စ)ဈေးနှုန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

          စဉ်      လအမည်                လက်ကားဈေး          လက်လီဈေး

          ၁။      ဧပြီ                        ၁၄၀၀                              ၁၆၀၀

          ၂။       မေ                         ၂၁၀၀                               ၂၃၀၀

          ၃။      ဇွန်                         ၂၃၀၀                               ၂၅၀၀

          ၄။      ဇူလိုင်                     ၂၅၀၀                               ၂၆၀၀

          ၅။      ဩဂုတ်                   ၂၉၀၀                               ၃၁၀၀

          ၆။      စက်တင်ဘာ             ၃၅၀၀                              ၃၇၀၀

DOCA(ပဲခူး)

 

ပြည်ဈေးကွက်မှာ ပဲစင်းငုံသီးနှံနှစ်အလိုက်ဈေးနှုန်းနှိုင်းယှဉ်မှု

      အောက်တိုဘာလဆန်းပိုင်း ပြည်ပဲမျိုးစုံဈေးကွက်တွင် လက်လီ/လက်ကားပဲမျိုးစုံ ရောင်းဝယ်လျက်ရှိကြရာတွင် ပြည်ပဝယ်လက် အဓိကပဲများဖြစ်သည့် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ ပဲများမှာ မတ်ပဲနှင့် ပဲတီစိမ်းသီးနှံ နေ့စဉ် အရောင်းအဝယ်ဖြစ်သော်လည်း ပဲစင်းငုံသီးနှံအနေဖြင့် ပဲလက်ကျန် အဟောင်း အနည်းငယ်ရှိမှုအပေါ် နေ့စဉ်အရောင်းအဝယ်မဖြစ်ဘဲ ရက်ခြားသာ ရန်ကုန်ဝယ်လက် အဝယ်ရှိကြောင်း သိရပါသည်။ ဒါကြောင့် အရောင်းအဝယ်ဖြစ်သည့်ရက်၌ အိတ် ၂၀၀/၃၀၀ကျော် အရောင်းအဝယ်ဖြစ်ခဲ့ကြပါသည်။ ပဲစင်းငုံသီးနှံ၏ နှစ်အလိုက် ကာလတူအချိန် အရောင်းအဝယ် ဖြစ်ခဲ့သော ဈေးနှုန်းများကို အောက်ပါအတိုင်းတွေ့ရှိရပါသည်-

နှစ်အလိုက်ဈေးနှုန်းနှိုင်းယှဉ်မှု (တစ်တင်းဈေးနှုန်း)

          ခုနှစ်                                အနိမ့်                               အမြင့်

          ၂၀၂၀                               ၂၉၀၀၀ ကျပ်                     ၃၀၀၀၀ ကျပ်

          ၂၀၂၁                               ၄၅၀၀၀ ကျပ်                     ၄၇၀၀၀ ကျပ်

          ၂၀၂၂                                ၆၀၀၀၀ ကျပ်                     ၆၂၀၀၀ ကျပ်

          ၂၀၂၃                               ၉၃၀၀၀ ကျပ်                     ၉၅၀၀၀ ကျပ်

          အထက်ဖော်ပြပါ ဈေးနှုန်းဇယားအရ ပဲစင်းငုံသီးနှံ၏ နှစ်အလိုက်ဈေးနှုန်းများကို လေ့လာကြည့်မည်ဆိုလျှင် ရှေ့(၃)နှစ်ခန့် ၂၀၂၀ ခုနှစ် ပဲဈေးကွက်၌ ဈေးအနိမ့်ဖြင့် မတ်ပဲ၊ ပဲတီစိမ်း သီးနှံများ ထက်လည်းဈေးလျော့သလို အခြားပဲများထက်လည်း ဈေးလျော့နည်းခဲ့တာကြောင့် တစ်တင်း ၂၉၀၀၀ ကျပ်၊ ၃၀၀၀၀ ကျပ် ခန့်သာရောင်းဝယ်မှုဖြစ်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ်မှစ၍ ဈေးအနည်းငယ် မြင့်လာသော်လည်း မတ်ပဲသီးနှံဈေးကို မမှီဘဲ တစ်တင်း ၄၅၀၀၀ ကျပ် မှ ၄၇၀၀၀ ကျပ်ထိ ရောင်းဝယ်မှုဖြစ်ခဲ့ကာ ၂၀၂၂ ခုနှစ်မှာတော့ ပဲစဉ်းငုံသီးနှံဈေးမြင့်တက်မှုရှိလာသည့်အတွက်  တစ်တင်း ၆၀၀၀၀ ကျပ်မှ ၆၂၀၀၀ကျပ်ထိ ရရှိလာခဲ့ပါသည်။ ယခု ၂၀၂၃ ခုနှစ်တွင်တော့ ပဲဈေးကွက်မှာ ပဲသစ်ပေါ်စအချိန် ဇန်နဝါရီ၊ ဖေဖော်ဝါရီလကတည်းက ၆၉၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ပဲအဝင်လှိုင်ချိန်တွင်လည်းဈေးအမြင့်ဖြင့်သာ ဆက်လက် အရောင်းအဝယ်ဖြစ်ခဲ့ကြပါသည်။ သင်္ကြန်ပြီးကာလမှစ၍ ပဲဈေးနှုန်းများတရိပ်ရိပ်မြင့်တက်လာပြီး မေလအတွင်း ပဲစင်းငုံ တစ်တင်း ၈၅၀၀၀ ကျပ်ဖြင့် ရောင်းဝယ်နေရသလို ဇွန်လအတွင်းမှာတော့ ပြည်ပဝယ်လိုအားနှင့် ငွေဈေးအတက်အကျပေါ်မူတည်၍ ပဲစင်းငုံသီးနှံဟာ ဈေးကွက်အတွင်းစံချိန်တင်ဈေးအမြင့်ဖြင့် မတ်ပဲသီးနှံထက် ဈေးပိုကာ တစ်တင်း ၁၀၅၀၀၀ ကျပ်ထိရရှိလာခဲ့ပါသည်။ သို့သော်လည်း လက်ကျန်ပဲ အချို့သာရှိသည့်အတွက် အရောင်းအဝယ်ပမာဏကတော့ ရန်ကုန်ဝယ်လက်ပေါ်မူတည်၍ အိတ် ၂၀၀/၃၀၀ ရက်ခြားရောင်းဝယ်မှုဖြစ်ခဲ့ကြပါသည်။ ဇူလိုင်လဆန်းပိုင်းမှစ၍ ပဲဈေးပြန် လျော့သွားတာကြောင့် ပဲတစ်တင်း ၉၇၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေခဲ့ရာ ယခု အောက်တိုဘာလဆန်းမှာတော့ တစ်တင်း ၉၃၀၀၀ကျပ်ဖြင့် လက်ကျန်လှောင်ပဲအချို့ အရောင်းအဝယ်ဖြစ်ခဲ့သည်ဟု သိရပါသည်။ ပဲစင်းငုံသီးနှံသည် ပြည်ခရိုင်အတွင်း မတ်ပဲသီးနှံကဲ့သို့ စိုက်ဧကမများဘဲ စိုက်ဧက တစ်သောင်းကျော်သာ စိုက်ပျိုးမှုရှိလို့ ပဲဈေးကွက်အတွင်း မတ်ပဲသီးနှံကဲ့သို့ ဝင်ရောက်မှုအနေဖြင့် ပဲအဝင်အထွက် သိပ်မများဘဲ ပဲထွက်ပေါ်ချိန်ကာလတွင်သာ ဈေးကွက်သို့ နေ့စဉ်အဝင်ရှိပြီး ကျန်ကာလများမှာတော့ လက်ကျန်လှောင်ပဲများဖြင့်သာ အရောင်းအဝယ်ဖြစ်ကြသည်ဟု သိရပါသည်။ ပြည်ခရိုင်အတွင်းရှိ(၄)မြို့နယ်၌ ပေါက်ခေါင်းနှင့် ပန်းတောင်းမြို့နယ်တွင် အဓိက စိုက်ပျိုးပြီး ကျန်မြို့နယ်များဖြစ်သော ရွှေတောင်နှင့် ပြည်မြို့နယ်တို့တွင် စိုက်ဧကထောင်ဂဏန်း အထိ စိုက်ပျိုးနိုင်ခြင်းမရှိဘဲ မတ်ပဲနှင့် ပဲတီစိမ်းကိုသာ စိုက်ပျိုးမှုပိုများကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပြည်ပဲကြီး မျိုးပဲအချို့နှင့် ပဲကြော်ဖိုလုပ်ငန်းသမားများ အဝယ်ရှိ

     ပြည်ပဲဈေးကွက်မှာ ဈေးအမြင့်ဖြင့်  ရောင်းဝယ်လျက်ရှိသော အခြားပဲများထက် ဈေးကောင်းရလျက်ရှိသော ပဲကြီးသီးနှံဟာဆိုလျှင် ယခုအောက်တိုဘာ လဆန်းပိုင်းတွင်လည်း ဈေးအမြင့်ဖြင့် ဆက်လက်အရောင်းအဝယ်ဖြစ်နေခဲ့ပါသည်။ ပဲကြီးသီးနှံသည် အောက်တိုဘာလတွင် စိုက်ပျိုးမှု များကြသည့်နည်းတူ  မိုးစပါးစိုက်လယ်မြေများ၏ လယ်ကန်သင်းများတွင် တောင်သူအချို့ စိုက်ပျိုးမှုရှိကြသည့်အတွက် မျိုးပဲအဝယ်အနည်းငယ်ရှိသလို ဒေသတွင်းပဲကြော်ဖို လုပ်ငန်းသမား များကလည်း ပုံမှန်ဝယ်ယူမှုရှိကြပါသည်။ ဒါကြောင့် တစ်ရက် အိတ် ၂၀၀/၃၀၀ ကျော် ရောင်းဝယ်မှုဖြစ်ပြီး ဈေးအနေဖြင့် (ရွှေကျွန်း) တစ်တင်း ၁၀၃၅၀၀ ကျပ်၊ (ကမ်းနား) တစ်တင်း ၁၀၂၀၀၀ ကျပ်တို့ဖြင့် အသီးသီးရောင်းဝယ်နေကြပါသည်။ ပဲကြီးသီးနှံသည် ဈေးကွက်အတွင်း လက်ကား ရောင်းဝယ်မှုအဖြစ်များသော ပဲဈေးကွက်၌ ဈေးအမြင့်ဆုံးဖြစ်သလို အရောင်းအဝယ်လည်း သွက်နေသည့် ပဲသီးနှံဖြစ်နေခဲ့ပါသည်။ ယခင်နှစ်က ပဲကြီးသီးနှံ၏ အောက်တိုဘာလအတွင်း အရောင်းအဝယ်ဖြစ်ခဲ့သောဈေးမှာ တစ်တင်း ၇၁၀၀၀ ကျပ်မှ ၈၀၀၀၀ ကျပ်အထိ ရရှိခဲ့သည့်အတွက် အခြားပဲများနှင့်ယှဉ်လျှင် ဈေးကောင်းပိုရသည့် သီးနှံဖြစ်ပြီး ယခုနှစ်မှာလည်း ယခင်နှစ်ထက် ဈေးပိုရကာ ဈေးကောင်းဆက်ရနေသည့် သီးနှံဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

 

ဘားအံမြို့တွင် စနေနေ့ ကမ်းနားလမ်းအခွန်လွတ်ဈေးတွင် ဆန်ကုန်သည်များအသင်းမှ သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချပေး

   ၂၀၂၃ ခုနှစ် ၊ အောက်တိုဘာလ (၁၄)ရက်နေ့ နံနက် (၆:၀၀)နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အမှတ်(၃)ရပ်ကွက်တွင် ကမ်းနားလမ်းအခွန်လွတ်ဈေးကို စတင်ဖွင့်လှစ်ခဲ့ပါသည်။ ထိုကမ်းနားလမ်းအခွန်လွတ်ဈေးတွင် ကရင်ပြည်နယ်ဆန်လုပ်ငန်းရှင်ဆန်ကုန်သည်များအသင်းမှ သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချပေးလျက်ရှိကြောင်းနှင့် အဆိုပါအခွန်လွတ်ဈေးတွင် ကရင်ပြည်နယ်ဆန်ကုန်သည်များနှင့် ဆန်လုပ်ငန်းရှင်များ အသင်းမှ ဈေးကားဖြင့် ဆန် (၁) ပြည်ကို (၂၇၀၀) ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် (၄)ပြည်နှုန်းဖြင့် မြေပြင်ပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ အခွန်လွတ်ဈေးကို ယခင်က အမှတ် (၃) ရပ်ကွက်၊ကန်သာယာတွင်ဖွင့်လှစ် ရောင်းချခဲ့ခြင်းဖြစ်ပြီး၊(၁၄.၁၀.၂၀၂၃)ရက်နေ့မှစ၍ အခွန်လွတ်ဈေးကို ကမ်းနားလမ်းသို့ ပြောင်းလဲဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

DOCA(ကရင်)

ဘားအံမြို့တွင် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအတွက်အခွန်လွတ်ဈေးများ ဖွင့်လှစ်ရောင်းချ

    ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် စားသုံးသူပြည်သူများ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေးနှင့် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းအတိုင်း ဝယ်ယူရရှိနိုင်ရေးအတွက် ရောင်းသူမှ ဝယ်သူသို့ တိုက်ရိုက်ရောင်းချခြင်းဖြင့် ကရင်ပြည်နယ်အတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကျဆင်းနိုင်စေရန် ကရင်ပြည်နယ်ကုန်ဈေးနှုန်း တည်ငြိမ်ရေးနှင့် ကျဆင်းရေးကော်မတီမှ ဘားအံမြို့  အမှတ်(၃)ရပ်ကွက် ကမ်းနားလမ်းအခွန်လွတ်ဈေးအား  ၁၄.၁၀.၂၀၂၃ ရက်နေ့မှစ၍ အပတ်စဉ် စနေနေ့၌ ဖွင့်လှစ်ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။

  ဖွင့်လှစ်ရောင်းချပေးလျက်ရှိသော အခွန်လွတ်ဈေးတွင် ကိုယ်တိုင်စိုက်ပျိုး ထုတ်လုပ်သူများနှင့် အသား/ငါးအရောင်းဒိုင်များ စည်ပင်သာယာမှသတ်မှတ်ဈေးနှုန်းဖြင့်ရောင်းချရာတွင် ဝက်သား ၁ပိဿာ၁၂၀၀၀ကျပ်၊ အမဲသား၁ပိဿာ၁၄၀၀၀ကျပ်၊ဆိတ်သား၁ပိဿ၁၇၀၀၀ကျပ်၊ ကြက်သား (အိမ်ကြက်)၁၂၀၀၀ကျပ်၊ ကြက်သား(မွေးမြူရေး) ၁၀၀၀၀ကျပ်၊ မွေးမြူရေးငါးကြင်း ၁ပိဿာ ၈၀၀၀ကျပ်၊ ချောင်းငါးကြင်း၁ပိဿာ၁၂၀၀၀ကျပ်၊ ငါးတန် ၁ပိဿာ၆၀၀၀ကျပ်၊ ပလာတူး၁ပိဿာ ၆၀၀၀ကျပ်၊ ဘဲဥ၁လုံး၃၀၀ကျပ်၊ကြက်ဥ၁လုံး၂၅၀ကျပ်၊ကန်စွန်းရွက်၁စည်း ၂၀၀ကျပ်၊ ချဉ်ပေါင်ရွက် ၁စည်း ၂၀၀ကျပ်၊ ဂေါ်ဖီထုပ် ၁ထုပ် ၅၀၀ကျပ်၊ခရမ်းချဉ်သီး ၁ပိဿာ  ၁၀၀၀ကျပ်၊ စားသုံးဆီ ၁ပိဿာ ၄၉၅၀ကျပ်နှင့် ဧည့်မထ/မနှောသုခဆန်  ၁ပြည် ၂၇၀၀ကျပ်စသည့်ဖြင့် စားသုံးသူပြည်သူများထံ ဈေးနှုန်းချိုသာစွာဖြင့် တိုက်ရိုက် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

    အဆိုပါအခွန်လွတ်ဈေးများ ဖွင့်လှစ်ရောင်းချပေးခြင်းဖြင့်  ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် ဝယ်သူများထံသို့ ကြားပွဲစားမခံဘဲ တိုက်ရိုက်ရောင်းချနိုင်သောကြောင့် သီးနှံ၊ အသား/ငါး ထုတ်လုပ်ရောင်းချမှုအပေါ် အမြတ်အစွန်းပိုမိုရရှိနိုင်မည်ဖြစ်ပြီး စားသုံးသူပြည်သူများအနေဖြင့်လည်း ဈေးနှုန်းသက်သာစွာဖြင့် တိုက်ရိုက်ဝယ်ယူနိုင်သောကြောင့် နေ့စဉ်စားသောက်ရေးအတွက် ကုန်ကျစရိတ်အပေါ်ကာမိကာ ကုန်ဈေးနှုန်းအဆမတန်ကြီးမြင့်မှုကြောင့် လှုမှုစီးပွားဘဝ ရိုက်ခတ်မှု လျော့နည်းသက်သာလာမည်ဖြစ်ကြောင်း သိရသည်။အဆိုပါကမ်းနားလမ်း အခွန်လွတ်ဈေးအား ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် (၁၄.၁၀.၂၀၂၃)ရက်နေ့ နံနက်(၀၆:၀၀)နာရီတွင် စတင်ဖွင့်လှစ်ခဲ့၍ ကမ်းနားလမ်းအခွန်လွတ်ဈေးကို ပြည်နယ်အစိုးအရအဖွဲ့၊ ဆက်စပ်ဌာနအဖွဲ့များ၊ စားသုံးသူရေးရာဦးစီးဌာနနှင့်ပြည်သူလူထုတို့မှ ဝယ်ယူအားပေး ကြည့်ရှု့ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

ပြည်မြို့ရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများ

    ပြည်ခရိုင်၊ ပြည်မြို့ရှိ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ဒုတိယအပတ်တွင် အခြေခံစားသောက်ကုန်ဈေးနှုန်းများဖြစ်သည့် ဧည့်မထဆန်တစ်ပြည်လျှင် ၃၀၀၀ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် ၁၂၅၀၀ကျပ်နှင့် စားအုန်းဆီတစ်ပိဿာလျှင် ၄၇၀၀ကျပ်၊ စားဖိုဆောင်သုံးသီးနှံများဖြစ်သည့် ငရုတ်သီးခြောက် (အရှည်၊ အပု) တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်၊ ကြက်သွန်နီတစ်ပိဿာလျှင် ၃၄၀၀ကျပ်၊ ကြက်သွန်ဖြူကြူကုတ်တစ်ပိဿာလျှင် ၈၀၀၀ကျပ်၊ ရှမ်းတစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ ချင်းတစ်ပိဿာလျှင် ၆၀၀၀ကျပ်၊ ကုလားပဲခြမ်းတစ်ပိဿာလျှင် ၆၅၀၀ကျပ်၊ အာလူးတစ်ပိဿာလျှင် ၂၈၀၀ကျပ် နှင့်မန်ကျည်းသီးမှည့်တစ်ပိဿာလျှင် ၆၀၀၀ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး အသားငါးဈေးများအနေဖြင့် အမဲသားတစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ ဝက်သားတစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် ၂၅၀၀၀ကျပ်၊ ငါးကြင်းဖြူတစ်ပိဿာလျှင် ၁၈၀၀၀ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၁၃၀၀၀ကျပ်၊ ပုစွန်တစ်ပိဿာလျှင် ၂၅၀၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။ ဈေးကွက်အနေဖြင့် စားသုံးဆီ၊ ဆန်ဈေးနှုန်းများမှာ အတက်အကျမရှိဘဲ စားဖိုဆောင်သီးနှံဖြစ်သည့် ကြက်သွန်နီမှာ ယခင်အောက်တိုဘာလ ပထမအပတ်တွင် ၃၀၀၀ကျပ်မှ ယခုအောက်တိုဘာလ ဒုတိယအပတ်တွင် ၃၄၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး ဈေးအနည်းငယ်မြင့်တက်နေကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၏ အောက်တိုဘာလ (ဒုတိယပတ်) တွင်ဖြစ်ပေါ်နေသော ဆန်စီးထွက်နှင့် ဈေးနှုန်း/ ဈေးကွက်အခြေအနေ

  “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် မျှော်မှန်းချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် သီးနှံဈေးနှုန်း၊ ဈေးကွက်နှင့် စီးဝင်/ စီးထွက်မှုအခြေအနေများကို စာရင်းကောက်ယူလျက်ရှိရာ ကန့်ဘလူခရိုင်အတွင်း  ဆန်စီးဝင်/ စီးထွက်အခြေအနေများကို ဖော်ပြလိုက်ရပါသည်။

   ကန့်ဘလူခရိုင်အနေဖြင့် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ဒုတိယအပတ်အတွင်း ဖြစ်ပေါ်ခဲ့သော စပါး၊ ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း စပါးတင်း(၁၀၀)လျှင် ကျပ်၃၄၀၀၀၀၀၊ ဧရာမင်း စပါးတင်း (၁၀၀)လျှင် ကျပ်၃၀၀၀၀၀၀ နှင့် ရွှေဝါထွန်း နွေစပါးတင်း(၁၀၀)လျှင် ကျပ်၁၇၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်(၂၄)ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၂၃၀၀၀၊ ဧရာမင်းဆန်(၂၄)ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၂၈၀၀၀နှင့် ရွှေဝါထွန်းဆန်(၂၄)ပြည်ပါ တစ်အိတ်လျှင် ကျပ်၇၀၀၀၀ဖြစ်ပြီး  ကန့်ဘလူခရိုင်မှ အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ဆန်စီးထွက်မှုမှာ  မန္တလေးတိုင်းသို့ အိတ်ရေ ၇၀၀အိတ်၊ ရန်ကုန်တိုင်းသို့အိတ်ရေ ၃၀၀အိတ်နှင့် ကချင်ပြည်နယ်သို့ အိတ်ရေ ၅၀၀အိတ်၊ စုစုပေါင်းအိတ်ရေ ၁၅၀၀အိတ်၊ တန်အားဖြင့် (၇၅)တန်စီးထွက်ခဲ့ကြောင်း ဒေသခံဆန်စက်လုပ်ငန်းရှင်နှင့်ချိတ်ဆက်မေးမြန်းမှုအရ သတင်းရရှိပါသည်။   

DOCA(စစ်ကိုင်း)       

                                     

ကန့်ဘလူခရိုင်အတွင်း အောက်တိုဘာလ ဒုတိယအပတ်တွင်ရောင်းချနေသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းအခြေအနေ

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကအားထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည်။ သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းများပိုမိုကောင်းမွန်စေရေးအတွက် စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကို စိုက်ပျိုးသူတောင်သူများ ဝယ်ယူအသုံးပြုလျက်ရှိကြသည်။

      ကန့်ဘလူခရိုင်အတွင်းရှိ စိုက်ပျိုးသူတောင်သူများ ဝယ်ယူအသုံးပြုလျက်ရှိသော စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ၏ အောက်တိုဘာလ ဒုတိယအပတ်အတွင်း ဖြစ်ပေါ်ခဲ့သောဈေးနှုန်းများမှာ ပန်းဖူး (50)kg တစ်အိတ်လျှင် (၈၇၀၀၀)ကျပ်၊ မျှားကမ္ဘာ (50)kg တစ်အိတ်လျှင် (၇၇၀၀၀)ကျပ်၊ ကွန်ပေါင်း (10:10:5) (50)kg တစ်အိတ်လျှင် (၇၇၀၀၀)ကျပ်၊ ကွန်ပေါင်း (15:15:15) (50)kg တစ်အိတ်လျှင် (၁၆၀၀၀၀)ကျပ်၊ ပိုတက် (50)kg တစ်အိတ်လျှင် (၁၄၈၀၀၀)ကျပ်နှင့် ရွှေတောနစ် (၅၀၀)စီစီတစ်ဘူးလျှင် (၁၁၀၀၀)ကျပ်၊ မိုရယ်လ်မုန်း (၅၀၀)စီစီတစ်ဘူးလျှင် (၂၅၀၀၀) ကျပ်၊ ဟတ်ကာ(၅၀၀)စီစီတစ်ဘူးလျှင် (၂၄၅၀၀)ကျပ်၊ AP ဇာပြာ (၅၀၀)စီစီတစ်ဘူးလျှင် (၂၁၅၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း စိုက်ပျိုးရေးသုံးဆေးနှင့် ဆေးပစ္စည်းရောင်းချသည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

         

ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းအခြေအနေ

     ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်မွှေး(သိင်္ဂီ) တစ်ပြည် ၇၀၅၀ ကျပ်၊ ဧည့်မထ (ဒေသ)ဆန် တစ်ပြည် ၃၉၅၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ စားဖိုဆောင်စားသောက်ကုန်များ အနေဖြင့် ကြက်သွန်နီ တစ်ပိဿာ ၄၅၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ ၉၀၀၀ ကျပ်၊ (ရှမ်းစ)တစ်ပိဿာ ၁၀၀၀၀ ကျပ်၊ ငရုတ်သီးခြောက်(ရှည်)တစ်ပိဿာ ၁၈၀၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၂၃၀၀ ကျပ်၊ အာလူး တစ်ပိဿာ ၃၅၀၀ ကျပ်၊ မန်ကျည်းသီးမှည့် တစ်ပိဿာ ၄၀၀၀ ကျပ်နှင့် ချင်း တစ်ပိဿာ ၅၅၀၀ ကျပ် စသဖြင့် ရောင်းဝယ်လျက်ရှိပါသည်။

      ကျိုင်းတုံမြို့တွင် အောက်တိုဘာလ ဒုတိယပတ် စားသုံးဆီဈေးနှုန်းများအနေဖြင့် စားအုန်းဆီ တစ်ပိဿာ ၇၁၀၀ ကျပ်နှင့် ပဲဆီ(ရိုးရိုး) တစ်ပိဿာ ၁၆၀၀၀ ကျပ်၊ ကြက်ဥဈေးမှာ တစ်လုံး ၃၀၀ ကျပ် နှင့် ဘဲဥ တစ်လုံး ၄၀၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ အသား/ငါးဈေးနှုန်းများမှာ ကြက်သား (CP) တစ်ပိဿာ ၁၄၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာ ၂၀၀၀၀ ကျပ်၊ အမဲသား တစ်ပိဿာ ၂၄၀၀၀ ကျပ်၊ ငါးကြင်း တစ်ပိဿာ ၁၇၅၀၀ ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ ၁၅၅၀၀ ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

       ကျိုင်းတုံမြို့ အခြေခံစားသောက်ကုန်ဈေးနှုန်းများသည် ယခင် အောက်တိုဘာလ ပထမပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ကြက်သွန်ဖြူ(ရှမ်းစ)၊ ကြက်သွန်ဖြူ(ကြူကုတ်) ဈေးနှုန်းတို့မှာ ကျဆင်းလျက်ရှိပြီး ငါးကြင်းနှင့် ငါးမြစ်ချင်းဈေးနှုန်းတို့မှာ အနည်းငယ်မြင့်တက်လျက်ရှိပါသည်။ ကျန်အခြေခံစားသောက်ကုန်များမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း