ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့၊ မြို့မဈေးတွင် သကြားသီးများစတင်ရောင်းချလျက်ရှိ

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် ရာသီပေါ်သကြားသီးများကို စတင်ရောင်းချလျက်ရှိပါသည်။ ရာသီစာသကြားသီးများကို နေအိမ်ခြံစည်းရိုးများတွင်စိုက်ပျိုးပြီး မိမိတို့အိမ်တွင် စားသုံး၍ပိုလျှံသည့်အသီးများကို ကန့်ဘလူမြို့မဈေးသို့ လာရောက်ရောင်းချကြောင်း သိရသည်။

            သကြားသီးသည် အစိမ်းရောင်နှင့် အညိုရောင်ဟူ၍ နှစ်မျိုးရှိပါသည်။ သကြားသီးသည် ဂျယ်လီလိုချိုချိုအိအိလေးအရသာရှိပြီး သရေစာအဖြစ်အများဆုံး စားသုံးကြကြောင်း၊ ၂၀၂၅ခုနှစ်၊ မတ်လ တတိယပတ်အတွင်း သကြားသီး(၁)လုံးလျှင်(၄၀၀)ကျပ်၊ သကြားသီး(၃)လုံးလျှင်  (၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သောကြောင့် ရောင်းအားကောင်းကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မအူပင်မြို့နယ် နွေစပါး GW-11 စိုက်ပျိုးထွက်ရှိနေမှု နှင့် တောင်သူအကျိုးအမြတ် ယခင်နှစ်ထက် နည်းပါး

          မအူပင်ခရိုင်တွင် ၂၀၂၄-၂၀၂၅ခုနှစ် နွေစပါးစိုက်ဧက ၈၃၉၄၈ဧက ရှိကြောင်း သိရသည်။ တလုတ်လပ် အနောက် ဦးအေးလှိုင် ၏ နွေစပါး GW-11 စိုက်ပျိုးထွက်ရှိ ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။ တောင်သူမှ စပါး ၁၂ဧက စိုက်ပျိုးထားပြီး အခြားသီးနှံများ သံပုရာ၊ ရုံးပတီ၊ ချဉ်ပေါင်၊ ဆလပ်၊ သင်္ဘောသီးနှံများ စိုက်ပျိုးနေကြောင်း သိရသည်။

          စပါးစိုက်ပျိုးရာတွင် GW-11 မျိုး နွေစပါးကို စိုက်ပျိုးနေပြီး မျိုးစပါးဈေး ၁တင်းကို ၈၀၀၀၀ကျပ်ဖြင့် ဝယ်ယူရပြီး စိုက်ပျိုးဧက ၁ဧကတွင် မျိုးစပါး ၂တင်း စိုက်ပျိုးကြောင်း သိရသည်။ ကုန်မြေမြင့်လယ်မြေများတွင် ၁၅ရက်စောစိုက်ပျိုးပါက စောစောထွက်ရှိကြောင်း၊ နွေစပါူကို ၂၀၂၄ခုနှစ် ဒီဇင်ဘာလက စတင်စိုက်ပျိုး ယခု ၂၀၂၅ခုနှစ် မတ်လ (၁၀)ရက်နေ့တွင် ရိတ်သိမ်းပြီဖြစ်ကြောင်းသိရသည်။ ၁ဧက စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် ငွေကျပ် ၆၀၀၀၀၀ ကုန်ကျကြောင်း သိရသည်။ အထွက်နှုန်းအနေဖြင့် ၁ဧကလျှင် ၁၂၀ မှ ၁၄၀ တင်းနှုန်း ထွက်ရှိကြောင်း စိုက်ပျိုးတောင်သူပြောပြချက်အရသိရပြီး နွေစပါး GW-11  ဈေးနှုန်း ၁တင်းလျှင် ကွင်းဈေး ၁၄၅၀၀ ကျပ်အရောင်းအဝယ် ဖြစ်နေကြောင်းသိရသည်။ အကျိုးအမြတ်အနေဖြင့် ၁၇၄၀၀၀၀ ကျပ် ရရှိသဖြင့် တောင်သူမှ GW-11 နွေစပါး ၁ဧက ကို ၁၁၄၀၀၀၀ ကျပ် အကျိုးအမြတ်ရရှိကြောင်း ယခင်နှစ်ထက် အကျိုးအမြတ်နည်းပြီး ယခုနှစ် စပါးအထွက်ကောင်းသော်လည်း ဖြုတ်ပိုးကျသဖြင့် ပိုကျအန္တရာယ်များ ဖြေရှင်နေရကြောင်း တောင်သူထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ်မှ စိုက်ပျိုးသောစပါးများမှ ကြိတ်ခွဲထွက်ရှိသော ဆန်ကွဲနှင့် ဖွဲနုများ ရန်ကုန်သို့တင်ပို့

            ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မြို့နယ်များမှ စပါးစိုက်ပျိုးပြီး ထွက်ရှိလာသော စပါးများကို ကြိတ်ခွဲရာမှ ထွက်ရှိလာသော ဆန်ကွဲနှင့် ဖွဲနုများကို ရန်ကုန်သို့အဓိကထား တင်ပို့ပြီး  ရန်ကုန် ဘုရင့်နောင်၊ ရွှေပြည်သာ၊ ဆုးလေ၊ လှိုင်သာယာ ပွဲရုံ၊ မရမ်းကုန်းပွဲရုံ၊ အလုံဆိတ်ကမ်း အလုံမြို့ ၊ ရန်ကုန်စက်မှုဇုန်များနှင့် ပဲခူးမြို့ တို့ကိုသာ တင်ပိုကြောင်း သိရသည်။

           ၂၀၂၅ခုနှစ် ဇန်နဝါရီလ က မအူပင်ခရိုင်မှ မအူပင် ၇၄၈၃အိတ်၊ ပန်းတနော် ၇၅၈၀ အိတ်၊ ညောင်တုန်း ၉၈၅၈၀အိတ်၊ ဓနုဖြူမြို့ ၁၁၇၁၆အိတ် နှင့် စုစုပေါင်း ဆန်ကွဲအိတ်အရေအတွက် ၁၂၅၃၅၉ အိတ်နှင့်  တန်အားဖြင့် ၆၃၀၀ တန်နှင့် အခြား မြို့နယ်များမှ ၁၅၆၀၀၆ အိတ် တန်အားဖြင့် ၇၈၀၀တန်  တင်ပို့ခဲ့သည်။

          ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ မအူပင်ခရိုင်မှ ဆန်ကွဲ မအူပင် ၆၄၃၈ အိတ်၊ ပန်းတနော် ၂၂၀၉အိတ်၊ ညောင်တုန်း ၉၅၉၉၇ အိတ်၊ ဓနုဖြူ ၂၉၉၅ အိတ် စုစုပေါင်း (၁၀၇၆၃၉) အိတ် တန်အားဖြင့် ၅၃၈၁ တန် တင်ပို့ခဲ့သည်။ အခြားမြို့နယ်တင်ပို့နိုင်မှုအနေဖြင့် ဆန်ကွဲ (၁၄၅၄၅၀) အိတ် ၇၂၇၂ တန် တင်ပို့နိုင်ခဲ့သည်။

ယခင်လနှင့် နှိုင်ယှဉ်ပါက မအူပင်ခရိုင်အနေဖြင့် ဆန်ကွဲ ၁၇၇၂၀ အိတ် လျော့နည်း၍ တင်ပို့ကြောင်းနှင့် အခြားမြို့နယ်များမှ ၁၀၅၅၆ အိတ် လျော့နည်း၍ တင်ပိုခဲ့ကြောင်း ပန်တိုင်စစ်ဆေးရေးစာရင်းများအရ သိရှိရပါသည်။

 

DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် (၄)မြို့နယ်နှင့် အခြားမြို့နယ်များမှ တင်ပို့သော ဆန်တင်ပို့မှု အခြေအနေ

             ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်မှ နှစ်စဉ် မိုးစပါး။ နွေစပါး စိုက်ပျိုးနေပြီး မအူပင်ခရိုင် အနေဖြင့် မြို့နယ်များအပါအဝင် ဆန်စက်အလုံးရေ (၁၀၇)လုံး ရှိပြီး စိုက်ပျိုးပြီး ၂၀၂၄-၂၀၂၅ခုနှစ်ထွက် နွေစပါး ရိတ်သိမ်းထွက်ရှိပြီးဖြစ်၍ ဝယ်ယူကြိတ်ခွဲလျက်ရှိသည်။ စပါးကြိတ်ခွဲထွက်ရှိမှုမှ ဆန်များကို ရန်ကုန်တိုင်းဒေသကြီးသို့ အဓိကထား၍ တင်ပိုနေပြီး ရန်ကုန်မှတဆင့်  အခြားဒေသများသို့ (စီးထွက်) လျက်ရှိပြီး သီလဝါဆိတ်ကမ်း၊သံလျှင်မြို့၊ ဆူးလေဆိတ်ကမ်း ပန်းပဲတန်းမြို့၊ Asiaworld ဆိတ်ကမ်းအလုံမြို့၊ ဇုန်-၂ ရွှေပြည်သာမြို့၊ ကျိုတ်ဝိုင်းဈေး မရမ်းကုန်းမြို့၊ ကားကြီးဝန်း ဘုရင့်နောင်မြို့၊   ဇုန်-၃ လှိုင်သာယာမြို့၊ ယုဇန ၂လမ်း၊ ဘုရင့်နောင်မြို့၊ ၁ရပ်ကွက်မရမ်းကုန်းမြို့၊ ကျိုတ်ဝိုင်းဈေး၊ မရမ်းကုန်းမြို့၊ ပဲခူးဈေးကြီး၊ ပဲခူးမြို့၊ သုဇနလမ်း၊ ထောက်ကြံမြို့၊ ရွှေလင်ပန်းစက်မှုဇုန်းလှိုင်သာယာမြို့၊ ပိတောက်လမ်း ဘုရင့်နောင်၊ AWPT ဆိတ်ကမ်းအလုံမြို့ တို့သို့ တင်ပိုလျက်ရှိကြောင်း သိရသည်။

             ရန်ကုန်သို့ ဆန်စီးထွက်မှုမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁လတွင်း (၄)မြို့နယ် ဆန်အိတ် ၂၆၄၆၄၃ အိတ်နှင့် တန်အားဖြင့် ၁၃၂၀၀တန် တင်ပို့နိုင်ခဲ့ကြောင်း အခြားမြို့နယ်များ ဆန်တင်ပို့မှုအနေဖြင့် ၄၁၁၀၁၂ အိတ် တန်အားဖြင့် ၂၀၅၀၀ တန် တင်ပို့ကြောင်း သိရသည်။

           ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁လအတွင်း မအူပင်  ဆန်တင်ပို့မှု အိတ် ၁၁၂၁၁၊ ပန်းတနော် ဆန်တင်ပို့မှု ၁၉၅၇၈၊ ညောင်တုန်းဆန်တင်ပို့မှု ၂၈၀၃၉၈၊ ဓနုဖြူဆန်တင်ပို့မှု ၆၅၆၆၂ အိတ်နှင့် စုစုပေါင်း (၃၇၆၈၄၉) တင်ပို့ပြီး တန်အားဖြင့် ၁၈၈၄၂ တန်တင်ပို့နိုင်ခဲ့ကြောင်း၊ အခြားမြို့နယ်များမှ တင်ပို့မှုနိုင်မှု အနေဖြင့် ၄၀၂၅၂၂ အိတ် နှင့် တန်အားဖြင့် ၂၀၁၂၆ တန် ကိုလည်းကောင်း တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

           ယခင်လနှင့် နှိုင်းယှဉ်ကြည့်ပါက  ၄မြို့နယ် တင်ပို့မှု ဆန်အိတ်  ၁၁၂၂၀၆ အိတ်ပိုမိုတင်ပိုနိုင်ပြီး ၅၆၁၀ တန် ပိုမိုတင်ပို့နိုင်ခဲ့သည်။ အခြားမြို့နယ် တင်ပို့မှုကို နှိုင်းယှဉ်ပါက ၈၄၉၀ အိတ် လျော့နည်း တင်ပို့နိုင်ခဲ့ကြောင်း နယ်စပ်ဖြတ်ကျော်ပန်တိုင် စစ်ဆေးရေးစာရင်းများအရ သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျိုတ်လတ်ဘက်မှ စိုက်ပျိုးထွက်ရှိသော နှင်းသီး မအူပင်သို့ဝင်ရောက်

         နှင်းသီးဟာ ကျန်းမာရေးကို အကျိုးပြုသလို စုံလင်စွာဖန်တီးမှီဝဲလို့ရတာမှန်ပေမယ့် ဘေးထွက်ဆိုးကျိုးတချို့လည်း ရှိနေပါတယ်။ နှင်းသီးပင်ရဲ့ အရွက်၊ အစေ့နဲ့ အမြစ်တွေမှာ ဆိုင်ယာနိုက်အဆိပ် ပမာဏ မြင့်မြင့်မားမားပါဝင်နေတာမို့ ဒီဟာတွေကိုတော့ ရှောင်ကျဉ်သင့်ပါသည်။

           အလုံးခပ်ကြီးကြီး နှင်းသီးကို တဂျွမ်းဂျွမ်းကိုက်စားရတာက လူတွေကို စိတ်ကျေနပ်ပျော်ရွှင်မှု ရစေပါတယ်။ ဒါ့အပြင် အရည်ရွှမ်းပြီး ချိုမြိန်နူးညံ့တဲ့ နှင်းသီးတွေဟာ ကျန်းမာရေးကို များစွာ အထောက်အကူပြုတဲ့ သစ်သီးဝလံ တစ်မျိုးလည်း ဖြစ်ပါတယ်။ နှင်းသီးကို တစ်ချို့က အစိမ်းလိုက်စားခြင်း၊ တစ်ချို့က ငံပြာရည်၊ ငရုတ်သီးမှုန့်ဖြင့် သုတ်စားကြသည်။

            မအူပင် အခွန်လွတ်ဈေးတွင် သစ်သီးရောင်းချသူထံမှ နှင်းသီးများကို ၂၀၂၅ခုနှစ် မတ်လမှ စတင်၍ နှင်းသီးများကို ကျိုတ်လတ်မှ မှာယူရောင်းချပြီး နှင်းသီး အလုံး ၁၀၀၀ပါ တစ်အိတ်ကို ငွေကျပ် ၈၀၀၀၀/-ဖြင့် ဝယ်ယူရကြောင်း၊ ၁လလျှင် နှင်းသီး ၄အိတ်လောက်မှာ ယူရောင်းချရကြောင်းသိရသည်။ ဈေးကွက်ရောင်းချမှုအနေဖြင့် နှင်းသီး ၁လုံးကို ၁၀၀ကျပ်ဖြင့် ပြန်လည်ရောင်းချပြီး အလုံးလိုက်ရောင်းချခြင်း အလုံး၁၀၀ပါ အိတ်ဖြင့် ပြန်လည်ထုတ်ပိုး ရောင်းချကြောင်းနှင့် နှင်းသီးအလုံး ၁၀၀၀ ၁အိတ်ကို ငွေကျပ် ၂၀၀၀၀/- အကျိုးအမြတ် ကျန်ရှိ ကြောင်းသိရသည်။ တစ်နေ့လျှင် နှင်းသီး အလုံး ၁၀၀ပါ ၅အိတ်လောက် ရောင်းချနေရပြီး ယခုနွေရာသီတွင် အချဉ်ပေါင်း ရောင်းချသူများက ပိုမိုဝယ်ယူကြကြောင်း သစ်သီးဝလံရောင်းချသူထံမှ သိရသည်။

DOCA (ဧရာဝတီ)

မအူပင်မြို့နယ်၏ ဆန်၊ စပါးဈေးကွက် အကျဘက်သို့ ရောက်ရှိ

            မအူပင်မြို့သည် ကျေးရွာအုပ်စု (၇၆)အုပ်စု ရှိပြီး ယခုအခါတွင် ကျေးရွာအုပ်စု ၃ပုံ ၂ပုံတွင် နွေစပါးနှင့် ရေကျနောက်စိုက် စပါးများစိုက်ပျိုးလျက်ရှိကြောင်း မအူပင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။

          မအူပင်မြို့နယ်၏ နွေစပါး လျာထားဧက (၈၃၉၄၈)ဧကစိုက်ပျိုးလျှက်ရှိကြောင်း ၊ ယခုတပေါင်းလတွင် နွေစပါးနှင့် ရေကျနောက်စိုက်စပါးများဖြစ်သော စဖိုးသာ၊ ကရင်မစပါး၊ ဆင်းသုခစပါးနှင့် ရက်(၉၀)စပါးများသည် ရိတ်သိမ်းပြီး ပွဲစားများနှင့် မအူပင်မြို့ပေါ်ရှိ ဆန်စက်များသို့ စပါးအခြောက် စက်အရောက်ဈေး တင်း(၁၀၀)လျှင် ၁၆၅၀၀၀၀/-ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း၊ GW-11 စပါးသာလျှင် (၁၅၅၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်တွင်ကျယ်နေကြောင်း မအူပင်မြို့ ရေလဲလမ်းဘေးရှိ ဆန်စက်များဖြစ်သော ပြည့်ဖြိုးကြွယ်၊ စိုးမိုးအောင်၊ ထွန်းလင်းကျော်၊ စိုးမိသားစု၊ ကျော်ပဒေသာ ဆန်စက်များမှ စက်တာဝန်ခ့နှင့် စက်ပိုင်ရှင်များပြောပြချက်အရသိရသည်။

          စပါးဈေးထိုသို့ အကျဘက်သို့ ရောက်ရှိရခြင်းမှာ ရန်ကုန် ဘုရင့်နောင် ပွဲရုံမှ ဝယ်လိုအားကျဆင်းပြီး ဒေသတွင်းဈေးကွက်မှာ အေးနေသောကြောင့်လည်းကောင်း၊ ၂၀၂၄-၂၀၂၅ခုနှစ်ထွက်မိုးစပါးများ မိုးများခြင်းကြောင့် အထွက်နောက်ကျခြင်း စပါးရေထိ၍ မိုးစပါးအထွက်နည်းခြင်း၊ နွေစပါးရိတ်သိမ်းချိန် အထွက်နှုန်းကောင်းသော်လည်း ဖြုတ်ပိုး ကျဆင်းခြင်းများ ရှိသဖြင့် ယနေ့ စပါးဈေး အကျဘက်သို့ ရောက်ရှိနေကြောင်း စပါးစိုက်တောင်သူ ဦးထွန်ဝေထံမှ သိရှိရပါသည်။

DOCA (ဧရာဝတီ)

ကြံခင်းမြို့နယ်၌ ဆီထွက်သီးနှံ ဆောင်းနေကြာ စံပြစိုက်ခင်း ရိတ်သိမ်းပွဲ ကျင်းပ

           စားသုံးသူရေးရာဦးစီးဌာန၊ကြံခင်းမြို့နယ်တာဝန်ခံသည်(၁၇.၃.၂၀၂၅)ရက်နေ့ နံနက် (၀၉:၀၀) အချိန်တွင် ခရိုင်/မြို့နယ်စိုက်ပျိုးထုတ် လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဌ၊ ခရိုင် / မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အဖွဲ့ဝင်များ နှင့်ပူးပေါင်း၍ ကြံခင်းမြို့နယ်၊ ရွာသစ်အုပ်စု၌ ကျင်းပပြုလုပ်သော ဆီထွက်သီးနှံ ဆောင်းနေကြာ စံပြစိုက်ခင်းရိတ်သိမ်းပွဲသို့ တက်ရောက်ခဲ့ပါသည်။

          အဆိုပါ ဆောင်းနေကြာ စံကွက်ရိတ်သိမ်းပွဲကို ကြံခင်းမြို့နယ် ၊ ရွာသစ်အုပ်စုရှိ တောင်သူ ဦးအောင်သူ၏ စိုက်ခင်း(၂.၀၀) ဧက၌ Super Sun-41 အမျိုးအစား ဆောင်းသီးနှံနေကြာ  စံကွက် ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင်(၃၅.၇၃)တင်းထွက်ရှိခဲ့ပြီး၊ အဆိုပါရိတ်သိမ်းခြွေ့လှေ့မှုကို ခရိုင်စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဌ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များက ကြည့်ရှု အားပေးကြပြီး တောင်သူများအနေဖြင့် အထွက်နှုန်းပြည့်မီစေရေး အလေးထားဆောင်ရွက်ကြရန်နှင့် ဒေသအတွင်းဆီဖူလုံရေးအတွက် တစ်နိုင်တစ်ပိုင်ကစ၍ စီးပွားဖြစ်စိုက်ပျိုးနိုင်ရေးကို ကြိုးစားပြီး စိုက်ပျိုးသွားကြရန် မှာကြားခဲ့ပြီး စံကွက်ရိတ်သိမ်းပွဲကို နေ့လည် (၁၂:၀၀) နာရီအချိန်တွင် ရုပ်သိမ်း ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အရောင်းအဝယ်သွက်လာတဲ့ ဧရာဝတီတိုင်းအတွင်းရှိ မြန်မာ့လက်မှုထုတ်ကုန် သင်ဖြူးဖျာများ

         သင်ဖြူးဖျာသည် မြန်မာ့ရိုးရာယဉ်ကျေးမှုအသုံးအဆောင်ပစ္စည်းတစ်မျိုး ဖြစ်သကဲ့သို့ ဧရာဝတီတိုင်း အတွင်းရှိ ဒေသခံများအား အလုပ်အကိုင်အခွင့်အလမ်းများ အများဆုံး ဖန်တီးပေးနိုင်သော မိရိုးဖလာ လုပ်ငန်း တစ်ခုလည်းဖြစ်ပါသည်။ ကောက်ပဲသီးနှံများစိုက်ပျိုးပြီးစီး၍ အားလပ်သော အချိန်တွင် အပို အလုပ်အဖြစ် သင်ပင်များကိုစိုက်ပျိုး၍ သင်ဖြူးဖျာရက်လုပ်ခြင်း လုပ်ငန်းများကို  လုပ်ကိုင်နိုင်ပါသည်။ သို့သော် သင်ပင်သည် အခြားသော ကောက်ပဲသီးနှံတို့ကဲ့သို့ တစ်နှစ်တစ် သီးစား၊ နှစ်သီးစား စားရပြီးလျှင် သက်တမ်းတိုသောအပင်မျိုးမဟုတ်ဘဲ သုံးလေးနှစ်ကြာမှ စိုက်ပျိုးပြုစု ပျိုးထောင်မှုအကျိုးကို စတင်ခံစားခွင့် ရရှိဿာ အပင်မျိုး ဖြစ်ပါသည်။ စီးပွားရေးအမြင်နှင့်ကြည့်လျှင်အကျိုးခံစားခွင့်ရ ရှိရန် စောင့်ဆိုင်းရသည်မှာ အချိန်ကြာမြင့်သည်ဟု ထင်မှတ်ဖွယ်ရာရှိသော်လည်း နောင်နှစ်စဉ်နှစ်တိုင်း အလျဉ်မပြတ် သုံးစားသွား နိုင်သော စောင့်ဆိုင်းရကျိုးနပ်သည့် အပင်မျိုး ဖြစ်ပါသည်။ သင်ဖြူးဖျာရက်လုပ်သည့် လုပ်ငန်းများသည် ကိုဗစ် ကာလအတွင်း၌ လဲပျိုခဲံသော်လည်း ယင်းနောက်ပိုင်းတွင် ပြန်လည်ခေါင်းမော့လာခဲ့ရာ ယခုလို ပူအိုက်လှသည့် နွေရာသီကာလရောက်ခါနီးလေ သင်ဖြူးဖျာများမှာ အရောင်းသွက် လာလေ ဖြစ်ပါသည်။

           မြန်မာနိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုလည်း ဖြစ်သကဲ့သို့ မြန်မာ့ လက်မှုထုတ်ကုန် တစ်ခုလည်း ဖြစ်သည့် သင်းဖြူးဖျာ လုပ်ငန်းများကို ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မော်လမြိုင် ကျွန်းမြို့နယ်၊ လေးမျက်နှာမြို့နယ် နှင့် ပန်းတနော်မြို့နယ် တို့တွင် အဓိကထား လုပ်ကိုင် ဆောင်ရွက် လျက်ရှိပါသည်။  သင်ဖြူးဖျာ တစ်ချပ်ရရှိရန်အတွက် သုံးနှစ်ခန့်စိုက်ပျိုးထားသော သင်ပင်မှ သင်ချောင်းများကို အခြမ်းများခွဲကာနေလှန်းရပါသည်။ နေလှမ်းခြင်းလုပ်ဆောင်ပြီးမှသာ ဖျာအဖြစ် ရက်လုပ်ရန်အတွက် နှီးအဆင့်သို့ ရောက်ရှိပါသည်။ အခြောက်လှမ်းပြီး ရရှိလာသည့် နှီးများအား ကုန်ချောအနေအထားသို့ ရောက်ရှိရန်အတွက် အနည်းဆုံး အချိန် (၁၂ ရက်မှ ၁၄ ရက်အထိ) ကြာမြင့်ပါသည်။ ကုန်ချောနှီးအဖြစ်သို့ ရောက်ရှိလာပါက လုပ်သား(၁)ဦးသည် တစ်နေ့လျှင် ဖျာကြမ်း(၁၀)ချပ်ကို ရက်လုပ် နိုင်ကြပါသည်။ ကတ္တီပါစဖြင့် အနားကွပ်ထားသော ဈေးကွက်ဝင် နှစ်ယောက်အိပ်(၂)ဖက်ချော (၆’ ၆’’ x ၅’  ၃”) တစ်ချပ်လျှင် (၁၁၅၀၀၀) ကျပ်၊ နှစ်ယောက်အိပ်(၁)ဖက်ချော (၆’ ၆’’ x ၅’  ၃”) တစ်ချပ်လျှင် (၇၅၀၀၀) ကျပ်၊ တစ်ယောက်အိပ်(၂)ဖက်ချော (၆’ x ၃’  ၂”) တစ်ချပ်လျှင် (၅၅၀၀၀) ကျပ်၊ ဖျာချော လေးထောင့်တစ်ထွာ တစ်ချပ်လျှင် (၄၀၀၀၀) ကျပ်၊ ဖျာချော ငါးတောင် တစ်ချပ်လျှင် (၄၅၀၀၀) ကျပ် နှင့် ဖျာချော ခြောက်တောင် တစ်ချပ်လျှင် (၆၅၀၀၀) ကျပ် အထိ ဈေးကွက် ပေါက်ဈေး ရှိကြောင်း သိရှိရပါသည်။ ထို့အပြင် သင်ဖြူးများမှာ မြန်မာနိုင်ငံရာသီဥတု နှင့် ကိုက်ညီသည့်အတွက် အခြားသော တီထွင် ဆန်းသစ်မှုများ ပြုလုပ်၍ သင်ဖြူးပိုက်ဆံအိတ်၊ သင်ဖြူးဦးထုပ်၊ သင်ဖြူးဖိနပ်၊ သင်ဖြူးထိုင်ဖျာနှင့် တရားထိုင်သင်ဖြူးဖျာ များကိုလည်း ထုတ်လုပ်လျှက်ရှိပြီး လူကြိုက်များလှကြောင်းလည်း လေ့လာသိရှိရပါသည်။

DOCA(ဧရာဝတီ) 

မြောင်းမြမြို့ရဲ့ စံပြ ဆန်ကြာဇံ လုပ်ငန်း

            ဆန်ကြာဇံသည် တရုတ်ရိုးရာအစားအစာ တစ်မျိုးဖြစ်ပြီး  ၁၉၃၀ ပြည့်နှစ်ဝန်းကျင်လောက် တွင် ထုတ်လုပ်မှုနည်းပညာကူးပြောင်းဖလှယ်၍ ဆန်ကြာဇံအသုံးပြုမှုမှာ မြန်မာနိုင်ငံသို့ရောက်ရှိလာခြင်း ဖြစ် ပါသည်။ စပါးကို ကြိတ်ခွဲလိုက်သည့်အခါ ထွက်ပေါ်လာသည့် ဆန်ကွဲများအား ဆန်ကွဲကို အခြေခံ အစားအစာများ၊ အရက် မုန့်ဟင်းခါးဖက် နှင့် ဆန်ကြာဇံ တို့ကိုလည်း ထုတ်လုပ် နိုင်ပါသည်။ ထို့ကြောင့် ဆန်ကြာဇံထုတ်လုပ်သော စက်ရုံအများစုသည် မြစ်ဝကျွန်းပေါ်ဒေသတွင် ရှိကြခြင်း ဖြစ်ပါသည်။

            ထို့ကြောင့် မြစ်ဝကျွန်းပေါ်ဒေသဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဆန်စက်အများဆုံး တည်ရှိရာဒေသလည်း ဖြစ်သည့် မြောင်းမြခရိုင် အတွင်း၌ ထုတ်လုပ်နေသည့် “စံပြဆန်ကြာဇံလုပ်ငန်း” မှာလည်း ထင်ပေါ်လူကြိုက်များ လှယုံသာမက ဒေသခံများအား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး ပေးနိုင်သည့် လုပ်ငန်းတစ်ခုလည်း ဖြစ်ပါသည်။ “စံပြဆန်ကြာဇံလုပ်ငန်း” မှာ အမှတ် (၁၆၄)၊ အောင် ဆန်း လမ်း၊ မြောင်းမြမြို့တွင် တည်ရှိပြီး စက်မှုလုပ်ငန်း လိုင်စင်အမှတ် ဧရ/ငယ်/၅၅၇(၀၃/၀၇/၁၉၉၁) ရရှိပြီးသား လုပ်ငန်း တစ်ခုလည်း ဖြစ်ပါတယ်။ လုပ်ငန်းအား မတည်ရင်းနှီးငွေ သိန်း(၃၀၀၀၀) ခန့်ဖြင့် မတည်၍ ရင်းနှီးမြှပ်နှံထားပြီး (၁) နှစ်လျှင်ဆန်ကြာဇံ အထုပ်ရ (၃၆၅၀၀၀) ခန့် ထုတ်လုပ်လျှက်ရှိပါသည်။

            ဆန်ကြာဇံကို ငစိန်ဆန် (သို့မဟုတ်) ရွှေဝါထွန်း (ဧည့်မထဆန်)တို့ကို အသုံးပြု၍ ထုတ်လုပ်နိုင်ပါသည်။ ဆန်ကြာဇံပြုလုပ်ရာတွင် ရှေးဦးစွာ ဆန်ကိုဖုံး၊ သဲ၊ ခဲများ သန့်စင်ပေးရန် လိုပါသည်။ ဖုံ၊ သဲ၊ ခဲများ ပါသွားပါက နန်းဆွဲ သည့်အခါ ဖုံကပ်နေသည့် နေရာမှနေ၍ ပြတ်တောက်သွားနိုင်ပါသည်။ အချို့သော စက်များ၌ ဆန်ဖြူဖွတ်စက်များဖြင့် ဆန် သို့မဟုတ် ဆန်ကွဲကို ဖြူအောင် ဖွပ်ပေးပါသည်။ ပထမအဆင့် အနေဖြင့် ငစိန်ဆန်ကို ရေဖြင့်ဆေးကြောပါသည်။ ရေဆေးရာ၌ ရေဖြည့်ထားသော အုတ်ကန် အတွင်း ဆန်ကို အိတ်လိုက်လောင်းချပြီး ပွတ်တိုက်ဆေးကြော ပေးပါသည်။ ထို့နောက် ဆေးကြောပြီးသား ဆန်ကို ၂ နာရီမှ ၃ နာရီအထိ ရေစိမ်ပေးရပါသည်။ ရေစိမ်ထား၍ ရေဝနေသော ဆန်များကို ကျောက်ပြားကြိတ်ဆုံတွင် ရေလောင်း၍ မုန့်နှစ်ကြိတ်ပါသည်။ ရရှိသော မုန့်နှစ်ရည်များကို ပီနန်အိတ်များတွင်ထည့်၍ ရေထုတ်ရန် အလေးဖြင့် ဖိ၍ ဖြစ်စေ၊ ဟိုက်ဒရောလစ် ဖိစက်ဖြင့်ဖြစ်စေ ဖိညှပ်ပေးပြီး ရေထုတ်ပေးပါသည်။ အချို့စက်များ၌ အပေါ်က ဂုံနီအိတ်တစ်ထပ်ထပ်၍ ဖိညှပ်ပြီး ရေထုတ်ပေးပါသည်။ အလေးဖြင့် ဖိညှပ်ခြင်း၊ ဟိုက်ဒရော လစ်စက်ဖြင့် ဖိညှစ်ခြင်းကို တစ်ရက် သို့မဟုတ် တစ်ညခန့် ထားလေ့ရှိပါသည်။ မုန့်နှစ်အတွင်းမှ ရေများ တဖြည်းဖြည်း အိတ်အပြင်သို့ ထွက်သွားပြီး ရေကုန်စင်အောင် ထုတ်ပြီးပါက နောက်တစ်နေ့၌ အိတ်များ အတွင်းမှ မုန့်နှစ်များကို သစ်သား ပျဉ်ခင်းထားသည့် အခင်းပေါ်တွင် ဖြန့်ချပါသည်။ အဆိုပါ သစ်သားအခင်း ပေါ်တွင် ၁၀ လက်မ အထူခန့် ထိရရှိအောင် မုန့်နှစ်များ ဖြန့်ခင်းပြီး ညီညာအောင် ညှိပေးရပါသည်။ သမအောင် နယ်ပြီးသော မုန့်နှစ်ပြင်၏ အထူသည် ၁၀ လက်မခန့် ထူပါသည်။ ယင်းမုန့်နှစ်ပြင်ကြီးကို ပေါက်တူးဖြင့် ၆ လက်မ x ၆ လက်မ x ၁၀ လက်မ အရွယ် အတုံးများရအောင် ပြုလုပ်ပါသည်။ အဆိုပါ မုန့်နှစ်တုံးများကို ရေနွေးငွေ့ဖြင့် ပေါင်းပေးရန်လိုပါသည်။ ရေနွေးငွေ့ထုတ်ယူရရှိရန် မိုးဗြဲဒယ်ကြီးတွင် ရေထည့်ပြီး စပါးခွံ လောင်စာဖြင့် မီးအပူပေးပါသည်။ သံဖြင့် ပြုလုပ်ထားသောစင်ကို မိုးဗြဲဒယ်၏ အပေါ်တွင် ထားရှိပါသည်။ မုန့်နှစ်တုံး၏ အပြင်ဖက် ၁ လက်မ ၂ လက်မ ခန့်ကျက်လျှင် အနေတော်ပင် ဖြစ်ပါသည်။

            ရေနွေးငွေ့ဖြင့် ပေါင်းပြီးသော မုန့်နှစ်တုံးများကို သံမဏိဒလိမ့်တုံး၊ သစ်ဒလိမ့်တုံး နှစ်ခုပါရှိသည့် Roller Mill ဖြင့် ထပ်မံ၍ ဖိညှစ်နယ်ပြီးသော မုန့်နှစ်တုံးများကိုဖိညှစ်စက်တွင် ထည့်ပါသည်။ ဖိညှစ်စက်တွင် တပ်ဆင်ထားသော ခွက်၏ အချင်းမှာ ၇ လက်မ ခန့်ရှိပြီး အပေါက်ငယ်ပေါင်း ၁,၀၀၀ ခန့်ဖောက်လုပ် ထားပါ သည်။ မုန့်နှစ်ကို ဖိညှပ်လိုက်သောအခါ အဆိုပါ အပေါက်ငယ်များမှ ဆန်ကြာဇံအမျှင်အစိုများ ထွက်လာပါသည်။ ထွက်လာသော ဆန်ကြာဇံ အမျှင်အစိုများကို ဝါးကပ်ဗန်းများပေါ်တွင် တင်၍ ရေနွေးငွေ့ဖြင့် ထပ်မံ၍ ပေါင်းပေး ပါသည်။ ပေါင်းချိန်ကာလမှာ ၃၀ - ၄၅ မိနစ်ခန့် ဖြစ်ပါသည်။ ရေနွေးငွေ့ဖြင့် ပေါင်းပြီးသော ဆန်ကြာဇံ အမျှင်အစိုများကို ဝါးကပ်ဗန်းများပေါ် ပြောင်းတင်း ပြီး ၂ နာရီ ကျော်သည်အထိ အအေးခံရပါသည်။ ဆန်ကြာဇံအမျှင်များကို အအေးခံပြီးလျှင် သင့်လျော်သည့် အရှည်ရအောင် ခေါက်ပေးပါသည်။ ဆန်ကြာဇံ အမျှင်အခေါက်များကို ဝါးဗန်းများပေါ်တင်၍ နေပူထုတ်လှန်းပါသည်။ တစ်နေကုန် လှန်းပြီးသောအခါ ဆန်ကြာဇံ အခေါက်များကို ချိန်တွယ်၍ထုတ်ပိုးကား စျေးကွက်သို့ တင်ပို့ရောင်းချပါသည်။ လက်ကားဖြန့်ဖြူးရန်အတွက် ၅ ပိဿာ အထုပ်ကြီးများမှ  ၁၀ ကျပ်သား နှင့်၂၀ ကျပ်သား အထုတ်ငယ်များအထိ ထုတ်လုပ် ရောင်းချလျက်ရှိကြောင်းလည်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းရဲ့ပြယုတ် သုံးထောင့်မုန့် လုပ်ငန်းများအကြောင်း

           မြန်မာနိုင်ငံသည် ဆန်နှင့်ကောက်ညှင်း အထွက်ကောင်းသောနိုင်ငံဖြစ်သည့်အလျောက် မြန်မာတို့သည် မုန့်ပဲအမျိုးမျိုး စီမံလုပ်ကိုင်ကြရာ၌ ဆန်နှင့်ကောက်ညှင်းကို မူလထား၍ အုန်းသီး၊ သကြား၊ ထန်းလျက်၊ နှမ်း၊ မြေပဲ စသော ပြည်တွင်းထွက် အသီးအပွင့်တို့ကို အသိုင်းအဝန်း ပြု၍ စားသောက်ကြ လေ့ရှိကြပါတယ်။ မြန်မာမုန့်များကို လုပ်ကိုင်ရာ၌ အရသာ ခြောက်ပါးအနက် အချိုနှင့်အဆိမ့်ကိုပို၍ အလေးထားသည်ကို များသောအားဖြင့် တွေ့ရသည်။ မြန်မာ့မုန့်ပဲသရေစာများအနက်မှ ဧရာဝတီတိုင်း အတွင်းမှ ထွက်ရှိသည့် သုံးထောင့်မုန့်များမှာလည်း လွန်စွာမှ နာမည်ကြီးလှပါတယ်။ သုံးထောင့်မုန့်ဆိုတာ အမှန်ကတော့ တြိဂံပုံစံဘဲ ဖြစ်ပြီး စမူစာမုန့်နှင့် အလားသဏ္ဍန်ပါတယ်။ သို့သော် မုန့်အလယ်တွင် ထည့် ထားသော မုန့်ဌာပနာမှာ မတူညီ ကြပါ။ သုံးထောင့်မုန့် အလယ်တွင် ထည့်ထားသော မုန့်ဌာပနာမှာ ကန်စွန်းဥယို၊ ပိန်းဥယို၊ ပဲယို၊ ဖရုံယို ၊ နှင့် အုန်းယို တို့အား ဌာပနာ အဖြစ် ထည့်သွင်း ကြလေ့ရှိပါတယ်။ သုံးထောင့်မုန့် အလယ်တွင် ထည့်ထားသော ယိုများမှာ ဧရာဝတီတိုင်းဒေသထွက် အသီးအနှံများအား ပြုလုပ်ထားသည့်အတွက် လတ်ဆက်၍ အရသာမှာ ထူးကဲနေခြင်း ဖြစ်ပါသည်။ ဧရာဝတီတိုင်း အတွင်း ရှိ နာမည်ကြီး လူကြိုက်များလှသည့် သုံးထောင့်မုန့် လုပ်ငန်းများမှာတော့ ဂွတ်ရှယ်၊ Top One ၊ မိုး ၊ သုခ ၊ ချိုချို နှင် ထူးရှယ် စသည့်အမှတ်တံဆိပ်များ သည် လူကြိုက်များလှပါသည်။ သုံးထောင့်မုန့်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လုပ်ငန်းရှင်များအနေဖြင့် မတည် ရင်းနှီးငွေ (၁၅၀) သိန်းဖြင့် လုပ်ငန်းများအာ လုပ်ကိုင်နေကြပြီး တစ်နေ့လျှင် သုံးထောင့်မုန့်(၅) ခု ပါသည့် ဗူးအရေအတွက်(၃၅၀) ဗူးအား ထုတ်လုပ်လျက်ရှိပါကြောင်း နှင့် တစ်နှစ်လျှင် အမြတ်ငွေ သိန်း(၅၀) အမြတ်ရှိပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း