ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အစေ့ထုတ်ပြောင်း(မိုး) စိုက်ပျိုးထားရှိမှုနှင့် တောင်သူအကျိုးအမြတ်ရရှိကြောင်း

         မြင်းခြံမြို့နယ်သည် ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင်တည်ရှိပြီး  စိုက်ပျိုးရးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကြာင်းပြုကြသည်။ စပါး၊ ပဲမျိုးစုံ၊ ကြက်သွန်နီ၊ ပြောင်း၊ ဆီထွက် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ အစေ့ထုတ်ပြောင်းသီးနှံကိုလည်း စိုက်ပျိုးကြကြောင်း၊ အစေ့ထုတ်ပြောင်း (မိုးကြို/မိုး)သီးနှံကို မေလ၊ ဇွန်လ၊ ဇူလိုင်လ၊ ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် စိုက်ပျိုးပြီး မေလနှင့် ဒီဇင်ဘာလတို့အထိ စတင်ရိတ်သိမ်းကြောင်း ၂၀၂၆ခုနှစ်တွင် အစေ့ထုတ်ပြောင်း စိုက်ပျိုးမှုအနေဖြင့် စိုက်ဧက(၂၂၉၂)ဧကတွင် ဧကအားလုံးရိတ်သိမ်းခဲ့ပြီး အထွက်နှုန်း များကောင်းကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ မျိုးအနေဖြင့် အထွက်နှုန်းကောင်းသော ( 808 နှင့် 888) များကို အများဆုံးစိုက်ပျိုး ကြကြောင်း၊   တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိူး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် (၆၅၀,၀၀ဝ) ကျပ်ခန့်ကုန်ကျ ကြောင်း၊ တစ်ဧကအထွက်နှုန်းအနေဖြင့် (၇၃)တင်းခန့် ထွက်ရှိကြောင်း၊ မြေအနေအထားနှင့် သီးနှံဖြစ်ထွန်းအောင်မြင်မှု အပေါ်မူတည်၍ အထွက်နှုန်းများ အနည်းငယ်  ကွာခြားမှုရှိကြောင်း၊ ဈေးနှုန်း အနေဖြင့် အစေ့ထုတ်ပြောင်း တစ်တင်းလျှင်  (၂၃,၀၀၀)ကျပ်၊ တစ်ဧကအကျိုးအမြတ်အနေဖြင့်  (၁,၀၀၀,၀၀၀)ကျပ်ခန့် အကျိုး အမြတ်ရရှိကြောင်း သင်္ဘောတင်ကျေးရွာမှ အစေ့ထုတ် ပြောင်းစိုက် တောင်သူ၏ပြောပြချက် အရသိရှိရသည်။ ‌ဒေသတွင်းကျေးရွာများမှ စိုက်ပျိုးထွက်ရှိသော အစေ့ထုတ်ပြောင်းများကို တောင်သူများကိုယ်တိုင် မြို့ပေါ်ရှိပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ ထိုပွဲရုံများမှတဆင့် မန္တလေးမြို့၊ ပခုက္ကူမြို့နှင့် ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြောင်း ပွဲရုံလုပ်ငန်း လုပ်ကိုင်သူများ ထံမှသိရှိရပါသည်။

DOCA(မန္တလေး)     

မိုးစပါးစိုက်ပျိုးထားရှိမှု တစ်ဧကကုန်ကျစရိတ်နှင့် အကျိုးအမြတ်ရရှိမှု

          နွားထိုးကြီးမြို့နယ်၌ မိုးစပါးသီးနှံကို ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် မိုးစပါးသီးနှံကို  (၁၁၈၅၉) ဧကစိုက်ပျိုးထားရှိသည့်အနက် ဧကအားလုံး ရိတ်သိမ်းခဲ့ပြီး တစ်ဧက အထွက်နှုန်းအနေဖြင့် (၇၅)တင်းခန့် ထွက်ရှိကြောင်း၊ နွားထိုးကြီးမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုး သောကျေးရွာများမှာ ခက်လန်းကျေးရွာ၊ လက်ပံရွာ၊ တပါယ်ရွာ၊ နဘဲမြစ်ရွာ၊ လက်ပံရွာနှင့် ကျွန်းဒေါင့်ရွာ   စသည်တို့တွင် အများတွင်စိုက်ပျိုးထားကြောင်း၊ ပျိုးထောင်ရက် (၂၁)ရက် အကြာတွင် စိုက်ပျိုးမည့် လယ်မြေအတွင်း ရွေ့ပြောင်းစိုက်ရပြီး စပါးတစ်သီး ရင့်မှည့်ချိန် အထိ ငါးလကြာမြင့်ကြောင်း၊   မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၇၈၀,၀၀၀)ကျပ် ဝန်းကျင်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးသည့် စပါးမျိုးများမှာ  မနောသုခနှင့် အောင်နိုင်တိုး စပါးမျိုးများကိုသာ  စိုက်ပျိုးထားကြောင်း၊ ယခု ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ၌ မိုးစပါးများ စတင်ရိတ် သိမ်းပြီဖြစ်ကြောင်း၊  စပါးစျေးနှုန်းအနေဖြင့် မနောသုခ စပါး(မိုး) (၁)တင်းလျှင် (၁၄,၅၀၀-၁၅,၀၀၀) ကျပ်၊ မိုးစပါး တစ်ဧကအကျိုးအမြတ်အနေဖြင့် (၃၀၇,၅၀၀)ကျပ် ခန့်ရရှိကြောင်း၊ ဒေသတွင်း ဝမ်းစာအဖြစ် စားသုံးရန်အတွက်သာစိုက်ပျိုးကြကြောင်း၊ မနောသုခဆန် (သစ်) ၂၄ပြည် တစ်အိတ်လျှင် (၅၅,၀၀၀-၆၅,၀၀၀)ကျပ်ခန့်ရှိကြောင်း၊ ထွက်ရှိသော စပါးများကိုကျေးရွာ အတွင်းရှိစက်များ၌ ကြိတ်ခွဲပြီးရရှိလာသော ဆန်များကို မိမိတို့၏မိသားစု ဝမ်းစာနှင့် တိရစ္ဆာန်အစာအဖြစ် အသုံးပြုကြကြောင်း ခတ်လန်းရွာမှ စပါးစိုက်တောင်သူထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

မိတ္ထီလာဘိလပ်မြေဈေးကွက်

        မိတ္ထီလာဈေးကွက်အတွင်း ယခုဇန်နဝါရီလတတိယအပတ်တွင် အပါချီဘိလပ်မြေ တစ်အိတ်လျှင် (၁၆၈၀၀)ကျပ်၊ ကြံ့နှစ်ကောင်ဘိလပ်မြေတစ်အိတ်လျှင်(၁၆၈၀၀)ကျပ်၊ Alpha ဘိလပ်မြေ တစ်အိတ် လျှင်(၁၆၈၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီးယခင်လနှင့် ကာလတူ နှိုင်းယှဉ်လျှင် Alpha ဘိလပ်မြေ၊ အပါချီဘိလပ်မြေနှင့် ကြံ့နှစ်ကောင်ဘိလပ်မြေတို့မှာ တစ်အိတ်လျင် (၁၀၀) ကျပ် မြင့်တက်လာရာ သယ်ယူပို့ဆောင်စရိတ်ကြောင့် မြင့်တက်လာခြင်းဖြစ်ကြောင်း အရောင်းဆိုင်များမှ သိရသည်။ ယခုအခါ ပွင့်လင်းရာသီ ဆောက်လုပ်ရေးလုပ်ငန်းများ တွင်ကျယ်လာပြီဖြစ်၍ ဈေးကွက်တွင် အရောင်းအဝယ်မှာ ယခင်ထက်သွက်လာကြောင်း သိရသည်။ မိတ္ထီလာမြို့သို့ သာစည်မြို့နယ်၊ ပြည်ညောင်ကျေးရွာမှ အပါချီဘိလပ်မြေ၊ ကျောက်ဆည်မြို့မှ ကြံ့နှစ်ကောင်နှင့် Alpha ဘိလပ်မြေများ ဝင်ရောက်ပြီး မိတ္ထီလာ၊ သာစည်၊ ဝမ်းတွင်းနှင့် မလှိုင်မြို့နယ်များမှ ဝယ်လက်များသို့ ရောင်းချရကြောင်း ဈေးကွက်မှ သိရှိရပါသည်။

DOCA(မန္တလေး)

မိတ္ထီလာ ခရိုင်တွင်ဖြစ်ပေါ်နေသော ဆီထွက်သီးနှံ ဈေးနှုန်း၊ ဈေးကွက်အခြေအနေ

        မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်အတွင်း မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များတွင် ဆီထွက်သီးနှံဖြစ်သည့် မြေပဲ၊ နှမ်း၊နေကြာကို မိုး၊ ဆောင်းရာသီနှစ်မျိုးလုံးစိုက်ပျိုးကြပြီး ထွက်ရှိသော သီးနှံများကို ရာသီချိန်တွင်ဒေသတွင်း စားသုံးမှုအတွက်ကြိတ်ခွဲထုတ်လုပ်ကြသည့် အပြင်ရန်ကုန်၊ မန္တလေးမြို့များသို့တင်ပို့ရောင်းချကြကြောင်း၊ ယခုအခါပဲဖတ်၊ နှမ်းဖတ်ဈေးနှုန်းများမြှင့်တက်လာသဖြင့် ဆီစက်များကြိတ်ခွဲထုတ်လုပ်မှုများလာကြောင်း သိရှိရပါသည်။

        ယခုဇန်နဝါရီလ တတိယပတ်တွင် နှမ်းညိုတစ်တင်း လျှင်(၉၅၀၀၀-၉၇၅၀၀) ကျပ်၊ နှမ်းဖြူ တစ် တင်းလျှင်(၉၅၀၀၀-၁၀၀၀၀၀)ကျပ်၊နှမ်းဆီတစ်ပိဿာလျှင် (၁၄၀၀၀-၁၅၀၀၀) ကျပ်၊ နှမ်းဖတ် တစ်ပိဿာ လျှင် (၄၈၀၀-၄၈၅၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့်ကာလ တူနှိုင်းယှဉ်လျှင် နှမ်းညိုနှင့် နှမ်းဖြူ တစ်တင်းလျှင်(၈၀၀၀-၉၀၀၀)ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင်(၅၀၀-၁၀၀၀)ကျပ်ခန့်မြင့်တက်လာကြောင်း၊ နှမ်းဖတ်တစ်ပိဿာလျှင် (၂၀၀-၂၅၀)ကျပ်ခန့်မြင့်တက်လျက်ရှိကြောင်း၊ ဈေးနှုန်းမြင့်တက်လာရခြင်းမှာ နှမ်းဖတ်ဈေးများမြင့်တက်လာ၍ ဆီစက်လုပ်ငန်းများ အဝယ်လိုက်လာခြင်းကြောင့်ဖြစ်ကြောင်း သိရပါသည်။

      ဈေးကွက်အတွင်း၌မြေပဲလုံးဆံ တစ်ပိဿာလျှင် (၁၁၇၀၀)ကျပ်၊ ဆီဆန်တစ်ပိဿာလျှင် (၁၀၅၀၀)ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် (၁၆၀၀၀-) ကျပ်၊ ပဲဖတ်တစ်ပိဿာလျှင် (၇၂၅၀-၇၃၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ယခင်လနှင့်ကာလတူနှိုင်းယှဉ်လျှင် မြေပဲလုံးဆန်နှင့် ဆီဆန် တစ်ပိဿာလျှင်(၂၅၀၀)ကျပ်၊ပဲဖတ်တစ်ပိဿာလျှင်(၅၀၀)ကျပ်ခန့်ဈေးနှုန်းမြှင့်တက်လာကြောင်း၊ ဈေးနှုန်းမြင့်တက်လာရခြင်းမှာ ဈေးကွက်အတွင်းပဲဖတ်ဈေးနှုန်းများမြှင့်တက်လာခြင်းကြောင်း ဖြစ်သည်ဟု သိရှိရပါသည်။

           ဈေးကွက်အတွင်း၌ နေကြာစေ့တစ်ပိဿာလျှင်  (၇၀၀၀)ကျပ်ရှိပြီး၊ နေကြာဆီ တစ်ပိဿာလျှင် (၁၉၀၀၀)ကျပ်၊ နေကြာဖတ်တစ်ပိဿာလျှင် (၃၆၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့်ကာလတူနှိုင်းယှဉ်လျှင် ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ရာသီအစားအစာဖြစ်သော ဒန့်သလွန်သီးနှင့်ဈေးကွက်

   တစ်နှစ်မှတစ်ရာသီတွင် စားသုံးရသော ဒန့်သလွန်သီးများမှာ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ် အတွင်းရှိဈေးများတွင် ရောင်းချလာကြောင်းတွေ့ရပါသည်။ တစ်တောင့်လျှင် ပေါ်ဦးပေါ်ဖျား (၅၀၀) ကျပ်ဖြစ်သော်လည်း ယခုအခါတွင် (၂၀၀) ကျပ်သာရှိပြီး၊ နောင်လှိုင်လှိုင်ပေါလာသည်နှင့်အမျှ ဈေးနှုန်း မှာလည်း ကျဆင်းလာနိုင်ကြောင်းသိရပါသည်။

          ဒန့်သလွန်သီးကို ကိုင်းခရမ်းချဉ်သီး၊ ဘူးသီးတို့နှင့်တွဲဖက်၍ချဉ်ဟင်းချက်စားခြင်း၊ ငါးခြောက်၊ ငါးခြောက်ရိုးများနှင့်ချက်စားခြင်းဖြင့် ထမင်းမြိန်စေသော ဟင်းတစ်ခွက်ရရှိစေနိုင်ပါသည်။ ကျန်းမာ ရေးအတွက်လည်းအရမ်းကောင်းမွန်စေပြီး ဒန့်သလွန်သီးစားသုံးခြင်းဖြင့် သွေးတိုးကျစေခြင်း၊ မျက်လုံး ကျန်းမာစေနိုင်သည့်အပြင် ကျောက်ကပ်ကိုလည်း အထူးကောင်းမွန်စေကြောင်းသိရပါသည်။ ဒန့်သလွန်သီးစေ့၊ ဒန့်သလွန်ရွက်အပြင်၊ ဒန့်သလွန်ခေါက်အထိပါ ကျန်းမာရေးအတွက် အသုံးဝင်သော အပင်တစ်မျိုးဖြစ်ကြောင်း သိရပါသည်။ ထို့ကြောင့် ရာသီပေါ်ဒန့်သလွန်သီးကို ကျန်းမာရေးအတွက် လည်းကောင်း၊ ထမင်းမြိန်စေသော ဟင်းတစ်ခွက်အဖြစ်လည်းကောင်း စားသုံးနိုင်သော အစား အစာတစ်ခုဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

နှင်းသီးများ မအူပင်သစ်သီးဝလံ ဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိ

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် အခွန်လွတ်ဈေးအတွင်းသို့ နှင်းသီးများ ဇန်နဝါရီလ ၁၅ရက်နေ့အတွင်းက ဝင်ရောက်လျက်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ နှင်းသီးများကို ရန်ကုန်မှော်ဘီ တိုက်ကြီးဘက်မှ စိုက်ပျိုးထွက်ရှိသော နှင်းသီးများဖြစ်ပြီး တစ်နေ့လျှင် နှင်းသီး အလုံး ၁သောင်းပါ အိတ်များ ကားများဖြင့် ညပိုင်းတွင်ရောက်ရှိလာပြီး မအူပင်မြို့နယ် အခွန်လွတ်ဈေးတွင် နံနက် ၅နာရီဈေး၌ ရောင်းချလျက်ရှိကြောင်း သိရသည်။

     နှင်းသီးများ တစ်နေ့လျှင် အလုံး ၁သောင်းပါ အိတ်အရေအတွက် ၈၀မှ ၁၀၀ ကြား ဝင်ရောက်လျှက်ရှိပြီး ယနေ့အထိ နှင်းသီး အိတ်ရေ ၉၆၀၊ အလုံးအရေအတွက် ၉၆၀၀ ၀၀၀ ခန့် ဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျှက်ရှိသည်။ ဈေးကွက်အတွင်း နှင်းသီးလက်လီဈေးအနေဖြင့် ၁၀လုံးလျှင် ၁၅၀၀ကျပ်ဖြင့် ရောင်းချနေပြီး လက်ကားဈေးအနေဖြင့် အလုံး၁သောင်းပါ နှင်းသီး ၁အိတ်လျှင် ၅၀၀၀၀၀ ကျပ် ဖြင့် ဝယ်ယူရကြောင်း မအူပင်မြို့နယ် အခွန်လွတ်ဈေးမှ အခြားဈေးများသို့ ဖြန့်ခွဲရောင်းချပေးလျှက်ရှိကြောင်း သိရသည်။ နှင်းသီးသည် အရည်ရွှမ်းပြီး ချိုမြိန်နူးညံ့တဲ့ နှင်းသီးတွေဟာ ကျန်းမာရေးကို များစွာ အထောက်အကူပြုတဲ့ သစ်သီးဝလံ တစ်မျိုးလည်း ဖြစ်သည်။

DOCA(ဧရာဝတီ)

သီရိမင်္ဂလာဈေး ဖြစ်ပေါ်နေသောဈေးကွက်အခြေအနေ

       ကယားပြည်နယ်၊ လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးသည် ဈေးရောင်းသူ ဝယ်သူများနှင့် စည်းကားသိုက်မြိုက်လျက်ရှိပါသည်။ ပြည်နယ်အတွင်း စားသုံးကုန်/ လူသုံးကုန်များပစ္စည်း၊ စားဖိုဆောင်သီးနှံများကို အများအားဖြင့်အခြားမြို့ကြီးများမှတဆင့် ဝယ်ယူရောင်းချကြပါသည်။ စားဖိုဆောင်သီးနှံတစ်ခုဖြစ်သော  ကြက်သွန်နီကိုဒေသတွင်း ၂၀၂၅ - ၂၀၂၆ ခုနှစ် ဘဏ္ဍာရေးနှစ် တွင်(ဆောင်း) ရာသီစိုက်ပျိုးဧက(၁၀၇၃)ဧကစိုက်ပျိုးထားပြီးဖြစ်၍ (ဆောင်း)ရာသီကြက်သွန်နီ ကို နေရာဒေသပေါ်မူတည်ပြီး အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် စိုက်ပျိုးထားပြီး ရိတ်သိမ်းဧကမရှိသေးကြောင်း စိုက်ပျိုးရေးဦးစီးဌာနထံမှမေးမြန်းသိရှိရပါသည်။ ဇန်နဝါရီလ ၂၉ ဈေးကွက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းမှာ ကြက်သွန်နီ(မြစ်သား)ဥကြီး တစ်ပိဿာလျှင်ကျပ် ၅၀၀၀၊ (လတ်၊သေး) တစ်ပိဿာကျပ်(၄၅၀၀၊၄၅၀၀)ဖြင့် ရောင်းချနေကြောင်းတွေ့ရှိရသည်။ ဒေသ အတွင်းမှာစိုက်ပျိုးသော်လည်း ပြည်နယ်အတွင်းထွက်ရှိမှုသည် စားသုံးမှုဖူလုံမှု လိုအပ် သည်များရှိနေ၍ အခြားမြို့ကြီးများဖြစ်သော မန္တလေး၊ မိတ္ထီလာ၊ ဝမ်းတွင်းမြို့တို့မှ  သယ်ယူ ရောင်းချလျက်ရှိပါသည်။ အရွယ်အစားအလိုက် အကြီး၊ အလတ်၊ အသေးပေါ်မူတည်၍ ဈေးနှုန်း ကွာခြားမှုများရှိပါသည်။ ဇန်နဝါရီလ စတုတ္ထပတ်တွင် ကြက်သွန်မြစ်သားဥ(ကြီး)တစ်ပိဿာ လျှင်ကျပ် (၄၀၀၀)ဖြစ်ပြီး ယခင်ပတ်ဈေးနှုန်းနှင့် ယခုဈေးနှုန်းနှိုင်းယှဉ်ကြည့်လျှင် ဈေးနှုန်းမှာ လည်းအနည်းတက်လျက်ရှိကြောင်း သိရှိရသည်။ ဈေးနှုန်းပြောင်းလဲသော်လည်း ဈေးရောင်းပါး ခြင်းမရှိဘဲ ရောင်းသူ ၊ ဝယ်များပုံမှန်လည်ပတ်လျက်ရှိကြောင်း  စားဖိုဆောင်သီးနှံရောင်းချသူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)

“ထိုင်ဝမ်ဆီးသီးများလှိုင်လှိုင်ထွက်၍စျေးနှုန်းကျ”

           ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်သည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အဓိကထားလုပ်ကိုင်ကြသော်လည်း ဒေသခံတောင်သူများသည် နှစ်ရှည်သီးနှံဖြစ်သော ဇီးပင်စိုက်ပျိုးခြင်းလုပ်ငန်းကိုလည်း ယာမြေနှင့်ဥယျာဉ်ခြံမြေများတွင် အများအပြားစိုက်ပျိုးလာကြကြောင်း၊ ဇီသီးသည် ရာသီစာဖြစ်၍ တစ်နှစ်ပတ်လုံးစားခွင့်မရှိပဲ တစ်နှစ်တွင် တစ်ခါသာစားသုံးခွင့်ရှိသော သီးနှံတစ်မျိုးလည်းဖြစ်ကြောင်း၊ ဇီးပင်စိုက်ပျိုးရာတွင် ကိုင်းကူးပျိုးပင်များကိုသာ အများဆုံးစိုက်ပျိုးကြပြီး အလုံးကြီးပြီး အရည်အသွေးကောင်းမွန်၍ အရသာရှိသော ထိုင်ဝမ်ဇီးသီးမျိုးများကိုသာ အများဆုံးစိုက်ပျိုးလာကြကြောင်း၊ ဇီးပင်စိုက်ပျိုးရာတွင် တစ်ပင်နှင့် တစ်ပင် (၁၅)ပေခြား စိုက်ပျိုးကြကြောင်း၊ တစ်ဧက ပျိုးပင် (၁၀၀)စိုက်ပျိုးရပြီး စတင်စိုက်ပျိုးသည့် အချိန်မှ (-)နှစ်ခန့်အကြာတွင် ဇီးသီးများ စတင်ခူးဆွတ်ရကြောင်း၊ ထိုင်ဝမ်ဇီးသီးများသည် နိုဝင်ဘာတွင် စတင်ထွက်ရှိပြီး ပေါ်ဦးပေါ်စချိန်ဖြစ်သောကြောင့် ဈေးကောင်းရရှိပြီး စတင်ထွက်ပေါ်သည့်အချိန်တွင် တစ်ပတ်ခူးဆွတ်မှုအနေဖြင့် (၁၀)ပြည်ပါ (၂၅)ဖာအထိရရှိပြီး ယခုချိန်တွင် တစ်ရက်လျှင်(၁၀)ပြည်ပါ ဖာ(၅၀-၆၀)ဖာအထိရရှိပြီ ဆီးသီးများ လှိုင်လှိုင်ထွက်ပေါ်နေသောကြောင့် ဈေးနှုန်းများကျဆင်းလျက်ရှိပြီး ဖောက်သည်ဈေးအနေဖြင့် ဇီးသီး(၁၀)ပြည်ပါ တစ်ဖာတွင် အလုံးအကြီးအသေးပေါ်မူတည်၍ (၂၀၀၀-၃၀၀၀)ကျပ်အထိ ဈေးရှိပြီး လက်လီဈေးနှုန်းအနေဖြင့် ထိုင်ဝမ်ဆီးသီး ()ပြည်လျှင် အလုံးကြီး (၄၀၀၀/-) အလုံးသေး (၃၀၀၀/-)ကျပ်ဈေးဖြင့် ရောင်းချခဲ့ရကြောင်း၊  ယိုစုံလုပ်ငန်းရှင်များမှလည်း ဇီးခြံအထိလာရောက်၍ ဝယ်ယူလျက်ရှိကြောင်း၊ ဇီးသီးစိုက်တောင်သူများမှာလည်း ရန်ကုန်-မန္တလေး လမ်းဘေးများတွင်လည်း ကိုယ်တိုင်ရောင်းချလျက်ရှိကြောင်း၊ ယခုနှစ်တွင် မိုးရွာသွန်းမှုကောင်းမွန်သောကြောင့် ထိုင်ဝမ်ဇီးသီးများမှာ အရည်အသွေးလှ၍ အလုံးကြီးပြီး အထွက်နှုန်းကောင်းမွန်သည့်အပြင် ပေါ်စအချိန်ထက် အရောင်းသွက်၍ အကျိုးအမြတ်အနေဖြင့် အထွက်နှုန်းနှင့် ဈေးနှုန်းအပေါ်မူတည် ပြီးရာသီအစမှရာသီကုန်အထိ(၄၀၀၀၀၀၀-၅၀၀၀၀၀၀)ကျပ်ခန့် အကျိုးအမြတ်ရရှိကြောင်းကို ဇီးသီး စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

“ပန်းဂေါ်ဖီ(ပန်းမုံလာ)ဈေးနှုန်း

         မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့သည် ရာသီဥတုအေးပြီး တောင်ပေါ်မြို့တစ်မြို့ ဖြစ်ပါသည်။ မြေဆီမြေလွှာကောင်းမွန်သောကြောင့် နှစ်ရှည်သီးနှံအပြင် ရာသီပေါ်သီးနှံများ အများ အပြားစိုက်ပျိုးပြီး စီးပွားရေးအဆင်ပြေလျှက်ရှိရာ ပန်းဂေါ်ဖီ(ပန်းမုံလာ)ကို မိရိုးဖလာ စိုက်ပျိုးသူ များလည်း ရှိပါသည်။ ပန်းဂေါ်ဖီ(ပန်းမုံလာ)သည် ဂေါ်ဖီထုပ်ကဲ့သို့ အအေးကြိုက်ပြီး ဂေါ်ဖီထုပ်ထက် အပူဒဏ် ခံနိုင်သည် အေးပြီးအစိုဓါတ်အမြဲရရန်လိုပါသည်။ ရာသီဥတုခြောက်သွေ့ပါက အပွင့်မဖြစ် ထွန်းပါ၊ မြေအမျိုးအစားထက် ရာသီဥတုပို အရေးကြီးပါသည်။ မြေပြန့်ဒေသတွင် အေးသောအချိန် စိုက်ပျိုးပြီး တောင်ပေါ်ဒေသတွင် ဧပြီလမှ အောက်တိုဘာလအထိ စိုက်ပျိုးပါသည်။ သက်လျင်မျိုး သည် အပွင့်အရွယ်ငယ်ပြီး၊ အရွယ်အစားအပွင့်ကြီးမားသော သက်ကြီးမျိုးကို တောင်ပေါ်ဒေသတွင် အများဆုံးစိုက်ပျိုးသည်။ ပျိုးထောင်ပြုလုပ်စဉ် စိုက်ခင်းကို ထယ်(၂)စပ်၊ (၃)စပ်ဝင်၍ ပြုပြင်ပေးရ ပါသည်။ ပေါင်းမြက်၊ အမှိုက်၊ ကျောက်ခဲများကို ရှင်းပေးရပါသည်။ ပျိုးတောင်ပေါ်တွင် မျိုးစေ့ကြဲရန် (၂)လက်မခြား မြောင်းဆွဲပြီး မျိုးစေ့ကို ညီညာစွာချ၍ အပေါ်မှ နွားချေး၊ မြေဆွေးပါးပါးအုပ်ကာ ၎င်းအပေါ်ကောက်ရိုးပါးပါး ဖုံးအုပ်ပြီး ရေရွဲရွဲလောင်းပေးရပါမည်။ (၃၊၄)ရက် ကြာလျှင် အညှောင့်ပေါက်လာပြီး ပျိုးပင်သက်(၃၅-၄၀)ရောက်လျှင် ပြောင်းရွှေ့စိုက်ပျိုးနိုင်ပါသည်။ တစ်ပင်နှင့်တစ်ပင် ၁ပေခွဲ၂ပေခြား တစ်တန်းနှင့်တစ်တန်း (၂)ပေ၊ (၂)ပေခွဲထား စိုက်ပျိုးနိုင်ပါသည်။ သက်တမ်းကိုလိုက်ပြီး ရွှေ့စိုက်ပျိုးချိန် (၂)လ (၂)ခွဲကြာလျှင် စတင်ခုတ်ယူနိုင်ပါသည်။ ပန်းဂေါ်ဖီ (ပန်းမုံလာ) ကို မိသားစုထမင်းဝိုင်းများတွင် အမျိုးမျိုးချက်ပြုတ်စားသောက်ကြကြောင်း၊ ပန်းဂေါ်ဖီ တွင် အာဟာရဓာတ် အများအပြားပါဝင်ပြီး ကျန်းမာရေးအထောက်အကူပြု ဟင်းသီးဟင်းရွက်ဖြစ် ကြောင်း၊ ပါဝင်သောဓာတ်ပစ္စည်းများမှာ နှလုံးရောဂါ၊ ကင်ဆာရောဂါတွေ ဖြစ်နိုင်ခြေလျော့ချစေပြီး ဗီတာမင်နှင့် သတ္တုဓာတ်အားလုံး ပန်းဂေါ်ဖီတွင် ပါဝင်ကြောင်း၊ အမျှင်ဓာတ်ကြွယ်ဝစေပြီး အစာအိမ်အူလမ်းကြောင်းကို အထောက်အကူပြုပြီး ကိုယ်ခံအားကိုလည်း တိုးတက်စေကြောင်း၊ ယခုအချိန်တွင် ပန်းဂေါ်ဖီ တစ်ပွင့်လျှင် ၂၀၀၀-၂၅၀၀ ကျပ်ဖြင့် ရောင်းချပြီး ပြင်ဦးလွင်မြို့မှတစ်ဆင့် နီးစပ်ရာမြို့များသို့ နေ့စဉ်တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“စဉ့်ကိုင်မြို့နယ်၏ ဖီးကြမ်းငှက်ပျောစိုက်ပျိုးမှုနှင့် စျေးနှုန်းစျေးကွက်”

          မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် အညာဒေသလယ်တွင်းကိုးခရိုင်တွင် တစ်ခုအပါအဝင်ဖြစ်ပြီး စိုက်ပျိုးရေးကိုအခြေခံ၍ စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံမျိုးစုံ၊ ငရုတ်၊ သရက်နှင့် ငှက်ပျောစသည့်သီးနှံများအား ရာသီအလိုက်စိုက်ပျိုးလျက်ရှိပါသည်။ ၄င်းသီးနှံများအနက် ငှက်ပျောသီးနှံအား တစ်နိုင်တစ်ပိုင်စိုက်ပျိုးရာမှ စီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တွင် ငှက်ပျောစိုက်ဧက စဉ့်ကိုင်မြို့နယ်တွင်(၇၅၀)ဧက စိုက်ပျိုးထားရှိပြီး စိုက်ပျိုးဧကအားလုံး ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။

      ငှက်ပျောကို ရာသီမရွေးစိုက်ပျိုးနိုင်ကြောင်း၊ ငှက်ပျောစိုက်ပျိုးရာတွင် (၁)ဧကလျှင်အပင်(၈၀၀) စိုက်ပျိုးရကြောင်း၊ တစ်ပင်နှင့်တစ်ပင်(၈)ပေခြားကာစိုက်ပျိုးရပြီး(၉-၁၀)လအကြာတွင် ငှက်ပျောဖူးများစတင် ထွက်ရှိ၍ ငှက်ပျောဖူးထွက်ပြီး(၃)လကြာလျှင် ရောင်းတန်းဝင် ငှက်ပျောခိုင်များ ရရှိလာပါသည်။ ကျောက်ဆည်ဒေသ၌ အများအားဖြင့် ဖီးကြမ်းငှက်ပျောမျိုးများကို အဓိကထားစိုက်ပျိုးကြပါသည်။ (၁)ဧက စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် ပျိုးပင်၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၂၀)သိန်းကျပ် ဝန်းကျင် ခန့်ကုန်ကျကြောင်း သိရှိရပါသည်။ ငှက်ပျောခြံများမှ ငှက်ပျောအခိုင်(၄၀)ပါ လှည်းတစ်စီး လျှင် (၄၈၀၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် အ‌ရောင်းအဝယ်ဖြစ်နေကြောင်း၊ ငှက်ပျောသီးဖီးကြမ်း တစ်ဖီးစျေးနှုန်းမှာ လက်ရင်း(၃၀၀၀/-)ကျပ်၊ လက်ဖျား(၂၅၀၀/-)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ (၁)ဧကအကျိုးအမြတ်အနေဖြင့် သိန်း(၇၆)ဝန်းကျင်ခန့်မြတ်ကြောင်း၊ ကျောက်ဆည် မြို့နယ်ရှိ ငှက်ပျောပွဲစားများသည် ငှက်ပျောခြံအထိ လာရောက်ဝယ်ယူကြကြောင်း၊ စျေးကွက်အနေဖြင့် ရန်ကုန်၊ မန္တလေး၊ ပဲခူးမြို့များသို့ တင်ပို့ရောင်းချကြောင်း၊ ကျောက်ဆည်မြို့နယ်ရှိ ငှက်ပျောပွဲစားများသည် ရွှေသိမ်တော်ဘုရားရှိ ကန်တော့ပွဲရောင်းချသည့်ဆိုင်များသို့လည်း ရောင်းချလျက်ရှိပါကြောင်း၊ ရွှေသိမ်တော်ဘုရားသည် ဆုတောင်းပြည့်စေတီဖြစ်၍ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများ စဉ်ဆက်မပြတ်လာရောက်ကြပြီး ကန်တော့ပွဲထိုး၍ ဆုတောင်းအဓိဌာန်များပြုလုပ်မှု နေ့စဉ်များပြားပြီး အခါကြီးရက်ကောင်းရက်မြတ်များတွင် ပိုမိုများပြားသဖြင့် ငှက်ပျောသီး ရောင်းအားအလွန်ကောင်းမွန်လျက်ရှိပါကြောင်း၊ ငှက်ပျောစိုက်တောင်သူများအနေဖြင့် ဖီးကြမ်းငှက်ပျောများ စိုက်ပျိုးရာတွင် အကျိုးအမြတ်များရရှိပြီး တွက်ခြေကိုက်သဖြင့် စီးပွားဖြစ်စိုက်ပျိုးလာကြကြောင်း၊ ငှက်ပျောပင် စိုက်ပျိုးရာတွင် (၁)နှစ်နီးပါးအချိန်ကြာကြာစောင့်ရသော်လည်း စိုက်ပျိုးပြီးစီး၍ ရောင်းတန်းဝင်အပင်များဖြစ်လာပါက ငှက်ပျောခိုင်၊ ငှက်ပျောအရွက်၊ ငှက်ပျောပင် ပေါက်က‌လေးများပါ ရောင်းချရသည့်အတွက် တစ်ပင်လုံးအသုံးဝင်သောကြောင့် ဖီးကြမ်းငှက်ပျောမျိုးများကို စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း