ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့သီးနှံဈေးကွက်ရှိ ကြက်ဆူစေ့ဈေးနှုန်း ပြန်လည်မြင့်တက်

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ယာကွက်လွတ်များ၌လည်းကောင်း၊ ယာခင်းဘေးပတ်လည်၌လည်းကောင်း၊ ကြဲပက်စနစ်နှင့် တန်းစိုက်စနစ်တို့ဖြင့် ကြက်ဆူသီးနှံကိုစိုက်ပျိုးကြောင်း၊ ကြက်ဆူသီးနှံသည် ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးပြီး ကန့်ဘလူမြို့ ပေါ်သို့လာရောက်ရောင်းချကြောင်း သိရသည်။

         ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း  ကြက်ဆူစေ့တစ်တင်းလျှင် (၅၀၀၀၀) ကျပ်၊ ကြက်ဆူစေ့ညံ့လျှင်(၄၉၅၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်တတိယပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကြက်ဆူစေ့(၁)တင်းလျှင် (၂၀၀၀)ကျပ် ဈေးနှုန်းမြင့်တက်လာကြောင်း၊ ကြက်ဆူစေ့များကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ ရောင်းချကြောင်း ဒေသတွင်းလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

တောင်ငူမြို့နယ်အတွင်းရှိ ရွှေဖရုံသီးဈေးနှုန်းအကြောင်း

   ရွှေဖရုံသီးသည် အမည်နှင့်လိုက်ဖက်အောင် အရောင်မှာရွှေဝါရောင်ဝင်းနေပြီး အရသာမှာ ချိုစိမ့်နေကာ အသီးသာမက အရွက်၊ အညွန့်၊ အပွင့်နှင့်အစေ့တို့ကပါများစွာအသုံးဝင်ပါသည်။ ရွှေဖရုံသီးသည် အရသာလည်းရှိပြီး ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူးများစွာရရှိစေနိုင်သော အဖိုးတန် သီးနှံတစ်မျိုး ဖြစ်ပါသည်။ ဗီတာမင်ဓာတ်နှင့် သတ္တုဓာတ်များစွာကြွယ်ဝသော ရွှေဖရုံသီးကို သတ်သက်လွတ်ဟင်းလျာအဖြစ် ချက်ပြုတ်ခြင်းဖြင့်လည်းကောင်း၊ အသားတစ်မျိုးမျိုးဖြင့် ရောနှော၍ ချက်ပြုတ်ခြင်းဖြင့်လည်းကောင်း အမျိုးမျိုးပြုလုပ် စားသုံးနိုင်ပါသည်။ ရွှေဖရုံသီး၏ အရွက်၊ အညွန့်၊ အပွင့်တို့ကို ကြော်စားခြင်း၊ ဟင်းချိုချက်ခြင်း၊ ရေနွေးဖျော၍ တို့စရာအဖြစ် စားသုံးခြင်း၊ ရွှေဖရုံသီးပေါင်း၊ အချိုတည်းစရာမုန့်အမျိုးမျိုးအဖြစ် နှစ်သက်သလိုပြုလုပ်ခြင်းဖြင့် လည်းကောင်း စားသုံးနိုင်ပါသည်။

   တောင်ငူမြို့နယ်၊ ညောင်ပင်လေးဈေးအတွင်းရောင်းချနေသော ရွှေဖရုံသီးများသည် နေပြည်တော်လယ်ဝေးမြို့နှင့် တပ်ကုန်းမြို့ဘက်မှ ဝင်ရောက်လာကြပြီး ရွှေဖရုံသီးအလုံးသေး တစ်လုံးလျှင် ၈၀၀ ကျပ်၊ အလုံးကြီးတစ်လုံးလျှင် ၁၅၀၀ ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်းသိရသည်။

DOCA(ပဲခူး)   

တောင်ငူမြို့နယ်အတွင်းရောင်းချနေသော ထောပတ်သီးဈေးနှုန်း

  ထောပတ်သီးသည် အာဟာရဓာတ်များစွာကြွယ်ဝ၍ အရသာမှာဆိမ့်ဆိမ့်လေးနှင့် စားကောင်းကာ အမျှင်ဓာတ်များစွာကြွယ်ဝပါသည်။  မြန်မာနိုင်ငံတွင် ထောပတ်သီးကို ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် ပြင်ဦးလွင်ဒေသတို့၌ အများဆုံးစိုက်ပျိုးကြပြီး ဆောင်းရာသီစာသီးနှံ တစ်မျိုးလည်းဖြစ်ပါသည်။ ယခုအောက်တိုဘာလတွင် ထောပတ်သီးများပေါများလာ၍ စက်တင်ဘာလထဲက ထောပတ်သီးကို ‌ဈေးများထဲတွင် တွေ့မြင်နေရပြီ ဖြစ်သည်။

   ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်းရောင်းချနေသော ထောပတ်သီး များသည် ပြင်ဦးလွင်ဒေသနှင့် ရှမ်းပြည်နယ်၊ တောင်ကြီးဘက်မှ ဝင်ရောက်လာကြပြီး ထောပတ်သီး အသေး တစ်လုံးလျှင် ၅၀၀ ကျပ်၊ အကြီးတစ်လုံးလျှင် ၁၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(ပဲခူး)   

တောင်ငူမြို့တွင် ဂေါ်ဖီဈေးနှုန်းမြင့်တက်ပြီး ခရမ်းချဉ်သီး ၊ ခရမ်းသီး နှင့် နံနံ ဈေးနှုန်းတည်ငြိမ်လျက်ရှိ

   တောင်ငူမြို့ ညောင်ပင်လေးဈေးရှိ ကုန်စိမ်းသည်များနှင့် လက်လီ/လက်ကား ရောင်းချသော ဈေးသည်များထံတွင် ခရမ်းချဉ်သီးဈေးနှုန်းအနေဖြင့် အလုံးအသေး၊ အလတ်၊ အကြီး အရွယ်အစား ပေါ်မူတည်၍ ယခင်လက ခရမ်းချဉ်သီး တစ်ပိဿာ ၁၅၀၀ ကျပ် မှ ၃၅၀၀ ကျပ်ထိ ဈေးနှုန်းရှိသော်လည်း ယခု အောက်တိုဘာလ ဒုတိယအပါတ်တွင် ခရမ်းချဉ်သီး တစ်ပိဿာ ၁၈၀၀ ကျပ် မှ ၃၀၀၀ ကျပ်ထိ ဈေးနှုန်းရှိပြီး ဈေးနှုန်းအနည်းငယ်တက်သွားပါသည်။

    ဂေါ်ဖီဈေးနှုန်းအနေဖြင့် ယခင်လ ၁ ပိဿာ ၂၀၀၀လျှင် ကျပ် ဈေးနှုန်းသာရှိပြီး ယခုလ အောက်တိုဘာ လ ဒုတိယအပါတ်တွင် ၁ ပိဿာ ၄၀၀၀ ကျပ်ထိ ဈေးနှုန်းတက်သွားပါသည်။ ၃ ပိဿာ နှင့် အထက် ဝယ်ယူပါက ဈေးနှုန်းအပြောင်းအလဲရှိပြီး ခရမ်းသီးမှာ ခရမ်းသီးအဖြူ နှင့် ခရမ်းသီးအညို (၂) မျိုးလုံးမှာ ၁ ပိဿာ ၂၅၀၀ ကျပ် မှ ၃၀၀၀ ကျပ်ထိရှိပြီး ခရမ်းအဝိုင်းသီး အဖြူနှင့် ခရမ်းအဝိုင်းသီး အညို (၂) မျိုးလုံးမှာလည်း ၁ ပိဿာ ၃၀၀၀ ကျပ် မှ ၄၀၀၀ ကျပ်ထိ ဈေးနှုန်းရှိသော်လည်း ရှမ်းပြည်ဘက်မှလာသော ခရမ်းသီး အစိမ်းအရှည်သီးမှာ ၁ ပိဿာ ၄၀၀၀ ကျပ် မှ ၅၀၀၀ ကျပ်ထိ ဈေးရှိကြောင်း ၊ နံနံပင်မှာလည်း ယခင်လ နှင့် ယခုအောက်တိုဘာလ ဒုတိယအပါတ်ထိ ၁ ပိဿာ ၁၀၀၀၀ ကျပ် မှ ၁၁၀၀၀ကျပ် ထိဈေးနှုန်းရှိကြောင်း ရောင်းချသည့် ဈေးသည်များထံမှ သတင်း ရရှိပါသည်။

DOCA(ပဲခူး)   

တောင်ငူမြို့ရှိ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ နှင့် ချင်း(ဂျင်း)တက် ဈေးနှုန်းအနည်းငယ် ကျဆင်းလျက်ရှိ

   တောင်ငူမြို့ရှိ မြို့မဈေးလမ်းရှိ ကြက်သွန်ပွဲရုံများတွင် ယခင်လက ကြက်သွန်ဖြူ အသေး (၁) ပိဿာ ၃၀၀၀ ကျပ်၊ အလတ် (၁) ပိဿာ ၄၀၀၀ ကျပ်၊ အကြီး (၁) ပိဿာ ၅၀၀၀ ကျပ် အသီးသီးဈေးနှုန်းရှိသော်လည်း ယခုအောက်တိုဘာလဒုတိယအပါတ်တွင် အသေး(၁) ပိဿာ ၂၂၀၀ ကျပ်၊ အလတ်(၁) ပိဿာ ၃၅၀၀ ကျပ်၊ အကြီး (၁) ပိဿာ ၄၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ် ကျဆင်းလာပြီး ကြက်သွန်နီ မှာ ယခင်အပါတ်က အသေး(၁) ပိဿာ ၈၀၀ ကျပ်၊ အလတ်(၁) ပိဿာ ၁၂၀၀ ကျပ်၊ အကြီး (၁) ပိဿာ ၁၅၀၀ ကျပ် ဈေးရှိသော်လည်း ယခုအောက်တိုဘာလ ဒုတိယ အပါတ်တွင် အသေး(၁) ပိဿာ ၆၀၀ ကျပ်၊ အလတ်(၁) ပိဿာ ၉၀၀ ကျပ် ၊ အကြီး(၁) ပိဿာ ၁၂၀၀ ကျပ်ထိ ဈေးနှုန်းကျဆင်းလျက်ရှိသည်။

  ချင်း(ဂျင်း)တက် ဈေးနှုန်းမှာ ယခင်အပါတ်က  (၁) ပိဿာ ၃၈၀၀ ကျပ်မှ ၄၀၀၀ကျပ် ရှိသော်လည်း ယခုအောက်တိုဘာလဒုတိယအပါတ်တွင် (၁) ပိဿာ ၃၀၀၀ ကျပ်၊ ၃၅၀၀ ကျပ် ထိဈေးနှုန်း ကျဆင်း လာပြီး ကြက်သွန်ဖြူ နှင့် ဂျင်းတက်မှာ (၃) ပိဿာ နှင့် အထက် ၊ ကြက်သွန်နီမှာ ၁၀ ပိဿာ အိတ် ဝယ်ယူပါက ဈေးနှုန်းအပြောင်းအလဲရှိကြောင်း ရောင်းချသည့် ပွဲရုံများမှ သိရှိပါသည်။

DOCA(ပဲခူး)   

ကန့်ဘလူမြို့ပဲဈေးကွက်ရှိ ကုလားပဲမျိုးစုံဈေးနှုန်း

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကုလားပဲသီး နှံများကို မှော်တော်ကျေးရွာ၊ မြေထူးကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးကြောင်း၊ ကုလားပဲကို ဆောင်းရာသီ၌ အများဆုံးစိုက်ပျိုးကြောင်း သီးနှံစိုက်ပျိုးမှုစာရင်းများအရ သိရသည်။

        ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့နယ်၌ ကုလားပဲထိုင်ဝမ် တစ်တင်းလျှင် (၆၃၀၀၀)ကျပ်၊ (929)တစ်တင်းလျှင် (၆၈၀၀၀)ကျပ်၊ (V2)တစ်တင်းလျှင် (၆၈၅၀၀) ကျပ်နှင့် (V7)တစ်တင်းလျှင် (၇၀၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်တတိယပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ထိုင်ဝမ်တစ်တင်းလျှင် (၅၀၀၀)ကျပ်၊ (929)တစ်တင်းလျှင် (၅၀၀၀)ကျပ်၊ (V2)တစ်တင်းလျှင် (၆၅၀၀)ကျပ်၊ (V7)တစ်တင်း လျှင်(၄၀၀၀)ကျပ် ဈေးနှုန်းဆက်လက်ကျဆင်းနေကြောင်း၊ ကန့်ဘလူမြို့နယ်မှ ထွက်ရှိသည့် ကုလားပဲများကို မန္တလေးမြို့ရှိပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း ဒေသတွင် သီးနှံပွဲရုံများထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

တောင်ငူမြို့တွင် ကြက်နှင့်ဘဲများမွေးမြူခြင်းဖြင့် အပိုဝင်ငွေရရှိ

   တောင်ငူခရိုင်အတွင်းရှိ ဆင်ဆိပ်ကျေးရွာအုပ်စု၊ ညောင်ကိုင်းကျေးရွာနေပြည်သူများသည် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြသော်လည်း မိမိတို့အိမ်တွင် အပိုဝင်ငွေရရှိအောင် ကြက်နှင့်ဘဲ များကို မွေးမြူကြသေးသည်။ကြက်နှင့်ဘဲများ မွေးမြူရာတွင်  အစာအဖြစ် ခက်ခဲမှုမရှိပဲ စရိတ်စခ သက်သာစေသည်။

          အိမ်ရှင်မများသည် မိသားစုစားသောက်ရန် တစ်နေ့တာ ဟင်းလျာများကို စဉ်းစားရသည်မှာ အမှန်ပင်ဖြစ်ပေသည်။ အချိန်ကုန်သက်သာစေပြီး ချက်ပြုတ်ရာတွင် လွယ်ကူစေသော ကြက်ဥနှင့် ဘဲဥများကို  လွယ်လင့်တကူပြေးမြင်မိသည်။ ကြက်ဥနှင့်ဘဲဥများကို ကြော်စားခြင်း၊ပြုတ်စားခြင်း၊ ချက်စားခြင်းဖြင့် နှစ်သက်ရာ စားသုံးနိုင်သည်။ အိမ်ကြက်ဥအလုံးအကြီးအသေးပေါ် မူတည်၍ ၁၀ လုံး လျှင် ၅၀၀၀ ကျပ်မှ ၆၀၀၀ ကျပ်ဖြင့် ရောင်းချပြီး၊ ဘဲဥ အလုံးအကြီးအသေးပေါ်မူတည်၍ ၁၀ လုံးလျှင် ၄၅၀၀ ကျပ် မှ ၅၀၀၀ကျပ်ဖြင့် ကျေးရွာအတွင်းရှိ အိမ်ရှင်မများအား ရောင်းချလျက်ရှိပြီး မိသားစုအတွက် အပိုဝင်ငွေရရှိနေကြောင်း သိရှိရသည်။

DOCA(ပဲခူး)             

တောင်ငူမြို့၏တစ်ပိုင်တစ်နိုင်စီးပွားရေးဖြစ်သော အသင့်စားကြက်သွန်နီကြော်

    ပြည်သူတို့ နေ့စဉ်ချက်ပြုတ်စားသောက်ကြရာတွင် ကြက်သွန်နီကို ဟင်းခတ်အမွှေးကြိုင် အဖြစ် အသုံးပြုကြပါသည်။ ကြက်သွန်နီသည် ဟင်းများချက်ပြုတ်ရာတွင် အိမ်ရှင်မများအတွက် မရှိမဖြစ် လိုအပ်သည့်အတွက် အရောင်းသွက်လျက် ရှိနေသည်။ ကြက်သွန်နီကြော်ပြုလုပ်ရာတွင် ကြက်သွန်နီ ပိဿာ(၂၀)ကို ပါးပါးလှီး၍ ရေဆေး၍ စစ်ပြီးပါက ဆီ(၃)ပိဿာ၊ ဆန်မှုန့်(၃)ပိဿာဖြင့် ပြုလုပ်ပါက ကြက်သွန်နီအသင့်စား (၆)ပိဿာခန့် ထွက်ရှိကြောင်း တောင်ငူမြို့ အသင့်စားကြက်သွန်နီကြော် ပြုလုပ်ရောင်းချသူ ပိုင်ရှင်၏ ပြောကြားချက်အရ သိရှိရသည်။

   ယခင်နှစ်ကြက်သွန်နီဝယ်ယူရာတွင် ကြက်သွန်နီ(ဂျွန်) ၁ပိဿာလျှင် ၃၀၀၀ ကျပ်မှ ၃၅၀၀ ကျပ် ဝယ်ယူခဲ့ရစဉ်က အသင့်စားကြက်သွန်နီကြော် ၂၅ ကျပ်သား လျှင် ၄၀၀၀ ကျပ်ဖြင့် ရောင်းချရပြီး၊ ယခုနှစ် ကြက်သွန်နီ ၁ပိဿာလျှင် ၆၀၀ ကျပ်မှ ၇၀၀ ကျပ်ဖြင့် ဝယ်ယူရာတွင် အသင့်စား ကြက်သွန်နီကြော်၂၅ ကျပ်သား လျှင် ၃၀၀၀ ကျပ်ဖြင့် တောင်ငူခရိုင်အတွင်းရှိ အမြို့မြို့အနယ်နယ်သို့ လက်လီ လက်ကား ဖြုန့်ဖြူးရောင်းချလျက်ရှိနေသည်။

      ဟင်းချက်ရာတွင် အချိန်ကုန်သက်သာစေပြီး အသုံးပြုရာတွင် လွယ်ကူစေသည့်အတွက် ရောင်းအားကောင်းကြောင်း တောင်ငူမြို့ အသင့်စားကြက်သွန်နီကြော် ပြုလုပ်ရောင်းချသူ၏ ပြောကြားချက်အရ သိရှိရသည်။

DOCA(ပဲခူး)            

တောင်ငူမြို့၏ ရာသီစာ ကင်ပွန်းချဉ်ရွက်ဈေးကွက်

  ကင်ပွန်းချဉ်ရွက်သည် မြန်မာလူမျိုးတို့ နှစ်သက်သော ဟင်းရွက်တစ်မျိုးဖြစ်သည်။ ကင်ပွန်းချဉ် ပင်သည် မိုးများသော အောက်မြန်မာနိုင်ငံနှင့် မြေဆွေးဓာတ်များသော သဲနုန်းမြေ၊ နုန်းမြေစေးများတွင် ကောင်းစွာဖြစ်ထွန်းပါသည်။ မိမိတို့ခြံဝန်းထဲတွင် ကင်ပွန်းချဉ်ပင်လေး များသာမက အခြားသော ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထားပါက ဝယ်စားစရာမလို အိမ်ရှင်မများအတွက် ဈေးဖိုး သက်သာစေပါ သည်။

          ကင်ပွန်းချဉ်ရွက်ကို အရည်သောက်ဟင်းချက်စားခြင်း၊ကြော်စားခြင်း၊အခြားသော ငါးမျိုးစုံ တို့ဖြင့် ရောနှော၍ ချက်စားပါက ခံတွင်းမြိန်စေသည်။ ကင်ပွန်းချဉ်ရွက်သည် အမျှင်ဓါတ် ကြွယ်ဝသည့်အတွက် အူများ၏ လုပ်ဆောင်မှုကို ကောင်းစေပြီး အူနံရံတွေကို အာဟာရ စုပ်ယူမှုကောင်းစေဖို့ ထောက်ပံ့ပေး သလို ဝမ်းမှန်စေရန်အတွက် ထောက်ကူပေးပါသည်။

          တောင်ငူမြို့ဈေးများတွင် ကင်ပွန်းချဉ်ရွက် (၇)ခက်ပါ ၁ စည်းလျှင် ၂၀၀ ကျပ်၊ ၂ စည်း ၃၀၀ကျပ် ဖြင့် ရောင်းချပြီး ရာသီစာဖြစ်၍ ဓာတ်တိုးဆန့်ကျင်မှုနှင့်၊ အာဟာရဓာတ်များပါဝင်ပြီး လူတို့၏ ကျန်းမာရေးနှင့်လည်းညီညွှတ်သည့်အတွက် အရောင်းသွက်ကြောင်း ဈေးသည်တစ်ဦးထံမှ သိရှိရသည်။

DOCA(ပဲခူး)            

တောင်ငူမြို့နယ်အတွင်းရှိ ဖရဲသီးဈေးကွက်

  ဖရဲသီးသည် လူတိုင်းလိုလိုကြိုက်နှစ်သက်သောအသီးဖြစ်ပြီး ဖရဲသီးလေးစားလိုက်လျှင် ရင်ထဲ အေးမြသွားပြီး အမောပြေစေနိုင်ပါသည်။ ဖရဲသီးသည် အရသာချိုမြိန်ပြီး ရေဓာတ်ပြည့်ဝသော အသီး ဖြစ်သည့်အပြင် ကျန်းမာရေးအတွက်လည်း အကျိုးပြုစေနိုင်သော အာဟာရဓာတ်များစွာ ပါဝင်ပါသည်။ ဖရဲသီးတွင် ရေဓာတ် ၉၀ရာခိုင်နှုန်းပါဝင်သောကြောင့် အထူးသဖြင့် ပူပြင်းသောရာသီတွင် ခန္ဓာကိုယ် အတွက်လိုအပ်သော ရေဓာတ်ကို အမြန်ဆုံးဖြည့်တင်း ပေးနိုင်ပါသည်။

  မြန်မာနိုင်ငံတွင် ဖရဲသီးကို နေရာအနှံ့အပြားတွင်စိုက်ပျိုးကြသော်လည်း စီးပွားဖြစ်အများဆုံး စိုက်ပျိုးသောဒေသမှာ မန္တလေးတိုင်းဒေသကြီးဖြစ်ပြီး စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်ဘက် တွင်လည်း စိုက်ပျိုးကြသည်။ ဖရဲသီးကို ပုံစံအမျိုးမျိုးတွေ့ရသော်လည်း ဈေးကွက်ဝင်သော ဖရဲသီးများသည် အခွံပါးပြီး အသားထူကာ အချိုဓာတ်မြင့်မားပြီး အစေ့နည်းသော မျိုးစပ်ဖရဲသီးများဖြစ်ကာ ယင်းဒေသများသည် ဈေးကွက်ဝင် ဖရဲသီးများကို အဓိကစိုက်ပျိုးကြပြီး ပြည်တွင်းဈေးကွက်အပြင် ပြည်ပဈေးကွက်သို့ပါ တင်ပို့ရောင်းချလျက်ရှိသောကြောင့် ဖရဲစိုက် တောင်သူများအတွက် စီးပွားဖြစ်ကာ ဈေးကောင်းရလျက်ရှိသည်။

  ရှမ်းပြည်နယ်မှထွက်ရှိသော ဖရဲသီးများသည် အိမ်နီးချင်းနိုင်ငံ၊ နယ်စပ်ပို့ကုန် ဈေးကွက် ဖြစ်သောတရုတ်နိုင်ငံအတွက် ဝယ်လိုအားအလွန်များပြီး  နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းနှင့် အလွယ်တကူ ချိတ်ဆက်နိုင်သောကြောင့် ရှမ်းပြည်နယ်သည် ပြည်တွင်းပြည်ပဈေးကွက်အတွက် အလွန်အရေးပါလှသော ဒေသတစ်ခုလည်းဖြစ်သည်။ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် အတွင်းရောင်းချနေသော ဖရဲသီးများသည် ရှမ်းပြည်နယ်ဘက်မှ ထွက်ရှိသော ရှည်မျောမျော ဖရဲသီးမျိုးဖြစ်ပြီး ဖရဲသီးတစ်လုံးလျှင် ၂၀၀၀ ကျပ်မှ ၃၅၀၀ ကျပ်အထိ ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(ပဲခူး)   

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း