ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်ငူမြို့၏တစ်ပိုင်တစ်နိုင်စီးပွားရေးဖြစ်သော အသင့်စားကြက်သွန်နီကြော်

    ပြည်သူတို့ နေ့စဉ်ချက်ပြုတ်စားသောက်ကြရာတွင် ကြက်သွန်နီကို ဟင်းခတ်အမွှေးကြိုင် အဖြစ် အသုံးပြုကြပါသည်။ ကြက်သွန်နီသည် ဟင်းများချက်ပြုတ်ရာတွင် အိမ်ရှင်မများအတွက် မရှိမဖြစ် လိုအပ်သည့်အတွက် အရောင်းသွက်လျက် ရှိနေသည်။ ကြက်သွန်နီကြော်ပြုလုပ်ရာတွင် ကြက်သွန်နီ ပိဿာ(၂၀)ကို ပါးပါးလှီး၍ ရေဆေး၍ စစ်ပြီးပါက ဆီ(၃)ပိဿာ၊ ဆန်မှုန့်(၃)ပိဿာဖြင့် ပြုလုပ်ပါက ကြက်သွန်နီအသင့်စား (၆)ပိဿာခန့် ထွက်ရှိကြောင်း တောင်ငူမြို့ အသင့်စားကြက်သွန်နီကြော် ပြုလုပ်ရောင်းချသူ ပိုင်ရှင်၏ ပြောကြားချက်အရ သိရှိရသည်။

   ယခင်နှစ်ကြက်သွန်နီဝယ်ယူရာတွင် ကြက်သွန်နီ(ဂျွန်) ၁ပိဿာလျှင် ၃၀၀၀ ကျပ်မှ ၃၅၀၀ ကျပ် ဝယ်ယူခဲ့ရစဉ်က အသင့်စားကြက်သွန်နီကြော် ၂၅ ကျပ်သား လျှင် ၄၀၀၀ ကျပ်ဖြင့် ရောင်းချရပြီး၊ ယခုနှစ် ကြက်သွန်နီ ၁ပိဿာလျှင် ၆၀၀ ကျပ်မှ ၇၀၀ ကျပ်ဖြင့် ဝယ်ယူရာတွင် အသင့်စား ကြက်သွန်နီကြော်၂၅ ကျပ်သား လျှင် ၃၀၀၀ ကျပ်ဖြင့် တောင်ငူခရိုင်အတွင်းရှိ အမြို့မြို့အနယ်နယ်သို့ လက်လီ လက်ကား ဖြုန့်ဖြူးရောင်းချလျက်ရှိနေသည်။

      ဟင်းချက်ရာတွင် အချိန်ကုန်သက်သာစေပြီး အသုံးပြုရာတွင် လွယ်ကူစေသည့်အတွက် ရောင်းအားကောင်းကြောင်း တောင်ငူမြို့ အသင့်စားကြက်သွန်နီကြော် ပြုလုပ်ရောင်းချသူ၏ ပြောကြားချက်အရ သိရှိရသည်။

DOCA(ပဲခူး)            

တောင်ငူမြို့၏ ရာသီစာ ကင်ပွန်းချဉ်ရွက်ဈေးကွက်

  ကင်ပွန်းချဉ်ရွက်သည် မြန်မာလူမျိုးတို့ နှစ်သက်သော ဟင်းရွက်တစ်မျိုးဖြစ်သည်။ ကင်ပွန်းချဉ် ပင်သည် မိုးများသော အောက်မြန်မာနိုင်ငံနှင့် မြေဆွေးဓာတ်များသော သဲနုန်းမြေ၊ နုန်းမြေစေးများတွင် ကောင်းစွာဖြစ်ထွန်းပါသည်။ မိမိတို့ခြံဝန်းထဲတွင် ကင်ပွန်းချဉ်ပင်လေး များသာမက အခြားသော ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထားပါက ဝယ်စားစရာမလို အိမ်ရှင်မများအတွက် ဈေးဖိုး သက်သာစေပါ သည်။

          ကင်ပွန်းချဉ်ရွက်ကို အရည်သောက်ဟင်းချက်စားခြင်း၊ကြော်စားခြင်း၊အခြားသော ငါးမျိုးစုံ တို့ဖြင့် ရောနှော၍ ချက်စားပါက ခံတွင်းမြိန်စေသည်။ ကင်ပွန်းချဉ်ရွက်သည် အမျှင်ဓါတ် ကြွယ်ဝသည့်အတွက် အူများ၏ လုပ်ဆောင်မှုကို ကောင်းစေပြီး အူနံရံတွေကို အာဟာရ စုပ်ယူမှုကောင်းစေဖို့ ထောက်ပံ့ပေး သလို ဝမ်းမှန်စေရန်အတွက် ထောက်ကူပေးပါသည်။

          တောင်ငူမြို့ဈေးများတွင် ကင်ပွန်းချဉ်ရွက် (၇)ခက်ပါ ၁ စည်းလျှင် ၂၀၀ ကျပ်၊ ၂ စည်း ၃၀၀ကျပ် ဖြင့် ရောင်းချပြီး ရာသီစာဖြစ်၍ ဓာတ်တိုးဆန့်ကျင်မှုနှင့်၊ အာဟာရဓာတ်များပါဝင်ပြီး လူတို့၏ ကျန်းမာရေးနှင့်လည်းညီညွှတ်သည့်အတွက် အရောင်းသွက်ကြောင်း ဈေးသည်တစ်ဦးထံမှ သိရှိရသည်။

DOCA(ပဲခူး)            

တောင်ငူမြို့နယ်အတွင်းရှိ ဖရဲသီးဈေးကွက်

  ဖရဲသီးသည် လူတိုင်းလိုလိုကြိုက်နှစ်သက်သောအသီးဖြစ်ပြီး ဖရဲသီးလေးစားလိုက်လျှင် ရင်ထဲ အေးမြသွားပြီး အမောပြေစေနိုင်ပါသည်။ ဖရဲသီးသည် အရသာချိုမြိန်ပြီး ရေဓာတ်ပြည့်ဝသော အသီး ဖြစ်သည့်အပြင် ကျန်းမာရေးအတွက်လည်း အကျိုးပြုစေနိုင်သော အာဟာရဓာတ်များစွာ ပါဝင်ပါသည်။ ဖရဲသီးတွင် ရေဓာတ် ၉၀ရာခိုင်နှုန်းပါဝင်သောကြောင့် အထူးသဖြင့် ပူပြင်းသောရာသီတွင် ခန္ဓာကိုယ် အတွက်လိုအပ်သော ရေဓာတ်ကို အမြန်ဆုံးဖြည့်တင်း ပေးနိုင်ပါသည်။

  မြန်မာနိုင်ငံတွင် ဖရဲသီးကို နေရာအနှံ့အပြားတွင်စိုက်ပျိုးကြသော်လည်း စီးပွားဖြစ်အများဆုံး စိုက်ပျိုးသောဒေသမှာ မန္တလေးတိုင်းဒေသကြီးဖြစ်ပြီး စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်ဘက် တွင်လည်း စိုက်ပျိုးကြသည်။ ဖရဲသီးကို ပုံစံအမျိုးမျိုးတွေ့ရသော်လည်း ဈေးကွက်ဝင်သော ဖရဲသီးများသည် အခွံပါးပြီး အသားထူကာ အချိုဓာတ်မြင့်မားပြီး အစေ့နည်းသော မျိုးစပ်ဖရဲသီးများဖြစ်ကာ ယင်းဒေသများသည် ဈေးကွက်ဝင် ဖရဲသီးများကို အဓိကစိုက်ပျိုးကြပြီး ပြည်တွင်းဈေးကွက်အပြင် ပြည်ပဈေးကွက်သို့ပါ တင်ပို့ရောင်းချလျက်ရှိသောကြောင့် ဖရဲစိုက် တောင်သူများအတွက် စီးပွားဖြစ်ကာ ဈေးကောင်းရလျက်ရှိသည်။

  ရှမ်းပြည်နယ်မှထွက်ရှိသော ဖရဲသီးများသည် အိမ်နီးချင်းနိုင်ငံ၊ နယ်စပ်ပို့ကုန် ဈေးကွက် ဖြစ်သောတရုတ်နိုင်ငံအတွက် ဝယ်လိုအားအလွန်များပြီး  နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းနှင့် အလွယ်တကူ ချိတ်ဆက်နိုင်သောကြောင့် ရှမ်းပြည်နယ်သည် ပြည်တွင်းပြည်ပဈေးကွက်အတွက် အလွန်အရေးပါလှသော ဒေသတစ်ခုလည်းဖြစ်သည်။ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် အတွင်းရောင်းချနေသော ဖရဲသီးများသည် ရှမ်းပြည်နယ်ဘက်မှ ထွက်ရှိသော ရှည်မျောမျော ဖရဲသီးမျိုးဖြစ်ပြီး ဖရဲသီးတစ်လုံးလျှင် ၂၀၀၀ ကျပ်မှ ၃၅၀၀ ကျပ်အထိ ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(ပဲခူး)   

တောင်ငူမြို့၏ မာလကာသီးဈေးနှုန်း

  ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊တောင်ငူမြို့၊ ဒိုးသောင်ကျေးရွာအုပ်စု၊ ရှမ်းဝတီးကျေးရွာမှ ကျေးရွာနေ ပြည်သူများသည် ရာသီအလိုက် အသီးအနှံများနှင့်ဟင်းသီးဟင်းရွက်များ စိုက်ပျိုးလျက် ရှိသည်။ထွက်ရှိလာသော ရာသီပေါ်ဒေသထွက်  အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များအား တောင်ငူမြို့ပေါ်ရှိ ဈေးများသို့ ဖောက်သည်သွင်း၍သော်လည်းကောင်း ကိုယ်တိုင်လာရောက် ရောင်းချ ခြင်းဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

          ယခုအခါ မာလကာသီးများ လှိုင်လှိုင်ပေါသော ရာသီဖြစ်သည်။ မာလကာသီးတွင် (အူ)အဖြူသီး နှင့်အနီသီးဟူ၍ နှစ်မျိုးရှိပါသည်။ တစ်နှစ်ပတ်လုံးအနေဖြင့် မာလကာသီးကို (၂)ကြိမ်ခူးဆွတ်ရသည်ဟု သိရှိရသည်။ အသီးစသီးချိန် ၁၅ရက်မှ၂၀ရက်တွင် အိတ်စွပ်ရပြီး အိတ်စွပ်ပြီး ၁လအကြာ၊ စုစုပေါင်း ရက်ပေါင်း၄၅ရက်မှ၅၀ရက်တွင် စတင်ခူးဆွတ်နိုင်ကြောင်း မေးမြန်းသိရှိရသည်။ မာလကာသီးများသည် တစ်နှစ်ပတ်လုံးတွင် ၂ကြိမ်သီးသော်လည်း ယခုကဲ့သို့ မိုးရာသီတွင် ထွက်ရှိသော အသီးများသည် ကျွတ်၍  ပိုစားကောင်းသည်။

            တောင်ငူမြို့ လူစည်ကားရာ နေရာများနှင့် ဈေးများရှိ သစ်သီးဆိုင်အများအပြားတွင် မာလကာသီးများ ရောင်းချလျက်ရှိသည် ။ မာလကာသီးသည် ကျွတ်၍ချိုပြီး၊ အနံ့မွှေးသောကြောင့် လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သော အသီးတစ်မျိုးဖြစ်သည်။ မာလကာသီးကို သရေစာအဖြစ် ဆား၊ငရုတ်သီးတို့ဖြင့် စားသုံးကြသည်။

             ဈေးနှုန်းအနေဖြင့် ယခင်နှစ်က မာလကာသီးအလုံးအကြီး၊အလတ်၊ အသေးပေါ်မူတည်၍ ၄၀၀ ကျပ် မှ ၇၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခုနှစ်တွင် အလုံးအကြီး၊ အလတ်၊ အသေးပေါ်မူတည်၍ ၅၀၀ ကျပ်မှ ၈၀၀-၁၀၀၀ကျပ်အထိ အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်နှစ်ထက် ဈေးအနည်းငယ် ပိုရရှိကြောင်း ရှမ်းဝတီးကျေးရွာနေ မာလကာစိုက်ပျိုးသည့် ဒေါ်သိမ့်သိမ့်၏ ပြောကြားချက်အရ သိရှိရသည်။

DOCA(ပဲခူး)            

ကန့်ဘလူမြို့မဈေးရှိ သခွတ်ပွင့်ခြောက်နှင့် ကြောင်လျှာပွင့်ခြောက်ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”၌ ရာသီပေါ်သီးနှံများ၊ အခြားဒေသမှ ဝင်ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးလျက်ရှိရာ၊ ယခုအခါတွင် ရာသီစာ သခွပ်ပွင့်ခြောက်နှင့် ကြောင်လျှာပွင့်ခြောက်များကို မြို့ပေါ်ရပ်ကွက်များ၊ ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာနှင့် နတ်အင်းကျေးရွာတို့မှ ဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။

         ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ရောင်းချနေသော ကြောင်လျှာပွင့်ခြောက် ဈေးနှုန်းများမှာ (၁၀)ကျပ်သားလျှင် (၁၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၅၀၀၀)ကျပ်၊ (၁)ပိဿာလျှင် (၉၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊  ကြောင်လျှာပွင့်ခြောက်များ အရောင်းသွက်လျက်ရှိကြောင်း၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း သခွတ်ပွင့်ခြောက်(၁)ပုံလျှင် (၁၀၀၀)ကျပ်နှင့် (၂)ပုံလျှင် (၁၇၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးရှိ သရက်သီးကုလားတည်ချဉ်နှင့် နှမ်းပတ်ချဉ်ဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၌ မိသားစုအပိုဝင်ငွေ ရရှိရန်အတွက် ပဲတီချဉ်၊ မုန့်ညှင်းချဉ်၊ သံပုရာချဉ်၊ သရက်ချဉ်နှင့် သရက်သီးကုလားတည်ချဉ်စသည့် လက်လုပ်ချဉ်များ ကိုကိုယ်တိုင်ပြုလုပ်ပြီး “မြို့မဈေး”တွင်ရောင်းချလျက်ရှိရာ သရက်သီးကုလားတည်ချဉ်နှင့် နှမ်းပတ်ချဉ် များလည်း အပါအဝင်ဖြစ်ကြောင်း သိရသည်။

       ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ကန့်ဘလူ“မြို့မဈေး”၌ သရက်သီးကုလား တည်ချဉ် လက်လီတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊  လက္ကားတစ်ပိဿာလျှင် (၉၅၀၀)ကျပ်၊ (၅၀)ကျပ် သားလျှင်(၅၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် စားသုံးသူများ၊ ဒံပေါက်ဆိုင် များမှ ဝယ်ယူလျက်ရှိကြောင်း၊ နှမ်းပတ်ချဉ် လက်လီတစ်ထုပ်လျှင် (၅၀၀)ကျပ်၊ သရက်သီးကုလားတည် လက်လီတစ်ထုပ်လျှင် (၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း  သိရှိရသည်။

DOCA(စစ်ကိုင်း)                                             

စက်သုံးဆီဈေးနှုန်း အပတ်စဉ်ပြောင်းလဲမှုအခြေအနေ

     သောကြာနေ့တိုင်း တစ်ပတ်တစ်ကြိမ် စက်သုံးဆီဈေးနှုန်းများ ပြောင်းလဲလျက်ရှိရာ ယခု တစ်ပတ်(၃.၁၀.၂၀၂၅) ရက်နေ့တွင် ဒီဇယ်(ရိုးရိုး) (အဆင့်မြင့်)၊ ဓါတ်ဆီ(ရိုးရိုး) (အဆင့်မြင့်) တို့၏ ဈေးနှုန်းပြောင်းလဲမှုမှာ 95 Octance ဓါတ်ဆီ(အဆင့်မြင့်) ဈေးနှုန်းတစ်လီတာမှာ ၂၈၉၅ ကျပ်၊ 92 Octance ဓါတ်ဆီ (ရိုးရိုး) ဈေးနှုန်းတစ်လီတာမှာ ၂၈၃၀ ကျပ်၊ ဒီဇယ်(ရိုးရိုး) ဈေးနှုန်းတစ်လီတာမှာ ၂၅၄၅ ကျပ်၊ ဒီဇယ် (အဆင့်မြင့်) ဈေးနှုန်းတစ်လီတာမှာ ၃၁၁၅ ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်တစ်ပတ် သောကြာနေ့ စက်သုံးဆီဈေးနှုန်းမှာ 95 Octance ဓါတ်ဆီ (အဆင့်မြင့်) ဈေးနှုန်း တစ်လီတာမှာ ၂၉၈၀ ကျပ်၊ 92 Octance ရိုးရိုး ဓါတ်ဆီဈေးနှုန်း တစ်လီတာမှာ ၂၉၂၀ ကျပ်၊ ဒီဇယ် (ရိုးရိုး) ဈေးနှုန်းတစ်လီတာမှာ ၂၅၈၀ ကျပ်၊ ဒီဇယ်(အဆင့်မြင့်) ဈေးနှုန်း တစ်လီတာမှာ ၃၁၇၅ ကျပ် ဖြစ်ကြောင်း၊ ယခုတစ်ပတ်သောကြာနေ့တွင် စက်သုံးဆီ ဈေးနှုန်းများမှာ ယခင်တစ်ပတ်ထက် ယခုတစ်ပတ်တွင် ဒီဇယ်(အဆင့်မြင့်)မှာ ၆၀ ကျပ် ဈေးကျပြီး  ဒီဇယ်(ရိုးရိုး) မှာ ၃၅ ကျပ် ဈေးကျပါကြောင်း၊  ဓါတ်ဆီ (အဆင့်မြင့်)မှာ ၈၅ ကျပ်ဈေးကျပြီး  ဓါတ်ဆီ(ရိုးရိုး)မှာ ၉၀ ကျပ် ဈေးကျလျက် ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ရွှေဘိုမြို့ရှိ ဈေးများတွင် ရောင်းချလျက်ရှိသော ကြိတ်ခေါက်ဆွဲဈေးနှုန်းများ

           ရွှေဘိုမြို့ရှိဈေးများတွင် စီးပွားဖြစ် တစ်နိုင်တစ်ပိုင်လုပ်ငန်းဖြစ်သည့်  ကြိတ်ခေါက် ဆွဲကို ရောင်းချလျက်ရှိရာ ရွှေဘိုမြို့အပြင် အခြားကျေးရွာများမှလည်း ဝယ်ယူကြကြောင်း၊ ကြိတ် ခေါက်ဆွဲကို အလှူပွဲ၊ မွေးနေ့ပွဲ၊ ဘုရားပွဲများ၊ နေ့စဉ်စားသုံးသည့် စားသုံးသူများသာမက ဆိုင်ကယ် ဖြင့်ရောင်းချသည့် ဈေးသည်များမှလည်း ဝယ်ယူရောင်းချကြကြောင်း၊ ၂၀၂၅ခုနှစ်၊ အောက်တိုဘာ လ(ပထမ)ပတ်တွင် ဖြစ်ပေါ်နေသော ကြိတ်ခေါက်ဆွဲဈေးနှုန်းများမှာ (၂၅)ကျပ်သားလျှင် (၂၀၀ဝိ/-) ကျပ်၊ (၁)ပိဿာဝယ်ယူလျှင် (၈၀၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါ သည်။

DOCA(စစ်ကိုင်း)

ဈေးဟောင်းရှိ ကြက်ဟင်းခါးသီး၊ ခဆော့သီးနှင့် ကင်းမုံသီးဈေးနှုန်း

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိရာ ယခုအခါ ကြက်ဟင်းခါးပင်၊ ခဆော့ပင်နှင့် ကင်းမုံသီး များကို  မိမိတို့နေအိမ်ခြံဝင်းများတွင် လည်းကောင်း၊ မိမိပိုင်လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုး၍ မုံရွာမြို့ ပေါ်ရှိ ဈေးဟောင်းနှင့်ရပ်ကွက်ဈေးများတွင် လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။  

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ပထမပတ်တွင် မုံရွာမြို့၊ ဈေးဟောင်းတွင် ရောင်းချ လျက်ရှိသော  ကြက်ဟင်းခါးသီးဈေးနှုန်းများမှာ ကြက်ဟင်းခါးသီး (၂၅)ကျပ်သားလျှင် (၈၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၆၀၀)ကျပ်၊ (၁)ပိဿာလျှင် (၃၀၀၀)ကျပ်၊ ခဆော့သီးတစ် (၁)ဘူးလျှင် (၄၀၀)ကျပ်နှင့် ကင်းမုံသီ(၁)ပြည်လျှင် (၂၄၀၀)ကျပ် ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူများထံမှ  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မြိတ်မြို့ဒေသထွက် အာဒါလွတ်ဥစျေးနှုန်းစျေးကွက်

    အာဒါလွတ်ဥသည် အပူပိုင်းဒေသများတွင် သဘာဝအလျောက်ပေါက်ရောက်သော သစ်ဥသစ်ဖုတစ်မျိုးဖြစ်ပြီးအာတာလွတ်ဥကို   စိုက်ပျိုးလို့ရကြောင်း သိရှိရသည်။ အာဒါလွတ် ပင်သည် တစ်နှစ်ပတ်လုံး မိုးရေချိန်မျှတစွာရရှိ၍ ရေသွင်းရေထုတ်ကောင်းမွန် သော နုန်းဆန် သော မြေမွမျိုးတွင် ကောင်းမွန်စွာ ရှင်သန်ကြီးထွားကြပါသည်။ စိုက်ပျိုးပြီး ၈ လမှ ၁၀ လ အကြာတွင် အာတာလွတ်ဥများကို ရိတ်သိမ်းနိုင်ကြောင်း သိရှိရသည်။

     အာတာလွတ်မှုန့်တွင် ဘီစကွတ်နှင့် ကွတ်ကီးများပြုလုပ်ရန်အတွက် အ‌ကောင်းဆုံး ပါဝင်ပစ္စည်းများပါရှိသဖြင့် အပြည်ပြည်ဆိုင်ရာ‌‌ဈေးကွက်တွင်လည်း ဈေး‌ကောင်းရလျက်ရှိပါ သည်။ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလပထမအပတ်တွင် မြိတ်မြို့ရှိစျေးများ၌ ရောင်းချနေ သော အာဒါလွတ်ဥစျေးနှုန်းမှာ ၁ ပိဿာလျှင် ၆၀၀၀ကျပ်နှုန်းဖြင့် ရောင်းချနေကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း