ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်ငူမြို့တွင် ရာသက်ပန်အမှတ်တံဆိပ် အဆင့်မြင့်စားအုန်းဆီများ သက်သာသောနှုန်းထားဖြင့် ရောင်းချပေး

        Diamond Dragon Co.,Ltd ၏ တောင်ငူမြို့ ကိုယ်စားလှယ်ဖြစ်သော အောင်စားသုံးဆီ အရောင်းဆိုင်သည် တောင်ငူခရိုင်အတွင်းမှ အခြေခံလူတန်းစားများအပြင် ဌာနဆိုင်ရာဝန်ထမ်းများပါ စားသုံးဆီများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် Yerthetpan အမှတ်တံဆိပ် အဆင့်မြင့်စားအုန်းဆီ(အလေးချိန် ၅၀ ကျပ်သားဘူး)များကို ရောင်းချပေးလျက် ရှိပါသည်။

         ဒီဇင်ဘာလ ၁ ရက်နေ့တွင် တောင်ငူမြို့ရှိ အခြေခံပညာမူလတန်းလွန်ကျောင်းများမှ ဆရာ/ ဆရာမများနှင့် အမှတ် ၂၂ ရပ်ကွက်၊ မင်းကြီးညိုရှိ အခြေခံလူတန်းစားများအား Yerthetpan အမှတ်တံဆိပ် အဆင့်မြင့်စားအုန်းဆီများအား တစ်ပိဿာလျှင် ၅၄၀၀ ကျပ် နှုန်းဖြင့် မော်တော်ယာဉ်ဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိရာ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူက ကြီးကြပ်ကူညီဆောင်ရွက်ပေးခဲ့ပါသည်။

        Diamond Dragon Co.,Ltd သည် ဇူလိုင်လမှစ၍ တောင်ငူခရိုင်အတွင်း Yerthetpan အမှတ်တံဆိပ် အဆင့်မြင့်စားအုန်းဆီ(အလေးချိန် ၅၀ ကျပ်သားဘူး)များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ဒီဇင်ဘာလ ၁ ရက်နေ့အထိ အဆင့်မြင့်စားအုန်းဆီ ၅၀၅၁၂ ပိဿာ (၈၂.၅၀ တန်) ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့မှ ဖရဲသီးဈေးကွက်

        ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ ညောင်ပင်ဈေးတွင် ဖရဲသီးများ အများအပြားဝင်ရောက်လျှက် ရှိပါသည်။ ဖရဲသီးတွင် ဒေသအခေါ် ဒုံးကျည်သီးနှင့် ဗမာသီးဟူ၍ နှစ်မျိုးနှစ်စား ရှိပါသည်။ ဒုံးကျည်သီး၏ အားသာချက်မှာ အလုံးသေး၍ ဈေးကောင်းပေးဝယ်ရပြီး အရသာမှာ ပို၍ ချိုမြပါသည်။ ဗမာ ဖရဲသီး၏ အားသာချက်မှာမူ အလုံးအရွယ်အစား အင်မတန်ကြီးသော်လည်း တန်ဖိုးနည်းပါသည်။

         ဗမာသီး၏ အချိုမှာ ဒုံးကျည်သီးအား မမှီသော်လည်း အလုံးကြီး ကြိုက်နှစ်သက်သူများမှာ ဝယ်ယူစားသုံးကြပါသည်။ ဖရဲသီး ဗမာသီးများကို မုံရွာဘက်မှ တင်ပို့ပေးသည်ဟု သိရှိရပြီး ဖရဲခင်း စတင်စိုက်ပျိုးချိန်မှစ၍ အသီးကင်းလေးများပေါ်သောအချိန်ရောက်သောအခါကတည်းက ဧကလိုက် အပြတ်ငွေကြိုပေးကာ ဝယ်ယူထားကြောင်း သိရှိရပါသည်။

       တောင်ငူမြို့ ညောင်ပင်ဈေးရှိ ဖရဲသီးဈေးနှုန်းများအနေဖြင့် ဒုံးကျည်သီး တစ်လုံးလျှင် ၁၀၀၀ တန်မှစ၍ ၂၅၀၀ ကျပ်ထိရောင်းရပြီး၊ ဗမာ ဖရဲသီး တစ်လုံးလျှင် ၂၅၀၀ မှ စ၍ ၃၀၀၀ ကျပ်ထိ ရောင်းရကြောင်း တောင်ငူမြို့ ညောင်ပင်ဈေးတွင် ဖရဲသီး ရောင်းချသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)

 

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

         အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ နိုဝင်ဘာလ( ၃၀ )ရက်နေ့မှ ဒီဇင်ဘာလ( ၆ )ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်( ၁ ပိဿာ )လျှင် ကျပ် ၁၂၀၀ မှ ၂၀၀၀ အတွင်း၊ ဂေါ်ဖီထုပ်( ၁ ထုပ် )လျှင် ကျပ် ၄၀၀ မှ ၈၀၀ အတွင်း၊ ပန်းဂေါ်ဖီ( ၁ ထုပ် )လျှင် ကျပ် ၄၀၀ မှ ၈၀၀ အတွင်း၊ အာလူး( ၁ ပိဿာ )လျှင် ကျပ် ၁၈၀၀ မှ ၂၂၀၀ အတွင်း၊ မုန့်လာဥနီ( ၁ ပိဿာ )လျှင် ကျပ် ၁၅၀၀ မှ ၂၂၀၀ အတွင်း ရွှေဖရုံသီး( ၁ လုံး )လျှင် ကျပ် ၈၀၀ မှ ၅၀၀၀ အတွင်း၊ ဘူးသီး( ၁ လုံး )လျှင် ကျပ် ၇၀၀ မှ ၁၃၀၀ အတွင်း၊ မုန်ညှင်းထုပ်( ၁ ပိဿာ )လျှင် ကျပ် ၁၀၀၀ မှ ၁၅၀၀ အတွင်း၊ ကြက်သွန်နီ( ဆိပ်ဖြူ ) ( ၁ ပိဿာ )လျှင် ကျပ် ၃၂၀၀ မှ ၄၅၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)( ၁ ပိဿာ )လျှင်  ကျပ် ၃၀၀၀ မှ ၄၄၀၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (၁ ပိဿာ )လျှင် ကျပ် ၃၂၀၀ မှ ၃၅၀၀ အတွင်း၊ ချင်း( ၁ ပိဿာ )လျှင် ကျပ် ၁၈၀၀ မှ ၂၀၀၀ အတွင်း၊ ဆလပ်ရွက် ( ၁ စီး ) လျှင် ကျပ် ၁၅၀ မှ ၂၀၀ အတွင်း၊ ချဉ်ပေါင်ရွက်( ၁ စီး )လျှင် ကျပ် ၆၅ မှ ၁၀၀ အတွင်း၊ ခရမ်းသီး  (ရှည်)( ၁ ပိဿာ )လျှင် ကျပ် ၈၀၀ မှ ၁၅၀၀ အတွင်း၊ သံပရာသီး( ၁ လုံး )လျှင် ကျပ် ၅၀ မှ ၂၀၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) ( ၁ ပိဿာ )လျှင် ကျပ် ၁၈၀၀ မှ ၂၈၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၂၀၀၀ မှ ၇၀၀၀ အတွင်းဖြစ်ကြောင်း သိရှိရပါတယ်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခု ရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း( ၁၉၈၁၀၀ )ကျော်၊ ခရမ်းသီး(ရှည်) ( ပိဿာ )( ၁၁၆၀၅ ) ကျော်၊ ဘူးသီးအလုံးပေါင်း ( ၄၂၇၀ )ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း( ၆၀၂၀ )ကျော်၊ ဂေါ်ဖီထုပ်ပေါင်း ( ၅၀၇၀၀ )ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း ( ၁၉၂၀၀ )ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း ( ၁၃၄၉၀ )ကျော်၊ ဖရဲသီးလုံးပေါင်း ( ၃၀၀၀၀ )ကျော်  အသီးသီးကုန်အဝင်ရှိကြောင်း သိရပါတယ်။

DOCA(ရန်ကုန်)

 

ရွှေတောင်မြို့နယ်တွင် ဖရဲသီးများထွက်ရှိ၍ အရောင်းအဝယ်ဖြစ်

           ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ဖရဲသီးများ စတင်ထွက်ပေါ်ပြီး ဈေးကွက်တွင် ရောင်းချနေကြောင်း တွေ့ရှိရပါသည်။ ရွှေတောင်မြို့နယ်အနေဖြင့် ဖရဲသီးစိုက်ပျိုးဧက(၁၀၀)နီးပါးရှိပြီး မီးလောင်အုပ်စုတွင် ဧက (၂၀)ခန့် စိုက်ပျိုးထားသည်ဟု သိရှိရပါသည်။ ဖရဲသီးကို မေလမှစ၍ ဖေဖော်ဝါရီလအတွင်းစိုက်ပျိုးကြပါသည်။ ဖရဲသီးတစ်ဧကလျှင် ဖရဲပင်ပေါင်း ၂၀၀၀ကျော်ခန့် စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးပြီး (၂)လအတွင်း အသီးများ စတင်ဆွတ်ခူးရပါသည်။ ဖရဲတစ်ဧက စိုက်ပျိုး ထုတ်လုပ်ကုန်ကျစရိတ်မှာ (၆)သိန်းကျပ်ခန့်ကုန်ကျ၍ ထွက်ရှိလာသော ဖရဲသီးအလုံး အကြီး၊ အသေးပေါ် မူတည်၍ အခင်းပြတ်ရောင်းချရာ ကျပ်(၉)သိန်း ကျော်ရရှိသည့်အတွက် တစ်ဧကလျှင် အသားတင် အကျိုးအမြတ်အနေဖြင့် (၃)သိန်းကျပ်ခန့်ရရှိကြောင်း သိရှိရပါသည်။ ယခင်နှစ်တွင် ဖရဲတစ်ဧက စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်မှာ (၃)သိန်းကျပ်ခန့်သာကုန်ကျပြီး ယခုနှစ်တွင် သွင်းအားစုများ၊ စိုက်စရိတ်ဈေးနှုန်းများကြီးမြင့်လာသည့်အတွက် ယခင်နှစ်ထက် တစ်ဆခန့် မြင့်တက်လာပါသည်။ ယခင်နှစ်တွင် တစ်ဧကအခင်းပြတ် ရောင်းချသည့်ဈေးမှာ (၉)သိန်းကျပ်ခန့် ရရှိသည့်အတွက် ယခုနှစ်အတိုင်း ဈေးငြိမ်နေကြောင်း တွေ့ရှိရပါသည်။ ယခင်နှစ်တွင် ဖရဲစိုက် တောင်သူ အသားတင်အကျိုးအမြတ်မှာ (၆)သိန်းကျပ်ခန့်ရရှိခဲ့သဖြင့် ယခုနှစ်ထက်စာလျှင် အကျိုး အမြတ် ပိုမိုရရှိခဲ့ပါသည်။ ယခုနှစ်တွင် ဖရဲစိုက်ပျိုးသူတောင်သူများအနေဖြင့် အကျိုးအမြတ် များလျော့နည်းသွားခြင်းမှာ သွင်းအားစုနှင့်စိုက်စရိတ်များကြီးမြင့်လာခြင်း၊ ဖရဲသီးဈေးမှာ ယခင်နှစ် ကအတိုင်း ဈေးငြိမ်နေခြင်းတို့ကြောင့်ဖြစ်သည်ဟု သိရှိရပါသည်။

       ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ ဝါလည်ကျေးရွာတွင် ဖရဲသီးကိုဆောင်းရာသီတွင် စိုက်ပျိုးကြပြီး ထွက်ရှိလာသောဖရဲသီးများကို ရန်ကုန်-ပြည် ကားလမ်းဘေးရှိ ဝါလည်ကျေးရွာတွင် တဲများထိုး၍ ရောင်းချကြောင်း သိရှိရပါသည်။ ဈေးနှုန်းများအနေဖြင့် အလုံး အကြီး၊ အသေးအလိုက် ၁၀၀၀ကျပ်မှ ၃၀၀၀ကျပ်အထိ ရောင်းချကြောင်း သိရှိရပါသည်။ ဖရဲသီးမှာလူကြိုက်များပြီး စားသုံးမှုများသဖြင့် ပြည်တွင်းဈေးကွက်အနေဖြင့် ပြည်မြို့သို့တင်ပို့ရောင်းချသလို ရန်ကုန်မြို့သို့လည်း တင်ပို့ ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်နှမ်း ဈေးအနည်းငယ်ကျဆင်းလာ

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ဈေးကွက်သို့ ယခုအပတ်တွင် ဆောင်းနှမ်းများ စတင်ဝင်ရောက်နေကြောင်း တွေ့ရှိရပါသည်။ ဝင်ရောက်လာသောဒေသများမှာ ပေါက်ခေါင်း၊ နတ်တလင်းနှင့် ကံမဘက်မှ နေ့စဉ် တစ်နေ့လျှင် အိတ် ၂၀၀/၃၀၀ခန့်ဝင်ရောက်လျက်ရှိပြီး မန္တလေးဝယ်လက်များက ဝယ်ယူမှုရှိသဖြင့် ဝင်သလောက် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဆောင်းနှမ်းအသစ်များဝင်ရောက်မှုရှိပြီး အဝယ်လိုက်နေသော်လည်း နှမ်းနီနှင့် နှမ်းနက်ဈေးမှာ ယခင်အပတ်ကထက်ကျဆင်းလာပြီး စမုံနက် နှမ်းမှာ ယခင် အပတ်ကအတိုင်း ဈေးငြိမ်နေကြောင်း သိရှိရပါသည်။ ယခု နိုဝင်ဘာလကုန်အပတ် နှမ်းနီဈေးများမှာ (၃)တင်းတစ်အိတ်လျှင် ၂၁၀၀၀၀ကျပ်ဖြင့် မြို့တွင်းဆီသမားများကအဝယ်ရှိပြီး၊ ယခင်အပတ်တွင် နှမ်းနီ(၃)တင်းတစ်အိတ်လျှင် ၂၂၀၀၀၀ကျပ်ဖြစ်ခဲ့၍ ယခင်အပတ်ထက်စာလျင် (၁၀၀၀၀)ကျပ်ခန့် ဈေးလျော့နည်းလာခဲ့ကြောင်း သိရှိရပါသည်။  ထို့အတူ နှမ်းနက်ဈေးမှာလည်း ယခုအပတ်တွင်(၃)တင်း တစ်အိတ်လျှင် ၂၃၀၀၀၀ကျပ်ဈေးဖြင့် မန္တလေးဝယ်လက်များက ဝယ်ယူမှုရှိ၍ အရောင်းအဝယ်ဖြစ်ပြီး ယခင်အပတ်တွင် (၃)တင်းတစ်အိတ်လျှင် ၂၅၀၀၀၀ကျပ်ဖြင့် ယခင် အပတ်ထက်စာလျှင် တစ်အိတ်လျှင် ၂၀၀၀၀ကျပ်ခန့် ဈေးကျလာကြောင်း တွေ့ရှိရပါသည်။ စမုံနက် နှမ်းဈေးမှာ (၃)တင်းတစ်အိတ်လျှင် ၂၇၀၀၀၀ကျပ်ဈေးဖြင့် ယခင်အပတ်ကအတိုင်း ဈေးငြိမ်နေကြောင်း တွေ့ရှိရပါသည်။

DOCA(ပဲခူး)

 

ဆောင်းမြေပဲသစ်များပြည်ဈေးကွက်သို့ စတင်ခြေချဝင်ရောက်

       နိုဝင်ဘာလကုန်ပိုင်းတွင် ဆောင်းမြေပဲဆန်အသစ်များ ဈေးကွက်သို့ စတင်ခြေချဝင်ရောက်လာပြီဖြစ်သဖြင့် ပြည်ဈေးကွက်သို့ ပြည်-အောင်လံကြားရှိ ကျေးရွာများ ၊ရွှေတောင်၊ မြန်အောင်နှင့်ကြံခင်းဘက်မှ ပေါ်ခါစဖြစ်၍ ဝင်ရောက်မှုနည်းနေသေးကာ နေ့စဉ်တစ်နေ့လျှင် အိတ် ၆၀၀/၇၀၀ ခန့် ဝင်ရောက်မှုရှိကြောင်း တွေ့ရှိရပါသည်။ ယခုအပတ် ဆီကြိတ်မြေပဲဆန် တစ်ပိဿာလျှင် ၄၅၀၀ ကျပ်ဖြင့် မြို့တွင်း ဆီစက်သမားများကဝယ်ယူမှုရှိပြီး ယခင်အပတ် ဈေးထက်စာပါက တစ်ပိဿာလျှင် ၂၀၀ကျပ်ခန့် ဈေးကျလာကြောင်း တွေ့ရှိရပါသည်။ မြေပဲလုံးဆန်(အနီ)တစ်ပိဿာလျှင် ၅၄၀၀ကျပ်ဖြင့် မန္တလေးဝယ်လက်များက အဝယ်ရှိနေသော်လည်း ယခင်အပတ်ကအတိုင်း ဈေးငြိမ်နေကြောင်း တွေ့ရှိရပါသည်။ မြေပဲလုံးဆန်(အဖြူ)တစ်ပိဿာလျှင် ၅၂၀၀ကျပ်ဖြင့် မြဝတီသို့ တင်ပို့ရန် အဝယ်ရှိပြီး တစ်နေ့လျှင် အိတ် ၅၀၀ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ကြက်သွန်နီဈေးကွက်

       ယခုကာလတွင် ပြည်မြို့ဒေသ ပတ်ဝန်းကျင်ရွာများဖြစ်‌သော မှော်ဇာ၊ တောင်လုံးညို၊ ကုန်းရိုး၊ ရွာမ၊ မထော၊ တွင်းဗြည်း၊ ခွေးရဲ စသည့်ရွာများတွင် ကြက်သွန်နီမျိုးစေ့များ ဝယ်ယူကာ ပျိုးထောင်ခြင်းများပြုလုပ်ပြီး ရက်(၂၀)ကြာလျှင် စိုက်ပျိုးကြပါသည်။ မျိုးစေ့ နို့ဆီဗူးတစ်ဗူးလျှင် ၅၅၀၀ကျပ်ဈေးရှိပြီး (၁)ဧကလျှင် မျိုးစေ့(၁၀)ဘူးခန့် စိုက်ပျိုးကြောင်း သိရှိရပါသည်။ စိုက်ပျိုးပြီး ၃လ နှင့် ၃လခွဲကြာလျှင် ထွက်ပေါ်ပြီး စိုက်ခင်းအထိ ပွဲစားဝယ်လက်များ လာရောက်ဝယ်ယူကြောင်း သိရှိရပါသည်။ ပြည်ဒေသပတ်ဝန်းကျင်တွင် ကြက်သွန်နီစိုက်ဧက (၁၀၀)ပတ်လည်ခန့်ရှိပြီး မတ်လ နှင့် ဧပြီလများတွင် လှိုင်လှိုင်ထွက်ပေါ်လျက်ရှိကြောင်းလည်း သိရှိရပါသည်။

        ပြည်ဈေးကွက်၏ ကြက်သွန်နီများမှာ ကြက်သွန်နီ အဟောင်းများ ဝင်ရောက်မှု မရှိတော့ဘဲ ပခုက္ကူနှင့် ကျောက်ပန်းတောင်းဘက်တို့မှ ကြက်သွန်နီအသစ်များသာ ဝင်ရောက်မှုရှိနေပြီး (၂၅) ပိဿာဝင်အိတ် ၄၀၀ခန့် ဝင်ရောက်မှုရှိနေကြောင်း သိရှိရပါသည်။ အသစ်မှာ ဝင်ရောက်မှုရှိသော် လည်း အဝယ်မလိုက်ဘဲ လက်ကျန်အဟောင်းများကိုသာ ပိုမိုဝယ်ယူမှုရှိနေပြီး ဈေးနှုန်းမှာ အသစ်တစ်ပိဿာလျှင် လက်လီ/လက်ကား ၃၇၀၀-၄၀၀၀ကျပ်ဈေးရှိကာ အဟောင်းတစ်ပိဿာလျှင် လက်လီ/ လက်ကား ၄၂၀၀-၄၅၀၀ကျပ်ဈေးတို့ဖြင့် ရောင်းဝယ်လျက်ရှိနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဈေးကွက်အတွင်း အာလူးဈေးအေး၍ ပုံမှန်အရောင်းအဝယ်ဖြစ်

      ပဲခူးတိုင်းဒေသကြီး၊ ပြည်ဈေးကွက်အတွင်း ရှမ်းပြည်နယ်၊ တောင်ကြီး၊ အောင်ပန်းမှ ရှမ်းအာလူးများနှင့် မန္တလေးဘက်မှ တရုတ်အာလူးများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခုအခါ ရှမ်းအာလူး များ အထွက်နည်းလာ၍ ပြည်ဈေးကွက်သို့ အဝင်နည်းကြောင်း သိရှိရပါသည်။ မန္တလေးမှ တရုတ် အာလူးများ နေ့စဉ် ပိဿာချိန် ၃၀၀၀-၄၀၀၀ အဝင်ရှိပြီး အရောင်းအဝယ်ပုံမှန် အနည်းငယ်ဖြစ်လျက်ရှိပါသည်။ ဈေးနှုန်းအနေဖြင့် လက်ကား(ပွဲရုံ)ဈေး တစ်ပိဿာလျှင် အာလူးအလုံး အကြီး အသေးပေါ်လိုက်၍ ကျပ် ၁၈၀၀-၂၀၀၀-၂၂၀၀၊ လက်လီဈေး ကျပ် ၂၄၀၀-၂၈၀၀ဈေးဖြင့် ဈေးအေးနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပြည်ကြက်သွန်ဖြူဈေးငြိမ်၍ ပုံမှန်အရောင်းအဝယ်ဖြစ်

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ဈေးကွက်တွင် ကြက်သွန်ဖြူ(ရှမ်းစ) လက်ကား(ပွဲရုံ)ဈေး တစ်ပိဿာလျှင် ကျပ် ၂၅၀၀-၂၈၀၀-၃၂၀၀-၃၆၀၀၊ လက်လီဈေး တစ်ပိဿာလျှင် ကျပ် ၃၈၀၀-၄၀၀၀၊ (ကြူကုတ်) လက်ကား (ပွဲရုံ)ဈေး တစ်ပိဿာလျှင် ကျပ် ၃၆၀၀-၃၈၀၀၊ လက်လီတစ်ပိဿာလျှင် ၃၈၀၀-၄၀၀၀ကျပ်ဈေးဖြင့် ဈေးငြိမ်နေကြောင်း သိရှိရပါသည်။ ဈေးကွက်သို့ ရှမ်းပြည်နယ် တောင်ကြီး၊ အင်းလေး၊ ပင်းတယမှ ရှမ်းကြက်သွန်ဖြူများ နေ့စဉ်အဝင်ရှိသလို မန္တလေးဘက်မှလည်း ကြူကုတ်များ နေ့စဉ်အဝင် ရှိပါသည်။ တစ်နေ့လျှင် ကြက်သွန်ဖြူ ပိဿာချိန် ၂၀၀၀ မှ၃၀၀၀အတွင်း အဝင်ရှိပြီး ပုံမှန်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံဈေးကျနေ

      ပဲခူးတိုင်းဒေသကြီး၊ ပြည်ကုန်စည်ဒိုင်တွင်ရောင်းဝယ်လျှက်ရှိသော မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ၊ ဘိုကိတ်ပဲ၊ စားတော်ပဲ၊ ပဲကြီးဈေးများမှာ နိုဝင်ဘာလတတိယပတ်မှာ ပဲဈေးတက်နေပြီး စတုတ္ထပတ် မှာတော့ ဈေးကျလျက်ရှိကြောင်း သိရှိရပါသည်။

  ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲတစ်တင်းဈေးမှာ ၅၈၅၀၀-၅၉၀၀၀ကျပ်ဖြင့် ရန်ကုန်အဝယ် တစ်ရက်ကိုအိတ် ၁၀၀/၂၀၀ခန့်အဝယ်ရှိပါသည်။ နိုဝင်ဘာလ စတုတ္ထပတ်မှာ မတ်ပဲဈေးကျပြီး ပဲတစ်တင်းကို ၅၈၀၀၀-၅၇၀၀၀-၅၆၅၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ် ၁၀၀/၂၀၀ခန့် အဝယ်ရှိပါသည်။

        နိုဝင်ဘာတတိယပတ်တွင် ပဲတီစိမ်းသီးနှံထိပ်စ တစ်တင်းလျှင် ၄၇၅၀၀-၄၈၅၀၀ကျပ်ဖြင့် ရန်ကုန်နှင့် မန္တလေးအဝယ်ရှိပြီး တစ်ရက်ကိုအိတ် ၆၀၀-၇၀၀ ခန့်တင်ပို့ပါသည်။ နိုဝင်ဘာ စတုတ္ထ ပတ်တွင် ပဲတီစိမ်း(ရိုးရိုး)တစ်တင်းကို ၄၇၀၀၀ကျပ်၊ ထိပ်စတစ်တင်းကို ၄၈၀၀၀ကျပ်ဖြင့် မန္တလေး အဝယ်ရှိခဲ့ပါသည်။

       ပဲစင်းငုံလက်ကျန်နည်းနေပြီဖြစ်ပြီး ပဲစင်းငုံတစ်တင်းကို နိုဝင်ဘာတတိယပတ်တွင် ၅၉၀၀၀ ကျပ်ဖြင့် တစ်ရက်ကိုအိတ် ၂၀၀ခန့် အဝယ်ရှိခဲ့ပါသည်။ နိုဝင်ဘာလ စတုတ္ထပတ်တွင် ပဲစင်းငုံ တစ်တင်းကို ၅၉၀၀၀ကျပ်ဖြင့် ဈေးအေးနေခဲ့ပြီး အရောင်းအဝယ်လည်းအေးနေခဲ့ပါသည်။

        ပြည်ကုန်စည်ဒိုင်တွင် နိုဝင်ဘာလတတိယပတ်တွင် ကုလားပဲ(HL) တစ်တင်းကို ၆၃၀၀၀-၆၄၀၀၀ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများ တစ်ရက်ကိုအိတ် ၃၀၀/၄၀၀ခန့် အဝယ်ရှိပါသည်။ နိုဝင်ဘာလစတုတ္ထပတ်တွင် ကုလားပဲဈေးကျလာပြီး ကုလားပဲ (HL)တစ်တင်းကို ၆၁၀၀၀-၆၁၅၀၀-၆၂၀၀၀ကျပ်၊ ကုလားပဲ (မြကြေးမှုံ)တစ်တင်းကို ၆၁၀၀၀-၆၁၅၀၀-၆၂၀၀၀ကျပ်ဖြင့် မြို့တွင်း ရန်ကုန်အဝယ်နှင့် နယ်စုံတင်ပို့မှုရှိပြီး တစ်ရက်ကိုအိတ် ၃၀၀/၃၅၀ခန့်အဝယ်ရှိပါသည်။

       နိုဝင်ဘာတတိယပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်းကို ၁၁၀၀၀၀-၁၁၅၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကိုအိတ် ၅၀/၁၀၀ခန့် အဝယ်ရှိပါသည်။ စတုတ္ထပတ်တွင် စားတော်ပဲ(ကျွန်း) ဈေးအနည်းငယ်ကျပြီး ပဲတစ်တင်းကို ၁၁၂၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်ရှိခဲ့ပါသည်။

     ဘိုကိတ်ပဲတစ်တင်းကို နိုဝင်ဘာလတတိယပတ်တွင် ၄၂၀၀၀-၄၃၀၀၀ကျပ်ဖြင့် တစ်ရက်ကို အိတ် ၅၀ခန့် မြို့တွင်းအဝယ်ရှိခဲ့ပါသည်။ နိုဝင်ဘာ စတုတ္ထပတ်တွင် ဘိုကိတ်ပဲဈေး ၄၂၅၀၀-၄၃၀၀၀ ကျပ်ဖြင့် ဈေးတက်နေပြီး မြို့တွင်းနှင့်ရန်ကုန် အဝယ်တစ်ရက်ကိုအိတ် ၅၀/၁၀၀ခန့် အဝယ် ရှိခဲ့ပါသည်။

      ပြည်ကုန်စည်ဒိုင်တွင် ပြည်ပသို့တင်ပို့သော ပဲများသာအရောင်းအဝယ်ပုံမှန်သာရှိပြီး မြို့တွင်းအဝယ်ရှိသောပဲများမှာ အဝယ်သွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း